← Chapters

Silk Veil , Emerald Couch & Besotted Palace

Vol. 1 Ch. 5

Silk Veil , Emerald Couch & Besotted Palace

Vol. 1 Ch. 5

ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီနန်းတော် ။ အပေါ်ပိုင်းမြို့၏ လူနေရပ်ကွက် သုံးခုစာနီးပါးလုံးကို မောင်ပိုင်စီးထားသည့် ရဲတိုက် နန်းတော်ကြီး ။

ရဲတိုက်ကြီး၏ရှေ့သို့ ရောက်နေခိုက်မှာပင် မိုးသားတိမ်လိပ်များက ကောင်းကင်တစ်ပြင်လုံး ပြည့်သည်အထိ လှိုက်တက်လာသောကြောင့် ၊ မြို့ပေါ်က အလင်းထုတ်နေကြသော သလင်းတုံးပျံများပင် မနိုင်နင်းတော့ဘဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှိုင်ရီအုံ့ဆိုင်းလာ၏ ။

ယင်းနှင့်အတူ သူ့ရှေ့က အက်ကြောင်းများ အထပ်ထပ်ထနေသော ကျောက်နံရံ အိုအိုကြီးနှင့် အမိုးချွန်ချွန်များမှာလည်း ပို၍ပင် မှောင်မိုက်ရင့်ရော်လာသယောင် ။ ကြည့်နေလျက်မှာပင် ထိုအက်ကြောင်းများက သူ့နှလုံးအိမ်ထဲအထိပါ ကူးစက်လာဟန်ဆောင် ။ ထို့ဖြစ်သည့်အားလျော်စွာ အသက်ကိုသာ ပင့်ရှိုက်ကာ ဝင်ပေါက်ဆီသို့လျာ ခြေဦးလှည့်လိုက်လေတော့သည် ။

ပထမဦးစွာ သမုဒယရတီနန်းတော်သို့ မရောက်မီ မြသလွန်ကို ဖြတ်ရမည်ဖြစ်သဖြင့် လီယိုနာ့ဒ် ၊ ဇိုက်(ခ်)နှင့် ဝိုက်ဗန်အမ်းဗိုလ် သုံးယောက်တို့သည် မြစိမ်းရောင်ဥယျာဉ်ကြီးအတွင်းသို့ ချင်းနင်းဝင်ရောက်လာကြသည်တွင် ၊ သူတို့နှင့်အတူ ဂိတ်ဝကြီးမှ တသောသောဝင်နေကြသော ယောက်ျားသားများမှာလည်း မနည်းမနောရှိလေ၏ ။

အတွင်းရောက်သရော် စိမ်းညစ်ညစ်ရောင် မြက်ခင်းပြင်ကြီးနှင့် အသွယ်သွယ် ဖြာထွက်နေကြသော ကျောက်ခင်းလမ်းကလေးများက သူတို့ကို ဆီးကြိုလျက်ရှိ၏ ။ အထူးခြားဆုံးအရာမှာ မြသလွန်ဥယျာဉ်အတွင်း၌ သစ်သား ၊ ကျောက်သားများဖြင့် တည်ဆောက်ထားသော ခြံစည်းရိုးများ ၊ တံတိုင်းများမရှိဘဲ အိမ်ငယ်လေးတစ်လုံးစာမျှမြင့်မားသော အန်သရယ် ( Anthral ) ပင်ကြီးများကိုသာ ခြံစည်းရိုးအဖြစ် အစီအရီ စိုက်ပျိုးထားကြသည့်အားလျော်စွာ ၊ ၎င်းအပင်ကြီးများထံမှ သက်ကြွေသော လက်တစ်ဝါးစာခန့်ရှိသည့် အနီ ၊ အဝါ ၊ အစိမ်း ၊ အပြာ ပန်းပွင့်ဟောင်းများက မြက်ခင်းစိမ်းစိမ်းပေါ်ဝယ် ကာရန်ညီစွာ လှဲလျောင်းနေကြသည်သာမက ထိုသစ်ပင်တန်းကြီးမှာ ကျောက်သားလမ်းလေးများနှင့်အတူ ကောက်၍တစ်မျိုး ၊ ကွေ့၍တစ်ဖုံ သွယ်ဝိုက်ယှက်ဖြာနေသောကြောင့်လည်း ၊ ဤသည်ကား ဥယျာဉ်ဟုဆိုသည်ထက် ပန်းကမ္ဗလာပေါ်၌ နင်းလျှောက်ရသော ဝင်္ကပါကြီးတစ်ခုဟုဆိုသည်က ပိုမှန်ပေလိမ့်မည် ။

အန်သရယ်ပင်သည် သာမန်သစ်ပင်ကြီးများသကဲ့သို့ ပင်စည်လုံးကြီးတစ်ခုတည်းနှင့်မဟုတ် ။ ပင်စည်အသေးလေး(၄)မျိုးမှာ တစ်ပင်နှင့်တစ်ပင်ယှက်နွှယ်ကာ လိမ်ပတ်လျက် အပင်ကြီးတစ်ပင်အဖြစ် ပေါက်နေခြင်းဖြစ်သည် ။

ထိုအပင်၌ အရွက်မရှိ ၊ နီသော ဝါသော စိမ်းသော ပြာသော ပန်းပွင့်ကြီးတို့ကသာ အရွက်များအနေနှင့် စုပြုံဖူးပွင့်နေကြလေပြီး ၊ လီယိုနာ့ဒ်အဖို့ ရိုဒီးနီးယားက မဟေသီများ အသည်းခိုက်ရသော အနှီအပင်ကြီးများအား ယခုကဲ့သို့ ခြံစည်းရိုးသဏ္ဌာန် စနစ်တကျ စိုက်ပျိုးထားခြင်းကို ဤမြသလွန်တွင်သာ မြင်ဖူးခြင်းဖြစ်လေသည် ။

ဝင်္ကပါဥယျာဉ်၏ အနက်ပိုင်းအတွင်းသို့ ဝင်လာသည်နှင့်အမျှ လမ်းသွယ်လေးများ ၊ သစ်ပင်တံတိုင်းကြီးများသာမက အမိုးချွန် အဆောက်အအုံငယ်များကိုလည်း ဟိုတစ်စသည်တစ်စ တွေ့လာရပြီး ၊ ထိုအကြိုက်၌ လေတစ်ချက်​ ဝှေ့ယမ်းသွားသည့်အခါ အန်သရယ်ပင်ကြီးပေါ်က အနီရောင်ပန်းပွင့်ကြီးမှာ အပင်ပေါ်က ကြွေကျလာ၍ သူ့ပါးပြင်ကို မသိမသာပွတ်ဆွဲသွားသည့်ပြင် ယင်းနှင့်အတူ ခပ်ပြင်းပြင်ရေမွှေးနံ့တစ်ခုကလည်း သူ့နှာဝသို့ထိုးဝင်လာ၏ ။

