← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉) - အစီအစဉ်များ ပျက်စီးခြင်းနှင့် မြို့ထဲသို့ လူသစ်တစ်ဦး ရောက်ရှိလာခြင်း

"မင်း ကြားတဲ့အတိုင်းပဲ..." စားပွဲထိုးက ခေါင်းခါရင်း ပြောလိုက်၏။ "နွားလက်ကြီး အဖမ်းခံရတယ်..."

"ဘာ..." ၃ ယောက်သား ပြိုင်တူ အော်ဟစ်လိုက်ကြပြီး မျက်လုံးများ ပြူးထွက်လုနီးပါး ဖြစ်သွားသည်။

"သူ ဘယ်လိုလုပ်ပြီး ထောင်ထဲ ရောက်သွားတာလဲ..." ဟန်ယု မေးလိုက်သည်။ သူ့အစီအစဉ်များ အားလုံး နွားချေးပုံကြီးထဲ အပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

"သူ လူတချို့ကို ရိုက်နှက်ပြီး အရိုးတွေ ချိုးပစ်လိုက်တယ်လေ..." စားပွဲထိုးက ကမ္ဘာပေါ်တွင် အပုံမှန်ဆုံး ကိစ္စတစ်ခုကဲ့သို့ ပြောလိုက်သည်။ "တခြား ဘာဖြစ်ရမှာလဲ..."

"ဒါပေမဲ့ နွားလက်ကြီးက ဒီလောက် လွယ်လွယ်နဲ့ ဒုက္ခမရောက်တတ်ပါဘူး... သူ အမြဲ လွတ်အောင် ရှောင်နိုင်တာပဲ..." တန်ဟူက ခေါင်းကုတ်ရင်း နားမလည်စွာ ပြောလိုက်၏။

"ပုံမှန်ဆိုရင်တော့ ဟုတ်တယ်... ဒါပေမဲ့ ဒီတစ်ခါတော့ အစောင့် ၂ ယောက် ထမင်းလာစားတဲ့ အချိန်နဲ့ ကွက်တိ သွားလုပ်မိတာကိုး..." စားပွဲထိုးက ပြုံးစစဖြင့် ပြန်ဖြေသည်။

ထိုစကားကို ကြားသောအခါ တန်ဟူက ပထမဆုံး ရယ်မောလိုက်သူ ဖြစ်သည်။

ဝတုတ်ကလည်း ဗိုက်ကို နှိပ်၍ တဟားဟား လိုက်ရယ်၏။ "ဟား... အဲဒီကောင် နောက်ဆုံးတော့ ဝဋ်လည်ပြီပဲ..."

သို့သော် ဟန်ယုကတော့ လုံးဝ ရယ်ချင်စိတ် မရှိပေ။

"သောက်ကျိုးနည်း..." သူ တီးတိုး ရေရွတ်လိုက်၏။

သူ့အပေါင်းအဖော် နှစ်ယောက်က သူ့မျက်နှာထားကို သတိပြုမိပြီး အခြေအနေမှန်ကို ဖြည်းဖြည်းချင်း သဘောပေါက်သွားကြသည်။

"နေဦး... သူ ထောင်ထဲ ရောက်နေတယ်ဆိုရင်... ဟန်ယုက..." တန်ဟူ ရေရွတ်လိုက်၏။

"ဆေးလုံး ယူလို့ မရတော့ဘူး..." ဝတုတ်က ကြောက်ရွံ့စွာ စကားဆက်လိုက်သည်။

ဟန်ယုက အနာဂတ်တစ်ခုလုံး မီးလောင်သွားသည်ကို မြင်လိုက်ရသော လူတစ်ယောက်ကဲ့သို့ တည်းခိုခန်းထဲမှ ယိုင်နဲ့နဲ့ ထွက်သွားသည်ကို သူတို့ နှစ်ယောက် ကြည့်နေလိုက်ကြသည်။ သူက လမ်းလယ်ခေါင်တွင် ရပ်တန့်လိုက်ပြီး မျက်လုံးများ ရိုင်းစိုင်းနေ၏။

