အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း ၄၉ - အနောက်မြောက် နယ်စပ် ခံတပ်မြို့
ဟန်ယု ကောင်လေးများနှင့် ဖဲကစားနေသည်ကို မြင်သောအခါ ရွှီချင် မည်သို့ တွေးရမည် မသိတော့ပေ။
"မနက်စောစောစီးစီး ဖဲကစားနေတာလား..." ရွှီချင် မေးလိုက်၏။ ဤအချိန်တွင် ထိုသို့ ပြုလုပ်ရန် စိတ်အားထက်သန်မှု (သို့မဟုတ်) အားအင် ရှိနေသူကို တွေ့ရသဖြင့် အံ့သြသွားသည်။
"ဒါပေါ့... ငါက သူငယ်ချင်းတွေနဲ့ ကစားနည်းစုံ ကစားဖူးတယ်... တစ်နေ့လုံး ဆက်ကစားဆိုရင်တောင် ရတယ်..." ဟန်ယု ရင်ကော့ပြီး ဂုဏ်ယူစွာ ပြောလိုက်၏။
"အဲဒါ ဂုဏ်ယူစရာ မဟုတ်ဘူး... မင်းက အလုပ်မရှိ အကိုင်မရှိ လေလွင့်နေတဲ့ကောင် ဆိုတာ သက်သေပြနေတာပဲ..." ရွှီချင်က မျက်နှာသေဖြင့် ပြောလိုက်သည်။
"ဟေ့... ကျွန်တော်လည်း ကျင့်ကြံပါတယ်နော်..." ဟန်ယု ကန့်ကွက်လိုက်၏။ "ဒီအပတ်ထဲမှာတင် ခန္ဓာကိုယ် သန့်စင်ခြင်း သတ္တမအဆင့် ရောက်သွားတာ..." သူက ကြီးကျယ်သော အောင်မြင်မှု တစ်ခုကဲ့သို့ ပြောလိုက်သည်။
ရွှီချင်ကမူ စိတ်ဝင်စားပုံ မရပေ။
"ဝိုး... အစ်ကိုကြီး... အစ်ကိုကြီးက သတ္တမအဆင့် ရောက်နေပြီလား..." ရှောင်အာ၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွား၏။
"ကျွန်တော်က တတိယအဆင့်ပဲ ရှိသေးတယ်... အစ်ကိုကြီး ရှောင်ရီတောင် ဆဋ္ဌမအဆင့်ပဲ ရှိသေးတာ..." ရှောင်ဆန်းက လေးစားအားကျစွာ ပြောလိုက်သည်။
"နေ့တိုင်း လေ့ကျင့်မှုကြောင့်ပါကွာ..." ဟန်ယု ပြုံးလိုက်ပြီး သူ၏ ကြွက်သားများကို ထုတ်ပြလိုက်၏။
ဟူး...။
"ပြင်ဆင်တော့... ငါတို့ သွားရမယ်..." ရွှီချင် ပြောလိုက်သည်။
"အခုလား... မနက်စာတောင် မစားရသေးဘူး..." ဟန်ယု ညည်းတွားလိုက်၏။
"အခု စားလိုက်ရင် နောက်ကျ နောင်တရလိမ့်မယ်..." ရွှီချင် ပြုံးလိုက်သည်။
"အစားအစာကို ဘာလို့ နောင်တရမှာလဲ..." ဟန်ယု သံသယဖြင့် မျက်မှောင်ကြုတ်လိုက်၏။
"မကြာခင် သိရမှာပါ..." ရွှီချင်၏ အပြုံးက ပို၍ ပီပြင်လာသည်။
ဟန်ယု တုန်လှုပ်သွား၏။ 'သူမ ဘာကြံစည်နေတာလဲ... ငါ့ကို ထပ်ပြီး ရိုက်နှက်ဦးမှာတော့ မဟုတ်ပါဘူးနော်...' သူ၏ စိတ်ထဲတွင် အဆိုးဆုံး အခြေအနေများကို တွေးတောနေမိသည်။
"ထ..." ရွှီချင်၏ လေသံမှာ ညှိနှိုင်းစရာ မရှိပေ။
"ဟုတ်ကဲ့... အစ်မကြီး..." ဟန်ယု အမိန့်ရသော စစ်သားတစ်ယောက်ကဲ့သို့ မတ်တတ်ရပ်လိုက်၏။
ရွှီချင် လှည့်ထွက်သွားသည်။ ဟန်ယု ခေတ္တ တွန့်ဆုတ်နေပြီးမှ သူမနောက်သို့ မလိုလားဘဲ လိုက်ပါသွား၏။
