အခန်း (၃၃၉-၃၄၀)
Vol. 25 Ch. 339-340
အခန်း ( ၃၃၉ ) - တိတ်တဆိတ် ငါးမျှားခြင်း၊ ငါးစာဟပ်ပြီ၊ ဆက်မစောင့်နိုင်တော့
ထိုနေရာမှ ထွက်ခွာလာပြီးနောက် ဝေလငါးအိုကြီးသည် သူ အန္တရာယ်အများဆုံးဟု ယူဆထားသည့် အခြားနေရာအချို့ဆီသို့ ကုချန်ကို ဆက်တိုက် ခေါ်ဆောင်သွားလေသည်။
သို့သော် သနားစရာကောင်းသည်မှာ ဤ 'အန္တရာယ်ရှိသော နေရာများ' ဆိုသည်က ဝေလငါးအိုကြီး၏ အမြင်တွင်သာ ထိုသို့ ဖြစ်နေခြင်းပင်။ တကယ်တမ်းတွင်မူ ၎င်းတို့သည် ဟွမ်သွမ့်ပင်လယ်အတွင်း သဘာဝအလျောက် ဖြစ်ပေါ်နေသော အန္တရာယ်ရှိသည့် နေရာများသာ ဖြစ်ပြီး ကြီးမားသော ကံကောင်းမှု အခွင့်အရေးများ မရှိဘဲ အန္တရာယ် အနည်းငယ် ရှိရုံသက်သက်သာပင်။
သို့သော် ဘာအကျိုးအမြတ်မျှ မရလိုက်လျှင်ပင် ကုချန် သိပ်ပြီး နှမြောတသ မဖြစ်မိပေ။
ထိုလူသူကင်းမဲ့သော စကြာဝဠာပျက်ထဲမှ သူ ရှာတွေ့ခဲ့သည့် ရေတွက်မရနိုင်သော အင်မော်တယ်တာအို ကျမ်းစာများသည်ပင်လျှင် သူ့အတွက် ပြောမပြနိုင်လောက်အောင် ကြီးမားသော ကံကောင်းမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ပိုင်းတွင် အခြားအကျိုးအမြတ်များ ထပ်မရလျှင်လည်း ကိစ္စမရှိတော့ပေ။
သို့သော် ဤဝေလငါးအိုကြီးသည် ကုချန် ချီးမြှင့်လိုက်သော စစ်မှန်သော အင်မော်တယ်ကျင့်စဉ်ကို ရရှိထားသဖြင့် ကုချန်အတွက် ဝီရိယရှိရှိ ကူညီရှာဖွေပေးနေခြင်း ဖြစ်သည်။ ကုချန်အနေဖြင့် ဝေလငါးအိုကြီး၏ စိတ်အားထက်သန်မှုကို မဖျက်ဆီးလိုသဖြင့် ဝေလငါးအိုကြီး ခေါ်ရာနောက်သို့ လိုက်ပါကာ ဟွမ်သွမ့်ပင်လယ်အနှံ့ လျှောက်သွားနေသည်ကို လွှတ်ထားလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ ဒီတစ်ခေါက် ခရီးစဉ်သည် ဟွမ်သွမ့်ပင်လယ်ကို စူးစမ်းလေ့လာရန်အပြင် ရှောင်ယောက်ထျန်းကျွင်း ငါးစာဟပ်လာအောင် မျှားခေါ်ရန်လည်း ပါဝင်ပေသည်။
ယခု သူသည် ဟွမ်သွမ့်ပင်လယ်ထဲတွင် 'ခေါင်းစဉ်မရှိ လျှောက်ပြေး' နေသည်ဖြစ်ရာ ချိန်မရွေး ရှောင်ယောက်ထျန်းကျွင်း၏ အာရုံခံနိုင်စွမ်းနှင့် ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားနိုင်သည်ကို မြင်လိုက်ရလျှင် ရှောင်ယောက်ထျန်းကျွင်း တစ်ယောက် ချွေးပြန်နေလောက်ပြီ မဟုတ်ပါလော။
...
ဟွမ်သွမ့်ပင်လယ်၏ တစ်နေရာ၌.....
