အခန်း (၃၄၅-၃၄၆)
Vol. 25 Ch. 345-346
အခန်း ( ၃၄၅ ) - လုံးဝ ရူးသွပ်သွားခြင်း၊ ဤအင်မော်တယ်သည် ခံစားချက်မဲ့သွားပြီ
ယခုအချိန်တွင် ရှောင်ယောက်ထျန်းကျွင်း၏ အခြေအနေမှာ အလွန်ပင် ထူးဆန်းနေလေသည်။
သူ၏ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ ပုံရိပ်ယောင် မျက်နှာရာပေါင်းများစွာ ဖောင်းကြွထွက်ပေါ်လာပြီး လွတ်မြောက်ရန် ရုန်းကန်နေရုံသာမက၊ သူ၏ ပခုံးနှင့် လည်ပင်းတို့တွင်လည်း အသားပို အဖုအကျိတ်ကြီးများ ထွက်ပေါ်လာကာ ၎င်းတို့အတွင်း၌လည်း မျက်နှာများက ရုန်းကန်လှုပ်ရှားနေကြသည်။ ထိုမျက်နှာများသည် ရှောင်ယောက်ထျန်းကျွင်း၏ ဦးခေါင်းနှင့်အပြိုင် ဦးခေါင်းအသစ်များအဖြစ် ဖြစ်တည်လာရန် ကြိုးစားနေသကဲ့သို့ပင်။
ဤကဲ့သို့သော အင်မော်တယ်တက်လှမ်းခြင်းမျိုးသည် အင်မော်တယ်ကမ္ဘာတွင် မဆိုထားနှင့်၊ နတ်ဆိုးနယ်မြေတွင်ပင်လျှင် ရူးသွပ်သူနှင့် သဘာဝလွန် ဖြစ်တည်မှုတစ်ခုအဖြစ် ရှုမြင်ခံရနိုင်ပေသည်။
" ငါ ထျန်းကျွင်း ပြောပြီးပြီလေ... အတူတကွ အင်မော်တယ်တက်လှမ်းမယ်... အတူတကွ အင်မော်တယ်တက်လှမ်းမယ်လို့! မင်းတို့အားလုံးက ဘာလို့ ဒီလောက်တောင် လောနေရတာလဲ? ငါ ထျန်းကျွင်း အောင်မြင်မှသာ မင်းတို့လည်း အောင်မြင်နိုင်မှာပေါ့! "
ရှောင်ယောက်ထျန်းကျွင်း၏ မျက်နှာမှာ ရှုံ့မဲ့နေကာ သူနှင့်မသက်ဆိုင်သော ခန္ဓာကိုယ်အတွင်းရှိ ကြွင်းကျန်နေသည့် အတွေးစွမ်းအားများကို အပြင်းအထန် ဖိနှိပ်ထားရန် ကြိုးစားနေလေသည်။
ကုချန်သည် ထိုအရာအားလုံးကို ဘေးမှနေ၍ ရှင်းလင်းစွာ စောင့်ကြည့်နေ၏။
အထွတ်အထိပ်အရှင် ရာပေါင်းများစွာ၏ တာအိုသဘောတရားများထဲတွင် ကျန်ရစ်နေသော အတွေးများ ရှိနေသေးသော်ငြား၊ နှစ်သောင်းပေါင်းများစွာကြာအောင် ရှောင်ယောက်ထျန်းကျွင်း၏ ဇွဲလုံ့လဖြင့် ဖယ်ရှားမှုများကြောင့် အမှန်တကယ်တွင် သူ၏ နတ်ဘုရားအသိစိတ်ကို သိသိသာသာ သက်ရောက်နိုင်စွမ်း မရှိတော့ချေ။
ယခုအခါ ၎င်းတို့သည် 'အင်မော်တယ်ဘုရင်၏ နှလုံးသား' ၏ လွှမ်းမိုးမှုနှင့် ချဲ့ထွင်မှုကြောင့်သာ ပြန်လည်နိုးကြွလာကာ လိမ်ကောက်နေသော ကြွင်းကျန်အတွေးများဖြင့် ပြည့်နှက်လာခြင်း ဖြစ်သည်။
သို့သော် ရှောင်ယောက်ထျန်းကျွင်းအနေဖြင့် ဤအရာကို လုံးဝ ရှောင်လွှဲ၍ မရနိုင်ပေ။
