အခန်း (၆၉-၇၀)
Vol. 7 Ch. 69-70
အခန်း (၆၉) - ပါရမီ အကဲဖြတ်ခြင်း
ရွှီချင် ကျေနပ်သွားရန် ၁၀ မိနစ်ခန့် ကြာမြင့်ခဲ့သည်။ ဟန်ယု၏ မျက်နှာ တစ်ခုလုံး ညိုမဲစွဲသွားပြီး မျက်လုံးတစ်ဖက်က ပန်ဒါဝက်ဝံလို ဖြစ်သွားကာ ခေါင်းပေါ်တွင် ဖုသီးပေါင်းများစွာ ထွက်လာသည်။
ကံကောင်းသည်မှာ အမြဲတမ်း အသင့်ရှိနေသော ဆေးကုသရေး ဂိုဏ်းသားက အနားတွင် ရှိနေပြီး ဤကဲ့သို့ အခြေအနေမျိုးကို ကျင့်သားရနေသကဲ့သို့ ဟန်ယုကို ကုသပေးလိုက်သည်။ မကြာခင်မှာပင် နာကျင်မှု အနည်းငယ်နှင့် ရံဖန်ရံခါ ကြွက်သားဆွဲခြင်းမှ လွဲ၍ ဟန်ယု ပကတိအတိုင်း ပြန်ဖြစ်သွားသည်။
‘ဒီမိန်းမက အကြီးအကဲ နယ်ကျင်း ထက် ပိုကြောက်စရာ ကောင်းတာပဲ...’
ဟန်ယု တိတ်တဆိတ် တွေးလိုက်ပြီး မဖြစ်မနေ အခြေအနေမှ လွဲ၍ ရွှီချင်နှင့် ဘယ်တော့မှ ထပ်ပြဿနာ မရှာတော့ဟု ကျိန်ဆိုလိုက်သည်။ ဥပမာ... ကမ္ဘာကြီး ပျက်တော့မည့် အချိန်မျိုးပေါ့။
“ဟွန့်...”
ရွှီချင်က လက်ပိုက်ရင်း လျှော့ဈေးချထားသော မမ်မီရုပ်လို ပတ်တီးစီးထားသည့် ဟန်ယုကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
သူမ နောက်ထပ် တစ်ချီလောက် ထပ်ရိုက်ချင်သေးသော်လည်း အချိန်မရှိတော့ပေ။ ဖြေဆိုသူများကို ပါရမီ အကဲဖြတ်ခြင်း စတင်တော့မည် ဖြစ်သည်။ ၎င်းက အလေးအနက်ထားရမည့် ကိစ္စပင်။
ဟန်ယု အတွက် သက်သက် မဟုတ်ဘဲ ရွှီချင် အတွက်လည်း အရေးကြီးသည်။ ဖြေဆိုသူ တစ်ယောက်၏ တကယ့် တန်ဖိုးကို ဤနေရာတွင် ဖော်ထုတ်ရမည် ဖြစ်ပြီး ရလဒ်အပေါ် မူတည်၍ သူမကဲ့သို့ အတွင်းစည်း ဂိုဏ်းသားများက ထိုက်တန်သော ကောင်းမှုကုသိုလ်မှတ်များ ရရှိမည် ဖြစ်သည်။
ကောင်းမှုကုသိုလ်မှတ်များက ဂိုဏ်းအတွင်း၌ တရားဝင် ငွေကြေးသဖွယ် ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများကို သာမန် ဈေးကွက်တွင် အသုံးပြုကြသော်လည်း အဆင့်မြင့် ဆေးလုံးများ၊ လက်နက်များ (သို့မဟုတ်) အလင်းရောင် ကောင်းကောင်းရသော အဂ္ဂိရတ် ခန်းမကို ငှားရမ်းခြင်း ကဲ့သို့သော အရေးကြီး ကိစ္စများတွင် ကောင်းမှုကုသိုလ်မှတ်များကသာ အရာရောက်သည်။
