← Chapters

အခန်း (၃၄၁-၃၄၂)

Vol. 25 Ch. 341-342

အခန်း (၃၄၁-၃၄၂)

Vol. 25 Ch. 341-342

‎အခန်း ( ၃၄၁ ) - သစ္စာရှိခွေးက သခင်ကို ပြန်ကိုက်ခြင်း၊ စစ်မှန်သော အင်မော်တယ် ဒေါသအမျက်ခြောင်းခြောင်းထွက်ခြင်း၊ အစာကျွေး လွန်သွားခြင်း

‎

‎

‎

‎ဤသည်မှာ လွန်စွာ ရုတ်တရက်ဆန်လွန်းသော မြင်ကွင်းတစ်ခုပင် ဖြစ်သည်။ စစ်မှန်သော အင်မော်တယ်နှစ်ပါးသည် ရှောင်ယောက်ထျန်းကျွင်း ဖိတ်ခေါ်ထားသည့် အကူအညီများဖြစ်ကြောင်း ထင်ရှားနေသော်လည်း ယခုအခါ ရှောင်ယောက်ထျန်းကျွင်းသည် ရုတ်တရက် တိုက်ခိုက်၍ ထိုစစ်မှန်သော အင်မော်တယ်နှစ်ပါးအား အလစ်အငိုက် လုပ်ကြံလိုက်ပြီ ဖြစ်သည်။

‎

‎

‎ကုချန်သည် ဤမြင်ကွင်းကို နားမလည်နိုင် ဖြစ်သွားရသည်။

‎

‎

‎သို့သော် ရှောင်ယောက်ထျန်းကျွင်းမှ စစ်မှန်သော အင်မော်တယ်နှစ်ပါးကို တိုက်ခိုက်သည်ကို မြင်လိုက်ရသောအခါ မူလက သူတို့အားလုံးကို တစ်ပြိုင်နက် သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ထားသော ကုချန်သည် သူ၏လှုပ်ရှားမှုကို ရပ်တန့်လိုက်ကာ ပွဲထိုင်ကြည့်ရန် ပြင်ဆင်လိုက်လေသည်။

‎

‎

‎ခွေးအချင်းချင်း ပြန်ကိုက်သည့် ဤကဲ့သို့သော ပွဲမျိုးကို အချိန်တိုင်း ကြည့်ရှုခွင့်ရနိုင်သည် မဟုတ်ပေ။

‎

‎

‎" ဘုန်း... "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် သူ၏လက်ဝါးနှစ်ဖက်ကို မြှောက်ကာ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူနှင့် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူတို့၏ ကျောပြင်များကို ရိုက်ချလိုက်လေသည်။ ကြီးမားသော စွမ်းအားတစ်ခုသည် သူ၏ လက်ဝါးများမှတစ်ဆင့် ဒလဟော စီးဆင်းသွားကာ စစ်မှန်သော အင်မော်တယ်နှစ်ပါးကို ချက်ချင်းပင် ညည်းညူသံ ထွက်ပေါ်လာစေခဲ့သည်။

‎

‎

‎" ဟမ် ! "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ အလစ်တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားကြ၏။ သူတို့သည် မယုံနိုင်စရာ ကိစ္စတစ်ခုနှင့် ကြုံတွေ့လိုက်ရသကဲ့သို့၊ သို့တည်းမဟုတ် ကြီးမားသော အရှက်ကွဲမှုကို ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားကာ ရှောင်ယောက်ထျန်းကျွင်းအား ပြိုင်တူ လှည့်ကြည့်လိုက်ကြလေသည်။

‎

‎

‎သူတို့နှစ်ဦးစလုံးသည် အင်မော်တယ်ဘုံမှ မြင့်မြတ်ပြီး တန်ခိုးကြီးမားသော စစ်မှန်သည့် အင်မော်တယ်များ ဖြစ်ကြရာ အောက်ဘုံမှ ပုရွက်ဆိတ်များကို ဘယ်တုန်းကမှ အဖက်လုပ်ခဲ့ခြင်း မရှိပေ။

‎

‎

‎သူတို့၏ မျက်လုံးထဲတွင် ဤအောက်ဘုံမှ အရှင်သခင်များ၊ ထျန်းကျွင်းများသည် သူတို့နှင့် သက်ရှိအဆင့်အတန်းခြင်း မတူညီကြဘဲ အနည်းငယ် ပိုသန်မာသော ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။

‎

‎

‎သို့သော် ယခုအခါ သူတို့သည် သန်မာသော ပုရွက်ဆိတ်တစ်ကောင်၏ ကိုက်ခဲခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

‎

‎

‎ထို့ပြင် ယခင်က သူတို့မျက်လုံးထဲတွင် 'သစ္စာရှိသောခွေး' တစ်ကောင်အဖြစ်သာ ရှိနေခဲ့သော ဤပုရွက်ဆိတ်သည် ယခုအခါ သခင်ကို ပြန်လည်လုပ်ကြံလာခဲ့ပြီ ဖြစ်သည်။ ဤအခြေအနေက စစ်မှန်သော အင်မော်တယ်နှစ်ပါးကို မည်သို့လုပ်၍ အရှက်မကွဲစေဘဲ၊ ဒေါသ မထွက်စေဘဲ နေပါမည်နည်း။

