ဒီလိုအချိန်မှာတောင် နင်က အိပ်နိုင်သေးတာလား
Vol. 9 Ch. 89
“အကြီးအကဲပင်း ဒီမှာ ဘာလုပ်နေတာလဲ”
လီယွဲ့အာက ခေါင်းစောင်းလိုက်ပြီး အကြီးအကဲပင်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
သူမ၏ စိတ်ထဲတွင် အကြီးအကဲပင်းသည် အမြဲလိုလိုပင် မာနကြီးကာ သီးသန့်ဆန်လှသည်။ မည်သူ့ကိုမျှ အချိန်မပေးသလို တစ်ဦးတည်း သီးသန့်နေတတ်သည်။
သို့ပေမည့် ယခုတော့ သစ်ပင်တစ်ပင်၏ နောက်မှာ ပုန်းပြီး တိတ်တဆိတ် ချောင်းကြည့်နေ၏။ လီယွဲ့အာ၏ စိတ်ထဲတွင် ရှိသည့် သူမ၏ ပုံရိပ်က ပျက်စီးသွားတော့သည်။
ထိုအသံကို ကြားလိုက်သည့်အခိုက် အကြီးအကဲပင်း၏ မျက်နှာက နီမြန်းသွားသည်။
သူမ ပထမဆုံးတွေးလိုက်သည်က ထိုနှောင့်ယှက်လာသူကို ရိုက်နှက်ပစ်ရန် ဖြစ်သည်။
သို့သော် မည်သူပြောလိုက်မှန်း သိလိုက်ရသည့်အခါ ဒေါသစိတ်ကို ဖိနှိပ်ထားလိုက်သည်။
“ယွဲ့အာ... ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ”
လီယွဲ့အာက ပြုံးလိုက်ပြီး ပြောသည်။”ဘိုးဘေးက ကျွန်မကို သောင်းပြောင်းပညာရပ်ဌာနဆီ လွှတ်လိုက်တာပါ... အကြီးအကဲပင်းကိုလည်း ပြောခိုင်းလိုက်တယ်...တကယ်လို့ လိုအပ်တာ တစ်ခုခု ရှိရင် ကျွန်မကို ပြောပါ....ကျွန်မ ဘိုးဘေးကို ပြန်တင်ပြပြီး စီစဉ် ပေးလိုက်ပါ့မယ်”
“ဌာနမှူးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်” အကြီးအကဲပင်းက အံကြိတ်ရင်း ပြောလိုက်သည်။
‘သောက်ကျိုးနည်း လူအိုကြီး... တကယ်လို့ သူသာ ငါ့သိက္ခာကို ဂရုစိုက်တယ်ဆိုရင် ဒီနေ့အထိ စောင့်ပြီးမှ လူလွှတ်မှာ မဟုတ်ဘူး’
‘အခု ငါက ဉာဏ်အလင်းပွင့်တော့တော့မှာလေ...သူက ဘာသဘောနဲ့ အခုလိုလုပ်တာလဲ’
လီယွဲ့အာသည် အကြီးအကဲပင်း၏ လေသံနှင့် မျက်နှာအမူအရာကို ကြည့်ပြီး စိတ်မကြည်ကြောင်း သဘောပေါက်လိုက်သည်။
‘ငါ တစ်ခုခုများ မှားပြောမိလို့လား’
‘ဒါမှမဟုတ်... အကြီးအကဲပင်းက ကောင်းကင်စိတ်ဝိညာဉ်ဌာနကို ပြန်မလာချင်တော့တာလား’
‘ဌာနမှူးချူမှာ တစ်ခုခု ထူးခြားတာ ရှိရမယ်...’
