← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း ၅၃ - ဂိုဏ်း၏ ဖွဲ့စည်းပုံ

ဇိမ်ကျကျ နေရသော တောင်ထွတ်တစ်ခုတွင် အေးဆေးစံစားရင်း ဂိုဏ်းတူအစ်ကို မောင်နှမများ၏ လေးစားအားကျမှုကို ခံယူနေရမည့် သူ့ကိုယ်သူ မြင်ယောင်ရင်း ဟန်ယု၏ မျက်နှာပေါ်တွင် ဘဝင်ခိုက်သော အပြုံးတစ်ခု ပေါ်လာ၏။ ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်းသည် သူ၏ အထက်တန်းစား ဘဝအတွက် ရွှေလက်မှတ်ကြီးပင်... သို့မဟုတ် သူ မျှော်လင့်ထားသည်ပေါ့။

"အရူးတစ်ယောက်လို ပြုံးမနေနဲ့..." ရွှီချင် သက်ပြင်းချလိုက်သည်။

"မတတ်နိုင်ဘူးလေ... ဒီနေရာက အံ့မခန်းပဲကို..."

"လေ့ကျင့်မှုတွေ စမယ့်အချိန်ထိ စောင့်ကြည့်လိုက်ပါဦး..."

ဟန်ယု၏ အပြုံး ပျက်သွား၏။ "လေ့ကျင့်မှု..."

"ဟုတ်တယ်... ပထမဆုံး လေ့ကျင့်ချိန် ပြီးသွားရင် ဟိုစခန်းခွဲမှာပဲ နေခဲ့ရရင် ကောင်းသားလို့ မင်း တောင့်တမိလိမ့်မယ်..."

ဟန်ယု တံတွေးမြိုချလိုက်သည်။ ကံတရားကို လိမ်စားခြင်းမှာ ပေးဆပ်ရမည့် တန်ဖိုး ရှိကောင်း ရှိနိုင်၏။ လောလောဆယ် ထိုအကြောင်းကို လျစ်လျူရှုထားပြီး လက်ရှိ ကိစ္စကိုသာ အာရုံစိုက်ရန် ကြိုးစားလိုက်သည်။

"အစေခံတွေအကြောင်း ပြောလို့... ဒီလိုနေရာမျိုးမှာ အစေခံ ဘယ်လောက်တောင် လိုအပ်သလဲ..." ဟန်ယု သိချင်စိတ်ဖြင့် မေးလိုက်၏။

"အတော်များတယ်..." ရွှီချင် ပြောလိုက်သည်။ "ဂိုဏ်းမှာ တပည့်တွေထက် အစေခံ ဦးရေက ပိုများမယ်လို့ ငါ ထင်တယ်..."

"အဲဒီလောက်တောင်လား..." ဟန်ယု အံ့သြသွား၏။ "ဒါဆို တပည့်တွေက ဘယ်လောက်ရှိလို့လဲ..."

"တပည့်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို မင်း သိတယ်မလား..." ရွှီချင် မေးလိုက်သည်။

"အင်း... အပြင်စည်း ဂိုဏ်းသား၊ အတွင်းစည်း ဂိုဏ်းသား နဲ့ ပင်မတပည့်တွေ ရှိတယ်လေ... တကယ့် လူကြီးလူကောင်းတွေပေါ့..." ဟန်ယု ပြန်ပြောလိုက်၏။

"ကောင်းတယ်... အဲလောက်တော့ သိသားပဲ..." ရွှီချင် သက်ပြင်းချလိုက်သည်။ "အပြင်စည်း ဂိုဏ်းသား တစ်သန်းလောက် ရှိမယ်... အတွင်းစည်း ဂိုဏ်းသား နှစ်သိန်းလောက် နဲ့ ပင်မတပည့် ၃၀၀ လောက် ရှိတယ်..."

"ဘာ..." ဟန်ယု ကြောင်အသွား၏။ "အဲဒီလောက် များတာလား... တိုင်းပြည်တစ်ခုလုံးရဲ့ စစ်တပ်ထက်တောင် ကြီးနေပါလား..."

