အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း ၄၃ - သဘောတူညီချက်မပါသော လူသစ်စုဆောင်းခြင်း
ဟန်ယု မည်မျှကြာအောင် သတိလစ်နေခဲ့သည်ကို မသိသော်လည်း နိုးလာသည်နှင့် တစ်ပြိုင်နက် သတိပြန်ရလာသည်ကို နောင်တရလိုက်မိသည်။ ဒေါသထွက်နေသော သစ်တောက်ငှက်တစ်ကောင်က သစ်ပင်ကို ထိုးဆွနေသကဲ့သို့ စူးရှသော ခေါင်းကိုက်ဝေဒနာက သူ၏ ဦးခေါင်းခွံကို ထိုးဖောက်သွား၏။
"အား... ငါ့ခေါင်း..." ဟန်ယု ညည်းတွားလိုက်ပြီး ခေါင်းပေါ်တွင် ထွက်ပေါ်နေသော အဖုကို ဖိလိုက်သည်။
သူ၏ လက်ချောင်းများဖြင့် ထိရုံသာ ရှိသေးသော်လည်း နာကျင်မှုလှိုင်းတစ်ခုကြောင့် မျက်နှာမဲ့သွားရ၏။ "ဘာလို့ ငါ့ခေါင်းပဲ ထိခိုက်နေရတာလဲ... ဒီအတိုင်းသာ ဆက်သွားရင် ဝက်ပုတ်လိုမျိုး တုံးအသွားတော့မယ်..." သူ ရေရွတ်လိုက်သည်။
သူ မျက်တောင် အကြိမ်ကြိမ် ခတ်ပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်ရာ သစ်ပင်များ မြင့်မားစွာ ပေါက်ရောက်နေသည့် ထူထပ်သော တောအုပ်တစ်ခု ဖြစ်ပြီး သစ်ရွက်များမှာ လေတိုက်၍ လှုပ်ခတ်နေကြသည်။
နေရောင်ခြည်က သစ်ရွက်များကြားမှ တစ်ဆင့် မြေပြင်ပေါ်သို့ အကွက်အကွက်များ ကျရောက်နေ၏။
"တောအုပ်လား..." ဟန်ယု နားမလည်စွာ ရေရွတ်လိုက်သည်။ "ငါ ကျင့်ကြံနေရင်း မူးလဲသွားတာလား... ဟိုသရဲမျက်နှာရှင်က ငါ့ခေါင်းကို ထပ်ရိုက်လိုက်တာလား..." သူ နားထင်ကို ဖိပွတ်ရင်း ဤနေရာသို့ မည်သို့ ရောက်လာသည်ကို ပြန်စဉ်းစားရန် ကြိုးစားလိုက်၏။
ရွှီချင်၏ ရိုက်ချက်ကြောင့်လား၊ သူသောက်ခဲ့သော ဝိုင်ကြောင့်လား ဆိုသည်ကို သူ မပြောနိုင်ပေ။ မည်သို့ပင်ဆိုစေ သူ၏ မှတ်ဉာဏ်များမှာ ဝေဝါးနေပြီး လက်ရှိ အခြေအနေကို နားလည်အောင် ကြိုးစားရမည် ဖြစ်သည်။
"ဒါ ပုံမှန် လာနေကျ နေရာ မဟုတ်ဘူး..." ဟန်ယု ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူ အနားယူလေ့ရှိသော သစ်တုံးကို မတွေ့ရပေ။
အသားခြောက်အိတ်များ ချိတ်ဆွဲထားလေ့ရှိသော သစ်ပင်များလည်း ပျောက်ဆုံးနေသည်။
ထို့နောက် သူ သူမကို တွေ့လိုက်ရသည်။
ခြေချိတ်ထိုင်ကာ ကျောကို မတ်မတ်ထား၍ လုံးဝ မလှုပ်မယှက် ရှိနေသော သူစိမ်းတစ်ယောက် ဖြစ်၏။ သူမ၏ ဘေးတွင် ရိုးရှင်းသော်လည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသော ဓားရှည်တစ်ချောင်း ရှိနေသည်။
သူမ၏ ရှည်လျားပြီး တောက်ပနေသော ဆံနွယ်များက လေအဝှေ့တွင် ညင်သာစွာ လှုပ်ခတ်နေပြီး အလင်းရောင်နှင့် ထိတွေ့နေပုံမှာ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသကဲ့သို့ပင်။ သူမထံမှ တည်ငြိမ်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်နေပြီး သူမသာ ဆန္ဒရှိပါက အားစိုက်ထုတ်စရာ မလိုဘဲ သူ့ကို သတ်ဖြတ်နိုင်ကြောင်း ညွှန်ပြနေ၏။
"ဟေ..." ဟန်ယု မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်သူလဲ..."