မြူခိုးကဲ့သို့သော ဟွမ်သွမ့်အလင်းရောင်များကြားတွင် ရှေးဟောင်းတာအိုဝတ်ရုံကို ဆင်မြန်းထားသည့် ရှောင်ယောက်ထျန်းကျွင်းသည် တိတ်ဆိတ်စွာ တရားထိုင်နေလေသည်။ သူ၏ဆံနွယ်များကြားတွင် ဟွမ်သွမ့်ချီများ ဝဲပျံနေကာ ဤကမ္ဘာ၏ တစ်စိတ်တစ်ပိုင်းနှင့် ပေါင်းစည်းလုနီးပါး ဖြစ်နေသည်။
ရုတ်တရက် ရှောင်ယောက်ထျန်းကျွင်းသည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်သကဲ့သို့ မျက်လုံးများကို ရုတ်ခြည်း ဖွင့်လိုက်လေသည်။ သူ၏ အကြည့်များသည် အဝေးတစ်နေရာသို့ စူးစိုက်ရောက်ရှိသွားကာ အံ့သြမှုနှင့် မရေရာမှုများ ပြည့်နှက်နေလေ၏။
" ဟို ကုချန်က... အဆုံးမဲ့ကမ္ဘာထဲကနေ တကယ် ထွက်ခွာလာတာလား "
ရှောင်ယောက်ထျန်းကျွင်း၏ အသံထဲတွင် နက်ရှိုင်းသော ဒေါသအရိပ်အယောင်များ ပါဝင်နေကာ အခြေအနေများ ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည့်အပေါ် ထိတ်လန့်တုန်လှုပ်မှုများနှင့် ရောပြွမ်းနေသည်။
အင်မော်တယ်တစ်သောင်းမျှော်စင်မှ ကတိပေးထားသော စစ်မှန်သော အင်မော်တယ် စစ်ကူများ ရောက်လာရန် နှောင့်နှေးနေသော်လည်း ရှောင်ယောက်ထျန်းကျွင်း သိပ်ပြီး မပူပန်ခဲ့ပေ။ အကြောင်းမှာ ကုချန်သည် အဆုံးမဲ့ကမ္ဘာထဲ၌သာ ရှိနေခဲ့သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ကုချန် အဆုံးမဲ့ကမ္ဘာထဲတွင် ရှိနေသရွေ့ သူ့ကို အချိန်မရွေး ရှာဖွေနိုင်
သည်။ သူ၏ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည် ကုချန်၏လက်ထဲသို့ ခေတ္တခဏသာ ရောက်ရှိနေခြင်းဖြစ်ပြီး နောက်ဆုံးတွင် သူ့ထံသို့ ပြန်လည်ရောက်ရှိလာမည်သာ ဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့်ပင် ရှောင်ယောက်ထျန်းကျွင်း တည်ငြိမ်စွာ နေနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ကုချန်သည် အဆုံးမဲ့ကမ္ဘာမှ တကယ်ထွက်ခွာလာ၍ ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသော နေရာများဆီသို့ ဦးတည်သွားနေကာ ပို၍ ဝေးကွာသွားသည်ကို တွေ့လိုက်ရသောအခါ ရှောင်ယောက်ထျန်းကျွင်းမှာ အနည်းငယ် ထိတ်လန့်သွားရသည်။
ပထမအချက်အနေဖြင့် သူသည် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ထဲတွင် သူ၏ နတ်ဘုရားဝိညာဉ် အစအနတစ်ခုကို ထည့်သွင်းထားသော်လည်း သူ၏ အာရုံခံနိုင်စွမ်း အတိုင်းအတာမှာ အကန့်အသတ် ရှိပေသည်။
အကယ်၍ ကုချန်သည် ဟွမ်သွမ့်ပင်လယ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားကာ သူ့ထံမှ အလွန်အမင်း ဝေးကွာသွားပါက တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန် ရှိရာနေရာကို အာရုံခံနိုင်စွမ်းနှင့် ထိန်းချုပ်နိုင်စွမ်းအား ဆုံးရှုံးသွားပေလိမ့်မည်။
ထို့ပြင် ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းသော နေရာများသည် အန္တရာယ်များဖြင့် ပြည့်နှက်နေ၏။
အကယ်၍ ကုချန်သည် အန္တရာယ်ရှိသော နေရာတစ်ခုခုနှင့် ကြုံတွေ့၍ ပိတ်မိသွားလျှင် သို့မဟုတ် သေဆုံးသွားလျှင် သူ၏ တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ပါ ထိုသူနှင့်အတူ လုံးဝ ပျောက်ဆုံးသွားမည် မဟုတ်ပါလော။
ထို တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည် ရှောင်ယောက်ထျန်းကျွင်း ဟွမ်သွမ့်ပင်လယ် နက်ရှိုင်းရာမှ ခက်ခက်ခဲခဲ ရှာတွေ့ထားခဲ့သော ထိပ်တန်းရတနာတစ်ခု ဖြစ်ရာ အလွယ်တကူ အဆုံးရှုံးမခံနိုင်ပေ။
