အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅) - ငါးဖမ်း အောင်မြင်ခြင်းနှင့် အရူးကောင် ပြန်ရောက်လာခြင်း
ပထမ အကြိမ် မအောင်မြင်သော်လည်း ဟန်ယု စိတ်ဓာတ်မကျပေ။ သို့သော် သူ့သိက္ခာတော့ အနည်းငယ် ထိခိုက်သွား၏။
မကြာမီတွင် သူ့အနီး၌ ပျင်းရိစွာ ကူးခတ်နေသော ငါးအချို့ကို တွေ့လိုက်ရသည်။ ထိုငါးများကတော့ သူတို့မျိုးနွယ်အပေါ် စစ်ကြေညာလိုက်သော ရန်ငြိုးကြီးသည့် ကောင်လေးကို သတိမထားမိကြပေ။
ဟန်ယု၏ မျက်လုံးများတွင် ပြတ်သားမှုများ တောက်ပလာပြီး၊ သူ့ကို အနိုင်ယူသွားသော ငါးများအပေါ် ထားရှိသည့် ဒေါသများက တစ်ဖန် ပြန်လည် နိုးထလာ၏။
"ဒီတစ်ခါတော့ လွတ်အောင် မပြေးစေရဘူး..."
သူ ရေရွတ်လိုက်ပြီး ကျိုးပဲ့နေသော လှံကို ကောက်ကိုင်ကာ အားကုန်သုံး၍ ရေထဲသို့ ထိုးစိုက်လိုက်သည်။
"ဝုန်း..."
လှံက ရေပြင်ကို ထိုးခွဲလိုက်သဖြင့် ရေလှိုင်းများ ကြမ်းတမ်းစွာ ထကြွလာ၏။ လှုပ်ရှားသွားသော ရေလှိုင်းများကြောင့် ဘာဖြစ်သွားသည်ကို သေချာ မမြင်ရသော်လည်း၊ စက္ကန့်ပိုင်း အကြာတွင် ထင်ရှားသော အနီရောင် အရည်များ ရေထဲတွင် ပျံ့နှံ့လာသည်။
ဟန်ယုက လှံကို ဆွဲတင်လိုက်ရာ အလေးချိန် တစ်ခုခုက ပြန်ဆွဲထားသည်ကို ခံစားလိုက်ရ၏။
"ဒါက ဖြစ်နိုင်မလား..." သူက အားကုန်သုံး၍ လှံကို ဆွဲထုတ်လိုက်သည်။ "ဟားဟား... ငါ နောက်ဆုံးတော့ မိပြီ... ဒါ မင်းတို့နဲ့ တန်တယ်... ငါးစုတ်တွေ..." ဟန်ယုက စစ်ပွဲမှ ပြန်လာသော သူရဲကောင်း တစ်ဦးကဲ့သို့ လှံကို လေထဲသို့ မြှောက်ကာ အောင်ပွဲခံလိုက်၏။
ကံဆိုးသော ငါးတစ်ကောင်က လှံထိပ်တွင် စိုက်ဝင်နေပြီး၊ သစ္စာဖောက်ခံလိုက်ရသည်ဟုသာ ဖော်ပြနိုင်မည့် ပုံစံဖြင့် တဆတ်ဆတ် တုန်ခါနေသည်။
ပထမဆုံး အောင်မြင်မှု ရရှိပြီးနောက် ဟန်ယုသည် တားဆီးမရနိုင်သော အင်အားစု တစ်ခုကဲ့သို့ ခံစားလိုက်ရပြီး ရေအောက်ကမ္ဘာကို ရက်စက်စွာ ဆက်လက် တိုက်ခိုက်တော့သည်။ ငါးများကို သူ အထူးတလည် မလိုအပ်သော်လည်း ရှင်းစရာ ကိုယ်ပိုင်အငြိုး ရှိနေသည် မဟုတ်ပါလော။
"ဝုန်း... ဝုန်း... ဝုန်း..."
