← Chapters

ယှဉ်ပြိုင်တိုက်ခိုက်ရမည့်နေ့

Vol. 9 Ch. 84

ယှဉ်ပြိုင်တိုက်ခိုက်ရမည့်နေ့

Vol. 9 Ch. 84

“ဆရာ”

ချူဖုန်း ဝင်လာသည်နှင့် လူတိုင်းက ဦးညွှတ်လိုက်ကြသည်။

“အဆင်ပြေသလိုနေကြ...” ချူဖုန်းက ပြောလိုက်သည်။

ရှောင်ချန်းက ရှေ့သို့ တိုးလာပြီး မေးလိုက်သည်။ “ဆရာ... ကျွန်တော့်ကို ထိုက်ချီဓားသိုင်း သင်ပေးလို့ ရမလား”

တပည့်များသည် ချက်ချင်းဆိုသလို စူးစမ်းလိုစိတ် ပြင်းပြသည့် ကလေးများ ဖြစ်သွားကြပြီး ချူဖုန်းကို ‌မျှော်လင့်တကြီး ကြည့်လာကြ၏။

“မင်း ဓားဆန္ဒကို ပြီပြည့်စုံခြင်း အဆင့်ရောက်မှ ထိုက်ချီဓားသိုင်းကို သင်ပေးမယ်... ဓားသိုင်းက နားလည်နိုင်စွမ်းမြင့်မှ တတ်မှာ... မင်းရဲ့ ဓားဆန္ဒက အသေးစားအောင်မြင်မှု အဆင့်ပဲ ရောက်သေးတယ်... အချိန်ခဏလေးနဲ့ ဒီနည်းစနစ်ကို နားလည်ဦးမှာ မဟုတ်သေးဘူး...”

ချူဖုန်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။

ရှောင်ချန်းသည် ၎င်းကို ကြားသော်လည်း အမူအရာမပြောင်းလဲသွားချေ။

သူ့အတွက် ဓားဆန္ဒကို ကျွမ်းကျင်ပိုင်နိုင်ဖို့က သိပ်မလိုတော့ပေ။

ချင်ရို့နှင့် တိုက်ပွဲ ပြီးဆုံးသွားလျှင် သူသည် ဆရာ့၏ ထိုက်ချီဓားသိုင်းကို စတင် ကျင့်ကြံနိုင်တော့ပေမည်။

သို့သော် အခြားတပည့်များမှာမူ စိတ်ပျက်သွားဟန်ပင်။

သူတို့သည် ထူးခြားသည့် အရာတစ်ခုခုကို မြင်တွေ့ရမည်ဟု ထင်ထားကြသည်။

ချောင်ရို့ချန်သည် သူ့၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး မေးသည်။ “ဆရာ... ကျွန်တော့်အတွက် သိုင်းကျမ်းကရော”

ချူဖုန်းက ပြုံးလိုက်သည်။ “ဒီတစ်ခါ ငါ မင်းကို သိုင်းကျမ်း ပေးမှာ မဟုတ်ဘူး... ထိုက်ချီရုပ်လုံးဖော်ကားချပ်တစ်ခု ပေးမယ်”

၎င်းကို ကြားလိုက်ရသောအခါ၌ ချောင်ရို့ချန်၏ မျက်လုံးများသည် တောက်ပသွားသည်။ ဂျူနီယာညီလေးနှင့် ညီမလေးတို့ ထိုက်ချီလက်သီးသိုင်းကို ကစားပြကတည်းက သူကိုယ်တိုင် လက်သီးသိုင်းကို လေ့ကျင့်ရန် အစီအစဉ် မရှိသော်လည်း အားကျသွားခဲ့ရသည်။

ချူဖုန်း၏လက်က သိုလှောင်လက်စွပ်မှ အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်။

လေတိုးသံတိုးတိုးနှင့်အတူ လူတိုင်းရှေ့တွင်ထိုက်ချီ သင်္ကေတ ပါဝင်သော ရုပ်လုံးဖော်ကားချပ် တစ်ခု ပေါ်လာသည်။

