← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅) - နောက်ဆုံး တိုက်ပွဲ

မူရုံရှဲ့ နှင့် ရှဲ့မင် တို့၏ တိုက်ပွဲမှာ ယခင်ပွဲများထက် ပိုမို ကြာမြင့်ခဲ့ပြီး အနိုင်အရှုံး ပေါ်ပေါက်ရန် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့သည်။

ဘုန်း...။

ရှဲ့မင်မှာ မူရုံရှဲ့၏ တိုက်ခိုက်မှုကြောင့် စင်အပြင်ဘက်သို့ လွင့်ထွက်သွားပြီး ဟန်ချက်မညီသော လေ့ကျင့်ရေး အရုပ်တစ်ရုပ်ကဲ့သို့ လိမ့်ဆင်းသွားသည်။ သူမ မြေကြီးနှင့် မျက်နှာ မိတ်ဆက်လိုက်ရသည့် ပုံစံက သူမ၏ ရှုံးနိမ့်မှုကို အတည်ပြုလိုက်သကဲ့သို့ ရှိ၏။

“မူရုံရှဲ့ နိုင်တယ်...”

တိုက်ပွဲကို ကြီးကြပ်သော ဂိုဏ်းသားက တစ်နေကုန် စောင့်မျှော်နေရသည့် စကားကို ပြောလိုက်ရသကဲ့သို့ အားပါပါ ကြေညာလိုက်သည်။

“ဝိုး...”

“မူရုံရှဲ့...”

“မူရုံရှဲ့...”

လူအုပ်ကြီးထဲမှ ကလေးများက ရော့ခ်ဂီတပွဲမှ အရူးအမူး ဖြစ်နေသော ပရိသတ်များကဲ့သို့ အော်ဟစ် အားပေးလိုက်ကြသည်။

စိတ်လှုပ်ရှားမှုက ကူးစက်လွယ်လှသည်။ သူတို့နှင့် သက်တူရွယ်တူ လူငယ်နှစ်ဦး၏ စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲကို ကြည့်လိုက်ရခြင်းက စိတ်ရောဂါကု ဆရာဝန်များပင် လက်မြှောက်ရလောက်အောင် ပြဿနာများသော မုတ်ဆိတ်ရှည်နှင့် အဘိုးကြီး ကျင့်ကြံသူများကို ကြည့်ရသည်ထက် ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည် ။

အော်ဟစ်နှင့် ရွယ်တူ ကလေးများက ဆန်းကြယ်သော သိုင်းကွက်များကို ထုတ်သုံးနေသည်ကို မြင်လိုက်ရခြင်းက စိတ်ဓာတ် တက်ကြွစရာပင်။ တစ်နေ့တွင် သူတို့လည်း မြေဆွဲအားကို ဖီဆန်၍ သာမန်လူတို့၏ အသိဉာဏ်ကို ကျော်လွန်သော အရာများကို လုပ်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ချက် ရသွားစေသည်။

“ဒီလို ဖြစ်သင့်တာပေါ့...”

အကြီးအကဲ နယ်ကျင်းက ပြုံးလိုက်ပြီး တီးတိုး ရေရွတ်လိုက်၏။ သူ ကျေနပ်နေသည်။ ဤသည်မှာ သူတို့ ဤပြိုင်ပွဲများကို ကျင်းပရခြင်း၏ အကြောင်းရင်းပင်။ စပါးနှင့် ဖွဲကို ခွဲထုတ်ရန် သက်သက် မဟုတ်ဘဲ ဖွဲများကိုလည်း သေချာ နယ်ပေးလိုက်လျှင် ပေါင်မုန့် ဖြစ်လာနိုင်ကြောင်း ပြသရန် ဖြစ်သည်။

ဤကလေးများသည် အထူးရွေးချယ်ထားသော ပါရမီရှင်များ ဖြစ်ကြသော်လည်း သူတို့နှင့် ရွယ်တူ တစ်ယောက်၏ ထူးချွန်မှုကို မြင်လိုက်ရခြင်းက ဝတ်ရုံရှည်နှင့် အဘိုးကြီး တစ်ယောက်၏ တရားဟောသံထက် ပို၍ စိတ်ဓာတ်ခွန်အား ဖြစ်စေသည်။

“ကဲ... အခု နောက်ဆုံးပွဲပဲ ကျန်တော့တယ်... မူရုံရှဲ့ နဲ့ ဟန်ယု တို့ ယှဉ်ပြိုင်ရမယ်...” အကြီးအကဲ နယ်ကျင်း၏ အသံက အာဏာသံ ပါပါဖြင့် ပဲ့တင်ထပ်သွားသည်။

“ဪ... ဟုတ်သားပဲ... အဲဒီကောင်လေး ကျန်သေးတာပဲ...”