‎

‎

‎" မင်း ရူးသွားပြီလား... ဒီအင်မော်တယ်ကို မင်း ဘယ်လိုသတ္တိနဲ့ တိုက်ခိုက်ရဲတာလဲ "

‎

‎

‎အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် မယုံကြည်နိုင်စွာ ပြောဆိုလိုက်၏။

‎

‎

‎သူသည် ရှောင်ယောက်ထျန်းကျွင်းအား လုံးဝ ရူးသွပ်သွားပြီဟု ခံစားနေရသည်။

‎

‎

‎အကယ်၍ ထျန်းကျွင်းတစ်ပါးမှ အဆင့်တူတစ်ယောက်ကို အလစ်တိုက်ခိုက်လျှင် တိုက်ခိုက်ခံရသူမှာ မသေသည့်တိုင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။

‎

‎

‎သို့သော် ထျန်းကျွင်းတစ်ပါးမှ ခမ်းနားထည်ဝါသည့် စစ်မှန်သော အင်မော်တယ်တစ်ပါးကို အလစ်တိုက်ခိုက်ခြင်းတဲ့လော။

‎

‎

‎စစ်မှန်သော အင်မော်တယ်တစ်ပါးကို ဒဏ်ရာရအောင် လုပ်နိုင်ခြင်းမှာ ကြီးကျယ်သော စွမ်းဆောင်ရည်တစ်ခု ဖြစ်သော်လည်း ထိုထက်ပို၍ ဘာမျှ မဖြစ်နိုင်ပေ။

‎

‎

‎ဒဏ်ရာရသွားသည့် စစ်မှန်သော အင်မော်တယ်သည် စစ်မှန်သော အင်မော်တယ်သာ ဖြစ်နေဆဲပင်။

‎

‎

‎အလစ်တိုက်ခိုက်ခဲ့သော ထျန်းကျွင်းသည်လည်း ထျန်းကျွင်းသာ ဖြစ်နေဆဲပင်။

‎

‎

‎" မင်း မဆိုးပါဘူး... ဒီအင်မော်တယ်ကို ဒဏ်ရာရအောင် လုပ်နိုင်သားပဲ "

‎

‎

‎အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် ရှောင်ယောက်ထျန်းကျွင်းကို ငုံ့ကြည့်လိုက်၏။ သူ၏ ရွှေရောင်မျက်ဝန်းများထဲတွင် အဆုံးမဲ့ အေးစက်မှုများသာ ပြည့်နှက်နေလေသည်။

‎

‎

‎" ဒါပေမဲ့ ဘာဖြစ်လဲ... ဒီအင်မော်တယ်အနေနဲ့ မပြောပလောက်တဲ့ ဒဏ်ရာအနည်းငယ် ရသွားတယ်ထားဦး... မင်းကို သတ်ဖြတ်ရတာကတော့ ပုရွက်ဆိတ်တစ်ကောင်ကို ချေမွပစ်လိုက်ရသလိုမျိုး လွယ်ကူနေတုန်းပဲ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ စွမ်းအားမှာ အမှန်တကယ် မသေးလှပေ။ သို့မဟုတ်ပါက အလစ်တိုက်ခိုက်သည့် အခြေအနေမျိုးတွင်ပင် ဤစစ်မှန်သော အင်မော်တယ်နှစ်ပါးကို ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ချေ။

‎

‎

‎သို့သော် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ အမြင်တွင်မူ ဤမျှလောက်သာ ရှိလေသည်။

‎

‎

‎မည်သို့ပင်ဆိုစေကာမူ သစ္စာဖောက် ရှောင်ယောက်ထျန်းကျွင်းကို ကွပ်မျက်ခြင်း မပြုမီ ဤစစ်မှန်သော အင်မော်တယ်နှစ်ပါးတွင် မေးစရာ မေးခွန်းတစ်ခု ရှိနေသေးသည်။

‎

‎

‎" ဒီအင်မော်တယ်ကို သစ္စာဖောက်ပြီး အင်မော်တယ်တစ်သောင်းမျှော်စင်ကို ကျောခိုင်းရဲအောင် မင်းကို ဘယ်အရာက သတ္တိတွေ ပေးလိုက်တာလဲ "

‎

‎

‎အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ၏ အကြည့်များမှာ ရွေ့လျားသွားကာ အနည်းငယ် တုန်ခါနေသော သူ၏ အေးစက်သည့် လေသံထဲတွင် နားမလည်နိုင်မှု အရိပ်အယောင်များ ပါဝင်နေ၏။

‎

‎

‎သူ အတော်လေး စဉ်းစားရခက်နေခြင်း ဖြစ်သည်။

‎

‎

‎ဒီရှောင်ယောက်ထျန်းကျွင်း ရူးသွားတာများလား။ အင်မော်တယ်တစ်သောင်းမျှော်စင်ကို သူ ဘယ်လိုသတ္တိနဲ့ သစ္စာဖောက်ရဲတာလဲ။ နေရတာ ငြီးငွေ့ပြီး သေချင်နေရင်တောင်မှ ဒီလိုနည်းနဲ့ သေလမ်းရှာစရာ မလိုပါဘူး။

‎

‎

‎" ဟီးဟီး... ဟားဟား... ဟားဟားဟား "

