အခန်း (၆၁-၆၂)
Vol. 7 Ch. 61-62
အခန်း (၆၁) - ကျန်းမာသန်စွမ်းလွန်းသည့် ၁၅ နှစ် အရွယ်
ဟန်ယု၏ စကားကို ကြားသောအခါ ရွှီချင်တစ်ယောက် သူ ချဲ့ကားပြောနေခြင်း ဟုတ်၊ မဟုတ် စဉ်းစားခန်း ဝင်သွားသည်။ ဂိုဏ်းထဲတွင် ထိုကဲ့သို့ လုပ်ဆောင်နိုင်သည့် ဂိုဏ်းသားများ ရှိသော်လည်း သူတို့က အချိန်ကြာမြင့်စွာ လေ့ကျင့်ထားသူများ ဖြစ်သလို ကျင့်စဉ်အဆင့် မြင့်မားသူများလည်း ဖြစ်ကြသည်။
တောင်းရမ်းစားသောက်သူ တစ်ယောက်အနေဖြင့် ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
‘ဒီသူတောင်းစားကများ စွမ်းအားကြီးတဲ့ ကျင့်ကြံသူ ဖြစ်နေမလား...’
ရွှီချင် စိတ်ထဲ၌ တွေးတောလိုက်မိသည်။ သူမ ထူးဆန်းနေသည့် နောက်တစ်ချက်မှာ ထို ‘သူတောင်းစား’ က အစားအသောက်နှင့် ဝိုင်အနည်းငယ်လောက်ဖြင့် ဟန်ယုကို ထိုမျှကောင်းမွန်သော ပညာရပ်မျိုး သင်ပေးခဲ့သည် ဆိုသော အချက်ပင်။
“နင်က အဲဒီသူတောင်းစားကို ဆရာတင်လိုက်တာလား...”
ရွှီချင် မေးလိုက်၏။
“သေတောင် မလုပ်ဘူး...” ဟန်ယုက ခေါင်းခါရမ်းလိုက်သည်။ “သရဲတစ်ကောင်ကို ဆရာတင်စရာလား... သူကလည်း လိုလားမှာ မဟုတ်ပါဘူး...”
“အင်း...” ရွှီချင် ပို၍ပင် ထူးဆန်းသွားသည်။
‘လူအများစုက တပည့်အဖြစ် မသတ်မှတ်ဘဲနဲ့တော့ ဒီလောက် ကောင်းမွန်တဲ့ ပညာရပ်တွေကို သင်ပေးလေ့ မရှိကြဘူး... ဒါပေမဲ့ အစားအသောက်နဲ့ ဝိုင်လောက်လေး ပေးတာနဲ့ သင်ပေးတယ် ဆိုတော့... သူကရော ဒီကောင်လေးရဲ့ ပါရမီကို မြင်သွားတာများလား...’
သူမ တွေးတောရင်း စိုးရိမ်မကင်း ဖြစ်မိသည်။ သို့သော် တစ်ချိန်တည်းမှာပင် စိတ်သက်သာရာ ရသွား၏။
‘ငါ သူ့ကို အမိအရ ခေါ်လာနိုင်ခဲ့တာ ကံကောင်းတာပဲ... မဟုတ်ရင် ဟိုလူက သူ့ကို တပည့်အဖြစ် လက်ခံလိုက်ဖို့ အခွင့်အရေး များတယ်... နောက်ကျရင်တော့ လက်ခံဖို့ ရည်ရွယ်ထားပုံ ရတယ်...’
အကယ်၍ ထိုလူသာ ဟန်ယုကို ခေါ်သွားခဲ့လျှင် သူမအတွက် ဆုလာဘ်များ ဆုံးရှုံးရပေလိမ့်မည်။
“နောက်တစ်ဆင့်က မိနစ် ၃၀ အတွင်း စတော့မယ်...”