‘အကြီးအကဲပင်းကို ဒီမှာ ဆက်နေအောင် တစ်ညတည်းနဲ့ လုပ်နိုင်သွားတာပဲ’
‘ဒါပေမဲ့ အဲဒီလိုသာ ဖြစ်သွားရင် ချူဖုန်းနဲ့ အဘိုးက ရန်သူတွေ ဖြစ်မသွားဘူးလား’
‘စီနီယာအစ်ကိုရှောင်က နတ်ဘုရားခန္ဓာကိုယ်ကို နိုးထထားတာဆိုပေမဲ့ သူက စစ်မှန်ကံကြမ္မာအဆင့်ပဲ ရှိသေးတယ်’
‘အကြီးအကဲပင်းကတော့ မတူဘူး...သူက နီဗားနားရှင်သန်ခြင်းအဆင့် ရောက်ဖို့ ခြေလှမ်းတစ်ဝက်ပဲ လိုတော့တယ်’
‘သူက သူကောင်းမျိုး တစ်ယောက် ဖြစ်နေပြီ။ အဘိုးက သူ့လိုအကြီးအကဲမျိုးကို သောင်းပြောင်းပညာရပ်ဌာနထဲ ဝင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး’
‘ငါ အခု ဘာလုပ်သင့်သလဲ...’
“တူမလေးလီ ကိစ္စမရှိရင် ပြန်ပါတော့” အကြီးအကဲပင်းက နေရခက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ သူမက ဓားဆန္ဒကို ခိုးသင်ဖို့ ကြိုးစားနေသည်ကို ချူဖုန်း မိသွားမှာ ကြောက်နေသည်။
‘ဒီသတင်းသာ ပေါက်ကြားသွားရင် ငါ့ရဲ့ ဂုဏ်သတင်းက ပျက်စီးသွားလိမ့်မယ်’
လီယွဲ့အာက ယဉ်ကျေးစွာ ပြုံးလိုက်သည်။ “အကြီးအကဲပင်းက အဆင်ပြေတယ်ဆိုရင်လည်း ကျွန်မ ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး...စီနီယာအစ်ကိုရှောင်ကို သွားရှာလိုက်ပါဦးမယ်”
အကြီးအကဲပင်းက ခဏမျှ ရပ်တန့်သွားသည်။
‘ဒီကောင်မလေးနဲ့ ရှောင်ချန်းက ထူးခြားတဲ့ဆက်ဆံရေးမျိုးရှိတာပဲ’
“သွားတော့လေ”
“အကြီးအကဲကို နှုတ်ဆက်ပါတယ်”
လီယွဲ့အာက ဦးညွှတ်ပြီး ချူဖုန်းတို့ ရှိရာဘက်သို့ လှည့်ထွက်သွားသည်။
အကြီးအကဲပင်းသည် ဆက်နေရန် အလွန်အမင်း ရှက်ရွံ့နေသဖြင့် လက်လျှော့လိုက်တော့၏။တိတ်တဆိတ် သင်ယူရန်ကား နောက်ထပ် အခွင့်အရေး တစ်ခုကို စောင့်ဆိုင်းရုံသာ တတ်နိုင်တော့သည်။
“ချန်းအာ... ဘယ်လို ခံစားရလဲ” ရှောင်ချန်းက မျက်လုံးဖွင့်လိုက်သည်နှင့် ချူဖုန်းက ပြုံးကာ မေးလိုက်သည်။
ရှောင်ချန်းက လေးလေးနက်နက် ပြန်ဖြေသည်။ “ဆရာ... ကျွန်တော် အကုန်လုံး မေ့သွားပါပြီ”
“ကောင်းတယ်”
ချူဖုန်းက ရှောင်ချန်း၏ ပခုံးကို ပုတ်လိုက်သည်။
“မင်း အကုန်လုံးကို မေ့သွားတာက ထိုက်ချီဓားဆန္ဒရဲ့ အနှစ်သာရကို နားလည်သွားပြီလို့ ဆိုလိုတာပဲ”
