ချင်ရို့ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာခြင်း
Vol. 9 Ch. 83
“မင်း ကြားပြီးပြီလား... စီနီယာအစ်ကိုရှောင်ချန်းက ကောင်းကင်စိတ်ဝိညာဉ်ဌာနက စီနီယာအစ်မချင်နဲ့ တိုက်ခိုက်တော့မယ်တဲ့”
“သေချာပေါက် ကြားပြီးပြီပေါ့ကွ... သူတို့နှစ်ယောက် သုံးနှစ်တာ ကတိကဝတ်ပြုတုန်းက ငါကိုယ်တိုင် အဲဒီနေရာမှာ ရှိနေခဲ့တာလေ”
“ဟုတ်လားဟေ... အသေးစိတ် ပြောပြပါဦး”
“…”
ဝမ်တောက်ကျောင်းတော်တွင် အတွင်းစည်းနှင့် အပြင်စည်းတပည့်များသည် ရှောင်ချန်းနှင့် ချင်ရို့တို့ကြားက အတိတ် နာကြည်းချက်များအကြောင်း ဆွေးနွေးနေကြသည်။
အထူးသဖြင့် ဓားပညာဌာနမှ တပည့်များကြားတွင် ပိုမို၍ ပြောဆိုကြသည်။ အကြောင်းမှာ သူတို့အများစုသည် ထိုနှစ်ဦးနှင့် မျိုးဆက်တူများ ဖြစ်ကြပြီး သမိုင်းကြောင်းကို ကောင်းစွာ သိထားကြ၍ပင်။
တစ်ချိန်က ချစ်ခင်ကြင်နာခဲ့ကြသည့် နတ်ဘုရားစုံတွဲတစ်တွဲသည် နောက်ဆုံးတွင် ဓားများဖြင့် အဆုံးသတ်သွားမည်ဟုတော့ မထင်ထားခဲ့ကြပေ။
သို့သော်လည်း လူတိုင်းသည် သူတို့နှစ်ဦး၏ အင်အားကို မျက်မြင်တွေ့ရဖို့ စိတ်အားထက်သန်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်စိတ်ဝိညာဉ်ဌာနသည် ဝမ်တောက်ကျောင်းတော်၏ မဟာဌာနကြီးဆယ်ခုအနက် နံပါတ်တစ်ဌာနဖြစ်သည်။
ကောင်းကင်စိတ်ဝိညာဉ်ဌာန၊ ကြည်လင်နှင်းတောင်ထိပ်၏ အနောက်ဘက်ရှိ သီးသန့် အခန်းတစ်ခု အတွင်း၌။
ချင်ရို့သည် ကိုးရက်ကြာ တံခါးပိတ် ကျင့်ကြံနေခဲ့သဖြင့် အပြင်လောကတွင် ဖြစ်ပျက်နေသည်များကို လုံးဝ သတိမထားမိပေ။
ထိုအခိုက် သူမကို အရိုးထိတိုင်စိမ့်ဝင်နိုင်သည့် အအေးဓာတ်များက ဝိုင်းရံထားသည်။
အခန်းထဲက အရာအားလုံးသည် ထိုအအေးဓာတ်၏ လွှမ်းမိုးမှုအောက်တွင် အေးခဲသွားကြသည်မှာ ရေခဲအထူပင် သုံးပေခန့် နက်၏။
ခရက် ခရက်
ရေခဲပြင်ထူထူကြီးပေါ်တွင် အက်ကြောင်းများ မရေမတွက်နိုင်အောင် ပျံ့နှံ့လာပြီး အက်ကွဲသံစူးစူးကြီးများ ဆက်တိုက် ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ချင်ရို့၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် လျှံကျလုနီးပါးအထိ မြင့်တက်လာ၏။
ခရက်။
သူမ၏နားထဲတွင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။ သို့သော် ဤတစ်ကြိမ်၌ ရေခဲပြင်ဆီမှ မဟုတ်ဘဲ သူမ၏ ကိုယ်ပိုင် ဒန်ထျန်းဆီမှ ဖြစ်သည်။
အသက်ရှူချိန် အနည်းငယ် ကြာပြီးနောက် ချင်ရို့၏ အရှိန်အဝါက မြင့်တက်လာသည်။
သူမ၏ ကျင့်ကြံခြင်းသည် အံ့ဩဖွယ်ကောင်းသည့် အသွင်ကူးပြောင်းမှုတစ်ခုကို ကြုံတွေ့လိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် ချင်ရို့သည် မျက်လုံး ဖွင့်လိုက်၏။ ယခုအခါ သူမ၏မျက်ဝန်းများသည် ပိုမို၍ ပြင်းထန်ပြီး အေးစက်သည့် အရှိန်အဝါတစ်ခု ထုတ်လွှတ်နေသည်။
သူမ၏ အကြည့်တစ်ချက်ကပင် တစ်စုံတစ်ယောက်ကို ရေခဲအဖြစ် ထာဝရအေးခဲသွားစေနိုင်သည့်အလား ခံစားစေရသည်။
“ငါ နောက်ဆုံးတော့ ကောင်းကင်ဇာစ်မြစ်အဆင့် ကို ရောက်ပြီ...အချိန်ဘယ်လောက် ကြာသွားပြီလဲ မသိဘူး...”
