အကြီးအကဲပင်း... ခင်ဗျားက ရှုံးမဲမဲတာလား
Vol. 9 Ch. 86
လူတိုင်းသည် အသံကြားသည့်ဘက်သို့ အလိုလို လှည့်ကြည့်လိုက်ကြရာ ချူဖုန်းသည် အကြီးအကဲပင်းတို့အုပ်စုကို ခပ်ဟဟ ပြုံးရင်း ကြည့်နေသည်ကို တွေ့လိုက်ရသည်။
တပည့်များသည် စိတ်ရှုပ်ထွေးသွားကြသည်။
သောင်းပြောင်းပညာရပ်ဌာန တစ်ခုလုံးသည် သူတို့၏ တိုက်ပွဲများကို အနိုင်ရပြီးပါပြီ။
‘ဌာနမှူးချူက ဘာလို့ ရှုံးသွာတဲ့ ဘက်ကို လှောင်နေရသေးတာလဲ...’
‘အကြီးအကဲပင်း ဒေါသထွက်သွားမှာကို မကြောက်ဘူးလား...’
မည်သို့ပင်ဆိုစေကာမူ အကြီးအကဲပင်းသည် ဝမ်တောက်ကျောင်းတော၏ အကြီးအကဲအားလုံးထဲတွင် ထိပ်တန်းအဆင့် အကြီးအကဲတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်သည်။
အကြီးအကဲပင်း၏ ရေခဲတမျှ အေးစက်သော အကြည့်သည် ချူဖုန်းအပေါ် သို့ ကျရောက်လာသည်။ သူမ၏ ရင်ထဲတွင် ဒေါသမီးလျှံများ လောင်မြိုက်နေသည့်အပြင် ထိုလူက လူပုံအလယ်တွင် သူမကို ရန်စလာသည်။
သူ့နေရာသူသိသွားစေရန် ရိုက်နှက်ဆုံးမပေးလိုက်ရမည်လားဟု တွေးလိုက်သည်။
“ကျွန်မကို ဘာများမေ့သွားတယ်လို့ ပြောချင်တာလဲ” သူမက အေးစက်စွာ မေးလိုက်သည်။
ချူဖုန်းသည် ရယ်မောလိုက်သည်။ “အကြီးအကဲပင်း... ခင်ဗျားက လေးစားခံရလွန်းလို့ မှတ်ဉာဏ်တွေ သံချေးတက်နေပြီထင်တယ်... ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်လောက်က မှတ်တမ်းတင်ခန်းမမှာ ကျုပ်တို့ သဘောတူထားတဲ့ လောင်းကြေးကို မမေ့သေးဘူးလို့ ထင်ပါတယ်”
သူက ဆက်ပြောသည်။ “တကယ်လို့ ရှောင်ချန်းသာ ရှုံးသွားရင် ကျုပ်တို့ သောင်းပြောင်းပညာရပ်ဌာနက ဖျက်သိမ်းပေးရမယ်လေ... ခင်ဗျား ပြောထားတဲ့ လောင်းကြေးတွေကို မေ့သွားတာတော့ မဟုတ်ပါဘူးနော်”
သူ၏စကားသံ ဆုံးသွားသည်နှင့် လူအများ၏ မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်များ ပေါက်ဖွားလာသည်။
လူတိုင်းသည် အကြီးအကဲပင်းနှင့်ချူဖုန်း မည်ကဲ့သို့သော လောင်းကြေးမျိုး ပြုလုပ်ခဲ့သည်ကို သိချင်သွားကြသည်။
အချို့က ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ သူတို့သည် ဝမ်တောက်ကျောင်းတော်တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ အကြီးအကဲတစ်ဦး အရူးလုပ်ခံရသည်ကို မမြင်ဖူးခဲ့ကြပေ။
အကြီးအကဲပင်း၏ မျက်နှာထားသည် အတွေးနက်ဟန်ဖြစ်သွားပြီးနောက် ချက်ချင်း မည်းမှောင်သွားသည်။
သူမသည် ချူဖုန်းနှင့် ပြုလုပ်ခဲ့သော လောင်းကြေးကို အလေးအနက် မထားခဲ့မိသည်မှာ အမှန်ပင်။
မည်သို့ပင်ဆိုစေကာမူ သူမ တစ်ယောက်တည်း မဟုတ်ပေ။ ဝမ်တောက်ကျောင်းတော်ရှိ မည်သည့် အကြီးအကဲမဆို မသန်မစွမ်းဟု သတ်မှတ်ခံထားရသည့် ရှောင်ချန်းသည် ဤအဆင့်ထိ တိုးတက်လာနိုင်လိမ့်မည်ဟူသော အတွေးကို ပယ်ချခဲ့ကြပေလိမ့်မည်။
“ဟန့်”