'ဒီလူတွေ အကုန်လုံးက ကျင့်ကြံသူတွေသာ ဆိုရင် တိုင်းပြည်ရဲ့ စစ်တပ်တောင် သူတို့ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ စစ်သား အများစုက ခန္ဓာသန့်စင်ခြင်း အဆင့်လောက်ပဲ ရှိတဲ့ သာမန် သိုင်းသမားတွေလေ...' ဟန်ယု တွေးလိုက်ပြီး ဂိုဏ်း၏ အင်အားကို နောက်ဆုံးတွင် သဘောပေါက်သွား၏။

"ဒါပေါ့... ငါတို့က တိုက်ကြီးတစ်ခုလုံးမှာ ထိပ်သီး ၁၀ ဂိုဏ်း စာရင်းဝင်ပဲလေ..." ရွှီချင် ဂုဏ်ယူစွာ ပြောလိုက်သည်။

"ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်းက ထိပ်သီး ၁၀ စာရင်းဝင် ဟုတ်လား..." ဟန်ယု သူ၏ ကံတရားကို မယုံကြည်နိုင် ဖြစ်နေ၏။ "ငါ ထိပ်သီး ၁၀ ဂိုဏ်းကို ဝင်ခွင့်ရတာလား... ဟားဟား..." ဟန်ယု ဝမ်းသာအားရ ဖြစ်သွားပြီး သူ၏ လှုပ်ရှားမှုများကြောင့် ဓားပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

"ဟေ့... မင်း မရပ်ရင် ငါ ပစ်ချလိုက်မှာနော်..." ဝိညာဉ်ဓား ယိမ်းခါသွားသည်ကို ခံစားလိုက်ရသော ရွှီချင် အော်ဟစ်လိုက်၏။

"ဟု... ဟုတ်ကဲ့..." ဟန်ယု ကမန်းကတန်း ပြန်ဖြေလိုက်သည်။

ဟူး...။

ရွှီချင် သက်ပြင်းချလိုက်ပြီး ဆက်လက် ရှင်းပြလိုက်၏။

"အစေခံတွေက အပြင်စည်း ဂိုဏ်းသားတွေရဲ့ အောက်မှာ ရှိတယ်... အများစုက တရားဝင် တပည့် ဖြစ်ခွင့် အရည်အချင်း မပြည့်မီလို့ အစေခံအဖြစ် နေဖို့ ရွေးချယ်ခဲ့သူတွေပဲ... သူတို့ အရေအတွက်က ခဏခဏ ပြောင်းလဲလွန်းလို့ အတိအကျ ငါ မသိဘူး..."

"ဒါကြောင့် ဒီလောက် အများကြီး ဖြစ်နေတာကိုး... အရှုံးသမားတွေ စုနေတာပဲ..." ဟန်ယု ရေရွတ်လိုက်ပြီး သူ့ကံတရားအတွက် ကျေးဇူးတင်လိုက်၏။

"တရားဝင် တပည့် အဆင့် ၃ ဆင့် အပြင် သူတို့အထက်မှာ နောက်ထပ် အဆင့်တွေ ရှိသေးတယ်..." ရွှီချင်က ကောင်လေး၏ ဉာဏ်ရည်ကို စမ်းသပ်လိုသဖြင့် ပြောလိုက်သည်။ "ဘာတွေ ဖြစ်မလဲ ခန့်မှန်းကြည့်..."

"အင်း... ဂိုဏ်းရဲ့ အကြီးအကဲတွေ နဲ့ ဂိုဏ်းချုပ်ကြီး ဖြစ်မှာပေါ့..." ဟန်ယု ဖြေလိုက်၏။

"မှန်တယ်... ဒါပေမဲ့ နောက်ထပ် အဆင့်တစ်ခု ရှိသေးတယ်..." ရွှီချင် ပြောလိုက်ရာ ဟန်ယု စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။ "အဲဒါက အမွေခံတပည့်တွေပဲ..."