ချင်ရို့သည် တီးတိုး ရေရွတ်ရင်း အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းညှိပြီး အခန်းအပြင်သို့ ထွက်လာလိုက်သည်။
အခန်းအပြင်ဘက်တွင် စောင့်ကြပ်နေသော တပည့်သည် သူမ ထွက်လာသည်ကို မြင်သောအခါ ပြုံးလိုက်သည်။ “ကောင်းကင်ဇာစ်မြစ်အဆင့်ကို ရောက်သွားလို့ ဂုဏ်ယူပါတယ်နော်...ဂျူနီယာညီမလေးချင်... ညီမလေးရဲ့ ကျင့်စဉ်အမြန်နှုန်းက ကောင်းကင်စိတ်ဝိညာဉ်ဌာနမှာ အမြန်ဆုံးတွေထဲ ပါနေပြီ”
သူမသည် မနာလိုမှုအရိပ်အယောင်များယှက်သန်း၍ ပြောလိုက်သည်။
ချင်ရို့သည် ဆရာကိုယ်တိုင် ပျိုးထောင်ပေးထားသူ တစ်ဦး ဖြစ်သည်နှင့်အညီ နှစ်အနည်းငယ်အတွင်း ကောင်းကင်ဇာစ်မြစ်အဆင့်သို့ တက်နိုင်ခဲ့သည်။
ကောင်းကင်စိတ်ဝိညာဉ်ဌာနကဲ့သို့ ပါရမီရှင်များ ပြည့်နှက်နေသည့် နေရာမျိုးပင် စစ်မှန်ကံကြမ္မာအဆင့်မှ ကောင်းကင်ဇာစ်မြစ်အဆင့်သို့ ရောက်ရန် ပုံမှန်အားဖြင့် ဆယ်နှစ် ကြာတတ်သည်။
အခြား မဟာဌာနများမှ တပည့်များ အတွက်ဆိုလျှင် နှစ် (၂၀) သို့မဟုတ် (၃၀) ကြာမြင့်ခြင်းသည်ပင် ထူးဆန်းသော ကိစ္စမဟုတ်ပေ။
ချင်ရို့က အသာအယာ ဦးညွှတ်လိုက်သည်။ “ကျွန်မကို စောင့်ကြပ်ပေးတဲ့အတွက် စီနီယာအစ်မကျန်းကို ကျေးဇူးတင်ပါတယ်ရှင်”
“ကျေးဇူးတင်စရာ မလိုပါဘူး... တို့တွေက ဂိုဏ်းတူတပည့်တွေပဲလေ...ဒါက ကိစ္စသေးသေးလေးကို”
စီနီယာအစ်မကျန်းသည် စကားပြောနေရင်း တစ်ခုခုကို သတိရသွားပုံ ရသည်။ “ဂျူနီယာညီမလေးချင်... ညီမလေး ဆရာ့ကို သွားတွေ့သင့်တယ်...သူက ညီမလေးဆီက သတင်းကောင်းကို မျှော်နေမှာ သေချာတယ်”
သူမ၏ဆရာအကြောင်း ပြောလိုက်သည်နှင့် ချင်ရို့၏ နှုတ်ခမ်းထောင့်စွန်းများက အပြုံးပါးပါးလေးအဖြစ် ကွေးညွတ်သွားသည်။