"ဘာလို့လဲ... ဘာလို့လဲ ကောင်းကင်ကြီးရာ... ဘာလို့လဲ..." သူက လက်များကို ကောင်းကင်သို့ ဖြန့်ကား၍ အော်ဟစ် ငိုကြွေးလိုက်သည်။ "ဒီလောက် ရက်တွေ အများကြီး ရှိတာကို ဒီနေ့မှ ထောင်ထဲ ထည့်ရလား... ဘယ်သူ လုပ်တာလဲ... ဘယ်သူ့ ဆုတောင်းကို ဖြည့်ဆည်းပေးလိုက်တာလဲ... ဒီကိစ္စအတွက် ဘယ်သူ့မှာ တာဝန်ရှိလဲ..."

နေ့ခင်းကြောင်တောင်ကြီး လမ်းလယ်ခေါင်တွင် ဘဝအကျပ်အတည်း ဖြစ်နေသော ကောင်လေးကို လမ်းသွားလမ်းလာများက ရပ်ကြည့်နေကြ၏။

"မေမေ... ဟို ထူးဆန်းတဲ့ ကောင်လေးပဲ..." မိန်းကလေးငယ် တစ်ယောက်က ဟန်ယုကို လက်ညှိုးထိုးပြရင်း တီးတိုး ပြောလိုက်သည်။

"ရှူး... လက်ညှိုးမထိုးနဲ့... မကြည့်နဲ့... သိပ်အကြာကြီး ကြည့်ရင် မင်းပါ သူနဲ့ တူသွားလိမ့်မယ်..." သူမ၏ မိခင်ဖြစ်သူက ကလေးမျက်လုံးများကို ကာရင်း အမြန် ခေါ်ထုတ်သွား၏။

ထိုအချိန်တွင် တန်ဟူနှင့် ဝတုတ်တို့မှာ အလွန်အမင်း ရှက်ရွံ့နေကြသည်။ သို့သော် ဟန်ယုကို မသိချင်ယောင် ဆောင်လိုသော်လည်း ဒီအတိုင်း ထားပစ်ခဲ့၍ မရပေ။ သက်ပြင်းချလိုက်ပြီး ဟန်ယု၏ ပခုံးများကို ဆွဲကာ အနီးရှိ လမ်းကြားတစ်ခုထဲသို့ ဆွဲခေါ်သွားလိုက်ကြသည်။

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရတာလဲ..." ဟန်ယုက မြေကြီးကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ မြေကြီးက ကွဲအက်ပြီး သူ့ကို မျိုချလိုက်လျှင် ကောင်းမည်ဟု မျှော်လင့်နေသကဲ့သို့ပင်။

"ငါလည်း ဒီလို ဖြစ်မယ်လို့ ထင်မထားဘူး..." တန်ဟူ ဝန်ခံလိုက်ပြီး ခေါင်းခါလိုက်၏။

"နွားလက်ကြီးက ကံဆိုးတာ မဟုတ်ဘူးလား..." ဝတုတ် တွေးလိုက်သည်။ "ပထမ ပိုက်ဆံတွေ အကုန်ရှုံးတယ်... အခု အဖမ်းခံရတယ်... ကောင်းကင်ကြီးက သူ့ကို ဒဏ်ခတ်ဖို့ ဆုံးဖြတ်လိုက်သလိုပဲ..."

"သူ လုပ်ခဲ့တာတွေနဲ့ဆို ထိုက်တန်ပါတယ်..." တန်ဟူ သဘောတူလိုက်၏။ "ဒါပေမဲ့ ဟန်ယုအတွက် အဆိုးဆုံး အချိန် ဖြစ်သွားတာပေါ့... အခု ဆေးလုံးရဖို့က ပိုခက်သွားပြီ..."

