← Chapters

ချောင်ရို့ချန်၏နားလည်ရခက်သည့် အပြုအမူ

Vol. 9 Ch. 90

ချောင်ရို့ချန်၏နားလည်ရခက်သည့် အပြုအမူ

Vol. 9 Ch. 90

“ဒီကောင်လေးရဲ့ ဂျုံနယ်နေတဲ့ နည်းစနစ်က မနက်က ချူဖုန်း သရုပ်ပြသွားတဲ့ ထိုက်ချီဓားသိုင်းနဲ့ ဘာလို့ ဒီလောက် ဆင်တူနေရတာလဲ”

အကြီးအကဲပင်းသည် ဝမ်ပေါင်လဲ့၏ ချောမွေ့သော လှုပ်ရှားမှုများကို ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။

နှမြောစရာ ကောင်းသည်မှာ ကောင်လေးသည် ထိုလှုပ်ရှားမှုများမှတစ်ဆင့် သိုင်းပညာ၏ အနှစ်သာရကို သဘောမပေါက်ခဲ့ပေ။ မဟုတ်ပါက သူမသည် စောင့်ကြည့်လေ့လာရင်း အကွက်အချို့ကို သင်ယူနိုင်ပေလိမ့်မည်။

‘ကောင်းကင်စိတ်ဝိညာဉ်ဌာနရဲ့ ဂုဏ်သိက္ခာရှိ အကြီးအကဲတစ်ဦးက ဘာလို နည်းစနစ်ကို ခိုးသင်ရမှာလဲ... ဒါကို နှိုင်းယှဉ်ပြီး လေ့လာရင်း ထိုးထွင်းသိမြင်တာလို့ခေါ်တယ်’

အကြီးအကဲပင်းသည် ဝမ်ပေါင်လဲ့၏ လေ့ကျင့်မှုကို မစောင့်ကြည့်တော့ဘဲ အခြားတပည့်များ ကျင့်ကြံနေခြင်း ရှိမရှိ သိနိုင်ရန် နတ်ဘုရားအာရုံကို ပြောင်းလိုက်သည်။

ကံဆိုးစွာဖြင့် လူတိုင်းသည် သူတို့၏ လေ့ကျင့်မှုကို အဆုံးသတ်ပြီး ကိုယ့်အခန်းကိုယ် ပြန်သွားကြပြီ ဖြစ်သည်။

‘ဒီကောင်စုတ်လေးတွေက ကျင့်ကြံတဲ့နေရာမှာ သိပ်ကို ပေါ့ဆလွန်းတယ်’

ချူဖုန်းက သူတို့ကို ဤမျှ နက်နဲသည့် နည်းစနစ််များလက်ဆင့်ကမ်းပေးထားသည်။ သို့ပေမည့် သူတို့က

ဇွဲရှိစွာ မကျင့်ကြံကြပေ။

အကြီးအကဲပင်း၏အတွေးကို မည်သူမျှ မသိကြပေ။

ထိုအချိန်တွင် ချောင်ရို့ချန်သည် ဝမ်တောက်ကျောင်းတော်မှ တစ်ယောက်တည်း ထွက်လာသည်။ သူသည် ဝမ်တောက်မြို့၌ အခြေခံ လက်သီးနည်းစနစ်များကို ဝယ်ယူရန် စီစဉ်ထားသည်။

တစ်နာရီကြာပြီးနောက်။

သူက ဝမ်တောက်မြို့ရှိ ရတနာတစ်သောင်းစင်မြင့်သို့ ရောက်ရှိလာသည်။

“သခင်လေးချောင်... ရောက်လာပြီပဲ”

ချောင်ရို့ချန် တံခါးပေါက်မှ ဝင်လိုက်သည်နှင့် လူငယ် ဝန်ထမ်းလေးတစ်ဦးက နွေးထွေးစွာ နှုတ်ဆက်လာသည်။

သူက ရတနာတစ်သောင်းစင်မြင့်၏ ထိပ်တန်းအဆင့် ဖောက်သည်များထဲက တစ်ယောက် ဖြစ်သည်။ သူ လာရောက်တိုင်း ဆေးလုံးအများအပြား ဝယ်ယူလေ့ရှိသည်။