ရုပ်လုံးဖော်ကားချပ်သည် လက်သီးဆန္ဒနှင့် ဓားဆန္ဒ သဘောတရားများကို ပေါင်းစပ်ပြီး ဖန်တီးထားသည့် အရာတစ်ခု ဖြစ်သည်။

ချောင်ရို့ချန်သည် အဖြူအမည်း စက်ဝိုင်းကို စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်နေမိသည်။

သူက ခေါင်းကုတ်လိုက်သည်။ “ဆရာ... ကျွန်တော် ဒါတွေကို တစ်ခုမှ နားမလည်ဘူး... ဒါက လက်သီးသိုင်းလေ့ကျင့်တာထက် အများကြီး ပိုခက်တယ်”

ချူဖုန်းက ခပ်ဖွဖွပြုံးလိုက်သည်။ “ မင်း နားမလည်လောက်ဘူးလို့ ထင်သားပဲ...အဲဒါကြောင့် လက်သီးသိုင်း တစ်ရာကို မကျွမ်းကျင်မချင်း ဒီရုပ်လုံးဖော်ကားချပ်ကို ဖွင့်မကြည့်နဲ့....”

ချောင်ရို့ချန်က ရှုပ်ထွေးသွား၏။ သူ၏နားလည်နိုင်စွမ်းက မကောင်းသော်ငြား သဘောပေါက်လွယ်၍ သင်လွယ်တတ်လွယ်သူဖြစ်သည်။

“ဆရာ... ဒီ ထိုက်ချီ ရုပ်လုံးဖော်ကားချပ်ကို လက်သီးသိုင်းကျမ်းတစ်ရာ ဒါမှမဟုတ် ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း တစ်ရာကို ပေါင်းစပ်ဖို့ အသုံးပြုနိုင်တယ်လို့ ပြောချင်တာလား”

“ဟုတ်တယ်”

ချူဖုန်းက ဆက်ပြောသည်။”ဆိုရိုးစကားအတိုင်းပဲ ‘လက်သီးသိုင်းတစ်ကွက်ကို အကြိမ်တစ်ရာ လေ့ကျင့်ရင် အဓိပ္ပာယ်ကို အလိုလို နားလည်သွားလိမ့်မယ်’ မင်းက နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထထားတဲ့သူ...ပြီးတော့ အထွတ်အထိပ်လက်သီးဆန္ဒ ကိုလည်း နားလည်ထားတယ်...”

“ပုံမှန်ဆိုရင် ခွန်အားကို အထူးပြုတဲ့ လက်သီးသိုင်းကျမ်းပဲဖြစ်ဖြစ် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်ကိုပဲဖြစ်ဖြစ် တစ်ကြိမ် မြင်လိုက်ရုံနဲ့ သင်ယူနိုင်တယ်”

“နည်းစနစ် တစ်ရာ ဆိုတာ အများကြီးလို့ ထင်ရပေမဲ့ တကယ်လေ့ကျင့်ရင် ဘယ်လောက်မှမကြာဘူး...”

“အရေးကြီးတာက မင်း နည်းစနစ်တစ်ခုကို ကျွမ်းကျင်သွားတိုင်း လက်သီးဆန္ဒအပေါ် မင်းရဲ့ နားလည်မှုက ပိုပြီးနက်ရှိုင်းလာလိမ့်မယ်...”

“နောက်ဆုံးမှာ ရုပ်လုံးဖော်ကားချပ်ကနေ ပေါင်းစပ်ရမဲ့သဘောတရားကို နားလည်သွားလိမ့်မယ်”

ချောင်ရို့ချန်သည် မေးလိုက်သည်။ “ဆရာ... အဆင့်နိမ့် နည်းစနစ်တွေကော ပါလား”

ချူဖုန်းက ရှင်းပြသည်။ “ပါတာပေါ့...နည်းစနစ်က မင်းနဲ့ ကိုက်ညီသရွေ့ အဆင့်မြင့်၊ အဆင့်နိမ့် ဆိုပြီး မသတ်မှတ်ထားဘူး...”