"တာတာ့... အစ်ကိုကြီး... နောက်မှ လာလည်ဦးနော်..." ရှောင်အာနှင့် ရှောင်ဆန်းတို့က သူ ထွက်ခွာသွားသည်ကို ရွှင်လန်းစွာ လက်ပြ နှုတ်ဆက်လိုက်ကြသည်။
မိနစ်အနည်းငယ် ကြာသောအခါ ဟန်ယုနှင့် ရွှီချင်တို့ မြို့တံခါးကို ကျော်ဖြတ်လာကြ၏။ ထို့နောက် ရွှီချင် သူမ၏ အိတ်ထဲသို့ နှိုက်လိုက်သည်။
ဝုန်း...။
ဓားတစ်လက် သူမလက်ထဲတွင် ပေါ်လာ၏။
"ဝိုး... အဲဒီဓားအရှည်ကြီးက အိတ်သေးသေးလေးထဲ ဝင်ဆံ့တယ်လား..." ဟန်ယု မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်သွားသည်။
"ဒါက လေဟာနယ် သိုလှောင်အိတ်လေ... မမြင်ဖူးဘူးလား..." ရွှီချင် မေးလိုက်၏။
"မမြင်ဖူးဘူး..." ဟန်ယု ခေါင်းခါလိုက်သည်။ "ကြားပဲ ကြားဖူးတာ..."
"အင်း..." ရွှီချင် ရေရွတ်လိုက်ပြီး ဓားပေါ်သို့ ခုန်တက်လိုက်၏။ "တက်..."
ဒီတစ်ခါတွင်မူ ဟန်ယု သိပ်ပြီး မတွန့်ဆုတ်တော့ပေ။ သူ ဓားပေါ်သို့ တက်လိုက်ရာ ယခင်ကထက် ပို၍ တည်ငြိမ်သည်ဟု ခံစားလိုက်ရသည်။ ပထမဆုံးအကြိမ် ပျံသန်းစဉ်က ကြောက်လန့်မှုများ (အများအားဖြင့်) ပျောက်ကွယ်သွားပြီ ဖြစ်၏။
ရွှပ်...။
ရွှီချင်၏ အမြင့်ဆုံး အမြန်နှုန်းဖြင့် ကောင်းကင်ယံသို့ ထိုးတက်သွားကြသည်။
ဟန်ယု သူမကို အသေအလဲ ဖက်ထားလိုက်၏။ "နောက်တစ်မြို့က ဘယ်လောက် ဝေးလဲ..." လေတိုးသံများကို ကျော်လွန်ရန် သူ အော်ဟစ် မေးလိုက်ရသည်။
"ကီလိုမီတာ ၁၀၀ ကျော်ပဲ..." ရွှီချင် ပြန်အော်လိုက်၏။ "၃ နာရီမပြည့်ခင် ရောက်လိမ့်မယ်..."
"မြန်လိုက်တာ..." ဟန်ယု အာမေဋိတ် ပြုလိုက်သော်လည်း အသက်ရှင်ရန် ဆုတောင်းနေရသဖြင့် သေချာ သဘောပေါက်ခြင်း မရှိသေးပေ။
ခဏကြာသောအခါ သူ သတ္တိမွေး၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။
မြင်လိုက်ရသော မြင်ကွင်းမှာ... ရင်သပ်ရှုမောဖွယ်ရာပင်။
ကမ္ဘာကြီးသည် သူ့ရှေ့တွင် သက်ရှိ ပန်းချီကားချပ်ကဲ့သို့ ကျယ်ပြန့်စွာ ရှိနေသည်။ တောအုပ်များ၊ မြစ်များနှင့် တောင်တန်းများသည် အဆုံးမဲ့ အစိမ်းရောင်နှင့် အပြာရောင် ပင်လယ်ပြင်ကြီးအဖြစ် ပေါင်းစပ်လျက် မိုးကုပ်စက်ဝိုင်းအထိ ရှည်လျားနေ၏။ မြွေလိမ်မြွေကောက် မြစ်တစ်စင်းသည် ရှုခင်းအလယ်တွင် ဖြတ်သန်း စီးဆင်းနေပြီး မနက်ခင်း နေရောင်အောက်တွင် တောက်ပနေသည်။ ငှက်များက သူတို့အောက်တွင် ပျံသန်းနေကြပြီး ရောင်စုံ အမွေးအတောင်များက အလင်းရောင်နှင့် ထိတွေ့နေသည်။
လှပလိုက်တာ...
