← Chapters

A Knight With Six Broken Sigils

Vol. 1 Ch. 4

A Knight With Six Broken Sigils

Vol. 1 Ch. 4

မဟူရာမျှော်စင်ကြီးမှာ မြင့်မားလှသည် ။ သို့သော် လီယိုနာ့ဒ်သည် ကျောက်သား ကြောင်လိမ်လှေကားကြီးကိုသုံး၍ တစ်မျိုး ၊ ကျောက်သား ဓာတ်လှေကားကြီးကိုစီး၍ တစ်ဖုံ တက်လာသဖြင့် ၊ တခဏမျှကြာသော် ၎င်းကြီး၏အပေါ်ဆုံးထပ်သို့ ရောက်ရှိလာလေသည် ။

ဤအထပ်၌ လူအရပ်နှစ်ပြန်စာမျှ မြင့်မားသော ကျောက်သားတံခါးနက်ကြီးက သူ့ကိုဆီးကြိုနေ၏ ။ ယင်းတံခါးကြီး၏ အလယ်တွင်မူအတောင်ပံကိုဖြန့်ထားသော ရွှေရောင်နဂါးတစ်ကောင်ပုံနှင့် မီးစွယ်များ အလျှံညီးနေသော ဇာမဏီတစ်ကောင်ပုံတို့မှာ စက်ဝိုင်းသဏ္ဌာန် အနေအထားနှင့် ကခုန်နေသည် ။ ဤသည်ကား တပ်မှူး၏အခန်းဖြစ်လောက်မည် ။

အနားသို့ ကပ်လိုက်သည့်အခါ အနှီတံခါးကြီးမှာ အလယ်က နှစ်ခြမ်းကွဲဟသွားပြီးနောက် တံခါးရွက်နှစ်ချပ်တို့မှာလည်း ဘယ်နှင့်ညာသို့ ဆုတ်ကုန်လျက် ပွင့်ဟသွားလေလျှင် ၊ အတွင်း၌ ကော်ဇောနီခင်းထားသော ကျောက်သားကြမ်းပြင်ကြီးကိုလည်းကောင်း ၊ ကနုတ်ပန်းများ အထပ်ထပ်ဖြင့် ထွင်းထုထားသော အညိုရောင် သစ်သားစားပွဲရှည်ကြီးနှင့် ထိုင်ခုံများကိုလည်းကောင်း ၊ အနီရောင် ခန်းဆီးလိုက်ကာများနှင့် တန်ဆာဆင်အပ်သော ပြတင်းပေါက်များကိုလည်းကောင်း မြင်လိုက်ရစေကာမူ ၊ အခန်းကြီးအတွင်းဝယ် ပြတင်းပေါက်တို့မှတစ်ဆင့် စားပွဲခုံရှည်ကြီးပေါ်သို့ ဖြာကျနေသော အလင်းတန်းများမှလွဲ၍ တခြားသောလူသူ သက်ရှိတို့ကို မတွေ့ရဘဲ ၊ ထိုအခန်းတွင်းသို့ သူ့ခြေတစ်ဖက် လှမ်းလိုက်ရာ၌ အစိုဓာတ်ပါသော ဆီမွှေးနံ့တစ်ခုက ခရီးဦးကြိုပြုလေ၏ ။

ဤသည်ကား မိုယာပင်၏အနှစ်သားဖြင့် ပြုလုပ်ထားသော ပရိဘောဂများကို အော်စနယ် ဗီရာ ( Osnel Vera ) ဆီနှင့်တိုက်ရာမှ ထွက်သောအနံ့ ။ ရှင်းအောင်ပြောရလျှင် ချမ်းသာသူများ၏ အိမ်များတွင်သာရှိသော သူဌေးနံ့ ။ လူ့မလိုင်အနံ့ ။

တပ်မှူးမှာ သူ့ကိုစောင့်နေဟန် မတူရကား လီယိုနာ့ဒ်မှာ ပြတင်းပေါက်တစ်ခုနားသို့သွား၍ မျှော်စင်ထိပ်က ရှုခင်းကို လှမ်းကြည့်လိုက်၏ ။ အပေါ်ပိုင်းမြို့က မျှော်စင်ကြီး၏ထိပ်၌ ဖြစ်သည့်အလျောက် တစ်မြို့လုံးနီးပါးကို ခြုံငုံမြင်နေရသည့်ပြင် ကျောက်လမ်းမကြီး အပေါ်လျှောက်ခဲ့စဉ်က ဟီးထနေသော ကျောက်သားတိုက်တာကြီးတို့မှာ ယခုအခါ သူ့ခြေရင်း၌ ခစားဝင်နေရသော သဲမှုန်လေးများနှယ် ပြွတ်သိပ်နေကြသည် ။ ခပ်လှမ်းလှမ်းတွင်မူ မှုန်ပြပြ အပြာရောင်မျဉ်းကြောင်းလေးတစ်ခုက မြို့ကြီးနှင့်အပြိုင် အဖြောင့်ပြေးနေလေ၏ ။

ယင်းကား မူးရို့(စ်) (Muros) မြစ်ကြီး ။ အာဇာဂါနာမြို့မှာ မြစ်ဘေး၌တည်ထားသော မြို့တော်ကြီးဖြစ်သည် ။ မြို့ပေါ်နှင့် မြို့အောက်ကို ဓာတ်လှေကားကြီးဖြင့် ချိတ်ဆက်ထားသကဲ့သို့ ၊ မူးရို့(စ်)မြစ်၏အပေါ်နှင့် အောက်ကိုလည်း ရေတံခွန်ကြီးဖြင့် သွယ်တန်းထားလေ၏ ။

ထိုနေရာမှပြောင်း၍ ဆန့်ကျင်ဘက်ပြတင်းပေါက်မှ လှမ်းကြည့်သရော် မဟာသစ်ပင်ကြီး ဂီဟာဒြန်းဆဲလ်၏ ပင်စည်ကြီးက သူ့မြင်ကွင်းတစ်ခုလုံးအား ပိတ်ဆီးကာရံထား၏ ။ နေမြင့်လာသည်နှင့်အမျှ ၎င်း၏အရိပ်ကြီးမှာလည်း မြို့ကြီး၏ဘေးသို့ ရွေ့နေလေပြီ ။