ဂိုဏ်းသားတစ်ယောက်က ဟန်ယု ရှိနေသေးသည်ကို ယခုမှ သတိရသွားသည့်နှယ် ရေရွတ်လိုက်သည်။

လူအုပ်ကြီး၏ စိတ်လှုပ်ရှားမှု အနည်းငယ် လျော့ကျသွား၏။ မူရုံရှဲ့၏ ပြီးခဲ့သော ပွဲစဉ်က စိတ်လှုပ်ရှားစရာ ကောင်းသော်လည်း ဟန်ယု၏ ပွဲကမူ... သိပ် မဟုတ်လှပေ။

သူ့တိုက်ပွဲများက လှည့်ကွက်များနှင့် အံ့အားသင့်စရာများဖြင့် ပြည့်နှက်နေပြီး ဖျော်ဖြေရေး သဘောအရ ကောင်းမွန်သော်လည်း ဗိုလ်လုပွဲ တက်ရောက်သူ တစ်ယောက် အနေဖြင့်မူ လူအများက သံသယ ဝင်နေကြသည်။

“ဟန်ယုက မူရုံရှဲ့ ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး... ဟိုကောင်လေးက အရမ်း သန်မာလွန်းတယ်...” တစ်ယောက်က တီးတိုး ပြောလိုက်သည်။

“ဟုတ်တယ်လေ... မကြားလိုက်ဘူးလား... သူက ခန္ဓာသန့်စင်ခြင်း အဆင့် ၁၁ တောင် ရောက်နေပြီတဲ့...”

“ဟန်ယု ကရော... သူက ဘယ်အဆင့် ရှိလဲ...” အခြားတစ်ယောက်က မေးလိုက်၏။

“ငါလည်း မသိဘူး... သူတို့ မပြောကြဘူး... အဆင့် ၉ လောက် ရှိမလား... ဒါမှမဟုတ် ၁၀ လား...”

သူတို့၏ ခန့်မှန်းချက်များ လွဲမှားနေသည်ကို သူတို့ မသိကြပေ။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ရန် မြေပုံ၊ သံလိုက်အိမ်မြှောင်နှင့် ဘုရားသခင်၏ လမ်းပြမှုပင် လိုအပ်မည့် အနေအထား ဖြစ်သည်။ ဟန်ယုက မူရုံရှဲ့အောက် ၄ ဆင့်တိတိ နိမ့်နေခြင်း ဖြစ်သည်။

အမှန်တရားကို သိထားကြသော ဂိုဏ်းသား အနည်းငယ်ကမူ ပြုံးနေကြသည်။ သူတို့အတွက်တော့ ဒီပွဲက မစခင် ကတည်းက ပြီးဆုံးနေပြီ ဖြစ်သည်။ ရိုးရိုးသားသား ပြောရလျှင် ဟန်ယု ဒီအဆင့်ထိ ရောက်လာခြင်းက ကြက်တစ်ကောင် သင်္ချာတွက်တတ်သည်ကို တွေ့လိုက်ရသကဲ့သို့ အံ့သြစရာ ကောင်းနေသည်။

အကြီးအကဲ နယ်ကျင်း ကိုယ်တိုင်ပင် ဒီပွဲကို စိတ်ထဲမှ လျှော့တွက်ထားလိုက်ပြီ ဖြစ်သည်။

‘ဒီကလေးမှာ တိုက်ခိုက်ရေး ဗီဇ ရှိတာတော့ သေချာပါတယ်...’ သူက မုတ်ဆိတ်ကို သပ်ရင်း တွေးလိုက်သည်။ ‘ဒါပေမဲ့ ဗီဇ သက်သက်နဲ့တော့ မူရုံရှဲ့ လို လေ့ကျင့်ထားတဲ့ ပါရမီရှင်ကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး... သူ လှည့်ကွက်တချို့ သုံးရင်တောင် လုံလောက်မှာ မဟုတ်ဘူး...’