သူ သတိထား၍ လျှောက်သွားပြီး သေချာမြင်ရအောင် သူမဘေးသို့ ပတ်သွားလိုက်၏။ သူမမှာ လုံးဝ မလှုပ်ရှားဘဲ မျက်လုံးမှိတ်ကာ နက်ရှိုင်းစွာ တရားမှတ်နေသည်။ ဟန်ယုသည် သူ၏ ဉာဏ်ပညာကြီးမားမှုကို အသုံးပြု၍ အနီးကပ် ငုံ့ကြည့်ရန် ဆုံးဖြတ်လိုက်၏။
ထိုအရာက သူ၏ အမှားပင် ဖြစ်သည်။
သူ ငုံ့ကြည့်လိုက်သည့် အချိန်မှာပင် သူမ၏ မျက်လုံးများ ပွင့်လာသည်။
"အား..." ဟန်ယု လန့်ဖျပ်သွားပြီး နောက်သို့ ဆုတ်ကာ ဖင်ထိုင်လျက်သား လဲကျသွား၏။
သူတို့၏ မျက်လုံးချင်း ဆုံမိသည့် ခဏတွင် မှတ်ဉာဏ်များ ရုတ်တရက် ပြန်လည် ဝင်ရောက်လာသည်။
"ခင်ဗျား..." ဟန်ယု သူမကို လက်ညှိုးထိုးလိုက်၏။ "ခင်ဗျား ကျွန်တော့်ကို ပြန်ပေးဆွဲလာတာ..."
ထိုအမျိုးသမီးမှာ သူ၏ အော်ဟစ်မှုကို ဂရုမစိုက်ဘဲ ဖတ်ရှုရခက်သော မျက်နှာထားဖြင့် ဆက်လက် စိုက်ကြည့်နေသည်။
"ဒါ ဘယ်နေရာလဲ... ဘာလို့ ကျွန်တော့်ကို ဖမ်းလာတာလဲ..." ဟန်ယု မေးလိုက်၏။
"ပါးစပ်ပိတ်ထား..." ထိုအမျိုးသမီးက ပြတ်သားစွာ ပြောလိုက်သည်။
ဟန်ယု ချက်ချင်းပင် ပါးစပ်ပိတ်သွား၏။
ရင်းနှီးပြီးသား စိတ်ဒဏ်ရာတစ်ခု သူ့ထံ ဝင်ရောက်လာသည်။ သရဲမျက်နှာရှင်နှင့် ကြုံခဲ့ရသကဲ့သို့ပင် အားကြီးသောသူ တစ်ယောက်က ပါးစပ်ပိတ်ထားရန် ပြောလာလျှင် ပြန်မပြောသင့်ကြောင်း သူ ကောင်းကောင်း သိသည်။
ယခု သူမကို သေချာ ကြည့်မိသောအခါ ဟန်ယု သတိထားမိလိုက်သည်မှာ သူ့ရှေ့ရှိ အမျိုးသမီးသည် အလွန်အမင်း လှပနေခြင်းပင်။ ယောကျာ်းများကို ခြေထောက်ချင်း ခလုတ်တိုက်မိစေပြီး ကဗျာဆရာများကို အချစ်ကဗျာ ရေးဖွဲ့စေနိုင်သည့် အလှမျိုး ဖြစ်သည်။
'နှင်းဆီမြစ်နန်းတော်က မယ်လဲ့ထက်တောင် ပိုလှသေးတယ်...' ဟန်ယု အံ့အားသင့်စွာ တွေးလိုက်မိ၏။ မယ်လဲ့ဆိုသည်မှာ ယောကျာ်းကြီးများကို သူမ အာရုံစိုက်လာစေရန် ငိုကြွေးစေနိုင်သူ ဖြစ်သဖြင့် ဤသည်မှာ သာမန် ကိစ္စ မဟုတ်ပေ။