ချောင်ရို့ချန်သည် သူ၏ရှေ့မှ လူငယ်လေးကို ပြုံးပြလိုက်သည်။ “ကျန်းစန်း... မင်း နည်းနည်းလေးမှ မပြောင်းလဲဘူးပဲ”

ကျန်းစန်းသည် ကျွမ်းကျင်လိမ္မာသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ “ကျွန်တော်က ဒီစင်မြင့်ရဲ့ အောက်ခြေ အစေခံကောင်လေး တစ်ယောက်ပါပဲ.... သခင်လေးချောင်နဲ့ ဘယ်လို ယှဉ်လို့ရမှာလဲ...သခင်လေးက အခုဆို ဝမ်တောက်ကျောင်းတော်ရဲ့ အတွင်းစည်းတပည့် ဖြစ်နေပြီလို့ ကြားထားပါတယ်.... ပြီးတော့ မကြာသေးခင်က ထိပ်တန်းအဆင့် ပါရမီရှင်အဆင့်ကိုတောင် အနိုင်ယူခဲ့သေးတယ်ဆို”

“ဪ... ဒါက ကိစ္စသေးလေးလေ... ပြောပလောက်တဲ့အရာ မဟုတ်ဘူး”

ချောင်ရို့ချန်သည် သူ လင်းပင်အန်းကို နိုင်သည့်အကြောင်း ပြောနေမှန်း သိလိုက်သည်။

“သခင်လေး ဒီနေ့ ပုံမှန်အတိုင်း လာဝယ်တာလား” ကျန်းစန်းက ပြုံးလျက် မေးလိုက်သည်။

“ဒီနေ့ လက်သီးနည်းစနစ်တွေနဲ့ ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းတချို့ လာဝယ်တာ”

ချောင်ရို့ချန်သည် ထိုသို့ပြောလိုက်သည့် အခိုက် စင်မြင့်ထဲက ဖောက်သည် အများအပြာက သူ့ကို လှည့်ကြည့်လိုက်ကြသည်။

ကျန်းစန်းပင်လျှင် ဇဝေဇဝါ ဖြစ်သွားသည်။ သူ၏အမြင်တွင် ချောင်ရို့ချန်သည် ဝမ်တောက်ကျောင်းတော်မှ ဌာနမှူးတစ်ဦး၏ ဆွေမျိုးတော်စပ်သူ ဖြစ်သည်။

‘အခု သူက လက်သီးနည်းစနစ်တွေ လာဝယ်နေတယ်တဲ့လား ဘာတွေ ဖြစ်ကုန်တာလဲ’

‘ကျောင်းတော်မှာ သူ့ တစ်ခုခု ဖြစ်သွားလို့လား’

‘ဒါမှမဟုတ် ကျောင်းတော်မှာ ပြဿနာ တစ်ခုခု ရှိနေတာလား’

ကျန်းစန်းက ကြောင်အအ ဖြစ်ပြီး ရပ်နေသည်ကို မြင်သောအခါ ချောင်ရို့ချန်က စိတ်မရှည်စွာ ပြောလိုက်သည် “ဘာလဲ... မင်း ငါ့ကို မရောင်းချင်ဘူးလား”

ကျန်းစန်းသည် အသိစိတ် အမြန်ပြန်ဝင်လာပြီး ပြုံးလိုက်သည်။ “ဒီဘက်ပါ သခင်လေး ဘယ်လို ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်မျိုးကို ရှာနေတာလဲ ခင်ဗျာ”

“မင်းတို့ဆီမှာ ရှိသမျှ အကုန်ယူလာခဲ့...ရွှေခေါင်းလောင်း ဒိုင်းကာ၊ သံမဏိချပ်ဝတ်၊ ဗာဂျာရာလက်သီး၊ အာရတ်လက်သီး အကုန်လုံးပဲ... အခြေခံကျလေ ပိုကောင်းလေပဲ”

ချောင်ရို့ချန် သူ့ပတ်ဝန်းကျင်မှ ထူးဆန်းသော အကြည့်များကို လျစ်လျူရှုပြီး ကျန်းစန်းကို သူ၏တောင်းဆိုချက်အား ရှင်းလင်းစွာ ပြောပြလိုက်သည်။