အကြီးအကဲ နယ်ကျင်း၏ ကြေညာသံကြောင့် ရွှီချင် အသိပြန်ဝင်လာသည်။ အကြီးအကဲက သူမကို စိုက်ကြည့်နေသည်ကို သတိပြုမိသဖြင့် သူမ အသာအယာ ဦးညွှတ် အရိုအသေ ပေးလိုက်၏။
‘ကြည့်ရတာ အကြီးအကဲက ဟန်ယုကို စိတ်ဝင်စားနေပုံပဲ...’ ရွှီချင် တွေးလိုက်သည်။ ‘ကောင်းတယ်... သူ့တန်ဖိုး မြင့်လေလေ ငါ့အတွက် ကောင်းမှုကုသိုလ်မှတ် ပိုရလေလေပဲ...’
ယခုအခါတွင် ဂိုဏ်းဝင်ခွင့် ဖြေဆိုသူ ၅ ဦးသာ ကျန်ရှိတော့ပြီး နောက်တစ်ဆင့်မှာ မြန်ဆန်ပေလိမ့်မည်။ အကြီးအကဲ နယ်ကျင်းက ကျန်ရှိနေသော ဖြေဆိုသူများကို ခေါ်ဆောင်လာသည့် ရွှီချင် အပါအဝင် ဂိုဏ်းသားများကို တစ်စုံတစ်ခု ဆွေးနွေးရန် ခေါ်လိုက်သည်။
ဟန်ယုက သူတို့ ဘာတွေ ပြောနေကြသလဲ ဟူသော အကြည့်ဖြင့် လှမ်းကြည့်နေ၏။ မိနစ်အနည်းငယ် ကြာသောအခါ ရွှီချင် ပြန်ရောက်လာပြီး ရှုပ်ထွေးသော အမူအရာဖြင့် ရပ်နေသည်။
“ဘာဖြစ်လို့လဲ...” ဟန်ယု မေးလိုက်၏။
“ဖြေဆိုသူ ၅ ယောက်ပဲ ကျန်တော့တာ ဆိုတော့ ပြိုင်ပွဲ စီစဉ်ပုံက အရင်နဲ့ မတူတော့ဘူး...”
“ဘယ်လို မတူတာလဲ... တစ်ယောက်ယောက်က ချန်လှပ်ခံရမှာလား...”
မကိန်း ဂဏန်း အရေအတွက် ဖြစ်နေသဖြင့် ပြိုင်ပွဲ နှစ်ပွဲသာ ယှဉ်ပြိုင်နိုင်မည် ဖြစ်ပြီး တစ်ယောက်မှာ စောင့်ဆိုင်းရခြင်း (သို့မဟုတ်) အခြား တစ်ခုခု လုပ်ဆောင်ရဖွယ် ရှိသည်။
“သူတို့ မဲနှိုက်ကြလိမ့်မယ်... မဲပေါက်တဲ့သူတွေက တိုက်ခိုက်ရမယ်... နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ တစ်ယောက်ကတော့ ဒီတစ်လှည့်မှာ ပါစရာ မလိုဘဲ အနားယူခွင့် ရလိမ့်မယ်...”
“ဝိုး... မိုက်တာပဲ... ဒါဆို ငါသာ ကံကောင်းရင် အလကားနေရင်း အောင်ပြီပေါ့...” ဟန်ယု ပျော်ရွှင်သွားသည်။
သူ ရလဒ်ကို မျှော်လင့်စောင့်စားရင်း မိနစ်အနည်းငယ်ခန့် ငြိမ်နေလိုက်၏။
‘ငါ ထပ်ပြီး ကံကောင်းဦးမလား...’
ဂိုဏ်းသားများကို နောက်တစ်ကြိမ် ပြန်ခေါ်ပြီး အကြီးအကဲက ဘူးငယ်လေး တစ်ခုထဲမှ တုတ်တံများကို နှိုက်ယူခိုင်းသည်ကို ဟန်ယု စောင့်ကြည့်နေလိုက်သည်။ အကြီးအကဲက တုတ်တံများကို စစ်ဆေးပြီးနောက် ပြိုင်ပွဲများကို ကြေညာလိုက်၏။
“ဖြေဆိုသူ ကောင်းရန်၊ ရှဲ့မင်၊ ဖန်လျန် နဲ့...”