"ငါတို့ နွားလက်ကြီးကို ထောင်ထဲ သွားတွေ့လို့ မရဘူးလား... ဟန်ယု ငါတို့ကို လာတွေ့သလိုမျိုးလေ..." ဝတုတ်က ရိုးသားစွာ အကြံပြုလိုက်သည်။

ဟန်ယုက သူ့ကို ကမ္ဘာပေါ်တွင် အတုံးဆုံး သတ္တဝါ တစ်ကောင်ကဲ့သို့ လှည့်ကြည့်လိုက်၏။ "အစောင့်တွေက ငါတို့ကို လွယ်လွယ်လေး ဝင်ခွင့်ပေးပြီး နွားလက်ကြီးနဲ့ စကားပြောခွင့် ပေးမယ် ထင်နေလား... ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ကံကောင်းလို့... အစောင့်ရှန်က ငါ့ကို မင်းတို့နဲ့ ပေးတွေ့တာ... မင်းတို့က နွားလက်ကြီးနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး... ငါ့ကို သူ့နား လုံးဝ အကပ်ခံမှာ မဟုတ်ဘူး..."

"ဒါဆို အခု ဘာလုပ်ကြမလဲ..." ဝတုတ် မေးလိုက်၏။

"စောင့်ကြတာပေါ့..." တန်ဟူ ပြန်ဖြေသည်။ "နွားလက်ကြီးက အထဲမှာ ကြာကြာနေရမှာ မဟုတ်ပါဘူး... နွားလက်ကြီး အကြောင်း ပြောနေတာလေ... သူ့ဘော်ဒါ တစ်ယောက်ယောက်က မကြာခင် အာမခံ လာပေးမှာပါ..."

ထိုစကားကို ကြားသောအခါ ဟန်ယု နားစွင့်လိုက်၏။

"ဟုတ်တယ်... သူ ရက်ပိုင်းလောက်ထက် ပိုနေရမှာ မဟုတ်ဘူး..." ဟန်ယု ပြောလိုက်ပြီး မျက်နှာပေါ်တွင် မျှော်လင့်ချက် ရောင်ခြည် ပြန်လည် ပေါ်လာသည်။

"ဟုတ်တယ်... မင်းမှာ အချိန် ရှိပါသေးတယ်..." တန်ဟူက အားပေးလိုက်၏။

"အေး... အခု ငါတို့မှာ အချိန်ရပြီ... ပိုက်ဆံရအောင် တခြား ငတုံးတစ်ယောက်ယောက်ကို သွားလိမ်ကြရအောင်..." ဝတုတ်က လက်ပွတ်ရင်း အကြံပြုလိုက်သည်။

"မလုပ်ဘူး..." ဟန်ယုက ပြတ်သားစွာ ပြောလိုက်၏။ "ငါ ဒီအချိန်ကို အသုံးချပြီး လေ့ကျင့်ရမယ်..." ပြောပြောဆိုဆိုနှင့် သူ ရုတ်တရက် ပြေးထွက်သွားသည်။

"ဟန်ယု..." သူ့သူငယ်ချင်းများ လှမ်းခေါ်လိုက်သော်လည်း သူ အရှိန်မလျှော့ပေ။ စက္ကန့်ပိုင်း အတွင်း အဝေးသို့ ပျောက်ကွယ်သွား၏။

ဟန်ယုသည် တောထဲသို့ တန်းမတ်စွာ ပြေးဝင်သွားသည်။

'ငါ့မှာ အချိန် သိပ်မရှိဘူး... ဆေးလုံး မရသေးရင်တောင် ငါ တတ်နိုင်သမျှ သန်မာအောင် လုပ်ရမယ်...' သူ တွေးလိုက်ပြီး ရင်ထဲတွင် ပြတ်သားမှုများ တောက်လောင်နေသည်။

မကြာမီ သူ ပုံမှန် လေ့ကျင့်ရာ နေရာသို့ ရောက်ရှိသွားပြီး သရဲမျက်နှာရှင်နှင့် တွေ့ဆုံသည်။ ထိုလူက သူ့ ရုတ်တရက် ရောက်ရှိလာမှုကို မျက်ခုံးပင့် ကြည့်လိုက်၏။

"မင်း ရောက်လာပြီလား..." သရဲမျက်နှာရှင်က မေးလိုက်သည်။ "ဒီနေ့ မလာဘူးလို့ ပြောထားတယ် မဟုတ်လား..."