ချောင်ရို့ချန်သည် ခေါင်းညိတ်ပြီး ရုပ်လုံးဖော်ကားချပ်ကို ယူလိုက်သည်။ “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”

ထို့နောက် ချူဖုန်းသည် ရှောင်ချန်းဘက်သို့ လှည့်လိုက်သည် “ရှောင်ချန်း... ငါနဲ့ ရက်နည်းနည်းလောက် လေ့ကျင့်ရအောင်...”

ရှောင်ချန်းသည် လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်သည်။ “ဟုတ်ကဲ့ပါ ဆရာ...”

အခြားသူများသည် ထိုစကားကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားစွာ ကြည့်လာကြသည်။

စီနီယာအစ်ကိုနှင့် ဆရာတို့ လေ့ကျင့်သည်ကို တွေ့ရခြင်းသည် သူတို့အတွက် အဖိုးတန် အခွင့်အလမ်းတစ်ခုဖြစ်၏။

ကောင်းကင်စိတ်ဝိညာဉ်ဌာနအတွင်း၌။

ကောင်းကင်ဇာစ်မြစ်အဆင့်ကို တက်ပြီးနောက် ချင်ရို့သည် အကြာကြီး အနားမယူခဲ့ပေ။ တစ်ရက်သာ အနားယူပြီး သူမ၏ စီနီယာအစ်ကို၊ အစ်မများနှင့် စတင် လေ့ကျင့်သည်။

ယခုအချိန်တွင် ဝမ်တောက်ကျောင်းတော် တစ်ခုလုံးသည် ချင်ရို့နှင့် ရှောင်ချန်းတို့၏ တိုက်ပွဲအကြောင်းကို တက်ကြွစွာ ဆွေးနွေးနေကြသည်။

သောင်းပြောင်းပညာရပ်ဌာနမှ တပည့်တစ်ဦးက သူတို့ထဲမှ တစ်ဦးကို စိန်ခေါ်ရဲသည်ဟု ကြားလိုက်ရသောအခါ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ တပည့်များသည် ဒေါသထွက်သွားကြသည်။

ရလဒ်အနေဖြင့် ကောင်းကင်ဇာစ်မြစ်အဆင့်တပည့်များသည် ချင်ရို့၏ လေ့ကျင့်ဖော်များအဖြစ် ကူညီပေးရန် ရှေ့ထွက်လာကြသည်။

အကြီးအကဲပင်းက သူမ၏တပည့်မလေး ဝီရိယရှိစွာ လေ့ကျင့်နေသည်ကို မြင်သောအခါ၌ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမသည် ပြိုင်ပွဲနေ့ကိုပင် အမြန်ရောက်ချင်လာသည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ရှောင်ချန်းနှင့် ချင်ရို့တို့ ယှဉ်ပြိုင်တိုက်ခိုက်ရမည့်နေ့သို့ ရောက်ရှိလာတော့သည်။

ထိုမနက်ခင်းတွင်။

သေခြင်းရှင်ခြင်းစင်မြင့်တစ်ဝိုက်တွင် လူများနှင့် ပြည့်နှက်နေသည်။

ယခင်က အတွင်းစည်းတပည့်များ သို့မဟုတ် ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူများကြားက တိုက်ပွဲများ ရှိခဲ့ပါ၏။

သို့သော် ချင်ရို့နှင့် ရှောင်ချန်းတို့၏ တိုက်ပွဲလောက် အာရုံစိုက်မှု မရရှိခဲ့ပေ။

သူတို့နှစ်ဦးစလုံးသည် ဝမ်တောက်ကျောင်းတော်၏ ပါရမီရှင်များ ဖြစ်ကြရုံသာမက အတိတ်ဇာတ်ကြောင်းကလည်း လူအများကို ရက်ပေါင်းများစွာကြာအောင် အတင်းအဖျင်းများပြော၍ရစေသည်ပင်။