၎င်းတို့ကို အသုံးပြု၍ အကြီးအကဲများ၏ လမ်းညွှန်မှု၊ သီးသန့် ကျင့်စဉ်များ၊ စိတ်ကြိုက် လက်နက်များ နှင့် ရှားပါး ဆေးလုံးများကို လဲလှယ်နိုင်သည်။
ရွှီချင်က ထိုအမှတ်များကို အသည်းအသန် လိုအပ်နေသည်။ သူမ၏ ကျင့်စဉ်အဆင့်က ပိတ်ဆို့နေပြီး ကတ္တရာစေးအိုင်ထဲ ကျနေသော လိပ်တစ်ကောင်လို တိုးတက်မှု နှေးကွေးနေသည်။ အဆင့်ချိုးဖျက်ဆေးလုံးက အထောက်အကူ ပြုနိုင်သော်လည်း ဈေးမပေါချေ။ ပြီးတော့ ပြီးခဲ့တဲ့ တစ်ခါလိုမျိုး သူမ ထပ်မဖြစ်ချင်တော့။
‘ငါ့ဂိုဏ်းတူ မောင်လေး တစ်ယောက်ကို ငါ့ရဲ့ စီနီယာ အဖြစ်ပြောင်းသွားတာမျိုး အဖြစ်မခံနိုင်ဘူး...’ သူမ သန္နိဋ္ဌာန် ချလိုက်သည်။ သူမ၏ မျက်လုံးများတွင် စိတ်ဓာတ်ခိုင်မာမှုနှင့် စိတ်ဒဏ်ရာ အနည်းငယ် ရောပြွန်းနေ၏။
ဟန်ယုကမူ နာကျင်မှုရော စိတ်ဒဏ်ရာပါ ပျောက်ကင်းသွားပြီ ဖြစ်သည်။
“ဟေး... တိုက်ခိုက်ရေး အကဲဖြတ်မှုအတွက် ဆုတွေ ဘယ်တော့ရမှာလဲ...” သူက လွန်ခဲ့တဲ့ ၁၀ မိနစ်က အရိုက်ခံထားရသည်ကို မေ့နေသူ တစ်ယောက်၏ ယုံကြည်မှုမျိုးဖြင့် မေးစေ့ကို ပွတ်ရင်း မေးလိုက်သည်။ “ငါက ပထမ ရတာဆိုတော့ မိုက်တာ တစ်ခုခု ရသင့်တယ် မလား... ရွှေ၊ ဝိညာဉ်ကျောက်တုံး၊ ဆေးဖက်ဝင် အပင်၊ ဆေးလုံး... ဒါမှမဟုတ် လျှို့ဝှက် အမွေအနှစ် တစ်ခုခုများလား...”
ရွှီချင်က နို့ကို ဒိန်ချဉ် ဖြစ်သွားစေနိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “အဲဒါက ပါရမီ စစ်ဆေးပြီးမှ ရမှာ... နင့်ရလဒ်ပေါ် မူတည်ပြီး ထပ်ဆောင်း ဆုကြေးလည်း ပေးဦးမယ်... အဲဒီတော့ ဆုနှစ်ခုလုံး အတူတူ ပေးလိမ့်မယ်...”
“ဪ... နားလည်ပြီ...” ဟန်ယု ခေါင်းညိတ်လိုက်ပြီး ကျေနပ်သွားသည်။ “စိတ်ပူစရာ မလိုပါဘူး... ငါ ထပ်ပြီး ထိပ်ဆုံး ရောက်ဦးမှာ သေချာတယ်... ငါ ဟန်ယု က သာမန် လူတန်းစားတွေနဲ့ မှားစရာ အကြောင်း မရှိဘူး...”
“အား...” ရွှီချင် မျက်နှာ ရှုံ့မဲ့သွားသည်။ “ကျေးဇူးပြုပြီး တစ်ယောက်ယောက် သူ့အသံကို ပိတ်ပေးကြပါ...”
ဒေါင်...။
ကောင်းကင်ဘုံကပင် သူတို့ စကားဝိုင်းကို ငြီးငွေ့သွားသည့်နှယ် ကျယ်လောင်သော ခေါင်းလောင်းသံ တစ်ခု ဂိုဏ်းအတွင်း ပဲ့တင်ထပ်သွားသည်။
“ဂိုဏ်းသားတွေ နဲ့ ဖြေဆိုသူတွေ အားလုံး စုရပ်ကို လာခဲ့ကြ...”