ချုံးဟွာထျန်းကျွင်းကို ထပ်မံဆက်သွယ်သင့်သလား။
ရှောင်ယောက်ထျန်းကျွင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်ကာ တွန့်ဆုတ်နေမိ၏။
ယခင်က ချုံးဟွာထျန်းကျွင်း ပြောခဲ့ဖူးသည်မှာ အင်မော်တယ်တစ်သောင်းမျှော်စင်သည် လက်ရှိတွင် မင်ကူအင်မော်တယ်၏ သေဆုံးမှုကို အစွမ်းကုန် စုံစမ်းစစ်ဆေးနေရသဖြင့် အောက်ဘုံကိစ္စကို ဖြေရှင်းရန် အချိန်မပေးနိုင်သေးကြောင်း ဆိုခဲ့သည်။
တစ်ဖက်မှ အောက်ဘုံသို့ စစ်မှန်သော အင်မော်တယ် နှစ်ပါး စေလွှတ်ရန် ဆုံးဖြတ်ထားသော်လည်း ဘယ်အချိန် အကောင်အထည်ဖော်မည်ဆိုသည်အား အသေအချာ မသိရသေးပေ။
ပို၍ အရေးကြီးသည်မှာ ချုံးဟွာထျန်းကျွင်းကို ဆက်သွယ်နိုင်သည့် နည်းလမ်းမှာ အကန့်အသတ် ရှိနေခြင်းပင်။ အကယ်၍ ယခု အသုံးပြုလိုက်ပါက နောက်နောင်တွင် ချုံးဟွာထျန်းကျွင်းကို မည်သည့်အခါမျှ ဆက်သွယ်နိုင်တော့မည် မဟုတ်ဘဲ တစ်ဖက်မှ ဆက်သွယ်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။
ရှောင်ယောက်ထျန်းကျွင်းသည် အချိန်ကြာမြင့်စွာ တွေးတောပြီးနောက် သူ၏ မျက်ဝန်းထဲတွင် ရက်စက်ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။
တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ကို အဆုံးရှုံးမခံနိုင်ပေ။
ပိုအရေးကြီးသည်မှာ သူကိုယ်တိုင်လည်း ဆက်မစောင့်နိုင်တော့ခြင်းပင်။
" ကပ်ပေါင်းများစွာ ကြာအောင် စီစဉ်ခဲ့တဲ့ စီမံကိန်း... ကပ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတာ... ဒီထျန်းကျွင်း သေချာပေါက် အောင်မြင်ရမယ်... သေချာပေါက်ပဲ "
ရှောင်ယောက်ထျန်းကျွင်းသည် တီးတိုးရေရွတ်လိုက်ပြီးနောက် ဆန်းကြယ်သော စာရွက်တစ်ရွက်ကို ထုတ်ယူကာ တာအိုမီးတောက်ဖြင့် မီးရှို့လိုက်လေသည်။
မသိမသာ တုန်ခါမှုတစ်ခုသည် ထိုဆန်းကြယ်သော စာရွက်မှ ထွက်ပေါ်လာကာ အမည်မသိ၊ အာရုံမခံနိုင်သော နေရာတစ်ခုဆီသို့ ပျံ့နှံ့သွားလေသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှောင်ယောက်ထျန်းကျွင်း၏ ရှေ့ရှိ လေဟာနယ်သည် ပေါက်ကွဲသွား၏။
ဖျော့တော့သော ရွှေရောင်မျက်လုံးတစ်စုံ လင်းလက်လာသည်နှင့်အတူ ကြီးမားပြီး ပြိုင်ဘက်ကင်းသော စွမ်းအားတစ်ခု ချက်ချင်း သက်ဆင်းလာသဖြင့် ရှောင်ယောက်ထျန်းကျွင်းသည် သူ၏မျက်လုံးထဲမှ ရည်မှန်းချက်ကြီးမှုများကို ဖုံးကွယ်ရန်အတွက် အလိုအလျောက် ခေါင်းငုံ့လိုက်ရလေသည်။
" ချုံးဟွာထျန်းကျွင်း..... "
ရှောင်ယောက်ထျန်းကျွင်းသည် လေးစားစွာ ခေါ်ဆိုလိုက်၏။
" အချိန်ဘယ်လောက်မှ မကြာသေးဘူး... ဒီအင်မော်တယ်အရှင်ကို ထပ်ဆက်သွယ်လာပြန်ပြီလား "
ချုံးဟွာထျန်းကျွင်း၏ လေသံမှာ အနည်းငယ် မနှစ်မြို့သည့်ပုံ ပေါက်နေ၏။
သူ၏စိတ်အခြေအနေမှာ အလွန်ဆိုးရွားနေလေသည်။ မင်ကူအင်မော်တယ် သေဆုံးသွားချိန်မှစ၍ အင်မော်တယ်တစ်သောင်းမျှော်စင်မှ အဆင့်မြင့်အဖွဲ့ဝင်များအားလုံးသည် နေ့စဉ်နှင့်အမျှ ကြောက်ရွံ့ထိတ်လန့်စွာ နေထိုင်နေကြရသည်။
ထိုနက်နဲဆန်းကြယ်သော ဖြစ်တည်မှုသည် အင်မော်တယ်တစ်သောင်းမျှော်စင်၏ အဓိကနေရာတွင် မင်ကူအင်မော်တယ်ကို တိတ်တဆိတ် သတ်ဖြတ်နိုင်ခဲ့သည်ဆိုပါက အင်မော်တယ်တစ်သောင်းမျှော်စင်၏ အခြားသော အဆင့်မြင့်အဖွဲ့ဝင်များကိုလည်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို အသက်နှုတ်ယူနိုင်စွမ်း ရှိသည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ဤအချက်ကို သိထားပါလျက်နှင့် ချုံးဟွာထျန်းကျွင်းနှင့် အခြားသူများ မည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း။