နောက်ထပ် ၁၀ မိနစ်လောက် ဟန်ယုသည် ရေကို ရန်လိုစွာ ထိုးစိုက်နေပြီး၊ သူ့ရူးသွပ်မှု အတွင်း နောက်ထပ် သားကောင် ၂ ကောင်ကို ထပ်မံ ဖမ်းဆီးနိုင်ခဲ့သည်။ ယခုအခါ မြစ်ထဲရှိ သတ္တဝါများက သူ့ကို နိုင်ငံတော် ရန်သူအဖြစ် ကြေညာလိုက်လောက်ပြီ ဖြစ်၏။
"ငါ ဒီကိစ္စမှာ တော်လာပြီပဲ..." ဟန်ယုက ဘာမှမသိသော ငါးများကို အကြမ်းဖက် နိုင်ခဲ့သည့် သူ့ကိုယ်သူ ဂုဏ်ယူစွာ ပြုံးလိုက်သည်။
နောက်ဆုံးတွင် သူ့လက်ရာကို ကျေနပ်သွားသဖြင့် ဟန်ယုက ငါးများကို ခွဲစိတ်ကာ ကလီစာများ ထုတ်၊ သွေးများကို ဖောက်ထုတ်ပြီး ထုပ်ပိုးလိုက်၏။ ထို့နောက် မြို့ထဲသို့ ပြန်လာခဲ့သည်။
ဂိတ်တံခါးတွင် ပုံမှန် နေရာ၌ ရပ်နေသော အစောင့်ရှန်ကို ထပ်မံ တွေ့ရပြန်သည်။
"အစောင့်ရှန်..." ဟန်ယုက စိတ်အားထက်သန်စွာ လှမ်းခေါ်လိုက်၏။
"မင်း ပြန်ရောက်ပြီပေါ့..." အစောင့်က ခေါင်းညိတ်လိုက်ပြီး ဟန်ယု၏ ဘေးတွင် ချိတ်ဆွဲထားသော အရာကို သတိထားမိသွားသည်။ "အို... နောက်ဆုံးတော့ တစ်ခုခု ဖမ်းမိလာပြီပဲ..."
ဟန်ယုက ပြုံးလိုက်ပြီး သူ့ဆုလာဘ်ကို မြှောက်ပြလိုက်၏။ "ဖမ်းမိတာပေါ့... ရော့... တစ်ကောင် ယူလိုက်..."
အစောင့်ရှန်က မျက်ခုံးပင့်လိုက်သည်။ "ငါ မလိုပါဘူး... မင်းဘာသာ ကြိုးစားပြီး ဖမ်းလာတာပဲ..."
"ရပါတယ်... ခင်ဗျားရဲ့... စိတ်ဓာတ်ခွန်အားပေးတဲ့ စကားတွေသာ မရှိရင် ကျွန်တော် ဖမ်းမိမှာ မဟုတ်ဘူး..." ဟန်ယုက ခြင်းတောင်းကို ထိုလူ့ထံ ထိုးပေးရင်း ပြောလိုက်၏။
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် အစောင့်က အသေးဆုံး ငါးတစ်ကောင်ကို ယူလိုက်သည်။ "ကောင်းပြီလေ..."
"နောက်မှ တွေ့မယ်နော် အစောင့်ရှန်..." ဟန်ယုက လက်ပြနှုတ်ဆက်ပြီး မြို့ထဲသို့ ဝင်သွား၏။
အစောင့်ရှန်က ထွက်ခွာသွားသော ကောင်လေးကို ကြည့်ရင်း တမူထူးခြားနေသည်ကို ခံစားလိုက်ရသည်။
'သူ့အရှိန်အဝါက... ပိုသန်မာလာသလိုပဲ...' အစောင့်က မျက်မှောင်ကြုတ်ရင်း တွေးလိုက်မိ၏။ ခန္ဓာသန့်စင်ခြင်း အဆင့် ၁၀ ရှိသော စစ်သည်တစ်ဦး အနေဖြင့် ချီသန့်စင်ခြင်း အဆင့် ကျင့်ကြံသူများကဲ့သို့ ကျင့်ကြံမှု အဆင့်များကို အလွယ်တကူ အာရုံမခံနိုင်သော်လည်း၊ သူ့အတွေ့အကြုံအရ ဟန်ယု တိုးတက်လာကြောင်း သိရှိလိုက်သည်။