အကြီးအကဲ အတွက်တော့ ဤပွဲက လုပ်ရိုးလုပ်စဉ် တစ်ခုသာ ဖြစ်သည်။ မိနစ် အနည်းငယ် စောင့်လိုက်လျှင် မျှော်လင့်ထားသည့် ရလဒ် ထွက်လာမည်သာ။ သူ လက်ခုပ်တီးလိုက်ရာ စင်မြင့်ပေါ်မှ ကွင်းငယ်များက ပေါင်းစပ်သွားပြီး လူကြီးလူကောင်းများ ထိုင်ရာ စင်မြင့်ရှေ့တည့်တည့်၌ ကွင်းပြင်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဟန်ယုက ပြောင်းလဲသွားသော ကွင်းပြင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ ဒီတစ်ခါတော့ အခြေအနေ မတူတော့ပေ။

‘ဒီတစ်ခါတော့ ငါ သဲ လုံးဝ သုံးလို့ မရတော့ဘူး...’ ဟန်ယု၏ နဖူးပေါ်တွင် ချွေးစက်များ သီးလာသည်။ ‘မူရုံရှဲ့ က ကောင်းရန် လို နှေးကွေးတဲ့ လူကောင်ကြီး မဟုတ်ဘူး... သူက မြန်တယ်၊ ပါးနပ်တယ်၊ ပြီးတော့ ဆရာ အတန်းလစ်တဲ့အချိန် ကျောင်းသားတွေ ဆရာလာမလာ ကြည့်တဲ့ တုံ့ပြန်မှုမျိုးထက်တောင် ပိုကောင်းနေဦးမယ်...’

အကယ်၍ သူသာ သဲနှင့်ပက်သည့် လှည့်ကွက်ကို ထပ်သုံးလိုက်လျှင်... အကြီးအကဲ ဒေါသထွက်လိမ့်မည်၊ ဂိုဏ်းသားများ ပေါက်ကွဲကြလိမ့်မည်၊ ပြီးတော့ ရွှီချင်... ရွှီချင်က သူ့လည်ပင်းကို ညှစ်သတ်ကောင်း သတ်ပစ်လိမ့်မည်။

အဲဒါက မကောင်းလှပေ။

သို့သော် ဟန်ယုတွင် လှည့်ကွက်များ ကုန်ဆုံးမသွားသေးပေ။ သူ အိတ်ကပ်ထဲမှ ပစ္စည်းလေး တစ်ခုကို စမ်းသပ် ကိုင်ကြည့်လိုက်ရာ သူ့လက်ချောင်းများကြားတွင် မာကျောသော အရာဝတ္ထု တစ်ခုကို ခံစားလိုက်ရသည်။

‘ငါ ဒါကို အရေးကြုံရင် သုံးဖို့ ယူလာတာ... ဒါပေမဲ့ တကယ် သုံးရမယ်လို့တော့ မထင်ထားခဲ့ဘူး... ဟူး... ပြဿနာတော့ တက်တော့မယ်... လက်ကိုင်ပုဝါ ယူလာဖို့လည်း မေ့သွားတယ်...’

သူ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီး သူ့လက်ကို အိတ်ကပ်ထဲသို့ လျှိုသွင်းကာ ထိုပစ္စည်းကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ ပစ်ထည့်ပြီး လျှာအောက်တွင် ဖျောက်ထားလိုက်၏။

‘သတိထားမှ...’ သူ ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်သည်။ ‘မှားပြီး မမျိုချမိစေနဲ့... အဲဒါမျိုး "အတွင်းဒဏ်ရာ" ရဖို့ ငါ စာရင်းမပေးထားဘူး...’

မိနစ်များ ကုန်ဆုံးသွားသည်။ နောက်ဆုံးပွဲ စတင်ရန် အချိန်ပိုင်းသာ လိုတော့သည်။ ဟန်ယုက မီးဖိုပိတ်ဖို့ မေ့ကျန်ခဲ့သည်ကို ရုတ်တရက် သတိရသွားသူ တစ်ယောက်လို ဂနာမငြိမ် ဖြစ်နေသည်။

“ကြောက်နေတာလား...” ရွှီချင်က မျက်ခုံးပင့်၍ မေးလိုက်သည်။

“ကြောက်တယ် ဟုတ်လား... ဘယ်သူက ကြောက်လို့လဲ... ငါတော့ လုံးဝ မကြောက်ဘူး...” ဟန်ယုက ကျားယောင်ဆောင်ထားသော ကြက်တစ်ကောင်လို ရင်ကို ကော့၍ ပြောလိုက်သည်။

“နင် ချွေးတွေ ထွက်နေတယ်လေ...”