သို့သော် ချုံးဟွာထျန်းကျွင်းနှင့် အခြားသူများ အကြိမ်ကြိမ် စုံစမ်းစစ်ဆေးပြီးသည့်တိုင် မင်ကူအင်မော်တယ် သေဆုံးရသည့် အကြောင်းရင်းမှန်ကို ရှာမတွေ့ခဲ့ကြပေ။
အကယ်၍ အင်မော်တယ်ဘုရင်တစ်ပါးပါးသည် အားယားနေ၍ ထိုသို့သော ကိစ္စမျိုးကို လုပ်ဆောင်စရာ အကြောင်းမရှိကြောင်း ချုံးဟွာထျန်းကျွင်းတို့ အသေအချာ မသိထားပါက မင်ကူအင်မော်တယ်၏ သေဆုံးမှုကို အင်မော်တယ်ဘုရင်တစ်ပါးပါးက တိတ်တဆိတ် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟုပင် ထင်မှတ်မိကြပေလိမ့်မည်။
မင်ကူအင်မော်တယ် သေဆုံးရသည့် အကြောင်းရင်းမှန်ကို စုံစမ်း၍ မရသရွေ့ ချုံးဟွာထျန်းကျွင်းကဲ့သို့သော အင်မော်တယ်တစ်သောင်းမျှော်စင်၏ အဆင့်မြင့်အဖွဲ့ဝင်များမှာ တစ်ရက်မှ စိတ်ချလက်ချ နေနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က ရှောင်ယောက်ထျန်းကျွင်းသည် ကုချန်မှ ရွှယ်ကျန်းကို သတ်ဖြတ်လိုက်ကာ အင်မော်တယ်တစ်သောင်းမျှော်စင်၏ အောက်ဘုံရိတ်သိမ်းရေး စီမံကိန်းကြီးကို နှောင့်ယှက်ခဲ့ကြောင်း သတင်းပို့ခဲ့သော်လည်း ချုံးဟွာထျန်းကျွင်းမှာ လစ်လျူရှုခဲ့ပြီး မင်ကူအင်မော်တယ် သေဆုံးမှု စုံစမ်းစစ်ဆေးရေးကိုသာ ဦးစားပေးခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ထိုကုချန်သည် အောက်ဘုံတွင်သာ ရှိနေသည်ဖြစ်ရာ ထွက်မပြေးနိုင်ပေ။ အချိန်မရွေး ရှင်းလင်းပစ်နိုင်သည်။
သို့သော် မင်ကူအင်မော်တယ်၏ သေဆုံးမှုကို သေချာမစုံစမ်းပါက နောက်ထပ် သေမည့်သူမှာ သူကိုယ်တိုင် ဖြစ်လာနိုင်သည်။
ချုံးဟွာထျန်းကျွင်းသည် ဤကိစ္စနှစ်ခု၏ အရေးကြီးမှုနှင့် အရေးတကြီး လိုအပ်မှု အတိုင်းအတာကို ရှင်းလင်းစွာ သိမြင်ထားသည်။
သို့သော် ဤမျှလောက် အချိန်ကြာမြင့်စွာ စုံစမ်းစစ်ဆေးပြီးသည့်တိုင် မင်ကူအင်မော်တယ်၏ သေဆုံးမှုနှင့် ပတ်သက်၍ သဲလွန်စတစ်စုံတစ်ရာ မရရှိသေးသဖြင့် ချုံးဟွာထျန်းကျွင်းသည် အလွန်အမင်း စိတ်ပျက်ဒေါသထွက်နေရသည်ဖြစ်ရာ ရှောင်ယောက်ထျန်းကျွင်းအပေါ် ကောင်းမွန်သော သဘောထားမရှိနိုင်တော့သည်မှာ သဘာဝကျ၏။
" အင်မော်တယ်အရှင်သခင်ကို သတင်းပို့အပ်ပါတယ်... ဟိုကုချန်က ထွက်ပြေးပါတော့မယ် "
ရှောင်ယောက်ထျန်းကျွင်းသည် အနည်းငယ် ချဲ့ကားလိုက်ကာ ကုချန် ဟွမ်သွမ့်ပင်လယ်နက်ထဲသို့ 'ထွက်ပြေး' သွားကြောင်းနှင့် လွတ်မြောက်လုနီးပါး ဖြစ်နေကြောင်း ချုံးဟွာထျန်းကျွင်းကို သတင်းပို့လိုက်သည်။
ရှောင်ယောက်ထျန်းကျွင်း၏ ပြောပြချက်တွင် ကုချန်သည် သက်တမ်းရှည်နန်းတော်၏ နောက်ခံမှာ ရိုးရှင်းခြင်းမရှိကြောင်း တွေ့ရှိသွားကာ ကြောက်ရွံ့သွားသဖြင့် လက်တုံ့ပြန်ခံရမည်ကို ရှောင်ရှားရန် ဟွမ်သွမ့်ပင်လယ်ထဲသို့ အဝေးဆုံး ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု ဆိုလေသည်။
" အင်မော်တယ်အရှင်... တကယ်လို့ ကျွန်တော်တို့သာ အချိန်မီ မတားဆီးဘူးဆိုရင် အဲဒီကုချန်က ဟွမ်သွမ့်ပင်လယ်နက်ထဲ ထွက်ပြေးသွားပါလိမ့်မယ်... အဲဒီကျရင် ကျွန်တော်မျိုးအနေနဲ့ သူ့တည်နေရာကို လုံးဝ ထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး.....
