← Chapters

တစ်ယောက်က သင်ပေးရဲတယ်၊ တစ်ယောက်ကလည်း သင်ရဲတယ်

Vol. 9 Ch. 88

တစ်ယောက်က သင်ပေးရဲတယ်၊ တစ်ယောက်ကလည်း သင်ရဲတယ်

Vol. 9 Ch. 88

သောင်းပြောင်းပညာရပ်ဌာန၏ ပင်မခြံဝင်းအတွင်း၌။

ညအချိန်သို့ ရောက်ရှိလာသည်။

ချူဖုန်းသည် စာဖတ်ခြင်း၌ ဈာန်ဝင်နေသည်။ သူသည် ဤနှစ်များတစ်လျှောက် ညဉ့်နက်သည်အထိ နေပြီး နေမြင့်မှ ထသည့် အလေ့အကျင့်ကောင်းလေးကို မွေးမြူထားခဲ့သည်။

ဘေးအခန်းတွင်တော့ အကြီးအကဲပင်းသည် တင်ပျဉ်ခွေထိုင်ပြီး တိတ်ဆိတ်စွာ ကျင့်ကြံနေသည်။

သူမသည် တောင်တစ်လုံးကဲ့သို့ တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင် အလွန်အမင်း မွန်းကြပ်သလို ခံစားနေရသည်။ ညရောက်ပြီးကတည်းက သူမကို လာရောက် အရှက်ခွဲမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

သူမသည် အရှက်ခွဲမှုကို ဘာမှမလုပ်ဘဲ ငြိမ်ခံနေမည့်သူ မဟုတ်ပေ။ ချူဖုန်းကို ပြန်လည် ခုခံမည့်နည်းလမ်းပင် ပြင်ဆင်ထားပြီး ဖြစ်သည်။

သူမကို အရှက်ခွဲလျှင် သူမ၏ ဒေါသကိုလည်း ခံစားရပေမည်။

အချိန်များမှာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။

သန်းခေါင်ယံ အချိန်သို့ပင် ရောက်လာသည်။ အကြီးအကဲပင်းက ရုတ်တရက် မျက်လုံးများကို ဖွင့်ပြီး ရေရွတ်လိုက်သည်။

“ဟိုကောင်လေး ချူဖုန်းက ဘာလို့ ငါ့ကို လာအရှက်မခွဲသေးတာလဲ”

ဟတ်ချိုး။

ဘေးအခန်းတွင် ချူဖုန်းသည် နှာချေလိုက်ပြီး နှာခေါင်းကို ပွတ်ကာ ရေရွတ်လိုက်သည်။

“ညကြီးသန်းခေါင် ဘယ်သူက ငါ အကြောင်း ပြောနေတာလဲ”

သူက ထိုအတွေးကို အလျင်အမြန် ဘေးဖယ်လိုက်ပြီး နွေဦးဆောင်းဦးစာအုပ်ကို ခေါင်းအုံးဘေးတွင် ချထားလိုက်သည်။

မနက်ဖြန်တွင် ရှောင်ချန်းကို လမ်းညွှန်ပေးရမည် ဖြစ်သဖြင့် ဤတစ်ညတော့ ညဉ့်နက်သည်အထိ မနေဘဲ ကိုယ့်ကိုယ်ကိုယ် ဆုချဖို့ ဆုံးဖြတ်လိုက်သည်။

ချူဖုန်းက စောင်ခြုံလိုက်ပြီး ငြိမ်းချမ်းစွာ အိပ်ပျော်သွားတော့သည်။

အကြီးအကဲပင်းကို ခြေဆေးရေ ယူလာခိုင်းမည့် ကိစ္စအတွက်ကတော့ လုံးဝကို မေ့လျော့သွားပြီ ဖြစ်သည်။