ထိုအမျိုးသမီးသည် လေကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်ပြီး တရားမှတ်ခြင်း ပြီးဆုံးသွားပုံ ရသည်။
"မင်းက ဘယ်သူလဲ..." သူမ နောက်ဆုံးတွင် မေးလိုက်၏။
ဟန်ယု မျက်တောင်ခတ်လိုက်သည်။ "ကျွန်တော်က ဘယ်သူလဲ ဟုတ်လား... ခင်ဗျားက ဘယ်သူလဲ... ခင်ဗျားက ကျွန်တော့်ကို ပြန်ပေးဆွဲလာတာလေ..." သူ မကျေမနပ် ပြောလိုက်၏။
"ငါက ရွှီချင်... ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်းရဲ့ အတွင်းစည်း ဂိုဏ်းသား..." သူမ ပြန်ဖြေသည်။
ဟန်ယု ခေါင်းစောင်းလိုက်၏။ "ဟို စတုတ္ထတန်းစား ခေါင်ပါးတဲ့ ဂိုဏ်းလား..."
တိတ်ဆိတ်သွားသည်။
ထို့နောက် ရွှီချင်၏ မျက်နှာထား မည်းမှောင်သွား၏။
"မင်း ငါ့ဂိုဏ်းကို စော်ကားရဲတယ်လား..." သူမ၏ အသံတွင် တည်ငြိမ်သော်လည်း ဒေါသစွမ်းအင်များ ပါဝင်နေသည်။
ဟန်ယု သူ၏ အမှားကို ချက်ချင်း သိလိုက်၏။ "အာ... ဆိုလိုတာက ပထမတန်းစား၊ တိုင်းပြည်မှာ အကြီးကျယ်ဆုံး ဂိုဏ်းလို့ ပြောမလို့ပါ... ကျွန်တော် ခေါင်းကိုက်နေလို့ မှားပြောမိတာ..."
ပိုပြီး ပီပြင်သွားစေရန် သူ မြေကြီးပေါ်သို့ လှဲချလိုက်ပြီး ခေါင်းကို ဆွဲကာ သရုပ်ဆောင်လိုက်သည်။
"အား... နာလိုက်တာ... နာလိုက်တာ... ငါ့ခေါင်း... ငါ့ခေါင်းလေး... ဝက်ပုတ်လို တုံးအသွားပြီလို့ ခံစားနေရပြီ... ဖြစ်လာပြီ... ငါ့ဉာဏ်ရည်တွေ လျော့ကျကုန်ပြီ..." သူ မြေကြီးပေါ် လူးလိမ့်ရင်း အော်ဟစ်လိုက်၏။
ရွှီချင် သူ့ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
"တော်တော့..." သူမ အမိန့်ပေးလိုက်၏။
ဟန်ယု ချက်ချင်းပင် မတ်မတ် ပြန်ထိုင်လိုက်သည်မှာ လွန်ခဲ့သည့် တစ်ခဏက သေလုမျောပါး ဖြစ်နေသည်နှင့်ပင် မတူတော့ပေ။
ရွှီချင် သူမ၏ အိတ်ထဲမှ ကြွေပုလင်းငယ် တစ်လုံးကို ထုတ်ယူ၍ သူ့ထံ ကမ်းပေးလိုက်သည်။
ဟန်ယု အလိုအလျောက် တွန့်ဆုတ်သွား၏။
"ရော့..." သူမ၏ အသံမှာ ပုံမှန်အတိုင်း ဖြစ်နေသည်။
သူ သတိထား၍ ယူလိုက်၏။ "ဒါ ဘာလဲ..."