'တော်တော် လှသားပဲ...' ဟန်ယု ပထမဆုံးအကြိမ်အဖြစ် ရှုခင်းကို အမှန်တကယ် ခံစားရင်း တွေးလိုက်မိ၏။
၅ မိနစ် ခန့် ကြာသည်အထိပင်။
ထို့နောက်...
'ကြာတော့လည်း ပျင်းစရာကြီးပါလား...'
သစ်ပင်တွေချည်းပင်။ နေရာတိုင်း သစ်ပင်များ။ အဆုံးမရှိ သစ်ပင်များ။
သူ သက်ပြင်းချလိုက်ပြီး ငှက်များနှင့် သားရဲများ ရံဖန်ရံခါ ပေါ်လာသည်ကို ကြည့်နေလိုက်သည်။ ပျံသန်းနိုင်သော သတ္တဝါအချို့ အနားကပ်ရန် ကြိုးစားသော်လည်း ရွှီချင်၏ အရှိန်အဝါ အနည်းငယ် ထုတ်လွှတ်လိုက်ရုံဖြင့် ကြောက်လန့်တကြား ထွက်ပြေးသွားကြ၏။
ဟန်ယု မျက်တောင်ခတ်လိုက်သည်။ 'နေဦး... အဲဒါ နှုတ်သီးလွန်ငှက် မဟုတ်ဘူးလား...'
အဲဒါ ချီစွမ်းအင်သန့်စင်ခြင်း အဆင့် သားရဲလေ။
သူမက အားပင်စိုက်စရာ မလိုဘဲ ခြောက်ထုတ်လိုက်နိုင်ခဲ့သည်။
'သောက်ကျိုးနည်း... သူမ တကယ် သန်မာတာပဲ...'
ဟန်ယု သတိမထားမိသည်မှာ ဤနေရာသည် ဘေးကင်းသော ဇုန်ဖြစ်နေသေးခြင်းပင်။ ရွှီချင် အနေဖြင့် ဤနေရာတွင် လွှမ်းမိုးနိုင်သော်လည်း တကယ့် အန္တရာယ်ရှိသော ဒေသများတွင်မူ အားနည်းသော သားရဲများပင် နောက်ဆုတ်ရန် ငြင်းဆန်ကြသည်။ ထိုသတ္တဝါများသည် နေ့စဉ် သေခြင်းတရားနှင့် ရင်ဆိုင်ကြီးပြင်းလာကြသဖြင့် ကြောက်ရွံ့ခြင်း မရှိ၊ ရက်စက်ပြီး ဇွဲကောင်းကြ၏။
ရွှီချင် ကိုယ်တိုင်ပင် ထိုကဲ့သို့ တိုက်ခိုက်မှုများကို အဆက်မပြတ် ကာကွယ်နေရပါက စိတ်ပျက်မိပေလိမ့်မည်။
သို့သော် ဟန်ယုမှာမူ အထင်ကြီးနေဆဲပင်။
အဝေးမှ တစ်စုံတစ်ခုကို သူ လှမ်းမြင်လိုက်သည် အထိ။
"အဲဒါ... ခံတပ်ကြီးလား..."
ကြီးမားသော တံတိုင်းကြီး တစ်ခု ရှေ့တွင် ရှိနေပြီး အနည်းဆုံး အမြင့် မီတာ ၃၀ နှင့် အထူ ၃ မီတာခန့် ရှိသည်။
ကင်းမျှော်စင်များက တံတိုင်းတလျှောက်တွင် အစောင့်အကြပ်များကဲ့သို့ တည်ရှိနေ၏။ ကျင့်ကြံသူများသည် ကောင်းကင်ယံတွင် ပျံသန်းနေကြပြီး ကင်းလှည့်နေစဉ် သူတို့၏ ဝတ်ရုံများ လေထဲတွင် လွင့်ပျံနေသည်။
မြေပြင်ပေါ်တွင်မူ စစ်ဘက်ဆိုင်ရာ စခန်းချ နေရာများက ခံတပ်ကို သံချပ်ကာ ဝတ်ထားသော သားရဲကြီး တစ်ကောင်ကဲ့သို့ ဝန်းရံထားပြီး စစ်ဝတ်စုံ ပြည့်စုံစွာ ဝတ်ဆင်ထားသော စစ်သည်များဖြင့် ပြည့်နှက်နေ၏။ သူတို့၏ လှုပ်ရှားမှုများမှာ လျင်မြန်သည်၊ စည်းကမ်းရှိသည်၊ ထိရောက်သည်။ ဟန်ယု၏... စည်းကမ်းမဲ့မှုနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။
"ဒါ ဘယ်နေရာလဲ..."