အကြီးအကဲ နယ်ကျင်း၏ မိုးချိမ်းသံကဲ့သို့ အသံကြီး ထွက်ပေါ်လာသည်။
“နောက်ဆုံးတော့...” ရွှီချင် ရေရွတ်လိုက်ပြီး ယုံကြည်မှု လွန်ကဲနေသော အာလူးအိတ် တစ်လုံးကို ဆွဲသကဲ့သို့ ဟန်ယု၏ လက်ကောက်ဝတ်ကို ဆွဲ၍ ခေါ်သွားတော့သည်။
“ဟေး... ငါ လမ်းလျှောက်တတ်ပါတယ်...”
ဟန်ယု ကန့်ကွက်လိုက်ပြီး ရုန်းကန်လိုက်သည်။
ရွှီချင်က သူ့ကို လစ်လျူရှုထားလိုက်သည်။ သူမ၏ ဆုပ်ကိုင်ထားမှုက သံမဏိ ညှပ်ကဲ့သို့ ခိုင်မြဲနေ၏။ မကြာခင်မှာပင် အခြား အတွင်းစည်း ဂိုဏ်းသားများနှင့် စိတ်လှုပ်ရှားနေသော ဖြေဆိုသူများ စုဝေးရာ ဗဟို စင်မြင့်သို့ ရောက်ရှိသွားကြသည်။
၁၀ မိနစ် မပြည့်ခင်မှာပင် လူအုပ်ကြီး စုဝေး ရောက်ရှိလာသည်။ အကြီးအကဲ နယ်ကျင်းက သူတို့ရှေ့တွင် ရပ်နေပြီး လေထုကိုပင် စည်းကမ်း ရှိသွားစေလောက်သော အာဏာစက် ဖြန့်ကျက်ထားသည်။
“ဂိုဏ်းသားတွေက လုပ်ငန်းစဉ်ကို သိပြီးသား ဖြစ်မယ်...” သူက ရှင်းလင်း ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ “ဒါပေမဲ့ ဖြေဆိုသူ အသစ်တွေအတွက် ငါ ရှင်းပြမယ်...”
“အကြီးအကဲရဲ့ လမ်းညွှန်မှုကို ခံယူပါရစေ...”
ရွှီချင် အပါအဝင် ဂိုဏ်းသားများက ပြိုင်တူ ဖြေလိုက်ကြရာ ဘာသာရေး ဂိုဏ်းတစ်ခုလို ထပ်တူညီစွာ ထွက်ပေါ်လာသည်။
အကြီးအကဲက သဘောကျစွာ ခေါင်းညိတ်လိုက်ပြီး သူ့နောက်ရှိ ၅ မီတာ မြင့်သော ကျောက်တိုင်ကြီးနှင့် ခမ်းနားသော ပလ္လင်ပေါ်တွင် တင်ထားသည့် တောက်ပနေသော သလင်းကျောက်ကို ညွှန်ပြလိုက်သည်။
“ဒါက ဂိုဏ်းရဲ့ ပါရမီရှာဖွေရေး ကျောက်တိုင် ပဲ... သူ့အောက်မှာ ရှိတာက ပါရမီစစ်ဆေးရေး သလင်းကျောက်... ဒီ ရှေးဟောင်း ပစ္စည်းတွေက ဂိုဏ်းရဲ့ ရတနာတွေ ဖြစ်ပြီး ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ အမွေအနှစ်တွေပဲ... ကောင်းကောင်း လေးစားကြ...”