ဟန်ယု တစ်ယောက် အကြီးအကဲ နယ်ကျင်း၏ စကားကို အာရုံစိုက် နားထောင်နေသည်။
‘ငါ မဟုတ်ပါစေနဲ့... ငါ မဟုတ်ပါစေနဲ့...’
ယခုတွင် နာမည် နှစ်ခုသာ ကျန်တော့သည်။ ဟန်ယုနှင့် မူရုံရှဲ့ တို့ ဖြစ်ပြီး သူတို့ နှစ်ယောက်လုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။ သူတို့ နှစ်ယောက်လုံး ကံကောင်းသူ ဖြစ်လာမလားဟု တွေးတောနေကြသည်။
ဟန်ယု တစ်ယောက် ကံတရားက သူ့ဘက်တွင် ရှိနေပြီဟု ထင်လိုက်စဉ်မှာပင် အကြီးအကဲက စကားကို ဆုံးအောင် ပြောလိုက်၏။
“ဟန်ယု...”
“တောက်...”
သူ့နာမည် ပါလာသည်ကို ကြားလိုက်ရသဖြင့် ဟန်ယု ကျိန်ဆဲလိုက်သည်။ တစ်ဖက်တွင်မူ မူရုံရှဲ့က သရော်ပြုံး ပြုံးလိုက်၏။
“သူတို့က ငါ့အချိန်တွေ ပေးရလောက်တဲ့အထိ တန်ဖိုးမရှိပါဘူး...” ကောင်လေးက ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
ဟူး...။
ဟန်ယု သက်ပြင်းတစ်ချက် မှုတ်ထုတ်၍ ရှေ့သို့ ထွက်လာပြီး သူ့ပြိုင်ဘက်က ဘယ်သူလဲဟု တွေးတောနေသည်။ ကြေညာသွားသော နာမည်များထဲတွင် ရှဲ့မင် နှင့် ဖန်လျန် နှစ်ယောက်ကိုသာ သူ သိသည်။
ရှဲ့မင်က ဤအဆင့်ထိ ရောက်လာသော တစ်ဦးတည်းသော မိန်းကလေး ဖြစ်ပြီး ဖန်လျန်ကမူ ဂုဏ်သရေရှိ မျိုးနွယ်မှ ဆင်းသက်လာပုံရသည့် အစိမ်းရောင် ဝတ်စုံနှင့် ကောင်လေး ဖြစ်သည်။ ကောင်းရန် ဆိုသူကိုမူ ဟန်ယု မသိသလို သူ့တိုက်ပွဲများ အားလုံး စောစီးစွာ ပြီးဆုံးသွားသဖြင့် သူ့သိုင်းကွက်များကိုလည်း မမြင်ဖူးချေ။
“ကောင်းရန် နဲ့ ဟန်ယု... ပထမ စင်မြင့်ဆီ လာခဲ့... ရှဲ့မင် နဲ့ ဖန်လျန် က ဒုတိယ စင်မြင့်ဆီ သွား...” အကြီးအကဲ နယ်ကျင်းက ကြေညာလိုက်သည်။
ဟန်ယု ရှေ့သို့ ထွက်လာပြီး သူ့ပြိုင်ဘက်ကို အဆုံးသတ်တွင် မြင်တွေ့လိုက်ရ၏။ သို့သော် မြင်လိုက်ရသည့် ခဏ၌ပင် သူ့ခြေလှမ်းများ ရပ်တန့်သွားသည်။
“ဘာကြီးလဲဟ...” ဟန်ယု မျက်လုံးများ ပြူးကျယ်သွား၏။ “အဲဒါ ဘာကြီးလဲ...”