ထို့နောက် ပြတင်းပေါက်နောက်တစ်ခုသို့ ပြောင်းမည်ပြုကြိုက်

“ရှုခင်းတွေက တယ်မှလှရဲ့လား ခေါင်းဆောင်”

ဟူသည့်အသံကို နောက်မှကြားလိုက်လျှင် သူ့တစ်ကိုယ်လုံးက ကြက်သီးမွေးညင်းများ ထောင်ထလာ၍ အသံလာရာ တံခါးဝသို့လှည့်ကြည့်လိုက်သည့်အခါ ၊ အဖြူရောင် ချပ်ဝတ်တန်ဆာ အပြည့်ဝတ်ဆင်ထား၍ ကျော၌ ခြောက်ပေနီးပါးရှည်လျားသော ဧရာမဓားရှည်ကြီးကို လွယ်ထားသည့် သူရဲကောင်းတစ်ယောက်က တံခါးဝ၌ လက်ပိုက်လျက်ရပ်နေပြီး ၎င်း၏နောက်ကျောကဓားကြီးမှာ အလျားရှည်ရုံမျှမက ဗြက်လည်းကြီးလွန်းလှသဖြင့် လူတစ်ယောက်လုံးကို ထမ်းပိုးထားသည့်အလား ထင်မှတ်မှားရသည့်ပြင် ၊ ယင်းသူရဲကောင်း၏ အရပ်အမောင်းမှာလည်း သူ့ထက်ခေါင်းတစ်လုံးစာနီးပါးမျှ ပိုမြင့်နေလေ၏ ။

အဖြူရောင် ချပ်ဝတ်တန်ဆာအပေါ်၌ ရွှေရောင်ကနုတ်ပန်းများ ရေးချယ်ထား၏ ။ ရင်ဘတ်နေရာကိုလည်း ရွှေလွှာနဂါးတစ်ကောင်က အတောင်နှစ်ဖက်ဖြန့်နေပုံဖြင့် တန်ဆာဆင်ထား၏ ။ ထိုချပ်ဝတ်သတ္တုပြားများ တစ်ခုနှင့်တစ်ခု ဆက်ရာနေရာများ ဖြစ်ကြသည့် တံတောင်ကွေးနေရာ ၊ ဝမ်းဗိုက်နေရာ ၊ ရင်အုံ၏အစွန်းနှင့် ပခုံးတို့ဆက်ရာ နေရာများတွင်လည်းအနက်ရောင် ကြွက်သားထုထည်ကြီးများက အမြောင်းလိုက်ထကာ ဖုထစ်ရုန်းကြွနေကြ၏ ။ ထိုမျှမက ကြည့်နေလျက်မှာပင် ထိုကြွက်သားနက်ကြီးများပေါ်၌ အဖြူရောင်အလင်းတန်းများက အပေါ်အောက်ပြေးနေကြသေးသည် ။

ထိုအရာတို့သည်ကား ကြွက်သားတု ( Artificial Muscle ) များဖြစ်ကြသည် ။ ယင်းတို့နှင့်ဆိုလျှင် လူ့တစ်ရပ်စာရှိသော ဧရာမဓားကြီးများကိုပင် လက်တစ်ဖက်တည်းနှင့် ကိုင်မနိုင်သောကြောင့် ၊ အနှီချပ်ဝတ်ကိုသာ ဝတ်ဆင်ထားပါက သာမန်လူသားမှာ ယက္ခလူသားအဖြစ်သို့ ပြောင်းလဲသွားပေအံ့ ။ သာမန်သူရဲကောင်းမှာလည်း နဂါးသူရဲကောင်း ( Dragon Knight ) အဖြစ်သို့ ပြောင်းလဲသွားရလတ္တံ့ ။

ထို့ကြောင့်ပင် အဆိုပါ ချပ်ဝတ်တန်ဆာမှာ သာမန်ချပ်ဝတ်တန်ဆာ ( Armor ) ဟုမမည် ၊ “ယန္တရားချပ်ဝတ်” ( Power Armor ) ဟုသာတွင်ချေတော့သည်။

https://mmxianxia.com/wp-content/uploads/2026/02/IMG_3015.webp

လီယိုနာ့ဒ် ငေးကြည့်နေစဉ်မှာပင် အကြင်သူရဲကောင်းသည် နဂါးတစ်ကောင်၏ ဦးခေါင်းသဏ္ဌာန်ဖော်ထားသော သတ္တုခမောက်ကို ဆွဲချွတ်လတ်သော် နှုတ်ခမ်းမွေး ၊ ပါးသိုင်းမွေးများကို ပါးရိုးတစ်လျှောက်လုံး စိမ်းနေသည်အထိ တိတိကျကျရိတ်သင်ထားသော အသက်သုံးဆယ်ကျော်အရွယ် ပုဂ္ဂိုလ်တစ်ဦး၏ မျက်နှာပေါ်လာ၍ ၊ ၎င်းသည် အညိုရောင်နှုတ်ခမ်းပါးများကို ပြုံးတင်လျက် ၊ ခေါင်းကို တဆတ်ဆတ်ညိတ်လျက် ၊ နဂါးခေါင်းခမောက်ကို လက်ဝယ်ပိုက်လျက် သူ့ဆီသို့လျှောက်လှမ်းလာရာတွင် ယန္တရားချပ်ဝတ်ကြီးဝတ်ထားသည့်အလျောက် ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း၌ ကျောက်သားကြမ်းပြင်တစ်ခုလုံး သိမ့်ခနဲ အိခနဲဖြစ်သွားသယောင် ။ ထိုမျှမက ခြေဖနောင့်နှစ်ဖက်မှလည်း တရှူးရှူးမြည်သံတို့နှင့်အတူ အဖြူရောင်အခိုးအငွေ့များ ပန်းထွက်နေသေးသည် ။

မျက်နှာချင်းဆိုင်မိသည့်အခါ မော့ကြည့်ရ၏ ။ လီယိုနာ့ဒ်မှာ သင်းကိုကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး

