← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃) - သိက္ခာမဲ့သော တိုက်ကွက်များ

တိုက်ပွဲကို ကြည့်ရှုနေသူ အားလုံးမှာ ကောင်းရန်၏ စူးရှသော အော်သံကြောင့် မျက်နှာများ ရှုံ့မဲ့သွားကြသည်။

ဘုန်း...။

ကောင်လေးမှာ ကျိန်ဆဲရန်ပင် အချိန်မရလိုက်ဘဲ မြေကြီးပေါ်သို့ လဲကျသွားပြီး ကုန်းပေါ်ရောက်နေသော ငါးတစ်ကောင်လို ခြေလက်များ တဆတ်ဆတ် တုန်နေသည်။ မျက်လုံးများ ပြူးကျယ်ကာ မျက်ရည်များ စီးကျလာပြီး ပါးစပ်မှလည်း အမြှုပ်များ ထွက်လာကာ... တိတ်ဆိတ်သွား၏။ စက္ကန့်အနည်းငယ် ကြာသောအခါ သူ ခံစားလိုက်ရသော ငရဲခန်း တမျှ ဝေဒနာကြောင့် သတိလစ် မေ့မြောသွားတော့သည်။

ကောင်းရန် တစ်ယောက်တည်း ဝေဒနာ ခံစားလိုက်ရခြင်း မဟုတ်ဘဲ ရှိရှိသမျှ ယောက်ျားသား အားလုံး... လူငယ်၊ လူကြီး၊ စစ်သည်၊ ပညာရှင် မကျန် မျက်နှာများ ရှုံ့မဲ့သွားကြပြီး သရဲခြောက်ခံရသလို ကိုယ့်ပေါင်ကြား ကိုယ် ကာကွယ်ထားလိုက်မိကြသည်။

တိုက်ပွဲပေါင်းများစွာ ကြုံဖူးသည့် အကြီးအကဲ နယ်ကျင်းပင်လျှင် မျက်နှာ ရှုံ့မဲ့သွားသည်။ ဂိုဏ်းသားအချို့မှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ပြီး အချို့မှာမူ ဟန်ယု၏ ဒဏ္ဍာရီလာ လက်သီးချက် ထိမှန်ခံလိုက်ရသကဲ့သို့ ဒူးထောက် ကျသွားကြသည်။

“ကြောက်စရာကြီး... ကြောက်စရာ ကောင်းလွန်းတယ်...” ကြည့်နေသော ကောင်လေးများ အားလုံး ထိတ်လန့်တကြား ရေရွတ်လိုက်ကြသည်။

ဒုတိယ စင်မြင့်၌ တိုက်ခိုက်နေကြသော ဖန်လျန် နှင့် ရှဲ့မင် တို့ပင်လျှင် ထိုလက်သီးချက်၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်လိုက်ရသဖြင့် တိုက်ပွဲကို ခေတ္တ ရပ်တန့်သွားကြသည်။

“ဒီကောင်လေးက ဘေးဒုက္ခကောင်ပဲ...” အကြီးတန်း ဂိုဏ်းသားတစ်ယောက်က တီးတိုး ပြောလိုက်၏။

ပြိုင်ပွဲဝင် အမျိုးသားများ အားလုံးကြားတွင် မပြောဘဲ နားလည်လိုက်သည့် သဘောတူညီချက် တစ်ခု ရသွားကြသည်။ အကယ်၍ ဟန်ယုကသာ လက်ရည်စမ်းရန် ကမ်းလှမ်းလာပါက ယဉ်ကျေးစွာ ငြင်းပယ်ပြီး ဆန့်ကျင်ဘက် အရပ်သို့ ထွက်ပြေးကြရန်ပင်။

အကယ်၍ ဟန်ယုကသာ မိုးကြိုးနတ်ဘုရား လက်သီးကို အားကုန်ထုတ်သုံးခဲ့ပါက ကောင်းရန် တစ်ယောက် သတိလစ်ရုံ မကဘဲ ဘိုးဘေးများနှင့် သွားတွေ့ရပေလိမ့်မည်။ အသက်ရှင်လျှင်ပင် သူ့ဘဝ၏ ကျန်ရှိသော အချိန်များကို ဂိုဏ်း၏ သံပြိုင်အဖွဲ့တွင် အသံမြင့်အဆိုတော် အဖြစ်သာ ကုန်ဆုံးရဖွယ် ရှိသည်။