"ကိစ္စတွေက... အစီအစဉ်အတိုင်း ဖြစ်မလာဘူး..." ဟန်ယု ဝန်ခံလိုက်၏။

သရဲမျက်နှာရှင်က နှာခေါင်းရှုံ့လိုက်သည်။ "ငါ အရင်က ပြောသလိုပဲ... မင်း အိပ်မက် မက်တာ များလွန်းတယ်..."

ဟန်ယု သက်ပြင်းချလိုက်၏။ "ကျေးဇူးပြုပြီး သင်ပေးပါတော့..."

သရဲမျက်နှာရှင်က လက်ပိုက်လိုက်သည်။ "ငါ့ဝိုင် ဘယ်မှာလဲ..."

"ဒီမှာ..." ဟန်ယုက ပုလင်းတစ်လုံး ထုတ်ပြီး ပစ်ပေးလိုက်၏။

"ကောင်းပြီ..." သရဲမျက်နှာရှင်က ဝိုင်တစ်ငုံ သောက်လိုက်သည်။ "ကဲ... စမယ်..."

"ဟုတ်ကဲ့..." ဟန်ယုက မိုးကြိုးနတ်ဘုရား လက်သီး လေ့ကျင့်မှုကို ချက်ချင်း စတင်လိုက်ပြီး နည်းစနစ် ပြည့်စုံစေရန် အာရုံစိုက်လိုက်၏။

ဝုန်း...

သူ့လက်သီးချက်များ၏ အားကြောင့် လေထု လှုပ်ရှားသွားပြီး သစ်ရွက်များ ကြွေကျလာသည်။ ဟန်ယု မျက်လုံးများ အရောင်တောက်သွား၏။

"ငါ ထပ်လုပ်နိုင်ပြီ..." သူ အာမေဋိတ် သံ ထွက်သွားသည်။ သို့သော် အောင်ပွဲခံမနေဘဲ သွားကြိတ်ကာ ရှေ့သို့ ထပ်မံ ထိုးနှက်လိုက်၏။

ဝုန်း... ဝုန်း... ဝုန်း...

လက်သီးချက်တိုင်းက ကွင်းပြင်ထဲတွင် လေလှိုင်းများ ဖန်တီးပေးသည်။ သူ့တိုးတက်မှုက ထင်ရှားနေပြီး လှုပ်ရှားမှုများက ပိုမို ပြတ်သား၊ မြန်ဆန်လာ၏။

သရဲမျက်နှာရှင်က ကြည့်ရင်း ပြုံးလိုက်သည်။ 'မဆိုးဘူး ကောင်လေး...'

ထိုအချိန်တွင် မြို့ထဲသို့ လူတစ်ဦး ထပ်မံ ရောက်ရှိလာ၏။ လှပသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး၊ ရှစ်မြှောင့်ကြယ် လက်ကောက် ဝတ်ဆင်ထားသည့် ထူးခြားစွာ လှပသော အမျိုးသမီး တစ်ဦး မြို့ထဲသို့ ဝင်ရောက်လာသည်။

သူမ မြို့ထဲသို့ ဝင်လာစဉ် မျက်နှာထားက တင်းမာနေ၏။

'အဲဒီ မြို့ငယ်လေး တစ်ခုနဲ့ မြို့ကြီး တစ်ခုလုံးမှာ တစ်နေကုန် အချိန်ကုန်ခဲ့ပြီး ဘာမှ အောင်မြင်မှု မရဘူး ဆိုတာ တွေးကြည့်လို့တောင် မရဘူး...' ရွှီချင် ညည်းတွားလိုက်သည်။ 'ငါကတော့ တစ်ရက်တည်းနဲ့ အကုန်ပြီးမယ် ထင်နေတာ... ဒါပေမဲ့ ဒီနေ့အတွက် ဒီ ဝက်သစ်ချခေါင်းမြို့ တစ်ခု ကျန်နေသေးတယ်...' သူမ ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်၏။