ရတနာတစ်သောင်း စင်မြင့်ထက်တွင်။

လူတိုင်းသည် နားမလည်နိုင်ကြပေ။

ချောင်ရို့ချန် ပြောလိုက်သော နည်းစနစ်များသည် အသုံးအများဆုံးနှင့် အဆင့်နိမ့်ဆုံး သိုင်းပညာများ ဖြစ်ကြသည်။

သို့သော် သင်ယူရသည်မှာ အထူးလွယ်ကူသည်။

ပြီးပြည့်စုံခြင်းအထိ သို့မဟုတ် မဟာပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ရင်တောင်မှ အများဆုံး စစ်မှန်ကံကြမ္မာအဆင့်သာ ရောက်ရှိနိုင်သည်။ ပုံမှန်အားဖြင့်တော့ တာအိုတည်ဆောက်ခြင်းအဆင့်အထိပဲ အသုံးဝင်တတ်သည်။

ဝမ်တောက်မြို့သို့ အသက်မွေးဝမ်းကျောင်း ပြုရန် သို့မဟုတ် ဝမ်တောက်ကျောင်းတော်သို့ ဝင်ရောက်ရန် လာကြသူ မည်သူမဆို ဤနည်းစနစ်များကို တစ်ချက်လေးတောင် ကြည့်ကြမည် မဟုတ်ပေ။

သို့တိုင်အောင် ချောင်ရို့ချန် ဘာတွေးနေသလဲကို ကြိုးစားပြီး စဉ်းစားပေမဲ့ မည်သူမှ နားမလည်နိုင်ကြပေ။

စင်မြင့် တစ်ခုလုံး တိတ်ဆိတ်သွားသည်ကိုမြင်သောအခါ ချောင်ရို့ချန်သည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“လုပ်စမ်းပါ... ခင်ဗျားတို့က ကိုယ့်ကိုယ်ကိုယ် ရတနာတစ်သောင်းစင်မြင့်လို့ ခေါ်ပြီး အခြေခံနည်းစနစ်တွေတောင် မရှိဘူးလို့ ပြောချင်တာလား”

အကယ်၍ ချောင်ရို့ချန်သာ ထိုစကားမျိုးကို ပုံမှန်နေ့ရက်များတွင် ပြောလိုက်လျှင် လူတိုင်းက သူ ရတနာတစ်သောင်းစင်မြင့်ကို လှောင်ပြောင်နေသည်ဟု ထင်ကြပေလိမ့်မည်။

သို့သော် ယခုတော့ သူတို့အားလုံးသည် ဇဝေဇဝါ ဖြစ်နေကြသည်။

ဆိုင်ရှင်က ရယ်လိုက်သည်။ “သခင်လေးချောင် နောက်နေတာ ဖြစ်ရမယ်... ကျွန်တော်တို့ စင်မြင့်မှာ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့်ကနေ နီဗားနားရှင်သန်ခြင်းအဆင့်အထိ ရတနာတွေ ရှိပါတယ်...ဒီနည်းစနစ်တွေလည်း ရှိတာပေါ့”

“ဒီကျမ်းတွေက ကျွန်တော်တို့ ဂိုဒေါင်ထဲမှာ ဖုန်တက်နေတာ ကြာပြီ... သွားယူနေတုန်း ခဏလောက် စောင့်ပေးပါ”

“သွား သွား...” ချောင်ရို့ချန်သည် လက်ဝှေ့ယမ်းလိုက်ပြီး အကြည့်များကို လျစ်လျူရှုကာ တိတ်ဆိတ်သည့် နေရာတစ်နေရာကို ရှာပြီး ထိုင်လိုက်သည်။

ဆိုင်ရှင်က ကျန်းစန်း နားကပ်ပြီး တစ်ခုခုကို တီးတိုး ပြောလိုက်သည်။

ထိုသူသည် အတွင်းဘက် အခန်းထဲသို့ ချက်ချင်း ဝင်သွားသည်။

ထို့နောက် ကျန်းစန်းသည် ဟောင်းနွမ်းပြီး အရည်အသွေးနိမ့်သော ကျောက်စိမ်းပြားများ ပြည့်နေသည့် ဝါးခြင်းတောင်းကြီး တစ်လုံး သယ်ဆောင်ပြီး ပြန်ရောက်လာသည်။

