← Chapters

စီနီယာတပည့် နှစ်ဦး ပြန်လည် ရောက်ရှိလာခြင်း

Vol. 9 Ch. 81

စီနီယာတပည့် နှစ်ဦး ပြန်လည် ရောက်ရှိလာခြင်း

Vol. 9 Ch. 81

“ဆရာ ကျွန်တော် အဆင့်တက်သွားပြန်ပြီ...”

ဝမ်ပေါင်လဲ့သည် စိတ်လှုပ်ရှားစွာ ပြေးလာပြီး သူ့၏ ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအဆင့် အရှိန်အဝါကို ထုတ်ပြလိုက်သည်။

ချူဖုန်းက ပြုံးပြီး ပြောလိုက်သည်။”မဆိုးပါဘူး မင်းက ဝမ်တောက်ကျောင်းတော်က တပည့်အများစုရဲ့ ကျင့်စဉ်နှုန်းကို နောက်ဆုံးတော့ မီလာပြီပဲ”

သည်ကောင်လေးက သူနှင့်အတူ ထိုက်ကျိလက်သီးသိုင်း စလေ့ကျင့်ကတည်းက စားချင်စိတ် ပိုလာရုံသာမက ကျင့်စဉ်နှုန်းပါ မြန်လာသည်။

ကိုယ်အလေးချိန်ပင် တက်လာ၏။ သို့သော် သူ့၏ဉာဏ်ရည်ကတော့ မတိုးတက်လာခဲ့ပေ။

ဆရာ၏ ချီးကျူးစကားကို ကြားသောအခါ ဝမ်ပေါင်လဲ့က ပို၍ပင် ပြုံးဖြီးဖြီး ဖြစ်သွားသည်။

“ဆရာ ဒီနေ့ ဂျုံ ဘယ်လောက် နယ်ရမလဲ...”

လပေါင်းများစွာ လေ့ကျင့်ပြီးနောက် မီးဖိုချောင်ထဲတွင် ဝမ်ပေါင်လဲ့၏ အနေအထားက မြင့်တက်လာခဲ့သည်။

ချူဖုန်းက သူ့ကို ဂျုံစနယ်ရန် ခွင့်ပြုပေးထားသည်။

ချူဖုန်းက ဂရုမစိုက်သလို ပြောလိုက်သည်။ “မင်းစားနိုင်သလောက်ပဲ နယ်လေ”

“ဆရာနဲ့ စီနီယာအစ်မက ဒီနေ့ အပြင်သွားကြမလို့လား...”

ဝမ်ပေါင်လဲ့သည် မသိစိတ်ဖြင့် မေးလိုက်သည်။

“မသွားပါဘူး”

ချူဖုန်းက ရှင်းပြလိုက်သည်။ “မင်းရဲ့ စီနီယာအစ်ကိုနှစ်ယောက်က ဒီရက်ပိုင်းအတွင်း ပြန်ရောက်လာကြတော့မယ်...သူတို့အတွက် အစားအသောက် ကောင်းကောင်း ပြင်ဆင်ထားပေးဖို့ လိုတယ်ကွ”

“ပထမ စီနီယာအစ်ကိုနဲ့ဒုတိယ စီနီယာအစ်ကိုတို့က ပြန်လာကြတော့မှာလား...”

ဝမ်ပေါင်လဲ့သည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

သောင်းပြောင်းပညာရပ်ဌာနတွင် ရှိနေစဉ်အတွင်း ဆရာနှင့် စီနီယာအစ်မတို့က စီနီယာအစ်ကို နှစ်ယောက်အကြောင်း ပြောသည်ကို တစ်ခါတလေ ကြားဖူးသည်။

သူတို့သည် ဝမ်တောက်ကျောင်းတော်၏ ပါရမီရှင်များအဖြစ် သတ်မှတ်ခံထားရကြောင်း သိထားပါသည်။

ဝမ်ပေါင်လဲ့သည် သူတို့နှင့် တွေ့ဆုံရန် စိတ်အားထက်သန်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။

“ဟုတ်တယ်”

ချူဖုန်းက ဘာမှ ဖုံးကွယ်မထားပေ။”သူတို့ရဲ့ လေ့ကျင့်ရေး ခရီးစဉ်ကတော့ ပြီးဆုံးသွားပြီ... ပြီးတော့ မင်းရဲ့ အကြီးဆုံးစီနီယာအစ်ကိုက သူ့ရဲ့ သုံးနှစ်တာ ကတိကဝတ်ကို ဖြည့်ဆည်းဖို့အတွက် ပြန်လာမှာ”

“သုံးနှစ်တာ ကတိကဝတ်လား...ဘယ်သူနဲ့လဲဗျ...”