နောင်ကျရင် ဒီကောင့်ရဲ့ ခြေရာကို ရှာဖို့ဆိုတာ ကောက်ရိုးပုံထဲ အပ်ရှာသလို ဖြစ်သွားပြီး လုံးဝ မဖြစ်နိုင်တော့ပါဘူး... စစ်မှန်တဲ့ အင်မော်တယ် နှစ်ပါး ဆင်းသက်လာရင်တောင်မှ ဒီကုချန်ကို ရှာမတွေ့ဘူးဆိုရင် ဘာမှလုပ်လို့ရမှာ မဟုတ်ပါဘူး "
ရှောင်ယောက်ထျန်းကျွင်းသည် စိုးရိမ်ပူပန်ဟန်ဆောင်လိုက်ကာ အရေးတကြီး ပြောဆိုလိုက်လေသည်။
အခန်း ( ၃၄၀ ) - အင်မော်တယ်နှစ်ပါး ဆင်းသက်လာခြင်း၊ ငါးစာဟပ်ပြီ၊ စစ်မြေပြင်တွင် ဘက်ပြောင်းခြင်း
" ကုချန်က ထွက်ပြေးတော့မှာလား "
ရှောင်ယောက်ထျန်းကျွင်း၏ စကားကို ကြားလိုက်ရသောအခါ ချုံးဟွာထျန်းကျွင်း၏ မျက်နှာထားမှာ အနည်းငယ် မနှစ်မြို့သည့်ဟန် ဖြစ်သွား၏။ သို့သော် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် လက်ကာပြလျက် ပြောလိုက်သည်။
" ငါအရှင် သိပြီ... ငြိမ်ငြိမ်လေးသာ စောင့်နေလိုက်... အဲဒီ ကုချန်ဆိုတဲ့ကောင်ကို သတ်ဖြတ်ဖို့အတွက် ငါအရှင်က စစ်မှန်တဲ့ အင်မော်တယ်တွေကို စေလွှတ်လိုက်မယ် "
မင်ကူအင်မော်တယ် သေဆုံးမှု အကြောင်းရင်းကို စုံစမ်းရန်မှာ အရေးကြီးကြောင်း ချုံးဟွာထျန်းကျွင်း ကောင်းစွာ သိရှိထားသည်။ သို့သော် အချိန်ကြာမြင့်စွာ သဲလွန်စမရရှိခဲ့သဖြင့် ဆက်လက်စုံစမ်းနေလျှင်လည်း ထူးခြားမှုရှိလာနိုင်ဖွယ် မမြင်ပေ။
ထို့ပြင် အောက်ဘုံရိတ်သိမ်းရေး စီမံကိန်းကြီးသည် အင်မော်တယ်တစ်သောင်းမျှော်စင်၏ အနာဂတ်နှင့် သက်ဆိုင်နေသဖြင့် ထိပ်တန်းဦးစားပေး ဖြစ်ပေသည်။
ထိုကုချန်ဆိုသူသည် အဆုံးမဲ့ကမ္ဘာရှိ ရိတ်သိမ်းရေးစီမံကိန်းကို တစ်ကြိမ် ဖျက်ဆီးခဲ့ပြီးပြီ ဖြစ်သည်။ အကယ်၍ ယနေ့ သူ့ကို လွတ်ပေးလိုက်မည်ဆိုပါက နောင်တစ်ချိန်တွင် သူ ပြန်မလာတော့ဘူးဟု မည်သူ အာမခံနိုင်မည်နည်း။
နှစ်အနည်းငယ်ကြာပြီးနောက် ကုချန် ပြန်ရောက်လာကာ အင်မော်တယ်တစ်သောင်းမျှော်စင်၏ အရေးကြီးသော 'ရိတ်သိမ်းချိန်' ကာလ၌ ထပ်မံနှောင့်ယှက်မည်မျိုးကို ချုံးဟွာထျန်းကျွင်း လုံးဝ မြင်တွေ့လိုခြင်း မရှိသည်မှာ သေချာသည်။
ထို့ကြောင့် ယခုအကောင်းဆုံး ရွေးချယ်မှုမှာ ကုချန် လုံးဝထွက်မပြေးနိုင်ခင် စစ်မှန်သော အင်မော်တယ်များကို စေလွှတ်၍ သူ့ကို လုံးဝ သတ်ဖြတ်ရှင်းလင်းပစ်ခြင်းဖြင့် နောင်ရေးအေးအောင် လုပ်ဆောင်ခြင်းသာ ဖြစ်သည်။
" အမိန့်တော်အတိုင်းပါ..... "
ချုံးဟွာထျန်းကျွင်းမှာ အောက်ဘုံသို့ စစ်မှန်သော အင်မော်တယ်များ ချက်ချင်း စေလွှတ်ပေးမည်ဟု ကတိပေးလာသည်ကို ကြားလိုက်ရသောအခါ ရှောင်ယောက်ထျန်းကျွင်း၏ မျက်ဝန်းများထဲတွင် ဝမ်းမြောက်သည့် အရိပ်အယောင်များ ဖြတ်သန်းသွား၏။
" အင်း..... "
ချုံးဟွာထျန်းကျွင်းသည် အနည်းငယ် ခေါင်းညိတ်လိုက်ကာ စကားပိုမဆိုတော့ဘဲ သူ၏ပုံရိပ်မှာ ရုတ်ခြည်း တွန့်လိမ်ကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေတော့သည်။
ခေတ္တမျှကြာပြီးနောက် ချုံးဟွာထျန်းကျွင်း လုံးဝထွက်ခွာသွားပြီ ဖြစ်ကြောင်း သေချာသွားမှသာ ရှောင်ယောက်ထျန်းကျွင်းသည် ကိုယ်ကိုဖြည်းညှင်းစွာ မတ်လိုက်၏။ ထိုအခိုက်၌ သူ၏ မျက်ဝန်းများထဲတွင် နက်ရှိုင်းသော ကျေနပ်အားရမှုတို့ ပေါ်လာလေ၏။
" အရာအားလုံး အဆင်သင့်ဖြစ်ပြီ... အရှေ့လေလာဖို့ပဲ လိုတော့တယ် "
" အင်မော်တယ်တစ်သောင်းမျှော်စင်က စစ်မှန်တဲ့ အင်မော်တယ်တွေ... မြန်မြန်ဆင်းလာကြစမ်းပါ... ဒီထျန်းကျွင်း ဆက်မစောင့်နိုင်တော့ဘူး "
အဆုံးမဲ့ကမ္ဘာထဲတွင်.....