ကလေးများက မျက်လုံး ပြူးကျယ်လျက် ကြည့်နေကြသည်။ အချို့က စိတ်ဝင်စားနေကြပြီး အချို့က ကြောက်လန့်နေကြသည်။ ကလေးတစ်ယောက် ဆိုလျှင် ထွက်ပြေးတော့မည့်ပုံ ပေါက်နေသည်။
“မင်းတို့ တိုက်ခိုက်ရေး အကဲဖြတ်မှု ရလဒ်ရဲ့ ပြောင်းပြန် အစီအစဉ်အတိုင်း တစ်ယောက်ချင်းစီ စင်မြင့်ပေါ် တက်လာရမယ်... အနိမ့်ဆုံး ကနေ အမြင့်ဆုံး အထိ... “
ကလေးတစ်ယောက်ချင်းစီ၏ အကြည့်က ဟန်ယု အပေါ် ခေတ္တ ကျရောက်သွားသည်။ နေသာသော နေ့တွင် တိမ်တိုက် တစ်ခု ဖြတ်သွားသကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်မှု အရိပ်အယောင် တစ်ခု သူ့မျက်နှာပေါ်တွင် ဖြတ်သန်းသွား၏။
“မင်းတို့ ပါရမီစစ်ဆေးရေး သလင်းကျောက် ရဲ့ အချွန်ကို ထိပြီး သွေးဖောက်ရမယ်... ဒီသွေးက မင်းတို့ရဲ့ ဝိညာဉ် အလားအလာကို နှိုးဆွပေးပြီး ကျောက်တိုင်က မင်းတို့ရဲ့ ပါရမီ အဆင့်ကို ပြသလိမ့်မယ်...”
အကြီးအကဲက ကျောက်တိုင်ကို ညွှန်ပြလိုက်သည်။
“အသိအမှတ်ပြုထားတဲ့ အဆင့် ၇ ဆင့် ရှိတယ်... အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ အပြာ၊ မဲနယ် နဲ့ ခရမ်း... အနီရောင်က အနိမ့်ဆုံး ဖြစ်ပြီး လယ်စိုက်ဖို့ စဉ်းစားသင့်တယ် ဆိုတဲ့ သဘောပဲ... ခရမ်းရောင်က အမြင့်ဆုံး ဖြစ်ပြီး ကျော်ကြားမှု၊ အာဏာ နဲ့ လက်ထပ်ခွင့် တောင်းခံမှုတွေနဲ့ ရှုပ်ထွေးရမယ့် အနာဂတ်ကို ပြသတယ်...”
ဟန်ယု တစ်ယောက် သူကောင်းမျိုး နွယ်ဖွား အမျိုးသမီးလေးများ လိုက်လံ ပိုးပန်းခံရသည်ကို စိတ်ကူးယဉ်နေပြီ ဖြစ်သည်။
“အပြင်စည်း ဂိုဏ်းသား အဖြစ် အရည်အချင်း ပြည့်မီဖို့ အနည်းဆုံး လိမ္မော်ရောင် ပါရမီ ရှိရမယ်... အဲဒီအောက် နိမ့်တဲ့ သူတွေကတော့ ဂိုဏ်းကို ‘တစ်ခြား နည်းလမ်းတွေ’ နဲ့ အကျိုးပြုဖို့ပဲ ရွေးချယ်ခွင့် ရှိမယ်...”
ကလေးအချို့ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်ကုန်ကြသည်။
“ဒါပေမဲ့...” အကြီးအကဲက ခပ်ရေးရေး ပြုံးလိုက်သည်။ “မင်းတို့ ထွက်သွားချင်ရင် လွတ်လပ်စွာ ထွက်သွားလို့ ရတယ်... ဒါပေမဲ့ သိထားဖို့က အခု ထွက်သွားတာနဲ့ ဂိုဏ်းဝင်ဖို့ တစ်ခုတည်းသော အခွင့်အရေးကို စွန့်လွှတ်လိုက်တာပဲ... ထာဝရပေါ့...”
လေထု လေးလံသွားသည်။ ဖြေဆိုသူများကြားတွင် လေးနက်သော တိတ်ဆိတ်မှု ကျရောက်သွား၏။
ဟန်ယုက လုံးဝ ဂရုမစိုက်ဘဲ ရွှီချင် ဘက်သို့ ကိုင်းလိုက်သည်။ “ငါ ဘယ်လောက် ရမလဲ နင် ဘယ်လိုထင်လဲ... ခရမ်းရောင် မလား... ငါက လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင် ပုံစံ ပေါက်တယ် မဟုတ်လား...”
ရွှီချင်က သူ့ကို ထပ်ရိုက်ရမလား စဉ်းစားနေသည့် ပုံစံဖြင့် ကြည့်လိုက်သည်။
“ငါ ကျိန်ပြောရဲတယ်... ကျောက်တိုင်ကြီးသာ နင့်ရဲ့ စိတ်ကူးယဉ်မှု လွန်ကဲလို့ ကွဲသွားရင် ငါ လျော်မပေးဘူးနော်...”