အစောင့်၏ တွေးတောမှုများကို သတိမထားမိဘဲ ဟန်ယုက စိုစွတ်နေသော အဝတ်အစားများ လဲလှယ်ရန် ပုန်းခိုရာသို့ ပြန်လာခဲ့၏။ ခြောက်သွေ့ သက်သာသော အဝတ်အစားများ လဲလှယ်ပြီးနောက် မြို့ထဲသို့ ပြန်ထွက်လာခဲ့သည်။
'မနက်ဖြန် မြို့ကြီး ကို မသွားခင် ပစ္စည်းတချို့ ဝယ်ရမယ်... ပြီးတော့ တန်ဟူနဲ့ ဝတုတ်တို့ကိုလည်း သွားကြည့်ရဦးမယ်...မကြာမီ သူတို့ ပုံမှန် စုဝေးရာ နေရာသို့ ရောက်ရှိသွားပြီး၊ သူ့အပေါင်းအဖော် နှစ်ဦးမှာ အန်စာတုံး ကစားခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။
"ဟန်ယု... ရောက်လာပြီလား..." တန်ဟူက သူ့ကို မြင်သည်နှင့် လှမ်းခေါ်လိုက်၏။
"လာ... လာ... ငါတို့ဆီမှာ မင်းအတွက် သတင်းတချို့ ရှိတယ်..." ဝတုတ်က ထိုင်ခုံတစ်လုံး ဆွဲပေးရင်း ပြောလိုက်သည်။
"အို... ဘာသတင်းလဲ..." ဟန်ယုက စိတ်ဝင်စားသွား၏။
တန်ဟူက ပြုံးလိုက်သည်။ "အရင်ဆုံး... ဒီတန်ဖိုးရှိတဲ့ သတင်းအတွက် မင်း ဘာပေးနိုင်မလဲ..."
ဟန်ယု မျက်လုံးလှန်လိုက်၏။ "တကယ်ရော တန်လို့လား..."
"ဒါပေါ့... မင်း လိုက်ရှာနေတဲ့ အရူးကောင် အကြောင်းပဲ..." တန်ဟူက ဝင့်ကြွားစွာ ပြောလိုက်သည်။
ဟန်ယု မျက်လုံးများ ပြူးကျယ်သွား၏။ "မင်းတို့မှာ သတင်းရှိတယ်လား..."
"ကျွတ်... အဲလောက် မလွယ်ဘူးလေ..." တန်ဟူက ရယ်မောလိုက်သည်။
"ဟုတ်တယ်... ပိုက်ဆံ အရင်ပေး..." ဝတုတ်က ဝင်ပြော၏။
ဟန်ယု သက်ပြင်းချလိုက်သည်။ "ကောင်းပြီလေ..." သူက အိတ်ထဲမှ ကျန်ရှိသော ငါးနှစ်ကောင်ကို ဆွဲထုတ်လိုက်၏။
ဝတုတ် မျက်လုံးများ ပြူးကျယ်သွားသည်။ "မဖြစ်နိုင်တာ... ဆောင်းရာသီ ငါးကြင်း (လား..." သူက သွားရည်ကျလုနီးပါး ဖြစ်နေ၏။ "အခုအချိန် ထွက်နေပြီလား... ဈေးထဲမှာ မတွေ့ပါဘူး..."
"ဒါပေါ့... ငါကိုယ်တိုင် ဖမ်းလာတာ..." ဟန်ယုက ကြွားဝါလိုက်သည်။
တန်ဟူ မျက်နှာရှုံ့မဲ့သွား၏။ "အော်... မင်း အဲဒီသွားနေတာကိုး... ငါတို့ မင်းကို မတွေ့ရတာ ကြာပြီလို့ တွေးနေတာ... လွန်ခဲ့တဲ့ ၂ ပတ်အတွင်း ငါတို့ 'ဂိမ်း' ၂ ပွဲလောက်ပဲ ကစားရသေးတယ်..."
ဟန်ယု ရယ်မောလိုက်သည်။ "ဂိုဏ်းဝင် လူသစ်စုဆောင်းပွဲ နီးလာတော့ လုံခြုံရေးတွေ တင်းကျပ်နေတယ်... မြို့ကြီးကို မသွားခင် အဖမ်းခံရပြီး ထောင်ထဲ အထည့်မခံချင်ဘူး..."