သူက ထိုကောင်လေး... သို့မဟုတ် ထိုလူကြီးကို လက်ညှိုးထိုး၍ မေးလိုက်သည်။
ဟန်ယု၏ ရှေ့တွင် ရပ်နေသူမှာ သူ့ထက် ခေါင်းနှစ်လုံးစာခန့် ပိုရှည်သည်။ ကိုယ်အထက်ပိုင်း ဗလာကျင်းထားပြီး ဘောင်းဘီတစ်ထည်သာ ဝတ်ဆင်ထား၏။ သူ့ကြွက်သားများမှာ ဖုထစ်နေပြီး လူတိုင်း အထင်းသား မြင်နေရသည်။ သူ့လက်မောင်းများက ဟန်ယု၏ ခြေထောက်များထက် နှစ်ဆခန့် ပိုတုတ်ခိုင်ကာ ဟန်ယုထက် အနည်းဆုံး လေးဆခန့် ပိုလေးမည့်ပုံ ပေါက်နေသည်။
“သူက ငါ့ပြိုင်ဘက်လား...” ဟန်ယု မေးလိုက်၏။ “ခင်ဗျားတို့ မမှားဘူးဆိုတာ သေချာရဲ့လား...”
မည်သူမှ ပြန်မဖြေကြချေ။
“ဟေး... ဒီ ဖြေဆိုသူက
ကလေး မဟုတ်ဘူးလေ..... ရုပ်ကိုက မိန်းမနှစ်ယောက် ကွာပြီး ကလေးခြောက်ယောက် ရထားတဲ့ အဖေကြီးရုပ်နဲ့...” ဟန်ယု အော်ပြောလိုက်သည်။
“ဘာကွ...” ကောင်းရန် ဒေါသတကြီး အော်ဟစ်လိုက်၏။ “ငါ့အသက် ၁၅ နှစ်ပဲ ရှိသေးတယ်...”
“၁၅ နှစ်တဲ့... ခင်ဗျားသာ ၁၅ နှစ်ဆိုရင် အကြီးအကဲက အလောင်းကောင် ဖြစ်နေလောက်ပြီ...”
ဟန်ယု၏ စကားကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သူ့ကို ရုတ်တရက် ထိုးနှက်ပြောဆိုလိုက်သည်ကို မမျှော်လင့်ထားသော အကြီးအကဲ နယ်ကျင်းမှာ မျက်လုံးများ ပြူးကျယ်လျက် ကြည့်နေ၏။
ဂိုဏ်းသားများလည်း ထိုနည်းလည်းကောင်း ဖြစ်နေပြီး ရွှီချင်မှာမူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ဒေါသထွက်တာ တစ်ဝက်၊ ရှက်တာ တစ်ဝက် ဖြစ်နေ၏။
“ဟန်ယု...” ရွှီချင်က အေးစက်သော အသံဖြင့် ခေါ်လိုက်သည်။
“ကောင်လေး... ဆင်ခြင်စမ်း...” အကြီးအကဲ နယ်ကျင်းကလည်း လှမ်းငေါက်လိုက်၏။
“ခွင့်လွှတ်ပါ အကြီးအကဲ...” ဟန်ယု သူ့အမှားကို ချက်ချင်း သဘောပေါက်သွားသည်။ “ဒါပေမဲ့ တစ်ခုခုတော့ မှားနေပြီ... ဒီလူက ဘယ်လိုလုပ် ၁၅ နှစ် ဖြစ်နိုင်မှာလဲ... သူ့ကို ကြည့်ပါဦး...”
ဟန်ယုက လက်နှစ်ဖက်ဖြင့် ညွှန်ပြလိုက်သည်။
“ငါ့အသက် ၁၅ နှစ် အစစ်ပါ...” ကောင်းရန်က သူ့ကြွက်သားများကို ညှစ်ပြရင်း ပြောလိုက်၏။ “ကျန်းမာသန်စွမ်းလွန်းတဲ့ ၁၅ နှစ် အရွယ်ပေါ့...”
ဟန်ယုကမူ လုံးဝ မယုံကြည်ပေ။
“သူ့အသက် ၁၅ နှစ်ပါ...” ကောင်းရန်ကို တာဝန်ယူထားသည့် ဂိုဏ်းသားက ဝင်ပြောလိုက်သည်။ “ကျုပ်တို့ သူ့ရဲ့ အရိုးသက်တမ်းကို စစ်ဆေးပြီးပါပြီ...”