၎င်းနောက်ချူသံလေးများ ၊ ခိုးခိုးခစ်ခစ်ရယ်သံလေးများ တလွင်လွင်နှင့် မိန်းမပျိုလေးငါးယောက်တို့မှာ ရှေ့တည့်တည့်လမ်းသွယ်ကွေ့ တစ်ခုမှ ထွက်ပေါ်လာကြ၏ ။ သူ(မ)တို့သည် သူတို့ကိုမြင်သော် ငါးယောက်အနက် လူသားမိန်းမပျိုသုံးယောက်မှာ ပြိုင်တူ ဒူးညွတ် ကာ အရိုအသေပေးကြလေလျှင် အာပေါဿ ရေသူမလေးနှစ်ယောက်မှာလည်း ငါးမြီးလေးများကို ယမ်းခါပြကာ နှုတ်ဆက်ကြ၏ ။

ထို့နောက် အကြင်ပျိုမေတို့သည် ဘေး၌ရှိသည့် အန်သရယ်ပင်ကြီးများ၏ ပင်စည်၌ ထွက်နေသော အညှောက်ပေါက်များကို ကတ်ကြေးဖြင့် ကိုက်၍လည်းကောင်း ၊ အခက်အလက်များထဲက အရည်အသွေးမမီသော ပန်းပွင့်များကို ဖြုတ်ယူဖယ်ရှား၍လည်းကောင်း စတင်အလုပ်လုပ်ကြလေသည် ။

ဤသည်ကား ဥယျာဉ်ပျိုများ ။ ယင်းတို့သည် အန်သရယ်ပင်၏ ပန်းပွင့်ရောင်များနှင့်တူသော အနီ ၊ အဝါ ၊ အပြာ ၊ အစိမ်းရောင် ဖဲသားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ၊ ခါးလယ်ထိရှည်သော ဆံသားနက်နက်များကိုလည်း လိပ်ပြာသဏ္ဌာန် ငွေရောင်ကလစ်လေးများနှင့်တွယ်ကာ ပခုံးတစ်ဖက်၌ လျှောချထားကြ၏ ။ အာပေါဿရေသူမလေးများမှာ ၎င်းတို့၏နောက်ကျောက ဆူးတောင်များကို ဖဲပွင့်လေးများဖြင့် ပတ်ထားကြ၏ ။ ထို့ပြင် ချူလုံးပါသောနားကပ်ကို ပန်ဆင်ကြ၏ ။ ယင်းမျှမက အနံ့ပြင်းသော ရေမွှေးကိုဆွတ်ကြ၍ ၊ ရဲသောနှုတ်ခမ်းနီကိုလည်း ဆိုးကြကုန်၏ ။

လီယိုနာဒ့်တို့သည် ဤဥယျာဉ်ပျိုတို့ ထွက်လာသည့် လမ်းကွေ့ရှိရာသို့ လျှောက်လှမ်းလာစဉ် စလွယ်အနက်သိုင်းထားသော ယောက်ျားတစ်ယောက်မှာ သူတို့သုံးယောက်ကို ကျော်တက်၍ ဥယျာဉ်ပျိုငါးယောက်ကို စကားသွားပြောလေရာ ၊ ရဲတိုက်ကြီး၏ လမ်းသွယ်တစ်ခု အတွင်းတွင်သာ ဖြစ်သည့်အလျောက် ၎င်းတို့ပြောစကားများကို အတိုင်းသားကြားနေရသည် ။

“ဟာ … ညီမလေးတို့က အသစ်တွေလား ။ ကိုကြီးမြသလွန်ကို ရက်ဆက်လာနေတာ နှစ်ပတ်ရှိပြီ ။ အခုမှ မြင်ဖူးတော့တယ်”

“ဟုတ်ပါတယ်ရှင့် ။ ညီမတို့က မနေ့ကမှ ပိုးပဝါကျောင်းက ဆင်းပြီး မြသလွန်ကို ရောက်တာပါ”

“ဟာ … ဟာ … ဒါဆို ညီမလေးတို့က ကျောင်းမှာ စာကောင်းကောင် မကြိုးစားခဲ့ကြဘူးပေါ့ ။ ဘာတွေလုပ်နေကြတာလဲ”

ချင်း၏ အပြောကြောင့် ဥယျာဉ်ပျို ငါးယောက်လုံး၏ မျက်နှာများအသီးသီးပျက်ကုန်၏ ။ သူ(မ)တို့မှာ ဤအမေးကိုပြန်မဖြေဘဲ ဥယျာဉ်အလုပ်ကိုသာ ပြန်လုပ်ကြပြီး ၊ ယခုအခါ ပန်းပွင့်များကို ဆွဲနှုတ်နေကြသော ပျိုမေတို့၏လက်ဆမှာ ပိုကြမ်းလာသဖြင့် သစ်ပင်ကြီးက ပန်းပွင့်တို့ ကျွတ်ထွက်သံများ တဗြုန်းဗြုန်း မြည်လာသည်နှင့်အတူ အပင်ကြီးတစ်ခုလုံးလည်း ယိမ်းခါလာလေသည် ။ အပွင့်ကောင်းများပါ ကျွတ်ထွက်ကုန်ပြီး ၎င်းတို့နှုတ်ခမ်းများမှာလည်း စူကုန်လေပြီ ။

“အလို ညီမတို့လုပ်မှဖြင့် အန်သရယ် တစ်ပင်လုံး ခေါင်းတုံးကြီးဖြစ်လေရော့မယ် ။ ကဲပါ … အကိုကြီးပြောခဲ့တာတွေကို မေ့လိုက်တော့ စျေးက အရင်တိုင်းပဲလား”

ထိုအခါ အပြာရောင်ဝတ်စုံဝတ် အာပေါဿဥယျာဉ်ပျိုက ခပ်တင်းတင်းမျက်နှာဖြင့် ငါးမြီးကိုယမ်းခါကာ အရိုအသေပေးလျက်

“နာရီဝက် ဖရီယာ ငါးရာပါရှင့်”