‎

‎

‎စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသော်လည်း ရှောင်ယောက်ထျန်းကျွင်းသည် လုံးဝ ဂရုစိုက်ပုံမရပေ။ ထိုအစား သူ၏မျက်နှာပေါ်တွင် ရူးသွပ်မှု အရိပ်အယောင်များသာ လွှမ်းမိုးလာခဲ့သည်။

‎

‎

‎" သစ္စာဖောက်တယ် ဟုတ်လား... အင်မော်တယ်တစ်သောင်းမျှော်စင်က ဒီထျန်းကျွင်းကို သူတို့လူလို့ တစ်ခါမှ သတ်မှတ်ခဲ့ဖူးတာ မဟုတ်ဘူး... အဲဒီတော့ သစ္စာဖောက်တယ်ဆိုတဲ့ စကားက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ "

‎

‎

‎" ငါအရှင်က မင်းတို့ အင်မော်တယ်တစ်သောင်းမျှော်စင်အတွက် အလုပ်လုပ်ပေးခဲ့တာ နှစ်ပေါင်း တစ်သန်းရှိပြီ... အင်မော်တယ်ဘုံကို ဝင်ရောက်ခွင့် အရည်အချင်းတစ်ခုကလွဲပြီး ဘာမှ မမျှော်ကိုးခဲ့ဘူး... ဒါပေမယ့် အဲဒီ အရည်အချင်းကိုတောင် မင်းတို့ အင်မော်တယ်တစ်သောင်းမျှော်စင်က ငါ့ကို ပေးဖို့ ငြင်းဆန်ခဲ့တယ် "

‎

‎

‎" နှစ်သောင်းချီကြာမှ သက်တမ်းရှည်ဆေး နည်းနည်းလေး ချပေးပြီး... ဒါက ငါအရှင်ကို မင်းတို့ အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ ခွေးတစ်ကောင်လို သဘောထားပြီး လိုရင်ခေါ်၊ မလိုရင်ခေါက်ထား လုပ်နေတာ မဟုတ်ဘူးလား "

‎

‎

‎" ငါအရှင် သည်းခံခဲ့တာ နှစ်ပေါင်း တစ်သန်းကျော်ပြီ... မင်းတို့ အင်မော်တယ်တစ်သောင်းမျှော်စင်က ရက်စက်မှတော့ ငါအရှင် သစ္စာမဲ့တာကို အပြစ်မတင်နဲ့တော့ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ မျက်ဝန်းများထဲတွင် ရူးသွပ်မှုတို့ ပြည့်နှက်နေလေသည်။

‎

‎

‎သူ စောင့်ဆိုင်းခဲ့ရတာ ကြာလွန်းလှပြီ။ ဖိနှိပ်ခံခဲ့ရတာ များလွန်းလှပြီ။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းဆိုတာ ဘယ်သူလဲ။

‎

‎

‎ရှေးခေတ်ကာလကတည်းက အဆုံးမဲ့ကမ္ဘာတွင် မွေးဖွားခဲ့သော အထူးချွန်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ကြီးမြတ်လှသော လူသားဧကရာဇ် ဖူရှီးတောင်မှ နောက်ဆုံးတွင် သူ့၏ ပရိယာယ်အောက် ရောက်ခဲ့ရသည်။

‎

‎

‎ဤအဆုံးမဲ့ကမ္ဘာထဲတွင် လူသားဧကရာဇ် ဖူရှီးပြီးနောက် ထျန်းကျွင်းအဆင့်သို့ ပထမဆုံး ရောက်ရှိခဲ့သူမှာလည်း သူပင် ဖြစ်သည်။

‎

‎

‎ဤအရာအားလုံးသည် အင်မော်တယ် ရွှယ်ကျန်း၏ အကူအညီနှင့် မကင်းသော်လည်း ရှောင်ယောက်ထျန်းကျွင်းကမူ သူ၏ ကိုယ်ပိုင်စွမ်းရည်ကြောင့်သာ ဤအရာအားလုံးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု အမြဲ ယုံကြည်ထားခဲ့သည်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ စိတ်ကူးထဲတွင် သူ့ကဲ့သို့သော ဖြစ်တည်မှုမျိုးသည် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိသတ္တဝါအားလုံး၏ ရိုသေလေးစားမှုကို ခံရမည့်သူ ဖြစ်သည်။

‎

‎

‎အင်မော်တယ်ဘုံသို့ တက်လှမ်းသွားလျှင်ပင် သူသည် ဒေသတစ်ခုကို အုပ်စိုးနိုင်ဦးမည်ဖြစ်ပြီး အင်မော်တယ်ဘုံ၌ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။

‎

‎

‎ဒါပေမဲ့ ရလဒ်က ဘာလဲ။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင်သည် သက်တမ်းရှည်ဆေး ဟူသော အရာကို ဖြတ်တောက်၍ မရနိုင်သော ခွေးလည်ပတ်ကြိုးတစ်ခုကဲ့သို့ အသုံးပြုကာ သူ့အား ရုန်းထွက်မရအောင် ခိုင်မြဲစွာ ချည်နှောင်ထားခဲ့လေသည်။