ဟန်ယုက ပိုက်ဆံကို ချစ်မြတ်နိုးသော်လည်း ဘယ်အချိန်မှာ ထိန်းရမယ်ဆိုတာ သိသည်။ လုံခြုံရေး တိုးမြှင့်ထားသဖြင့် သူတို့၏ ပုံမှန် လမ်းဘေး လိမ်လည်မှုများ လုပ်ဆောင်ရန် အချိန်ကောင်း မဟုတ်ပေ။
တန်ဟူက နှုတ်ခမ်းဆူလိုက်၏။ "လုပ်ပါကွာ... မင်း မသွားခင် နောက်ဆုံးတစ်ပွဲလောက်တော့..."
ဟန်ယု တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ဒါပေမဲ့ ငါ မြို့ကြီးက ပြန်လာမှ... အရင်ဆုံး နွားလက်ကြီးကို ရှာရဦးမယ်..."
တန်ဟူနှင့် ဝတုတ်တို့ အကြည့်ချင်း ဖလှယ်လိုက်ပြီး ပြုံးလိုက်ကြ၏။ "တကယ် ရှာဖို့ လိုလို့လား..."
ဟန်ယု မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "မင်းတို့ ဘာဆိုလိုတာလဲ..."
ဝတုတ်က ဒရာမာဆန်ဆန် ရှေ့တိုးလာ၏။ "နွားလက်ကြီး ပြန်ရောက်လာပြီ..."
ဟန်ယု မျက်တောင်ခတ်လိုက်သည်။ "ဘာ... ဘယ်တုန်းကလဲ..."
"နေဝင်ခါနီး နာရီပိုင်းလောက်က..." ဝတုတ်က အတည်ပြုလိုက်၏။
"ပြီးတော့ လူတော်တော်များများကိုတောင် ရိုက်နှက်ပြီးသွားပြီ..." တန်ဟူက ခေါင်းခါရင်း ဖြည့်စွက် ပြောလိုက်သည်။
ဟန်ယု ညည်းတွားလိုက်၏။ "ဘာလို့ ငါ မအံ့သြရတာလဲ... ဒီတစ်ခါရော ဘာလို့ ဒေါသထွက်နေတာလဲ..."
ဝတုတ်က နှာမှုတ်လိုက်သည်။ "ကြားတာတော့ မြို့ကြီးမှာ အမဲလိုက်လို့ ရလာတဲ့ ပိုက်ဆံတွေ အကုန် ရှုံးလာတယ်တဲ့..."
ဟန်ယု မျက်ခုံးပင့်လိုက်၏။ "ဘယ်လို ရှုံးလာတာလဲ..."
"လောင်းကစားပေါ့... ဘာရှိဦးမလဲ..."
တန်ဟူက ပြုံးဖြီးဖြီး လုပ်လိုက်သည်။ "သူက လူကြီးလူကောင်း တစ်ယောက်ယောက်နဲ့ ပြဿနာတက်၊ အကုန်ရှုံး၊ ပြီးတော့ အမောင်းထုတ်ခံရတာ နေမှာပေါ့... အကြွေးတောင် ယူပြီး ပြန်ကစားလိုက်သေးတယ်တဲ့... အခုတော့ မွဲပြာကျပြီး ဒေါသထွက်နေတာ..."
ဟန်ယုက သဘောကျစွာ ခေါင်းခါလိုက်၏။
"နွားလက်ကြီးတောင် အဲလို ဖြစ်လာတယ်ပေါ့... မြို့ကြီးမှာ အကြာကြီး နေနေတာ မဆန်းပါဘူး... အခု သူ ဘယ်မှာလဲ..."
"ဝက်မြီးတို တည်းခိုခန်း မှာ..." တန်ဟူ ဖြေလိုက်သည်။
ဝတုတ်က ရုတ်တရက် ကြောက်လန့်သွားပုံ ရ၏။ "ဒါပေမဲ့ အခု သွားမရှာနဲ့... သူ မင်းကို သတ်လိမ့်မယ်..."