“ဟမ် … စျေးတက်သွားတာလား ။ အရင်က လေးရာ့ခုနစ်ဆယ်တည်းပါ”

“မဟာစစ်ကြီးက နေ့လားညလားဖြစ်နေပြီဆိုတော့ ဒဟာ ( Daher ) တိုင်းပြည်ဘက်ကဝင်တဲ့ အော်စနယ် ဗီရာ ( Osnel Vera ) နှင့် တခြားဆေးဝါးတွေ စျေးကြီးကုန်လို့ပါရှင့်”

“ကဲပါ … ကဲပါ ။ ဟုတ်ပါပြီ ။ ငါးရာဆိုလည်း ငါးရာပေါ့ ။ ဒီကအနီရောင်နှင့် ညီမလေးလာခဲ့ ။ သွားကြစို့”

ဟုဆိုလိုက်ရာ ဖဲသားအနီရောင်ဝတ်စုံကို ဆင်မြန်းထားသော လူသားဥယျာဉ်ပျိုလေးမှာ မျက်ခုံးနှစ်ဖက်လုံး ပင့်တက်သွား၍ နောက်သို့ခြေတစ်လှမ်းမျှ ဆုတ်သွားလေပြီ ။ ထိုအခါ သူ(မ)ဘေးက အစိမ်းရောင် ဥယျာဉ်ပျိုက

“ဒီညီမလေးဆိုရင်တော့ နှစ်ထောင်ဖရီယာပါရှင်”

ဟုဝင်ဆို၏ ။ ဤစကားကြောင့် ထိုယောက်ျား၏ မျက်လုံးများလည်း ပြူးထွက်သွားပြီး ထိုအနီရောင်ဥယျာဉ်ပျိုလေးကို စားတော့မတတ် ဝါးတော့မတတ် အကြည့်များနှင့် ခြေဆုံးခေါင်းဆုံးတစ်ချက်ကြည့်၍ နှုတ်ခမ်းမည်းမည်း များကိုလည်း လျှာဖြင့်သပ်လိုက်လေသည် ။ ၎င်းနောက် စကား အထစ်ထစ် အငေါ့ငေါ့ဖြင့်

“ဟာ … ဒါ … ဒါဆို … ဒီကညီမလေးက အကိုကြီးနှင့် ပထမဆုံးဖြစ်မှာပေါ့”

အနှီစကားကို မည်သူမျှမဖြေ ။ အနီရောင်ဥယျာဉ်ပျိုလေးမှာ ခေါင်းငုံ့သွားပြီးနောက် သူ(မ)၏ဖဲသားဂါဝန်စနီနီပေါ်က အဖြူရောင်စီးကွင့်လေးများကိုသာ လက်သည်းရှည်တို့နှင့် ဆွဲဖြုတ်နေလေသရော် ၊ ဤယောက်ျားက စလွယ်ထဲက အိတ်နှစ်ထုပ်ကို နှိုက်ယူလိုက်၍

“လာ … ညီမလေး … ပိုးပဝါကျောင်းမှာ ဒါတွေသင်ထားပြီးပြီမလား … မကြောက်ပါနှင့် … အခုအကိုကြီးနှင့် လက်တွေ့လုပ်ကြည့်တာပေါ့”

ဟုဆိုကာ ဖရီယာနှစ်ထုပ်ကို ကမ်းပေးလေရာ ၊ သူ(မ)က ထိုအိတ်နှစ်ထုပ်ကို လက်နှစ်ဖက်နှင့်ယူငင်၍ အဆိုပါယောက်ျားခေါ်ဆောင်ရာ ဘေးနားက အမိုးချွန်ရဲတိုက်အတွင်းသို့ လိုက်ပါသွားရလေသည် ။

ထိုသို့လိုက်သွားနေကြိုက် အကြင်ဥယျာဉ်ပျိုလေးမှာ ရှုံ့မဲ့မဲ့မျက်နှာလေးဖြင့် နောက်က လေးယောက်ကို လည်ပြန်ကြည့်သည်တွင် ၊ အာပေါဿရေသူမ ဥယျာဉ်ပျိုလေးက အားတင်ထားဟူသော လက္ခဏာဖြင့် ဘယ်ဘက်လက်ဖျံကို လက်သီးဆုပ်လျက်သား ထောင်ပြ၍ ၊ အစိမ်းရောင်ဥယျာဉ်ပျိုကမူ အန်သရယ်ပန်းပင်ကြီးဘက်သို့ ပြန်လှည့်သွားပြီးနောက် တုန်ယင်နေသော လက်တို့ဖြင့် အပင်ကြီးပေါ်က ပန်းနီနီကြီးတစ်ပွင့်အား ဆွဲဖြုတ်ချလိုက်လေတော့သည် ။ မြသလွန်၌ ပန်းလေးတစ်ပွင့်ကား မြေခရပြန်လေပြီ ။ သူ(မ)၏နားကပ်က ချူသံလွင်လွင်လေးမှာလည်း လမ်းသွယ်တစ်ခုလုံးဝယ် ပျံ့လွင့်နေဆဲ ။

ထိုအချင်းအရာသည်ကား မြသလွန်၌ အဖန်တစ်ရာတေနေသော အကြောင်းအရာများထဲက တစ်ခု ။ အမှန်စင်စစ် ဥယျာဉ်ပျိုဆိုသည်မှာ အန်သရယ်ပင်များကို ထိန်းသိမ်းသည့် အလုပ်သမများ မဟုတ်ကြဘဲ အခကြေးငွေပေးလျှင် ယောက်ျားများနှင့် ပျော်ပါးပေးသော မိန်းမငယ် ( Red Light Girl ) လေးများသာ ဖြစ်ကြပြီး ၊ ပိုးပဝါဆိုသည်မှာမူ အနှီမိန်းမပျိုများကို လေ့ကျင့်ပေးသော ကျောင်းကြီးဖြစ်လေသည် ။

ယောက်ျားများအတွင်းက ယောက်ျားတစ်ယောက်သာဖြစ်သော လီယိုနာ့ဒ်မှာလည်း ဤနေရာကို ယခုမှပထမဆုံးအကြိမ် ရောက်ဖူးလင့်ကစား ၊ ယင်း၏အကြောင်းများကို တီးမိခေါက်မိထားပါသည် ။ ထို့ကြောင့်ပင် ဘေးက အန်သရယ်ပင်ကြီးများကို ငေးမောကာ သူသိသောကြောင်းအရာများကို ပြန်လည်စဉ်းစားနေမိလေသည် ။