ဟန်ယုက ဤတားမြစ်ထားသော တိုက်ကွက်ကို အသေအချာ စဉ်းစားပြီးမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူ့တွင် မေတ္တာတရား ရှိ၍ မဟုတ်ဘဲ သူ ကိုယ်တိုင်လည်း ဤတိုက်ကွက်၏ အကျိုးဆက်သည် သူ၏ အရှက်မဲ့သော စံနှုန်းများနှင့် ယှဉ်လျှင်ပင် ရက်စက်လွန်းနေသောကြောင့် ဖြစ်သည်။

ရွေးချယ်ခွင့်သာ ရှိလျှင် ကောင်းရန်၏ မျက်နှာကိုသာ ထိုးချင်သည်။ သို့သော် ခန္ဓာကိုယ် အရွယ်အစား ကွာခြားလွန်းမှုကြောင့် သူ့လက်သီးများက ထိုကောင်လေး-လူကြီး အတွက် ခြင်ကိုက်သလောက်သာ ရှိပေလိမ့်မည်။ မိုးကြိုးနတ်ဘုရား လက်သီး သုံးရန် အားယူနေလျှင်လည်း အချေမွန်း ခံရမည် ဖြစ်သဖြင့် ဘီလူးတစ်ကောင်ကို ဖြိုလဲရန် သေချာပေါက် အလုပ်ဖြစ်မည့် နည်းလမ်းကိုသာ သူ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော “တားမြစ်ထားသော လမ်းဘေးသိုင်းကွက် နံပါတ် ၁” ပင်။

“သိက္ခာမရှိလိုက်တာ... လုံးဝကို သိက္ခာမဲ့လွန်းတယ်...”

အကြီးအကဲ နယ်ကျင်းက တခဏကြာမှ အသံပြန်ထွက်လာပြီး ဒေါသနှင့် ကိုယ်ချင်းစာစိတ် ရောပြွန်းနေသည့် လေသံဖြင့် ပြောလိုက်သည်။

“သဲနဲ့ ပက်တဲ့ အောက်တန်းကျတဲ့ နည်းလမ်းကို သုံးရုံတင်မကဘဲ အရေးအကြီးဆုံး နေရာကိုပါ တိုက်ခိုက်တယ်ပေါ့... ယောက်ျားတစ်ယောက်ရဲ့ သိက္ခာတရား အခြေခံအုတ်မြစ်ကိုမှ...”

သို့သော် ဟန်ယုက အသက်ရှင်ရေးနှင့် ပတ်သက်လာလျှင် မည်သည့် အငြင်းပွားမှုကိုမှ နောက်တွန့်မည့်သူ မဟုတ်ချေ။

“ကျွန်တော် လိုအပ်တာကို လုပ်ခဲ့တာပါ အကြီးအကဲ...” သူက လုံးဝ နောင်တရသည့်ပုံ မပြဘဲ ပြန်ပြောလိုက်သည်။ “ဒါ့အပြင် စည်းကမ်းချက်တွေထဲမှာ သဲမသုံးရဘူးလို့ မပါပါဘူး... သဲတွေက နေရာတိုင်းမှာ ရှိနေတာပဲ... ကျွန်တော်က ပတ်ဝန်းကျင် အနေအထားကို လစ်လျူရှုထားရမှာလား... ကျွန်တော်က ဂိုဏ်းသားလောင်းလား ဒါမှမဟုတ် မျက်စိမှိတ်ပြီး ကျင့်ကြံနေတဲ့ ဘုန်းကြီးလား...”

သူက လက်နှစ်ဖက်ကို ဖြန့်ကား၍ ပြလိုက်သည်။

“ဒါပေမဲ့ အဲဒါက မင်း သူ့ပေါင်ကြားကို ထိုးလိုက်တာကို ဖြေရှင်းချက် မဟုတ်သေးဘူး...” အကြီးအကဲက ပြန်အော်လိုက်၏။

“အဲဒါလား... အာ... ကျွန်တော့်လက် ချော်သွားလို့ပါ...” ဟန်ယုက အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပခုံးတွန့်ပြလိုက်သည်။

“မင်းက ငါ့ကို အဲဒီ အဓိပ္ပာယ်မရှိတဲ့ စကားကို ယုံစေချင်တာလား...” အကြီးအကဲ ဒေါသ ပေါက်ကွဲလာသည်။

“ကျွန်တော်က သူ့ကို လဲကျသွားအောင် ခြေထောက်ကို ချိန်လိုက်တာပါ... ဒါပေမဲ့ သူ ရွေ့လိုက်တော့...” ဟန်ယုက ခေါင်းခါရင်း သက်ပြင်းချလိုက်၏။ “ရူပဗေဒသဘောတရားအရ ဖြစ်သွားတာပါ... ဝမ်းနည်းစရာပါပဲ...”