သူမက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ “ဒီအကြီးအကဲက အမြဲတမ်း သူ့ကတိကို တည်တယ်...ရို့အာက ကျွန်မနဲ့အတူ သောင်းပြောင်းပညာရပ်ဌာနကို လိုက်လာခဲ့လိမ့်မယ်...ဌာနမှူးချူက ကျွန်မတို့ကို ဘာများလုပ်နိုင်မလဲ ဆိုတာ ကြည့်ချင်ပါသေးတယ်”
“အကြီးအကဲပင်းဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ ကျေးဇူးပြုပြီး ကြွပါဦး” ချူဖုန်းက ယဉ်ကျေးစွာ လမ်းပြလိုက်ပြီး တောက်ပသည့် အပြုံးဖြင့် ဆိုလိုက်သည်။
အကြီးအကဲပင်းသည် အေးစက်သည့်မျက်နှာထားဖြင့် ချူဖုန်းတို့အဖွဲ့ ရှိရာဘက်သို့ လျှောက်လာသည်။
သူမ၏အနောက်မှ တပည့်များသည် ၎င်းကို မြင်သောအခါ၌ နေရာတွင် မှင်တက်ကာ ကျန်ရစ်ခဲ့ကြသည်။ သူတို့က ဘာလုပ်ရမှန်း မသိတော့ပေ။
‘ပြန်ပဲသွားသင့်လား... ဒါမှမဟုတ် ဆရာ့နောက်ပဲ လိုက်သွားသင့်လား’
ခဏမျှ တွန့်ဆုတ်နေပြီးနောက် သူမ၏အနောက်သို့ လိုက်သွားရန် ရွေးချယ်လိုက်ကြသည်။
ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ တပည့်များသည် ဇဝေဇဝါဖြစ်နေသည့်ဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“စီနီယာအစ်ကိုယဲ့... ကျွန်တော်တို့ ဒီကိစ္စကို ဌာနမှူးဆီ သွားတင်ပြသင့်လား” သူတို့ထဲမှ တစ်ယောက်က မေးလိုက်သည်။
“မလိုဘူး”
စီနီယာအစ်ကိုယဲ့သည် ချူဖုန်း ထွက်ခွာသွားသည်ကို စိုက်ကြည့်ရင်း ပြတ်ပြတ်သားသား ပြောလိုက်သည်။ “သောင်းပြောင်းပညာရပ်ဌာနကလို လမ်းဘေးခွေး တစ်သိုက်က အကြီးအကဲပင်းကို ဘာလုပ်နိုင်မှာမလို့လဲ”
အခြားသူများသည် ရုတ်တရက် သဘောပေါက်သွားကြသည်။
‘မှန်တယ်... ချင်ရို့က ရှောင်ချန်းကို ရှုံးသွားတာနဲ့ပဲ ချူဖုန်းက အကြီးအကဲပင်းကို ဖိနှိပ်နိုင်ပြီလို့ မဆိုလိုဘူး...’
အဆုံးမှာတော့ ချူဖုန်းသည် သာမန်လူတစ်ယောက်သာဖြစ်၏။
ကျောင်းတော်မှ ကျန်ရှိသော တပည့်များသည် ချူဖုန်း ဘာလုပ်မလဲ ဆိုသည်ကို သိချင်နေကြသော်လည်း စူးစမ်းလိုစိတ်ကို ထိန်းချုပ်လိုက်ပြီး အနောက်သို့ မလိုက်သွားပေ။
ခဏအကြာတွင်။
ချူဖုန်းတို့အုပ်စုသည် အကြီးအကဲပင်းနှင့် သူမ၏ တပည့်ကို သောင်းပြောင်းပညာရပ်ဌာန၏ နယ်မြေထဲသို့ ခေါ်ဆောင်လာသည်။
အကြီးအကဲပင်း၏ အသံသည် ရေခဲမြူနှင်းပမာ အေးစက်၍နေသည်။ “ကဲ... ရှင်က ကျွန်မကို ဘယ်လိုများ ဖြေရှင်းဖို့ ရည်ရွယ်ထားလဲ”
ချူဖုန်းသည် ရှောင်ချန်းဘက်သို့ လှည့်လိုက်သည်။ “တပည့်... ငါ မင်းကို အရင် ပြောခွင့်ပြုတယ်”
ရှောင်ချန်းသည် ခေါင်းအသာညိတ်လိုက်ပြီး ချင်ရို့ဘက်သို့ ကြည့်လိုက်သည်။
သူ၏မျက်လုံးများသည် ခံစားချက်များ ကင်းမဲ့နေသည်။
ချင်ရို့သည် ထိုအကြည့်အောက်တွင် နေရခက်သလို ခံစားလိုက်ရပြီး လက်သီးများကို အလိုလို ဆုပ်လိုက်မိသည်။
“သွားတော့” ရှောင်ချန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ပြီးတော့ ငါ့ရှေ့မှာ ဘယ်တော့မှ ထပ်မပေါ်လာနဲ့....”