“တပ်မှူးဆိုတာမင်းကိုး … ဇိုက်(ခ်) ( Zike )”

ဟုဆိုလေလျှင် ချင်းကလည်း

“ခေါင်းဆောင်ရှေ့မှာတော့ အမြဲတမ်း မန်းဒရိတ်(ခ်)ပါပဲဗျာ”

ဟုပြန်လည်တုံ့ပြန်၍ ရင်ဘတ်က နဂါးပုံကို ညာလက်ဖဝါးဖြင့် ဖိကပ်ကာ

“စစ်နတ်ဘုရား အက်(စ်)မန်းဒက်(စ်) (Asmundus) ရဲ့စောင့်မမှုနှင့် ထည်ဝါပါစေ”

ဟုဆိုလေ၏ ။ နဂါးသူရဲကောင်းများမှာ စစ်နတ်ဘုရား အက်(စ်)မန်းဒက်(စ်)၏ လက်အောက်၌ အနီးကပ်အမှုတော် ထမ်းရွက်သူများ ဖြစ်ကြသဖြင့် ဤသည်ကား သူတို့အချင်းချင်း တွေ့ဆုံသည့်အခါ နှုတ်ဆက်သည့်စကား ။ သို့လင့်ကစား လီယိုနာ့ဒ်မှာ ဇိုက်(ခ်)ကို ပြန်လည်မနှုတ်ဆက်မိ ။

ထိုအခါ ၎င်းကလက်ဖဝါးကြီးဖြင့် သူ့ပခုံးကို ပုတ်လိုက်လေရာ ၊ ဤသည်မှာ နဂါးသူရဲကောင်းအချင်းချင်း ဖက်လဲတကင်းရှိသည့် အပြုအမူဖြစ်ပေသော်ငြား ယန္တရားချပ်ဝတ်၏ ကြွက်သားတုများမှာ သန်မာလွန်းရကား ၊ သူ့ကိုယ်ပေါ်ဝယ် ကျောက်တုံးကြီးတစ်တုံး ပိကျလာသည့်အလား ခံစားလိုက်ရ၍ ၊ ကိုယ်ကို ညွတ်ကျမသွားစေရန် တောင့်ခံလိုက်သည်တွင် ဒူးဆစ်နှစ်ခုလုံး မျက်ခနဲ ၊ ဆစ်ခနဲ နာကျင်လာရလေသည်။ နဂါးကျီစားသည်ကို လူမခံနိုင်သည်ကား ဖြစ်တတ်သောသဘာဝ ။ ပျက်တတ်သည့် သဘောတရား ။

https://mmxianxia.com/wp-content/uploads/2026/02/7111411D-CBB7-4C18-B5F1-092C115CE0D5.webp

“ဒီအတောအတွင်း ဘယ်လိုဖြစ်နေတာလဲ ခေါင်းဆောင် ။ ခင်ဗျား ခွင့်ရက်ရှည်အနားယူပြီး ဆိုက်ရူရီယာ ( Siruria ) တိုင်းပြည်ကိုပြန်သွားတယ် ။ ပြီးတော့ ဒုက္ခိတအဖြစ််နှင့် ပြန်လာပြီး တပ်ထဲကနှုတ်ထွက်တယ် ။ အခု မိုယာဝု(ထ်)မှာ သူရင်းငှါးလုပ်နေသတဲ့လား ။ ဟက် … စိတ်ပျက်စရာ …ကျုပ်က ခင်ဗျားနှင့်အတူ ဒီမဟာစစ်ပွဲမှာ တန်နားဘရက်(စ်)က ကောင်တွေရဲ့ လည်ကိုလှီးချင်နေတာဗျ ။ ဟိုအရင်တုန်းက အချိန်တွေလိုပေါ့”

လီယိုနာ့ဒ်၏မျက်နှာ ပျက်သွားလေ၏ ။

“မင်းအခု ငါ့ကိုခေါ်လိုက်တာ ဘာကိစ္စလဲ”

“ဟ … ခေါင်းဆောင် ခင်ဗျားစိမ်းလှချည်းလား ။ ကျုပ်တို့က အခု စစ်အေးတိုက်ပွဲခေတ်ကြီးမှာ ဘယ်လိုတောင် အတူတူတိုက်ခဲ့ကြ …”

“မိုယာဝုထ်ကလူတွေ သေရေးရှင်ရေးဖြစ်နေတယ် ဇိုက်(ခ်) ။ မင်းလိုရင်းကိုပြော”

ထိုအခါ ဇိုက်(ခ်)၏ မျက်လုံးများ ကျဉ်းမြောင်းသွား၍ သူ့ပခုံးပေါ်တင်ထားသော ယန္တရားချပ်ဝတ်လက်ကြီးကို လွှတ်ပေးလိုက်သည် ။

“အခု အာဇာဂါနာမြို့ပေါ်မှာ ထူးဆန်းတဲ့ လူပျောက်မှုတွေ ၊ လူသတ်မှုတွေနှင့် လူသေမှုတွေ ဆက်တိုက်ဖြစ်နေတယ် ။ ဘယ်အရာကိုမျှ အကြောင်းအရင်းလိုက်မရလို့ အခုဆိုရင် မြို့နေလူထုက ကြောက်ရမ်းရမ်းတဲ့ အဆင့်ဖြစ်လာပြီ ။ ဒီတော့ခေါင်းဆောင် … ဒီကိစ္စကို ခင်ဗျားကူညီပေးနိုင်တယ်မလား ။ ကျုပ်တို့နှစ်ယောက် အတူတူဖြေရှင်းရအောင်ပါ ။ ဟိုတုန်းကလိုပေါ့”

လီယိုနာ့ဒ် တစ်ချက်တွေသွား၏ ။ ဘေးက ကနုတ်ပန်းများဖြင့် ချယ်သထားသော စားပွဲကြီးကို ငေးနေမိပြီး တစ်ခဏမျှကြာသောအခါမှ ခေါင်းခါယမ်းလိုက်လေသည် ။

“စိတ်မကောင်းဘူး ဇိုက်(ခ်) ။ ငါမကူညီနိုင်ဘူး”