ဝမ်ပေါင်လဲ့သည် စူးစမ်းလိုစိတ် ပြင်းပြနေသော ကြောင်ပေါက်လေးကဲ့သို့ သူ့ကို ကြည့်လာသည်။

ချူဖုန်းက ပြောလိုက်သည်။”သူ့ရဲ့ အရင်သတိုးသမီးလောင်းနဲ့...”

“အရင်က သတိုးသမီးလောင်းလား...”

ဝမ်ပေါင်လဲ့သည် အတင်းအဖျင်း စိတ်ဝင်စားသည့် မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်နေသည်။

“သိချင်တယ်ဆိုရင် မင်းရဲ့ ပထမ စီနီယာအစ်ကိုကြီး ပြန်ရောက်တဲ့အခါကျမှ ကိုယ်တိုင် မေးကြည့်လိုက်...”

ထိုသို့ပြောပြီးနောက် ချူဖုန်းက လှည့်ထွက်သွား တော့သည်။

ဝမ်ပေါင်လဲ့သည် အနည်းငယ် နှမြောတသ ဖြစ်မိသော်လည်း ယင်ယန်သဟဇာတဖြစ်ခြင်း ထိုက်ကျိလက်ကို အသုံးပြုပြီး ဂျုံစတင်နယ်လိုက်သည်။

နေ့လယ်ရောက်သောအခါ၌။

အသံသြသြကြီးက ခြံဝင်းအပြင်ဘက်မှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ဆရာ ဂျူနီယာညီမလေး ကျွန်တော် ပြန်ရောက်ပါပြီခင်ဗျာ”

ခြံဝင်းထဲရှိ လူသုံးဦးသည် ဝင်ပေါက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

အဝင်ဝတွင် စွမ်းအားကြီးပြီး ပြင်းထန်သည့် အရှိန်အဝါများ ထုတ်လွှတ်လျက် ဟန်ပါပါ လှမ်းဝင်လာသော ချောင်ရို့ချန်ကို တွေ့လိုက်ရသည်။

သူ၏ခြေလှမ်းက မမြန်သော်လည်း ခြေလှမ်းတိုင်းသည် သားရဲတစ်ကောင်၏ ဖိအားကို သယ်ဆောင်ထားသည်။

ဝမ်ပေါင်လဲ့သည် စီနီယာအစ်ကိုကြီးကို မြင်လိုက်ရသည့်အခါ ချွေးစေးများ ပြန်လာသည်။

‘ဒါ ဆရာပြောတဲ့ ပထမ စီနီယာအစ်ကိုကြီးလား... သန်မာချက်က ကြောက်ဖို့လန့်ဖို့တောင် ကောင်းတယ်’

ချင်းချင်း၏ နှုတ်ခမ်းများက အပြုံးပါးပါးလေးအဖြစ် ကွေးညွတ်သွားပြီး ပြောလိုက်သည်။ “ဒုတိယ စီနီယာအစ်ကို မတွေ့ရတာ ကြာပြီနော်...အစ်ကိုက ပိုသန်မာလာပါလား”

ချူဖုန်းလည်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ချောင်ရို့ချန်၏ကိုယ်ပေါ်က သတ်ဖြတ်ခြင်း အရှိန်အဝါများက မရေမတွက်နိုင်သည့် သေခြင်းရှင်ခြင်း တိုက်ပွဲများကနေ ရရှိလာခြင်းဖြစ်သည်။