“သခင်လေးချောင်... သခင်လေး တောင်းဆိုထားတဲ့ နည်းစနစ်တွေ အကုန် ဒီမှာပါ မယုံရင် သခင်လေးရဲ့ နတ်ဘုရားအာရုံနဲ့ စစ်ဆေးကြည့်လို့ ရပါတယ်”

ပုံမှန် အခြေအနေမျိုးတွင် ဖောက်သည်များအား နည်းစနစ်များကို တိုက်ရိုက် စစ်ဆေးခွင့် မပေးပေ။

သို့သော် ချောင်ရို့ချန်က ဤအမှိုက်နည်းစနစ်များကို သီးသန့် တောင်းဆိုထားသည်ကို ထည့်သွင်းစဉ်းစား၍ စစ်ဆေးခွင့်ပေးခြင်းဖြစ်သည်။

‘ဒီအရာတွေက ဂိုဒေါင်ထဲမှာ ဖုန်တက်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီလေ’

အကယ်၍ သူသာ ယနေ့ ထုတ်မပြောခဲ့လျှင် စင်မြင့်မှာ ဤပစ္စည်းများ ရှိနေသည်ကိုပင် မေ့နေ‌ပါ၏။

ချောင်ရို့ချန်သည် သူ၏နတ်ဘုရားအာရုံဖြင့် ခြင်းတောင်းကို စစ်ဆေးကြည့်လိုက်သည်။ သူ လိုချင်သော နည်းစနစ် အမျိုးအစားများနှင့် ကိုက်ညီပါသည်။

“ဘယ်လောက်လဲ” သူ မေးလိုက်သည်။

ဆိုင်ရှင်က ပြုံးလိုက်သည်။ “စုစုပေါင်း (၈၁)ကျမ်းရှိပါတယ်....အကုန်လုံး ယူချင်ရင် အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၄) တုံးပဲ ပေးပါ ကျွန်တော့်ဝန်ထမ်းတွေအတွက် မိတ္တူဖိုး ကာမိရင် ရပြီ”

ချောင်ရို့ချန်က ဈေးတန်သည်ဟု ယူဆလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤနည်းစနစ်များကို ပုံမှန်အားဖြင့် ငွေပြားများဖြင့် ရောင်းကြသည်။

“ကောင်းပြီ”

သူသည် သိုလှောင်အိတ်ထဲမှ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၄) တုံးကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်ပြီး ဆိုင်ရှင်ထံ ပေးလိုက်ကာ ဟောင်းနွမ်းနေသော ကျောက်စိမ်းပြား အားလုံးကို သူ၏အိတ်ထဲသို့ ထည့်လိုက်သည်။

လူတိုင်းက သူထွက်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေကြပြီး ဖြစ်ပျက်သွားသည့်အရာများကို လုံးဝ နားမလည်နိုင် ဖြစ်နေကြသည်။

ကျန်းစန်းက ဆိုင်ရှင်ကို ကြည့်ပြီး မေးလိုက်သည်။ “သူဌေး... သူဌေးက အမြင်ကျယ်ပါတယ်..ဒါပေမဲ့ သခင်လေးချောင်က ဒီပစ္စည်းတွေနဲ့ ဘာလုပ်ချင်တာလဲ ဆိုတာ သိလား”

ဆိုင်ရှင်က ခေါင်းယမ်းလိုက်သည်။ “ငါသာ အဲဒါကို သိရင် ဆိုင်ရှင် လုပ်နေဦးမှာလား အခုချိန်ဆို ဝမ်တောက်ကျောင်းတော်မှာ အကြီးအကဲ ဖြစ်နေလောက်ပြီပေါ့”

ကျန်းစန်း “......”

ဝမ်တောက်ကျောင်းတော်သို့ အပြန်လမ်းတွင် ချောင်ရို့ချန် အမှိုက်အဆင့် နည်းစနစ်အပုံလိုက်ကြီး ဝယ်သွားသည့် သတင်းသည် ဝမ်တောက်မြို့ တစ်ခုလုံး ပျံ့နှံ့သွား၏။

သို့သော် ဤတစ်ခါ သူ့ကို မည်သူမှ မလှောင်ပြောင်ကြပါပေ။

သူတို့က အံ့ဩမှင်တတ်နေကြရုံသာ။

‘သခင်လေးချောင်က ဘာတွေ ကြံနေတာလဲ’