ထို့နောက် ပါရမီ အကဲဖြတ်ခြင်း စတင်လေတော့သည်။
အခန်း (၇၀) - ပါရမီ အဆင့်များ
ကလေးများ အားလုံး အကြီးအကဲကို ကြည့်ရင်း နောက်ထပ် စကားကို စောင့်မျှော်နေကြသဖြင့် အတော်လေး စိုးရိမ်နေကြသည်။
“ကဲ... လုပ်ငန်းစဉ် စကြမယ်...” အကြီးအကဲ နယ်ကျင်းက ကြေညာပြီး ကျောက်စိမ်းပြား တစ်ခုကို ကောက်ယူလိုက်သည်။
သူ့လက်ထဲတွင် ခေတ္တ ကိုင်ထားပြီး အတွင်းမှ နာမည်များကို ဖတ်ရှုလိုက်၏။
“ပထမဆုံး အကဲဖြတ်ခံရမည့် ဖြေဆိုသူက... ဂျွန်ရို...” အကြီးအကဲ ကြေညာလိုက်သည်။
“ရှေ့ထွက်ခဲ့...”
“သွား...” ဂျွန်ရို ကို ခေါ်လာသည့် အတွင်းစည်း ဂိုဏ်းသားက ညင်သာစွာ တွန်းပို့လိုက်သည်။
၁၄ နှစ် အရွယ် ရှက်ရွံ့နေပုံရသည့် ကောင်လေးက စင်မြင့်ဆီသို့ ဂရုတစိုက် လျှောက်သွားသည်။ သဲကန္တာရထဲ ပိတ်မိနေသူလို ချွေးများ ထွက်နေပြီး နေပူထဲ ပစ်ထားသော ဂျယ်လီတုံးလို ခြေထောက်များ တုန်ရီနေသည်။ အကယ်၍ သူ ခံစားနေရသော ဖိအားက ထွက်ပြေးချင်စိတ်ထက် မများပါက ဂိုဏ်း၏ တစ်ဝက်လောက် အရောက် ထွက်ပြေးပြီး ဖြစ်ပေလိမ့်မည်။
တစ်လှမ်း... နှစ်လှမ်း... သုံးလှမ်း...
ကောင်လေး စင်မြင့်ပေါ် တက်သွားပြီး မိုးမျှော်နေသော ပါရမီရှာဖွေရေး ကျောက်တိုင် ရှေ့တွင် ရပ်လိုက်သည်။
“သွေးဖောက်လိုက်...” အကြီးအကဲ ညွှန်ကြားလိုက်သည်။
ဂလု...။
ဂျွန်ရိုက သူ့ခန္ဓာကိုယ် သေးသေးလေးထဲမှ ရှိရှိသမျှ သတ္တိကို စုစည်းလိုက်ပြီး တုန်ရီနေသော လက်ညှိုးကို ဆန့်ထုတ်ကာ ပါရမီစစ်ဆေးရေး သလင်းကျောက် ၏ အချွန်နှင့် ထိလိုက်သည်။
“အား... နာတယ်...” သူ တွန့်သွားပြီး အော်လိုက်သည်။ မျက်ရည်မကျအောင် အစွမ်းကုန် ထိန်းထားသော်လည်း သူ့မျက်နှာထားက ငိုချလိုက်ရန် အဆင်သင့် ဖြစ်နေသည်။
တောက်...။
သွေးတစ်စက် သူ့လက်ညှိုးမှ ကျဆင်းလာပြီး သလင်းကျောက်ပေါ်သို့ ညင်သာစွာ ကျရောက်သွားသည်။
ရွှပ်...။
ပါရမီစစ်ဆေးရေး သလင်းကျောက် ချက်ချင်း တောက်ပလာပြီး ပါရမီရှာဖွေရေး ကျောက်တိုင် စတင် လှုပ်ရှားလာသည်။
ဝေါ...။
တစ်ခဏ ကြာသောအခါ ကျောက်တိုင် တောက်ပလာသည်။
“အနီရောင်... ကြည့်... အနီရောင်ပဲ...” အခြား ဖြေဆိုသူများ အော်ဟစ်လိုက်ကြသည်။
“အာ... ဆိုးလိုက်တာ... တစ်ယောက်ယောက်တော့ ကြမ်းတိုက်ရတော့မယ် ထင်တယ်...” အပြင်စည်း ဂိုဏ်းသား တစ်ယောက် တီးတိုး ရေရွတ်လိုက်သည်။