“လုံးဝ လိမ်နေတာ...” ကောင်းရန်ကို တာဝန်ယူထားသည့် ဂိုဏ်းသားက ဒေါသကို မထိန်းနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ “မင်း အဲဒီတိုက်ကွက် နာမည်ကို အော်ပြောလိုက်သေးတယ်... ဥခွဲ လက်သီး ဆိုလား...”

“အဲဒါ နာမည် မှားခေါ်မိတာပါ...” ဟန်ယုက လက်ကာပြလိုက်သည်။ “နားလည်မှု လွဲတာပါ... တံဆိပ်ကပ်တာ မှားသွားတာမျိုးပေါ့...”

“ဒါဆို မင်းက ဘာလို့ အဲဒီနာမည် ပေးထားရတာလဲ...” ဂိုဏ်းသားက စကားထစ်ငေါ့စွာဖြင့် မေးလိုက်၏။

“ကျွန်တော်က သူ့ဒူးခေါင်းကို ရည်ရွယ်ခဲ့တာပါ...” ဟန်ယုက ချောမွတ်စွာ ရှင်းပြလိုက်သည်။ “ဒါပေမဲ့ သေချာ ကြည့်ကြည့်ပါဦး... သူ့ဒူးခေါင်းတွေက ပုံမှန်မဟုတ်ဘဲ ဖုထစ်မနေဘူးလား... အလုံးလိုက်ကြီးတွေလေ...”

ပရိသတ်များ အားလုံးက မေ့မြောနေသော ကောင်းရန်ထံသို့... အထူးသဖြင့် ကြွက်သားများဖြင့် ပြည့်နှက်နေသော သူ့ခြေထောက်များထံသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။ သူ၏ လွန်ကဲသော ခန္ဓာဖွဲ့စည်းပုံကြောင့် ဒူးခေါင်းများမှာ အချိုးအစားမကျဘဲ လုံးဝန်းနေသည်မှာ အမှန်ပင်။

“သူပြောတာ မမှားဘူး...” ဂိုဏ်းသားငယ် အချို့က ခေါင်းညိတ်၍ တီးတိုး ထောက်ခံလိုက်ကြသည်။

ဒီအရှုပ်အထွေးကြီး ဖြစ်ပျက်နေသည်ကို တိတ်တဆိတ် ကြည့်နေသော ရွှီချင်က သက်ပြင်းချ၍ လက်ဝါးဖြင့် မျက်နှာကို အုပ်လိုက်သည်။

“ဟန်ယု...” သူမ၏ အသံမှာ ဟန်ယု၏ လည်ပင်းကို ညှစ်သတ်ချင်စိတ်ကို အောင့်အီးထားရသည့်ပုံ ပေါက်နေသည်။

သို့သော် ဟန်ယုက မပြီးသေးပေ။ အခွင့်အရေး ရသည်နှင့် အရှက်တရားကို လွှင့်ပစ်ထားသော လူတစ်ယောက်၏ ယုံကြည်မှုမျိုးဖြင့် အကြီးအကဲဘက်သို့ လှည့်လိုက်သည်။

“ကျွန်တော် နိုင်တာ မဟုတ်လား...” သူက မြေကြီးပေါ်တွင် မလှုပ်မယှက် ဖြစ်နေသော ကောင်းရန်ကို လက်ညှိုးထိုးပြလိုက်၏။ “သူ လဲနေပြီလေ... အဲဒါ အောင်ပွဲပဲ...”

