ငါ့ကို ဘာလို့ မသတ်တာလဲ
Vol. 9 Ch. 85
ချူဖုန်းတို့အဖွဲ့သည် သေခြင်းရှင်ခြင်း စင်မြင့်ဆီသို့ ဖြည်းညှင်းစွာ လာနေသည်။
သူတို့ငါးယောက်သည် အတင်းတွန်းတိုက်ပြီး မသွားနေသော်လည်း လူအုပ်ကြီးသည် ရေလှိုင်းပမာ နှစ်ဖက်ကွဲသွားပြီး သူတို့အတွက် လမ်းကြောင်းတစ်ခု ဖန်တီးပေးလိုက်သည်။
ဝမ်ပေါင်လဲ့သည် ယခင်က ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သူသည် လူအုပ်ကြီးကို ငေးကြည့်ရင်း စိတ်လှုပ်ရှားမှုရော ကြောက်ရွံ့မှုပါ ခံစားနေရသည်။
သူက ချောင်ရို့ချန်၏ဘေးမှ လျှောက်ရင်း အသံတိုးတိုးဖြင့် မေးလိုက်သည်။ “ဒုတိယ စီနီယာအစ်ကို... ကျွန်တော် ဘယ်တော့လောက်မှ ဒီလို လူအုပ်ကြီးရှေ့မှာ တိုက်ခိုက်ခွင့်ရမှာလဲ”
၎င်းကို ကြားလိုက်ရသောအခါ၌ ချောင်ရို့ချန်သည် ဝမ်ပေါင်လဲ့၏ ပခုံးကို ပုတ်ပေးလိုက်သည်။
သူက အားအများကြီး မသုံးလိုက်သော်လည်း ဝမ်ပေါင်လဲ့သည် ဟန်ချက်ပျက်သွားပြီး မြေကြီးပေါ်သို့ လဲကျလုနီးပါးပင်။
“မလောနဲ့... နောက်တစ်ကြိမ် မင်း အပြင်စည်းဂိုဏ်း ပြိုင်ပွဲမှာ ထိပ်တန်း အယောက် (၁၀၀) ထဲ ဝင်ရင် ဒီလို အခိုက်အတန့်မျိုး ကြုံရလိမ့်မယ်”
ထိုစကားကို ကြားလိုက်ရသည့်အခါ ဝမ်ပေါင်လဲ့၏ မျက်လုံးများသည် မျှော်လင့်ချက်များနှင့် တောက်ပသွားသည်။ သူက တွေးလိုက်သည်။
‘ငါ ဝီရိယရှိရှိ ကျင့်ကြံရမယ်.... နောက်တစ်ကြိမ် အပြင်စည်းဂိုဏ်း ပြိုင်ပွဲကျရင် လူအုပ်ကြီးရဲ့ အားပေးမှုကို ကျိန်းသေပေါက် ခံယူရမယ်’
ချူဖုန်းတို့သည် ပွက်လောရိုက်နေသည့် လူအုပ်ကြီးကို ဖြတ်သန်းပြီး သေခြင်းရှင်ခြင်း စင်မြင့်အောက်သို ရောက်လာကြသည်။
သူ ရပ်လိုက်သည်နှင့် အေးစက်စက် အကြည့်တစ်စုံကို ခံစားလိုက်ရသည်။
သူက ထိုအကြည့်ဘက်သို့ ပြန်ကာ ကြည့်လိုက်သည်။
အကြီးအကဲပင်းသည် မျက်နှာချင်းဆိုင်မှ သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူမသည် မျက်လုံးအိမ်ထဲမှ ကျွတ်ထွက်မတတ် စိုက်ကြည့်နေသည်။
ချူဖုန်းသည် သူမကို လျစ်လျူရှုလိုက်ပြီး ရှောင်ချန်း၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။