"သူတို့က ဘယ်သူတွေလဲ..." ဟန်ယု မေးလိုက်၏။

"သူတို့က ဂိုဏ်းရဲ့ စစ်မှန်တဲ့ မျိုးဆက်သစ် အစွမ်းထက်သူတွေပဲ... အနာဂတ်မှာ ဂိုဏ်းကို ဦးဆောင်မယ့်သူတွေ ဖြစ်ပြီး နောက်ထပ် ဂိုဏ်းချုပ်ကို သူတို့ထဲကနေ ရွေးချယ်လေ့ ရှိတယ်..." ရွှီချင်က လေးစားမှု အနည်းငယ်ဖြင့် ပြောလိုက်သည်။

"ဝိုး... ဒါဆို သူတို့က တကယ့် သခင်လေးတွေပေါ့..." ဟန်ယု ရေရွတ်လိုက်၏။ "သူတို့ ဘယ်နှစ်ယောက် ရှိလဲ..."

"ငါးယောက်ပဲ ရှိတယ်..." ရွှီချင် ဖြေလိုက်ရာ ကောင်လေး အံ့အားသင့်သွားသည်။

"ငါးယောက်တည်းလား... နည်းလိုက်တာ..." ဟန်ယု ပိုများမည်ဟု ထင်ထားခဲ့၏။

"ဒါပေါ့... သူတို့က အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေလေ... သူတို့က ဂိုဏ်းထဲမှာ အသန်မာဆုံး တပည့်တွေ ဖြစ်ပြီး အကြီးအကဲ အချို့ထက်တောင် ပိုသန်မာသေးတယ်..." ရွှီချင် ပြန်ဖြေလိုက်သည်။ "တကယ်တော့ သူတို့က အကြီးအကဲတွေ ဖြစ်နိုင်နေပြီ... ဒါပေမဲ့ သူတို့ရဲ့ ပါရမီကြောင့် အချိန်ကုန်စေမယ့် တာဝန်တွေ ယူမယ့်အစား သီးသန့် ကျင့်ကြံတာ ပိုကောင်းတယ်လို့ ဂိုဏ်းက ဆုံးဖြတ်ထားတာ..."

"သောက်ကျိုးနည်း..." ဟန်ယု သူတို့ကို ဘယ်တော့မှ ပြဿနာ မရှာမိစေရန် မှတ်သားထားလိုက်၏။ 'မတော်တဆ တစ်ယောက်ယောက်ကို စိတ်ဆိုးအောင် လုပ်မိရင် ဘာဖြစ်သွားမလဲ ဘယ်သူသိမှာလဲ... အလောင်းတောင် ကျန်မှာ မဟုတ်ဘူး...' သူ တွေးလိုက်မိသည်။

သို့သော် တစ်ဖက်တွင်လည်း သူ မည်သူ့ ပေါင်ကို ဖက်ရမည်ကို အတိအကျ သိလိုက်ရပြီ ဖြစ်သည်။

သူ၏ မျက်နှာထားကို ကြည့်ပြီး သူ ကြောက်ရွံ့နေကြောင်း ရွှီချင် အလွယ်တကူ ခန့်မှန်းမိလိုက်၏။

"စိတ်မပူပါနဲ့... ပုံမှန်ဆိုရင် သူတို့ကို မင်း တွေ့ရမှာ မဟုတ်ပါဘူး... ငါတောင်မှ သူတို့ထဲက တစ်ယောက်ကိုမှ မတွေ့ရတာ နှစ်ပေါင်း တစ်ရာလောက် ရှိပြီ..." ရွှီချင် ပြောလိုက်သည်။

"နှစ်ပေါင်း တစ်ရာ..." ဟန်ယု မျက်ခုံးပင့်လိုက်၏။ "နေဦး... ခင်ဗျား အသက် ဘယ်လောက်..." ကောင်လေး မေးလိုက်ပြီးမှ သူ၏ အမှားကို သတိပြုမိလိုက်သည်။

ရွှီချင်၏ မျက်နှာထား မည်းမှောင်သွားပြီး ဝိညာဉ်ဓားကို ချက်ချင်း ဇောက်ထိုး ပျံသန်းစေလိုက်၏။