ပို၍ အရေးကြီးသည်မှာ သူတို့သည် သောင်းပြောင်းပညာရပ်ဌာနနှင့် ကောင်းကင်စိတ်ဝိညာဉ်ဌာနတို့ကို ကိုယ်စားပြုကြသည်။

အဓိက ပါဝင်ယှဉ်ပြိုင်သူများ မရောက်လာသေးသော်လည်း လူအုပ်ကြီးသည် ပြင်းထန်စွာ ဆွေးနွေးနေကြပြီဖြစ်သည်။

“ဒီတိုက်ပွဲကို ဘယ်သူ နိုင်မယ် ထင်လဲ”

“ပြောရခက်တယ်...စီနီယာအစ်မချင်ရို့က သိပ်နာမည်မကြီးပေမဲ့ ကောင်းကင်စိတ်ဝိညာဉ်ဌာနရဲ့ ပါရမီရှင် တစ်ယောက်ဖြစ်နေတုန်းပဲ... စီနီယာအစ်ကို ရှောင်ချန်းနဲ့ ရင်ဆိုင်ရရင်တောင် မရှုံးနိုင်လောက်ဘူး...”

“ဟုတ်ပါတယ်လေ... ဒါပေမဲ့ ငါကတော့ စီနီယာအစ်ကို ရှောင်ချန်းဘက်က လောင်းထားတယ်...သူက ဝမ်တောက်ကျောင်းတော်ရဲ့ မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်လေ...”

“ဟက်”

လူအုပ်ထဲရှိ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ တပည့်များသည် ထိုစကားကို ကြားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။

ကြွက်သားတောင့်တင်းသည့် လူငယ်တစ်ဦးက ပြင်းထန်သည့် အရှိန်အဝါများထုတ်လွှတ်လျက် အေးစက်စွာ ပြောသည်။

“ဦးနှောက် မရှိတဲ့ ကောင်တွေကတော့... ရှောင်ချန်းက နတ်ဘုရား ခန္ဓာကိုယ် နိုးထလာရုံနဲ့ ဝမ်တောက်ကျောင်းတော်ရဲ့ မျိုးဆက်သစ်တွေကို ကိုယ်စားပြုနိုင်ပြီလို့ တကယ်များ ထင်နေကြတာလား...”

သူ၏စကားကို အနီးနားရှိ အခြားသော ကောင်းကင်စိတ်ဝိညာဉ်ဌာန၏တပည့်များက ထောက်ခံလိုက်ကြသည်။

“အေးဆို... ရှောင်ချန်းက ကံကောင်းတဲ့ တောသားတစ်ယောက်ပဲ...သူက ဘာကောင်မလို့ ငါတို့ ဝမ်‌တောက်ကျောင်းတော် မျိုးဆက်သစ်‌တွေရဲ့ နံပါတ်တစ်ဖြစ်ရမှာလဲ...”

“ စီနီယာအစ်ကိုယဲ့ တစ်ယောက်ပဲ ငါတို့ကို ကိုယ်စားပြုဖို့ အရည်အချင်း ပြည့်မီတယ်”

“…”

သူတို့ကြားထဲတွင် လှုပ်ရှားမှုတိုင်း၌ မျိုးရိုးဂုဏ်မြင့်မြတ်ပြီး တင့်တယ်သည့် အရှိန်အဝါများထုတ်လွှတ်နေသည့် အမျိုးသားတစ်ဦး ရပ်နေသည်။ သူ၏ မျက်လုံးများသည် နက်ရှိုင်းသည့် ရေတွင်းများကဲ့သို့ တည်ငြိမ်နေသည်မှာ ‌လူ့ဘောင်လောက၏ မည်သည့်အရာကမျှ အကြင်သူ၏ စိတ်ဝင်စားမှုကို မနှိုးဆွနိုင်သည့်အလားပင်။