“သွားတော့... အတိတ်ကို မင်းလက်နဲ့ ကိုယ်တိုင် ဖြတ်တောက်ရမယ့်အချိန် ရောက်ပြီ”
ရှောင်ချန်းသည် ခေါင်းအသာညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ ဆရာ”
စကားပြောပြီးသည်နှင့် သူသည် ခြေဖျားဖြင့် မြေပြင်ကို အသာအယာ နင်းလိုက်ပြီး သေခြင်းရှင်ခြင်း စင်မြင့်ပေါ်သို့ ခုန်တက်လိုက်သည်။
စင်မြင့်၏ တစ်ဖက်ခြမ်းတွင် ချင်ရို့သည်လည်း ရှောင်ချန်း ပေါ်လာသည်ကို မြင်သောအခါ တွန့်ဆုတ်ခြင်း မရှိဘဲ စင်မြင့်ပေါ်သို့ ပေါ့ပါးစွာ ခုန်တက်လိုက်သည်။
တစ်ချိန်က ချစ်သူများ ဖြစ်ခဲ့ကြသော်လည်း ယခုအခါ သူတို့၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့မှု အရိပ်အယောင် မရှိတော့ပေ။ အေးစက်သည့် လျစ်လျူရှုမှုများသာ ကျန်တော့သည်။
“ရှောင်ချန်း... နင် ငါ့ကို တိုက်ခိုက်ရဲလိမ့်မယ်လို့ မထင်ထားဘူး” ချင်ရို့က မောက်မာသည့် လေသံဖြင့် ပြောလိုက်သည်။
သူမသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ရှောင်ချန်း၏ ကျင့်ကြံခြင်အဆင့်ကို မြင်လိုက်ရသည်။ စစ်မှန်ကံကြမ္မာ အဋ္ဌမအဆင့် အစောပိုင်းမျှသာ ရှိသေးသည်။
ရှောင်ချန်းသည် တည်ငြိမ်နေဆဲ ဖြစ်သည်။ “ဘာလို့ မတိုက်ခိုက်ရဲရမှာလဲ... ဒီနေ့ ကျုပ် လာတာက ဘယ်သူ့ကိုမှ သက်သေပြဖို့ မဟုတ်ဘူး.... ကျုပ်ရဲ့ ဓားဆန္ဒကို သန့်စင်ဖို့အတွက်ပဲ.... ခင်ဗျားကတော့ ဓားသွေးကျောက်တစ်ခုသာသာပဲ...”
ပတ်ဝန်းကျင်က တပည့်များသည် အသက်ရှူမှားသွားကြသည်။
သူတို့က ဤနှစ်ယောက်ကြားက အငြိုးအတေးကို သိထားပြီးသာပင်။
သို့ပေမဲ့ နှစ်ယောက်စလုံးက ဤမျှ ရက်စက်ကြလိမ့်မည်ဟု မထင်ထားကြပေ။
စင်မြင့်အောက်တွင် ချောင်ရို့ချန်က ပြုံးပြီး ပြောသည်။ “ဆရာ... ကျွန်တော်တော့ စီနီယာအစ်ကို ဒီလောက် လေးနက်တာမျိုး တစ်ခါမှ မမြင်ဖူးဘူး...တစ်ဖက်က စီနီယာအစ်မချင်တော့ ဒုက္ခရောက်တော့မယ်”
ချူဖုန်းသည် တီးတိုး ရေရွတ်လိုက်သည်။ “သူတို့ လက်မထပ်ဖြစ်ခဲ့ကြတာ နှမြောစရာပဲ...မဟုတ်ရင် ရှောင်ချန်းက တာအိုကို သက်သေပြဖို့ ဇနီးသည်ကို သတ်တယ်ဆိုတဲ့ နာမည်ကို ရမှာ...”
ချောင်ရို့ချန် “...”
ချင်းချင်း “...”