သူ၏စကားများသည် ပြတ်သားပြီး သူမ၏ နှလုံးသားကို ဓားဖြင့် မွှန်းလိုက်သကဲ့သို့ နာကျင်သွားစေသည်။
သို့သော် သူမ ကောင်းကောင်း သိပါသည်။ သူတို့နှစ်ဦးကြားတွင် ပြန်လည်သင့်မြတ်ရန် ဖြစ်နိုင်ခြေမျှ မရှိတော့ပေ။
“ဟန့်”
အကြီးအကဲပင်းသည် ဂရုမစိုက်သလို နှာခေါင်းရှုံ့လိုက်သည်။ သူမ၏ မောက်မာသော မျက်နှာထားက ရှင်းလင်းစွာ ပြောပြ၍ နေသည်။
‘ ငါ နင့်ကို အခွင့်အရေး ပေးတယ်...ဒါပေမဲ့ နင်က မယူတတ်ဘူး’
“ကောင်းပြီ ဒီနေ့ကစပြီး ငါတို့ ဘယ်တော့မှ ထပ်မတွေ့ကြတော့ဘူး... တကယ်လို့ တွေ့ခဲ့ရင်လည်း ရန်သူတွေ အနေနဲ့ပဲ ဖြစ်လိမ့်မယ်”
ထိုသို့ပြောပြီးနောက် ချင်ရို့က လှည့်ထွက်သွားသည်။
“နေဦးလေ”
ချူဖုန်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာပြီး ချင်ရို့ကို ရပ်တန့်သွားစေသည်။
အကြီးအကဲပင်း၏ အသံက အေးစက်သွားသည်။ “ဌာနမှူးချူ... ရှင်က ကျွန်မတပည့်ကို ဒီမှာ အတင်းအကျပ် နေခိုင်းနေတာလား”
“အထင်မလွဲနဲ့...” ချူဖုန်းက အပြုံးဖြင့် ပြောလိုက်ပြီး အကြီးအကဲပင်းကို ကြည့်လိုက်သည်။ “ကျုပ်က သူ့ကို တားခိုင်းလိုက်တာက ခင်ဗျားအတွက် သတင်းစကားပါးခိုင်းဖို့”
သူမကို တည့်တည့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ “ကျုပ်က ပေးစရာ ရှိတာကို အမြဲတမ်း ပြန်ပေးတတ်သလို ရစရှိတာကိုလည်း ယူတတ်တယ်...အကြီးအကဲပင်း... ဒီနေ့ကစပြီး ခင်ဗျားက ဒီမှာနေပြီး ကျုပ်ရဲ့ ခြေထောက်ဆေး ပေးတဲ့ အစေခံအဖြစ် တစ်နှစ်တိတိ တာဝန်ထမ်းဆောင်ရမယ်”
“ရှင်...”
အကြီးအကဲပင်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏ အရှိန်အဝါသည် ပြင်းထန်သည့် မုန်တိုင်းပမာ ပေါက်ကွဲထွက်လာပြီး ချူဖုန်းကို ကြိတ်ချေတော့မတတ်ပင်။ မိမိ၏သားပေါက်လေး တက်နင်းခံလိုက်ရသည့် ကျားမကြီးတစ်ကောင်ကဲ့သို့ပင်။
သို့သော် ချူဖုန်းသည် ပုခုံးတွန့်လိုက်ရုံသာတွန့်ပြီး လုံးဝ ဂရုမစိုက်ပေ။ “မဖြစ်နိုင်တာ... အကြီးအကဲပင်းက တကယ်ကြီး ကတိမတည်တာလို့တော့ မပြောနဲ့နော်”
“ကျွန်မ...”