အခန်း (၆၂) - တားမြစ်ထားသော လမ်းဘေးသိုင်းကွက်များ
ဂိုဏ်းသား၏ စကားကို ကြားသော်လည်း ဟန်ယုက လေထဲတွင် လွင့်ပါသွားသကဲ့သို့သာ သဘောထားလိုက်သည်။
“အရိုးသက်တမ်း ဟုတ်လား...” ဟန်ယု မျက်လုံးများ ကျဉ်းမြောင်းသွား၏။ “ခင်ဗျားတို့ စစ်တာ သူ့အရိုးစစ်စစ်တွေလား... ဒါမှမဟုတ် မနက်စာအဖြစ် သူဝါးစားခဲ့တဲ့ တခြား လူကြီး ၅ ယောက်ရဲ့ အရိုးတွေလား...”
ဘေးမှ ကြည့်နေသူများထံမှ ရယ်သံများ ထွက်ပေါ်လာပြီး အချို့ ဂိုဏ်းသားများမှာ အောင့်ထားရသဖြင့် တခစ်ခစ် ဖြစ်နေကြသည်။ အကြီးအကဲ ကိုယ်တိုင်ပင် နှုတ်ခမ်းများ တွန့်ကွေးသွားပြီးမှ မျက်နှာကို ပြန်တည်လိုက်ရ၏။
“ခင်ဗျား ၁၅ နှစ်ဆိုတာ သေချာလို့လား...” ဟန်ယုက လက်ပိုက်လျက် ထပ်မေးလိုက်သည်။ “တကယ်ကို သေချာတာလား... ကြွက်သားအားတိုးဆေးတွေ ထည့်ထားတဲ့ စည်ပိုင်းထဲ ပြုတ်ကျပြီး ရုပ်ပြောင်းသွားတာမျိုး မဟုတ်ဘူးနော်...”
“ငါက သဘာဝအတိုင်း သန်မာတာကွ...” ကောင်းရန်က ထပ်မံ၍ ကြွက်သား ပြလိုက်ပြန်သည်။
တကယ်တမ်းတွင် ဂိုဏ်းသား၏ မျက်လုံးကို ဖမ်းစားနိုင်ခဲ့သည်မှာ ကောင်းရန်၏ ရုပ်ဆင်းသွင်ပြင်ပင် ဖြစ်သည်။ ထိုစဉ်က ကုန်ပစ္စည်းများ အပြည့်တင်ထားသော လှည်းတစ်စီးကို ဆွဲလာသည့် ကောင်းရန်ကို မြင်လိုက်ရပြီး အလုပ်ကြမ်းသမား တစ်ယောက်ဟု ထင်ခဲ့မိသည်။ ထို ‘လူကြီး’ က ဂိုဏ်းဝင်ရန် သူ့ထံ လာရောက် စာရင်းပေးမှသာ ၁၅ နှစ်အရွယ် ကောင်လေး တစ်ယောက် ဖြစ်နေကြောင်း သိခဲ့ရခြင်း ဖြစ်သည်။
အစပိုင်းတွင် ထိုဂိုဏ်းသားလည်း မယုံကြည်ခဲ့ပေ။ ဂိုဏ်းဝင်ခွင့် ရရှိရန်အတွက် အသက်လိမ်ပြောသူများ ဒုနဲ့ဒေး ရှိသော်လည်း ဤမျှလောက်ထိ ချဲ့ကားလွန်းသူ မရှိခဲ့ဖူးချေ။
အများစုက သူတို့၏ အသက်ကို တစ်နှစ်၊ နှစ်နှစ်ခန့်သာ လျှော့ပြောလေ့ ရှိကြသည်။
သို့သော် ဂိုဏ်းသားက ကောင်လေး၏ အသက်ကို အခြားသူများထံမှ အတည်ပြုလိုက်သောအခါ အမှန်တကယ် ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ကောင်လေးက ကောင်းမွန်သော ခန္ဓာဖွဲ့စည်းပုံ ပါရှိလာခြင်း ဖြစ်ပြီး ထိုအချက်က ဂိုဏ်းသား၏ ရွေးချယ်မှုကို ခိုင်မာစေခဲ့သည်။
ဤအရွယ်နှင့် ဤမျှ ကြွက်သားများ ထွားကျိုင်းနေပါက သေချာပေါက် ပါရမီကောင်းမွန်မည်ဟု သူ သိထားသည်။ စာရင်းသွင်းပြီး အရိုးသက်တမ်း စစ်ဆေးလိုက်သည့် အခါတွင်မူ ကျောက်ထက်ခိုင်သော အမှန်တရား ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုအကြောင်းအရာ အားလုံးကို ဟန်ယု မသိရှိပေ။ သိလျှင်လည်း ပုံပြင်တစ်ပုဒ်ဟုသာ ထင်မိပေလိမ့်မည်။ ယခုအချိန်တွင်တော့ သူ ဘာမှ တတ်နိုင်မည် မဟုတ်ချေ။
ဟန်ယုက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ “ထားလိုက်ပါတော့... ခင်ဗျား တိုက်နေရင်းနဲ့ နောက်ထပ် တစ်ပေလောက် ထပ်မရှည်လာခင် အမြန် အဆုံးသတ်လိုက်ကြတာပေါ့...”
