← Chapters

ချူဖုန်းက အကြီးအကဲပင်းကို အတင်းအကျပ် နေခိုင်းတယ်

Vol. 9 Ch. 87

ချူဖုန်းက အကြီးအကဲပင်းကို အတင်းအကျပ် နေခိုင်းတယ်

Vol. 9 Ch. 87

သောင်းပြောင်းပညာရပ်ဌာန၏ ပင်မခြံဝင်း အတွင်း၌

ရှောင်ချန်း၊ ချောင်ရို့ချန်၊ ချင်းချင်းနှင့် ဝမ်ပေါင်လဲ့တို့သည် အကြီးအကဲပင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။

အကြီးအကဲပင်းသည်သည် ခပ်ဖြည်းဖြည်းသာ လာနေသော်လည်း ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် လေးအေးများက ဝှေ့ဝဲနေသည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သောင်းပြောင်းပညာရပ်ဌာနအတွင်းရှိ အပူချိန်သည် တစ်ဆယ်ဒီဂရီကျော် ကျဆင်းသွားသည်။

ချူဖုန်းသည် လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ အပူချိန်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ခင်ဗျား ဆုံးဖြတ်ပြီးပြီလား”

အကြီးအကဲပင်းသည် ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်ကို သတိထားလိုက်မိသော်လည်း အလေးအနက် မထားတော့ပေ။

“ဆုံးဖြတ်ပြီးပြီ...သောင်းပြောင်းပညာရပ်ဌာနမှာပဲ နေမယ်”

ချူဖုန်းသည် သူ၏အခန်းဘေးက အခန်းကို လက်ညှိုးထိုးပြလိုက်သည်။ “ဒီနေ့ကစပြီး ခင်ဗျား အဲဒီအခန်းမှာ နေရမယ်...သွားပြီး ကိုယ့်ဘာသာကိုယ် ရှင်းထားလိုက်...”

“ဟမ့်”

အကြီးအကဲပင်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အခန်းဆီသို့ လျှောက်သွားလိုက်သည်။

ချောင်ရို့ချန်က တံခါးပိတ်သွားသည်ကို ကြည့်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။ “ဆရာ... သူ့ကို ဒီမှာထားလို့ ဖြစ်ပါ့မလား”

“ဟမ့်”

ချူဖုန်းသည် ချောင်ရို့ချန်ကို ကြည့်လိုက်သည်။ “တာ့ချန်... မင်းက ဒီတစ်နှစ်အတွင်း ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနေရတယ်ထင်တယ်... ရှောင်ချန်းရေ”

“တပည့် ရှိပါတယ်” ရှောင်ချန်းက လေးစားစွာ ပြန်ဖြေလိုက်သည်။

“မနက်ဖြန်ကစပြီး မင်းရဲ့ ဂျူနီယာညီလေးနဲ့ လေ့ကျင့်ပေးလိုက်.. ငါတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ စည်းကမ်းတွေကို နွေးနွေးထွေးထွေးလေး ခံစားခိုင်းလိုက်ဦး”

ချူဖုန်း၏ လေသံသည် ထမင်းစားရေသောက်ကိစ္စတစ်ခုကို ပြောနေသည့်အလား ပေါ့ပေါ့ပါးပါးရှိလှသည်။

“နားလည်ပါပြီ” ရှောင်ချန်းသည် ပြန်ဖြေပြီး ချောင်ရို့ချန်ကို ကြည့်လိုက်သည်။

“ဂျူနီယာညီလေး... တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့ရဲ့ဓားဆန္ဒက ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နေပြီ...မင်းက အသားထူပြီး အရိုးမာတယ်ဆိုတော့... စမ်းသပ်ဖို့အတွက် အကောင်းဆုံးပဲ”

“စီနီယာအစ်ကိုကလည်း အချင်းချင်းတွေပဲ... အဲဒီလောက်ထိ လုပ်စရာ မလိုပါဘူးနော်”

ချောင်ရို့ချန်၏ နဖူးပေါ်တွင် ချွေးစေးများ ပြန်လာသည်။

‘သူ စကားမှားသွားရုံလေးကို... ဆရာက ဘာလို့အလေးအနက် ထားနေရတာလဲ... ဘာပဲဖြစ်ဖြစ် သူက ဆရာ့ရဲ့ ချစ်တပည့်ကြီးပဲလေ’

အမြဲလိုလို အေးစက်နေတတ်သည့် ချင်းချင်းပင်လျှင် သူတို့၏စကားဝိုင်းကိုကြားပြီး ပြုံးစိစိဖြစ်သွားသည်။