"အား..." ဟန်ယု ယင်ကောင်သေ တစ်ကောင်ကဲ့သို့ ပြုတ်ကျသွားပြီး မြေပြင်ဆီသို့ ထိုးဆင်းသွားသည်။ "တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..." သူ ကယ်တင်ခံရရန် မျှော်လင့်ချက်ဖြင့် အသံကုန် အော်ဟစ် တောင်းပန်လေသည်။

ရွှီချင် သူ ပြုတ်ကျသွားသည်ကို ကြည့်နေပြီး မြေပြင်နှင့် မီတာ အနည်းငယ် အကွာလောက်မှ ဝင်ရောက် ဖမ်းဆီးလိုက်၏။

ဟန်ယု၏ နှလုံးမှာ ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အလား ခုန်နေသည်။ "ငါ သေလုနီးပါး ဖြစ်သွားတယ်... သူဌေးဖြစ်ဖို့တောင် နီးနီးစပ်စပ် မရောက်လိုက်ရဘူး..." ဟန်ယု ငိုမဲ့မဲ့ဖြင့် ရေရွတ်လိုက်၏။

"သင်ခန်းစာ ရပြီလား..." ရွှီချင် မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်ကဲ့... အစ်မကြီး..." ဟန်ယု အလျင်အမြန် ပြန်ဖြေလိုက်၏။ သူမ သူ့ကို တကယ် ပစ်ချလိမ့်မည်ဟု မထင်ခဲ့ပေ။ တကယ်တော့ သူမက နောက်နေခြင်း မဟုတ်ပေ။

သူတို့ နှစ်ဦး ပြန်လည် ပျံသန်းကြပြီး အမြင့်သို့ တစ်ဖန် ရောက်ရှိလာကြသည်။

ဟန်ယု အစောပိုင်းက စိတ်ဒဏ်ရာကို ကျော်လွှားရန် ကြိုးစားရင်း မိနစ်အနည်းငယ်ခန့် တိတ်ဆိတ်နေ၏။ သို့သော် မအောင်မြင်ပေ။

"ဘာ... မဟုတ်ဘူး... အမွေခံတပည့်တွေက ဘယ်မှာ နေကြတာလဲ..." သူ၏ ကိုယ်ပိုင် အကြံအစည် အချို့ ဖြစ်ပေါ်လာသဖြင့် ဟန်ယု မေးလိုက်သည်။

"တပည့် ၅ ယောက်လုံးက သူတို့ရဲ့ ပါရမီအလိုက် တောင်ထွတ် မတူညီတွေမှာ ရှိကြတယ်... ဓားတောင်ထွတ်၊ လှံတောင်ထွတ်၊ ဆေးပညာတောင်ထွတ် နဲ့ အစီအရင်တောင်ထွတ် တွေမှာ သူတို့ ကိုယ်ပိုင် အမွေခံတပည့် တစ်ယောက်စီ ရှိကြတယ်..." ရွှီချင်က အေးစက်သော လေသံဖြင့် ဖြေလိုက်၏။

"နေဦး... ဒါဆို တစ်ယောက် ကျန်နေသေးတယ်..." ဟန်ယု ရေတွက်လိုက်သည်။

"အဲဒါကတော့ ဂိုဏ်းတူအစ်မကြီး မင် ပဲ..." ရွှီချင်က ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်၏။

"သူက ဘယ်တောင်ထွတ်နဲ့မှ မသက်ဆိုင်ဘူးလား..." ဟန်ယု အံ့သြစွာ မေးလိုက်သည်။

"သူက နည်းနည်း ထူးခြားတယ်... မင်း စိတ်ပူစရာ မလိုပါဘူး..." ရွှီချင် ဆက်လက် ရှင်းပြလိုပုံ မရပေ။

ဟန်ယုမှာမူ ဤဂိုဏ်းတွင် သူ၏ အေးချမ်းသော နေ့ရက်များ ကုန်ဆုံးတော့မည်ဟု ခံစားနေရလေသည်။

အခန်း ၅၄ - စာရင်းပေးသွင်းခြင်း

ရွှီချင် ဆက်လက် မရှင်းပြလိုသည်ကို တွေ့ရသဖြင့် ဟန်ယု လောလောဆယ် လွှတ်ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။