အကြီးအကဲက လက်ခုပ်တီးလိုက်သည်။ “စကားများတာ တော်တော့... ပြိုင်ပွဲ စကြမယ်...”
ဟန်ယု အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး တိုက်ခိုက်ရေး အနေအထား ပြင်လိုက်သော်လည်း ပါးစပ်မှ ပွစိပွစိ ရေရွတ်နေသေးသည်။ “၁၅ နှစ်တဲ့... ငါ့ဖင်ပဲ...”
သူ ရွှီချင် ဘေးမှ ဖြတ်သွားစဉ် သူမက လှမ်း၍ တီးတိုး သတိပေးလိုက်၏။
“နင် ပိုပြီး သတိထားရလိမ့်မယ်... အဲဒီ ‘ကောင်လေး’ က ခန္ဓာသန့်စင်ခြင်း အဆင့် ၁၀ ရောက်နေပြီ...”
ရွှီချင် ကိုယ်တိုင်ပင် ကောင်းရန်ကို သတိထားနေရသည်။ သူ့ခန္ဓာကိုယ်ကြောင့် သက်သက် မဟုတ်ပေ။ အသက် ၁၅ နှစ် အရွယ်နှင့် ခန္ဓာသန့်စင်ခြင်း အဆင့် ၁၀ သို့ ရောက်ရှိနေခြင်းမှာ ဂိုဏ်း၏ အမြင့်ဆုံး စံသတ်မှတ်ချက် ဖြစ်နေသောကြောင့်ပင်။
ကောင်းရန်သာ ပြိုင်ပွဲအားလုံး ရှုံးနိမ့်သွားလျှင်ပင် ဂိုဏ်းက သူ့ကို ရွေးချယ်မည်သာ ဖြစ်သည်။
သူ့တွင် ပါရမီရှိကြောင်း လူတိုင်း ပြောနိုင်သည်။ ထိုပါရမီ မည်မျှအထိ ရှိသည် ဆိုသည်ကိုသာ စမ်းသပ်ရန် ကျန်တော့သည်။ သို့သော် ၎င်းက တိုက်ပွဲများ ပြီးမှသာ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။
“အဆင့် ၁၀ ဟုတ်လား... ကျွတ်... သွားပါပြီ...” ဒီပွဲတော့ ရှုံးတော့မည်လားဟု ဟန်ယု တွေးလိုက်မိသည်။
ကောင်းရန်ကို သူ မည်သို့ လွတ်သွားခဲ့သနည်းဟုလည်း စဉ်းစားနေမိ၏။
‘ဒီလောက် လူကောင်ကြီးတာကို ကြက်ကလေးတွေကြားထဲက ကြိုးကြာလို ထင်းနေရမှာ...’ ထိုလူ၏ ကံတရားက ကောင်းလွန်းနေသလား၊ ပုန်းကွယ်သည့် စွမ်းရည်ပဲ ကောင်းလွန်းနေသလား ဟန်ယု ဝေခွဲမရ ဖြစ်နေသည်။
စင်မြင့်ပေါ်သို့ တက်ရောက်လိုက်သည်နှင့် ဟန်ယု ခေါင်းထဲ၌ ထိုလူကို မည်သို့ ကိုင်တွယ်ရမည်နည်း ဆိုသည့် ‘မဟာဗျူဟာ’ အချို့ကို ချမှတ်နေသည်။
‘ငါ့အစွမ်းကုန် ထုတ်သုံးမှ ရတော့မယ်...’ ဟန်ယု တွေးလိုက်၏။