“ဆရာ့ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်” ရှောင်ချန်းသည် ရိုးသားစွာ ပြန်ဖြေလိုက်သည်။ သူ၏ ဘဝတစ်သက်တာတွင် ဤကဲ့သို့ ထူးဆန်းသည့် သင်ကြားနည်းမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။
တစ်လောကလုံးတွင် သူတော်စင်အဆင့် ဆရာများသာ ဤကဲ့သို့ လုပ်နိုင်မည်ဟု ထင်သည်။
“စီနီယာအစ်ကိုရှောင်”
ချိုသာသည့် အသံတစ်သံက အနီးနားမှ ထွက်ပေါ်လာသည်။
ချူဖုန်းတို့က လှည့်ကြည့်လိုက်ရာ လီယွဲ့အာကို တွေ့လိုက်ရသည်။ သူမက ပြုံးရွှင်ကာ သူတို့ထံသို့ လာနေသည်။
ရှောင်ချန်းက သူမကို မြင်သောအခါ၌ ညင်သာစွာ ပြုံးလိုက်သည်။
“ဘာလို့ ရောက်လာတာလဲ”
လီယွဲ့အာက ပြန်ပြုံးလိုက်သည်။ “စီနီယာအစ်ကိုရှောင်ကို လာကြည့်တာပါ...ခုနက အစ်ကိုတို့ ကျင့်ကြံနေကြတာလား”
ရှောင်ချန်းက ခေါင်းအသာညိတ်လိုက်သည်။ “ဟုတ်တယ်... ဆရာက အစ်ကို့ကို ဓားသိုင်းတစ်ခု သင်ပေးနေတာလေ...အခုမှ သင်လို့ပြီးတာ”
လီယွဲ့အာ၏ မျက်လုံးများသည် တောက်ပသွားပြီး မေးလိုက်သည်။ “စီနီယာအစ်ကိုရှောင်... အစ်ကို့ရဲ့ ဓားသိုင်းကို ကျွန်မ ကြည့်လို့ ရမလား”
ရှောင်ချန်းက ပြန်ဖြေလိုက်သည်။ “ဘာလို့ မရရမှာလဲ”
ရှောင်ချန်းသည် ချောင်ရို့ချန်ဘက်ကို ကြည့်လိုက်သည်။
“ဂျူနီယာညီလေးချောင်... မင်း အထွတ်အထိပ်လက်သီးဆန္ဒကို နားလည်ထားတယ်လို့ ကြားထားတယ်...ဒီနေ့ မင်းရဲ့ စီနီယာအစ်ကိုကို လက်တွေ့ပြပေးရင် ဘယ်လိုလဲ”
ချောင်ရို့ချန်၏ တစ်ကိုယ်လုံးက တုန်လှုပ်သွားပြီး အမြန် ပြောလိုက်သည်။ “စီနီယာအစ်ကို... အဲဒါ မတရားဘူးလေ”
တပည့်မလေး နှစ်ဦးလုံးသည် ၎င်းကို ကြားပြီးနောက် တခစ်ခစ်ရယ်မောလိုက်သည်။
ဝမ်ပေါင်လဲ့က တစ်ဖက်လူ ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ဖြစ်နေသည့် မျက်နှာပေးဖြင့် ပြောလိုက်သည်။
“စီနီယာအစ်ကို ကြိုးစားထား”
ရှောင်ချန်းက မေးလိုက်သည်။ “မင်း ထိုက်ချီဓားသိုင်းကို မမြင်ချင်ဘူးလား”
“မြင်ချင်တာပေါ့ဗျ” ချောင်ရို့ချန်က ညည်းတွားလိုက်သည်။ “ဒါပေမဲ့ ကျွန်တော် အရိုက်မခံချင်ဘူးလေ.. ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း စီနီယာအစ်ကို့ရဲ့ ဓားတစ်သောင်းတို့အပြန် ကြောင့် ကျွန်တော် သေလုနီးပါး ဖြစ်ခဲ့ရတယ်”