ထို့အပြင် မကြာသေးခင်ကမှ ချောင်ရို့ချန်သည် သူ့ကို ပိုမို၍ကြောက်မက်ဖွယ်ကောင်းလာစေမည့် တိုက်ပွဲတစ်ခု ရင်ဆိုင်ခဲ့ရဟန်ရှိသည်။

ချောင်ရို့ချန်သည် သူ၏ ခေါင်းတုံးပြောင်ကြီးကို ပွတ်သပ်ပြီး ရယ်မောလိုက်သည်။”ဂျူနီယာညီမလေးလည်း ပိုသန်မာလာတာပဲ... ပြီးတော့ ပိုလို့တောင် လှလာသေးတယ်ဗျာ”

ပိုမို၍ သန်မာလာပြီး ပိုမို၍ ခေါင်းပြောင်လာသော်လည်း ယခင်က အပျော်အပါးမက်သော သခင်လေး တစ်ယောက် အနေဖြင့် သူ၏ ကလူမြှူဆွယ်တတ်သော သဘာဝကတော့ နည်းနည်းလေးမှ မပြောင်းလဲပေ။

ချင်းချင်းသည် မျက်နှာရဲတွတ်သွားပြီး ပြောလိုက်သည်။ “စီနီယာအစ်ကိုက ကျွန်မကို နောက်နေပြန်ပါပြီရှင်...”

ချူဖုန်းသည် ချောင်ရို့ချန်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ “တာ့ချန် ဒီကိုလာခဲ့ မင်းကို သေချာ ကြည့်ရအောင်...”

“ဟုတ်ကဲ့ပါ ဆရာ..”

ချောင်ရို့ချန်သည် အပြုံးဖြင့် ချူဖုန်းဆီသို့ ပြေးသွားလိုက်သည်။

ထိုမြင်ကွင်းကို ဘေးက ကြည့်နေသည့် ဝမ်ပေါင်လဲ့က လုံးဝ မှင်တက်သွားရှာသည်။

‘ခုနလေးတင် ဒီလူက တောင်တစ်လုံးကို အုပ်စိုးတဲ့ ကြမ်းကြုတ်ကျားသားရဲကြီးတစ်ကောင်ကျနေတာပဲ... အခုကျတော့လည်း လူယဉ်တဲ့ ဝိညာဉ်သားရဲကြောင်လေးနဲ့ ရုတ်တရက် တူသွားတယ်...မယုံချင်စရာကြီး...’

ချောင်ရို့ချန်က ထိုင်ပြီးနောက် ဝမ်ပေါင်လဲ့ ရှိနေခြင်းကို သတိထားမိလိုက်သည်။

“ဆရာ သူက ဘယ်သူလဲ”

ချူဖုန်း ပြန်မဖြေခင် ဝမ်ပေါင်လဲ့က အမြန် မိတ်ဆက်လိုက်သည်။ “မင်္ဂလာပါ ပထမ စီနီယာအစ်ကို... ကျွန်တော့်နာမည်က ဝမ်ပေါင်လဲ့ပါ‌ဗျ...ဆရာ အသစ်လက်ခံလိုက်တဲ့ တပည့်ပါ...”

“နေပါဦး”

ချောင်ရို့ချန်၏ မျက်နှာထားက လေးနက်သွားသည်။ “အားလဲ့ ငါက မင်းရဲ့ ပထမ စီနီယာအစ်ကို မဟုတ်ဘူး... ဒုတိယ စီနီယာအစ်ကိုပါကွ”

ဝမ်ပေါင်လဲ့သည် မသိစိတ်ဖြင့် လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။ ဤမျှကြောက်စရာကောင်းသည့် စီနီယာအစ်ကိုက ပထမ စီနီယာအစ်ကိုပင် မဟုတ်သေးဟု မမျှော်လင့်ထားခဲ့မိပေ။ ထိုသို့ဆို ပထမ စီနီယာအစ်ကိုသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေမည်နည်း။

“မင်္ဂလာပါ ဒုတိယ စီနီယာအစ်ကိုခင်ဗျ”

“မင်္ဂလာပါ ဂျူနီယာညီလေးရာ...”