ဝမ်တောက်ကျောင်းတော် အတွင်း၌။

လီယွဲ့အာသည် ကောင်းကင်စိတ်ဝိညာဉ်ဌာနသို့ ပြန်ရောက်လာပြီ ဖြစ်သည်။

သူမ ပထမဆုံး လုပ်သည့်အရာမှာ ဓားဘုရင်ရှောင်ယောင်ကို ရှာဖွေခြင်းပင်။

“မြေးမလေးက ဘိုးဘေးကို ဂါရဝပြုပါတယ်”

ဓားဘုရင်ရှောင်ယောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ “ယဉ်ကျေးနေစရာ မလိုဘူး... အကြီးအကဲပင်း ဘာပြောလိုက်လဲ”

လီယွဲ့အာက ဘာမှ ဖုံးကွယ်မထားပေ။ “ဒီနေ့ သောင်းပြောင်းပညာရပ်ဌာနကို သွားလည်တုန်းက အကြီးအကဲပင်းနဲ့ တွေ့ပြီး ဘိုးဘေးရဲ့ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါတယ်”

“ဒါပေမဲ့ အကြီးအကဲပင်းက ကျွန်မကို အရင် ပြန်နှင့်ဖို့ ပြောတယ်.... ကြည့်ရတာ သူ သောင်းပြောင်းပညာရပ်ဌာနမှာ ခဏလောက် နေဖို့ ရည်ရွယ်ထားပုံရတယ်”

ဓားဘုရင်ရှောင်ယောင်သည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ၏မျက်နှာထားမှာ ဖတ်ရခက်သွားသည်။

“အကြီးအကဲပင်းရဲ့ တပည့်တစ်ယောက်ကို သွားခေါ်လာခဲ့... သူက သူတို့အတွက် ဘာပြော ထားခဲ့လဲ ဆိုတာ မေးလိုက်မယ်”

“ဟုတ်ကဲ့”

ခဏအကြာတွင်။

လီယွဲ့အာသည် အကြီးအကဲပင်း၏ တတိယတပည့် ဝမ်ရှီနှင့် တူတူပြန်ရောက်လာသည်။

“တပည့်က ဌာနမှူးကို ဂါရဝပြုပါတယ်”

“ထပါ”

ဓားဘုရင်ရှောင်ယောင်က ဝမ်ရှီဘက်သို့ လှည့်လိုက်သည်။ “မင်းရဲ့ ဆရာက မင်းတို့အတွက် တစ်ခုခု ပြောခဲ့သေးလား”

“ဌာနမှူးကို တင်ပြပါတယ် ဆရာ မထွက်သွားခင် သတင်း ပေးခဲ့ပါတယ်...”

ဝမ်ရှီက ဘာမှ ဖုံးကွယ်မထားတော့ဘဲ အကြီးအကဲပင်း ပြောခဲ့သမျှ အားလုံးကို အမှန်အတိုင်း ပြန်လည်တင်ပြလိုက်သည်။

အားလုံးကို နားထောင်ပြီးနောက် ဓားဘုရင်ရှောင်ယောင်၏ မျက်ခုံးများက နောက်ဆုံးတွင် ပြေလျော့သွားသည်။ “အကြီးအကဲပင်းက သူကိုယ်တိုင် ဆုံးဖြတ်ချက် ချထားတာဆိုတော့ ငါ ထပ်ပြီး ဝင်မစွက်ဖက်တော့ပါဘူး... မင်း သွားလို့ရပြီ”

“ဟုတ်ကဲ့ပါ” ဝမ်ရှီက တိတ်ဆိတ်စွာ ထွက်ခွာသွားသည်။

ထို့နောက် ဓားဘုရင်ရှောင်ယောင်က သူ့မြေးမလေးဘက်သို့ ကြည့်လိုက်သည်။ “ယွဲ့အာ... သောင်းပြောင်းပညာရပ်ဌာနမှာ နေရတဲ့ အကြီးအကဲပင်းရဲ့ ရည်ရွယ်ချက်က ဘာလို့ ထင်လဲ”

လီယွဲ့အာက ချက်ချင်း မဖြေပေ။ သူမသည် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

“ဘိုးဘေး... ကျွန်မထင်ထားတာတစ်ခု ရှိတယ်... ဒါပေမဲ့ ပြောသင့်မပြောသင့် မသေချာဘူး”

All Chapters