အကြီးအကဲမှာ ဘာမှမပြောဘဲ ဒေါသကို မနည်း ထိန်းချုပ်ထားရသဖြင့် နားထင်ကြောများ ထောင်နေသည်။

အကြီးအကဲ တွေဝေနေသည်ကို မြင်သောအခါ ဟန်ယုက ထပ်လောင်း လုပ်ဆောင်လိုက်သည်။

သူ ကောင်းရန်၏ ခြေကျင်းဝတ်ကို ကိုင်၍ မြေကြီးပေါ်တွင် တရွတ်တိုက် ဆွဲသွားရာ သူ့ခန္ဓာကိုယ်ကြီး ပါသွားပြီး မြေကြီးပေါ်တွင် လမ်းကြောင်းရာကြီး ထင်ကျန်ရစ်သည်။ သူက ကောင်းရန်ကို စင်ဝိုင်း အပြင်ဘက်သို့ ဆွဲထုတ်လိုက်ပြီးနောက် လွတ်သွားသော နေရာလပ်ကို လက်ညှိုးထိုးပြလိုက်၏။

“တွေ့လား... အခု သူ စင်အပြင် ရောက်သွားပြီ... လုံးဝ နိုင်သွားပြီ...” ဟန်ယု ပြုံးလိုက်သည်။

“မင်း... မင်း...” ကောင်းရန်ကို တာဝန်ယူထားသည့် ဂိုဏ်းသားမှာ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုမတတ် ဖြစ်နေပြီး ဟန်ယုကို လက်ညှိုးထိုးထားသည်။

“တော်ပြီ...”

သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပြီ ဖြစ်သော အကြီးအကဲ နယ်ကျင်းက အဆုံးသတ် စကား ဆိုလိုက်သည်။ “ဟန်ယု... နိုင်တယ်...”

သူ့စကားသံများက လည်ချောင်းထဲတွင် တစ်ဆို့နေသည့်နှယ်။

ဟန်ယု၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပွင့်လန်းလာသည်။ “အကြီးအကဲက ဉာဏ်ပညာ ကြီးမားပြီး တရားမျှတမှန်း ကျွန်တော် သိပါတယ်... တကယ့် တရားမျှတမှုရဲ့ ပြယုဂ်ပါပဲ...” သူက ပို၍ ပီပြင်သွားစေရန် လက်ခုပ်ပင် တီးလိုက်သေးသည်။

အကြီးအကဲ၏ မျက်လုံးများ လှုပ်ခါသွားသည်။ သူ့တစ်သက်တွင် ဂိုဏ်းသားတစ်ယောက်ကို ဤမျှလောက်ထိ လည်ပင်းညှစ်သတ်ချင်စိတ် မဖြစ်ဖူးခဲ့ချေ။

ဟန်ယု တစ်ယောက် ဒီနေ့တွင် မိတ်ဆွေဖွဲ့နိုင်ခြင်း မရှိသည်ကို ကောင်းစွာ သိသည်။ သို့သော် အသက်ရှင်ရေးက အသက်ရှင်ရေး၊ စည်းကမ်းက စည်းကမ်းပင်။

‘တကယ့် တိုက်ပွဲမှာ ဘယ်သူမှ လက်တွန့်နေမှာ မဟုတ်ဘူး... ဒီလောက် ထင်သာမြင်သာရှိတဲ့ ပျော့ကွက်ကို မကာကွယ်ထားတာ ကောင်းရန်ရဲ့ အမှားပဲ...’ သူ တွေးလိုက်သည်။ ‘မျက်လုံးနဲ့ ပေါင်ကြားကို ကာကွယ်ရမယ် ဆိုတာ လမ်းဘေးတိုက်ပွဲရဲ့ အခြေခံ သဘောတရားပဲ...’

“ပြိုင်ပွဲ ဆက်မယ်...” အကြီးအကဲက ဒီအရှက်ရစရာ အခိုက်အတန့်ကို ကျော်ဖြတ်ရန် အော်ပြောလိုက်သည်။

ဒုတိယ စင်မြင့်တွင်မူ ဖန်လျန် နှင့် ရှဲ့မင် တို့က ကိုယ့်တိုက်ပွဲကိုယ် ပစ်ထားပြီး ဟိုဘက်မှ အဓိပ္ပာယ်မရှိသော ဖြစ်ရပ်ကို ကြည့်နေရာမှ သူတို့ တိုက်ပွဲကို အလျင်အမြန် ပြန်စလိုက်ကြသည်။

ဟန်ယုက စိတ်ဝင်တစား ကြည့်နေ၏။ ရှဲ့မင်က သူထင်ထားသည်ထက် ပိုတော်ကြောင်း သက်သေပြနေသည်။ သူမက ဖန်လျန်၏ လက်ဝါးရိုက်ချက်များကို ငါးရှဉ့်တစ်ကောင်လို ရှောင်တိမ်းနေသည်။

အခန်း (၆၄) - မူရုံရှဲ့ နှင့် ရှဲ့မင်

ဟန်ယု တစ်ယောက် ရှဲ့မင်ကို အတော်လေး သဘောကျနေမိသည်။

‘သူ တော်တော် ကောင်းတာပဲ... ဂုဏ်သရေရှိ မျိုးနွယ်ထဲက ဖြစ်လောက်တယ်...’