'သူမက အဲဒီလောက် အရေးပါတဲ့လူ ဆိုရင် တခြားလူတွေဆီက သေချာပေါက် ကြားရမှာပါ...' ဟန်ယု တွေးလိုက်ပြီး ရွှီချင်ကို မျက်လုံးထောင့်မှ ကြည့်လိုက်၏။

ဂိုဏ်းအကြောင်း အသေးစိတ် အချက်အလက်များကို ရွှီချင် ရွတ်ပြနေစဉ် သူ သူမဘေးမှ ဆက်လက် ပျံသန်းလာသည်။ ထိုအရာများသည် တပည့်တိုင်း သိထားသင့်သော အရာများ ဖြစ်ဟန်တူပြီး ဟန်ယု အတတ်နိုင်ဆုံး မှတ်သားထားရန် ကြိုးစားလိုက်၏။ သို့သော် အလွန် များပြားလွန်းသည်။

'ဒါတွေကို အကုန် မှတ်ထားရမှာ ပုံမှန်ပဲလား...' သူ တွေးလိုက်မိသည်။ 'ဒါတွေနဲ့တင် စာမျက်နှာ ၁၀၀ ပါတဲ့ စာအုပ်တစ်အုပ် ရေးလို့ရတယ်...'

ဟန်ယု သတိမထားမိသည်မှာ ဤအချက်အလက် အားလုံးသည် ပုံမှန်အားဖြင့် တပည့်သစ်များ အဆင်ပြေပြေ လိုက်လျောညီထွေ ဖြစ်စေရန် ရက်သတ္တပတ် အနည်းငယ် (သို့မဟုတ်) လအနည်းငယ် ကြာအောင် ပြောပြလေ့ရှိသော အရာများ ဖြစ်သည်။ သို့သော် ထိရောက်မှုကို ဦးစားပေးသော ရွှီချင်သည် ထိုအရာအားလုံးကို သင်တန်းကာလတို တစ်ခုတည်းတွင် ထည့်သွင်းလိုက်ခြင်း ဖြစ်၏။

တစ်နာရီခန့် ပျံသန်းပြီးနောက် သူတို့ ဦးတည်ရာသို့ နောက်ဆုံးတွင် ရောက်ရှိလာကြသည်။

"ငါတို့ အခု ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်းထဲကို တရားဝင် ရောက်ရှိနေပြီ..." ရွှီချင် ကြေညာလိုက်၏။

"မင်းရဲ့ အပြုအမူတွေကို ဆင်ခြင်ဖို့ မမေ့နဲ့... စည်းကမ်းဖောက်ဖျက်ရင် ဘယ်လို ပြစ်ဒဏ်တွေ ရှိလဲဆိုတာ မင်း သိပြီးသား..."

"ဟုတ်..." ဟန်ယု တုန်လှုပ်သွားသည်။ ရွှီချင် အသေးစိတ် ပြောပြထားသော ဂိုဏ်း၏ ပြစ်ဒဏ်များကို ပြန်သတိရလိုက်မိ၏။ အချို့ ပြစ်ဒဏ်များမှာ အလွန် ဆိုးရွားသဖြင့် မြို့တွင်း အချုပ်ခန်းထဲ နေရခြင်းကပင် ဇိမ်ခံနေရသကဲ့သို့ ထင်ရသည်။

အချို့ကိုမူ သူ တွေးတောင် မတွေးရဲပေ။

"လာ... မင်းရဲ့ စာရင်းပေးသွင်းခြင်း ကိစ္စ လုပ်ရမယ်..." ရွှီချင် ပြောပြီး ပညာရှင်တောင်ထွတ် အခြေရှိ ကြီးမားသော ခန်းမဆောင် တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