ကုချန်၏ မူလခန္ဓာကိုယ်သည် မူလက ကောင်းကင်ဘုံ၌ တိတ်ဆိတ်စွာ ကျင့်ကြံအားထုတ်နေခြင်း ဖြစ်သည်။
ရုတ်တရက် သူသည် တစ်စုံတစ်ရာကို အာရုံခံမိလိုက်သကဲ့သို့ အလယ်ပိုင်းဒေသ တာအိုနယ်မြေ၏ ကောင်းကင်ယံထက်သို့ အလိုအလျောက် အကြည့်ရောက်သွားလေသည်။
ထိုနေရာသည် ကောင်းကင်ချောက်နက် ပေါ်ထွက်လာရာ နေရာပင်။
ကုချန်၏အကြည့်များသည် ကောင်းကင်ချောက်နက် ရှိရာနေရာကို ထိုးဖောက်၍ ၎င်း၏အနက်ရှိုင်းဆုံးနေရာသို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားကာ အင်မော်တယ်တာအို သင်္ကေတများဖြင့် ပြည့်နှက်နေသော ကြီးကျယ်ခမ်းနားသည့် အင်မော်တယ်တံခါးကြီးသည် တစ်စုံတစ်ခု၏ လှုံ့ဆော်မှုကို ခံလိုက်ရသကဲ့သို့ တောက်ပလည်ပတ်လာသည်ကို ကုချန် မြင်တွေ့လိုက်ရသည်။
ထို့နောက် ဝါးတားတားပုံရိပ်မှသည် ကြည်လင်ပြတ်သားသော ပုံရိပ်နှစ်ခုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲကာ ထိုတံခါးကြီးရှေ့တွင် ပေါ်လာလေသည်။
ပုံရိပ်နှစ်ခုစလုံးသည် ရှေးဟောင်းအင်မော်တယ်တာအို ဝတ်ရုံများကို ဆင်မြန်းထားကြသည်။ တစ်ဦးမှာ အင်မော်တယ်မျှော်စင်ကို ကိုင်ဆောင်ထားပြီး ကျန်တစ်ဦးမှာ အင်မော်တယ်အယ်စောက်ကို ကိုင်ဆောင်ထားလေသည်။ သူတို့နှစ်ဦးစလုံး၏ မျက်နှာထားမှာ အေးစက်နေလျက်ရှိကာ အဆုံးမဲ့ ခမ်းနားထည်ဝါမှုများနှင့်အတူ နတ်ဘုရားများ လူ့ပြည်သို့ ဆင်းသက်လာသကဲ့သို့ပင်။
" အောက်ဘုံကိစ္စလေးကို ငါတို့နှစ်ယောက်လုံး လွှတ်လိုက်တယ်ပေါ့... အင်မော်တယ်အရှင်သခင်က သိပ်သတိကြီးလွန်းနေတာပဲ "
အင်မော်တယ်မျှော်စင် ကိုင်ဆောင်ထားသူသည် ဆင်းသက်လာပြီးနောက် ခေါင်းယမ်းကာ ပြောဆိုလိုက်၏။
" ဟုတ်ပါ့ဗျာ... အောက်ဘုံမှာ ဘယ်လို စွမ်းအားရှင်မျိုး ရှိနိုင်မှာမို့လို့လဲ... စစ်မှန်တဲ့ အင်မော်တယ် တစ်ပါးလောက် လွှတ်လိုက်ရင်ကို တော်တော်မျက်နှာပေးရာ ရောက်နေပါပြီ... အခုတော့ ကျုပ်တို့နှစ်ယောက်လုံးကို တစ်ပြိုင်နက် လွှတ်လိုက်တာပါလား "
အင်မော်တယ်အယ်စောက် ကိုင်ဆောင်ထားသည့် စစ်မှန်သော အင်မော်တယ်သည်လည်း ခေါင်းယမ်းလျက် ထောက်ခံလိုက်၏။ ချုံးဟွာထျန်းကျွင်းမှ အဘယ်ကြောင့် ဤကဲ့သို့ အမိန့်ပေးလိုက်သည်ကို နားမလည်နိုင် ဖြစ်နေပုံရသည်။
အရှင်သခင်အဆင့် ရောက်ရှိခြင်းကပင် အမြင့်မားဆုံး အကန့်အသတ်ဖြစ်နေသည့် အောက်ဘုံမျှကို စစ်မှန်သော အင်မော်တယ်တစ်ပါးတည်းနှင့်ပင် ဖိနှိပ်ရန် လုံလောက်နေပြီဖြစ်ရာ အဘယ်ကြောင့် စစ်မှန်သော အင်မော်တယ်နှစ်ပါးကို တစ်ပြိုင်နက် စေလွှတ်ရသနည်း။
သို့သော် အမိန့်သည် ချုံးဟွာထျန်းကျွင်းထံမှ လာခြင်းဖြစ်ရာ အင်မော်တယ်တစ်သောင်းမျှော်စင်မှ ဤစစ်မှန်သော အင်မော်တယ်နှစ်ပါးအနေဖြင့် ငြင်းဆန်နိုင်ခြင်းမရှိဘဲ နာခံရုံသာ ရှိတော့သည်။
သို့သော် သူတို့နှစ်ဦးကမူ တာဝန်ပြီးဆုံးသည်နှင့် အင်မော်တယ်ဘုံသို့ အမြန်ဆုံးပြန်ရန် တိတ်တဆိတ် ဆုံးဖြတ်ထားကြသည်။ ဤအောက်ဘုံမှ လေထုသည် နောက်ကျိသော ချီစွမ်းအင်များနှင့်အတူ အမှန်ပင် မွန်းကြပ်ဖွယ်ကောင်းလှ၍ သည်းခံနိုင်ခြင်း မရှိပေ။
" ဟို ရှောင်ယောက်ထျန်းကျွင်းကို အရင်သွားရှာကြတာပေါ့ "