သို့သော် မိုးကြိုးနတ်ဘုရား လက်သီးကို အားကုန်ထုတ်သုံးလျှင်ပင် ထို ‘ကောင်လေး’ ကို ဖြိုလဲနိုင်ပါ့မလား သူ မသေချာပေ။
‘ငါ ကြိုပြင်ဆင်ထားတဲ့ လှည့်ကွက်တချို့ သုံးဖို့ အချိန်တန်ပြီ ထင်တယ်...’ ဟန်ယု၏ ဦးနှောက်ထဲတွင် ယုတ်မာသော အကြံအစည်များ ပေါ်လာတော့သည်။
“လာစမ်းပါ... သစ်တုံး ခွဲသလို မင်းကို ချိုးပစ်ဖို့ လက်ယားနေပြီ...” ကောင်းရန်က အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။
“ကြည့်ကြသေးတာပေါ့...” ဟန်ယုက ကောင်လေး... သို့မဟုတ် လူကြီးကို ကြည့်ရင်း ပြောလိုက်၏။
“စမယ်...” ဒီတစ်ကြိမ်တွင် အကြီးအကဲ ကိုယ်တိုင် ကြေညာလိုက်သည်။
“ဟား...”
ထင်ထားသည့်အတိုင်း ကောင်းရန်က ဦးစွာ စတင် လှုပ်ရှားလိုက်သည်။ သို့သော် လက်သီးဖြင့် ထိုးခြင်း၊ ခြေထောက်ဖြင့် ကန်ခြင်း မပြုလုပ်ဘဲ ဟန်ယုကို ဖမ်းချုပ်ရန် ရွေးချယ်လိုက်၏။
“ချုပ်ကွက် သုံးတာလား... ပိုသေးပြီး ပိုမြန်တဲ့ ပြိုင်ဘက်အတွက်တော့ ဒါက အကောင်းဆုံး နည်းလမ်းပဲ...” အကြီးအကဲ နယ်ကျင်းက ခေါင်းညိတ်ရင်း သုံးသပ်လိုက်သည်။
“တောက်...”
ဟန်ယုက အဖမ်းမခံရစေရန် သီသီလေး ရှောင်တိမ်းလိုက်ပြီး နင်းချလိုက်သော ခြေထောက်ကို ရှောင်ရန် ဘယ်ဘက်သို့ ယိမ်းလိုက်ရသည်။
“အတော်လေး ချောတဲ့ ငါးရှဉ့်ကြားလေးပဲ...” ကောင်းရန်က ပြောရင်း လက်သီးနှစ်ဖက်ကို ဆုပ်လျက် တူဖြင့် ထုသကဲ့သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
“သောက်ကျိုးနည်း... ပြီးခဲ့တဲ့ တစ်ကောင်က မျောက်... ဒီကောင်က ဂေါ်ရီလာပါလား...”
ဟန်ယု မြေကြီးပေါ်သို့ လှိမ့်ချလိုက်ပြီး သိက္ခာတရားများကို ဘေးဖယ်ထားလိုက်တော့သည်။ ကြည့်နေကြသော ကလေးများမှာ ဟန်ယု၏ ရုပ်ပျက်ဆင်းပျက် ပုံစံကြောင့် မရယ်ဘဲ မနေနိုင်ကြချေ။
“ဟား... ဟား... ဟား...”