စင်မြင့်ပေါ်တွင် ချင်ရို့၏ မျက်နှာအမူအရာသည် လုံးဝ ပြောင်းလဲခြင်း မရှိပေ။ သူမက အေးစက်စွာ ပြောလိုက်သည်။”ရှောင်ချန်း... နင်အဆင့်နဲ့များ ဒီလိုစကားမျိုးပြောရဲတယ်ပေါ့.... ငါနဲ့ နင့်ကြားက ကွာခြားချက်က ဘယ်လောက်တောင်ကြီးလဲဆိုတာပြပေးမယ်”
သူမသည် စကားပြောနေရင်း အရှိန်အဝါက မြင့်တက်လာသည်။
ကောင်းကင်ဇာစ်မြစ်အဆင့်ဖိအားတစ်ခုသည် သေခြင်းရှင်ခြင်း စင်မြင့် တစ်ခုလုံးကို တစ်ခဏအတွင်း လွှမ်းခြုံသွားသည်။
ချင်ရို့၏ အရှိန်အဝါ သက်ရောက်သည့် မြေပြင်ပေါ်၌ နှင်းမှုန်လွှာများ ဖြစ်တည်လာပြီး လေထုထဲတွင် နှင်းပွင့်များဖြင့် ပြည့်နှက်သွားသည်။
ရှောင်ချန်းသည် ၎င်းကို မြင်သောအခါ၌ ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။
“ အစွမ်းကုန် ထုတ်သုံးလိုက်.... ဒီသုံးနှစ်အတွင်းမှာ ဘယ်လောက်တောင် တိုးတက်လာလဲဆိုတာပြစမ်း ကျုပ်ကို စိတ်ပျက်သွားအောင်တော့ မလုပ်နဲ့...”
သူ၏ စကားအဆုံး၌ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကောင်းကင်ထိတိုင် မြင့်တက်သွားတော့မည့်အလား ထွက်ပေါ်လာ၏။
ထိုအရှိန်အဝါ အတွင်း၌ ကြောက်စရာကောင်းသော ဓားဆန္ဒတစ်ခုက ပုန်းအောင်းနေသည်။
ထိုအချိန်တွင် သူသည် ဓားနှင့် တသားတည်း ဖြစ်သွားသည့်အလား ခံစားလိုက်ရသည်။
“စီနီယာအစ်ကိုရှောင်က လေးစားခံရတာကို မအံ့ဩတော့ပါဘူး... ကောင်းကင်ဇာစ်မြစ်အဆင့် ဖိအားနဲ့ ရင်ဆိုင်နေရတာတောင် သူ့မျက်နှာက မပြောင်းလဲသွားဘူး”
“သူ စစ်မှန်ကံကြမ္မာအဆင့်ကို ရောက်စတုန်းကတောင် ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူတွေကို စိန်ခေါ်နိုင်ခဲ့တာလေ... အခုက ပိုသန်မာလာပြီဆိုတော့ အထွေအထူးတောင် ပြောနေစရာမလိုဘူး...”
“အပြင်က ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူတွေက ဝမ်တောက်ကျောင်းတော်က လူတွေနဲ့ ယှဉ်လို့ ရမလား.... အထူးသဖြင့် ကောင်းကင်စိတ်ဝိညာဉ်ဌာနက လူတွေနဲ့လေ...”