အကြီးအကဲပင်းသည်ကား တစ်ညလုံး မအိပ်ခဲ့ပေ။

သူမသည် ဘေးအခန်းမှ လှုပ်ရှားသံကို ရုတ်တရက် ကြားလိုက်ရပြီး မျက်လုံးများကို ချက်ချင်း ပြန်မှိတ်လိုက်သည်။ သူမကို ပြဿနာ ရှာမည်လား ဆိုသည်ကို သိချင်နေသည်။

သူမသည် ချူဖုန်းက လာမနှောင့်ယှက်သည့်အတွက် အံ့ဩသွားတော့သည်။

သူမက အနည်းငယ် စိတ်ရှုပ်ထွေးမိသော်လည်း စူးစမ်းချင်စိတ် ဖြစ်လာသည်။ သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်ပြီးနောက် တပည့်များသည် အဘာ့်ကြောင့် ဤမျှထိ အကြီးအကျယ် တိုးတက်လာရသနည်း။

သူမသည် နတ်ဘုရားအာရုံကို ဌာနတစ်ခုလုံးသို့ ဖြန့်ကျက်လိုက်သည်။

မကြာမီ ရှောင်ချန်းတို့သည် တောင်နောက်ဘက်သို့ သွားနေကြသည်ကို တွေ့လိုက်ရ၏။

ထိုအချိန်တွင် ချင်းချင်းဆိုသည့် တပည့်က ကျင့်ကြံနေပြီ ဖြစ်သည်။

ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ဆရာတစ်ဦးအနေဖြင့် အကြီးအကဲပင်းသည် ဤကောင်မလေး၏ ကျင့်စဉ်သည် နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သည့် သဘာဝ ရှိနေသည်ကို ချက်ချင်း သတိထားမိလိုက်သည်။

သူမသည် သုံးလအတွင်း စစ်မှန်ကံကြမ္မာအဆင့်သို့ သေချာပေါက် တက်နိုင်ပေလိမ့်မည်။

အကြီးအကဲပင်း၏ မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ်ဟန်ပေါ်လာသည်။

ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်သာ ရှိသေးသည့်တပည့်လေးတစ်ယောက်သည် ပျော့ပျောင်းပြီး လေးလံထိုင်းမှိုင်းပုံရသော လက်သီးသိုင်းကျမ်းတစ်ခုကို လေ့ကျင့်နေသည်။

သေချာမကြည့်လျှင် လုံးဝ သာမန်အတိုင်းပင်။ သို့သော် ဒုတိယအကြိမ် ကြည့်လိုက်သောအခါ၌ အကြီးအကဲပင်းသည် ဖက်တီးလေး၏ လက်သီးသိုင်းတွင် ယင်၊ယန်နှင့် ဓာတ်ကြီးငါးပါးတာအိုတို့ ပါဝင်နေသည်ကို နားလည်လိုက်သည်။

လှုပ်ရှားမှုတိုင်းနှင့် ကိုယ်ဟန်အနေအထားတိုင်းသည် ကမ္ဘာကြီးနှင့် သဟဇာတ ဖြစ်နေသည်။

‘ဟို‌ကောင်ချူဖုန်းက ဒီလို နည်းစနစ်မျိုးကို ဘယ်က ရလာတာလဲ... ဘာလို့ ဒီလောက်တောင် ထူးခြားနေရတာလဲ’

‘မဖြစ်ဘူး...ငါ ဒါကို အနီးကပ် လေ့လာကြည့်ရမယ်’

ထိုအတွေးဖြင့် အကြီးအကဲပင်းသည် သူမ၏ နတ်ဘုရားအာရုံကို ပြန်သိမ်းလိုက်ပြီး တောင်အနောက်ဘက်သို့ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သည်။

ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ချူဖုန်းသည်လည်း တောင်အနောက်ဘက်သို့ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။

ထိုအချိန်တွင် ချူဖုန်းသည် လမ်းလျှောက်ရင်း တောတောင်အလှကို ခံစားနေသည်။

ရုတ်တရက် သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရေရွတ်လိုက်သည်။

‘ထူးဆန်းတယ်... ငါ့ကို တစ်ယောက်ယောက် စောင့်ကြည့်နေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ’