ဤတောင်ထွတ်သည် ဂိုဏ်း၏ စီမံခန့်ခွဲရေး လုပ်ငန်း အများစုကို ကိုင်တွယ်ဆောင်ရွက်ပြီး တပည့်သစ်များအတွက် စာရင်းပေးသွင်းသည့် အဆောက်အအုံကို အလွယ်တကူ ဝင်ရောက်နိုင်ရန် ၎င်း၏ အခြေတွင် တည်ဆောက်ထားသည်။ သို့မှသာ တပည့် ဖြစ်လာရန် မသေချာသေးသော လူသစ်များကို တောင်ပေါ်သို့ ဆွဲခေါ်သွားပြီးမှ ပြန်လွှတ်ရမည့် အချိန်နှင့် လူအင်အား ဖြုန်းတီးမှုကို ရှောင်ရှားနိုင်မည် ဖြစ်၏။

'ဒီနေရာက ငါ့မြို့မှာ တွေ့ဖူးတဲ့ တော်ဝင်နန်းတော် ပိုစတာတွေလောက် နီးပါး ခမ်းနားတာပဲ...' ဟန်ယု တွေးလိုက်ပြီး သူ့ရှေ့ရှိ မြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်လိုက်မိသည်။

မင်္ဂလာရှိသော အနီရောင် သုတ်လိမ်းထားသည့် မြင့်မားသော သစ်သားတိုင်လုံးကြီးများက ညီညာစွာ စီတန်းလျက် မြင့်မားသော မျက်နှာကြက်ကို ထောက်မထားကြသည်။ အပေါ်ဘက်တွင် လက်ရာမြောက်သော အမိုးအကာများက အောက်တွင် လျှောက်လှမ်းနေသူများအပေါ် တင့်တယ်သော အရိပ်များ ကျရောက်စေ၏။ ဝင်ပေါက်တွင် ကြီးမားသော အမည်ဆိုင်းဘုတ် တစ်ခုက အဆောက်အအုံ၏ အမည်နှင့် ဂိုဏ်း၏ တံဆိပ်ကို ပြသထားသည်။

တောင်ထွတ်တစ်ခုမှ ပေါက်ဖွားလာသော ရွက်မွှာနှစ်ဖက်ပါသည့် သစ်ပင်ငယ်လေး... ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း၏ လူသိများသော အထိမ်းအမှတ်ပင်။

အကယ်၍ ဟန်ယုသာ သူ၏ မြို့ငယ်လေးရှိ ခေါင်ပါးသော နေရာမှ မဟုတ်ဘဲ အခြားနေရာတွင် နေထိုင်ခဲ့ပါက ယနေ့မတိုင်မီ ဂိုဏ်းအကြောင်း သိရှိပြီး ဖြစ်ပေလိမ့်မည်။

သို့သော် ကံတရားက သူ့ဘက်တွင် ရှိနေခဲ့သည်။ ဂိုဏ်းသည် ယခုနှစ်တွင် လူသစ်စုဆောင်းရေး နယ်မြေကို တိုးချဲ့ရန် ဆုံးဖြတ်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် သူ၏ မြို့မှာ ပါဝင်သွားခဲ့ခြင်း ဖြစ်၏။

"ကျင့်ကြံသူတွေ အများကြီးပဲ..." ဟန်ယု ပတ်ဝန်းကျင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။

သပ်ရပ်သော ဝတ်ရုံများ ဝတ်ဆင်ထားသည့် ကျက်သရေရှိ လူကြီးလူကောင်းများ လမ်းလျှောက်နေကြပြီး မျောလွင့်နေသော ပိုးသားဝတ်စုံများ ဝတ်ဆင်ထားသည့် အမျိုးသမီးများက အိပ်မက်တစ်ခုကဲ့သို့ သွားလာ လှုပ်ရှားနေကြသည်။ ဟန်ယု တစ်ခဏမျှ ဂိုဏ်းတစ်ခုအစား တော်ဝင် စားသောက်ပွဲ တစ်ခုသို့ မှားယွင်း ရောက်ရှိလာသလားဟု တွေးမိလိုက်၏။

ရွှီချင် ခန်းမထဲရှိ စားပွဲတစ်လုံးဆီသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် သက်လတ်ပိုင်းအရွယ် ဂိုဏ်းသား တစ်ဦးက စာရွက်စာတမ်း အချို့ကို စစ်ဆေးနေ၏။