“ခင်ဗျားရွာက လူတွေကော ၊ အခု အာဇာဂါနာမြို့တော်က လူတွေကော အားလုံးဒုက္ခရောက်နေတဲ့ သူတွေပါ ။ ကျုပ်တို့အားလုံး ယန္တရားချပ်ဝတ်ကိုယ်စီနှင့် နတ်ဘုရား အက်(စ်)မန်းဒက်(စ်) ကိုယ်တော်တိုင်ရဲ့ ရှေ့တော်မှောက်မှာ ဘာသစ္စာကို ဆိုခဲ့ကြတာလဲ ။ ခင်ဗျားမှတ်မိသေးတယ်မလား”

“မင်းအခု တပ်မှူးဖြစ်သွားပြီဆိုတော့ ၊ လက်အောက်ငယ်သားကို ဦးဆောင်တဲ့ အထူးမွမ်းမံသင်တန်း ထပ်တက်ခဲ့ရတယ်မလား”

အရင်းမရှိ ၊ အဖျားမရှိမေးချလိုက်သည့် သူ့အမေးကို ဇိုက်(ခ်)မှာပြန်မဖြေ ။ အဘယ့်ကြောင့်ဆိုသော် ဤသည်ကား ဖြေရန်မလိုသည့် အမေးတစ်ခု ။ ထိုအခါ လီယိုနာ့ဒ်ဘက်ကပင် စကားထပ်ဆက်လိုက်သည် ။

“အဲသည်သင်တန်းမှာ မင်းဘာတွေသင်လာခဲ့တာလဲ ။ အဲသည်အထူးမွမ်းမံသင်တန်းက ကိုယ့်လက်အောက်ကမြို့တစ်မြို့ ထိန်းမရအောင် ပြဿနာဖြစ်နေရင် ဒုက္ခိတတစ်ယောက်ကို အကူအညီတောင်းဖို့ သင်ပေးလိုက်တာလား”

ဟုဆိုလတ်သော် ဇိုက်(ခ်)၏မျက်နှာ တစ်ခုလုံးရဲလာ၍ သူ့ကို စိုက်ကြည့်ရာ၌ ၊ သူကလည်း ၎င်းကိုမျက်လုံးချင်းဆိုင် ပြန်ကြည့်လိုက်လေသည် ။ ယင်းသည်ကား မမျှတလှသော အားပြိုင်ပွဲတစ်ခု ။

၎င်းနောက် လီယိုနာ့ဒ်သည် ဘယ်လက်ကို အားစိုက်ကာ လှုပ်ပြလိုက်သည့်အခါ လက်တစ်ခုလုံးကို လွှဲယမ်းသည်အထိ အားစိုက်လိုက်ပါလျက်နှင့် မသန်စွမ်းတော့သော ဘယ်လက်မှာ ခါရုံမျှသာ ခါသွားလေသည် ။

“မြင်လား ။ ငါက မသန်စွမ်းတစ်ယောက်ဖြစ်နေပြီ ။ မင်းသိခဲ့တဲ့ သူတစ်ယောက်မဟုတ်တော့ဘူး”

“အဲသည် ဒုက္ခိတက စစ်နတ်ဘုရားရဲ့ ညာလက်ရုံးဟောင်းဆိုရင်ကော”

ဤစကားကို မတုံ့ပြန်တော့ဘဲ ကျောခိုင်းထွက်တော့မည်အပြု

“ခေါင်းဆောင် … ခင်ဗျားက ဒါမျိုးလား”

ဟု ချင်းကဆိုလာသရော် သူလည်းခေါင်းကိုသာ ညိတ်လိုက်မိသည် ။

“ခွင့်ပြုပါဦး တပ်မှူး”

ဟုဆို၍ ယင်းကိုကျော်တက်ကာ တံခါးဝရှိရာသို့ လျှောက်သွားစဉ်

“ခေါင်းဆောင် … ခင်ဗျား ဒီအခန်းထဲကနေ ကျုပ်နှင့် သဘောတူညီမှုမရဘဲ ခွါမယ်ဆိုရင် ၊ ခင်ဗျားရွာကို စီးဆင်းတဲ့ ကုန်လမ်းကြောင်းအားလုံးကို ကျုပ်ပိတ်ရလိမ့်မယ်”

သူ့ခြေလှမ်းများ ပြန်တန့်သွားရလေပြီ ။

“ရွာမှာ ဒါမီယာသီးတွေ အရေးပေါ်လိုနေတယ်ဆို ။ ဒါပေမဲ့ ဒါပဲလား … ခင်ဗျား ဆရာဝန်က နောက်ထပ် ယန်နလာ ( Yennala ) တွေလိုလာတယ်ဆိုရင် ဘာလုပ်မလဲ ။ လက်ဖလက်ဆီ ( Leflexy ) တွေ မကျန်တော့ဘူးဆိုရင်ကော ဘာလုပ်မလဲ”

“မင်း …”

“ဒါပေမဲ့ ကျုပ်ကို ကူညီပေးရင် ၊ မိုယာဝုထ် မှာလိုနေသမျှ ဆေးဝါးအားလုံးကို လှည်းနှင့်တိုက်ပြီး ပို့ပေးမယ် ။ ဘယ်လိုလဲ ခေါင်းဆောင် ။ တစ်နှစ်အတွင်းမှာ ခေါင်းဆောင် သိပ်ဂရုစိုက်နေရတဲ့ ရွာသားတွေရဲ့အသက်က ခေါင်းဆောင်ရဲ့လက်ထဲမှာ ။ ခေါင်းဆောင်ဘယ်လောက်ထိ ကျုပ်တို့ကို ကူညီပေးသလဲ အပေါ်မူတည်ပြီး သူတို့စံရလိမ့်မယ် ။ ဒါမှမဟုတ် ခံရလိမ့်မယ် ။ ဒီလောက်ဆိုရင် ကျုပ်တို့စကားပြောလို့ရပြီလား”