ချလန်။
ချင်ရို့သည် ဓားရှည်ကို ဆွဲထုတ်ပြီး ရှောင်ချန်းကို ခုတ်ပိုင်းလိုက်သည်။
“ကောင်းကင်ပျံသန်းနှင်းပွင့်လွှာ”
အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားပြီး လေထဲရှိ နှင်းပွင့်တိုင်းသည် ဓားချီစွမ်းအင်ဖြင့် တောက်ပလာပြီး ဓားချီအလင်းတန်းများ အဖြစ် ပြောင်းလဲကာ မိုးရွာချသကဲ့သို့ ကျဆင်းလာသည်။
ရှောင်ချန်းသည် ဓားကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး လေထုကို ပိုင်းဖြတ်လိုက်သည်။
ဝုန်း။
ဓားအရှိန်အဝါနှစ်ခုက စင်မြင့်ထက်တွင် တွေ့ဆုံပြီး ပေါက်ကွဲသွားသည်။
တိုက်ပွဲအရှိန်အဟုန်များ ပျောက်ကွယ်သွားသည်နှင့် စင်မြင့်ပေါ်သို့ ကျဆင်းနေသော နှင်းများမှာ ရပ်တန့်သွားတော့သည်။
မျက်စိကျိန်းဖွယ် တောက်ပသည့် ဓားအလင်းတန်းသည်လည်း ပျောက်ကွယ်သွားသည်။
သို့သော် နောက်တစ်ခဏတွင် စင်မြင့်ပေါ်ရှိ ပုံရိပ်နှစ်ခုက တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။
ချလွင်။ ချလွင်။ ချလွင်။
ဓားချင်း ရိုက်ခတ်သံများကြားတွင်။
စင်မြင့်ထက်တွင် ဓားအလင်းတန်းများနှင့် ပုံရိပ်များ က ရောထွေးနေကြသည်။
သူတို့နှစ်ဦးသည် အပြန်အလှန် တိုက်ခိုက်နေကြပြီး တန်းတူရည်တူ ဖြစ်နေသည်။
ဘန်း။
တိုက်ကွက်များစွာ ဖလှယ်ပြီးပြီးနောက် ချင်ရို့သည် ရှောင်ချန်း၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သော်လည်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရသည်။
“ရှောင်ချန်း... နင်က ဒီလောက်ပဲလား...ဒါဆို အဆုံးသတ်ဖို့ အချိန်တန်ပြီ”
ရှောင်ချန်းသည် မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး လှောင်ပြုံးပြုံးလိုက်၏။ “အမှန်ပဲ အနိုင်အရှုံးကို ဆုံးဖြတ်ဖို့ အချိန်တန်ပြီ...”
ချင်ရို့သည် ဓားကို ဝှေ့ယမ်းပြီး ရှေ့သို့ ထိုးစိုက်လိုက်သည်။ “မိုင်တစ်သောင်းအကွာမှ ရေခဲနယ်မြေ”
ဤတိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ကောင်းသည့် အအေးဓာတ်ကို သယ်ဆောင်ထားသည်။ ဓားချီ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် ရေခဲအဖြစ် ပြောင်းလဲသွားသည်။
ရှောင်ချန်းသည် လေထဲသို့ ခုန်တက်လိုက်ပြီး ဓားကို ဝှေ့ယမ်းလိုက်သည်။ “ဓားတစ်သောင်းတို့အပြန်”
ဓားအလင်းတန်းတစ်ခု ဦးစွာ ပေါ်လာ၏။ ထို့နောက် မရေမတွက်နိုင်သော ဓားချီများမှာ မိုးသက်မုန်တိုင်းပမာ ကျဆင်းလာသည်။
ဂျိန်း။
နားကွဲလုမတတ် အသံကျယ်ကြီးသည် သေခြင်းရှင်ခြင်း စင်မြင့်ပေါ်တွင် ထွက်ပေါ်လာ၏။
ဓားချီ ရိုက်ခတ်မှုမှ ဖြစ်ပေါ်လာသည့် ပေါက်ကွဲမှုသည် ပြင်းထန်လွန်းသဖြင့် စင်မြင့်ပေါ်တွင် ဖြစ်ပျက်နေသည်များကို မတွေ့ရတော့ချေ။
အချိန်အတော်ကြာပြီးနောက်။
ပေါက်ကွဲသံများသည် တိုးညှင်းသွား၏။
သေခြင်းရှင်ခြင်း စင်မြင့်ပေါ်မှ မြူခိုးများနှင့် ဓားအလင်းတန်းများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