အခန်း (၃၆) - နေ့ကြီးရက်ကြီး မတိုင်မီ သူငယ်ချင်းများနှင့် နောက်ဆုံး ညစာ
"ဒီညတော့ နွားလက်ကြီးကို စိတ်အေးအောင် လွှတ်ထားလိုက်... ငါတို့ မနက်ဖြန်မှ သွားကြည့်ကြမယ်..." တန်ဟူ အကြံပေးလိုက်သည်။
ဟန်ယု ပြုံးလိုက်၏။ "အို... သူ့ရှုံးနိမ့်မှုအတွက် ဝမ်းနည်းပူဆွေးနေတဲ့ နွားလက်ကြီးကို သွားနှောင့်ယှက်ဖို့ ငါ စိတ်ကူးတောင် မယဉ်ရဲပါဘူး..."
သူတို့ ၃ ဦး ရယ်မောလိုက်ကြစဉ် ဟန်ယုက သူ မည်မျှကြီးမားသော ပြဿနာထဲသို့ ဝင်ရောက်တော့မည်ကို တွေးတောနေမိ၏။
သူတို့သည် နာရီအနည်းငယ်ကြာ ကစားကြပြီး၊ နိုင်လိုက် ရှုံးလိုက်ဖြင့် ပျော်ရွှင်နေကြသည်။ ဆောင်းရာသီ ငါးကြင်းကိုလည်း ဆိုင်ရှိ စားဖိုမှူးများကို ချက်ခိုင်း၍ စားသောက်လိုက်ကြ၏။
"အရမ်း ကောင်းတာပဲ..." ဝတုတ်က ပါးစပ်ထဲသို့ ငါးအသားများ အနိုင်နိုင် ထိုးထည့်ရင်း ပြောလိုက်သည်။
"ဟေး... ဝက်ပုတ်... ဖြည်းဖြည်းစားပါ... ဒီအတိုင်းဆို အရိုးတွေပါ မျိုချမိတော့မယ်..." တန်ဟူ သတိပေးလိုက်၏။
"ဟုတ်တယ်... ငါတို့အတွက်လည်း ချန်ဦး..."
ဟန်ယုက ကန့်ကွက်လိုက်သည်။ သူ ကြိုးစားပမ်းစား ဖမ်းလာရသော ငါးကို သူ့ဝေစု မရဘဲ အကုန် အစားခံလိုက်ရမည့် အဖြစ်ကို ခွင့်မပြုနိုင်ပေ။
"မင်း ထပ်ဖမ်းလို့ ရတာပဲ မဟုတ်ဘူးလား..." ဝတုတ်က ပါးစပ်ပြည့်နေလျက်ဖြင့် ပြန်ပြောလိုက်၏။
"မင်းက ဖမ်းရတာ လွယ်တယ်များ ထင်နေလား..." ဟန်ယုက ပြန်ပက်လိုက်သည်။ "တစ်ကောင် ဖမ်းမိဖို့ သီတင်းပတ်ပေါင်းများစွာ ကြိုးစားခဲ့ရတာ... ဒါ ငါ့ရဲ့ သွေး၊ ချွေးနဲ့ မျက်ရည်တွေက ရလာတဲ့ အသီးအပွင့်ကွ..."
"ဘာဖြစ်ဖြစ်..." ဝတုတ်က လုံးဝ ဂရုမစိုက်ဘဲ စားသောက်ခြင်းကိုသာ အာရုံစိုက်နေ၏။
ယှဉ်ပြိုင်နေရသော်လည်း ဟန်ယုသည် ငါးတစ်ဝက်ခန့်ကို လုယူ စားသောက်နိုင်ခဲ့သည်။
"ကောင်းလိုက်တာ..." သူ ကျေနပ်စွာ ညည်းတွားလိုက်၏။ 'စွမ်းအင်ပိုင်းမှာ သားရဲအသားလောက် မပြင်းထန်ပေမဲ့ အရသာကတော့ ရှယ်ပဲ...' သူ တွေးလိုက်မိသည်။
အချိန်အနည်းငယ် ကြာသောအခါ ဗိုက်ဝသွားသဖြင့် ဟန်ယု မတ်တပ်ထရပ်လိုက်၏။
"ပြန်တော့မလို့လား..." တန်ဟူ မေးလိုက်သည်။
"အေးလေ... နောက်ထပ် နည်းနည်းလောက် ထပ်ကစားပါဦးလား..." ဝတုတ်က တောင်းဆိုလိုက်၏။
"မရတော့ဘူး... ငါ နားမှ ဖြစ်မယ်..." ဟန်ယု ပြန်ဖြေလိုက်သည်။ "ငါတို့ ရှေ့မှာ နေ့ကြီးရက်ကြီး ရှိနေတယ်လေ..."