“စိတ်အေးအေးထားစမ်းပါကွ... ငါ ကျင့်ကြံခြင်းအဆင့်ကို မင်းနဲ့ တူအောင် ဖိနှိပ်ထားပေးမယ်...ပြီးတော့ ဓားတစ်သောင်းတို့အပြန်ကို မသုံးဘူး...ထိုက်ချီဓားသိုင်းရဲ့စွမ်းအားကိုပဲ သုံးမယ်လေ”
ရှောင်ချန်းသည် အလေးအနက်ပြောလိုက်သည်။
“ကောင်းပြီလေ”
ချောင်ရို့ချန်သည် အံကြိတ်ပြီး မတ်တပ်ရပ်လိုက်ကာ သူ၏ခန္ဓာကိုယ်မှ ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။
လူတိုင်းက ၎င်းကို မြင်သောအခါ၌ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ နေရာဖယ်ပေးလိုက်ကြသည်။
ခဏအကြာတွင်။
ချောင်ရို့ချန်သည် အရိုက်ခံထားရသည့် ပုံစံဖြင့် ရှုံးနိမ့်ကြောင်း လက်မြှောက်ကာ ပြလိုက်သည်။ “စီနီယာအစ်ကို... ရပ်ပါတော့...ဒီ ထိုက်ချီဓားသိုင်းက ဓားတစ်သောင်းတို့အပြန် လိုပဲ ကြောက်စရာ ကောင်းတယ်...စီနီယာအစ်ကို့လို နားလည်နိုင်စွမ်းမျိုးနဲ့ဆို ဘယ်သူက နိုင်တော့မှာလဲ”
ချူဖုန်းသည် ၎င်းကို ကြားလိုက်ရသည့်အခါ ချောင်ရို့ချန်၏ ပခုံးကို ပုတ်ပေးလိုက်သည်။
“တာ့ချန်... ငါ မင်းကို ပေးထားတဲ့ ထိုက်ချီရုပ်လုံးဖော်ကားချပ်ကို မေ့နေပြီလား”
ချောင်ရို့ချန်၏ မျက်လုံးများက ချက်ချင်း အရောင်တောက်သွားသည်။
‘ဟုတ်သားပဲ... ဘယ်လိုလုပ် မေ့သွားရတာလဲ ဆရာက ငါ့ကိုလည်း ထိုက်ချီ ရုပ်လုံးဖော်ခြင်းကားချပ်ကို ပေးထားတာပဲ.... ဆရာ သင်ပေးလိုက်တာတွေကို လိုက်နာပြီး ကျင့်ကြံနေသရွေ့...တစ်နေ့ကျရင် ငါလည်း စီနီယာအစ်ကိုကို သရေကျအောင် တိုက်ခိုက်နိုင်မှာပဲ’
“ဆရာ... မနက်ဖြန်ကစပြီး မဟုတ်ဘူး..ဒီနေ့ကစပြီး ဆရာ ညွှန်ကြားထားတဲ့အတိုင်း စပြီး ကျင့်ကြံပါ့မယ်”
ချောင်ရို့ချန်သည် စိတ်အားပြန်တတ်လာသည်ကို မြင်သောအခါ ချူဖုန်းက ဘာမှထပ်မပြောတော့ပေ။
သူက လူတိုင်းဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ “မင်းတို့ဆက်ပြီးတော့ ကျင့်ကြံကြ...ငါအရင် ပြန် တော့မယ်”
“ဆရာ့ကို နှုတ်ဆက်ပါတယ်”
ချူဖုန်းက ပျင်းရိစွာ လက်ဝှေ့ယမ်းပြလိုက်ပြီး သမ်းဝေကာ သူ့အခန်းသို့ ပြန်လျှောက်သွားလိုက်သည်။