အခန်း (၄၀) - ရွှီချင် ရောက်ရှိလာခြင်းနှင့် လောင်းကြေးတစ်ခု

ရွှီချင်၏ ကံတရားက သူမ မျှော်လင့်ထားသလောက် မကောင်းမွန်ခဲ့ပေ။

မြို့ငယ် ၂ မြို့နှင့် မြို့ကြီး ၁ မြို့ကို တစ်ရက်တည်း ပြီးအောင် သွားမည့် သူမ၏ မူလ အစီအစဉ်မှာ မျက်စိရှေ့တွင်ပင် ပျက်စီးသွားခဲ့ပြီ။ ပြီးတော့ ဒီတစ်ခါ သူမအမှားကြောင့်ပင် မဟုတ်ပေ။

"တောက်... သူတို့ အားလုံးက သတ်မှတ်ထားတာထက် စောပြီး ထွက်သွားကြတာကိုး... လောဘကြီးတဲ့ ကောင်တွေက ပါရမီရှင်တွေ အကုန် ခေါ်သွားကြပြီ..." ရွှီချင်က အတွင်းစိတ်ထဲတွင် ဒေါသထွက်နေပြီး၊ မည်သည့်အရာကိုမျှ မရည်ရွယ်ဘဲ စိုက်ကြည့်ရင်း လက်သီးဆုပ်လိုက်သည်။

သူမ၏ ပထမဆုံး ခရီးစဉ်မှာ ရေကန်စိမ်းမြို့ ဖြစ်ပြီး၊ သူမ မျှော်လင့်ထားသည့်အတိုင်းပင် ဘာမှ တန်ဖိုးရှိတာ မကျန်တော့ပေ။ သို့သော် ဒေသတွင်း အချက်အချာကျသော မြစ်ရေစီးမြို့ အတွက် မျှော်လင့်ချက် ထားခဲ့သော်လည်း နောက်ထပ် စိတ်ပျက်စရာနှင့်သာ ကြုံတွေ့ခဲ့ရသည်။

ထိုနေရာတွင် လူသစ်စုဆောင်းခြင်းက သတ်မှတ်ရက်ထက် ၄ ရက် စောပြီး စတင်ခဲ့ကြောင်း သိရသဖြင့် ဒေသခံများပင် အံ့သြခဲ့ကြသည်။ သေချာသည်မှာ ဂိုဏ်းများနှင့် သူတို့၏ ဂိုဏ်းသားများကြားရှိ ပြင်းထန်သော ပြိုင်ဆိုင်မှုကို ဒေသခံများ မသိကြပေ။ ၎င်းက အခြားသူများ လက်မဦးခင် ပါရမီရှင်များကို အလုအယက် ခေါ်ယူသော ရက်စက်သည့် ပြိုင်ပွဲတစ်ခု ဖြစ်သည်။

ရွှီချင်သည်လည်း ထိုနည်းတူ လုပ်ဆောင်ခဲ့ပြီး၊ အနီးဆုံး နေရာသို့ နေရာရွှေ့ပြောင်းခြင်း အစီအရင် ဖြင့် သွားကာ၊ ထိုမှတစ်ဆင့် မနားတမ်း ပျံသန်းလာခဲ့သည်။ သူမသည် ဝိညာဉ်အားဖြည့် ဆေးလုံးများကို သကြားလုံးကဲ့သို့ စားသုံးခဲ့သော်လည်း တစ်ရက် နောက်ကျသွားခဲ့၏။

ယခုအခါ သူမ၏ ကြိုးစားမှုများက သုည ဖြစ်သွားခဲ့ပြီ။

မြစ်ရေစီးမြို့သို့ ရောက်သောအခါ အခြား ဂိုဏ်းသားများက မြို့ကို ပြောင်သလင်းခါအောင် ရှာဖွေသွားပြီး ပါရမီ အနည်းငယ် ရှိသူများကိုပင် ခေါ်ဆောင်သွားကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ရွှီချင်က လမ်းကြားတိုင်း၊ ထောင့်တိုင်းကို ရှာဖွေခဲ့ပြီး၊ ရေတွင်းထဲ ပြုတ်ကျနေသူများ ရှိမရှိပင် စစ်ဆေးခဲ့သော်လည်း အချည်းနှီးသာ ဖြစ်၏။ အလားအလာရှိသော လူသစ် ၁၀၀ ခန့်ကို ခေါ်ဆောင်သွားကြပြီး သူမအတွက် လက်ဗလာသာ ကျန်ရစ်သည်။