"မင်းခေါင်းအတွက်..." သူမ ပြန်ဖြေသည်။
သူ ဖွင့်ကြည့်ပြီး အနံ့ခံကြည့်လိုက်ရာ ဆေးနံ့သင်းသင်းလေး ထွက်ပေါ်လာသည်။ သူမ ညွှန်ကြားသည့်အတိုင်း အဖုပေါ်သို့ လိမ်းလိုက်ရာ အေးမြသော ခံစားမှုတစ်ခု ဦးခေါင်းခွံပေါ် ပျံ့နှံ့သွားပြီး သက်သာရာ ရသွား၏။ တစ်မိနစ် အတွင်းမှာပင် နာကျင်မှု လုံးဝ ပျောက်ကွယ်သွားသည်။
"ဝိုး... မြန်လိုက်တာ..." ဟန်ယု ရေရွတ်လိုက်၏။
"အခု သက်သာသွားပြီဆိုတော့ မင်းနာမည် ပြော..." ရွှီချင် ပြောလိုက်သည်။
"ဟန်ယု..." သူ ပြန်ဖြေလိုက်၏။ ဆေး၏ အစွမ်းထက်မှုကို အံ့သြနေဆဲပင်။
"မင်းက ဘယ်မျိုးနွယ်၊ ဘယ်မိသားစုကလဲ..." သူမ မေးမြန်းလိုက်သည်။
ဟန်ယု မျက်မှောင်ကြုတ်လိုက်၏။ "ခင်ဗျားက ပြန်ပေးငွေ လိုချင်လို့ဆိုရင် လူမှားပြီ... ကျွန်တော်က မိဘမဲ့... လမ်းဘေးလေလွင့် ကောင်လေးလို့ ပြောကြတဲ့သူ..."
ရွှီချင် သက်ပြင်းချလိုက်သည်။ "ငါ မင်းကို ပြန်ပေးဆွဲတာ မဟုတ်ဘူး... ငါ မင်းကို ဂိုဏ်းဝင်ဖို့ လာခေါ်တာ...
"
ဟန်ယု မျက်တောင်ခတ်လိုက်၏။ "လာခေါ်တာ... ဘာအတွက်လဲ..."
"ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း အတွက်..." သူမ ပြောလိုက်သည်။
ဟန်ယု သူမကို ကြည့်လိုက်၏။ "ခင်ဗျားတို့ ဂိုဏ်းက လူသစ်စုဆောင်းရင် ဒီလိုပဲလား... သတိလစ်အောင် ရိုက်ပြီး တောထဲ ဆွဲခေါ်လာတာလား... သိုင်းပညာ စမ်းသပ်တာ ဘာညာ မရှိဘူးလား..."
"ငါ ရှင်းပြဖို့ အချိန်မရလို့..." ရွှီချင် ဝန်ခံလိုက်သည်။
ဟန်ယု လက်ပိုက်လိုက်၏။ "ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို တစ်ကိုယ်လုံး လျှောက်ကိုင်တုန်းက ခွင့်မတောင်းဘူးနော်..." သူ ရင်ဘတ်ကို ကာလိုက်ပြီး "ကျွန်တော် မလုံမခြုံ ခံစားရတယ်..."
"နင်..." ရွှီချင်၏ မျက်နှာ နီရဲသွားသည်။ အစောပိုင်းက သူမ တင်ပါးကို သူ ကိုင်ခဲ့သည်ကို သတိရသွားပြီး လက်သီး ဆုပ်လိုက်မိ၏။ သူ့ကို ထပ်ရိုက်ချင်စိတ် ပေါက်သွားသော်လည်း ထိန်းချုပ်လိုက်သည်။
အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်ကို တည်ငြိမ်အောင် ထားလိုက်၏။ "မင်းကို သတိလစ်အောင် လုပ်ပြီး ရှင်းပြချက်မရှိဘဲ ခေါ်လာခဲ့မိတာ တောင်းပန်ပါတယ်..."
ဟန်ယု မျက်တောင်ခတ်လိုက်သည်။ "အော်..." တကယ့် တောင်းပန်စကား ကြားရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ "ကောင်းပြီလေ... ထားလိုက်ပါတော့..."