‎

‎

‎ထိုမျှတင်မကသေးပေ။ အင်မော်တယ်တစ်သောင်းမျှော်စင်မှ ပေးအပ်သော တာဝန်အမျိုးမျိုးကို ရင်ဆိုင်ရတိုင်း ရှောင်ယောက်ထျန်းကျွင်းသည် ပြီးမြောက်အောင် အစွမ်းကုန် ကြိုးစားခဲ့ရသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ ကြောက်ရွံ့သောကြောင့်ပင်။ အင်မော်တယ်တစ်သောင်းမျှော်စင်မှ သက်တမ်းရှည်ဆေး ထပ်မပေးတော့မည်ကို ကြောက်ရွံ့သောကြောင့်ပင်။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် မူလက သူသာ အင်မော်တယ်တစ်သောင်းမျှော်စင်ကို ဝီရိယရှိရှိ အလုပ်အကျွေးပြုပါက နှစ်သိန်းပေါင်းများစွာ ကြာပြီးနောက် အင်မော်တယ်ဘုံသို့ တက်လှမ်းခွင့် အခွင့်အရေးတစ်ခုနှင့် လဲလှယ်နိုင်လိမ့်မည်ဟု တွေးထင်ထားခဲ့သည်။

‎

‎

‎အင်မော်တယ်ဘုံသို့ ရောက်ရှိပြီး သက်တမ်းရှည် အင်မော်တယ်ရာထူးကို ရယူနိုင်ခဲ့သည်နှင့် အင်မော်တယ်တစ်သောင်းမျှော်စင်၏ ထိန်းချုပ်မှုအောက်မှ ရုန်းထွက်နိုင်ကာ စစ်မှန်သော အကန့်အသတ်မဲ့ လွတ်လပ်မှုကို ရယူနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။

‎

‎

‎သို့သော် သူ အင်မော်တယ်တစ်သောင်းမျှော်စင်ကို စတင်အလုပ်အကျွေးပြုချိန်မှစ၍ ယခုဆိုလျှင် နှစ်ပေါင်း တစ်သန်းတိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။

‎

‎

‎ထိုကာလအတွင်း သူသည် အင်မော်တယ်ဘုံသို့ သွားရောက်ခွင့်ပြုရန် ပေါ်တင်ရော၊ တိတ်တဆိတ်ပါ တစ်ကြိမ်မက တောင်းဆိုခဲ့သော်လည်း အားလုံး ငြင်းပယ်ခံခဲ့ရသည်။

‎

‎

‎ဤအခြေအနေရောက်မှသာ ရှောင်ယောက်ထျန်းကျွင်းသည် အင်မော်တယ်တစ်သောင်းမျှော်စင်မှ သူ့အား သူတို့လူအဖြစ် တစ်ခါမျှ မသတ်မှတ်ခဲ့ကြောင်း အမှန်တကယ် နားလည်သဘောပေါက်သွားခဲ့၏။

‎

‎

‎အင်မော်တယ်တစ်သောင်းမျှော်စင်၏ မျက်လုံးထဲတွင် သူသည် အောက်ဘုံမှ သူတို့အတွက် အလုပ်လုပ်ပေးနေသော 'ခွေး' တစ်ကောင်မျှသာ ဖြစ်သည်။

‎

‎

‎သူ မရှိလျှင်တောင်မှ အင်မော်တယ်တစ်သောင်းမျှော်စင်အတွက် မျက်နှာလိုမျက်နှာရ လုပ်ပေးချင်နေသော အခြားခွေးများ များစွာ ရှိနေသေး၏။

‎

‎

‎ဤသို့ နားလည်သဘောပေါက်လိုက်သည့်အတွက်ကြောင့် ရှောင်ယောက်ထျန်းကျွင်းသည် ဤကဲ့သို့စတင်ကြံစည်၍ အကွက်ချစီစဉ်ခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ယခုအခါ သည်းခံစောင့်ဆိုင်းခဲ့ရသော ကာလရှည်ကြီးကြာပြီးနောက် ရိတ်သိမ်းရမည့်အချိန်သို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

‎

‎

‎" ငါတို့ အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ ခွေးတစ်ကောင်ဖြစ်နေပြီးတော့များ မင်းက ညည်းညူရဲသေးတယ်ပေါ့ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ ရူးသွပ်သော စကားများကို ကြားလိုက်ရသောအခါ အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူနှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့ နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အလွန်အမင်း အထင်သေးရွံရှာသော အမူအရာများ ပေါ်လာလေသည်။

‎

‎

‎" အော်... ငါတို့ အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ ခွေးဖြစ်ရတာ မင်းအတွက် မလုံလောက်သေးဘူးပေါ့လေ... ဒီအောက်ဘုံက လူအတော်များများ ငါတို့ အင်မော်တယ်တစ်သောင်းမျှော်စင်ရဲ့ ခွေးဖြစ်ချင်နေကြပေမယ့် အခွင့်အရေးမရကြဘူးဆိုတာ မင်း သိရဲ့လား "

‎

‎

‎အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူမှ အေးစက်စွာ ပြောဆိုလိုက်၏။

‎

‎

‎" ဟက်... ခွေးတစ်ကောင်ကို အစာအလွန်အကျွံ မကျွေးသင့်ဘူးဆိုတာ အမှန်ပဲ... ဗိုက်ဝပြီး အသက်ရှင်ရုံလောက်ပဲ စားရတဲ့ခွေးကမှ ဘယ်တော့မှ သစ္စာမဖောက်ဘဲ သစ္စာရှိတဲ့ခွေးကောင်း ဖြစ်လာမှာ... မင်းလိုခွေးက အစာစားလွန်သွားလို့ သခင်ကို ပြန်လုပ်ကြံချင်တဲ့ စိတ်တွေ ပေါက်ဖွားလာခဲ့တာပဲ "