ညရောက်သောအခါ ပင်ပန်းနွမ်းနယ်မှုများက အနိုင်ယူသွားသဖြင့် မြို့ထဲတွင် တည်းခိုရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။ သူမ ဆက်လက် ပျံသန်းရန် အားမရှိတော့ဘဲ အတင်းအကျပ် ဆက်သွားပါက ပြဿနာများကိုသာ ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။

မနက်ရောက်သောအခါ သူမ၏ စာရင်းထဲမှ နောက်ထပ် မြို့ငယ်လေး... ဝက်သစ်ချခေါင်းမြို့သို့ ထွက်ခွာလာခဲ့သည်။

"ဟူး..."

"ငါ အာဏာပိုင်တွေဆီက တံဆိပ်တုံးယူ၊ တစ်ချက် ဝေ့ကြည့်၊ ပြီးရင် ပြန်ထွက်လာခဲ့လိုက်မယ်... ဒါဆိုရင် ညနေလောက်ကျရင် နောက်ထပ် မြို့ကြီး တစ်မြို့ကို ရောက်နိုင်လောက်တယ်..." သူမက နားထင်ကို ဖိနှိပ်ရင်း ရေရွတ်လိုက်သည်။

ဝက်သစ်ချခေါင်းမြို့သို့ ရောက်သည်နှင့် မြို့တော်ခန်းမသို့ သွားပြီး မြို့အကြီးအကဲနှင့် တွေ့ဆုံလိုက်၏။ ထိုလူက သူမကို ဧည့်ခံရန် အသည်းအသန် ကြိုးစားနေပြီး လက်ဖက်ရည်၊ မုန့်များနှင့် အဆုံးမဲ့ မြှောက်ပင့်မှုများ ပြုလုပ်နေသည်။

သို့သော် ရွှီချင်ကတော့ မတုန်လှုပ်ပေ။ သူမ ဤကဲ့သို့ ဆက်ဆံခံရမှုများကို ရင်းနှီးနေပြီ ဖြစ်သည်။ မြို့အကြီးအကဲက အာဏာအချို့ ရှိသော်လည်း၊ ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း၏ အတွင်းစည်း ဂိုဏ်းသား တစ်ဦး ဖြစ်သော သူမ၏ အဆင့်အတန်းက သူ့ထက် များစွာ မြင့်မားသည်။ ပြီးတော့ သူမက အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး၊ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူကိုပင် အထင်ကြီးနေကြသော ဤမြို့ငယ်လေးရှိ မည်သူမဆို လက်လှမ်းမမီနိုင်သော အဆင့်ဖြစ်သည်။

လိုအပ်သော တံဆိပ်တုံး ရရှိပြီးနောက် မြို့တော်ခန်းမမှ ထွက်လာခဲ့၏။

ထိုအချိန်တွင် ပြဿနာနှင့် တန်းတိုးတော့သည်။

"အို... ဂိုဏ်းတူညီမလေးပါ ရောက်နေတာလား..."

ရင်းနှီးပြီး မလိုလားအပ်သော အသံကို ကြားလိုက်ရသဖြင့် ရွှီချင်၏ မျက်လုံးတစ်ဖက် လှုပ်သွား၏။

သူမရှေ့တွင် သူမနှင့်တူညီသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး ရပ်နေသည်... ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်းမှ ဂိုဏ်းတူ တစ်ဦးပင်။

"ဂိုဏ်းတူအစ်ကိုဝေ..." သူမ နှုတ်ဆက်လိုက်၏။ သူမ၏ လေသံက အဝတ်လျှော်မည့် ကျောက်ပြားကဲ့သို့ မာကျော ပြားကပ်နေသည်။

ဂိုဏ်းတူအစ်ကိုဝေ၏ အပြုံးက ပိုမို ကျယ်ပြန့်လာ၏။ "ဘာလို့ မျက်နှာကြီးက ရှည်နေရတာလဲ ညီမလေးရာ... မင်းရဲ့ ချစ်လှစွာသော ဂိုဏ်းတူအစ်ကိုကြီးကို တွေ့ရတာ မပျော်ဘူးလား..."