သူမ၏ အလှတရားကြောင့် ခွင့်လွှတ်လိုက်ခြင်းမျိုး လုံးဝ မဟုတ်ကြောင်း ပြောလိုပါသည်။
အခန်း ၄၄ - 'ပါရမီ' နှင့် ပထမဆုံး ပျံသန်းမှု
ရွှီချင် ဟန်ယုကို ကြည့်ပြီး ပြောလိုက်သည်။
"မင်းရဲ့ ကျင့်စဉ်က ခန္ဓာကိုယ် သန့်စင်ခြင်း နယ်ပယ်ရဲ့ သတ္တမမြောက် ကပ်ဘေးအဆင့်မှာ ရှိနေတယ်... သာမန် လူသစ်စုဆောင်းပွဲအတွက် မလုံလောက်ပေမယ့် မင်းရဲ့ ပါရမီက အဲဒါကို ဖြည့်ဆည်းပေးနိုင်တယ်..." သူမ ပြောလိုက်၏။
သို့သော် ဟန်ယုထံမှ ရရှိလာမည့် တုံ့ပြန်မှုကို သူမ မမျှော်လင့်ထားခဲ့ပေ။
ဟန်ယု မျက်လုံးများ ပြူးကျယ်သွားသည်။ "ကျွန်တော်က ပါရမီ ရှိတယ်..."
သူ ပြုံးလိုက်၏။ "ဒါပေါ့... ငါ့မှာ ပါရမီ ရှိတယ်... ငါ ဟန်ယုရဲ့ ပါရမီကို ဂိုဏ်းတွေက အသိအမှတ်ပြုလာမယ်ဆိုတာ ငါ သိပြီးသား..."
သူ ထိုသို့ ပြုမူနေသည်ကို ကြည့်ပြီး ရွှီချင် မျက်နှာမပျက်ဘဲ မနေနိုင်တော့ပေ။
"သောက်ကျိုးနည်း... သူက အဲဒီလိုလူစားမျိုး ဖြစ်နေတာကိုး..." သူမ သက်ပြင်းချရင်း နဖူးကို ကိုင်လိုက်သည်။
ဤသည်မှာ ထိုကဲ့သို့ လူမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း မဟုတ်ပေ။ လွန်ခဲ့သည့် တစ်ခေါက်က လူသစ်သွားစုဆောင်းစဉ်ကလည်း ထိုအတိုင်းပင် ကြုံခဲ့ရသည်။ ထိုစဉ်က သူမ ကလေး ၈ ယောက်ကို စုဆောင်းခဲ့ပြီး တစ်ယောက်မှာ ပါရမီ အလွန်မြင့်မားသည်။
ထိုကလေးသည် ဂိုဏ်းတူအစ်ကိုဝမ် လုယူသွားသော ကလေးပင် ဖြစ်သည်။
ကျန်သည့် ၇ ယောက်မှာ သာမန်ပါရမီသာ ရှိသော်လည်း ဂိုဏ်းဝင်ရန် လုံလောက်သည်။ သို့သော် သူတို့အထဲမှ ၂ ယောက်မှာ အတော်လေး မာန်တက်ပြီး ယခုကဲ့သို့ပင် ပြုမူခဲ့ကြ၏။ သူမ စိတ်ဝင်စားမှု ပြလိုက်သည်နှင့် သူတို့ကိုယ်သူတို့ ကောင်းကင်ဘုံက ရွေးချယ်ခံရသူများဟု ထင်မှတ်နေကြသော အခြားသူများစွာကိုလည်း တွေ့ဖူးသည်။
သူမ သူတို့၏ ပါရမီ အကန့်အသတ်ကို မြင်ပြီးနောက် သူတို့ကို ငြင်းပယ်ခဲ့သည်။
'ဒါကြောင့် ငါ လူသစ်စုဆောင်းရေး လုပ်ရတာ မကြိုက်တာ...' ရွှီချင် တွေးလိုက်မိ၏။ 'ဂိုဏ်းက ဘာလို့ ဒီလို စုဆောင်းပွဲတွေ လိုအပ်နေရတာလဲ... ပုံမှန် ဝင်ခွင့်ဖြေတဲ့သူတွေတင် သောင်းနဲ့ချီ ရှိနေတာကို...' သူမ တွေးတောမိသည်။
ဂိုဏ်းအများစုတွင် တပည့်များ စေလွှတ်သော ရွေးချယ်ခံ စုဆောင်းပွဲများအပြင် ပုံမှန် လူသစ်စုဆောင်းပွဲများလည်း ရှိကြသည်။