သူမ၏ ကျော့ရှင်းသော်လည်း လက်တွေ့ဆန်သော အပြာနုရောင် ဝတ်စုံနှင့် ခါးတွင် ချိတ်ထားသော သံမဏိ ယပ်တောင်ကို ကြည့်ရင်း ဟန်ယု သုံးသပ်မိသည်။

‘သူ့လက်နက်က ယပ်တောင်လား... ဟဟ... ဆန်းပြားသားပဲ...’

တိုက်ပွဲက ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ယခုအချိန်ထိ တိုက်ပွဲများထဲတွင် အကြာဆုံး ဖြစ်သည်။ ဖန်လျန်၏ နည်းစနစ်များ ခိုင်မာသော်လည်း ရှဲ့မင်၏ ခံနိုင်ရည်နှင့် လျင်မြန်မှုက သူမကို အသာစီး ရစေသည်။ အဆုံးသတ်တွင် ဖန်လျန်၏ စွမ်းအင်များ လျော့နည်းလာပြီး အခွင့်ကောင်းကို စောင့်နေသော ရှဲ့မင်က တိကျစွာ တိုက်ခိုက်လိုက်သည်။

ဟန်ယုက လေးစားမှု တိုးပွားလာသည့် မျက်လုံးများဖြင့် ကြည့်နေမိ၏။ ‘ငါ သူ့ကို သတိထားမှ ရမယ်... သူက မြွေတစ်ကောင်လိုပဲ... တိတ်ဆိတ်တယ်၊ သည်းခံတယ်၊ ပြီးတော့ အသေအချာကို အန္တရာယ် ပေးနိုင်တယ်...’

သို့သော် သူမ၏ စွမ်းရည်များကို သုံးသပ်နေရင်းနှင့် ကိုယ့်ဘာသာ မခိုးမခန့် ပြုံးလိုက်မိသည်။

‘အနည်းဆုံးတော့ သူက တရားနည်းလမ်းကျကျ တိုက်ခိုက်တာပဲ... ငါနဲ့ မတူဘူး...’

ရှဲ့မင်က လျင်မြန်သော လက်သီးချက်များ၊ ခြေကန်ချက်များကို ပေါင်းစပ်၍ တန်ပြန်တိုက်စစ် ဆင်လိုက်ရာ ဖန်လျန်မှာ ထောင့်ကပ်သွားသည်။

ဖြောင်း...။

ပုဆိန်ပေါက် ကန်ချက်ဖြင့် ဖန်လျန်၏ ပခုံးကို ရိုက်ချလိုက်ရာ ကောင်လေး ယိုင်နဲ့ပြီး နောက်ဆုတ်သွားသည်။

“ရှဲ့မင် နိုင်တယ်...” တိုက်ပွဲကို ကြီးကြပ်နေသည့် ဂိုဏ်းသားက ကြေညာလိုက်သည်။

“ဟင်...” ဖန်လျန် ငုံ့ကြည့်လိုက်ရာ သူ စင်အပြင်ဘက် ရောက်နေသည်ကို တွေ့လိုက်ရ၏။ “တောက်...”

သူ ဤကဲ့သို့ ရှုံးနိမ့်သွားလိမ့်မည်ဟု... အထူးသဖြင့် မိန်းကလေး တစ်ယောက်လက်ထဲတွင် ရှုံးလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ကျိန်ဆဲလိုက်မိသည်။

သူ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသည်။ ရှုံးနိမ့်ခဲ့သော်လည်း အကြီးအကဲထံမှ အမှတ်အချို့တော့ ရရှိခဲ့သေး၏။

“ဟို သိက္ခာမဲ့တဲ့ ကောင်လေးနဲ့ ယှဉ်ရင် အနည်းဆုံးတော့ ဒီကောင်လေးက အလားအလာ ကောင်းသေးတယ်...” အကြီးအကဲ နယ်ကျင်း ရေရွတ်လိုက်သည်။