ပထမဦးစွာ ပိုးပဝါကျောင်း၏ အာဏာပိုင်များသည် ကမ္ဘာတစ်ဝန်းတွင် အထောက်တော်များကို စေလွှတ်လျက် အသက်လေးနှစ် ၊ ငါးနှစ်အရွယ် လမ်းဘေးက ကလေးများကို ကောက်ယူ၍လည်းကောင်း ၊ ဆင်းရဲလွန်းလှသည့် မိဘများထံမှ သမီးများကို ဝယ်ယူ၍ လည်းကောင်း ၊ မိဘမဲ့ဂေဟာများအား တိတ်တဆိတ်ထောက်ပံ့ကာ ကလေးများကို ခိုးယူ၍ လည်းကောင်း နည်းလမ်းအမျိုးမျိုးဖြင့် စုဆောင်းပြီးလျှင် ထိုမိန်းကလေးများကို အသက်ငါးနှစ်အရွယ်ကတည်းက ပိုးပဝါကျောင်းသို့ပို့ကာ အဆိုပညာ ၊ အကပညာ ၊ မေယုတံတျာတေး တီးခတ်သည့်အတတ်ပညာ နှင့် နိုင်ငံခြားဘာသာစကားပြော အတတ်ပညာများပြင် အိပ်ရာပေါ်၌ ယောက်ျားများကို ပြုစုသည့်အတတ်ပညာများအထိ သင်ကြားပေးလေသည် ။

ထို့နောက် အသက်ဆယ့်ခုနစ်နှစ် သို့ရောက်လျှင် ကျောင်းဆင်းပေးလိုက်ပြီးနောက် ဤကျောင်း၌ စာမေးပွဲအကြိမ်ကြိမ်ကျသော ၊ သုခုမပညာအရာ၌ ညံ့ဖျင်းသော ၊ ကျောင်းကသတ်မှတ်ထားသော ခန္ဓာကိုယ်အချိုးအစား ရရှိရန် မလေ့ကျင့်နိုင်ခဲ့သော မိန်းကလေးများကို မြသလွန်သို့ ပို့လိုက်၍ ဥယျာဉ်ပျိုလုပ်စေသည် ။

၎င်းဥယျာဉ်ပျိုများအဖို့ ယောက်ျားရွေးချယ်ခွင့်မရှိ ။ အာဏာပိုင်အဖွဲ့အစည်းက ချမှတ်ပေးထားသော နှုန်းထားကိုပေးနိုင်ပါက ပေးနိုင်သည့်ယောက်ျားဖြင့် ပျော်ပါးပေးရ၏ ။ ထို့ကြောင့် ကျန်သူများကလည်း ယင်းတို့ကို လိင်မယ်များထက် ပိုမမြင် ။ လူ့အဖွဲ့အစည်း၏ အနှိမ်ခံများဖြစ်ကြ၍ သူ(မ)တို့ထက် ပိုမိုနိမ့်ပါးသည့်သူတို့မှာ “မိန်းမသွမ်း” ( Street Girl ) ဟုခေါ်သော လမ်းဘေး၌လုပ်စားရသည့် ဇိမ်မယ်များသာ ဖြစ်ချေတော့သည် ။

သို့သော် ပိုးပဝါကျောင်း၌ အမှတ်ကောင်းခဲ့သော ၊ ဂုဏ်ထူးများဖြင့်ဝေဆာခဲ့သည့်ပြင် အဆင်းပါတင့်သော မိန်းမပျိုတို့မှာမူ သမုဒယရတီ နန်းတော်ကြီးပေါ်သို့ ရောက်သွားကြပြီး ၊ ယင်းတို့ကိုကား “ပြည့်တန်ဆာ” “တိုင်းပြည်၏အဆင်တန်ဆာ” ( Courtesan ) ဟုခေါ်ဝေါ်၍ ၊ ၎င်းတို့ကိုမူ လူ့အသိုင်းအဝိုင်းကလည်း အနုပညာသည်များဟု သတ်မှတ်ကြသည့်အတွက် ၊ ထိုပြည့်တန်ဆာများသည် အထက်တန်းလွှာ လူ့မလိုင်လူတန်းစားများနှင့်သာမက တော်ဝင်မျိုးရိုးများအထိပါ ဝင်ဆံ့ကြလေသည် ။

ထို့ကြောင့် လီယိုနာ့ဒ်တို့ ယခုဝင်ရောက်နေသော “ပိုးပဝါ ၊ မြသလွန်နှင့် သမုဒယရတီနန်းတော်” မှာ ဘုရင်တစ်ပါး၏ နန်းတော်မဟုတ် ။ ရိုဒီးနီးယား၏ ကမ္ဘာ့အဆင့်မြင့်ဆုံး ထိပ်တန်းဆောင်ကြာမြိုင်ကြီးတစ်ခုသာ ဖြစ်ချေတော့သည် ။

ဤသို့ဖြင့် သူတို့သုံးယောက်သည် မြသလွန်ကိုဖြတ်လာခဲ့ရာ ၊ အချိန်အနည်းငယ်မျှကြာပြီးနောက် မိန်းမရုပ်တုကြီးနှစ်ရုပ် ဖြာထွက်နေသော ပင်မရဲတိုက်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာလေပြီ ။

https://mmxianxia.com/wp-content/uploads/2026/02/IMG_3753.webp

အပေါ်မော့ကြည့်၍ ကဟန်ချိုးနေသည့် ရုပ်တုကြီးနှင့် မျက်နှာချင်းဆိုင်မိသွားသည့်အခါ ၊ မထင်မှတ်ထားသော မြင်ကွင်းကြောင့် သူ့မျက်ခုံးများပင့်တက်သွားရသည်သာမက ကျောက်ခင်းလမ်းကြီးပေါ်က မြက်စိုစိုလေးများကိုပင် ဖိနင်းမိသွားလေသည် ။

အနှီရုပ်တုကြီးကား သူမှန်းဆထားခဲ့သည်ထက်ပင် ပိုမိုကြီးမားနေ၏ ။ ၎င်းကြီးအား အမိုးချွန်မျှော်စင်ငယ်များနှင့် ပတ်ပတ်လည်ဝိုင်းခံထားရသည့်ပြင် ကဟန်ချိုးနေသော လက်တစ်ဖက်မှာလည်း ကျိုးပဲ့နေသည့်အတွက် ၊ ဤမိန်းမပျိုရုပ်တုကား အဝေးကမြင်ခဲ့ရသကဲ့သို့ ရဲတိုက်ကြီးထဲက ဖြာထွက်နေခြင်းမဟုတ်ဘဲ ရဲတိုက်ကြီးနှင့်အတူ ပိတ်မိနေသည့်သဏ္ဌာန်နှင့် ပိုတူလာလေတော့သည် ။