‎

‎

‎အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် မဲ့ပြုံးပြုံးလိုက်၏။ သူ၏လက်ထဲရှိ အင်မော်တယ်မျှော်စင် လည်ပတ်သွားနှင့် အင်မော်တယ်နဂါးချီစွမ်းအင်များ ဖြာကျလာကာ ရှောင်ယောက်ထျန်းကျွင်းကို လှုပ်ရှားမရအောင် တင်းကျပ်စွာ ချည်နှောင်ပစ်မည့်အလား ဝင်ရောက်စီးဆင်းသွားလေတော့သည်။

‎အခန်း ( ၃၄၂ ) - ရှောင်ယောက်၏ နောက်ဆုံးဝှက်ဖဲ၊ အင်မော်တယ်ဘုရင်၏ နှလုံးသားနှင့် ခေတ်ကာလ ရေစီးကြောင်း

‎

‎

‎

‎သို့သော် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ရှောင်ယောက်ထျန်းကျွင်းသည် အနည်းငယ်မျှ ခုခံခြင်းမပြုဘဲ အင်မော်တယ်နဂါးချီစွမ်းအင်များ သူ့ကို တင်းကျပ်စွာ ချည်နှောင်သည်ကို အလိုက်သင့် ခံယူလိုက်လေသည်။

‎

‎

‎ထိုအရာမြင်လျှင် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူမှာ မျက်မှောင်ကြုတ်သွား၏။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းမှ သူ့ကို ပြန်တိုက်ခိုက်၍ အင်မော်တယ်တစ်သောင်းမျှော်စင်အား ပုန်ကန်ရဲသည်မှာ လုံးဝ ရူးသွပ်နေသည်ဟု သူ ထင်ခဲ့မိသည်။

‎

‎

‎သို့သော် ခုခံမှုမရှိဘဲ အဖမ်းခံလိုက်သည်ကို မြင်သောအခါ တစ်ခုခု လွဲနေသည်ဟု အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ ခံစားလိုက်ရသည်။

‎

‎

‎အကယ်၍ ယခုလို လွယ်လွယ်လေး အဖမ်းခံလိုက်မည် ဆိုပါက စောစောက အဘယ်ကြောင့် ရုတ်တရက် ထ၍ ပြန်တိုက်ခိုက်နေသေးသနည်း။

‎

‎

‎တကယ်ပဲ နေရတာ ငြီးငွေ့ပြီး သေချင်နေတာလား။

‎

‎

‎မည်သို့ပင်ဆိုစေ ထျန်းကျွင်းအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်ခဲ့သည့် ဖြစ်တည်မှုတစ်ခုသည် ဤမျှတော့ အူကြောင်ကြား မဖြစ်သင့်ပေ။

‎

‎

‎" သေလိုက်တော့..... "

‎

‎

‎အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ အတွေးနက်နေချိန်တွင် ဘေးရှိ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူကမူ သိပ်အများကြီး တွေးမနေတော့ပေ။

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း အချုပ်ခံလိုက်ရသည်ကို မြင်သည်နှင့် လက်ထဲရှိ အင်မော်တယ်မျှော်စင်ကို ချက်ချင်းပင် ပစ်လွှတ် ရိုက်ချလိုက်တော့သည်။ ဤသည်မှာ ရှောင်ယောက်ထျန်းကျွင်းကို တိုက်ရိုက် ပြာကျစေပြီး နတ်ဘုရားဝိညာဉ်ပါ ပျက်စီးသွားအောင် လုပ်ဆောင်လိုက်ခြင်းပင်။

‎

‎

‎" ငါအရှင်က ပြန်တိုက်ခိုက်ရဲမှတော့ နောက်ကွယ်မှာ ပြင်ဆင်ထားတာ ဘာမှမရှိဘဲ နေမယ်လို့ မင်းတို့ ထင်နေတာလား "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏နှုတ်မှ အသံနက်ကြီးတစ်ခု ထွက်ပေါ်လာ၏။

‎

‎

‎အင်မော်တယ်မျှော်စင်မှ သူ့အား ဖုန်မှုန့်ဖြစ်သွားအောင် ရိုက်ချတော့မည့်ဆဲဆဲ ဖြစ်နေသော်လည်း ရှောင်ယောက်ထျန်းကျွင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။

‎

‎

‎အမှန်စင်စစ် သူသည် ဤမျှလောက် ကြာရှည်စွာ သည်းခံစောင့်ဆိုင်းလာခဲ့ပြီး ယနေ့မှ လှုပ်ရှားရဲသည်ဖြစ်ရာ မည်သို့လုပ်၍ ပြည့်စုံသော ပြင်ဆင်မှုများ မရှိဘဲ နေပါမည်နည်း။

‎

‎

‎" ဒုန်း...! ဒုန်း...! ဒုန်း...! "

‎

‎

‎နှလုံးခုန်သံကဲ့သို့ အားကောင်းသော အသံတစ်ခုသည် ရှောင်ယောက်ထျန်းကျွင်း၏ ရင်ဘတ်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။