ဝမ်ပေါင်လဲ့သည် စပ်စုချင်သွားသည်။

သောင်းပြောင်းပညာရပ်ဌာန၏ တောင်ခြေရင်းတွင်။

တပည့်များသည် ဌာနမှူးချူက ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ အလှလေး နှစ်ဦးကို တောင်ပေါ်သို့ ခေါ်ဆောင်သွားပြီး ဘာလုပ်နေသလဲ ဆိုတာ သိနိုင်ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

လူအုပ်ကြီးထဲတွင် အကြီးအကဲပင်း၏ တပည့်မလေး များသည် မျက်မှောင်ကြုတ်ထားကြသည်။

ချင်ရို့သည် တောင်အောက်သို့ ဆင်းလာသည်နှင့် စီနီယာအစ်မတစ်စုက သူမကို ဝိုင်းရံလိုက်ကြသည်။

“ဂျူနီယာညီမလေးချင်... ဆရာ ဘယ်မှာလဲ”

အကြီးအကဲပင်း၏ တတိယတပည့်သည် ချင်ရို့ကို မြင်သည်နှင့် ရှေ့သို့ တိုးလာသည်။

ချင်ရို့က ရှက်ရွံ့စွာ ခေါင်းငုံ့ထားသည်။ “စီနီယာအစ်မဝမ်... ဆရာက သောင်းပြောင်းပညာရပ်ဌာနမှာ ကျန်ခဲ့ပါတယ်...ကျွန်မကိုတော့ အရင်ပြန်နှင့်ဖို့ ပြောလိုက်တယ်... ကျွန်မတို့တွေကို အရင်တုန်းကအတိုင်းပဲ တစ်လတစ်ခါ လမ်းညွှန်ပေးမယ်လို့ မှာလိုက်ပါတယ်”

သူမ၏ အသံသည် မကျယ်လောင်သော်လည်း အခြားသူများ၏နားတွင်မူ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားသည်။

“သောင်းပြောင်းပညာရပ်ဌာနက လွန်လွန်းနေပြီ”

တပည့်မလေးတစ်ဦးက တစ်ဦး အေးစက်စွာ ပြောလိုက်သည်။

စီနီယာအစ်မဝမ်၏ မျက်နှာထားသည် မည်းမှောင်သွားသည်။ “သွားကြစို့ ငါတို့ တောင်ပေါ်တက်ပြီး ဌာနမှူးချူဆီက ဖြေရှင်းချက်တောင်းရမယ်...သူက ဘာ‌တွေလုပ်နေတာလဲ”

သူမ၏ စကားကြောင့် ဂျူနီယာညီမလေးများက ချက်ချင်း သဘောတူလိုက်ကြသည်။

“သွားကြစို့ ငါတို့ အပေါ်တက်ကြမယ်”

“ချူဖုန်းက သာမန်လူတစ်ယောက်ပဲဟာ... သူက ငါတို့ဆရာကို မရိုမသေ မလုပ်ရဲပါဘူး”

“…”

ချင်ရို့က ထိုစကားကို ကြားပြီးနောက် ဘာပြောရမှန်းမသိ ဖြစ်ကာ စိတ်ရှုပ်ထွေးသွားသည်။

လူအုပ်ထဲတွင် အဝါရောင်ဝတ်အမျိုးသမီးတစ်ဦးသာ တိတ်ဆိတ်နေသည်။

သူမက ချင်ရို့ကို စိုက်ကြည့်လိုက်သည်။ “ဂျူနီယာညီမလေးချင်... ဆရာက တခြား ဘာပြောသွားသေးလဲ”

ချင်ရို့က ပြန်ဖြေသည်။ “ပဉ္စမ စီနီယာအစ်မ... ဆရာက ဘာမှတော့ ထပ်မပြောသွားပါဘူး... သူ့ကတိကို တည်ရမယ်လို့ပဲ ပြောသွားပါတယ်”

ပဉ္စမ စီနီယာအစ်မက မေးလိုက်သည်။ “ဌာနမှူးချူက ဆရာ့ကို ဘာလုပ်ခိုင်းလဲ ဆိုတာ ညီမလေး သိလား”

ထိုအခိုက် လူတိုင်းသည် ချင်ရို့ကို စပ်စုလိုဟန်ဖြင့် ကြည့်လာကြသည်။

ချင်ရို့က ခေါင်းကို ငုံ့ထားလိုက်သည်။ “ဆရာက ကျွန်မကို မပြောဖို့ တားမြစ်ထားပါတယ်”

သူမ၏ တိတ်ဆိတ်မှုက အကြီးအကဲပင်း၏ တပည့်များကို ပိုမို၍ ဒေါသထွက်သွားစေသည်။ သူတို့၏ဆရာသည် သူမ၏ဆန္ဒနှင့် ဆန့်ကျင်ပြီး တစ်ခုခုကို အတင်းအကျပ် ခိုင်းခံရမှသာ ထိုကဲ့သို့ ညွှန်ကြားမည်ဟု သူတို့ သိထားကြပါသည်။