အကြီးအကဲပင်းက အံကြိတ်လိုက်သည်။ သူမ၏ အေးစက်စက်မျက်နှာသည် အရှက်ရမှုကြောင့် နီမြန်းလာသည်။
အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်လျှင် ချူဖုန်းသည် ယခုအချိန်တွင် အခါတစ်ထောင်လောက် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရပြီ ဖြစ်သည်။
ချူဖုန်းနောက်မှ ရှောင်ချန်းနှင့် အခြားသူများပင်လျှင် အကြီးအကဲပင်းဆီမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုစိတ်ကို ခံစားနေကြရသည်။
သို့သော် မည်သူမျှ အနည်းငယ်လေးတောင် မစိုးရိမ်ကြပေ။
အကယ်၍ အကြီးအကဲသာ တကယ်တိုက်ခိုက်ရဲခဲ့လျှင် သူတို့ဆရာ၏ အစွမ်းကို မြင်တွေ့ရပေလိမ့်မည်။
ချင်ရို့သည် သူမ၏ရှေ့မှ မြင်ကွင်းကြောင့် ကြောင်အနေမိသည်။
သူမ နားမလည်နိုင်ပေ။
ဝမ်တောက်ကျောင်းတော်တစ်ခုလုံးက အထင်သေးကြသည့် ဌာနမှူးချူက ဆရာ့ကို ဤသို့ ပြောရဲသည့် သတ္တိမျိုးရှိပေသည်။
‘ အကြီးအကဲပင်းဆီမှာ ရိုက်သတ်ခံလိုက်ရမှာကို မကြောက်ဘူးလား’
သို့သော် ချူဖုန်းသည် သတ်ဖြတ်လိုစိတ်ကို ဂရုမစိုက်ပေ။ သူက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ခင်ဗျား ဆုံးဖြတ်ဖို့ အမွှေးတိုင်တစ်တိုင်စာ အချိန် ရှိမယ်... ခင်ဗျား သဘောတူရင် ကျုပ်ကို လာရှာချည်..တကယ်လို့ အရှက်မရှိ သရက်စေ့လုပ်ပြီး ကတိကို ဖျက်ချင်ရင်လည်း သဘောပါပဲ”
ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားသည်။
ချူဖုန်း၏တပည့်များသည်လည်း လိုက်သွားကြပါ၏။
“တောင်းပန်ပါတယ် ဆရာ... အားလုံးက ကျွန်မ အားနည်းလွန်းလို့ ဖြစ်ရတာပါ”
ချင်ရို့၏ အသံမှာ သူမ၏ဆရာကို ကြည့်ရင်း အပြစ်ရှိစိတ်ကြောင့် တုန်ရီလာသည်။
“ဟမ့်”
အကြီးအကဲပင်းသည် နှာခေါင်းရှုံ့လိုက်သည်။ “နင်အသုံးမကျမှန်း သိတာတောင် ဘာလုပ်နေသေးတာလဲ...ပြန်ပြီး ကျင့်ကြံတော့”
“ဆရာ... ဆရာက...”
ချင်ရို့သည် မလှုပ်ရှားပေ။ သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
“နင့်ဆရာ့ကို ကတိဖျက်တတ်တဲ့ လူတစ်ယောက်လို့ ထင်နေတာလား”
အကြီးအကဲပင်း၏ လေသံသည် တည်ငြိမ်နေသည်။ သူမ၏ ရင်ထဲတွင် မလိုလားမှုများဖြင့် ပြည့်နှက်နေသော်လည်း သူမ၏မာနသည် ကတိဖျက်ရန် ခွင့်မပြုချေ။
ဖြောင့်မတ်သော ကျင့်ကြံသူတစ်ဦး အနေဖြင့် သူမသည် ကတိကို အမြဲ တည်ပါသည်။ ယခုတစ်ကြိမ်၌ ချူဖုန်းက သူမကို အရှက်ခွဲဖို့ ကြိုးစားနေတာ ထင်ရှားပါ၏။
“ဆရာ့ကိုယ်စား အပြစ်ဒဏ် ခံယူပါရစေ” ချင်ရို့က ပြောလိုက်သည်။ သူမက ပြတ်သားစွာ ပြောသည်။ “ဒါတွေအားလုံး ကျွန်မကြောင့် စဖြစ်ခဲ့တာပါ”
“မလိုဘူး”
အကြီးအကဲပင်းက အေးစက်စွာ ပြောလျက် လက်ကာပြလိုက်သည်။ “ပြန်သွားပြီး နင့်ရဲ့ စီနီယာအစ်မတွေကို ပြောလိုက်... သူတို့ရဲ့ ကျင့်ကြံခြင်းကို လမ်းညွှန်ပေးဖို့ တစ်လ တစ်ကြိမ် ပြန်လာခဲ့မယ်... ပြီးတော့ ဒီနေ့ ကိစ္စကို ဘယ်သူ့ကိုမှ မပြောမိစေနဲ့”
သူမသည် ပြောလိုရာပြောပြီးသောအခါ ချူဖုန်း၏ ခြံဝင်းဆီသို့ သွားလိုက်သည်။
‘ချူဖုန်း... နင် တစ်နေ့ကျရင် ဒီအရှက်ခွဲမှုတွေအတွက် ပြန်ပေးဆပ်စေရမယ်’
အဝေးသို့ ပျောက်ကွယ်သွားသော ဆရာ၏ ကျောပြင်ကို ကြည့်ရင်း ချင်ရို့သည် လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်မိသည်။
‘ငါ ဒီနေ့ကစပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်လို့ ကျိန်ဆိုတယ်... ပြီးတော့ ဆရာ့ရဲ့ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ပေးမယ်’