လီယိုနာ့ဒ်သည် ဇိုက်(ခ်)ကို လှည့်ကြည့်လိုက်ရာ ၎င်း၏ထူထဲသော မျက်ခုံးနက်နက်အောက်က မျက်လုံးမည်းမည်းများမှာ စူးလက်နေပြီး ၊ သင်းကား ယခင်က သူ၏လေ့ကျင့်ပေးမှုများ ၊ ပို့ချပေးမှုများကို မျက်လုံးအဝိုင်းသားနှင့် နားထောင်ခဲ့သော ကောင်လေးတစ်ယောက် မဟုတ်တော့ချေ ။ တခဏမျှ တိတ်ဆိတ်သွားမှုကို သင်းကပင် ပြန်လည်ဖြိုခွင်းလာ၏ ။

“ရန်သူကို ချောင်ပိတ်ရိုက် … ဒါပေမဲ့ ပြန်မကိုက်အောင် ကယ်ပေါက်တစ်ပေါက် ဖွင့်ပေးထား ။ ခေါင်းဆောင် ကျုပ်ကို သင်ပေးခဲ့တာတွေပါ … ဘယ်တော့မျှ မမေ့ပါဘူး”

ထိုစကားကြောင့် သူ၏ ဝါကျင့်ကျင့်မျက်လုံးများ ဝိုင်းစက်သွားသည် ။ အမျက်မထွက်မိ ။ ဝမ်းမနည်းမိ ။ အံမကြိတ်မိ ။ လက်သီးမဆုပ်မိ ။ ယခင်ကကိုယ့်တပည့်က ကိုယ်သင်ပေးခဲ့သောအတတ်ဖြင့် ကိုယ့်ကို ပြန်ချုပ်နေသည့်အဖြစ်အား လှောင်ရယ် ရယ်ချင်စိတ်သာ ဖြစ်လာလေတော့သည် ။

ခေါင်းဆောင်ဟု အခါတစ်ရာမျှမက ခေါ်နေသော်လည်း နောက်ဆုံးတွင်ကား ကိုယ့်အကျိုးစီးပွါးနှင့် ကိုယ့်တည်မြဲရေးသာ ။ ဤသည်ကား လောကကြီး၏ အမှန်တရား ။ ယင်းသည်ကား သကာရည်ကြားက ဓားသွား ။ ၎င်းသည်ကား လေးစားခံရမှုသာကျန်ပြီး အာဏာမကျန်တော့သော သူ့အနေအထား ။ သူ့ဘဝကို သရော်ချင်လွန်းလာသဖြင့် စားပွဲကြီးပေါ်လက်ထောက်ကာ ရယ်ချလိုက်သောကြောင့် ၊ ခြောက်ကပ်ကပ် ရယ်သံတစ်ခုသာ မျှော်စင်ကြီး၏ထိပ်၌ လျှံထွက်လာတော့သည် ။

ဤရယ်သံများက ကိုယ့်အခြေအနေကို ပြန်လှောင်နေသယောင် ။ ကိုယ့်လက်ကျိုးကို ပြန်ခနဲ့နေသယောင် ။ ထိုနှင့်အတူ သူ့အကြည့်တို့မှာလည်း ပြာရီမှိုင်းနေဆဲ ။ မျက်ဝန်းတစ်လျှောက်၌လည်း တိမ်လွှာဆိုင်းနေဆဲ ။ စိတ်အစဉ်မှာလည်း ညို့ညို့ညိုလွင်နေဆဲ ။ ။

***********

ရွေးချယ်၍မရသော အခြေအနေဖြစ်သည့်အတွက် စိတ်ကြိုက် ပေါက်ကွဲပြီးသွားသည့်အခါ ယခုဖြစ်နေသော အကြောင်းတို့ဘက် ပြန်သွားရလေသည် ။

“မင်းပြောတဲ့လူသေမှု ၊ လူသတ်မှုဆိုတာတွေက”

စကားမဆုံးသေးမီ ဇိုက်(ခ်)က လက်ကာပြသည် ။

“ဒီအတိုင်းထိုင်ပြောနေရင် မပြီးဘူးခေါင်းဆောင် ။ ခင်ဗျားကို ခေါင်းစဉ်ခွဲပြီး အတိုချုပ်ရှင်းပြလိုက်မယ် ။ ဒီမြို့မှာ အခုလက်တလော တက်နေတဲ့ပြဿနာက ခြောက်ခုတိတိရှိတယ် ။ ပထမဆုံးတစ်ခုက နေ့တိုင်းနေ့တိုင်း လူတွေသေနေတာ ။ မတော်တဆမှုတွေနဲ့ သေကြတာ”

“မတော်တဆမှု”

“ဟုတ်တယ် … မတော်တဆမှုတွေ ။ လမ်းသွားရင်း ချော်လဲပြီး ခေါင်းနှင့်အုတ်ခုံရိုက်မိပြီးသေတယ် ။ စားသောက်ဆိုင်မှာ ပွက်ပွက်ဆူနေတဲ့ဆီအိုး ထဲလဲကျပြီးသေတယ် ။ ဆော်လ်နမ်ဥပြုတ်စားနေရင်း ကိုက်လိုက်တဲ့အသီးက အသက်ရှူလမ်းကြောင်းထဲ တစ်ပြီးသေတယ် ။ ဆောက်လုပ်ရေးမှာ ဆေးသုတ်နေတုန်း တစ်ယောက်တည်း ခြေချော်ပြုတ်ကျပြီးသေတယ်”

သူ့မျက်ခုံးများ ကျုံ့သွားရလေပြီ ။

“လူသတ်မှုထင်နေတယ်မလား ။ ဒါတွေအားလုံး လူကြားထဲ သေတဲ့အမှုတွေချည်းပဲ ။ အခုဆိုရင် လူထုက ဘယ်အချိန်သူတို့အလှည့်ရောက်မလဲ မေးတဲ့အဆင့်ရောက်နေပြီ”

“နေ့တိုင်းသေနေတာလား”

“နေ့တိုင်းပဲ ။ တစ်နေ့ သုံးယောက်အနည်းဆုံး ။ အများဆုံးငါးယောက်သေတဲ့နေ့ထိ တွေ့ဖူးတယ်”