‎

‎

‎စည်တီးသံကဲ့သို့ နှလုံးခုန်သံ တစ်ချက်ချင်းစီတွင် ရှင်းပြ၍မရသော ဆန်းကြယ်သည့် စွမ်းအားတစ်ခု ပါဝင်နေသယောင် ရှိသည်။ အသံထွက်ပေါ်လာတိုင်း စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ နှလုံးသားကို ရိုက်ခတ်သွားကာ သူတို့၏နှလုံးသားများကိုပါ အလိုအလျောက် ကျုံ့သွားစေ၏။

‎

‎

‎သူတို့နှစ်ဦး ရှောင်ယောက်ထျန်းကျွင်း၏ ရင်ဘတ်ကို ချက်ချင်း စိုက်ကြည့်လိုက်ကြသည်။

‎

‎

‎အသားများနှင့် သွေးများကြားထဲတွင် မည်းနက်နေသော နှလုံးသားတစ်ခု ရှောင်ယောက်ထျန်းကျွင်း၏ ရင်ဘတ်ထဲ၌ အားကောင်းမောင်းသန် ခုန်လှုပ်နေသည်ကို တွေ့လိုက်ရသည်။

‎

‎

‎ထိုအမည်းရောင်နှလုံးသား၏ မျက်နှာပြင်ပေါ်တွင် တာအိုချည်နှောင်ကြိုးများ ရှုပ်ယှက်ခတ်စွာ သိုင်းဖွဲ့ထားလေသည်။

‎

‎

‎ထိုတာအိုကြိုးများသည် အမည်းရောင်နှလုံးသားကို တင်းကျပ်စွာ ချည်နှောင်ထားပြီး အများစုမှာ နှလုံးသားအသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်နေကာ နှလုံးသားထဲမှ ထွက်ပေါ်လာသော မီးခိုးရောင် မြူခိုးများကို တင်းကျပ်စွာ ပိတ်လှောင်ထားလေသည်။

‎

‎

‎သို့သော် နှလုံးသားမျက်နှာပြင်ပေါ်ရှိ ကြိုးအများစုမှာ ပြေလျော့နေပြီဖြစ်ပြီး အနည်းငယ်လောက်သာ ကျန်ရှိတော့သည်ကို ဝိုးတဝါး မြင်တွေ့နေရသည်။

‎

‎

‎ဒါက ဘာကြီးလဲ။

‎

‎

‎အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူနှင့် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူတို့ နှစ်ဦးစလုံး နားမလည်နိုင် ဖြစ်သွားကြသည်။

‎

‎

‎ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မမြင်ဖူးသလို ရှောင်ယောက်ထျန်းကျွင်း၏ ရင်ဘတ်ထဲ၌ အဘယ်ကြောင့် ရုတ်တရက် ပေါ်လာရသည်ကိုလည်း မသိရှိကြပေ။

‎

‎

‎သို့သော် သေချာသည့် အချက်တစ်ခုမှာ ဤအမည်းရောင်နှလုံးသားသည် ရှောင်ယောက်ထျန်းကျွင်းထံမှ မဟုတ်ဘဲ အမည်မသိနေရာတစ်ခုမှ ရှာဖွေတွေ့ရှိထားသည့် အရာတစ်ခုဖြစ်ကြောင်း အတည်ပြုနိုင်ခြင်းပင်။

‎

‎

‎ဇာစ်မြစ်မသိရသော နှလုံးသားတစ်ခုမှာ ဘာများ အသုံးဝင်မည်နည်း။

‎

‎

‎စစ်မှန်သော အင်မော်တယ်နှစ်ပါးစလုံးသည် အထင်သေးသွားကြ၏။ ရှောင်ယောက်ထျန်းကျွင်းသည် လမ်းဆုံးရောက်နေ၍ ဖြစ်ကတတ်ဆန်း လုပ်ဆောင်နေခြင်းဟု ထင်မှတ်လိုက်ကြသည်။

‎

‎

‎သို့သော် နောက်တစ်ခဏ၌ပင် ရှောင်ယောက်ထျန်းကျွင်း၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာကာ သူ၏လက်ကို ရင်ဘတ်ထဲ ထိုးထည့်လျက် ထိုနှလုံးသားကို ဆွဲထုတ်လိုက်လေသည်။

‎

‎

‎တပြိုင်နက်တည်းမှာပင် နက်ရှိုင်းသော အမည်းရောင်အလင်းတန်းများ ထိုနှလုံးသားထဲမှ ပေါက်ကွဲထွက်လာ၍ အလင်းမဲ့နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားကာ စစ်မှန်သော အင်မော်တယ်နှစ်ပါး အပါအဝင် ဟွမ်သွမ့်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားလေတော့သည်။

‎

‎

‎" ငါအရှင်က ဒီလောက်ကြာအောင် သည်းခံပြီး စီစဉ်လာခဲ့တာ... မင်းတို့နှစ်ယောက်က လွယ်လွယ်လေး ခုခံနိုင်မယ် ထင်နေတာလား... စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးကို ယဇ်ကောင်အဖြစ် အသုံးပြုလိုက်ရင် ဒီအင်မော်တယ်ဘုရင် နှလုံးသားပေါ်က တာအိုချည်နှောင်ကြိုးတွေကို လုံးဝ ဖယ်ရှားပစ်ဖို့ လုံလောက်သွားလိမ့်မယ် "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် ရက်စက်စွာ ရယ်မောလိုက်၏။