“အဲဒါ ပူလို့ပါ...” ဟန်ယုက ဇွတ်ငြင်းလိုက်သည်။

ရွှီချင်က သူ့ကို ဘာမှမပြောလိုသော မျက်နှာဖြင့် ကြည့်လိုက်၏။ “အပူချိန်က ၁၅ ဒီဂရီပဲ ရှိတယ်... ပြီးတော့ အခုက ဆောင်းဦးရာသီ...”

“အာ... ငါ့မှာ ‘အတွင်းအပူ’ ရှိလို့ နေမှာပါ... ရှားပါး ရောဂါလေ... သွားရှာဖတ်ကြည့်...” ဟန်ယု ယောင်ရမ်းပြီး လျှောက်ပြောလိုက်သည်။

ထိုအချိန်တွင် မူရုံရှဲ့က မြင်းကျား၏ ဘယ်ခြေထောက်ကို အရင် ကိုက်စားရမလဲ ရွေးချယ်နေသော ခြင်္သေ့တစ်ကောင်လို ဟန်ယုကို အကဲခတ်နေသည်။

“ဟွန့်... မင်းရဲ့ လှည့်ကွက်လေးတွေ သုံးချင်ရင် သုံးလိုက်စမ်းပါ...” သူက ရေရွတ်လိုက်သည်။ “ဒီတစ်ခါတော့ မင်းရဲ့ ဘိုးဘေးတွေပါ တုန်လှုပ်သွားအောင် ရိုက်ပြမယ်...”

“ပထမနေရာက ငါ့အတွက်ပဲ...”

“ဖြေဆိုသူ ဟန်ယု နဲ့ မူရုံရှဲ့... ကွင်းထဲ ဝင်ကြ...” အကြီးအကဲ နယ်ကျင်း၏ အသံက လေထုထဲတွင် ကြာပွတ်တစ်ချောင်းလို ဖြတ်သန်းသွားသည်။

ဟူး...။

ဟန်ယု အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်ကို ငြိမ်အောင် ထိန်းလိုက်သည်။ အချိန်ကျပြီ။ ဂုဏ်ယူစွာ နိုင်မလား၊ အရှက်တကွဲ ရှုံးမလား ဆိုသည်ကို ဆုံးဖြတ်ရတော့မည်။

မူရုံရှဲ့က အောင်ပွဲခံ မိန့်ခွန်း ပြင်ဆင်ပြီးသား လူတစ်ယောက်၏ ယုံကြည်မှုမျိုးဖြင့် ရှေ့သို့ လှမ်းထွက်သွားသည်။

ကောင်လေး နှစ်ယောက် ကွင်းထဲတွင် မျက်နှာချင်းဆိုင် ရပ်လိုက်ကြရာ တင်းမာမှုများ မြင့်တက်လာသည်။

“ဒီတစ်ခါတော့ လေကြီးမိုးကြီး မပြောတော့ဘူးလား...” ဟန်ယု ငြိမ်နေသည်ကို မြင်သောအခါ မူရုံရှဲ့က လှောင်ပြောင်လိုက်သည်။

ဟန်ယုက လျှာအောက်မှ ပစ္စည်းကို မသိမသာ ပြင်လိုက်ပြီး ပြုံးလိုက်၏။

“ငါက ရှုံးမယ့်သူနဲ့ စကားပြောစရာ မလိုဘူး...”

“ဩော်... မင်း အိပ်မက်မက်နေတုန်းပဲလား...” မူရုံရှဲ့က နှာခေါင်းရှုံ့လိုက်သည်။

“ပြိုင်ပွဲ စမယ်...” အကြီးအကဲ နယ်ကျင်း အမိန့်ပေးလိုက်သည်။

အခန်း (၆၆) - ဟော့... ထွီး

ဟန်ယုက မူရုံရှဲ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ လောင်းကစားအကြွေး တင်နေသော ရှဉ့်တစ်ကောင်ကို ချောင်းမြောင်းနေသည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ မူရုံရှဲ့၏ လှုပ်ရှားမှုတိုင်း၊ ကြွက်သား လှုပ်ရှားမှုတိုင်းနှင့် အသက်ရှူသံတိုင်းကို စောင့်ကြည့်နေ၏။