ပုံမှန် လူသစ်စုဆောင်းပွဲများသည် ကျင့်ကြံနိုင်စွမ်း ရှိကြောင်း သက်သေပြနိုင်သူ မည်သူမဆို ပါဝင်နိုင်သည်။ အသက်အရွယ် ကန့်သတ်ချက်လည်း နည်းပါးပြီး ဂိုဏ်း၏ အောက်ခြေအဆင့်များကို ဖြည့်ဆည်းရန် ဖြစ်သည်။
ဤသို့သော စုဆောင်းပွဲများမှာ မကြာခဏ မရှိဘဲ ဆယ်စုနှစ် တစ်ခုလျှင် တစ်ကြိမ်သာ ရှိတတ်သည်။
လူများသည် ဂိုဏ်းဝင်ခွင့် ရရန်အတွက် ခရီးဝေးမှ လာရောက်ကြသည်။ ရွေးချယ်ခံ စုဆောင်းပွဲတွင် မပါဝင်နိုင်သူများအတွက် ဤသည်မှာ တစ်ခုတည်းသော အခွင့်အရေး ဖြစ်၏။ ထို့ကြောင့် ဝင်ခွင့်ရရန် အပြင်းအထန် ကြိုးစားကြသည်။
အသက် ၄၀ အရွယ် ချီစွမ်းအင်သန့်စင်ခြင်း အစောပိုင်းအဆင့်သို့ မနည်း ရောက်ရှိထားသူ တစ်ဦးကိုပင် အရည်အချင်း ပြည့်မီသည်ဟု သတ်မှတ်နိုင်သည်။ သို့သော် သူတို့ကို အနိမ့်ဆုံး အဆင့် သတ်မှတ်ပေးမည် ဖြစ်ပြီး တိုးတက်ရန် အခွင့်အလမ်း နည်းပါးသည်။
သို့သော် သူတို့၏ ဘဝပုံစံ တစ်ခုလုံးကို ပြောင်းလဲပေးနိုင်သဖြင့် သူတို့အတွက် အကျိုးအမြတ် အရှိဆုံး ရွေးချယ်မှု ဖြစ်နေဆဲပင်။
"ဟားဟားဟား... တစ်နေ့ကျရင် လူတိုင်း ငါ့ရဲ့ ဘုန်းတန်ခိုးအောက်မှာ ဒူးထောက်ကြရလိမ့်မယ်..." ဟန်ယုက ကြီးကျယ်ခန်းနားစွာ ကြေညာလိုက်သည်။
"တော်တော့..." ရွှီချင် အော်ဟစ်လိုက်ပြီး ဤပြဇာတ်ကြောင့် မောပန်းလာ၏။
"ဟုတ်..." ဟန်ယု သူ၏ အတိတ်က စိတ်ဒဏ်ရာကြောင့် ချက်ချင်း ငြိမ်ကျသွားသည်။
ဟူး...။
ရွှီချင် ခေါင်းခါလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ကောင်လေးကို ကြည့်လိုက်၏။
"ငါတို့ သွားစရာ ခရီးဝေးကြီး ကျန်သေးတယ်... သွားကြစို့..." ရွှီချင် ပြောလိုက်သည်။
"ကောင်းပါပြီ... ဒါပေမဲ့ ဘယ်ကို သွားမှာလဲ..." ဟန်ယု မေးလိုက်၏။ "ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်းကိုလား..."
"ဟုတ်တယ်... ငါတို့ အဲဒီကို အမြန်ဆုံး ရောက်ဖို့ လိုတယ်..." ရွှီချင် ပြန်ဖြေသည်။
"ဘာလို့ အဲဒီလောက် အလျင်လိုနေရတာလဲ... ဂိုဏ်းသားသစ် စုဆောင်းပွဲက အနည်းဆုံး ရက်သတ္တပတ် နည်းနည်းလောက် ကြာတာ မဟုတ်ဘူးလား..." ဟန်ယု ပြောလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည်။ "နေဦး... စုဆောင်းပွဲက နောက်ရက်နည်းနည်း ကြာမှ စမှာ မဟုတ်ဘူးလား..."