သို့လင့်ကစား တဒင်္ဂအတွင်းမှာပင် သူ့မျက်နှာ၌ အပြုံးတစ်ခုလှစ်ဟလာ၏ ။ ဤသည်ကား ရာဗလွန် အင်ပါယာကြီး၏ အဆင်တန်ဆာများတည်မြန်းကြရာ သမုဒယရတီနန်းတော် ။ ၎င်းနှင့်အတူ ထူးဆန်းသောလူသတ်မှု ။ သူ၏ ပထမဆုံးအရှုပ်တော်ပုံမှာ ဤနေရာမှာပင် စတင်တော့မည်တကား ။ ။

*************

သမုဒယရတီနန်းတော်၏ မြေညီထပ်မှာ စက်ဝိုင်းသဏ္ဌာန် ခန်းမကျယ်ကြီးတစ်ခုဖြစ်၏ ။ အလယ်၌ ဒုတိယထပ်ကို တက်သော ကျောက်သား ကြောင်လိမ်လှေကားကြီးတစ်ခုရှိပြီး ဤခန်းမကြီး၏ စက်ဝိုင်းသဏ္ဌာန်နံရံကြီးတွင်မူ ကျောက်သားတံခါးချပ်များ အစီအရီတည်နေကြလေသည် ။ ကြည့်ရသည်မှာ ယခု လီယိုနာ့ဒ်တို့ရောက်နေသော အဓိကခန်းမကြီးကို ဗဟိုပြုကာ အခန်းငယ်များဖွဲ့ထားခြင်းဖြစ်ဟန်တူသည် ။

ယင်းခန်းမကြီးတွင်မူ ခေါင်းပေါင်းနီကြီးများ ပေါင်းလျက် ရောင်ခြည်သေနတ်များ လွယ်ထားကြသောအစောင့်များနှင့် မျက်နှာကြက်အနား၌ပျံဝဲကာ အလင်းထုတ်နေသည့် သလင်းတုံးလေးများသာရှိသည် ။ ပြည့်တန်ဆာများကိုကား အရိပ်အယောင်မျှပင် မတွေ့ရသေး ။

ခန်းမနံရံက ကျောက်သားတံခါးများတွင်လည်း မတူညီသော ပန်းပွင့်ပန်းချီများကို ရေးဆွဲထားသည်သာမက အနီရောင်သလင်းတုံးလေးများက တံခါးအနားတွင် ပျံသန်းလျက်ရှိနေသည့်အလျောက် ၊ ဤသည်တို့မှာ ပြည့်တန်ဆာများ၏ အခန်းများဖြစ်ဟန်တူပြီး လိုက်လံရေတွက်ကြည့်သည့်အခါ ၊ ယင်းအထပ်၌ စုစုပေါင်းအခန်းငယ် လေးဆယ်ခန့် ရှိလေသည် ။

ခန်းမကြီးနှင့် ယှဉ်လိုက်သောကြောင့်သာ အခန်းငယ်ဟု သမုတ်လတ်ပေသော်ငြား အမှန်စင်စစ် ဤအခန်းတစ်ခန်း၏ ဧရိယာမှာ ထိပ်တန်းတည်းခိုခန်းထက်ပင် နှစ်ဆနီးပါးမျှ ကျယ်ဝန်းလေသည် ။

ယခုအထပ်မှာကား သတ္တမအဆင့် ပြည့်တန်ဆာများ နေသောအထပ် ၊ ပြည့်တန်ဆာချင်းယှဉ်ပါက အဆင့်အနိမ့်ဆုံးပြည့်တန်ဆာများနေသော အထပ်ဖြစ်ပြီး ၊ လူသတ်မှုဖြစ်သော အထပ်မှာ ဒုတိယအဆင့် ထိပ်တန်းပြည့်တန်ဆာစံသော အထပ်ဝယ်ဖြစ်သည့်အလျောက် သူတို့သည် နောက်တစ်ထပ်သို့ ဆက်တက်ရန် ကြောင်လိမ်လှေကားရှိရာ ခန်းမအလယ်သို့ လျှောက်လှမ်းလာကြလေသည် ။

ထိုအခိုက်၌ အခန်းငယ်တစ်ခန်းအတွင်းမှ မိန်းမသံတစ်သံမှာ ခပ်အုပ်အုပ်ထွက်ပေါ်လာ၍ ၊ ယင်းအသံမှာ သာမန်အားဖြင့် မကျယ်လှလင့်ကစား အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသော အနှီအခြေအနေ၌ သူ့နားအတွင်းသို့ ပြတ်ပြတ်သားသားကြီး ဖောက်ဝင်လာတော့သည် ။

“နင်တို့တွေ တော်တော်ပျော်နေကြလား … ဟမ် ။ ငါ့အရှက်ကို ဒါမျိုးခွဲလိုက်ရတော့ တော်တော်မှ နေသာထိုင်သာရှိသွားကြရဲ့လား ။ တစ်ယောက်က ဒီလောက်လွယ်တဲ့ သီချင်းတီးတာကိုတောင် ကြိုးပြတ်အောင်တီးတယ် ။ နောက်တစ်ယောက်က ကနေတုန်း ငါ့ဂါဝန်စကို တက်နင်းတယ် ။ နင်တို့တွေ ပိုးပဝါကျောင်းကနေ မနေ့တစ်နေ့ကမှ ဆင်းလာပြီးတော့ သမုဒယရတီနန်းဆောင်မှာ ဒါမျိုးထင်တိုင်းရမ်းလို့ ရမယ်များမှတ်နေတာလား … ဟမ်”

ထိုစကားကြောင့် ရှေ့ဆုံးက ဦးဆောင်သွားနေသော ဇိုက်(ခ်)မှာ ကြောင်လိမ်လှေကားပေါ်သို့ မတက်တော့ဘဲ ရပ်သွားသဖြင့် သူလည်းရပ်လိုက်ရသည် ။ သို့သော် ထိုမိန်းမသံမှာကား မရပ်။