"အင်း... ဟုတ်သားပဲ..." တန်ဟူ သဘောတူလိုက်၏။ "မနက်ဖြန် မနက်ကျရင် ငါ အရင်ဆုံး သွေးပူလေ့ကျင့်ခန်း လုပ်ပြီး အညောင်းအညာ ဖြေထားမှ ဖြစ်မယ်..."
"ဘာလို့လဲ... မင်း လေ့ကျင့်တော့မလို့လား..." ဝတုတ်က နားမလည်စွာ မေးလိုက်သည်။
ဖြန်း...
ရိုက်ချက် တစ်ချက်က ဝတုတ်၏ ခေါင်းပေါ်သို့ ကျရောက်သွား၏။
"အား... ဘာလို့ ရိုက်တာလဲ..." ဝတုတ် အော်ဟစ်လိုက်သည်။
"ငတုံးကောင်... မင်းလည်း သွေးပူလေ့ကျင့်ခန်း လုပ်ထားတာ ကောင်းမယ်..." တန်ဟူက မျက်မှောင်ကြုတ်၍ ဆူပူလိုက်၏။ "တကယ်လို့ အခြေအနေ မကောင်းရင် ငါတို့ တတ်နိုင်သမျှ မြန်မြန် ပြေးနိုင်ဖို့ လိုတယ်..."
"အော်..." ဝတုတ်က ဖြည်းဖြည်းချင်း မျက်တောင်ခတ်လိုက်ပြီး တစ်ဝက်လောက်သာ သဘောပေါက်သွားပုံ ရသည်။
"ဒါမှမဟုတ် မင်းက နွားလက်ကြီးရဲ့ ရိုက်ချိုးတာ ခံချင်လို့လား..." တန်ဟူက အပြုံးတစ်ခုဖြင့် ဖြည့်စွက် ပြောလိုက်၏။
"တောက်... ငါ မေ့သွားတယ်..." ဝတုတ်၏ မျက်နှာထားက ချက်ချင်းပင် ထိတ်လန့်သွားသည်။
နောင်တတရားများက ဒီရေလှိုင်းကဲ့သို့ ဝင်ရောက်လာ၏... ဘာကြောင့် သူ ဒီကိစ္စကို လက်ခံလိုက်မိတာပါလိမ့်...
"တကယ်လို့ ငါသာ နွားလက်ကြီးဆီက ဆေးလုံး ရခဲ့မယ်ဆိုရင်... မင်းတို့ကောင်တွေကို ဆုကြေးငွေ နည်းနည်း ပေးမယ်..." ဟန်ယုက ငါးစာချလိုက်သည်။
"တကယ်လား..." ဝတုတ် ချက်ချင်း စိတ်ဝင်စားသွား၏။
"မင်းကလား... ပိုက်ဆံ ပေးမယ်..." တန်ဟူက အံ့သြစွာ မျက်ခုံးပင့်လိုက်သည်။ "မင်းလို ကပ်စေးနှဲကောင်က တကယ်ပဲ ပိုက်ဆံ အကုန်ခံမှာလား..."
"ငါ စုထားတာ တချို့ ရှိပါတယ်..." ဟန်ယု ဝန်ခံလိုက်၏။ "ပြီးတော့ တကယ်လို့သာ ငါ ဂိုဏ်းဝင် ဖြစ်သွားရင် ဒီပိုက်ဆံလောက်က ငါ့အတွက် ဘာမှ မဟုတ်တော့ဘူး... အဲဒီကျရင် ငါက ဝိညာဉ်ကျောက်တုံး တွေနဲ့ ကစားနေရမှာ..." သူက သွားအကုန် ပေါ်အောင် ပြုံးရင်း ပြောလိုက်သည်။
"အိပ်မက်ကြီးနေပြီပေါ့လေ... ကောင်းပြီလေ... ငါ ယူမယ်..." တန်ဟူ သဘောတူလိုက်၏။
ထို့နောက် သူတို့ ၃ ဦး လမ်းခွဲကာ အိမ်အသီးသီးသို့ ပြန်လာခဲ့ကြသည်။
သို့သော် ဟန်ယုက ဈေးဘက်သို့ ကွေ့ဝင်လိုက်၏။
'ငါ့အတွက် လှည့်ကွက် အပိုတချို့ လိုသေးတယ်...'