အကြောင်းမှာ ဤအင်မော်တယ်တက်လှမ်းခြင်း နယ်မြေကို တည်ဆောက်ရန်အတွက် သူသည် ရေငတ်ပြေစေရန် အဆိပ်ကိုသောက်ရသကဲ့သို့ အင်မော်တယ်ဘုရင်၏ နှလုံးသားစွမ်းအားကို မှီခိုရသောကြောင့် ဖြစ်သည်။ ရှေ့တွင် လမ်းဆုံးဖြစ်နေကြောင်းကို သူသိထားသော်ငြား တည့်တည့်သာ တိုးဝင်သွားရုံမှတစ်ပါး အခြားမရှိတော့ချေ။
" ပြန်ဝင်သွား! မင်းတို့အားလုံး ပြန်ဝင်သွားကြစမ်း! "
ရှောင်ယောက်ထျန်းကျွင်း ဒေါသတကြီး အော်ဟစ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အနှံ့မှ တာအိုသဘောတရား သံကြိုးများ ထွက်ပေါ်လာကာ ထိုပုံရိပ်ယောင် မျက်နှာများအားလုံးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်ဖိသိပ်ထည့်လိုက်လေ၏။
သို့သော် ဤကဲ့သို့ ပြင်းထန်သော ဖိအားအောက်တွင် သူ၏ ပခုံးနှင့် လည်ပင်းရှိ အသားပို အဖုအကျိတ်ကြီးများဆီမှ မျက်နှာသစ်များ ရုတ်တရက် ထွက်ပေါ်လာကာ အသားစများအောက်မှ အတင်းတိုးထွက်လာကြပြန်သည်။
" အင်မော်တယ်တက်လှမ်းမယ်... အင်မော်တယ်တက်လှမ်းမယ်! "
" မင်းက အင်မော်တယ်တက်လှမ်းနိုင်ပြီး ငါက ဘာလို့ မရရမှာလဲ? ငါတို့အားလုံး အတူတကွ အင်မော်တယ်တက်လှမ်းရမယ်! "
" လူယုတ်မာအိုကြီး! ငါတို့ကို ထားရစ်ခဲ့ပြီး မင်းချည်းပဲ အင်မော်တယ်တက်လှမ်းဖို့တော့ မစဥ်းစားနဲ့! "
ကျိန်စာတိုက်လုနီးပါး ရူးသွပ်သော တီးတိုးရေရွတ်သံများသည် ထိုလိမ်ကောက်နေသော မျက်နှာများဆီမှ ထွက်ပေါ်လာလေသည်။
သို့သော် ရှောင်ယောက်ထျန်းကျွင်းသည် ဂရုမစိုက်နိုင်တော့ချေ။ ဤအခိုက်အတန့်တွင် သူသည် သန့်စင်သော နယ်မြေမှ စွမ်းအားများကို အပြင်းအထန် စုပ်ယူနေကာ သူ၏ အင်မော်တယ်တက်လှမ်းခြင်း အခွင့်အရေးကို နားလည်သဘောပေါက်ရန် ကြိုးစားနေလေ၏။
" ဟိုကောင်လေး... ငါတို့ကို ကယ်တင်ပေးပါ... မင်းရဲ့ ကုသိုလ်ကံက အတိုင်းအဆမရှိ ကြီးမားလိမ့်မယ်! "
အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် ရှောင်ယောက်ထျန်းကျွင်း ရူးသွပ်နေကာ လတ်တလောတွင် သူတို့ကို ဂရုမစိုက်နိုင်သည်ကို မြင်သောအခါ ကုချန်ဘက်သို့ လှည့်၍ ကျယ်လောင်စွာ ပြောလိုက်သည်။
" မင်း ငါတို့နှစ်ယောက်ကို ကယ်တင်ပေးမယ်ဆိုရင် ငါတို့က အင်မော်တယ်တစ်သောင်းမျှော်စင်ကို အမှန်အတိုင်း သေချာပေါက် တင်ပြပေးမယ်... မင်းရဲ့ အပြစ်တွေကို ဖြေရှင်းပေးပြီး ထာဝရအသက်ရှင်ခြင်းနဲ့ အင်မော်တယ်ကမ္ဘာကို တက်လှမ်းခွင့်တောင် ပေးသနားလို့ရတယ်! "
" ဟုတ်တယ်! ငါတို့ကို ကယ်တင်လိုက်... မင်း တာအိုအောင်မြင်ပြီး ကောင်းကင်ဘုံကို တက်လှမ်းနိုင်လိမ့်မယ်... အနာဂတ်က အတိုင်းအဆမရှိ တောက်ပသွားမှာ! "