ကြွက်သားတောင့်တင်းသည့် လူငယ်လေးက လှည့်ပြီး မေးလိုက်သည်။ “စီနီယာအစ်ကိုယဲ့... ဒီတိုက်ပွဲကို ဘယ်သူ ရှုံးမယ်လို့ ထင်လဲ”

စီနီယာအစ်ကိုယဲ့က ပြတ်သားစွာ ပြန်ဖြေသည်။ “ရှောင်ချန်းပဲ ရှုံးမှာ”

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းသည် ၎င်းကို ကြားလိုက်ရသော် တိတ်တဆိတ် တွေးလိုက်ကြသည်။

‘ဒါဆို ကောလာဟလတွေက အမှန်ပေါ့... စီနီယာအစ်ကိုယဲ့က ချင်ရို့ကို မျက်စိကျနေတာပဲ... ကိုယ်လုပ်တော်အဖြစ် တော်ကောက်ဖို့ ရည်ရွယ်ထားတာဖြစ်ရမယ်’

‘မဟုတ်ရင် သူ့လိုလူက စစ်မှန်ကံကြမ္မာအဆင့်နဲ့ ကောင်းကင်ဇာစ်မြစ်အဆင့်ကြားကြားက တိုက်ပွဲကို လာကြည့်မှာ မဟုတ်ဘူး’

ဆွေးနွေးမှုများ ဆက်လက် ဖြစ်ပွားနေစဉ်ကောင်းကင်မှ ပုံရိပ်များသည် ဓားပျံစီးနင်းလျက် ဆင်းသက်လာကြ၏။

လူအုပ်ကြီးသည် အပေါ်သို့ မော့ကြည့်လိုက်ကြသည်။

အမျိုးသမီး ကျင့်ကြံသူ တစ်စုသည် ဓားပျံစီးပြီး လေထုကို ဖြတ်ကျော်ကာ ရောက်ရှိလာကြသည်။ သူတို့အားလုံးသည် ရင်သပ်ရှုမောဖွယ် လှပကြပြီး တစ်ယောက်ချင်းစီတိုင်းက အေးစက်သည့်အရှိန်အဝါကို ပိုင်ဆိုင်ထားကြသည်။

“ကောင်းကင်စိတ်ဝိညာဉ်ဌာနက အကြီးအကဲပင်း ရောက်လာပြီ”

“ဘယ်တစ်ယောက်က စီနီယာအစ်မချင်ရို့လဲ”

“ကောင်းကင်ပြာရောင် အင်မော်တယ်ဝတ်စုံ ဝတ်ထားတဲ့တစ်ယောက်လေ...ဟိုမှာ...ဟိုမှာ... အဲဒါ စီနီယာအစ်မချင်ပဲ...”

“သူက အရမ်းလှတာပဲ...စီနီယာအစ်ကိုရှောင်က အရင်တုန်းက တန်းတန်းစွဲခဲ့တာ မအံ့ဩတော့ပါဘူး.. သူက စီနီယာအစ်မအတွက် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲတောင် တိုးဝင်ခဲ့တာပဲ...”

“တိုးတိုးနေစမ်း... မင်း အဲဒီအကြောင်း ဘယ်လိုလုပ် ပြောရဲတာလဲ”

“…”

တီးတိုးပြောသံများကြားတွင် အကြီးအကဲပင်းတို့အုပ်စုက ဆင်းသက်လာကြသည်။

တပည့်များသည် ပါးနပ်စွာပင် သူတို့အတွက် နေရာဖယ်ပေးလိုက်ကြသည်။

ဘေးပတ်ဝန်းကျင်က အကြည့်များကို လျစ်လျူရှူလျက် အကြီးအကဲပင်းသည် သူမ၏ တပည့်များကို သေခြင်းရှင်ခြင်း စင်မြင့်အောက်သို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားသည်။

သူတို့ နေရာယူလိုက်သည်နှင့် လူအုပ်ထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ကြည့်ကြစမ်း...ဟိုမှာ စီနီယာအစ်ကိုရှောင် ရောက်လာပြီ”

All Chapters