"ဂိုဏ်းတူအစ်မကြီး..." ထိုလူက ရွှီချင်ကို သတိပြုမိပြီး ချက်ချင်း မတ်တတ်ရပ်ကာ လက်သီးဆုပ်၍ နှုတ်ဆက်လိုက်သည်။

"လူသစ် စာရင်းသွင်းဖို့ လာတာ..." ရွှီချင်က ပြတ်သားစွာ ပြောလိုက်၏။

"ဟုတ်ကဲ့ပါ..." ထိုလူက ကျောက်စိမ်းပြား တစ်ခုနှင့် ရှည်လျားသော မှတ်ပုံတင် စာအုပ်ကြီး တစ်အုပ်ကို အလျင်အမြန် ထုတ်ယူလိုက်သည်။ "ဒီတစ်ခေါက် ဘယ်နှစ်ယောက် ခေါ်လာလဲ... ဂိုဏ်းတူအစ်မကြီး..." သူ မေးလိုက်၏။

"တစ်ယောက်..." ရွှီချင် ပြန်ဖြေသည်။

"တစ်ယောက်တည်းလား..." ထိုလူ အံ့သြသွားပြီး ဟန်ယုကို သတိထားမိသွား၏။ 'ဂိုဏ်းတူအစ်မကြီးရဲ့ လူသစ်စုဆောင်းရေး ခရီးစဉ်က အဲဒီလောက်တောင် ဆိုးရွားခဲ့တာလား... လူသစ် တစ်ယောက်တည်းလား...'

ပြီးခဲ့သည့် စုဆောင်းရေး ကာလက အခြား လူသစ်စုဆောင်းသူ တစ်ဦးက သူမ၏ အကောင်းဆုံး လူသစ်ကို လုယူသွားပြီးနောက် ရွှီချင် အနေဖြင့် ဆုလက်ဆောင် ရရှိရန် မနည်း ရုန်းကန်ခဲ့ရသည်ကို သူ ပြန်သတိရလိုက်သည်။

"သူက အထူး လူသစ်..." ရွှီချင် ဖြည့်စွက် ပြောလိုက်၏။

"အော်... အထူး လူသစ်ကိုး... ဒါကြောင့်ပါ..." ထိုလူ နားလည်စွာ ခေါင်းညိတ်လိုက်သည်။ 'အရည်အချင်းရှိတဲ့ အထူး လူသစ် တစ်ယောက်က သာမန် လူသစ် ၁၀ ယောက်... ပိုကောင်းရင် အယောက် ၂၀ နဲ့တောင် ညီမျှတာပဲ...'

"သူ့နာမည်က ဟန်ယု..." ရွှီချင် ဆက်ပြောလိုက်သည်။

"အသက်..." ထိုလူက မှတ်ပုံတင် စာအုပ်ပေါ်တွင် ကလောင်တံကို အသင့်ပြင်ရင်း မေးလိုက်၏။

"၁၅ နှစ်..." ဟန်ယု စိတ်အားထက်သန်စွာ ဖြေလိုက်သည်။

ထိုလူက စားပွဲအောက်မှ ဖောက်ထွင်းမြင်ရသော ဖန်လုံးတစ်လုံး တင်ထားသည့် စင်ငယ်တစ်ခုကို ထုတ်ယူလိုက်ပြီး ဟန်ယုထံ ကမ်းပေးလိုက်၏။

"လက်တင်လိုက်..." သူ ညွှန်ကြားလိုက်သည်။

"ဟုတ်..." ဟန်ယု ဖန်လုံးပေါ် လက်တင်လိုက်၏။

ရွှပ်...။

ပျော့ပျောင်းသော အလင်းရောင် တစ်ခု ခဏတာ လွှမ်းခြုံသွားပြီး ပြန်လည် ပျောက်ကွယ်သွားသည်။

"အရိုးသက်တမ်း - ၁၅ နှစ်၊ ၃ လ နဲ့ ၁၈ ရက်..." ထိုလူက တိကျစွာ မှတ်တမ်းတင်လိုက်၏။

ဟန်ယု အံ့အားသင့်သွားသည်။ 'ငါ့အသက် အတိအကျကို အဲဒီလိုပဲ သိနိုင်တာလား... ကျင့်ကြံသူတွေက တကယ် အစွမ်းထက်တာပဲ...'