အင်မော်တယ်မျှော်စင် ကိုင်ဆောင်ထားသူသည် တိတ်ဆိတ်စွာ အာရုံခံလိုက်ကာ ရှောင်ယောက်ထျန်းကျွင်း ရှိရာနေရာကို အတည်ပြုလိုက်
၏။ ထို့နောက် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူနှင့်အတူ ကောင်းကင်ချောက်နက်မှ ထွက်ခွာ၍ အဆုံးမဲ့ကမ္ဘာ၏ အပြင်ဘက်သို့ ပျံသန်းသွားကြလေသည်။
သူတို့၏အမြန်နှုန်းမှာ အလွန်မြန်ဆန်လှ၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် အဆုံးမဲ့ကမ္ဘာမှ ထွက်ခွာသွား၍ ကျယ်ပြောလှသော ဟွမ်သွမ့်ပင်လယ်နက်ထဲသို့ ဝင်ရောက်သွားကြသည်မှာ အဆုံးမဲ့ကမ္ဘာရှိ ရေတွက်မရသော သက်ရှိများသည်ပင် စစ်မှန်သော အင်မော်တယ်နှစ်ပါး ရောက်ရှိနေခြင်းကို အာရုံမခံနိုင်ကြပေ။
ဤစစ်မှန်သော အင်မော်တယ်နှစ်ပါး၏ တည်နေရာကို ရှာဖွေတွေ့ရှိသည့် တစ်ဦးတည်းသောသူ ဖြစ်သည့် ကုချန်ကမူ စောစီးစွာ ဝင်ရောက်တိုက်ခိုက်ရန် ဆန္ဒမရှိချေ။
မည်သို့ပင်ဆိုစေကာမူ ဤလူနှစ်ယောက်သည် ဟွမ်သွမ့်ပင်လယ်ထဲရှိ သူ၏ တတိယခန္ဓာကိုယ်ထံသို့ ဦးတည်သွားနေကြခြင်း ဖြစ်သည်။ ယခုအချိန်တွင် ဝင်ရောက်တိုက်ခိုက်လိုက်ပါက ဤစစ်မှန်သော အင်မော်တယ်နှစ်ပါးကို သုတ်သင်နိုင်မည် ဖြစ်သော်လည်း ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားနိုင်၍ ရှောင်ယောက်ထျန်းကျွင်းကို မျှားခေါ်နိုင်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ကုချန်သည် ဤစစ်မှန်သော အင်မော်တယ်နှစ်ပါး၏ တည်နေရာကို ကြိုတင်ထိန်းချုပ်ထားနိုင်သော်လည်း စောစီးစွာ လှုပ်ရှားရန် ဆန္ဒမရှိခြင်း ဖြစ်သည်။
အင်မော်တယ်တစ်သောင်းမျှော်စင်မှ စစ်မှန်သော အင်မော်တယ်နှစ်ပါး ဆင်းသက်လာကြောင်းကို ကုချန်၏ မူလခန္ဓာကိုယ် သိရှိလိုက်ချိန်မှာပင် ဟွမ်သွမ့်ပင်လယ် အဝေးတစ်နေရာရှိ ကုချန်၏ တတိယခန္ဓာကိုယ်သည်လည်း ထိုသတင်းကို တပြိုင်နက်တည်း သိရှိလိုက်ရသည်။
သူ၏နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု အလိုအလျောက် ဖြစ်ပေါ်လာ၏။ ငါးသည် နောက်ဆုံး၌ ငါးစာဟပ်သွားလေပြီ။
နောက်တစ်ဆင့်မှာ ပိုက်ကွန်ပစ်ရမည့် အချိန်ကို စောင့်ဆိုင်းရန်သာ ကျန်တော့သည်။
... ... ... ...
ကျယ်ပြောလှသော ဟွမ်သွမ့်ပင်လယ်၏ နက်ရှိုင်းရာ တစ်နေရာတွင်.....
အင်မော်တယ်တစ်သောင်းမျှော်စင်မှ စစ်မှန်သော အင်မော်တယ်နှစ်ပါး ဟွမ်သွမ့်ပင်လယ်သို့ ရောက်ရှိလာပြီးနောက် မကြာမီမှာပင် ချုံးဟွာထျန်းကျွင်း ပေးအပ်လိုက်သော ခြေရာခံနည်းစနစ်ကို အသုံးပြု၍ ရှောင်ယောက်ထျန်းကျွင်း ရှိရာနေရာကို ရှာဖွေတွေ့ရှိသွားလေသည်။
" ဟို ကုချန် ဆိုတဲ့ကောင် ဘယ်မှာလဲ... ဒီအင်မော်တယ်ကို အမြန်လမ်းပြစမ်း "
ရှောင်ယောက်ထျန်းကျွင်းကို မြင်သည်နှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်ထားသူသည် ချက်ချင်း မေးမြန်းလိုက်၏။ သူ၏နာမည်ကိုပင် ရှောင်ယောက်ထျန်းကျွင်းအား ပြောပြခြင်းမရှိဘဲ လုံးဝ အထက်စီးဆန်ပြီး မောက်မာသော သဘောထားကို ပြသလေသည်။
" ဟုတ်တယ်... အဲဒီ ကုချန်ကို သတ်ပြီးရင် ငါတို့ အမြန်ပြန်ကြမယ် "
အင်မော်တယ်အယ်စောက် ကိုင်ဆောင်ထားသူကလည်း စိတ်မရှည်သည့် လေသံဖြင့် ပြောဆိုကာ ရှောင်ယောက်ထျန်းကျွင်းအား အမြန်လမ်းပြရန် တိုက်တွန်းလေသည်။