ဖန်လျန် ရှုံးနိမ့်ခဲ့သော်လည်း အကြီးအကဲ၏ မျက်လုံးထဲတွင် ဟန်ယုထက် သာလွန်နေဆဲပင်။ သူက ထိုကောင်လေးကို အခြား အကြီးအကဲ တစ်ယောက်ထံ ထောက်ခံပေးရန်ပင် စဉ်းစားလိုက်သေးသည်။

‘တကယ့် ပါရမီရှင် အစစ်ကတော့ စစ်ဆေးရဦးမှာပဲ...’ အကြီးအကဲက လာမည့် ပွဲစဉ်ကို မျှော်လင့်ရင်း တွေးလိုက်သည်။

တိုက်ပွဲ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် နောက်ဆုံး အဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် လူ ၃ ယောက်သာ ကျန်တော့သည်။

“ငါတို့ မဲထပ်နှိုက်ကြမယ်...” အကြီးအကဲ နယ်ကျင်း ကြေညာလိုက်ရာ ရွှီချင် အပါအဝင် ကျန်ရှိနေသော ဂိုဏ်းသားများ သူ့ထံ လာကြသည်။

ရွှီချင်က သူမ၏ စိတ်ကို အကောင်းဆုံး ထိန်းချုပ်ထားရသည်။

‘သူသာ အဲဒီလို ထပ်လုပ်ရင် ငါတော့ လူရယ်စရာ ဖြစ်တော့မယ်...’ သူမ ဒေါသထွက်ရင်း တွေးလိုက်သည်။

လောလောဆယ်တွင်မူ သူမ စိတ်ကို လျှော့၍ လိုအပ်သည်ကို လုပ်ဆောင်ရပေမည်။

သူမ ဘူးထဲမှ တုတ်တံတစ်ခုကို နှိုက်ယူ၍ ကြည့်လိုက်သည်။ အခြားသူများလည်း ထိုနည်းတူ ပြုလုပ်ကြပြီး အံ့အားသင့်သွားကြ၏။ ရလဒ်များကို မြင်လိုက်ရသော အကြီးအကဲ နယ်ကျင်းလည်း အံ့သြသွားသည်။

“သူပဲ ဖြစ်နေရတယ်...” အကြီးအကဲ နယ်ကျင်းက မကျေမနပ် ရေရွတ်လိုက်သည်။ ‘ဒါပေမဲ့ ဒါက အကောင်းဆုံး ဖြစ်ချင်လည်း ဖြစ်မှာပါ...’ ဟန်ယု နောက်ထပ် ဘယ်လို ယုတ်မာတဲ့ နည်းလမ်းတွေ သုံးဦးမလဲ ဆိုသည်ကို တွေးရင်း သူ ပြန်လည် သုံးသပ်လိုက်သည်။

“ရှဲ့မင် နဲ့ မူရုံရှဲ့ တို့ နောက်တစ်ပွဲ တိုက်ရမယ်...” အကြီးအကဲ နယ်ကျင်း ကြေညာလိုက်သည်။

ထိုစကားကို ကြားလိုက်ရသော ရှဲ့မင်မှာ သက်ပြင်းချနိုင်သွားသည်။

“ဟူး... တော်ပါသေးရဲ့... ဟိုမိစ္ဆာကောင်လေးနဲ့ မကျလို့...” သူမ တီးတိုး ရေရွတ်လိုက်သည်။

ဟန်ယုက ထိုလှည့်ကွက်များကို ယောက်ျားလေး တစ်ယောက်အပေါ် သုံးလျှင် ကိစ္စမရှိသော်လည်း သူမကဲ့သို့ မိန်းကလေး တစ်ယောက်အပေါ် သုံးလာခဲ့လျှင်... ဒေါသထွက်ပြီး အော်ဟစ်ရမလား၊ ရှက်လွန်းလို့ စောင်ခြုံထဲ ဝင်ပုန်းရမလား သူမ ဝေခွဲမရ ဖြစ်နေမိသည်။

တကယ်လို့များ အဲဒီလို လုပ်ခဲ့ရင်တော့ ဟန်ယုကို အပိုင်းပိုင်း ခုတ်ပြီး ခွေးကျွေးပစ်လိုက်မည် ဖြစ်သည်။

ဟန်ယု တစ်ယောက် ထူးဆန်းသော အအေးဓာတ်ကို ခံစားလိုက်ရပြီး ဘေးဘီကို သတိထား၍ ကြည့်လိုက်မိသည်။

‘ထူးဆန်းတယ်...’ သူ တွေးလိုက်ပြီးမှ ပြုံးလိုက်သည်။ “ကြည့်ရတာ ငါ့ကံတရားက ကောင်းနေတုန်းပဲ...”