ရွှီချင် နှာခေါင်းရှုံ့လိုက်သည်။ "ပြီးခဲ့တဲ့ တစ်ခေါက်က ရှင် ဘာလုပ်ခဲ့လဲဆိုတာ ကျွန်မ မမေ့သေးဘူး..."

"အို... လာပြန်ပြီ ညီမလေးရာ... ဘယ်သူ့ကို တွေ့တယ်ဆိုတာ ကံတရား အတိုင်းပါပဲ..." သူက အပြစ်ကင်းစင်ဟန်ဆောင်ရင်း ပြောလိုက်၏။ "မင်းနဲ့ ရေစက် မပါလို့ပါ..."

ရွှီချင်က သူ့ကို ရိုက်ချင်စိတ်ကို အတင်း ထိန်းချုပ်လိုက်ရသည်။ "တော်ပါတော့... ရှင်နဲ့ စကားနိုင်လုနေဖို့ အချိန်မရှိဘူး... ကျွန်မမှာ အလုပ်ရှိတယ်..."

"အဲလို မလုပ်ပါနဲ့... ငါတို့က တစ်ချိန်တုန်းက တန်းတူ ဖြစ်ခဲ့ကြတာပဲ မဟုတ်လား..." ဂိုဏ်းတူအစ်ကိုဝေက အတိတ်ကို လွမ်းဆွတ်ဟန်ဆောင်ရင်း ရယ်မောလိုက်သည်။

"ရှင်သာ အဲဒီလူသစ်ကို မလုသွားရင် ကျွန်မ ရှင့်နေရာ ရောက်နေမှာ..." သူမ ပြန်ပက်လိုက်၏။

ဟုတ်ပါပြီ... လွန်ခဲ့သော လူသစ်စုဆောင်းပွဲမှ နာကျင်စရာ ဒဏ်ရာဟောင်းပင်။

ထိုစဉ်က သူတို့၏ ကျင့်ကြံမှု အဆင့်များ တူညီခဲ့ကြသည်။ ရွှီချင်က အလားအလာရှိသော လူသစ်တစ်ဦးကို ရှာတွေ့ခဲ့ပြီး ခေါ်ယူရန် လက်တစ်ကမ်း အလိုတွင် ဂိုဏ်းတူအစ်ကိုဝေက ညစ်ပတ်သော နည်းလမ်းများဖြင့် ဝင်ရောက်လာပြီး သူမ မျက်စိရှေ့မှပင် လုယူသွားခဲ့ခြင်း ဖြစ်သည်။ ထိုကိစ္စမှ ရရှိသော အမှတ်များကြောင့် သူက အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့် သို့ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့ပြီး၊ ရွှီချင်မှာမူ အဆင့်တက်ရန် အခက်အခဲ နှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။

သူမ ယခုထိ သောင်တင်နေပြီး ဆက်လက် တိုးတက်ရန် အထူး ဆေးလုံးတစ်လုံး လိုအပ်နေခြင်း ဖြစ်သည်။

"ငါ ပြောသလိုပဲ... အဲဒါတွေ အားလုံးက ကံတရားပါ ညီမလေးရာ..." ဂိုဏ်းတူအစ်ကိုဝေ၏ အပြုံးက ပျောက်ကွယ်မသွားပေ။ "ဒါပေမဲ့ ဒီတစ်ခါတော့ မင်းကံ ပိုကောင်းချင် ကောင်းမှာပါ... ဒါနဲ့... ငါတို့ စိတ်ဝင်စားစရာ ကောင်းအောင် တစ်ခုခု လုပ်ကြမလား..."

"ရှင်လို လူလိမ်ကောင်နဲ့ ပြိုင်ဆိုင်ဖို့ စိတ်မဝင်စားဘူး..."