"ငါက စောစောရောက်တာ ကြိုက်လို့..." ရွှီချင်က အကျယ်တဝင့် မရှင်းပြလိုဘဲ ပြောလိုက်၏။
"အော်..." ဟန်ယု သိပ်ပြီး အလေးအနက် မထားဘဲ ပြန်ဖြေလိုက်သည်။ "ဒါပေမဲ့... ကျွန်တော့် တစ်ယောက်တည်း ခေါ်သွားလို့ ဖြစ်ရဲ့လား..." သူ တွေးတောမိ၏။
အတိတ်က စုဆောင်းပွဲများကို သူ မြင်ဖူးပြီး ကလေး အများအပြား ခေါ်သွားလေ့ရှိသည်။
"တခြားလူ မရှိလို့..." ရွှီချင် ပြန်ဖြေသည်။ "ငါ မြို့အနှံ့ လိုက်ရှာပြီးပြီ..."
"သြော်... ဒါကြောင့်ကိုး..." ဟန်ယု ပြန်ပြောလိုက်သည်။ "ဒါပေါ့... ငါ ဟန်ယုလောက် အရည်အချင်း ပြည့်မီတဲ့သူ ဘယ်သူ ရှိဦးမှာလဲ..." သူ ဂုဏ်ယူစွာ ကြေညာလိုက်၏။
"ပါးစပ်ပိတ်ထား..." ရွှီချင် စိတ်မရှည်တော့ဘဲ အော်လိုက်သည်။
ဝုန်း...။
သူမ၏ ဓားက သူမဘေးတွင် လေထဲ ပျံဝဲနေပြီး ခြိမ်းခြောက်နေသည့် အရောင်များ တောက်ပနေသဖြင့် ဟန်ယု ပါးစပ် ချက်ချင်း ပိတ်သွား၏။
စကားလုံးများထက်စာလျှင် အသက်အန္တရာယ် ခြိမ်းခြောက်မှုက ပိုပြီး ထိရောက်သည်။
ရွှပ်...။
ရွှီချင်က ဓားကို သူမရှေ့တွင် ပျံဝဲနေစေရန် ထိန်းချုပ်လိုက်ပြီး ခုန်တက်လိုက်သည်။
"တက်..." သူမ အမိန့်ပေးလိုက်၏။
"ဒါကြီးပေါ်လား..." ဟန်ယု တွန့်ဆုတ်သွားသည်။ "ဒါက ကျဉ်းလွန်းတယ်... ခင်ဗျားဆီမှာ ပိုကြီးတာ မရှိဘူးလား..." သူ မေးလိုက်၏။
"မရှိဘူး..." ရွှီချင် ပြန်ဖြေသည်။ "ဝိညာဉ်လက်နက်တွေက သစ်ပင်ပေါ်မှာ သီးတယ်လို့ ထင်နေတာလား..." သူမ မေးလိုက်၏။
"ဟုတ်သားပဲ..." ဟန်ယု ရေရွတ်ရင်း မလိုလားသော်လည်း တက်လိုက်ရသည်။ "ဝိုး..." ဓားက သူ့အောက်တွင် ယိမ်းခါသွားသဖြင့် သူ ပြုတ်ကျလုနီးပါး ဖြစ်သွား၏။
ရွှီချင်က ဓားကို မြှင့်တင်လိုက်ရာ ဟန်ယု ပို၍ ထိတ်လန့်သွားသည်။
"သောက်ကျိုးနည်း... ဒီအမြင့်ကြီးကနေ ပြုတ်ကျရင် အရိုးတစ်ချောင်း၊ နှစ်ချောင်းလောက်တော့ သေချာပေါက် ကျိုးမှာ..." ဟန်ယု ကြောက်လန့်တကြား ပြောလိုက်သည်။ "ခင်ဗျားမှာ ပိုကျယ်တာ တကယ် မရှိဘူးလား... ပုဆိန်ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့... မရှိရင်လည်း ဒီဓားပေါ်မှာ လက်ရန်းလေး ဘာလေး တပ်ပေးလို့ မရဘူးလား... ကိုင်စရာလေး တစ်ခုခု လိုချင်လို့..." သူ ကြောက်ကြောက်လန့်လန့်ဖြင့် ပွစိပွစိ ပြောနေ၏။