ဒီအခြေအနေနှင့် ဆိုလျှင် သူက ဒုတိယ နေရာကို အနည်းဆုံး သေချာပေါက် ရရှိထားပြီ ဖြစ်ပြီး သူ မျှော်လင့်ထားသည်ထက် များစွာ ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။

သူက သူ့ပြိုင်ဘက် ဖြစ်လာနိုင်သူများကို အကဲခတ် ကြည့်လိုက်သည်။

‘ရှဲ့မင်က မြန်တယ်... ဒါပေမဲ့ ငါ သူ့တိုက်ကွက်တွေကို ခံနိုင်ရည် ရှိပြီး မိုးကြိုးနတ်ဘုရား လက်သီးကို သုံးလို့ရတယ်... မူရုံရှဲ့ ကတော့...’ ဟန်ယု ဒီတိုက်ပွဲကို အသေအချာ စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

မူရုံရှဲ့ နှင့် ရှဲ့မင် တို့ စင်မြင့်ပေါ်သို့ တက်ရောက်လာပြီး တစ်ယောက်ကို တစ်ယောက် လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

“သခင်မလေး ရှဲ့မင် ကို မူရုံရှဲ့ နှုတ်ဆက်ပါတယ်...” မူရုံရှဲ့က ပြစ်မျိုးမှဲ့မထင် ယဉ်ကျေးမှုဖြင့် ပြောလိုက်သည်။

“ရှဲ့မင်ကလည်း သခင်လေး မူရုံရှဲ့ ကို နှုတ်ဆက်ပါတယ်...” ရှဲ့မင်က ပြုံး၍ တုံ့ပြန်လိုက်သည်။ ဟန်ယုနှင့် ယှဉ်လိုက်လျှင် မူရုံရှဲ့က အလွန်ပင် နှစ်လိုဖွယ် ကောင်းနေသည်။

“ကျွန်တော် ရိုင်းပြမိရင် ခွင့်လွှတ်ပါ...” မူရုံရှဲ့က တိုက်ခိုက်ရေး အနေအထား ယူရင်း ပြောလိုက်သည်။

“ကျွန်မလည်း ထိုနည်းလည်းကောင်းပါပဲ...” ရှဲ့မင်က သူမ၏ ညာဘက်ခြေထောက်ကို မြှောက်၍ ပျော့ပျောင်းသော မြွေပုံစံ အနေအထား ယူရင်း ပြောလိုက်သည်။

“စမယ်...” အကြီးအကဲက အမိန့်ပေးလိုက်သည်။

တစ်ခဏချင်းပင် သူတို့ နှစ်ယောက် ထိပ်တိုက် တွေ့သွားကြသည်။

နှစ်ယောက်စလုံးက လျင်မြန်ပြီး တိုက်ကွက်များ တိကျသည်။ ရှောင်တိမ်းခြင်း၊ တန်ပြန် တိုက်ခိုက်ခြင်းနှင့် အပြန်အလှန် ထိုးနှက်ခြင်းများက ချောမွေ့စွာ စီးဆင်းနေသည်။

“ဝိုး...”

“မြန်လိုက်တာ...”

ကြည့်နေကြသော ဂိုဏ်းသားငယ်လေးများမှာ အထင်ကြီးသွားကြသည်။

“တွေ့လား... အဲဒါမှ ကျင့်ကြံသူ အစစ်တွေ တိုက်တာ...” ဂိုဏ်းသားတစ်ယောက်က ဟန်ယုကို အထင်သေးသော အကြည့်ဖြင့် ကြည့်ရင်း ရေရွတ်လိုက်သည်။

သေသပ်လှပသော တိုက်ခိုက်ရေး စွမ်းရည်များနှင့် ယှဉ်လိုက်လျှင် ဟန်ယု၏ “ဖန်တီးမှု ကောင်းလွန်းသော” တိုက်ခိုက်ပုံမှာ ရာဇဝတ်မှု ကျူးလွန်နေသကဲ့သို့ ဖြစ်နေသည်။