သူသည် ခေါင်းသာညိတ်ပြီး ဒုတိယ ပြဿနာအကြောင်းကို ဆက်မေးလိုက်လေ၏ ။

“ဒုတိယပြဿနာက ဆေးရုံ ။ အခုဆေးရုံမှာ အဖျားကြီးတဲ့လူနာတွေ စုနေတယ် ။ ဖျားနာနေတဲ့ နှုန်းကပုံမှန်မဟုတ်ဘူး ။ တစ်နေ့တခြားများလာလို့ ဆရာဝန်သူနာပြု အင်အားနှင့် လူနာအင်အား မနိုင်တဲ့အဆင့်ကိုရောက်လာပြီ”

“ကူးစက်ရောဂါလား ။ ဆရာဝန်ကဘာတဲ့လဲ”

“ကိုယ်တွင်းတေဇောဓာတ်များတာ လို့ဆိုတယ် ။ ကျန်တာတော့ ကျုပ်လည်းမသိတော့ဘူး”

ဟုဆိုကာ ဇိုက်(ခ်)က ပခုံးတွန့်ပြလေလျှင် သူလည်းပခုံးပြန်တွန့်ပြလိုက်လေသည် ။ လူသာသတ်တတ်ပြီး လူကိုမကုတတ်သဖြင့် ထိုကိစ္စနှင့်ပတ်သက်၍ သူ့အဖို့ မှတ်ချက်ပေးစရာ မရှိလှ ။

“ဒါဆို တတိယပြဿနာက”

“ပထမနဲ့ ဒုတိယပေါင်းပြီး တတိယကိစ္စက စလာတော့တာပေါ့ ။ လူတွေ မတော်တဆမှုတွေနှင့် နေ့တိုင်းသေ ။ ဆေးရုံလည်းကြိတ်ကြိတ်တိုး ။ အခု ကျုပ်တို့ရာဗလွန်က တန်နားဘရက်(စ်)နှင့်လည်း စစ်ဖြစ်တော့မှာဆိုတော့ ဒီကလူတွေရဲ့ဒေါသနှင့်အကြောက်တရားက ဆက်ဖီဘီယမ်တွေအပေါ် ပုံကျတော့တာပေါ့ ။

ဒါတွေဖြစ်နေရတာ နတ်ယုတ် ရက်ဗားနက်(စ်)က ဆက်ဖီဘီယမ်တွေကနေတစ်ဆင့် ကျိန်စာလှမ်းတိုက်လို့ဆိုပြီး တစ်မြို့လုံး ကျွန်သတ်ပွဲတွေ ဖြစ်လာတယ် ။ ရှိသမျှ ဆက်ဖီဘီယမ် ကျွန်တွေကို ဆွဲထုတ်ပြီး နည်းမျိုးစုံနှင့် သတ်နေကြတယ် ။ ကျုပ်တို့လည်းတားမရဘူး ။ အုံကြွမှုနှင့်တိုးသွားနိုင်တယ်လေ”

ဟုဆိုပြီးနောက် ဇိုက်(ခ်)မှာ ချောင်းတစ်ချက်ဟန့်၍ ဘေးနားက ထိုင်ခုံ၏အမှီကို လက်လေးချောင်းဖြင့် ပုတ်နေလေသည် ။

ဆက်ဖီဘီယမ် မျိုးရိုးဆိုသည်မှာ တန်နားဘရက်(စ်) အင်ပါယာက နတ်ဘုရား ရက်ဗားနက်(စ်)၏ အိပ်မက်ဆိုးများမက်ရာမှ ပေါ်ပေါက်လာသည်ဟု အဆိုရှိ၍ ၎င်းတို့သည် လွန်ခဲ့သော နှစ်လေးရာ ( ၄၀၀ ) ၊ ရိုဒီးနီးယား၏ ဒုတိယခေတ် ပမဇ္ဇနာကာလ ( Second Age : The Era of Oblivion ) ကတည်းက ပေါ်ပေါက်လာသော လူမျိုးများဖြစ်ကြသည့်ပြင် ယင်းတို့သည် ဘိုးစဉ်ဘောင်ဆက် ကျွန်မျိုးရိုးများ ဖြစ်ကြသဖြင့် ကျွန်သက် အောက်သက်ကြေခြင်း ၊ အမိန့်နာခံခြင်းနှင့် ခြေပေါ့ဖင်ပေါ့ရှိခြင်း စသည့်အရည်အချင်းတို့နှင့် ကုံလုံရုံမျှမက တန်နားဘရက်(စ်) အင်ပါယာဘက်က စျေးပေါပေါနှင့် ဖြန့်ချိခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ အင်ပါယာနှစ်ခု၏ တင်းမာမှုများ အထွတ်အထိပ် မရောက်မီက ကမ္ဘာ့ကျွန်စျေးကွက်၌ ဝယ်လိုအားအများဆုံး ကျွန်များဖြစ်ခဲ့ကြလေပြီး ၊ လက်ရှိ နိုင်ငံရေးအခြေအနေတို့ကြောင့် ထိုကျွန်များအမုန်းခံနေရသည်က အမှန်တရားတစ်ခုဖြစ်သကဲ့သို့ ၊ ယခုဇိုက်(ခ်)ပြောသော ကိစ္စနှင့်စပ်လျဉ်း၍ ကျွန်သတ်ပွဲများ ပေါ်ပေါက်လာသည်မှာလည်း မဆန်းလင့်ကစား တစ်ခုခုမှားနေသည်ဟု တွေးဆမိ၏ ။

“အဲဒါနှင့် ဒီအပေါ်ထပ်မြို့က ဆက်ဖီဘီယမ် ကျွန်စျေးကွက်ပျက်ကုန်တယ် ။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ကျွန်ကုန်သည်တွေကိုပါ ဓားတွေနှင့်ဝင်ခုတ်ကြပြီး ၊ ကျွန်တန်းလျားတွေကိုပါ မီးနှင့်တက်ရှို့တာကိုး ။ ပြဿနာက ဒီမှာစတာ ။ အဲသည် ကျွန်တန်းလျားက ကျွန်ငါးဆယ်လောက် ပျောက်သွားတယ် ။ ကျုပ်တို့ မြို့တော်တစ်ခုလုံး မြေလှန်ရှာနေတာ အခုထိမတွေ့သေးဘူး”

“နတ်နဂါးတစ်တပ်လုံးနှင့် ရှာတာတောင်လား”