စီနီယာအစ်မဝမ်က တင်းမာစွာ ပြောလိုက်သည်။ “ပဉ္စမ ဂျူနီယာညီမလေး... ညီမလေးက ဆရာရဲ့ အချစ်ဆုံး တပည့်လေ... ဆရာ တောင်ပေါ်မှာ အရှက်ခွဲခံနေရတာကို ဒီတိုင်း ထိုင်ကြည့်နေတော့မလို့လား”

“တိတ်စမ်း” ပဉ္စမ စီနီယာအစ်မက အေးစက်စွာ ဟောက်လိုက်သည်။ “ဆရာက သူ့ကတိကို တည်ရုံ သက်သက်ပဲ... ဘာရှက်စရာ ရှိလို့လဲ... ဆရာ့အကြောင်းကို မဆင်မခြင် မပြောစမ်းနဲ့...”

သူမသည် တခြားသူများထက် မျှော်တွေးတတ်သည်။ လောင်းကြေးနှင့် ယှဉ်လျှင် ဆရာ၏ဂုဏ်သိက္ခာက ပို၍ အရေးကြီးသည်။

အကယ်၍ အကြီးအကဲပင်းနှင့်ပတ်သက်သည့် ကောလာဟလများသာ ပျံ့သွားလျှင် အခြေအနေများက ထိန်းချုပ်၍ မရဖြစ်သွားနိုင်သည်။

ထိုအချိန်တွင် ရေခဲကြိုးကြာအရုပ်တစ်ရုပ်သည် တောင်ပေါ်မှ ပျံသန်း၍ ဆင်းလာသည်။ အရုပ်က ပဉ္စမ စီနီယာအစ်မကို တွေ့သည်နှင့် သူမ၏ပခုံးပေါ်တွင် နားပြီး နားနားကပ်ကာ စကားအနည်းငယ် ပြောလိုက်သည်။

ထိုအခိုက် ပတ်ဝန်းကျင်က တိတ်ဆိတ်သွားသည်။

သတင်းစကား ပေးပို့ပြီးနောက် ကြိုးကြာသည် ရေခဲမှုန်များအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။

ပဉ္စမ စီနီယာအစ်မက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း အခြား စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “ဆရာက သူ တောင်ပေါ်မှာ အဆင်ပြေတယ်လို့ ပြောတယ် ပြီးတော့ ငါတို့ကို ပြန်ခိုင်းလိုက်တယ်”

၎င်းကို ကြားလိုက်ရသောအခါ လူတိုင်း၏ မျက်နှာအမူအရာများသည် ပြောင်းလဲသွားသည်။

စီနီယာအစ်မဝမ်က အံကြိတ်လိုက်သည်။ “ဆရာက ဆုံးဖြတ်လိုက်ပြီဆိုမှတော့ ပြန်ကြစို့”

တစ်ယောက်က ဦးဆောင်လိုက်သဖြင့် ကျန်သူများလည်း ထပ်မံ ငြင်းခုန်မနေကြတော့ဘဲ ဓားပျံစီးပြီး ထွက်ခွာသွားကြသည်။

တောင်ခြေရင်း၌ ကျန်ရစ်ခဲ့သည့် လူအုပ်ကြီးက စီနီယာအစ်မများနှင့် ဂျူနီယာညီမလေးများ အဝေးသို့ ပျောက်ကွယ်သွားသည်ကို စိတ်ပျက်လက်ပျက် ငေးကြည့်နေတော့သည်။

“ငါတို့ တောင်ပေါ်တက်ပြီး သွားကြည့်သင့်တယ်လို့ ထင်လား”

“မင်း ရူးနေတာလား...ခိုးပြီး သွားကြည့်လို့ မိသွားရင် အကြီးအကဲပင်းဆီမှာ အရိုက်ခံရမှာ မကြောက်ဘူးလား”

“ မင်းပြောတာလည်း ဟုတ်သား...ဒါပေမဲ့ ဌာနမှူးချူက အကြီးအကဲပင်းကို ဘာလုပ်ခိုင်းလိုက်လဲ ဆိုတာ တကယ် သိချင်တယ်”

“သိသာနေတာပဲ မဟုတ်ဘူးလား ယောကျ်ားတိုင်း လိုချင်တဲ့ အရာပေါ့ကွ...”