မူရုံရှဲ့၏ လက်ချောင်းတစ်ချောင်း လှုပ်သွားသည်ကို မြင်လိုက်သည်နှင့် ဟန်ယု ညာဘက်သို့ ပစ်လှိမ့်လိုက်သည်။

ဝှစ်...။

မူရုံရှဲ့၏ လက်သီးက လေကိုသာ ထိုးမိလိုက်ပြီး ဟန်ယုမှာမူ ရည်မှန်းချက်ကြီးသော သစ်တုံးတစ်တုံးလို မြေကြီးပေါ်တွင် လှိမ့်နေပြီ ဖြစ်သည်။

“တီကောင်လို မြေကြီးပေါ် လှိမ့်နေတာပဲ... မင်းရဲ့ မူရင်းအတိုင်းပေါ့...” မူရုံရှဲ့က အထင်သေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ငှက်နှုတ်သီးထဲ ရောက်နေတဲ့ တီကောင် ဖြစ်တာထက်တော့ မြေကြီးပေါ်က တီကောင် ဖြစ်ရတာ ပိုကောင်းပါတယ်...”

ဟန်ယုက ပြန်လှန် အော်ပြောရင်း မတ်တတ်ပြန်ရပ်ကာ ဝတ်စုံပေါ်မှ ဖုန်များကို ဟန်ပါပါ ခါလိုက်သည်။

“မင်းရဲ့ လှည့်ကွက်တွေ ငါ့အပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး... တခြားသူတွေ သုံးတာ ငါမြင်ဖူးတယ်...” မူရုံရှဲ့က ဟိန်းဟောက်လိုက်ပြီး ဘဲလေးကချေသည် တစ်ယောက်၏ ကျော့ရှင်းမှု၊ ပုဆိန်တစ်လက်၏ ရည်ရွယ်ချက်တို့ဖြင့် ပြေးဝင်လာသည်။

ရွှပ်...။

သူက ပြေးဝင်လာရင်း ကိုယ်ကို လှည့်၍ လေထုကို ဓားစက်ဖြင့် ပိုင်းဖြတ်သကဲ့သို့ ခြေထောက်ဖြင့် ဝိုက်ကန်လိုက်သည်။

ဟန်ယု နောက်သို့ ခုန်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း တစ်ခဏလေး နောက်ကျသွားသည်။

ဘုန်း...။

“အင့်...” ဟန်ယု နံရိုးများကို ထိမှန်သွားသည်ကို ခံစားလိုက်ရပြီး ပါးစပ်ထဲတွင် ဖွက်ထားသော လျှို့ဝှက် ပစ္စည်းကို အန်ထွက်လုမတတ် ဖြစ်သွားသည်။

‘သူ သန်မာသားပဲ...’ ဟန်ယု မျက်နှာ ရှုံ့မဲ့သွားပြီး လူပြောများနေသည်မှာ အမှန်ပဲဟု နားလည်သွားသည်။

“မလဲသေးဘူးလား...” မူရုံရှဲ့ အနည်းငယ် အံ့အားသင့်သွားသည်။

သူ့ကန်ချက်တွင် အားကုန် မပါသော်လည်း သာမန် ကလေးတစ်ယောက်ကို အိပ်ရာဝင်ချိန် ရောက်သွားစေရန် လုံလောက်သည်။

“ယားတောင် ယားသေးတယ်...” ဟန်ယုက တုန်ရီနေသော လေသံဖြင့် ဟိတ်ဟန်ထုတ် ပြောလိုက်သော်လည်း သူ့ခန္ဓာကိုယ် အတွင်းပိုင်းတွင်မူ နာကျင်မှုကြောင့် အော်ဟစ်နေသည်။

“ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့...”

မူရုံရှဲ့က ကိုယ်ကို နှိမ့်ချလိုက်ပြီး ဖက်ထုပ် ၁၀ လုံးစာ အလေးချိန်နှင့် အငြိုးအတေးများ ပါဝင်သော လက်သီးဖြင့် ပင့်ထိုးလိုက်သည်။

“ဟား...” ဟန်ယု နောက်သို့ လှန်ချလိုက်ပြီး အရက်မူးနေသော ကြိုးကြာငှက်တစ်ကောင်လို ဟန်ချက်ထိန်းလိုက်ရသည်။

သရဲမျက်နှာရှင်၏ ရက်စက်သော သင်ကြားမှုများသာ မရှိခဲ့လျှင် သူ လဲကျသွားပြီး ဖြစ်ပေလိမ့်မည်။ ထိုလူကြီးက သူ့ကို အကြိမ်ပေါင်းများစွာ ရိုက်နှက်ခဲ့သဖြင့် ယခုအခါတွင် သူက ကြယ်ငါးပွင့် စားသောက်ဆိုင်မှ စားပွဲခုံ တစ်လုံးထက်ပင် ဟန်ချက် ပိုကောင်းနေပြီ ဖြစ်သည်။

“ဒါ ယူလိုက်...”