ဇိုက်(ခ်)မှာ ခေါင်းကို လေးလေးတွဲ့တွဲ့ညိတ်၏ ။

“ညံ့တယ်လို့ပြောလည်း ခံရမှာပဲ ခေါင်းဆောင်”

“လေးခုမြောက် ပြဿနာက ခုနက ကလေးတွေကိစ္စမလား ။ မြို့ထဲက ကလေးတွေအားလုံး တညီတညာတည်း ဆယ်စက္ကန့်လောက် အကြောတွေသေကုန်ကြတာ ။ ဒါဆို ငါးခုမြောက်ကဘာလဲ”

“ငါးခုမြောက်က အခုကလေးတွေကိစ္စနှင့် ပြိုင်တူပေါ်လာတာ ။ ဒီအပေါ်ပိုင်းမြို့ပေါ်မှာ လူသတ်မှုတစ်ခု လောလောလတ်လတ် ဖြစ်ထားတယ် ။ မတော်တဆမှုမဟုတ်ဘူး ။ အသတ်ခံရတာ ။ ကျုပ်တောင် သွားမကြည့်ရသေးဘူး”

ပွေလိမ်ရှုပ်နေပါသည်လော ။

“ဒါဆို နောက်ဆုံးပြဿနာကကော”

လီယိုနာ့ဒ်စကားကြောင့် ခုံကိုကိုင်ကာ ရပ်လျက်ရှိသော ဇိုက်(ခ်)၏ တစ်ကိုယ်လုံးတောင့်သွားပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် ၎င်း၏မျက်လုံးများမှာ ဘေးဘီဝဲယာ ကစားသွား၏ ။ ဂနာမငြိမ်သော အကြည့်များ ။ ပြီးမှ ချောင်းတစ်ချက်ဟန့်၍

“ကျုပ်မှားပြောမိတာနှင့်တူတယ် ။ ငါးခုတည်းပါ”

လီယိုနာ့ဒ်ပြုံးမိ၏ ။ ဤမျှထိ မတုံးအပါ ။ ကြည့်ရသည်ကား နောက်ဆုံးပြဿနာသည် စစ်ရေးထိပ်တန်း ကိစ္စတစ်ခု ဖြစ်ဟန်တူပြီး သူကဲ့သို့ နဂါးသူရဲကောင်းမဟုတ်တော့သော အပြင်သူတစ်ယောက်ကို ပြောပြချင်ဟန်မတူ ။ အနှီအတွက်လည်း စိတ်ခုစရာမရှိလှ ။ ၎င်း၌လည်း ၎င်း၏ပြဿနာရှိသကဲ့သို့ သူ့တွင်လည်း သူ့ပြဿနာနှင့်ပင် ။

“ကဲ… အဲသည်တော့ ပြဿနာ ခြောက်ခု ၊ အဲ … ငါးခုထဲက ခေါင်းဆောင် ဘယ်အပိုင်းက စလိုက်ချင်လဲ ။ ခင်ဗျားအစွမ်းအစနှင့်ဆိုရင် ဒီကိစ္စလည်း အမြန်ဆုံးပေါ်မှာပါ ။ နတ်ဘုရား အက်(စ်)မန်းဒက်(စ်)ရဲ့ ညာလက်ရုံးတစ်ဆူ ဖြစ်ခဲ့တဲ့ခင်ဗျားက ဘယ်လက်တစ်ဖက်မသန်တာ လောက်နှင့်တော့ စွမ်းရည်တွေထူးကဲပြီး ကျဆင်းမသွားလောက်ပါဘူး … ဟုတ်တယ်မလား”

ဟုဆိုသော် လီယိုနာ့ဒ်၏မျက်နှာ၌ အပြုံးအရယ်မရှိဘဲ ၊ နဂါးသူရဲကောင်းအဖြစ်မှ ထွက်ခွါခဲ့စဉ်က ဖြစ်ရပ်များကိုသာ ပြန်လည်သတိရနေ၍ ၊ ထိုအခိုက်က ဇိုက်(ခ်)အပါအဝင် သူ့တပည့်များအားလုံးမထွက်ရန် တားကြသည်သာမက နတ်ဘုရား အက်(စ်)မန်းဒက်(စ်) ကိုယ်တော်တိုင်ကပင် ရာဗလွန်၏နတ်ဦးသျှောင် ဇီရိုးမက်(စ်) ( Zeromus ) ထံ၌ ပါရာဂွန် သူရဲကောင်း ( Paragon Knight ) အဖြစ် အသွင်ပြောင်းခစားလိုပါက ကူညီပေးမည်ဖြစ်ကြောင်းအထိပါ သူ့ကိုကမ်းလှမ်းခဲ့သည် ။ သို့စေကာမူ သူထွက်ခဲ့သည် ။ ထွက်သောအခါတွင်လည်း နတ်ဘုရားက သူ့ဆုံးဖြတ်ချက်ကို လေးစားသည်ဟုဆို၍ ပေးထွက်ခဲ့သည် ။ ယခုတွင်ကား ရဲဘော်ဟောင်းများနှင့် ပြန်လည်ပတ်သက်လာရပြန်ပြီ ။

“ခေါင်းဆောင် … မေးနေတယ်လေ”

ဤအသံကြားမှ သူလည်းပစ္စုပ္ပန်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် ယခုလက်ရှိပြဿနာကို တွေးဆကြည့်လိုက်လေသည် ။

“ဒီမြို့အထက်က လောလောလတ်လတ်ဖြစ်ထားတဲ့ လူသတ်မှုကို အရင်ဆုံးရှင်းကြတာပေါ့ ။ မဟုတ်ရင် သဲလွန်စတွေ ပျောက်ကုန်လိမ့်မယ် ။ ဘယ်မှာအခင်းဖြစ်တာလဲ”