"ဟားဟား... ဒါဆို တရားမျှတတဲ့ စည်းကမ်းတွေ သတ်မှတ်ကြတာပေါ့..." ဂိုဏ်းတူအစ်ကိုဝေက ပြုံးလိုက်၏။ "ဒီတစ်ခါ ငါ ဘယ်လူသစ်ကိုမှ မလုပါဘူး... ဘယ်သူ အရင်ရောက်လဲ ဆိုတာနဲ့ပဲ ဆုံးဖြတ်ကြကြေး... ဘယ်လိုလဲ..."

ရွှီချင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "ရှင့်ကို ယုံရမယ် ထင်နေလား..."

"မထင်ပါဘူး..." ဂိုဏ်းတူအစ်ကိုဝေ၏ အပြုံးက ပိုမို နက်ရှိုင်းလာ၏။ "အဲဒါကြောင့် သဘောတူညီချက်ကို ပိုမက်လောက်စရာ ဖြစ်အောင် လုပ်ပေးမယ်..."

သူက ဆေးပုလင်းငယ် တစ်လုံးကို ထုတ်လိုက်ပြီး လက်ချောင်းများကြား လှိမ့်ကစားလိုက်သည်။ "မြစ်ရေလျှံ ဆေးလုံး တစ်လုံး..."

ရွှီချင် အသက်ရှူ ရပ်သွား၏။ "ရှင် ဘယ်က ရတာလဲ..."

"ဟားဟား... ပြီးခဲ့တဲ့ တစ်ခေါက်က ပိုနေတာလေ..." သူက အခြေအနေကို အလွန်အမင်း သဘောကျနေပုံ ရသည်။

ရွှီချင်၏ ဦးနှောက်က အလုပ်များသွား၏။ ထိုဆေးလုံးက သူမ၏ အဆင့်တက် အခက်အခဲ ကို ကျော်ဖြတ်ရန် လိုအပ်နေသော အရာ အတိအကျပင်။

"ကောင်းပြီ..." သူမ ပြောလိုက်သည်။ "တကယ်လို့ ကျွန်မ နိုင်ရင် ဆေးလုံး ရမယ်..."

"သေချာတာပေါ့..." ဂိုဏ်းတူအစ်ကိုဝေ၏ အပြုံးတွင် မသမာမှုများ ယိုစီးကျနေသကဲ့သို့ပင်။ "ဒါပေမဲ့ မင်း ရှုံးရင်... ဂိုဏ်းတူအစ်ကိုကြီးစွန်း နဲ့ ညစာ အတူစားရမယ်..."

ရွှီချင် ကျောက်ရုပ် ဖြစ်သွား၏။

သေချာတာပေါ့...

သေချာပေါက် အဲဒီ ရွံစရာကောင်းတဲ့ လူပါ ပါလာရမယ်...

ဂိုဏ်းထဲတွင် နာမည်ကျော်ကြားသော ဂိုဏ်းတူအစ်ကိုကြီးစွန်းမှာ သူ၏ ထူးဆန်းသော အပြုအမူများနှင့် ပို၍ ဆိုးရွားသော စားပွဲဝိုင်း အမူအကျင့်များကြောင့် နာမည်ပျက် ရှိသူဖြစ်သည်။ သူက ထမင်းစားနေရင်း အိမ်သာတက်သည့် ကိစ္စများ ပြောလေ့ရှိပြီး၊ သစ်သီးအပါအဝင် အရာအားလုံးကို ငရုတ်သီးဆီထဲ နှစ်စားတတ်သူ ဖြစ်သည်။

မနှစ်က သူသည် သားရဲကင် တစ်ကောင်လုံးကို လက်ဗလာဖြင့် စားသောက်ခဲ့သည်။ တူမပါ... ဇွန်းခက်ရင်း မပါ... လက်၊ သွားနှင့် ကြောက်မက်ဖွယ်ရာ ကောင်းသော "ပြွတ်... ပြွတ်..." မြည်သည့် စုပ်သံများဖြင့်သာ စားသောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ သူနှင့်အတူ ထိုင်ပြီး ထမင်းစားရမည့် အကြံအစည်က ရုတ်တရက် ကြောက်မက်ဖွယ် အကောင်းဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်လာတော့သည်။

All Chapters