ရွှီချင် ချက်ချင်း မဖြေပေ။ သူမ ဓားကို နိမ့်ချလိုက်ပြီး ခံတပ်မြို့ဆီသို့ ဦးတည် ဆင်းသက်လိုက်သည်။
မိနစ်အနည်းငယ် ကြာသောအခါ သူတို့ ပင်မတံခါးမကြီး အပြင်ဘက်သို့ ဆင်းသက်လိုက်ကြ၏။
သံချပ်ကာ ဝတ်ဆင်ထားသော ကျင့်ကြံသူများ ချီတက်သွားသဖြင့် သူတို့အောက်မှ မြေကြီး တုန်ခါသွားပြီး သူတို့၏ လက်နက်များ မနက်ခင်း အလင်းရောင်အောက်တွင် တောက်ပနေသည်။
ဟန်ယု တံတွေးမြိုချလိုက်မိ၏။ 'ဘာလို့ စစ်မြေပြင်ထဲ ရောက်လာသလို ခံစားနေရတာလဲ...'
"ဒါ အနောက်မြောက် နယ်စပ် ခံတပ်မြို့ပဲ..." ရွှီချင် နောက်ဆုံးတွင် ဖြေလိုက်သည်။
ဟန်ယု မျက်လုံးများ ပြူးကျယ်သွား၏။
"နေဦး... ဒါ နယ်စပ် ခံတပ်မြို့တွေထဲက တစ်ခုလား..."
သူ ကြားဖူးသော်လည်း လူကိုယ်တိုင် မြင်တွေ့ရခြင်းမှာ အခြား ကိစ္စတစ်ခုပင်။
ထိုကဲ့သို့ ခံတပ်မြို့ ၈ မြို့ ရှိပြီး ၂ မြို့မှာ ယုရန်တိုင်းပြည် ပိုင်ဆိုင်သည်။ မြောက်ဘက် နယ်စပ် ခံတပ်မြို့နှင့် အနောက်မြောက် နယ်စပ် ခံတပ်မြို့တို့ ဖြစ်၏။
၎င်းတို့ကို အန္တရာယ်ရှိသော ဒေသများ၏ အစွန်းတွင် တည်ဆောက်ထားပြီး တစ်ဖက်မှ ကြောက်မက်ဖွယ်ရာများကို ကာကွယ်ရန် ရှေ့တန်း ကာကွယ်ရေး မျဉ်းအဖြစ် ထားရှိခြင်း ဖြစ်သည်။
မြောက်ဘက်တွင် ကျောရိုးဆုံး တောင်တန်းများ ရှိပြီး ကျွမ်းကျင်သော ကျင့်ကြံသူများပင် သွားရောက်ရန် ကြောက်ရွံ့ကြသည်။ သို့သော် ထိုတောင်တန်းများ မရောက်မီတွင် လျှို့ဝှက်ဘေးဒုက္ခ တောအုပ် ရှိနေ၏။ အစွမ်းထက်သော သားရဲများ ပြည့်နှက်နေသော နေရာ ဖြစ်သည်။
ထိုသတ္တဝါ အချို့မှာ မူလဝိညာဉ်နယ်ပယ်သို့ ရောက်ရှိနေကြပြီး တောအုပ်ကို ဘုရင်များသဖွယ် အုပ်စိုးထားကြ၏။ အခြား သားရဲများမှာ အရိပ်ထဲတွင် ပုန်းခိုပြီး တိုက်ခိုက်ရန် အချိန်ကောင်းကို စောင့်ဆိုင်းနေတတ်ကြသည်။
တစ်ခါတစ်ရံတွင်မူ... သူတို့ တိုက်ခိုက်တတ်ကြသည်။
သားရဲများသည် လှိုင်းလုံးများသဖွယ် တိုက်ခိုက်လာပြီး ခံတပ်၏ ကာကွယ်ရေးကို စမ်းသပ်တတ်ကြ၏။
ထိုအကြောင်းကြောင့်ပင် ဤမြို့ တည်ရှိနေခြင်း ဖြစ်သည်။ တစ်ဖက်မှ ပုန်းခိုနေသော ဘေးဒုက္ခများကို ကာကွယ်ရန် ဒိုင်းကာ တစ်ခု အနေဖြင့်ရှိနေသည်။
အခန်း ၅၀ - နေရာရွှေ့ပြောင်းခြင်း အဆောက်အအုံ
ဟန်ယု အသက်ပြင်းပြင်း ရှူလိုက်၏။
"...ဒီနေရာက တော်တော် အလေးအနက် ထားရမယ့်ပုံပဲ..."