ချူဖုန်းက ခေါင်းယမ်းလိုက်သည်။

‘ဒီနေရာမှာ သူ့ကို ဘယ်သူကမှ ဂရုစိုက်မနေဘူး’

ခြေလှမ်း ရာဂဏန်းခန့် လျှောက်ပြီးနောက် မနက်ခင်း ကျင့်ကြံနေကြသော တပည့်တစ်စုကို တွေ့လိုက်ရသည်။

“ဆရာ”

ချူဖုန်းသည် လူတိုင်းကို နူးညံ့စွာ ပြုံးပြလိုက်ပြီး ရှောင်ချန်းဘက်သို့ ကြည့်လိုက်သည်။

“ရှောင်ချန်း... ဓားဆန္ဒကို ပြီးပြည့်စုံခြင်းအဆင့် ရောက်သွားတော့ ဘယ်လို ခံစားရလဲ”

ရှောင်ချန်းက ချင်ရို့ကို အနိုင်ယူလိုက်သည့် အခိုက်တွင် ချူဖုန်းသည် စနစ်ထံမှ အသိပေးချက် ရရှိခဲ့သည်။

‘ သင်၏တပည့် ရှောင်ချန်းသည် ဓားဆန္ဒကို ပြီးပြည့်စုံခြင်း အဆင့်ထိ နားလည်သွားပါပြီ။ လက်ခံသူ ၏ ဓားတာအို‌အပေါ် နားလည်သဘောပေါက်မှုသည် (၂)မှတ် တိုးသွားပါပြီ’

ထိုအမှတ် (၂)မှတ်တည်းဖြင့်ပင် ချူဖုန်း၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုသည် နောက်ထပ် အဆင့်တစ်ခုသို့ ခုန်တက်သွားခဲ့သည်။

ရှောင်ချန်းသည် လေးစားစွာ ပြန်ဖြေသည်။ “ဆရာ... ကျွန်တော့်ရဲ့ တာအိုနှလုံးသားက အခု ပိုပြီး ပြတ်သားလာပါပြီ... ‘လက်ထဲမှာ ဓားမရှိပေမဲ့ နှလုံးသားထဲမှာ ဓားရှိတယ်’ ဆိုတဲ့ အခြေအနေကို ရောက်သွားပါပြီ”

“အရမ်း ကောင်းတယ်”

ချူဖုန်းသည် ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “ဖက်တီးလေး... ဆရာ့ရဲ့ သစ်သားဓားကို ယူလာခဲ့”

“ဟုတ်ကဲ့ပါ”

ဝမ်ပေါင်လဲ့သည် ကျောက်တုံးကြီး တစ်တုံးနောက်သို့ ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။

ထို့နောက် သစ်သားဓားတစ်လက် ကိုင်ပြီး ပြန်ရောက်လာကာ ချူဖုန်းကို ပေးလိုက်သည်။

ချူဖုန်းသည် ဓားကို ယူပြီး ရှောင်ချန်းကို ပြောလိုက်သည်။ “ဒီနေ့ ဆရာ မင်းကို ထိုက်ချီဓားသိုင်းသင်ပေးမယ်...အခြေခံ လှုပ်ရှားမှုတွေပဲ မဟုတ်ဘူး...ထိုက်ချီဓားဆန္ဒရဲ့ အနှစ်သာရကိုပါ သင်ပေးမှာ”

သူထိုသို့ ပြောလိုက်သည့် အခိုက် ရှောင်ချန်းမှလွဲ၍ ကျန်သည့်သူများအားလုံး မှင်တက်သွားကြသည်။