ရှောင်ချန်းသည် ပိုမို သန်မာလာနေ၍သာ ဆရာက သူမကို ပျိုးထောင်ပေးရန် အားစိုက်ထုတ်ထားခြင်း ဖြစ်ကြောင်း သိပါသည်။
သို့ပေမည့် ချင်ရို့သည် ဆရာကို ရိုကျိုးစွာ လေးစားမိပါသည်။ ဆရာ့၏လမ်းညွှန်မှုသာ မရှိခဲ့လျှင် ယနေ့ သူမ ရရှိထားသော အောင်မြင်မှုများကို ရရှိနိုင်မည် မဟုတ်ပေ။
ရှောင်ချန်းအတွက်ကတော့ ထိုစိတ်ဝိညာဉ်ဆေးပင် ပေးလိုက်ကတည်းက သူ၏အခန်းကဏ္ဍက ပြီးဆုံးသွားခဲ့ခြင်းပင်။
ယခု သံယောဇဉ်များကို လုံးဝ ဖြတ်တောက်ရန်သာ ကျန်ရှိတော့သည်။
ထိုအတွေးဖြင့် ချင်ရို့သည် ခြေလှမ်းများကို မြန်လိုက်သည်။
“တပည့်ချင်ရို့က ဆရာ့ကို ဂါရဝပြုပါတယ်”
ချင်ရို့သည် မျက်လုံးမှိတ်ကာ ထိုင်နေသည့် အကြီးအကဲပင်း ဘက်သို့ လေးစားစွာ ဦးညွှတ်လိုက်သည်။
အကြီးအကဲပင်း၏ ဓားသွားပမာ ထက်ရှသည့်မျက်ဝန်းများသည် ရုတ်တရက် ပွင့်လာသည်။
သူမသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ချင်ရို့နှင့် ပတ်သက်သည့် အရာအားလုံးကို ဖောက်ထွင်းမြင်လိုက်သည်။
“မဆိုးဘူး...နင့်ရဲ့ ကျင့်ကြံခြင်းက သိပ်မြန်လွန်းနေလို့ အခြေခံအုတ်မြစ် မခိုင်မာမှာကို စိုးရိမ်နေခဲ့တာ”
“ဒါပေမဲ့ အခုတော့ စိုးရိမ်စရာ မလိုတော့ဘူး...နင်က ကောင်းကင်ဇာစ်မြစ်အဆင့်ကို အခုလေးတင်မှ တက်လာတာဆိုပေမဲ့ အရှိန်အဝါက တည်ငြိမ်ပြီး အားကောင်းတယ်...ကောင်းကင်ဇာစ်မြစ်ဒုတိယအဆင့်ကို ရောက်နေတဲ့ သူတစ်ယောက်ထက် မနိမ့်ဘူး”
ချင်ရို့သည် လေးစားစွာ ပြန်ဖြေ၏။ “ဆရာက ချီးကျူးလွန်းနေပါပြီ...ဒါတွေအားလုံးက ဆရာ့ရဲ့လမ်းညွှန်မှုကြောင့်ပါ”
အကြီးအကဲပင်းသည် တည်ငြိမ်စွာ ပြောလိုက်၏။ “နင့်ကို ဘာလို့ အလေးပေးပြီး ပျိုးထောင်ခဲ့လဲ ဆိုတာ သိပြီးလောက်ပြီထင်တယ်...”