ရွှီချင် ပြုံးလိုက်သည်။ "နယ်စပ်ကနေ ကြိုဆိုပါတယ်..."
သူမနှင့် စတွေ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဟန်ယု စစ်မှန်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။
ဖြစ်နိုင်တာက... ဖဲကစားရင်း အိမ်မှာပဲ နေခဲ့သင့်တာ .....
သို့သော် လောလောဆယ်တွင် သူ၏ 'သဘောတူညီချက်မပါသော လူသစ်စုဆောင်းခံရခြင်း' ခရီးစဉ်တွင် ရွှီချင်နောက်သို့ လိုက်ရုံသာ တတ်နိုင်တော့သည်။
ကာကွယ်ရေး ခံတပ် ဖြစ်သည့်အပြင် ဤမြို့သည် အရေးပါသော ကူးသန်းသွားလာရေး ဗဟိုချက်လည်း ဖြစ်သည်။ ဒေသအများအပြား၊ မြို့များနှင့် ဂိုဏ်းအချို့ကိုပင် ချိတ်ဆက်ပေးထားသော တံခါးပေါက် တစ်ခု ဖြစ်၏။
သူတို့ ဝင်ရောက်လာသည်နှင့် ဤနေရာနှင့် ယုကျန့်မြို့ ကွာခြားချက်ကို ဟန်ယု ချက်ချင်း ခံစားလိုက်ရသည်။
ယုကျန့်မြို့သည် အသက်ဝင် လှုပ်ရှားနေသော မြို့ကြီး ဖြစ်သည်။ သာမန်လူများနှင့် ကျင့်ကြံသူများ ရောနှောနေထိုင်ကြပြီး ဈေးတန်းများ၊ ရယ်မောသံများနှင့် လမ်းဘေးဈေးသည်များ၏ အော်ဟစ်သံများဖြင့် စည်ကားနေ၏။
ဤမြို့ကား...
ရယ်မောသံများ သေဆုံးရာ အရပ်နှင့် တူသည်။
လေထုထဲတွင် စည်းကမ်းနှင့် တင်းမာမှုများ ပြည့်နှက်နေပြီး သာမန်လူများမှာ လူနည်းစု ဖြစ်ကြောင်း ဟန်ယု လျင်မြန်စွာ သဘောပေါက်လိုက်၏။ လမ်းလျှောက်နေသူ အများစုမှာ ကျင့်ကြံသူများ (သို့မဟုတ်) စစ်သားများ ဖြစ်ကြပြီး သူတို့၏ မျက်နှာထားများမှာ ထက်ရှနေကာ ခန္ဓာကိုယ်များမှာ တိုက်ပွဲအတွက် အသင့်အနေအထား ရှိနေကြသည်။
အရပ်သား အနည်းငယ်ပင်လျှင် တိုက်ပွဲ အတွေ့အကြုံ ရှိပုံရပြီး ပန်းပဲလုပ်ငန်း၊ သားရေလုပ်ငန်း သို့မဟုတ် စစ်သည်များအတွက် ရည်ရွယ်သော တည်းခိုခန်းများကို လုပ်ကိုင်နေကြသည်။
လယ်ကွင်းများ လုံးဝ မရှိပေ။ ဤသည်မှာ ကုန်စည်များ တင်ပို့သော မြို့မဟုတ်ဘဲ အရာအားလုံးကို တင်သွင်းသော မြို့ဖြစ်ပြီး စစ်ပွဲ၊ ရှင်သန်ရပ်တည်ရေးနှင့် မဟာဗျူဟာမြောက် ထိန်းချုပ်ရေးအတွက် တည်ဆောက်ထားခြင်း ဖြစ်၏။
သူတို့ လျှောက်သွားနေစဉ် သားရဲများ ဆွဲလာသော လှည်းများ လမ်းမပေါ် ဖြတ်သန်းသွားသည်ကို ကြည့်ပြီး ဟန်ယု မျက်လုံးများ ပြူးကျယ်သွားသည်။
အထက်တန်းလွှာများ အသုံးပြုသော ဝိညာဉ်စွမ်းအင်သုံး လှည်းများနှင့် မတူဘဲ ဤလှည်းများကို ကြွက်သားကြီးမားသော သာမန် သားရဲများက ဆွဲလာခြင်း ဖြစ်ပြီး ၎င်းတို့၏ ခွာသံများက ကျောက်ခင်းလမ်းမပေါ်တွင် ပြင်းထန်စွာ ရိုက်ခတ်နေ၏။