“နေဦး... မပြီးသေးဘူး ဖြစ်နိုင်တယ်...” အခြား ဂိုဏ်းသား တစ်ယောက်က ငြင်းလိုက်သည်။
ဝေါ...။
ပြောရင်းဆိုရင်းနှင့် ၅ စက္ကန့်ခန့် အကြာတွင် အခြား အရောင်တစ်ခု ထွက်ပေါ်လာသည်။
“လိမ္မော်ရောင်...” ဂျွန်ရိုကို ခေါ်လာသည့် အတွင်းစည်း ဂိုဏ်းသားက ကောင်လေးထက် ပို၍ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ကောင်လေး တစ်သက်လုံး အိမ်သာဆေးရမည့် ဘဝ ရောက်သွားမည်ကို စိုးရိမ်ပြီး သူ ကိုယ်တိုင်လည်း ချွေးပြန်နေခဲ့ခြင်း ဖြစ်သည်။
အကြီးအကဲက ကျောက်တိုင်ကို သေချာ ကြည့်ရှုပြီး အခြား အရောင် ပေါ်လာမလား စောင့်ကြည့်လိုက်သည်။ သို့သော် အရောင်က ငြိမ်သက်သွား၏။
“ဂျွန်ရို... လိမ္မော်ရောင် အဆင့် ပါရမီ... အောင်မြင်တယ်...” အကြီးအကဲ နယ်ကျင်း ကြေညာလိုက်သည်။
“ကျွန်တော် အောင်တယ်... ကျွန်တော် အောင်ပြီ...” ဂျွန်ရို ပျော်ရွှင်မှု လှိုင်းလုံးများ လွှမ်းခြုံသွားသကဲ့သို့ အော်ဟစ်လိုက်သည်။
“ဂျူနီယာ အကြီးအကဲဆီက ဆုတွေ ယူပြီး ဘေးမှာ သွားနေ...” အကြီးအကဲ နယ်ကျင်း ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ အကြီးအကဲ...” ဂျွန်ရိုက ဂျူနီယာ အကြီးအကဲထံသို့ ခုန်ပေါက်ပြီး သွားလိုက်သည်။
ဂျူနီယာ အကြီးအကဲမှာ အသက် ၃၀ အရွယ်ခန့် ရှိပြီး ဉာဏ်ပညာကြီးမားသော သစ်ပင်ကြီး တစ်ပင် ဖြစ်လာတော့မည့် ငွေရောင်ဆံပင်နှင့် အကြီးအကဲ နယ်ကျင်း ဘေးတွင် အလွန်ပင် ငယ်ရွယ် နုပျိုနေပုံ ပေါက်သည်။
“ဂျွန်ရို... မင်း ဝိညာဉ်ကျောက်တုံး ၁၀ တုံး၊ ဝိညာဉ်ချီ အားဖြည့်ဆေးလုံး ၁ လုံး နဲ့ ဂိုဏ်းဝတ်စုံ ရရှိမယ်...” ဂျူနီယာ အကြီးအကဲက အိတ်ငယ်လေး တစ်လုံး ကမ်းပေးရင်း ပြောလိုက်သည်။
“ကျေး... ကျေးဇူးတင်ပါတယ် အကြီးအကဲ...” ဂျွန်ရိုက စကားထစ်ငေါ့စွာဖြင့် ပြောပြီး အဆင်မပြေစွာ ဦးညွှတ်လိုက်သည်။
“ဟိုနားမှာ သွားရပ်နေ...” ဂျူနီယာ အကြီးအကဲက သတ်မှတ်ထားသော နေရာကို ညွှန်ပြလိုက်သည်။
ကောင်လေးက မျက်နှာတွင် အပြုံးကြီး တပ်ဆင်လျက် ပြေးသွားသည်။ လက်ညှိုးမှ အပေါက်လေးကိုပင် သတိမရတော့ပေ။
“နောက်တစ်ယောက်... လင်းထန်...” အကြီးအကဲ ခေါ်လိုက်သည်။
အရပ်ပိုရှည်သော အသက် ၁၆ နှစ် အရွယ် ကောင်လေး တစ်ယောက် ယုံကြည်မှု ရှိချင်ယောင်ဆောင်ပြီး တက်လာသည်။