ရှဲ့မင် စတင် မောပန်းလာပြီး နဖူးပေါ်တွင် ချွေးစက်များ သီးလာသည်။

“သခင်လေး မူရုံရှဲ့ က အထင်ကြီးစရာပါပဲ... ရှင်က ကျင့်စဉ်ပိုင်းမှာ ကျွန်မထက် သာနေတာ သေချာတယ်...” ရှဲ့မင်က အသက်ရှူရင်း ဝန်ခံလိုက်သည်။

“ကျွန်တော် ကံကောင်းသွားလို့ပါ...” မူရုံရှဲ့က နှိမ့်ချသော အပြုံးဖြင့် ပြောလိုက်သည်။

“သခင်လေးက နောက်နေပါပြီ...” ရှဲ့မင်က ပြောရင်း လျင်မြန် သေသပ်သော ခုတ်ချက်တစ်ခုဖြင့် ထပ်မံ တိုက်ခိုက်လိုက်သည်။

“ကျွတ်... အကုန်လုံး ဟန်ဆောင်နေကြတာ...”

ဟန်ယုက တိုက်ပွဲမဟုတ်ဘဲ နန်းတွင်း ကပွဲတစ်ခု ကနေသကဲ့သို့ ဖြစ်နေသော သူတို့ နှစ်ယောက်ကို ကြည့်ရင်း နှာခေါင်းရှုံ့လိုက်သည်။

သို့သော် သူတို့၏ အစစ်အမှန် ခွန်အားကိုတော့ သူ သိချင်နေသည်။

“အဲဒီ နှစ်ယောက်က ဘယ်လောက်တောင် သန်မာတာလဲ...” ဟန်ယုက ရွှီချင်၏ တံတောင်ဆစ်ကို တို့ရင်း မေးလိုက်သည်။

ရွှီချင်က သူ့ကို လစ်လျူရှုထားသည်။

“ဟေး... ပြောပြပါ... ပြောပြပါလို့...” ဟန်ယုက သနားစရာ ကောင်းလောက်အောင် ဇွဲကောင်းကောင်းဖြင့် ပူဆာနေသည်။

ဟန်ယုက သူမ၏ ခြေထောက်ကို ဖက်ပြီး တောင်းပန်လာမည်ကို စိုးရိမ်သဖြင့် ရွှီချင် အလျှော့ပေးလိုက်ရသည်။

“ရှဲ့မင်က ခန္ဓာသန့်စင်ခြင်း အဆင့် ၁၀ မှာ ရှိတယ်...” သူမ ဝန်ခံလိုက်၏။

“သူက အဲဒီလောက် သန်မာတာလား...” ဟန်ယု မျက်လုံးများ ပြူးကျယ်သွားသည်။ သူမကို ကလေး-လူကြီး ကောင်းရန်နှင့် တန်းတူ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ “ဒါဆို မူရုံရှဲ့ ကရော...” သူက စိတ်ဒုန်းဒုန်းချ၍ မေးလိုက်သည်။

“သူက ခန္ဓာသန့်စင်ခြင်း အဆင့် ၁၁...” ရွှီချင် ဖွင့်ပြောလိုက်သည်။

ဟန်ယု ကိုယ့်တံတွေး ကိုယ်ပြန်သီးသွား၏။

“သောက်ကျိုးနည်း... အဲဒီကောင်လေးက ငါထင်ထားတာထက် အများကြီး ပိုသန်မာတာပဲ...”

သူ့နဖူးပေါ်မှ ချွေးစက်တစ်စက် စီးကျလာသည်။ ဒီပြိုင်ပွဲကို ပါးပါးနပ်နပ်ဖြင့် ဖြတ်ကျော်နိုင်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ယခုတွင်မူ မိစ္ဆာကောင်များနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

‘ကောင်းပြီလေ... ငါက ညစ်ပတ်တဲ့ နည်းတွေနဲ့ နိုင်ခဲ့တာပဲ... တကယ့်ကို ယုတ်မာပက်စက်တဲ့ နည်းလမ်းတစ်ခု ထပ်ပြီး စဉ်းစားဖို့ အချိန်တန်ပြီ...’

သူ မေးစေ့ကို ပွတ်ရင်း အကြံထုတ်နေတော့သည်။

ကောင်းကင်ဘုံမှ တရားမျှတသော တိုက်ပွဲ နတ်ဘုရားများကတော့ ငိုကြွေးနေကြရှာသည်။

All Chapters