လှည်းများပေါ်တွင် ရိက္ခာများ... အစားအစာ သေတ္တာများ၊ ဆေးဝါးစည်ပိုင်းများနှင့် လက်နက်ထုပ်များ ပြည့်နှက်နေပြီး လမ်းသွားလမ်းလာတိုင်းကို သားကောင်ရှာနေသော သိမ်းငှက်များကဲ့သို့ ကြည့်ရှုနေသည့် စစ်သားများက အနီးကပ် စောင့်ကြပ်လာကြသည်။
ဟန်ယု အကြာကြီး စိုက်ကြည့်မိသော အမှားကို ပြုလုပ်မိလိုက်၏။
ကြမ်းတမ်းသော ရုပ်ရည်ရှိသည့် စစ်သားတစ်ဦးက သူ့ဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုအကြည့်မှာ ဓားသွားကဲ့သို့ ထက်ရှနေသည်။
ဟန်ယု ချက်ချင်း အကြည့်လွှဲလိုက်၏။ 'သွားပြီ... သူ ငါ့ကို မြင်သွားပြီ... ပုံမှန်အတိုင်းနေ... ပုံမှန်အတိုင်းနေ... သောက်ကျိုးနည်း... ပုံမှန်အတိုင်း ဘယ်လိုနေရမှာလဲ...'
စစ်သား၏ အကြည့်က ခေတ္တမျှ စိုက်ကြည့်နေပြီးမှ သူ၏ တာဝန်ဘက်သို့ ပြန်လှည့်သွားသည်။
ဟန်ယု သက်ပြင်းချလိုက်၏။ 'သောက်ကျိုးနည်း... ဒီကလူတိုင်းက ကြောက်စရာ ကောင်းလိုက်တာ... ယုကျန့်မြို့က ဒီထက် အများကြီး သာတယ်...'
အကယ်၍ သူ၏ 'ကစားပွဲများ'... အန္တရာယ်မရှိသော လှည့်ဖြားမှုများနှင့် လှည့်ကွက်များကို ဤနေရာတွင် လုပ်မိပါက ဆူပူကြိမ်းမောင်းခံရရုံဖြင့် ပြီးမည် မဟုတ်ပေ။
အရိုက်ခံရပေလိမ့်မည်။
မကသေး... အရိုက်ခံရမည်၊ ဖမ်းဆီးခံရမည်၊ စစ်ဆေးမေးမြန်းခံရမည်၊ ပြီးလျှင် အပိုဆုအနေဖြင့် ထပ်မံ အရိုက်ခံရဦးမည်။
ထောင်ထဲ တန်းမထည့်လျှင် ကံကောင်းပေလိမ့်မည်။
သူ တုန်လှုပ်သွား၏။ 'မလုပ်ဘူး... ဒီမှာ ဘာလှည့်ကွက်မှ မသုံးဘူး... လုံးဝပဲ...
'
ဤလူများသည် ဝက်သစ်ချခေါင်းမြို့မှ ရေကန်ငယ်လေးထဲတွင် ဗိုလ်ကျနေသော ကျင့်ကြံသူများနှင့် မတူပေ။
ဤသူတို့သည် စစ်မှန်သော ကျင့်ကြံသူများ ဖြစ်ကြသည်။
မာကျောသည်၊ အတွေ့အကြုံရှိသည်၊ အန္တရာယ်များသည်၊
ဖိအားများသော မြို့ထဲတွင် လျှောက်သွားပြီးနောက် သူတို့ မြို့လယ်ရင်ပြင်သို့ ရောက်ရှိလာကြ၏။
ကြီးမားသော အဆောက်အအုံကြီး ၃ ခုက သူတို့အပေါ်တွင် စီးမိုးနေပြီး တစ်ခုချင်းစီမှ အာဏာစက်များ ထွက်ပေါ်နေသည်။
ပထမတစ်ခုမှာ စစ်ဘက်ဆိုင်ရာ ဌာနချုပ် ဖြစ်ပြီး ခံတပ်အတွင်းမှ ခံတပ်တစ်ခုကဲ့သို့ တည်ရှိနေ၏။ တောက်ပြောင်နေသော သံချပ်ကာ ဝတ်ဆင်ထားသည့် စစ်သားများက ဝင်ပေါက်တွင် စောင့်ကြပ်နေကြပြီး ကိုယ်နေဟန်ထား တောင့်တင်းကာ မျက်လုံးများမှာ ကျောက်တုံးကဲ့သို့ အေးစက်နေသည်။