“ညွှန်ကြားချက်တွေ သိတယ်မလား...” အကြီးအကဲ နယ်ကျင်းက ထပ်ခါတလဲလဲ ပြောရသည်ကို ငြီးငွေ့နေပြီ ဖြစ်သည်။
“ဟုတ်ကဲ့...” လင်းထန် ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်ချင်ယောင်ဆောင်ကာ လက်ညှိုးကို ဖောက်လိုက်သည်။
ရွှပ်...။
သလင်းကျောက် တောက်ပလာသည်။ ကျောက်တိုင် တုံ့ပြန်လိုက်သည်။
ဝေါ...။
အနီရောင် လက်ခနဲ ပေါ်လာသည်။
လူတိုင်း အသက်အောင့်လျက် စောင့်ကြည့်နေကြသည်။ အဆင့်တက်လာမလား မျှော်လင့်နေကြ၏။
၅ စက္ကန့်...
၁၀ စက္ကန့်...
ဘာမှ မထူးခြားပေ။
လင်းထန်၏ မျှော်လင့်ချက် မျက်နှာထားမှာ ရေစိုနေသော ဖက်ထုပ်တစ်လုံးလို ညှိုးငယ်သွားသည်။
“လင်းထန်... ကျရှုံးတယ်...” အကြီးအကဲက ကျောက်နံရံ တစ်ခုကဲ့သို့ အေးစက်စွာ ပြောလိုက်သည်။ “မင်း အစေခံ လုပ်မလား၊ အိမ်ပြန်မလား ရွေးချယ်လို့ ရတယ်...”
“ကျွန်တော်... ကျွန်တော် အစေခံ လုပ်ပါ့မယ်...” နာကျင်စွာ တိတ်ဆိတ်သွားပြီးနောက် ကောင်လေး ဖြေလိုက်သည်။
“မင်းရဲ့ လမ်းပြဆီ ပြန်သွား... အကဲဖြတ်ပွဲ ပြီးရင် ညွှန်ကြားချက်တွေ ထပ်ပေးလိမ့်မယ်...”
“ဟုတ်.. ဟုတ်ကဲ့...”
လင်းထန်က မျက်ရည်များကို ထိန်းရင်း သူ့နေရာသို့ ပြန်သွားသည်။
အဖြစ်အပျက် အားလုံးကို ကြည့်ရင်း ဟန်ယု ကျောချမ်းသွားသည်။
‘ငါ အဲဒီလို မဖြစ်စေရဘူး...’ သူ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။ ‘အိမ်သာဆေးရမယ့် အလုပ်တော့ အလုပ်မခံနိုင်ဘူး...’
“နောက်တစ်ယောက်... ဖုန်စုရန်...”
ရွှပ်...။
နောက်ထပ် လိမ္မော်ရောင် အဆင့် ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာသည်။
“ဖုန်စုရန်... အောင်မြင်တယ်...” အကြီးအကဲ အတည်ပြုလိုက်ရာ ကောင်လေး စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်သည်။ သူ ဆုကို အမြန်ယူပြီး စောင့်ဆိုင်းရာ နေရာသို့ သွားလိုက်သည်။
ဖြေဆိုသူ အများအပြား တက်လာကြသည်။ အများစုက လိမ္မော်ရောင် အဆင့်သာ ရရှိကြပြီး ၎င်းမှာ “မဆိုးဘူး၊ ဒါပေမဲ့ ဘဝင်မမြင့်နဲ့” ဟူသော သဘော ဖြစ်သည်။
သို့သော် အနီရောင် အဆင့်များလည်း ဟိုတစ်ယောက် ဒီတစ်ယောက် ပါဝင်နေသဖြင့် တိုက်ခိုက်ရေး စွမ်းရည် သက်သက်ဖြင့် ပါရမီကို အာမ,မခံနိုင်ကြောင်း သက်သေပြနေသည်။
မိနစ် ၃၀ ခန့် ကြာမြင့်ပြီးနောက် ဟန်ယုပင် ပျင်းရိလာသည်။
ဝါး...။
တစ်မိနစ် အတွင်း တတိယ အကြိမ်မြောက် သန်းဝေနေစဉ်...