တိတ်တဆိတ် စောင့်ကြည့်နေသည့် အကြီးအကဲပင်းသည် ရယ်မောလုနီးပါး ဖြစ်သွားသည်။

‘ချူဖုန်းက တကယ် လေကြီးတာပဲ... ငါတောင်မှ တစ်ယောက်ယောက်ကို ဓားဆန္ဒ သင်ပေးမယ်လို့ မပြောရဲဘူး’

‘သူက သာမန်လူတစ်ယောက်လေ... ဒါတောင် ဒီလို မောက်မောက်မာမာ စကားတွေ ပြောရဲသေးတယ်’

ရှောင်ချန်း၏ မျက်လုံးများက အရောင်လက်သွားသည်။ “ဆရာ... ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ကြားပေးပါ”

ချူဖုန်းသည် သစ်သားဓားကို ကိုင်ဆောင်ရင်း ထိုက်ချီဓားသိုင်း၏ ဓားဆန္ဒကို စိတ်ထဲတွင် ဆင့်ခေါ်လိုက်သည်။

သူ၏ခန္ဓာကိုယ်သည် စတင် လှုပ်ရှားလာပြီး လေထဲတွင် သစ်သားဓားကို ဝှေ့ယမ်းလိုက်သည်။

အစပိုင်းတွင် ချူဖုန်းသည် ဖြည်းညှင်းစွာ လှုပ်ရှားသည်။

လှုပ်ရှားမှုနှင့် ကိုယ်ဟန်အနေအထားတိုင်းသည် စနစ်ကျပြီး တိကျ၏။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူ၏ဓားသိုင်းသည် ဝေဝါးလာသည်။

တစ်ခဏအတွင်း ချူဖုန်း၏ နောက်ဆက်တွဲ ပုံရိပ်များပင် ပေါ်လာသည်။

တပည့်များသည် မှင်တက်ပြီး ကြည့်နေကြသည်။

ခဏအကြာတွင် ချူဖုန်း ရပ်လိုက်ပြီး မေးလာသည်။

“ မင်း အကုန်လုံးကို မှတ်မိလိုက်လား”

ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။ “ဆရာ... ကျွန်တော် အကုန်လုံးကို မှတ်မိပါတယ်”

အခြား တပည့်များက သူ့ကို ချီးကျူးလိုက်ကြသည်။

“စီနီယာအစ်ကိုက အံ့သြစရာပဲ”

“စီနီယာအစ်ကိုက ကျွန်တော်တို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ ဓားပါရမီရှင်ပဲ”

ချင်းချင်း “...”

အကြီးအကဲပင်း “..”

‘ဒီကောင်စုတ်လေးက ဓားဆန္ဒ သင်ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား’

‘ဘာလို့ အသုံးမကျတဲ့ ဓားကွက်တွေလို ဖြစ်နေရတာလဲ... ငါလည်း အဲဒါမျိုးလုပ်နိုင်တယ်... ဒါပေမဲ့ ဘာလို့ အဲဒီနောက်က ဆန္ဒကို မခံစားရတာလဲ’

ချူဖုန်းသည် ရယ်လိုက်ပြီး ပြောသည်။ “ဒါဆို ငါ နောက်တစ်ခေါက် ထပ်သရုပ်ပြမယ်”

ထိုသို့ပြောပြီးနောက် သူက ဓားသိုင်းကို နောက်တစ်ကြိမ် ကစားပြလိုက်သည်။

မကြာမီ ချူဖုန်းသည် ဒုတိယအကြိမ် သရုပ်ပြခြင်း ပြီးဆုံးသွားသည်။

သို့သော် ဤတစ်ကြိမ်တွင် တပည့်များသည် ထူးဆန်းမှုကို သတိထားမိလိုက်သည်။

‘ဆရာ့ရဲ့ ဓားကွက်တွေက အရင်တစ်ခေါက်နဲ့ နည်းနည်း မတူတော့ဘူး’