ဒုတိယတစ်ခုမှာ မြို့တော်ခန်းမ ဖြစ်ပြီး အရာရှိများနှင့် ကျင့်ကြံသူများ အုပ်စုလိုက် ဝင်ထွက်သွားလာနေကြကာ စာလိပ်များ ကိုင်ဆောင်လျက်၊ အစီရင်ခံစာများ လဲလှယ်လျက်၊ တစ်ခါတစ်ရံ တိုးညှင်းသော်လည်း ပြင်းထန်သော အသံများဖြင့် ငြင်းခုံလျက် ရှိကြ၏။
ထို့နောက် တတိယမြောက် အဆောက်အအုံ... ရွှီချင် ဦးတည်သွားနေသော နေရာပင်။
ဟန်ယု ဝင်ပေါက်အထက်တွင် သပ်ရပ်စွာ ထွင်းထုထားသော ဆိုင်းဘုတ်ကြီးကို ဖတ်လိုက်သည်။
[ အနောက်မြောက် နယ်စပ် ခံတပ်မြို့ နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် ]
စာသားကို နားလည်ရန် သူ အချိန်အနည်းငယ် ယူလိုက်ရ၏။
ထို့နောက်...
"နေဦး... ကျွန်တော်တို့ နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်ကို သုံးမှာလား..." ဟန်ယု အော်ဟစ်လုနီးပါး ပြောလိုက်ပြီး မျက်လုံးများ ပြူးကျယ်သွားသည်။
ရွှီချင် ချက်ချင်း လှည့်၍ သူ၏ ခေါင်းနောက်စေ့ကို ရိုက်လိုက်၏။
"အသံတိုးတိုးပြော..." သူမ စိုက်ကြည့်လိုက်သည်။
ဟန်ယု ခေါင်းကို ပွတ်လိုက်သော်လည်း သူ၏ စိတ်လှုပ်ရှားမှုမှာ လျော့ကျသွားခြင်း မရှိပေ။ "ဒါပေမဲ့... ဝိုး... ကျွန်တော် တကယ်ပဲ နေရာရွှေ့ပြောင်းခြင်းကို ကြုံတွေ့ရတော့မှာပေါ့..."
"ငါတို့ ကျန်တဲ့ခရီးကို ဒီနည်းနဲ့ပဲ သွားမှာ..." ရွှီချင် အတည်ပြုလိုက်သည်။
ဟန်ယု ပျော်ရွှင်စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ပေ။
နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်များသည် သူကဲ့သို့ လူများအတွက် ဒဏ္ဍာရီဆန်သော အရာများ ဖြစ်သည်။
ကီလိုမီတာ ရာပေါင်းများစွာကို စက္ကန့်ပိုင်းအတွင်း သွားရောက်ခြင်း... ဤသည်မှာ ကျင့်ကြံခြင်း သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး တီထွင်မှုများထဲမှ တစ်ခု ဖြစ်သည်မဟုတ်ပါလား။
အကယ်၍ ရွှီချင် ဆွဲခေါ်လာခြင်း မရှိပါက သူ ဤအရာကို တတ်နိုင်မည် မဟုတ်ပေ။ အကွာအဝေးတို နေရာရွှေ့ပြောင်းခြင်းကပင် အလွန် ဈေးကြီးပြီး အထက်တန်းလွှာများပင် မသုံးစွဲမီ နှစ်ခါစဉ်းစားရသည်။
သူတို့ အဆောက်အအုံကြီးထဲသို့ ဝင်ရောက်သွားစဉ် သူ၏ နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ခုန်လှုပ်နေ၏။
ဟန်ယု စိတ်အားထက်သန်စွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ပြီးနောက်... ကြောင်အသွား၏။
"...ဂိုဏ်းက ကျင့်ကြံသူတွေချည်းပါလား..."