"ကောင်းပြီ... နောက်တစ်ခု... ကျင့်ကြံမှု အခြေအနေ..." ထိုလူက မှတ်ပုံတင် စာအုပ်တွင် ဆက်လက် ရေးမှတ်ရင်း မေးလိုက်၏။

"ခန္ဓာသန့်စင်ခြင်း သတ္တမအဆင့်..." ရွှီချင် ဖြေလိုက်သည်။

ထိုလူ မျက်ခုံးပင့်လိုက်ပြီး ဟန်ယုကို တစ်ချက် ကြည့်လိုက်၏။

"ဒါပဲလား..." သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး အတည်ပြုရန် စစ်ဆေးရေး နည်းစနစ် တစ်ခုကို အမြန် အသက်သွင်းလိုက်သည်။

ရွှပ်...။

ထင်ထားသည့်အတိုင်းပင် ဟန်ယုသည် ခန္ဓာသန့်စင်ခြင်း သတ္တမအဆင့်တွင် အမှန်တကယ် ရှိနေသည်။

ထိုလူ ရေးမှတ်လိုက်သော်လည်း "မှတ်ချက်" ဟု အမည်တပ်ထားသော သီးသန့် အကွက်တွင် မှတ်စုတစ်ခု ထည့်လိုက်၏။

၎င်း၏ အောက်တွင် "ကျင့်ကြံမှု လိုအပ်နေသည်" ဟု ရေးလိုက်သည်။

'ပုံမှန်ဆိုရင် အဋ္ဌမအဆင့်အောက် ဘယ်သူ့ကိုမှ ဂိုဏ်းက လက်ခံမှာ မဟုတ်ဘူး... ဒါပေမဲ့ သူက အထူး လူသစ် ဆိုတော့ ကိစ္စမရှိလောက်ပါဘူး... ပြီးတော့ သူက နီးစပ်နေပြီပဲ...' သူ ရွှီချင်၏ ဆုံးဖြတ်ချက်ကို မမေးမြန်းရန် ဆုံးဖြတ်လိုက်သည်။

"မျိုးနွယ် နဲ့ နောက်ခံ..." သူ ဆက်မေးလိုက်၏။

"အာ... ဘာမှ မရှိဘူး..." ဟန်ယု တွန့်ဆုတ်သွားသည်။ "ကျွန်တော်က မိဘမဲ့... မိဘတွေ ဆုံးတာ ကြာပြီ..."

"ကောင်းပြီ..." ထိုလူ ခေါင်းညိတ်ပြီး အသေးစိတ် အချက်အလက်များကို ချရေးလိုက်၏။

လူသစ်များကြားတွင် မိဘမဲ့ ဖြစ်ခြင်းမှာ မဆန်းလှပေ။ ဂိုဏ်းအနေဖြင့် ယခင်ကလည်း ထိုသို့သောသူ များစွာကို လက်ခံခဲ့ဖူးသဖြင့် ဤသည်မှာ ထူးခြားသော ကိစ္စ မဟုတ်ချေ။

ထိုလူက နောက်ထပ် ပုံမှန် မေးခွန်း အနည်းငယ် ဆက်မေးရာ ဟန်ယု အတတ်နိုင်ဆုံး ဖြေကြားလိုက်သည်။ ၅ မိနစ် ကြာပြီးနောက် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ် တစ်ခုလုံး ပြီးဆုံးသွား၏။

"ရော့..." ထိုလူက သူ့နာမည် ရေးထွင်းထားသော သစ်သားတံဆိပ်ပြား တစ်ခုကို ဟန်ယုထံ ကမ်းပေးလိုက်သည်။ "ဒါက ဂိုဏ်းအတွင်း မင်းရဲ့ သက်သေခံ တံဆိပ်ပြားပဲ... သေချာ သိမ်းထား..."

ဟန်ယု တံဆိပ်ပြားကို ယူလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် ဟိုဒီလှန်ကြည့်လိုက်၏။

All Chapters