“ငါဒီကိစ္စကို လုံးဝမကျေနပ်ဘူး ။ အထူးသဖြင့်နင် … နင်ကကျောင်းတုန်းက မေယုဂီတပညာမှာ ဂုဏ်ထူးထွက်ထားတာဆို ။ တကယ်တီးတော့ ကြိုးပြတ်အောင် ဘယ်လိုများတီးလိုက်တာလဲ ပြောစမ်း”

ထိုအခါခပ်ငယ်ငယ် မိန်းကလေး အသံထွက်လာ၏ ။

“ဟို … ဟိုလေ မမလေး ။ တကယ်တော့ ဖြတ်ချလိုက်တာပါ ။ တိမ်လွှာကြိုးဖြတ် တီးကွက်နှင့် တီးကြည့် …”

“ဘာရယ် … တိမ်လွှာကြိုးဖြတ် တီးကွက်ဟုတ်လား ။ နင့်ကိုယ်နင်ဘာထင်နေတာလဲ ။ နင်က လေဒီ လီလီယာနာ ( Lady Liliana ) လား ။ နင်က လေဒီ ဆယ်ဖီးနီး ( Lady Saefene ) လား ။ အဲသည်တီးကွက်ကို ငါတောင်မတီးတတ်ဘူးဟဲ့ … ဒါကိုနင်က ဘာမျှကြိုကျင့်မထားဘဲ ဧည့်သည်ရှေ့မှာ ကြိုးဖြတ်ချတာ ။ ငါ့မှာ ဘယ်လောက်ထိ အလဲလဲအကွဲကွဲဖြစ်သွားလဲ နင်တို့သိကြရဲ့လား ။ ဒီဧည့်သည်က အရေးကြီးလို့ တစ်နေ့ကမှ စပ်ထားတဲ့ ကိုယ်ပိုင်သီချင်းနဲ့ ဖျော်ဖြေမလို့ကို အခုငါသူ့ရှေ့မှာ ဘယ်လိုမျက်နှာနှင့် နေရတော့မှာလဲ ။ နောက်တစ်ခါ သူ မလာတော့ရင် ဘယ်လိုလုပ်မှာလဲ … ဟမ်”

ဇိုက်(ခ်)၏မျက်နှာ၌ ပြုံးယောင်တစ်ချက် ဖြတ်ပြေးသွား၏ ။ လီယိုနာ့ဒ်ကမူ မတက်သေးဘူးလော ဟုအဓိပ္ပာယ်ပါသော အကြည့်ဖြင့် လှမ်းကြည့်လိုက်စေကာမူ ချင်းမှာမတက်သေးဘဲ အနှီပွဲကို ဆက်လက်နားထောင်နေသည် ။ ထိုအခိုက် မိန်းမငယ်သံတစ်ခုက

“ဟို … အဲဒါတော့ စိတ်မပူပါနှင့် မမလေး ။ အဲသည်ဧည့်သည်က ပြောတယ်လေ ။ မမလေးဒါမျိုး ကပိုကရို ဖြစ်နေတာကိုက ချစ်စရာကောင်း … ကောင်း …”

“တိတ်စမ်း”

အသံကြီးကား ဟိန်းခနဲ ။

“ငါတို့ပြည့်တန်ဆာတွေနှင့် ဟိုမြသလွန်ဥယျာဉ်ထဲက နားမှာချူတပ်ပြီး စျေးခေါ်နေတဲ့ကောင်မတွေ ဘာကွာတာလဲသိလား ။ ပညာဟဲ့ … ပညာ ။ ငါဒီမှာရောက်နေတာ ပညာတတ်လို့ ။ ဒီပညာကိုမှ အကောင်းဆုံးမပြနိုင်ရင် ငါကဟိုချူလုံးမတွေနှင့် ဘာကွာဦးမှာလဲ”

“ပြီးတော့ နင်တို့တွေ … ပိုးပဝါမှာ အမှတ်ကောင်းလာလို့ ဒီကိုရောက်လာတိုင်း ကိုယ့်ကိုယ်ကိုယ် သိပ်ဟုတ်လှပြီလို့ ထင်မနေကြနှင့်ဦး ။ နင်တို့အလုပ်သင် အဆင့်ပဲရှိသေးတာနော် ။ စာတွေ့မှာ ဘယ်လောက် ပျံလန်နေအောင် ဂုဏ်ထူးထွက်ခဲ့ ထွက်ခဲ့ … ဒီလက်တွေ့သုံးနှစ်မှာ စာမေးပွဲကျရင် ကျတာပဲ ။ ပြီးတော့နင်တို့ရဲ့ လက်တွေ့အအောင် ၊ အရှုံးအမှတ်တွေကို ငါကိုင်ထားတာကိုလည်း မမေ့ကြနှင့်ဦး ။ ဒီနေ့ဧည့်သည်ကို ဖျော်ဖြေရာမှာ ဗရုတ်ကျရင် နင်တို့ကို စာမေးပွဲတန်းချပစ်မယ် ။

ကျလို့ကတော့ နားမှာတပ်ဖို့ ချူလုံးတွေ ဝယ်ထားကြတော့ ။ စျေးခေါ်ဖို့အသင့်ပြင်ထားကြတော့ ။ နင်တို့ကို တက်ခွမဲ့သူက ညီမလေးညံ့လိုက်တာလို့ ပြောရင်လည်း ဟုတ်ကဲ့ပါအကိုကြီးရှင့်လို့ ပြန်ပြောနိုင်အောင် ကျင့်ထားကြတော့ ။ နားလည်လား”

စကားသံထပ်ထွက်မလာတော့ဘဲ တအိအိ အသံများသာ ခပ်တိုးတိုးထွက်လာသည်။

“ဘာငိုနေတာလဲ ။ မငိုနှင့် တားဆေး သွားသောက်ကြစမ်း”

ဤစကားသံဆုံးသည်နှင့် တခြားအခန်းများအတွင်းက မိန်းမပျိုများ၏ရယ်သံများမှာ တခိခိနှင့် ဟိုတစ်စသည်တစ်စ ထွက်ပေါ်လာလေရာ ၊ ယခင်က တိတ်ဆိတ်နေသောခန်းမကြီးမှာ ပြည့်တန်ဆာများ၏ ခိုးခိုးခစ်ခစ်ရယ်သံများဖြင့် အသက်ဝင်လာလေသော် ထိုမိန်းမသံကပင်

“အသံလုံတဲ့စနစ်ကို ဘာဖြစ်လို့ပိတ်ထားကြတာလဲဟဲ့ ။ အခုတော့ အကုန်ကြားကုန်ပြီ … အဲတော့ ငါကပဲလူဆိုးမ”