အကြီးအကဲပင်းသည်လည်း ၎င်းကို သတိထားမိလိုက်သည်။ သူမက အပြည့်အဝ နားမလည်သော်လည်း အနည်းငယ်တော့ သဘောပေါက်သွား၏။ ၎င်းနားလည်မှုကို သေချာ မဆုပ်ကိုင်နိုင်သေးရုံမျှသာ ဖြစ်သည်။

ချူဖုန်းကဘမေးလိုက်သည်။”ချန်းအာ... ဒီတစ်ခါ ဘယ်လောက်ထိ မှတ်မိလဲ”

ရှောင်ချန်းက ပြန်ဖြေသည်။ “ဆရာ... ကျွန်တော် တစ်ဝက်လောက် မေ့သွားပါပြီ”

ချူဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။

‘ဒီကောင်လေးက ငါရွေးချယ်ထားတဲ့ ကံကြမ္မာရဲ့သားတော်ဖြစ်ထိုက်တယ်... သိုင်းဘုရင် ကျန်းဝူဂျီထက် မနိမ့်ဘူး’

ထို့အပြင်သူက ဆုံးဖြတ်ချက်လည်း ပြတ်သားသည်။

“ဒါဆို ဆရာ မင်းကို နောက်တစ်ကြိမ် ထပ်ပြမယ်”

ချူဖုန်းသည် နောက်တစ်ကြိမ် ကစားပြလိုက်သည်။

တပည့်အားလုံးက နောက်တစ်ကြိမ် အာရုံစိုက်ကာ ကြည့်ရှုလိုက်ကြသည်။

“ဒီတစ်ခါ မင်း ဘယ်လောက်ထိ မေ့သွားလဲ” ချူဖုန်းက မေးလိုက်သည်။

“ဆရာ... ဒီတစ်ခါ ကျွန်တော် သုံးပုံတစ်ပုံပဲ မှတ်မိပါတယ်” ရှောင်ချန်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

အကြီးအကဲပင်းသည်ပင် အံ့သြသွသည်။

“ချူဖုန်းက တကယ့်ကြီး ဓားဆန္ဒကို သင်ပေးနေတာပဲ...ဓားသိုင်းကို သင်ပေးနေတာ မဟုတ်ဘူး”

“ဒီနှစ်ယောက်လုံး... တစ်ယောက်က သင်ပေးရဲတယ်၊ တစ်ယောက်ကလည်း သင်ရဲတယ်”

သူမ အံ့ဩနေစဉ်မှာပင် ချူဖုန်းသည် နောက်ဆုံးအကြိမ် သရုပ်ပြလိုက်သည်။

အကြီးအကဲပင်းသည် သတိကပ်ကာ ဤလျှို့ဝှက်ဆန်းကြယ်သည့် ဓားသိုင်းကို အာရုံစိုက်ထားလိုက်သည်။

ယခင်က ချူဖုန်းသည် ဓားကိုင်ဆောင်ခဲ့စဉ်ကကျင့်ကြံခြင်း အရှိန်အဝါ အနည်းငယ်မျှပင် မထုတ်လွှတ်ခဲ့ပေ။

သို့သော် သူ၏ဓားသိုင်းမှ စီးဆင်းလာသည့် ဓားဆန္ဒသည် ထူးကဲလွန်းလှသည်။

အကယ်၍ သူမသာ ဤဓားဆန္ဒကို နားလည်သဘောပေါက်နိုင်ခဲ့လျှင် နောက်ထပ် အဆင့်တစ်ခုသို့ သေချာပေါက် တက်လှမ်းနိုင်လိမ့်မည်ဟု ခံစားနေရသည်။

အကြီးအကဲပင်းသည် ထိုဓားဆန္ဒ၏ အနှစ်သာရကို ဆုပ်ကိုင်မိတော့မည့် အချိန်တွင် အသံတစ်သံက သူမနားထဲ၌ ရုတ်တရက် ထွက်ပေါ်လာပြီး အတွေးများကို နှောင့်ယှက်ပစ်လိုက်သည်။

All Chapters