ကောင်းရန်က ကြီးမားသော တိုက်ကွက်များကို ဆက်တိုက် ထုတ်သုံးနေပြီး တိုက်ကွက်တိုင်းက အရိုးများကို ချိုးပစ်နိုင်၊ အက်သွားစေနိုင်သော်လည်း ဟန်ယုက အစွမ်းကုန် ရှောင်တိမ်းနေသည်။
သူ တတ်နိုင်သမျှ ‘သိက္ခာမဲ့’ သော နည်းလမ်းများကို ထုတ်သုံးနေ၏။ မြည်းလူးလှိမ့်နည်း၊ တီကောင် တွားသွားနည်း၊ ငါးရှဉ့်ကြား လျှောတိုက်နည်း နှင့် အခြား နည်းလမ်းပေါင်းစုံ ပါဝင်သည်။
တိုက်ပွဲကို ကြည့်နေသော အကြီးအကဲမှာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ရဲရဲဝံ့ဝံ့တောင် မရင်ဆိုင်ရဲဘူး...”
အစောပိုင်းက ဟန်ယု ပြောခဲ့သော စကားများကြောင့် အမြင်စောင်းနေသော အကြီးအကဲမှာ ယခုတွင် ဟန်ယုအပေါ် အထင်အမြင် ပိုသေးသွားသည်။
သို့သော် ဟန်ယုက ဂရုမစိုက်ပေ။ သူ လိုချင်သည်မှာ အသက်ရှင်ရေးသာ ဖြစ်သည်။
အသက်ရှင် ရပ်တည်ရေး တိုက်ပွဲတွင် သူ့လှည့်ကွက်တစ်ခုကို ထုတ်သုံးရန် ဆုံးဖြတ်လိုက်သည်။ ကောင်းရန်က လက်မောင်းများကို ဝှေ့ယမ်းလိုက်ချိန်တွင် ဟန်ယုက နောက်သို့ ခုန်ဆုတ်လိုက်ပြီး သူ့လက်ကို အိတ်ကပ်ထဲ ထည့်လိုက်၏။
“တားမြစ်ထားသော လမ်းဘေးသိုင်းကွက် နံပါတ် ၈ - အိတ်ကပ်ထဲမှ သဲ...”
ဟန်ယုက သဲတစ်ဆုပ်ကို ကောင်းရန်၏ မျက်လုံးထဲသို့ ပက်ထည့်လိုက်သည်။
“အား...” ကောင်းရန် မျက်လုံးကို မှိတ်၍ မျက်နှာကို အုပ်လိုက်သည်။ မျက်လုံးထဲတွင် သဲများ ဝင်သွားသဖြင့် စပ်ဖျင်းဖျင်း ခံစားလိုက်ရ၏။ “ယုတ်မာလိုက်တာ... သဲနဲ့ ပက်တယ်လား...”
သူ့မျက်လုံးများတွင် မျက်ရည်များ ဝဲလာပြီး ပြန်မြင်ရအောင် ကြိုးစားနေရသည်။
“စစ်ပွဲနဲ့ အချစ်ရေးမှာ မတရားတာ မရှိဘူး...” ဟန်ယု ကြွေးကြော်လိုက်ပြီး ကောင်းရန်၏ နောက်ကျောဘက်သို့ ရွှေ့ကာ အောက်ပိုင်းကို ချိန်ရွယ်လိုက်သည်။
“ပြီးတော့ ဒါလည်း ပါတယ်...” သူက လက်သီးကို နောက်သို့ ဆွဲလိုက်၏။
“တားမြစ်ထားသော လမ်းဘေးသိုင်းကွက် နံပါတ် ၁ - ဥခွဲ လက်သီး...”
ဟန်ယုက တွင်းစွမ်းအင်ဖြင့် အားဖြည့်ထားသော လက်သီးဖြင့် ကောင်းရန်၏ ပေါင်ကြားတည့်တည့်သို့ ပင့်ထိုးလိုက်သည်။
ထိုလက်သီးတစ်ချက်ဖြင့် ၃ ကီလိုမီတာ ပတ်လည်အတွင်းရှိ ယောက်ျားသားမှန်သမျှကို မျိုးဆက်ပြတ်မတတ် နက်ရှိုင်းသော ဝေဒနာကို ခံစားသွားစေတော့သည်။