“…”

လူအုပ်ကြီးသည် အုပ်စုငယ်များအဖြစ် ကွဲသွားကြပြီး အတင်းအဖျင်း ပြောဆိုရင်း ကိုယ့်ဌာနသို့ ကိုယ် ပြန်သွားကြသည်။

ရှောင်ချန်းနှင့် ချင်ရို့တို့၏ တိုက်ပွဲရလဒ်သည် ဝမ်တောက်ကျောင်းတော် တစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသည်။

သို့သော် လူအများကြား ဆွေးနွေးစရာ ဖြစ်လာသည်မှာ ဌာနမှူးချူက အကြီးအကဲပင်းကို သောင်းပြောင်းပညာရပ်ဌာနတွင် နေခိုင်းလိုက်ခြင်း ဖြစ်သည်။

အချို့က အကြီးအကဲပင်းသည် ဌာနမှူးချူ၏ တာအိုလက်တွဲဖော်ဖြစ်သွားပြီဟု ပြောကြသည်။

အချို့က သူမသည် သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်ရန် ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ အကြီးအကဲ ရာထူးကို စွန့်လွှတ်လိုက်သည်ဟု ဆိုကြသည်။

ကောလာဟလများသည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့နေသဖြင့် မည်သူမျှ အမှန်နှင့် အမှားကို မခွဲခြားနိုင်ကြတော့ပေ။

ကောင်းကင်စိတ်ဝိညာဉ်ဌာန အတွင်း၌။

ချင်ရို့ ပြန်ရောက်လာပြီး အကြီးအကဲပင်း ကျန်ခဲ့သည်ကို ကြားလိုက်ရသောအခါ စီနီယာအစ်ကိုယဲ့သည် လုံးဝ မှင်တက်သွားသည်။

သူက ရေရွတ်လိုက်သည် “ဌာနမှူးချူက တစ်ခုခုတော့ တစ်ခုခုပဲ...သူက ဝါးနိုင်တာထက် ပိုဝါးမိမှာ မကြောက်ဘူးလား”

သို့သော် သူက ထိုအတွေးများကို အလျင်အမြန် ဖယ်ရှားလိုက်သည်။ ဂျူနီယာညီမလေးချင် ဘေးကင်းသရွေ့ အဆင်ပြေပါ၏။

အကြီးအကဲပင်း အတွက်ကတော့ ဂျူနီယာတစ်ယောက် အနေနှင့် သူမ ပျော်ရွှင်ပါစေဟု ဆုတောင်းပေးရုံသာ ရှိတော့သည်။

လူအားလုံးထဲတွင် အံ့အားအသင့်ဆုံးသူမှာတော့ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှူး ဓားဘုရင်ရှောင်ယောင် ဖြစ်သည်။

သူ့ခင်ဗျာ အကြီးအကဲပင်းသည် သောင်းပြောင်းပညာရပ်ဌာနတွင် ကျန်ခဲ့ကြောင်း သိလိုက်ရသောအခါ လုံးဝ မှင်တက်သွားသည်။

သူသည် မြေးမလေး လီယွဲ့အာဘက်သို့ လှည့်လိုက်သည်။ “ယွဲ့အာ... မြေးနဲ့ ရှောင်ချန်း ဘယ်တော့ တောင်အောက် ဆင်းကြမှာလဲ”

လီယွဲ့အာသည် ထက်မြက်ပြီး ပါးနပ်သူ ဖြစ်သဖြင့် အဘိုးဖြစ်သူ၏ စိုးရိမ်ပူပန်မှုကို ချက်ချင်း နားလည်လိုက်သည်။

“အဘိုး စိတ်ချထားလိုက်ပါ... မနက်ဖြန်ကျရင် ကျွန်မ စီနီယာအစ်ကိုရှောင်ကို သွားရှာလိုက်ပါ့မယ်... ပြီးတော့ တစ်ခါတည်း အကြီးအကဲပင်းကိုပါ ဝင်ကြည့်ခဲ့ပါ့မယ်”

၎င်းကို ကြားလိုက်ရသောအခါ ဓားဘုရင်ရှောင်ယောင်သည် ခပ်ဖွဖွပြုံးလိုက်သည်။ “ကောင်မလေး... မင်းက တကယ်ကို ဒီအဘိုးကြီးရဲ့ မြေးဆိုတဲ့အတိုင်းပဲ.. ဒါပေမဲ့ အကြီးအကဲပင်းက မာနကြီးတယ်... ဒီလိုကိစ္စမျိုး ဖြစ်ထားတော့ သူမြင်သမျှလူတိုင်းကို ကြည့်မရဖြစ်နေမှာ...”

“စကားကို လှအောင်ပြောခဲ့... သူ့ကို ဒေါသထွက်အောင် မလုပ်နဲ့”

လီယွဲ့အာသည် ခေါင်းအသာညိတ်လိုက်သည်။ “စိတ်မပူပါနဲ့ အဘိုး... ကျွန်မ အခြေအနေကို ကြည့်ပြီး လှုပ်ရှားလိုက်ပါ့မယ်”

All Chapters