ချောင်ရို့ချန်သည် နှုတ်ဆက်နေရင်း သူ၏သိုလှောင်လက်စွပ်ထဲမှ စစ်မှန်ကံကြမ္မာအဆင့် နတ်ဆိုးအမြုတေ တစ်ခုကို ထုတ်ယူပြီး ဝမ်ပေါင်လဲ့ကို ပေးလိုက်သည်။

“ဒါ တို့တွေရဲ့ ပထမဆုံး တွေ့ဆုံခြင်းပဲ... ငါ့မှာ အထင်ကြီးလောက်စရာ ပေးစရာတော့မရှိဘူးကွ..ဒီနတ်ဆိုးအမြုတေကိုပဲ တွေ့ဆုံခြင်းလက်ဆောင် အနေနဲ့ ယူလိုက်ပါ”

ဘေးနားမှ ချူဖုန်းသည် သာမန်မျှ ဝင်ပြောသည်။ “အမြု‌တေအစား နတ်ဆိုးသားရဲ အသားပုံကြီး ပေးလိုက်ရင် ပိုကောင်းလိမ့်မယ်... မင်းရဲ့ ဂျူနီယာညီလေးက အဲဒါကို ပိုကြိုက်တာကွ...”

ချောင်ရို့ချန်သည် ခဏတာ ရပ်တန့်သွားပြီး ဝမ်ပေါင်လဲ့ဘက်သို့ ကြည့်လိုက်သည်။

ဝမ်ပေါင်လဲ့သည် ကြက်ကလေး ဆန်ကောက်သကဲ့သို့ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ “ဒုတိယ စီနီယာအစ်ကို... ဆရာပြောတာ မှန်ပါတယ်.. ကျွန်တော်က ပါဝင်ပစ္စည်းတွေကို နှစ်သက်ပါတယ်...နတ်ဆိုးသားရဲ အသားပုံကြီးက နတ်ဆိုးအမြုတေထက် ပိုကောင်းပါတယ်ဗျ...”

“ကောင်းပြီလေ”

ချောင်ရို့ချန်သည် သူ၏ခါးမှ သိုလှောင်အိတ်တစ်ခုကို ဖြုတ်ယူပြီး ဝမ်ပေါင်လဲ့၏ ရှေ့တွင် ချပေးလိုက်သည်။

“အထဲမှာ စစ်မှန်ကံကြမ္မာအဆင့် နတ်ဆိုးသားရဲ အသား အမျိုးအစား တစ်ဒါဇင်ကျော် ရှိတယ်... စိတ်ကြိုက်စားပေတော့”

“ကျေးဇူးတင်ပါတယ် ဒုတိယ စီနီယာအစ်ကို...”

ဝမ်ပေါင်လဲ့သည် သိုလှောင်အိတ်ကို လက်ခံယူရင်း ပျော်ရွှင်စွာ ပြုံးလိုက်သည်။

ထို့နောက် ချောင်ရို့ချန်သည် သိုလှောင်အိတ်ထဲမှ နှစ်သုံးရာသက်တမ်းရှိ နှင်းကြာပန်း တစ်ပွင့်ကို ထုတ်ယူပြီး ချင်းချင်းကို ပေးလိုက်သည်။

“ဂျူနီယာညီမလေး ဒီစိတ်ဝိညာဉ်ဆေးပင်က အစ်ကို့လက်ဆောင်ပါ...”

ချင်းချင်းသည် လက်ဆောင်ကို လေးစားစွာ လက်ခံယူပြီး ပြုံးလိုက်သည်။ “ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို...”

လက်ဆောင်များကို ပေးပြီးနောက် ချောင်ရို့ချန်သည် အခြား သိုလှောင်အိတ်တစ်ခုကို ထုတ်ယူပြီး ချူဖုန်းရှေ့တွင် လေးစားစွာ ထားလိုက်သည်။

“ဆရာ... ဆရာ့မှာ ဘာမှ မလိုဘူးဆိုတာ သိပေမဲ့ တပည့်ရဲ့ ရိုသေလေးစားမှုကို ပြသတဲ့အနေနဲ့ ယန်မန် ရွှံ့နွံတောက စိတ်ဝိညာဉ်ကျောက်တုံးတချို့နဲ့ မျောက်ဝိုင်တချို့ ယူလာခဲ့ပါတယ်...”