‎

‎

‎ထို့နောက် သူ၏လက်ဝါးထဲရှိ အမည်းရောင်နှလုံးသားဆီမှ အမည်းရောင်အလင်းတန်း နှစ်ခု ရုတ်တရက် ပစ်လွှတ်လိုက်သည်။ ထိုအလင်းတန်းများသည် သူ့ကို ချည်နှောင်ထားသော အင်မော်တယ်နဂါးချီစွမ်းအင်များကို စုတ်ဖြဲပစ်လိုက်ရုံမကဘဲ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ ရိုက်ချလိုက်သည့် အင်မော်တယ်မျှော်စင်ကိုပါ အကြမ်းပတမ်း ရိုက်ထုတ်ပစ်လိုက်လေသည်။

‎

‎

‎" ဟမ် ! "

‎

‎

‎အင်မော်တယ်မျှော်စင်မှာ အရာမထင်ဘဲ ပြန်ကန်ထွက်လာသည်ကို မြင်သောအခါ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ အေးစက်သော မျက်နှာထားမှာ ရှားရှားပါးပါး လေးနက်သွားသည်ကို တွေ့မြင်လိုက်ရသည်။

‎

‎

‎ဒီအမည်းရောင်နှလုံးသားက နည်းနည်းတော့ ဆိုးရွားနေပြီ။ ပြီးတော့ ဒီပုရွက်ဆိတ်ကောင် ဘာပြောလိုက်တာလဲ။ အင်မော်တယ်ဘုရင်ရဲ့ နှလုံးသား ဟုတ်လား။

‎

‎

‎စစ်မှန်သော အင်မော်တယ်တစ်ပါးအနေဖြင့် အင်မော်တယ်ဘုရင်ဆိုသည်မှာ မည်မျှ ကြီးကျယ်ခမ်းနားသော ဖြစ်တည်မှုမျိုးလဲ ဆိုသည်ကို သူ ကောင်းစွာ သိရှိ၏။

‎

‎

‎သို့သော် ခမ်းနားထည်ဝါသော အင်မော်တယ်ဘုရင်တစ်ပါး၏ နှလုံးသားသည် ဤပုရွက်ဆိတ်ကောင်လက်ထဲ မည်သို့လုပ်၍ ရောက်နေရသနည်း။

‎

‎

‎" သိချင်မနေနဲ့တော့... မင်းတို့က သေလူတွေ ဖြစ်သွားပြီပဲ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်းသည် အေးစက်စွာ ပြောလိုက်ကာ အမည်းရောင်နှလုံးသားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်၏။ ချက်ချင်းဆိုသလို နောက်ထပ် အမည်းရောင်အလင်းတန်းများ ပစ်လွှတ်လိုက်ကာ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူနှင့် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူတို့ထံ တိုးဝင်သွားလေသည်။

‎

‎

‎ထိုအခြေအနေကို မြင်သောအခါ စစ်မှန်သော အင်မော်တယ်နှစ်ပါးသည် အင်မော်တယ်လက်နက်များဖြင့် ကာကွယ်ရန် အလိုအလျောက် ကြိုးစားလိုက်ကြ၏။

‎

‎

‎သို့သော် ထိုအမည်းရောင်အလင်းတန်းများသည် စစ်မှန်သော အင်မော်တယ်အဆင့်ထက် များစွာသာလွန်သော စွမ်းအားများ ပါဝင်နေသကဲ့သို့ အင်မော်တယ်လက်နက်များကို ချက်ချင်း ဖောက်ထွင်းလိုက်ကာ စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်၌ပင် သူတို့၏ခန္ဓာကိုယ်များကိုပါ ထွင်းဖောက်သွားလေတော့သည်။

‎

‎

‎ထို့နောက် ခန္ဓာကိုယ်ကို ဖောက်ထွင်းထားသော အမည်းရောင်အလင်းတန်းများသည် အသိစိတ်ရှိနေသကဲ့သို့ ပိုက်လိုင်းတစ်ခုသဖွယ် ဖြစ်သွားပြန်ကာ စစ်မှန်သော အင်မော်တယ်နှစ်ပါးနှင့် အမည်းရောင်နှလုံးသားကို ဆက်သွယ်ပေးလိုက်၏။

‎

‎

‎နောက်တစ်ခဏ၌ပင် စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ ခန္ဓာကိုယ်ထဲမှ စစ်မှန်သော တာအိုများနှင့် စွမ်းအားများသည် အမည်းရောင်အလင်းတန်းတစ်လျှောက် စီးဆင်းသွားကာ အမည်းရောင်နှလုံးသားဆီသို့ အရူးအမူး ဝင်ရောက်သွားလေတော့သည်။

‎

‎

‎" ဘာကြီးလဲ..... "

‎

‎

‎စစ်မှန်သော အင်မော်တယ်နှစ်ပါး၏ မျက်နှာများမှာ ဖြူဖပ်ဖြူရော ဖြစ်သွားကြသည်။ အမည်းရောင်နှလုံးသားသည် ဆန်းကြယ်သော မှော်စွမ်းအားတစ်ခု ရှိနေသကဲ့သို့ သူတို့၏ စွမ်းအားများကို အရူးအမူး စုပ်ယူနေကာ အရိုးထဲစွဲနေသည့် လောက်ကောင်များပမာ လုံးဝ ခါထုတ်၍မရအောင် ဖြစ်နေ၏။