“ကျွန်မ ရင်ထဲမှာ ရှင်းရှင်းလင်းလင်းကို နားလည်ထားပါတယ်...” ချင်ရို့သည် ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။
“လွန်ခဲ့တဲ့ ငါးရက်လောက်က ဟိုကောင်စုတ်လေး ချူဖုန်းက သူ့တပည်ကို ခေါ်လာပြီး စိန်ခေါ်စာ လာပေးသွားတယ်...ဆရာ နင့်ကိုယ်စား လက်ခံထားလိုက်ပြီ...ဒီနေ့ကစပြီး ဆယ်ရက်ကြာရင် နင်နဲ့ ရှောင်ချန်း သေခြင်းရှင်ခြင်း စင်မြင့် ပေါ်မှာ ထိပ်တိုက် ရင်ဆိုင်ရလိမ့်မယ်”
အကြီးအကဲပင်းက စကားဆုံးသောအခါ၌ ဤကောင်မလေး၏ မျက်လုံးထဲတွင် တွန့်ဆုတ်မှုများ ယှက်သန်းနေမည်လား သိနိုင်ရန် ချင်ရို့ကို စူးစိုက်ကြည့်လိုက်သည်။
သို့သော် ချင်ရို့၏ အကြည့်က ခိုင်မာနေဆဲ ဖြစ်သည်။ “ကျေးဇူးပြုပြီး စိတ်ချထားလိုက်ပါ ဆရာ...ဒီတစ်ခါ ကျွန်မ ကံကြွေးအားလုံးကို ဖြတ်တောက်ပစ်မယ်... အဲဒီတုန်းက ကျွန်မရဲ့ ရွေးချယ်မှု မှန်တယ်ဆိုတာကို တစ်ကမ္ဘာလုံး သိသွားအောင် ပြလိုက်ပါ့မယ်...”
“ကောင်းတယ်”
အမြဲအေးစက်နေသော အကြီးအကဲပင်း၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။
“ကျင့်ကြံသူတွေ အနေနဲ့ ငါတို့က ဒီလိုပဲ ဖြစ်ရမယ်... အတိတ်တုန်းက နင်နဲ့သူကြား ဘယ်လို ရှုပ်ထွေးတဲ့ ပတ်သက်မှုတွေပဲ ရှိခဲ့ရှိခဲ့ အခု နင်တို့က မတူညီတဲ့ ကမ္ဘာနှစ်ခုက လူတွေ ဖြစ်နေပြီ... ငါတို့ ကောင်းကင်စိတ်ဝိညာဉ်ဌာနရဲ့ အင်အားကို တစ်ကမ္ဘာလုံး သိအောင်ပြဖို့ ဒီတိုက်ပွဲကို သုံးလိုက်”
“ဆရာ့ကို စိတ်မပျက်စေရပါဘူး”
ချင်ရို့၏ လေသံနှင့် မျက်နှာအမူအရာသည် တဖြည်းဖြည်း ပိုမို အေးစက်လာသည်။
…
သောင်းပြောင်းပညာရပ်ဌာနအတွင်း၌။
ရှောင်ချန်း၊ ချောင်ရို့ချန်၊ ချင်းချင်းနှင့် ဝမ်ပေါင်လဲ့တို့သည် လက်ရှိတွင် မီးဖိုချောင်၌ အလုပ်ရှုပ်နေကြသည်။
ဝမ်ပေါင်လဲ့သည် အဆုံးမရှိသည့် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေပြီး အပြင်လောကမှ အတွေ့အကြုံများကို ပြောပြရန် စီနီယာအစ်ကို နှစ်ယောက်ကို နေ့တိုင်း ပူဆာနေသည်။
စိတ်လှုပ်ရှားစရာ တစ်ခုခု ကြားရတိုင်း သူက ကျယ်လောင်စွာ အားပေးလိုက်ရမှ ကျေနပ်တတ်သည်။
ဝမ်ပေါင်လဲ့က ဂျုံနယ်နေရင်း မေးလိုက်သည်။ “စီနီယာအစ်ကို... ချင်ရို့နဲ့ ပြိုင်ဖို့ ဆယ်ရက်ပဲ လိုတော့တယ်.. ဘာလို့ ပြင်းပြင်းထန်ထန် မလေ့ကျင့် သေးတာလဲ”
ချောင်ရို့ချန်က ရယ်မောလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်သည်။ “ကောင်လေး... မင်း နားမလည်သေးဘူး ပဲ...စီနီယာအစ်ကိုရဲ့ အင်အားနဲ့ဆိုရင် ချင်ရို့လို မိန်းမမျိုးကို ကိုင်တွယ်ရတာ ဘာမှ မခက်ဘူး....အဲဒီလောက် အများကြီး ပြင်ဆင်စရာ မလိုဘူးကွ...”
“လုံးဝကြီးတော့ မဟုတ်ပါဘူး”
ရှောင်ချန်းသည် ပြုံးလျက် ရှင်းပြသည်။”ဒီတစ်နှစ်ကျော်အတွင်းမှာ ငါ အမြဲလိုလို တိုက်ခိုက်နေခဲ့ရတာလေ... ဒီရက်ပိုင်းတော့ ငါ့စိတ်ကို ငြိမ်သက်အောင် လုပ်ဖို့နဲ့ အတွင်းထဲက သတ်ဖြတ်လိုစိတ်တွေ အမုန်းတရားတွေကို ဖယ်ရှားပစ်ဖို့ပဲလိုတယ်...”