ချူဖုန်းက သိုလှောင်အိတ်ကို လက်ခံယူရင်း ရယ်မောလိုက်သည်။”မဆိုးပါဘူး... မင်းက မြင်တတ်သားပဲ...လက်ဆောင်ကို ခဏနေဦး... မင်းလေ့ကျင့်နေတုန်း ပြဿနာ တစ်ခုခု ကြုံရသေးလား”

“ကြုံခဲ့ရပါတယ်”

ချောင်ရို့ချန်သည် ပြန်ဖြေသည်။ “အထွတ်အထိပ် လက်သီးဆန္ဒ ကို နားလည်သဘောပေါက်ခဲ့ပေမဲ့ ဆရာ ပြောဖူးတဲ့ ပြဿနာတစ်ခု ကြုံနေရပါတယ်... ဂိုဏ်းပေါင်းစုံရဲ့ အားသာချက်တွေကို ယူပြီး ကွဲပြားတဲ့ လက်သီးဆန္ဒတွေကို ကျွန်တော့်ရဲ့ ပြင်းထန်တာအို နတ်ဘုရားလက်သီး ထဲ ပေါင်းစပ်ဖို့ပါ.... ဒါပေမဲ့ ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်းက မလုံလောက်တော့ အဖြေကို ရှာမတွေ့သေးပါဘူး”

ချူဖုန်း၏မျက်နှာပေါ်တွင် စဉ်းစားဆင်ခြင်နေသည့် အမူအရာတစ်ခု ပေါ်လာသည်။ “ငါ အဲဒါကို ခဏလောက် စဉ်းစားဦးမယ်... အချိန်တန်ရင် ပြန်ဖြေ ပေးမယ်...”

“ကျေးဇူးတင်ပါတယ် ဆရာ...”

ချောင်ရို့ချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ချက်ချင်းဆိုသလို သူ၏အကြည့်က စားပွဲပေါ်တွင် ခင်းကျင်းထားသော ဟင်းပွဲများအပေါ် သို့ ကျရောက်သွားသည်။

၎င်းကိုမြင်သော် ချူဖုန်းက တဟားဟား ရယ်လိုက်သည်။ “မင်း အချိန်ကိုက် ရောက်လာတာပဲ...လာ... ငါတို့နဲ့အတူ စားကြတာပေါ့...”

“ဟုတ်ကဲ့ပါ ဆရာ”

ချောင်ရို့ချန်သည် တွန့်ဆုတ်မနေဘဲ တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး အစားအသောက်များကို လောဘတကြီး စားသောက်တော့သည်။ ဝမ်ပေါင်လဲ့ပင်လျှင် မှင်တက်ပြီး တိတ်ဆိတ်စွာ ကြည့်နေမိသည်။

ချင်းချင်းကတော့ ထုံးစံအတိုင်း တည်ငြိမ်အေးဆေးစွာ ရှိနေသည်။

နေ့လယ်စာ စားပြီးနောက်။

ချူဖုန်းသည် တာ့ချန်၏ ပြဿနာကို ဖြေရှင်းရန် အခန်းထဲသို့ ပြန်သွားသည်။

သူ နက်နက်နဲနဲ တွေးတောနေစဉ် ခြေသံတစ်သံက သူ့ကို နှောင့်ယှက်လိုက်သည်။

တံခါးဝတွင် ခြေလှမ်းများသည် ရပ်တန့်သွားပြီး ရင်းနှီးနေသော အသံတစ်သံက ထွက်ပေါ်လာသည်။

“တပည့် ရှောင်ချန်းက ဆရာ့ဆီကို သတင်းပို့ပါတယ်”

ရှောင်ချန်း၏ အသံကို ကြားလိုက်ရသောအခါ၌ သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ပေါ်လာသည်။

သူသည် တံခါးလက်ကိုင်ကို ညင်သာစွာ လှည့်လိုက်သည်။

ကျွီခနဲ အသံနှင့်အတူ တံခါးက ဖြည်းညှင်းစွာ ပွင့်သွားသည်။

All Chapters