ဟန်ယုက လက်သီးဖြင့် ပြန်မထိုးဘဲ မူရုံရှဲ့၏ လက်မောင်းကို လေးစားမှု ကင်းမဲ့စွာဖြင့် အဘွားကြီးများ ရိုက်သကဲ့သို့ ရိုက်ချလိုက်သည်။

ဖြောင်း...။

အသံကျယ်ကြီး ထွက်ပေါ်လာသော်လည်း မူရုံရှဲ့က တွန့်ပင် မတွန့်သွားပေ။

မူရုံရှဲ့က ဟန်ယု၏ အရှိန်ကို အသုံးပြု၍ ဘယ်လက်သီးဖြင့် ထိုးနှက်လိုက်သည်။

ဘုန်း...။

ဟန်ယု ရင်ဘတ်တည့်တည့်ကို ထိမှန်သွားပြီး ညည်းညူရင်း နောက်သို့ ယိုင်နဲ့သွားသည်။

ခြေတစ်လှမ်း... နှစ်လှမ်း... သုံးလှမ်း... မဟုတ်သေးဘူး... သူ အချိန်မီ ဟန်ချက် ပြန်ထိန်းလိုက်နိုင်သည်။

ထိုအချိန်တွင် သူ့အပေါ်သို့ အရိပ်မည်းကြီး တစ်ခု ကျရောက်လာသည်ကို တွေ့လိုက်ရ၏။

“မဖြစ်ဘူး...”

မူရုံရှဲ့က လေထဲသို့ ခုန်တက်လိုက်ပြီး အကြမ်းဖက်မှု ဥက္ကာခဲ တစ်လုံးကဲ့သို့ ပြုတ်ကျလာသည်။

ရှောင်တိမ်းစရာ နေရာ မရှိတော့သဖြင့် ဟန်ယု တစ်ယောက် လုပ်နိုင်သည့် တစ်ခုတည်းသော အရာကို လုပ်လိုက်ရသည်။ ကာကွယ်ခြင်းပင်။

‘လာစမ်းပါ... သရဲမျက်နှာရှင်ရဲ့ ရိုက်ချက်တွေကိုတောင် ငါ ခံနိုင်ခဲ့တာ... ဒီကောင်လေးက အပျော့ပါ...’ ဟန်ယုက လက်နှစ်ဖက်ကို ဒိုင်းသဖွယ် မြှောက်ကာ အားယူလိုက်သည်။

ရွှစ်...။

တွင်းစွမ်းအင်များ သူ့လက်မောင်းများထဲသို့ စီးဝင်လာပြီး ခွန်အားကို မြှင့်တင်ပေးလိုက်သည်။

ဒုန်း...။

မူရုံရှဲ့၏ ခြေဖနောင့်က သစ်ပင်ကြီး တစ်ပင် ပြိုလဲကျသကဲ့သို့ သူ့လက်မောင်းများပေါ်သို့ ပြုတ်ကျလာသည်။

“အား...” ဟန်ယု အော်ဟစ်လိုက်သည်။ နာကျင်မှုများက သူ့လက်မောင်း တစ်လျှောက် တီးဝိုင်းတီးသကဲ့သို့ ပြန့်နှံ့သွားသည်။

သို့သော် သူ မလဲကျပေ။ အရိုးမကျိုးပေ။ ပြီးတော့ အရေးအကြီးဆုံးမှာ... ပါးစပ်ထဲမှ လျှို့ဝှက်လက်နက်ကို ထွေးမထုတ်မိခြင်းပင်။

မူရုံရှဲ့ မျက်ခုံးပင့်လိုက်သည်။ ‘အရိုးတောင် မကျိုးဘူးလား...’ သူ ရုတ်တရက် အံ့အားသင့်သွားသည်။

ဟန်ယု၏ နှုတ်ခမ်းများက မချိသွားဖြဲ အပြုံးဖြင့် ကွေးညွှတ်သွား၏။

“အကြွေးပြန်ဆပ်ဖို့ အချိန်တန်ပြီ...”