‎

‎

‎" စစ်မှန်တဲ့ အင်မော်တယ်တွေ ဟုတ်လား... ဟားဟားဟား... ငါအရှင်က ကပ်ပေါင်းများစွာ ကြာအောင် တွက်ချက်ပြီး စုဆောင်းထားတဲ့ အရှိန်အဟုန်ကို မင်းတို့လို စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးလောက်က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ အပြုံးသည် ရူးသွပ်နေသကဲ့သို့ ဖြစ်နေသည်။

‎

‎

‎သူ လက်ထဲရှိ အင်မော်တယ်ဘုရင် နှလုံးသားကို ပြင်းထန်စွာ ညှစ်လိုက်သည်နှင့် နှလုံးသားပေါ်တွင် လူမျက်နှာပေါင်း ရာနှင့်ချီပြီး တလှည့်စီ ပေါ်လာသည်ကို ဝိုးတဝါး မြင်လိုက်ရသည်။

‎

‎

‎ထိုမျက်နှာများအားလုံးသည် ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့နေကြ၏။ ထိုအထဲတွင် လုကျားနှင့် လုယီတို့၏ မျက်နှာကိုပါ ကုချန် ရိပ်ခနဲ တွေ့လိုက်ရသည်။

‎

‎

‎ကျန်သောမျက်နှာများကိုမူ ကုချန် တစ်ခါမျှ မမြင်ဖူးပေမယ့် အချို့သော မျက်နှာများကို အဆုံးမဲ့ကမ္ဘာ၏ သမိုင်းမှတ်တမ်းများထဲတွင် အပိုင်းအစများအဖြစ် မြင်ဖူးခဲ့သည်။

‎

‎

‎ထိုသူများသည် အဆုံးမဲ့ကမ္ဘာ၏ ယခင်ခေတ်က အရှင်သခင်အဆင့် ရှိခဲ့ဖူးသူများ ဖြစ်ကြသည်။

‎

‎

‎" နှစ်ပေါင်း တစ်သန်း... အချိန်အတိအကျဆို နှစ်ပေါင်း တစ်သန်းတောင် ရှိခဲ့ပြီ... ဒီနှစ်သန်းပေါင်းများစွာကို ငါအရှင် ဘယ်လို ကုန်ဆုံးခဲ့ရလဲဆိုတာ မင်းတို့ သိလား "

‎

‎

‎ရှောင်ယောက်ထျန်းကျွင်း၏ မျက်လုံးများသည် နီရဲနေကာ သူ၏ အသက်ရှူသံပြင်းပြင်းများထဲတွင် ဖိနှိပ်ထား၍ မရနိုင်သော ကျေနပ်အားရမှုများ ပါဝင်နေသည်။

‎

‎

‎" ဒီနှစ်ပေါင်း တစ်သန်းလုံး ငါအရှင်က မင်းတို့ အင်မော်တယ်တစ်သောင်းမျှော်စင်ကို အလုပ်အကျွေးပြုခဲ့တယ်... မင်းတို့ မျက်လုံးထဲမှာတော့ ငါက အမြီးနန့်ပြနေတဲ့ ခွေးလိမ္မာလေးတစ်ကောင်ပေါ့ ဟုတ်လား... ဒါပေမဲ့ မင်းတို့ မသိတာက ဒီနှစ်ပေါင်းများစွာအတွင်းမှာ ဒီထျန်းကျွင်းက အမြဲတမ်း စီစဉ်နေခဲ့တာပဲ.....

‎

‎အောက်ဘုံကို ရိတ်သိမ်းဖို့ ငါက တိတ်တဆိတ် ကူညီပေးခဲ့ပေမယ့် ရိတ်သိမ်းရရှိတဲ့ အထွတ်အထိပ်ဆေးဝါး တချို့ကို ငါ့ကိုယ်ကျိုးအတွက် ဖယ်ထားခဲ့တယ်ဆိုတာ မင်းတို့ ဘယ်သိပါ့မလဲ... ဟားဟားဟား... အဆုံးမဲ့နှစ်ကာလတွေအတွင်း စုဆောင်းလာခဲ့တဲ့ ရလဒ်တွေက ဒီထျန်းကျွင်းကို ပြန်လည်ခုခံနိုင်တဲ့ စွမ်းအားတွေ ပေးစွမ်းလိုက်ပြီ.....

‎

‎တကယ်တော့ သေချာပေါက် အောင်မြင်ဖို့အတွက် နောက်ထပ် အချိန်တစ်ခုလောက် စောင့်ပြီး ဆက်စုဆောင်းဖို့ ရည်ရွယ်ထားခဲ့တာ... ဒါပေမဲ့ အခုတော့ အချိန်မတိုင်ခင် လှုပ်ရှားလိုက်ရတော့မယ်... ဒါပေမဲ့ မင်းတို့နှစ်ယောက်ကို အာဟာရအဖြစ် အသုံးပြုလိုက်ရင် ဒီထျန်းကျွင်းရဲ့ စီမံကိန်းနောက်တစ်ဆင့်ကို ဆက်လုပ်ဖို့ လုံလောက်ပါတယ် "

All Chapters