လူတိုင်းက စင်မြင့်ပေါ်သို့ အလိုအလျောက် မော့ကြည့်လိုက်ကြသည်။
ချင်ရို့သည် မြေပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်ထားပြီး သူမ၏ ဓားမှာ လက်ထဲမှ လွတ်ကျသွားသည်။
ဓားရှည်တစ်ချောင်းက သူမ၏ လည်ပင်းကို ချိန်ရွယ်ထားသဖြင့် မလှုပ်ရှားနိုင် ဖြစ်နေသည်။ ထိုအခိုက် သူမ၏ လည်ပင်းမှ သွေးများ စီးကျလာပြီး ဓားသွားတစ်လျှောက် လျှောဆင်းကျသွားသည်။
မျက်နှာချင်းဆိုင်တွင် ရှောင်ချန်းသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဓားကို ကိုင်ဆောင်ထားလျက် ရပ်နေသည်။ သူ၏မျက်လုံးများသည် ရှေ့မှ အမျိုးသမီးကို အေးစက်စွာ ကြည့်နေသည်။
ထိုအချိန်တွင် ရှောင်ချန်း၏ နှလုံးသားသည် တည်ငြိမ်နေသည်။ သူက သူမကို မသတ်လိုက်ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏ဓားက ချင်ရို့၏ အရေပြားကို ဖြတ်တောက်သွားသည့် အခိုက် သူတို့ကြားက သံယောဇဉ်က ပြတ်တောက်သွားတော့၏။
တစ်ချိန်က မပြည့်စုံခဲ့သော ဓားဆန္ဒသည် ယခုအခါ ပြီးပြည့်စုံသွားတော့သည်။
“ခင်ဗျား ရှုံးပြီ”
“ငါ့ကို ဘာလို့ မသတ်တာလဲ”
ချင်ရို့သည် မသိစိတ်ဖြင့် မေးလိုက်သည်။
“ကျုပ် ဒီကို လူသတ်ဖို့ လာတာ မဟုတ်ဘူး၊ အတိတ်ကို ဖြတ်တောက်ဖို့ လာတာ”
ရှောင်ချန်း၏ အသံသည် မကျယ်လောင်သော်လည်း တိတ်ဆိတ်နေမှုကြောင့် လူတိုင်းက ရှင်းလင်းစွာ ကြားလိုက်ရသည်။
“ငါ ရှုံးပြီ”
ချင်ရို့သည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ပြီး ကံတရားကို လက်ခံလိုက်တော့သည်။
စောစောက ရှောင်ချန်း၏ ဓားသည် သူမ၏လည်ပင်းကို ထိလိုက်သည့် အခိုက်တွင် ယခင်က တစ်ခါမှ မကြုံဖူးသော ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး ခုခံလိုစိတ်များပင် ပျောက်ကွယ်သွားသည်။
ရှောင်ချန်းသည် ထိုစကားကို ကြားသောအခါ၌ ဓားရှည်ကို ပေါ့ပေါ့ပါးပါး ပြန်သိမ်းလိုက်သည်။
ထို့နောက် လှည့်မကြည့်ဘဲ စင်မြင့်ပေါ်မှ ဆင်းသွားသည်။ ဝေးကွာသွားသော ခြေသံများကို နားထောင်ရင်း ချင်ရို့သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ထွက်ခွာသွားသောသူ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ရင်ထဲတွင် ဆုံးရှုံးသွားသလို ခံစားချက်တစ်ခု ပြည့်နှက်သွားသည်။
စင်မြင့်အောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။
ပြင်းထန်သော တိုက်ပွဲကို တွေ့ပြီးနောက် လူတိုင်းသည် တုန်လှုပ်သွားတော့၏။
“ချင်ရို့... ငါတို့ သွားကြမယ်”
အေးစက်သော အသံတစ်သံသည် ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသည်။
ဆရာ၏ အသံကို ကြားသောအခါ၌ ချင်ရို့ သည် ဓားကို အလိုအလျောက် ကောက်ယူပြီး ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင်ပင် ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။
“အကြီးအကဲပင်း... ခင်ဗျားနဲ့ ခင်ဗျားတပည့် တစ်ခုခု မေ့ကျန်ခဲ့သေးလား”