သူက ဟင်းသီးဟင်းရွက်ဆိုင်၊ ကျောက်တုံး ကုန်သည်နှင့် လက်နက်ဆိုင် တစ်ဆိုင်တို့ကို ဝင်ရောက်ပြီး ထူးဆန်းသော ပစ္စည်းအချို့ကို ဂရုတစိုက် ရွေးချယ် ဝယ်ယူလိုက်သည်။
ပြင်ဆင်မှုများ ပြီးစီးသောအခါ ပုန်းခိုရာသို့ ပြန်လာပြီး မွေ့ရာပေါ်သို့ ပစ်လှဲလိုက်၏။
"ငါ ဒီမှာ အိပ်ရတာ သိပ်မကြာတော့ဘူး..."
စိတ်လှုပ်ရှားမှုများက သူ့သွေးကြောထဲတွင် စီးဆင်းနေသည်။
"ပြီးတော့ ဒီကလေးလေးက ငါ့ရဲ့ သော့ချက်ပဲ..."
သူက ပုလဲကို မြှောက်ကိုင်လိုက်ပြီး ချောမွေ့သော မျက်နှာပြင်ကို သဘောကျစွာ ကြည့်ရှုလိုက်သည်။ ထို့နောက် လည်ပင်းတွင် လုံခြုံစွာ ဆွဲလိုက်၏။ ရင်ဘတ်ပေါ်ရှိ ပုလဲကို ပုတ်လိုက်ပြီး မျက်လုံးမှိတ်ကာ အိပ်စက်လိုက်သည်။
ထိုအချိန်တွင်...
ဝက်သစ်ချခေါင်းမြို့နှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသော နေရာ၌ ကြီးမားသော တောင်တန်းကြီး တစ်ခု တည်ရှိနေသည်။
မညီညာသော တောင်ထွတ်များက ကောင်းကင်ယံသို့ ထိုးထွက်နေပြီး ကောင်းကင်ကို ကိုက်ဝါးတော့မည့် သားရဲတစ်ကောင်၏ အစွယ်များနှင့် တူနေ၏။ ၎င်းကား တိုက်ကြီးတစ်ခုလုံးတွင် အန္တရာယ် အများဆုံး ဒေသများအနက် တစ်ခုဖြစ်ပြီး၊ ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း တည်ရှိရာ ကျောရိုးဆုံး တောင်တန်း ပင် ဖြစ်သည်။
တောင်တန်း ဒေသ၏ နက်ရှိုင်းသော အတွင်းပိုင်း၌ ထူထပ်သော မြူခိုးများ ဖုံးလွှမ်းနေသည့် လျှို့ဝှက် နယ်မြေတစ်ခု ရှိပြီး ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသည်။ မရေမတွက်နိုင်သော သေစေနိုင်သည့် ဝိညာဉ်သားရဲများ ကျက်စားရာ နေရာဖြစ်ပြီး၊ မထိုက်တန်သော ကျူးကျော်သူများအတွက် သေမိန့်ချမှတ်ရာ နေရာလည်း ဖြစ်၏။
သို့သော် ဂိုဏ်းက ဤနေရာကိုပင် သူတို့၏ ခိုလှုံရာအဖြစ် ရွေးချယ်ခဲ့သည်။
မြူခိုးများ ဖုံးလွှမ်းနေသော နယ်မြေ၏ ဗဟိုချက်တွင် မြင့်မားသော တောင်ထွတ်များ ရှိပြီး၊ တောင်စောင်းများတွင် ခမ်းနားသော နန်းတော်များ၊ သာယာသော ဇရပ်များ၊ ကျယ်ဝန်းသော ခြံဝင်းများ၊ စိမ်းလန်းသော ဥယျာဉ်များနှင့် မျက်စိတစ်ဆုံး ကျယ်ပြောသော စိုက်ခင်းများ ရှိနေသည်။ ပြင်ပလူတစ်ယောက် အနေဖြင့် ကြည့်လျှင် အန္တရာယ်များသော တောင်ပေါ် ခံတပ်တစ်ခုထက် ကြီးကျယ်ခမ်းနားသော ဧကရာဇ်မြို့တော် တစ်ခုနှင့် ပိုတူနေပေလိမ့်မည်။