သူ ခြေထောက်များထဲသို့ စွမ်းအင် ပို့လွှတ်လိုက်ပြီး အစွမ်းကုန် ပင့်တင်လိုက်သည်။

ဝှစ်...။

မူရုံရှဲ့၏ ခြေထောက်က အပေါ်သို့ မြောက်တက်သွားပြီး ဟန်ချက်ပျက်သွားသည်။

သို့သော် ထိုကောင်လေးက အလွယ်တကူ လဲကျမည့်သူ မဟုတ်ချေ။ လေထဲတွင် ကိုယ်ကို လှည့်၍ မြေကြီးပေါ်တွင် ကျန်ရှိနေသော ခြေထောက်ကို အားပြုကာ ဘရိတ်ဒန့် ကနေသကဲ့သို့ တစ်စောင်း လည်ထွက်သွားသည်။

“ဝိုး...” ကလေးအုပ်ကြီး အာမေဋိတ် သံများ ထွက်ပေါ်လာသည်။

မူရုံရှဲ့က လက်ဖြင့် ထောက်၍ နောက်ပြန် ဂျွမ်းထိုးလိုက်ပြီး ဇာတ်တိုက်ထားသကဲ့သို့ လွယ်ကူစွာပင် မတ်တတ် ပြန်ရပ်လိုက်နိုင်သည်။

“ဟူး... ဟူး... ဟူး...” ဟန်ယု အသက်ပြင်းပြင်း ရှူနေရပြီး စွမ်းအင် ကုန်ခမ်းမှုကို ခံစားနေရသည်။

နောက်ဆုံး တိုက်ကွက် တစ်ခုတည်းနှင့်တင် သူ့တွင်းစွမ်းအင် လေးပုံတစ်ပုံခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သို့သော် သူက ထိရောက်သော တိုက်ကွက် တစ်ကွက်မှ မထိသေးပေ။

‘ဒီအတိုင်းဆို မဖြစ်တော့ဘူး... ငါ အနီးကပ် လိုတယ်... တကယ့်ကို အနီးကပ်...’

အဝေးကနေ ရှောင်တိမ်းနေရုံဖြင့် ကြာရှည်ခံမည် မဟုတ်သလို အလယ်အလတ် အကွာအဝေးက မူရုံရှဲ့ ကျင်လည်ရာ နေရာ ဖြစ်နေသည်။ ဟန်ယု လုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ မျက်နှာချင်းဆိုင် ထိပ်တိုက် တွေ့ခြင်းသာ။ အန္တရာယ် များလား... ဟုတ်သည်။ မိုက်မဲရာ ကျသလား... သေချာပေါက်ပါပဲ။ ဒါပေမဲ့ လိုအပ်လား... လိုအပ်သည်။

‘မိုးကြိုးနတ်ဘုရား လက်သီး... အားကုန်ထုတ်ပြီး သုံးမယ်... တစ်ချက်ထိရင် ရပြီ...’

သို့သော် စွမ်းအင် စုစည်းရန် စက္ကန့် အနည်းငယ် လိုအပ်သည်။ မူရုံရှဲ့သာ သူ့အနား ကပ်နေလျှင် အားယူရန် အချိန်ရမည် မဟုတ်ပေ။

ထိုအချိန်တွင် စိတ်ကူးဉာဏ်... သို့မဟုတ် ရူးသွပ်မှု တစ်ခု သူ့ခေါင်းထဲ ဝင်လာသည်။

သူက မူရုံရှဲ့ထံသို့ သွားဖြဲကြီးဖြင့် ပြေးဝင်သွားသည်။ မှားယွင်းသော ဆုံးဖြတ်ချက်များဖြင့် ပေါက်ကွဲပစ်လိုက်တော့မည့် သူတစ်ယောက်ကဲ့သို့ပင်။

“မင်းရဲ့ သေလမ်းကို ပြေးလာတာပဲ...” မူရုံရှဲ့က ပြုံးလိုက်ပြီး လက်သီးကို နောက်သို့ ဆွဲလိုက်သည်။

“တားမြစ်ထားသော လမ်းဘေးသိုင်းကွက် နံပါတ် ၈ - အိတ်ကပ်ထဲမှ သဲ...” ဟန်ယု အော်ဟစ်လိုက်သည်။