ဟူသည့်အသံထွက်လာပြီးနောက် ယင်းအခန်းမှ မည်သည့်အသံမျှဆက် ထွက်မလာတော့ ။ ထိုနှင့်အတူ ကျန်သောအခန်းများက အသံများသည်လည်း ပြိုင်တူနီးပါး ငြိမ်ကျကုန်သဖြင့် ၊ အသံလုံစနစ်ဟူသော အရာကိုသုံးလိုက်ကြဟန်တူပေသည် ။

ယင်းသို့ဖြင့် အနှီမြေညီထပ်ကြီးတစ်ခုလုံးမှာ သူတို့ရောက်စကအတိုင်းပင် ပြန်လည်ဆိတ်ငြိမ်သွား၍ လွန်ခဲ့သောစက္ကန့်ပိုင်းက ဖြစ်ပျက်သွားသော အသံများကပင် နေ့ခင်းကြောင်တောင်တွင် မြင်လိုက်ရသော တံလျှပ်တစ်ခုပေအလား အမှန်နှင့်အမှား ဝေဝါးသွားကြလေပြီ ။ ထိုအခါမှ သူတို့လည်း ဒုတိယအထပ်သို့ ဆက်တက်လာကြတော့သည် ။ ။

*************

ဒုတိယအထပ်မှာ ပထမအထပ်နှင့် အပြင်အဆင်ချင်း ဆင်တူသော်လည်း ဤအထပ်၌ အခန်းငယ်ပေါင်းလေးဆယ် မဟုတ်တော့ ။ သုံးဆယ်ခန့််သာ ရှိတော့သောကြောင့် တစ်ခန်းချင်းစီမှာ ပထမအထပ်ထက်ပင် ပိုမိုကျယ်ဝန်းလာသည့်ပြင် ၊ အခန်းတံခါးများ၏ရှေ့ဝ၌လည်း ပိုးသားစလွယ်များလွယ်ထားကြသော ယောက်ျားများက မတ်တတ်ရပ်လျက် စောင့်နေသည်ကို တွေ့လိုက်ရလေ၏ ။

ထိုအခိုက်ဝယ် ပန်းပွင့်ပန်းချီများ ရေးချယ်ထားသော ကျောက်သားတံခါးတစ်ချပ်မှာ ပွင့်ဟသွား၍ ၊ အခန်းအတွင်းက အမျိုးသမီးတစ်ယောက် ထွက်လာလေသည်။

https://mmxianxia.com/wp-content/uploads/2026/02/40740B59-536E-4F75-A97A-954514223DED.webp

ယင်းအမျိုးသမီးသည် မြစိမ်းရောင်ဝင့်ထည်လျက်ရှိ၍ ခါးအလယ်ထိသာရှည်သော ဇာသားရုံလွှာပါးပါးလေး တစ်ထည်ကို ခြုံထား၏ ။ သလင်းတုံးမီးရောင်အောက်ဝယ် စိုလက်နေသော အနက်ရောင်ပိုးသားဂါဝန်ကို ဝတ်ဆင်ထားလျက် ယင်းဂါဝန်ကို ပန်းပွင့်စီးကွင့်များထိုးထားသော ဇာချည်တို့နှင့် အလှဆင်ထား၏ ။

အနက်ရောင် ဖဲသားခမောက်တစ်လုံးကိုလည်း ဆောင်းထား၍ ထိုခမောက်အားအဖြူရောင် တိမ်လွှာသဏ္ဌာန်စီးကွင့်များနှင့် ခြယ်သထားသည့်ပြင် ၊ ယင်းခမောက်မှာ သာမန်လယ်သမားများ ဆောင်းသောတြိဂံသဏ္ဌာန် အမိုးချွန်ခမောက်မဟုတ်ဘဲ တြာပီဇီယမ်သဏ္ဌာန် အမိုးပြား ဇလားပုံ ခမောက်မျိုးဖြစ်သည် ။

ထို့မျှမက ခမောက်ကိုတည့်တည့်မဆောင်း ၊ တစောင်းဆောင်းထားရကား မျက်နှာတစ်ခြမ်းမှာ အုပ်နေပြီး ကျန်ပေါ်နေသော တစ်ခြမ်း၏ မျက်လုံးဝိုင်းဝိုင်းလေး တစ်ဖက်နှင့် နှုတ်ခမ်းရဲရဲလေး တစ်စုံကိုသာ မပြည့်မစုံလှမ်းမြင်နေရ၏ ။ နောက်ဆုံး ခမောက်ပြုတ်မကျစေရန် အစိမ်းရောင် ဖဲသားမေးသိုင်းကြိုးပြားလေးဖြင့် ချည်နှောင်ကာ အလှတစ်ပါးကို ပြီးပြည့်စုံစေသည် ။

ဤသည်ကား သမုဒယရတီ နန်းတော်က ပြည့်တန်ဆာတို့၏ တူညီဝတ်စုံ ။ အထက်တန်းလွှာထဲသို့ ရောနှောစိမ့်ဝင်တော့မည့် ကညာပျို၏ အဆောင်အယောင် ။ သူ(မ)ထွက်လာသည်နှင့် တံခါးဝ၌စောင့်ကြိုနေသော အထက်တန်းလွှာ ယောက်ျားတစ်ယောက်က ပခုံးထိနှုတ်ဆက်ပြီးနောက် သူ(မ)နှင့်အတူ အောက်သို့ဆင်းသွားလေလျှင် ၊ အကြင်ကညာပျို၏ပခုံး၌ လွယ်ထားသော ရှည်မျောမျော သစ်သားကိရိယာ တစ်ခုက သူ့မျက်စိရှေ့ဝယ် လှစ်ခနဲပေါ်လာလေ၏ ။

မေယုတံတျာတူရိယာ ဖြစ်မည်ထင်သည် ။ ယခုအချိန်မှာ မနက်ပိုင်းမျှသာ ရှိသေးသည့်အလျောက် ထိုသို့ထွက်သွားခြင်းမှာ လိင်ကိစ္စပျော်ပါးရန်မဟုတ်ဘဲ ပွဲတက်ရန်လာခေါ်ခြင်းသာ ဖြစ်တန်ရာ၏ ။

( သတိပေးချက် ။ ။ အောက်၌ ဝါကျအရှည်ကြီးရှိသည် ။ အသင့်ပြင်ထားပါ ။ )