၎င်းကား ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်းပင်။
ဂိုဏ်း နယ်မြေ၏ အလယ်ပိုင်းတွင် နေအိမ်များ နေရာအနှံ့ ရှိနေသည်။ အချို့က သီးသန့် ခြံဝင်းများ ဖြစ်ပြီး၊ အချို့က ဂိုဏ်းသား အများအပြား နေထိုင်ရန် ရည်ရွယ်ထားသော အဆောင်များ ဖြစ်သည်။ ဤနေရာသည် အတွင်းစည်း ဂိုဏ်းသားများ ၏ ရပ်ကွက်ဖြစ်သည်။
ထိုကဲ့သို့ ခြံဝင်းတစ်ခု အတွင်း၌ လူနှစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြ၏။
တစ်ဦးမှာ အသက် ၆၀ ခန့် ရှိမည့် လူကြီးတစ်ဦး ဖြစ်ပြီး ကျောက်တုံးကိုပင် ဖြတ်တောက်နိုင်လောက်သော စူးရှသည့် မျက်လုံးများ ရှိသည်။ အခြားတစ်ဦးမှာ အသက် ၂၀ ကျော် အရွယ် အမျိုးသမီးငယ် တစ်ဦးဖြစ်ပြီး၊ သူမ၏ မျက်နှာထားတွင် မလိုလားမှုနှင့် စိတ်ပျက်မှုများ ရောထွေးနေ၏။
"ဆရာ... တပည့် တကယ် သွားရမှာလား..." ရွှီချင် ဟု ခေါ်သော အမျိုးသမီးငယ်က ညည်းတွားလိုက်သည်။
"ရွှီချင်... မင်း လွန်ခဲ့တဲ့ လူသစ်စုဆောင်းပွဲ ၄ ကြိမ်လုံးကို ရှောင်လွှဲခဲ့ပြီးပြီ..." သူမ၏ ဆရာက တင်းမာစွာ ပြောလိုက်၏။ "မင်း နောက်ထပ် ရွှေ့ဆိုင်းလို့ မရတော့ဘူး..."
"ဒါပေမဲ့ ဆရာ... တခြား မစ်ရှင် တစ်ခုခု ယူလို့ မရဘူးလား... ကံတရားအပေါ် သက်သက် မူတည်နေတာမျိုး မဟုတ်တဲ့ဟာလေ..." သူမက တောင်းပန်လိုက်သည်။
လူကြီးက သက်ပြင်းချလိုက်၏။ "မင်း အမှတ် တွေ လိုနေတယ်... ပြီးတော့ ဒါက အမှတ်ရဖို့ အကောင်းဆုံး အခွင့်အရေးပဲ... ဂိုဏ်းက ပါရမီရှင် အသစ်တွေကို တန်ဖိုးထားတယ်... တကယ်လို့ မင်း အလားအလာရှိတဲ့ ဂိုဏ်းသား တစ်ယောက်လောက် ရှာတွေ့ခဲ့ရင်တောင် မင်းရဲ့ အဆင့်အတန်းက တက်လာမှာ..."
ရွှီချင်က လက်ပိုက်ပြီး နှုတ်ခမ်းဆူလိုက်သည်။
"ဟွန့်... ဆိုတော့ တပည့်က လူကောင်းတစ်ယောက်လောက် ရှာတွေ့ဖို့ အခွင့်အရေးအတွက်နဲ့... တောကြိုအုံကြား ဒေသတွေက မျှော်လင့်ချက် ပြည့်နေတဲ့ တောသားလေးတွေကြားထဲ တိုးဝှေ့ သွားရမှာပေါ့..."
သူမ၏ ဆရာက မျက်ခုံးပင့်လိုက်၏။ "မင်းက မင်းရဲ့ ဆုံးဖြတ်နိုင်စွမ်းကို သံသယ ဝင်နေတာလား..."
"...မဟုတ်ပါဘူး..." သူမ ရေရွတ်လိုက်သည်။
"ကောင်းပြီ..." သူ ခေါင်းညိတ်လိုက်၏။ "သွား ပြင်ဆင်တော့... မိုးလင်းရင် ထွက်ရမယ်..."