ဝေါ...။
“အစိမ်းရောင်... အစိမ်းရောင်ဟေ့...”
“မဖြစ်နိုင်တာ... တကယ် အစိမ်းရောင်လား... အဝါရောင် မဟုတ်ဘူးလား...”
အာမေဋိတ်သံများနှင့် အားပေးသံများ ထွက်ပေါ်လာသည်။
အကြီးအကဲ နယ်ကျင်းပင် ရှားရှားပါးပါး ပြုံးလိုက်မိသည်။ “နောက်ဆုံးတော့ မျိုးစေ့ကောင်း တစ်စေ့ ပေါ်လာပြီ...” သူ တီးတိုး ရေရွတ်လိုက်ပြီး သူ့ရှေ့မှ မိန်းကလေးငယ်ကို ကြည့်လိုက်ရာ မျက်လုံးများ နူးညံ့သွားသည်။
“ရှောင်မင်... အစိမ်းရောင် ပါရမီ... အောင်မြင်တယ်...”
“ဝိုး...” ဂုဏ်ယူနေသော အစ်ကိုကြီး တစ်ယောက်လို ဖြစ်နေသည့် သူမကို ခေါ်လာသော ဂိုဏ်းသားထံမှ အားပေးသံ ထွက်ပေါ်လာသည်။
ဟန်ယု မျက်တောင်ခတ်လိုက်သည်။ “အဲဒါ စောစောက ငါ့ကို အားပေးတဲ့ ကောင်မလေး မဟုတ်လား...”
ဟုတ်သည်။ မျက်လုံးဝိုင်းဝိုင်းနှင့် ကောင်မလေးက ဝိညာဉ်ကျောက်တုံး ထီပေါက်သွားသူ တစ်ယောက်လို ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေသည်။
‘ကောင်းတယ်...’ ဟန်ယု သူမအတွက် ရိုးသားစွာ ဝမ်းသာမိသည်။
ဂျူနီယာ အကြီးအကဲ ရှေ့ထွက်လာသည်။ “ရှောင်မင်... မင်း ဝိညာဉ်ကျောက်တုံး ၃၀၀ နဲ့ ဝိညာဉ်ချီ ဖြည့်တင်းဆေးလုံး ၅ လုံး ရရှိမယ်...”
“ဝိုး...” မိန်းကလေးငယ် အာမေဋိတ်သံ ပြုလိုက်သည်။ သူမ မိသားစု တစ်စုလုံး၏ စည်းစိမ် ဥစ္စာ ပေါင်းလိုက်လျှင်ပင် ထိုပမာဏကို မီမည် မဟုတ်ချေ။
သူမက ပြုံးရွှင်စွာဖြင့် အိတ်ကို လက်နှစ်ဖက်ဖြင့် ယူလိုက်ပြီး သကြားလုံး စားထားသော ယုန်ကလေးလို သတ်မှတ်ထားသော နေရာသို့ ခုန်ပေါက် သွားလိုက်သည်။
ဟန်ယု ရယ်မောလိုက်မိသည်။ ‘ကောင်းပြီ... အခု ငါ တကယ် ညံ့လို့ မဖြစ်တော့ဘူး...’
လုပ်ငန်းစဉ် ဆက်လက် လုပ်ဆောင်နေသော်လည်း လူအုပ်ကြီး၏ အားအင်များ ပြန်လည် ပြည့်ဝလာပြီး နောက်ထပ် အံ့အားသင့်စရာကို မျှော်လင့်လျက် ပါရမီရှာဖွေရေး ကျောက်တိုင်ကို ကြည့်နေကြသည်။
တစ်နေရာတွင်တော့ ဟန်ယုက သူ့အောင်ပွဲခံ အမူအရာကို ကြိုတင် ပြင်ဆင်နေလေပြီ။