ပြည့်တန်ဆာများသည် အဆိုအကပညာရပ်များတွင် သာမက အမူအရာ ၊ အပြောအဆိုနှင့် လက်ရှိစီးပွါးရေး နိုင်ငံရေးအခြေအနေများကိုပါ အစဉ်မပြတ် လေ့လာထားကြသူများ ဖြစ်ကြသောကြောင့် ၊ ယောက်ျားများ မင်္ဂလာပွဲတက်ရန် အဖော်မရှိပါက ပြည့်တန်ဆာငှါးရမ်းပြီး တက်ကြသည့်ပြင် အထက်တန်းလွှာများ ၊ တော်ဝင်ပုဂ္ဂိုလ်များပေးသော ပါတီပွဲများ၌ ဂုဏ်တုဂုဏ်ပြိုင်တို့မှာ အလွန်အလွန် များပြားလွန်းလှသည့်အားလျော်စွာ ၊ ယောက်ျားတစ်ယောက်၏ တရားဝင်မိန်းမနှင့် အန်းဆော့တို့မှာ ပွဲဝင်ဆံ့သော ပညာအရည်အချင်းမရှိပါက ဖြစ်စေ ၊ တိုင်းရေးပြည်ရေး ၊ စီးပွါးရေးအကြောင်းများကို အများနှင့်တန်းတူပြောဆိုနိုင်သော ဗဟုသုတနှင့် စကားထောင်ချောက်များကို ရှောင်လွှဲနိုင်သော ဖြတ်ထိုးဉာဏ်နည်းပါးပါက ဖြစ်စေ ပြည့်တန်ဆာကို ငှါးရမ်းရ၍ ၊ ထိုကဲ့သို့ ပြည့်တန်ဆာကို ခေါ်လာသည့်အခါတွင်လည်း ပွဲရှင်များက “လိင်ဝန်ဆောင်မှုပေးသော မိန်းမပျက်ကိုခေါ်လာသည်” ဟု မမြင်ဘဲ “ပညာတတ်သောသူကို တွဲခေါ်လာသည် ၊ ငါဖိတ်သော ပွဲကိုအရေးတယူပြုသည် ၊ တိုင်းပြည်၏အဆင်တန်ဆာကိုဆောင်ကြဉ်း လာသည်” ဟုသာ တွေးမြင်ယူဆကြသည်မှာ ရာဗလွန်အင်ပါယာတွင်သာမက ကျန်သောနိုင်ငံများအထိပါ အရိုးစွဲနေသော ယဉ်ကျေးမှုတစ်ခုသာ ဖြစ်လေရကား ၊ ၎င်းတို့ကို ပေးရသည့်ကြေးမှာ နင့်ထွက်နေသည်ကိုလည်း ဆက်လက်တွေးတောရန်ပင် လိုမည်မထင်တော့ချေ ။

မြသလွန်၌ ယောက်ျားများ ပျော်ပါးမြဲပျော်ပါးနေကြခြင်းနှင့် သမုဒယရတီ နန်းတော်၌ ထိုကဲ့သို့ပုံမှန်အတိုင်း လည်ပတ်နေကြခြင်းတို့ကို စပ်လျဉ်းကြည့်သော် ၊ ဆောင်ကြာမြိုင် အာဏာပိုင်များသည် လူသတ်မှုကို ဖုံးကွယ်ထားပြီး နတ်နဂါးတပ်နှင့်သာ တိတ်တပုန်း ကျိတ်ရှင်းရန် ပြင်ဆင်ထားပုံရသည်။

ယင်းသိုဖြင့် လီယိုနာ့ဒ်တို့သည် တစ်ထပ်ပြီးတစ်ထပ်တက်လာကြသည် ။ တစ်ထပ်မြင့်လာလေလေ ၊ အခန်းအရေအတွက် ပိုနည်းလာလေလေ ၊ ထိုအထပ်၌နေသော ပြည့်တန်ဆာ၏ အဆင့်အတန်းမှာလည်း ပိုတင့်လာလေလေဖြစ်ကာ တတိယအဆင့် ပြည့်တန်ဆာများနေသော အထပ်၌ စုစုပေါင်း ခြောက်ခန်းမျှသာကျန်တော့ပြီး ၊ အခန်းတစ်ခန်းမှာလည်း အိမ်တစ်လုံးနီးပါးကျယ်သည့် အဆင့်သို့ရောက်ရှိလာ၏ ။ ထိုမျှမက ၊ ဤနေရာတွင် မေယုတံတျာတေးသွားကို ဆွဲဆွဲငင်ငင်တီးခတ်နေသည့် အသံတို့မှတစ်ပါး မည်သည့်အသံမျှ မကြားရတော့ချေ ။

ဇိုက်(ခ်)၏အဆိုအရ လူသတ်မှုဖြစ်သော ဒုတိယအမြင့်ဆုံးထပ်နှင့် ပထမ ထိပ်ဆုံးထပ်ဆိုလျှင် တစ်ထပ်လုံးကို ပြည့်တန်ဆာ တစ်ယောက်တည်းကသာ အပိုင်စားထား၍ ၊ ဤပြည့်တန်ဆာနှစ်ယောက်ကို ထိပ်တန်းပြည့်တန်ဆာ (ဝါ) သုခုမပညာရှင် ပြည့်ကြီးတန်ဆာ ( High Courtesan ) ဟုခေါ်ဝေါ်ကြလေသည် ။

လူသတ်မှုဖြစ်သည့်အထပ်သို့ရောက်ရန် တစ်ထပ်မျှသာ လိုတော့သည့်အလျောက် သူ့မျက်လုံးများမှာ ပို၍ပင်ကျဉ်းမြောင်းလာကာ မည်သူအသတ်ခံလိုက်ရသနည်းဟုလည်းကောင်း ၊ မည်ကဲ့သို့ အသတ်ခံလိုက်ရသနည်းဟုလည်းကောင်း ၊ ဤအထပ်က ပြည့်ကြီးတန်ဆာကလည်းထိုအမှု၌ မည်သည့်နေရာက အသုံးတော်ခံနေသနည်းဟုလည်းကောင်း စသည့်မေးခွန်းများကား သူ့ခေါင်းတွင်းဝယ် စီတန်းလာလျက် မျက်ခုံးထူထူ နှစ်တန်းတို့မှာလည်း မသိမိခိုက်မှာပင် ထိလုနီးပါး ကြုတ်နေလေတော့သတည်း ။ ။

************

All Chapters