“စစ်မှန်တဲ့ ဓားသမားတစ်ယောက်ရဲ့ နှလုံးသားထဲမှာ အာရုံထွေပြားစရာတွေ အများကြီး မရှိသင့်ဘူး”
“ဒါဆို ဘာလို့ ထိုက်ချီလက်သီးသိုင်းကိုမလေ့ကျင့်တာလဲ” ဝမ်ပေါင်လဲ့က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ထိုက်ချီ ဘာ...” လက်သီး ဆိုသည့် စကားလုံးကိုကြားလိုက်သည့်အခါ ချောင်ရို့ချန်က နားစွင့်လိုက်သည်။
ဝမ်ပေါင်လဲ့သည် သူတို့နှစ်ဦးကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “အဲဒါက ကျွန်တော်နဲ့ စီနီယာအစ်မချင်းကို ဆရာ သင်ပေးထားတဲ့ အခြေခံ ကျင့်ကြံခြင်း နည်းလမ်းတစ်ခုပါ... အဲဒီကျင့်စဉ်က ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို ချဖို့နဲ့ အာရုံထွေပြားမှု မရှိဘဲ စိတ်ကြည်လင်တဲ့ အခြေအနေကို ဝင်ရောက်နိုင်ဖို့ ကူညီပေးပါတယ်”
၎င်းကိုနားထောင်ပြီးနောက် ရှောင်ချန်းက ပြောလိုက်သည်။ “ကြည့်ရတာ ဆရာက မင်းတို့နှစ်ယောက်အတွက် သီးသန့် စီစဉ်ပေးထားတဲ့ နည်းစနစ် ဖြစ်ပုံရမယ်...ကောင်းကောင်း ကျင့်ကြံကြပါ”
ချောင်ရို့ချန်သည် တဟားဟား ရယ်မောလိုက်သည်။ “ဂျူနီယာညီမလေးချင်း... ငါတို့ကို လက်တွေ့ သရုပ်ပြပေးလို့ ရမလား...ငါ ဒီရက်ပိုင်း စိတ်တွေ လှုပ်ရှားနေတယ်”
“ရတာပေါ့ရှင်”
ချင်းချင်းက သဘောတူလိုက်ပြီး သူမ၏ အလုပ်ကို ချက်ချင်း ဘေးဖယ်ထားလိုက်သည်။ ထို့နောက် မီးဖိုချောင်ရှေ့က ကွင်းပြင်သို့ လျှောက်သွားပြီး ထိုက်ချီလက်သီးသိုင်းကို စတင် လေ့ကျင့်ပြလိုက်သည်။
သူမ တစ်ကြိမ်မျှ လေ့ကျင့်ပြီးသွားသောအခါ ချောင်ရို့ချန်နှင့် ရှောင်ချန်းနှစ်ဦးစလုံးက နေရာတွင် မှင်တက်သွားကြသည်။
ခဏအကြာတွင် ရှောင်ချန်းက ပြောလိုက်သည်။ “ဆရာ့ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ... ထိုက်ချီလက်သီးသိုင်းက ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ ယင်၊ ယန် နဲ့ ဓာတ်ကြီးငါးပါးရဲ့ သဘောတရားတွေ ပါဝင်နေတယ်...စိတ်ကြည်လင်တဲ့ အခြေအနေကို ဝင်ရောက်ဖို့ ကူညီပေးနိုင်တယ်...နှမြောစရာကလက်သီးသိုင်း ဖြစ်နေတာပဲ...”
“တကယ်လို့ ဓားသိုင်း ဖြစ်မယ်ဆိုရင် အစ်ကိုလည်း လေ့ကျင့်မိမှာ”
သူ၏ စကားဆုံးခါနီးမှာပင် ချူဖုန်း၏ အသံက မနီးမဝေးမှ ထွက်ပေါ်လာသည်။”ထိုက်ချီဓားသိုင်းလည်း ရှိတယ်ကွ ရှောင်ချန်းရ...”