မူရုံရှဲ့ တောင့်တင်းသွားပြီး ခေတ္တမျှ သတိထားလိုက်သည်။

သို့သော် သဲများ ထွက်မလာပေ။

အစားထိုး အနေဖြင့် ဟန်ယုက သူ့ရှေ့တည့်တည့်သို့ ရောက်လာပြီး မူရုံရှဲ့ ခေါင်းလိမ်းဆီ ဘာအမျိုးအစား သုံးထားသလဲ ဆိုသည်ကိုပင် အနံ့ရလောက်အောင် နီးကပ်သွားသည်။

“မင်း...” မူရုံရှဲ့က ဟန်ယု၏ လက်မောင်းကို ညှပ်ဖမ်းလိုက်သည်။ “မင်းကို ငါ မိပြီ...”

“မဟုတ်ဘူး... ငါက မင်းကို မိတာ...” ဟန်ယုက မကောင်းဆိုးဝါး လေသံဖြင့် တီးတိုး ပြောလိုက်သည်။

ထို့နောက် သူ့လျှာအောက်တွင် ဝှက်ထားသော ပစ္စည်းကို ကိုက်ချလိုက်၏။

သူ့မျက်လုံးများ နီရဲသွားသည်။ ဥပမာ ပြောခြင်း မဟုတ်... တကယ်ကို နီရဲသွားခြင်း ဖြစ်သည်။

“ငါ့ရဲ့ ဟော့... ထွီး... ကို ယူလိုက်...”

သူ ထွေးထုတ်လိုက်သည်။ အားကုန်ထုတ်၍... မူရုံရှဲ့၏ မျက်နှာတည့်တည့်သို့...။

ဗြစ်...။

မူရုံရှဲ့၏ ကမ္ဘာကြီးမှာ မီးပင်လယ် ဖြစ်သွားတော့သည်။

“အား... ငါ့မျက်လုံးတွေ... ပူလိုက်တာ...” သူ အော်ဟစ်လိုက်သည်။

“ဟားဟား...” ဟန်ယုက လက်ညှိုးထိုး၍ ရယ်မောလိုက်သည်။ “အူလမ်းကြောင်းလောင်ကျွမ်း ငရုတ်သီး ရဲ့ စွမ်းပကားကို ခံစားလိုက်စမ်း...”

ဟန်ယုက ဤကဲ့သို့သော အချိန်မျိုးအတွက် အထူး ပြင်ဆင်ထားခြင်း ဖြစ်သည်။ သူ ကိုယ်တိုင်လည်း ထိခိုက်နိုင်သဖြင့် တကယ် သုံးရလိမ့်မည်ဟု မထင်ထားခဲ့သော်လည်း ဤစွန့်စားမှုကို သူ မဖြစ်မနေ လုပ်ရမည် ဖြစ်သည်။ သူ စပ်သော အစားအစာများကို ကြိုက်နှစ်သက်သော်လည်း အူလမ်းကြောင်းလောင်ကျွမ်း ငရုတ်သီး ကတော့ သူတောင် ကြာကြာ မခံနိုင်သော အရာဖြစ်သည်။

ငရုတ်သီး၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မကြာခင် အိမ်သာ ပြေးရတော့မည်ကို သူ သိသည်။

ပရိသတ်များ အားလုံး အာမေဋိတ်သံများ ထွက်ပေါ်လာကြသည်။ ရွှီချင်မှာ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်သဖြင့် အသံပင် မြည်သွား၏။

မူရုံရှဲ့ ဒူးထောက်ကျသွားပြီး ထိတ်လန့်တကြားဖြင့် မျက်လုံးများကို ပွတ်သပ်နေသည်။

ဟန်ယု နောက်သို့ ခြေလှမ်းဆုတ်လိုက်ပြီး သူ့လက်သီးထဲတွင် စွမ်းအင်များကို စုစည်းလိုက်သည်။

“တစ်ချက်တည်း... အခွင့်အရေး တစ်ကြိမ်တည်း...”

သူ အားယူလိုက်ရာ သူ့လက်မောင်းတဝိုက်တွင် လေထုများ တဖျစ်ဖျစ် မြည်လာသည်။

“ဒါက ငါ့နံရိုးတွေအတွက်၊ ငါ့မာနအတွက်၊ ပြီးတော့ ငါ့ကလီစာတွေ အတွက်...”

သူ ပြေးဝင်သွားပြီး...

All Chapters