ထိုအခါ ဇိုက်(ခ်)သည် သူ့ကို ပြတင်းပေါက်တစ်ခုဆီသို့ ခေါ်ဆောင်သွား၍ လက်ညိုးထိုးပြလိုက်လေရာ ဤပြတင်းပေါက်က လှမ်းမြင်နေရသော အရာမှာကား အနက်ရောင်ရဲတိုက်ကြီးတစ်ခု ။ ယင်းရဲတိုက်ကြီးကား သူတို့၏ အနက်ရောင်မျှော်စင်ကြီးထက် ပိုမိုမြင့်မားရုံမျှမက အမိုးချွန်အဆောက်အဦးများ ၊ ကျောက်နံရံတံတိုင်းကြီးများနှင့်ပါ ခန့်ထည်နေ၏ ။

ထိုမျှမက ၎င်းရဲတိုက်ကြီး၏ နံရံများ၌ ကခုန်ဟန်ပြုနေသော ဧရာမအမျိုးသမီးရုပ်တုကြီး နှစ်ရုပ်ဖြင့် အကြီးအကျယ် တန်ဆာဆင်ထားရကား မိန်းမပျိုနှစ်ယောက်မှာ ရဲတိုက်ကြီးမှ ဖြာထွက်နေသည့်နှယ် ။

အဆိုပါ ပျိုမဒီ ရုပ်တုကြီးနှစ်ရုပ်မှာ အိမ်တစ်လုံးနီးပါးမျှ ကြီးမားလှသည့်ပြင် ၊ ယင်းတို့အနက် လက်ဖဝါး နှစ်ဖက်လုံးကို ကဟန်ချိုးထားသော ရုပ်တုကြီးတစ်ခု၏ မျက်လုံးများမှာ အသက်ဝင်လွန်းလှသောကြောင့် ထိုရုပ်တုနှင့် မျက်လုံးချင်းဆိုင်မိသည့်အခါ သူ့ရင်တွင်း အမျိုးအမည်မသိသော ခံစားချက်တစ်ခု ပေါ်ပေါက်လာလေသည် ။ ထိုအကြိုက် ဇိုက်(ခ်)က

“ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီနန်းတော် ရဲ့ ခြောက်ထပ်မြောက်မှာဖြစ်တယ်ဆိုတယ် ။ ဒါနှင့်စကားမစပ်”

ဟုဆိုနေလျက်နှင့်ပင် ချင်းသည် ပြတင်းပေါက်နားရှီ ဗီရိုကြီးတစ်ခုအတွင်းမှ အရာတစ်ခုကို ထုတ်ယူနေ၏ ။ ၎င်းနောက် သူ့ထံသို့ ပစ်ပေးလိုက်သဖြင့် ဖမ်းယူကြည့်ရှုလိုက်သည့်အခါ အနက်ရောင်ချည်သားဝတ်စုံနှင့် ရွှေရောင်ပိုးသားစလွယ်တစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရလေသည် ။

“ဒါကဘာလဲ”

“ဝူးလို့(စ်)ချွေးနံ့က ကျုပ်တို့ နဂါးသူရဲကောင်းတွေအတွက်တော့ ဂုဏ်ယူစရာဆိုပေမဲ့ ခေါင်ဆောင်ဒီအတိုင်းသွားရင်တော့ ဟိုကမဟေသီတွေက နှာခေါင်းရှုံ့ကြလိမ့်မယ်နော် … ဟာ ဟ”

ထိုစကားကြားမှ သူလည်း နှာခေါင်းတစ်ချက်ရှုံ့လျက် ကိုယ့်အနံ့ကိုပြန်ရှူကြည့်မိလေသော် ဇိုက်(ခ်)ပြောသကဲ့သို့ပင် ဝူးလို့(စ်)ကြီး၏ကျောနှင့် သူ၏ရင်ဘတ်တို့ ပူးကပ်ကာ စီးလာခဲ့သောကြောင့် ၊ ယခုအခါ သူ့အင်္ကျီမှာ ၎င်းကြီး၏ချွေးနံ့စူးစူးများ တထောင်းထောင်းထနေရုံမျှမက စလွယ်၌လည်း ဆားကွက်ဖြူဖြူများပင် ပေါက်နေပေသော်ငြား ၊ သူ့အဖို့မူ ဤအနံ့နှင့်ယဉ်ပါးနေလွန်း၍ သတိပင်မထားမိခဲ့ချေ ။

“ကဲသွားစို့ ခေါင်းဆောင် ။ အရင်တုန်းကလိုပေါ့”

ဟုဆို၍ သင်းကား အခန်းတွင်းမှ ထွက်သွားလေသရော် သူလည်းနောက်က လိုက်ရတော့သည် ။

ယခုဖြစ်ရပ်ကို ဒေါသဖြစ်နေ၍ အကျိုးမရှိနိုင် ။ သူ့လက်တွင်းက ဆော်လ်နမ်ဥများ အားလုံးရောင်းရငွေမှာ ဖရီယာ ၅၀၀ သာရှိသဖြင့် ဤသည်မှာ တစ်ရွာလုံးက လူနာများအားလုံးကို ကုသရန် လောက်ငသည့် အရေအတွက် မဟုတ်သည့်အတွက် ယခုဇိုက်(ခ်)၏ ပြဿနာကိုဖြေရှင်းပြီးမှ ၊ ၎င်းထံက ဆေးဝါးများလိုသလောက် တောင်းယူခြင်းသည်သာပို၍ အဆင်ပြေနိုင်ပေသည် ။

သို့သော် ပထမဦးစွာ ပွေလိမ်ရှုပ်နေသော ပြဿနာကြီး ခြောက်ခုကို အမြန်ရှင်းရပေအံ့ ။ မရှင်းနိုင်ဘဲ နောက်ကျပါက ရွာသူ ၊ ရွာသားများမှာ ဆေးမလောက်ငသည့် ပြဿနာဖြင့်ပင် တစ်ယောက်ပြီးတစ်ယောက် အသက်ထွက်ကြရလတ္တံ့ ။ ဤသည်ကား ကြေးကြီးသော ကစားပွဲတစ်ခု ။ မြန်ရမည် ။ မှန်ရမည် ။ တိကျရမည် ဟုသာ သူ၏စိတ်အစဉ်၌ နှလုံးသွင်းနေကာ ခြေလှမ်းများကို မြန်သည်ထက် ပိုမြန်အောင် လှမ်းနေမိတော့လေသတည်း ။ ။

************

All Chapters