တပည့်များက သူထွက်သွားသည်ကို ကြည့်ပြီး နေ့စဉ် ကျင့်ကြံခြင်းကို ပြန်လည် စတင်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲပင်းသည် သူမ၏ ကိုယ်ပိုင်အခန်းသို့ ပြန်ရောက်လာပြီး နောက်တစ်ကြိမ် တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူမ၏ စိတ်ထဲတွင် ချူဖုန်းက ရှောင်ချန်းကို သင်ပေးလိုက်သော ဓားသိုင်းကို ပြန်လည် မြင်ယောင်နေသည်။
စိတ်မကောင်းသည်မှာ နည်းစနစ်က အလွန် နက်နဲလွန်းသည်။ ထို့အပြင် သူ လက်ဆင့်ကမ်းပေးလိုက်သည်က ဓားသိုင်းကွက် မဟုတ်ဘဲ ဓားဆန္ဒသာ ဖြစ်သည်။ လှုပ်ရှားမှုများကို ပြန်လည် မြင်ကြည့်ရုံဖြင့် ၎င်း၏ အနှစ်သာရကို နားမလည်နိုင်ပေ။
‘သေစမ်း... ခြေတစ်လှမ်း နောက်ကျသွားတယ်’
အကြီးအကဲပင်း၏ စိတ်ထဲတွင် ဗလာဖြစ်နေစဉ်။
အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ အကြီးအကဲပင်းသည် သူမ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သည့်အခါ ချူဖုန်းက သူ၏အခန်းသို့ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။
သူမက စပ်စုချင်သွားသည်။
‘ ဒီလူတွေ နေ့တိုင်း ဘာ လုပ်နေတာလဲ’
သူမသာ ၎င်းကို သိလျှင် ထိုသူကို ဖိနှိပ်နိုင်လောက်သည်။ သူမလည်း ကိုယ်ပိုင် နတ်ဘုရား ခန္ဓာကိုယ်ပိုင်ရှင် တပည့်တစ်သိုက်ကိုတောင် မွေးထုတ်ပေးနိုင်လောက်၏။
သူမကို စိတ်ပျက်သွားစေသည်မှာ ချူဖုန်းသည် မျက်နှာသစ်ပြီးနောက် ကုတင်ပေါ်လှဲကာ ချက်ချင်း အိပ်ပျော်သွားခြင်းပင် ဖြစ်သည်။
‘ဘာလဲဟ... ဒီလူက ဘာလို့ အိပ်ပျော်သွားရတာလဲ’
‘သူ့မှာ တပည့် နည်းနည်းပဲ ရှိတာလေ... သူတို့ကို သင်ကြားပေးဖို့ စိတ်နဲ့ ခန္ဓာကို နှစ်မြှုပ်ထားသင့်တာမဟုတ်ဘူးလား’
‘သူ သင်ပေးတာ တစ်နာရီတောင် မပြည့်ဘူးလေ..ဒါတောင် အခန်းကိုပြန်ပြီး အိပ်သွားတယ်ပေါ့လေ’
‘ပြီးတော့ သူ့မှာရှောင်ချန်းကလွဲရင် ကျန်တဲ့သူတွေကအရည်အချင်းရှိလို့လား’
အကြီးအကဲပင်းသည် တပည့်တစ်ဦးချင်းစီကို သူမ၏ နတ်ဘုရားအာရုံဖြင့် စတင် စစ်ဆေးလိုက်သည်။
ဝမ်ပေါင်လဲ့သည် မနက်ခင်း ကျင့်ကြံပြီးနောက် မီးဖိုချောင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ထို့နောက် ထင်းခွဲ၊ ရေခပ်၊ ဂျုံနယ်ခြင်းအမှုတို့ကို လုပ်နေသည်။
အကြီးအကဲပင်းသည် ကောင်လေးဆီမှ သူမ၏ နတ်ဘုရားအာရုံကို ဖယ်ရှားရန် ပြင်လိုက်စဉ် ရုတ်တရက် နေရာတွင် အေးခဲသွားတော့သည်။