"ဝိညာဉ်ဓားပေါ်မှာ လက်ရန်း ဟုတ်လား..." ရွှီချင် မျက်ခုံးပင့်လိုက်သည်။ "မင်း ဒါကို ဟာသလို့ ထင်နေတာလား..." သူမ မေးလိုက်၏။
"ဟာသ... အသက်အန္တရာယ် ကင်းရှင်းရေးက ဟာသ မဟုတ်ဘူး..." ဟန်ယု ပြန်ပြောလိုက်သည်။ "ကျွန်တော် ပြုတ်ကျပြီး သေသွားရင် ဘယ်လိုလုပ်မလဲ... ဒါဆိုရင် ခင်ဗျား ဂိုဏ်းကို ခေါ်သွားစရာ လူမရှိတော့ဘဲ နေမှာပေါ့..." သူ ထောက်ပြလိုက်၏။
"အင်း..." ရွှီချင် လုံးဝ မငြင်းနိုင်ပေ။
နည်းစနစ်အရ ပြောရလျှင် ဝိညာဉ်ဓားဖြင့် လူတစ်ယောက်ကို တင်ခေါ်သွားခြင်းမှာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။ ဟန်ယုကို ကျောပိုးသွားခြင်းက တစ်မျိုးဖြစ်သော်လည်း ပြီးခဲ့သည့် အဖြစ်အပျက် ပြီးနောက် သူမ ထိုသို့ ထပ်မလုပ်ချင်တော့ပေ။
"ဒါဆို ငါ့ပခုံးကို ကိုင်ထား..." ရွှီချင် အကြံပြုလိုက်သည်။
"အဆင်ပြေပါ့မလား..." ဟန်ယု တွန့်ဆုတ်စွာ မေးလိုက်၏။
"ငါ စိတ်မပြောင်းခင် လုပ်..." ရွှီချင် သွားကြားထဲမှ ပြောလိုက်သည်။
"ဟုတ်... ဟုတ်..." ဟန်ယု ပြောရင်း သူမ ပခုံးများကို အလျင်အမြန် ဆုပ်ကိုင်လိုက်၏။
သူမက သူ့ထက် အရပ်ရှည်သဖြင့် အနည်းငယ် အဆင်မပြေ ဖြစ်နေသော်လည်း သူ မပြုတ်ကျအောင် ကိုင်ထားနိုင်ခဲ့သည်။
ရွှပ်...။
ဓားက ဆက်လက် မြင့်တက်သွားပြီး မြေပြင်မှ မီတာ ၂၀ ခန့် ရောက်သွား၏။ ဟန်ယု ခြေထောက်များ ပျော့ခွေနေပြီး ဟန်ချက်ညီအောင် ထိန်းရင်း အသက်မသေအောင် ကြိုးစားနေရသည်။
"ကျွန်တော် သေသွားရင် ဂုဏ်သိက္ခာရှိရှိ မြှုပ်နှံပေးပါ..." ဟန်ယု အော်ဟစ်လိုက်ပြီး သူမ ပခုံးများကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။
"ပါးစပ်ပိတ်ထား... မပိတ်ရင် ငါကိုယ်တိုင် ပစ်ချလိုက်မယ်..." ရွှီချင် ဟိန်းဟောက်လိုက်သည်။
"မှတ်သားထားပါ့မယ်..." ဟန်ယု ပြန်ဖြေလိုက်ရာ သူ၏ အသံမှာ ပုံမှန်ထက် တစ်ဆင့် ပိုမြင့်နေ၏။
သူတို့ ကောင်းကင်ယံသို့ ပျံတက်သွားစဉ် အကယ်၍ အသက်ရှင်ခဲ့ပါက ထိုင်ခုံပါသော ပစ္စည်းတစ်ခုခု ဝယ်ပေးရန် ဂိုဏ်းကို တောင်းဆိုမည်ဟု ဟန်ယု သူ့ဘာသာသူ ကတိပြုလိုက်လေသည်။