ထိုနေရာတွင် ဂိုဏ်းဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေပြီး စကားပြောနေကြသူ၊ အလှည့်စောင့်နေကြသူများသာ ရှိသည်။
စစ်သားများ မရှိ၊ မြို့စောင့်များ မရှိ၊ ဂိုဏ်းသားများသာ ရှိ၏။
ဟန်ယု အနေဖြင့် နယ်ပယ်စုံမှ ခရီးသွားများ ရောနှောနေမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် မဟုတ်ပေ... ဤသည်မှာ ဂိုဏ်းသားများအတွက်သာ ရည်ရွယ်သော ဝန်ဆောင်မှုတစ်ခု ဖြစ်ကြောင်း ထင်ရှားနေသည်။
ရွှီချင် ကောင်တာသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ကျင့်ကြံသူ တစ်ဦး ထိုင်နေပြီး တောင်းဆိုမှုများကို ပျင်းရိသော ပုံစံဖြင့် ကိုင်တွယ်ဆောင်ရွက်နေ၏။
သူမ အိတ်ထဲမှ တံဆိပ်ပြားငယ် တစ်ခုကို ထုတ်ယူပြီး မြှောက်ပြလိုက်သည်။
"ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း အတွင်းစည်း ဂိုဏ်းသား... လူနှစ်ယောက်အတွက် နေရာရွှေ့ပြောင်းခြင်း တံခါးပေါက် သုံးခွင့် တောင်းခံပါတယ်..."
ဧည့်ကြိုက သူမကို တစ်ချက်မျှသာ ကြည့်ပြီး မေးလိုက်၏။ "သွားမယ့်နေရာ..."
"ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း..."
"ငွေပေးချေမှု..."
ရွှီချင် သူမ၏ လေဟာနယ် သိုလှောင်အိတ်ထဲမှ အခြားအိတ်တစ်လုံးကို ထုတ်၍ ကမ်းပေးလိုက်သည်။
ထိုလူက အိတ်ကို ဖွင့်ပြီး အထဲမှ ပစ္စည်းများကို သွန်ချလိုက်ရာ သပ်ရပ်သော ဝိညာဉ်ကျောက်တုံးပုံလေး တစ်ပုံ ထွက်ပေါ်လာ၏။
ဟန်ယု မျက်လုံးများ
'ဝိညာဉ်ကျောက်တုံးတွေ... ဒီလောက် အများကြီး...'
သူ ယခင်က တစ်ကြိမ်သာ မြင်ဖူးပြီး ရွှေထက်ပင် တန်ဖိုးကြီးသည်။
ရွှေဖြင့် ဝယ်ယူ၍ပင် မရနိုင်ပေ။ အထက်တန်းလွှာများပင် ဝိညာဉ်ကျောက်တုံးများဖြင့် အရောင်းအဝယ် ပြုလုပ်ခဲသည်။ အဘယ်ကြောင့်ဆိုသော် လက်လွတ်ခံရန် တန်ဖိုးကြီးလွန်းသောကြောင့် ဖြစ်၏။
ဂိုဏ်းသားများသာလျှင် ဤမျှ ပေါ့ပေါ့ပါးပါး သုံးစွဲနိုင်ကြပြီး လမ်းမှား ကျင့်ကြံသူများမှာမူ နေရာရွှေ့ပြောင်းခြင်းကဲ့သို့ အသေးအဖွဲ ကိစ္စများတွင် သုံးစွဲမည့်အစား အသေခံလိုက်ကြမည်သာ ဖြစ်သည်။
ကျောက်တုံးများကို ဂရုတစိုက် ရေတွက်ပြီးနောက် ဧည့်ကြိုက ခေါင်းညိတ်လိုက်၏။
"ကျေးဇူးပြုပြီး ခေါ်တဲ့အထိ မိနစ်အနည်းငယ် စောင့်ပေးပါ..."
ရွှီချင် စောင့်ဆိုင်းရာ နေရာတွင် ဝင်ထိုင်လိုက်သည်။
ဟန်ယုမှာမူ စိတ်အားထက်သန်စွာဖြင့် ထိုင်လိုက်၏။
'နေရာရွှေ့ပြောင်းခြင်း တံခါးပေါက်တွေက ကြည့်ရတာ အံ့မခန်း ဖြစ်နေမှာပဲနော်... ရှုပ်ထွေးတဲ့ လက်ရာတွေနဲ့ ရွှေရောင် နန်းတော် တံခါးပေါက်ကြီးလိုမျိုးလား... ဒါမှမဟုတ် တောက်ပနေတဲ့ သင်္ကေတတွေနဲ့ ပျံဝဲနေတဲ့ သလင်းကျောက်တွေ ရှိမလား...'
လေဆိပ်တွင် ပထမဆုံးအကြိမ် ခရီးသွားမည့်သူ တစ်ဦးက မှော်ဆန်သော လေယာဉ်ထွက်ခွာချိန် ဆိုင်းဘုတ်ကို စောင့်ကြည့်သကဲ့သို့ သူသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေလေသည်။