အင်မော်တယ်ဘုံမှ အောက်ဘုံသို့ လာရောက်ရခြင်းသည် သူတို့အတွက် မွန်းကြပ်လွန်းလှသော နေရာသို့ ရောက်ရှိနေသကဲ့သို့ ခံစားရစေပြီး အသက်ရှူရသည်မှာ သက်တောင့်သက်သာ မရှိပေ။ သဘာဝကျစွာပင် သူတို့သည် ဤနေရာမှ စောစီးစွာ ထွက်ခွာပြီး အင်မော်တယ်ဘုံသို့ ပြန်လိုကြသည်။
ဤစစ်မှန်သော အင်မော်တယ်နှစ်ပါး၏ မောက်မာမှုကို ရင်ဆိုင်နေရသော်လည်း ရှောင်ယောက်ထျန်းကျွင်းသည် စိတ်ထဲတွင် မကျေမနပ် ဖြစ်မိသော်ငြား မျက်နှာတွင် ထုတ်ဖော်မပြဘဲ သည်းခံကာ ပြုံးလျက် ပြောဆိုလိုက်သည်။
" စီနီယာအင်မော်တယ်နှစ်ပါး... ကျုပ်နောက်ကနေ ထပ်ကြပ်မကွာ လိုက်ခဲ့ပေးပါ... အဲဒီ ကုချန်ကို သွားရှာဖို့ အခုပဲ လမ်းပြပေးပါ့မယ် "
ပြောပြီးသည်နှင့် ရှောင်ယောက်ထျန်းကျွင်းသည် ရှေ့မှဦးဆောင်ကာ ဟွမ်သွမ့်နယ်မြေ နက်ရှိုင်းရာသို့ ပျံသန်းသွားလေသည်။
ရှောင်ယောက်ထျန်းကျွင်း လမ်းပြသည်ကို မြင်သောအခါ စစ်မှန်သော အင်မော်တယ်နှစ်ပါးသည် တွန့်ဆုတ်ခြင်းမရှိဘဲ သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါသွားကြပြီး ဟွမ်သွမ့်ပင်လယ်နက်ထဲသို့ အတူတကွ ဝင်ရောက်သွားကြလေသည်။
ရက်ဝက်ခန့် ကြာမြင့်ပြီးနောက်.....
ကုချန်၏ တမင်ရည်ရွယ်ထားသော 'စောင့်ဆိုင်းမှု' အောက်တွင် ရှောင်ယောက်ထျန်းကျွင်းသည် နောက်ဆုံး၌ အင်မော်တယ်တစ်သောင်းမျှော်စင်မှ စစ်မှန်သော အင်မော်တယ်နှစ်ပါးကို သူရှိရာနေရာသို့ ခေါ်ဆောင်လာနိုင်ခဲ့သည်။
" ကုချန်... မင်း သေရတော့မယ် "
ရန်သူချင်း တွေ့ဆုံကြသောအခါ ဒေါသကြောင့် မျက်လုံးများ နီရဲလာကြစမြဲပင်။
ကုချန်ကို မြင်လိုက်ရသည့် ခဏမှာပင် ရှောင်ယောက်ထျန်းကျွင်းသည် ချက်ချင်း ကြေညာလိုက်၏။
" မင်းက ကုချန်လား... ငါတို့ အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ စီမံကိန်းကြီးကို ဖျက်ဆီးခဲ့တဲ့အတွက် မင်းမှာ သေလမ်းတစ်ခုပဲ သွားစရာရှိတယ် "
အင်မော်တယ်မျှော်စင် ကိုင်ဆောင်ထားသူသည် မျက်လွှာချကာ ကုချန်ကို ဘေးတိုက်ကြည့်လိုက်၍ လုံးဝ အရေးမလုပ်သော ပုံစံဖြင့် ပြောဆိုလိုက်သည်။
" ပုရွက်ဆိတ်ကောင်လေးပါပဲကွာ... ကိုယ့်ကိုယ်ကိုယ်သာ သတ်သေလိုက်စမ်းပါ... ဒီအင်မော်တယ်ရဲ့ လက်ကို ညစ်ပတ်မခံချင်ဘူး "
အင်မော်တယ်အယ်စောက် ကိုင်ဆောင်ထားသူကလည်း အထင်သေးစွာ ပြောဆိုလိုက်၏။
စစ်မှန်သော အင်မော်တယ်နှစ်ပါးနှင့် သူတို့နောက်တွင် ရပ်နေသော ရှောင်ယောက်ထျန်းကျွင်းကို ကြည့်ရင်း ကုချန်သည် စကားပိုမပြောချင်တော့သဖြင့် သူတို့သုံးဦးအား သေလမ်းသို့ ပို့ဆောင်ရန် တိုက်ခိုက်တော့မည့်ဆဲဆဲတွင် ရုတ်တရက် ရှင်းပြ၍မရနိုင်သော အပြောင်းအလဲတစ်ခုပေါ်လာ၏။
ထို့ကြောင့် ကုချန်သည် သူ၏တိုက်ခိုက်မှုကို အလိုအလျောက် ရပ်တန့်လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော် စစ်မှန်သော အင်မော်တယ်နှစ်ပါးသည် သူတို့လက်ထဲရှိ အင်မော်တယ်မျှော်စင်နှင့် အင်မော်တယ်အယ်စောက်ကို မြှောက်ကာ တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် သူတို့နောက်၌ ရပ်နေသော ရှောင်ယောက်ထျန်းကျွင်းမှ ရုတ်တရက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်ကာ ထိုစစ်မှန်သော အင်မော်တယ်နှစ်ပါးအား အလစ်ဝင်တိုက်လိုက်သောကြောင့်ပင်။