ဘေးမှ အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူကလည်း မြူဆွယ်သွေးဆောင်ရန် ကြိုးစားလေသည်။
သူတို့နှစ်ဦးမှာ တကယ်ကို မျှော်လင့်ချက်မဲ့နေပြီ ဖြစ်သည်။ ယခုအခါ အင်မော်တယ်ဘုရင်၏ နှလုံးသားမှ ထွက်ပေါ်လာသော အနက်ရောင်အလင်းတန်းများ၏ ရစ်ပတ်ချည်နှောင်မှုကြောင့် သူတို့သည် မလှုပ်ရှားနိုင်တော့ဘဲ လွတ်မြောက်ရန် မျှော်လင့်ချက်ကို ကုချန်အပေါ်တွင်သာ ပုံအပ်ထားရတော့သည်။
သူတို့သည် စည်းကမ်းချက်အချို့ဖြင့် ကုချန်အား စည်းရုံးနိုင်ရန်နှင့် သူတို့ကို ကယ်တင်လာစေရန် မျှော်လင့်နေကြသည်။
သို့သော် အင်မော်တယ်တစ်သောင်းမျှော်စင်မှ ဤစစ်မှန်သော အင်မော်တယ်နှစ်ပါး၏ မြူဆွယ်သွေးဆောင်မှုများကို ရင်ဆိုင်ရချိန်တွင် ကုချန်မှာ သဘာဝကျစွာပင် တုန်လှုပ်မှုမရှိသည့်အပြင် အနည်းငယ်ပင် ရယ်ချင်နေမိသေးသည်။
အင်မော်တယ်တစ်သောင်းမျှော်စင်?
သူ၏ လက်ရှိစွမ်းအားနှင့် အခြေခံအရ အင်မော်တယ်တစ်သောင်းမျှော်စင်ထံမှ မျက်နှာသာပေးမှုနှင့် ထောက်ပံ့မှုများကို ဘာကြောင့် လိုအပ်နေဦးမည်နည်း။
နတ်ဆိုးနယ်မြေရှိ ရှီမိုကောင်းကင်တစ်ခုလုံးကပင် သူ့အား ဒူးထောက်ခစားနေရပြီဖြစ်ရာ အင်မော်တယ်တစ်သောင်းမျှော်စင်လောက်ကို အဘယ်ကြောင့် အလေးထားရမည်နည်း။
အင်မော်တယ်တစ်သောင်းမျှော်စင်မှ ဤစစ်မှန်သော အင်မော်တယ်နှစ်ပါးမှာ သူတို့ကိုယ်သူတို့ ဝူထုံသစ်ကိုင်းပေါ်တွင် နားခိုနေသော ဖီးနစ်ငှက်များအဖြစ် ထင်မှတ်နေဆဲ ဖြစ်သော်လည်း ကုချန်၏ မျက်လုံးထဲတွင်မူ သူတို့သည် မြေပေါ်ကျနေသော တောကြက်ရိုင်းများလောက်ပင် မစွမ်းသာပေ။
ကုချန် တုန်လှုပ်သွားခြင်း မရှိသည်ကို မြင်သောအခါ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်တစ်ခု ပေါ်လာကာ မအော်ဟစ်ဘဲ မနေနိုင်တော့ချေ။
" မင်း ဘာတွေစဥ်းစားနေသေးတာလဲ? ခုနက ဟိုလူယုတ်မာ ပြောတာကို မင်းကြားတယ်မလား... ငါတို့သေသွားရင် သူက အရာအားလုံးကို မင်းအပေါ် ပုံချလိမ့်မယ်!
အရာအားလုံးကို မင်းအပေါ် ပုံချပြီးသွားရင် အဲဒီလူယုတ်မာက မင်းကိုမသတ်ဘဲ ထွက်ပြေးခွင့်ပြုလိမ့်မယ်လို့ မင်းထင်နေတာလား? အလကား မျှော်လင့်နေတာပဲ!
ဆန့်ကျင်ဘက်အနေနဲ့ သူက မင်းကို သေချာပေါက် သတ်မှာပဲ... မင်းကို လုံးဝ ထွက်ပြေးခွင့်ပေးမှာ မဟုတ်ဘူး!
စဥ်းစားကြည့်စမ်း... တကယ်လို့ အင်မော်တယ်တစ်သောင်းမျှော်စင်က နောက်ပိုင်းမှာ လူလွှတ်ပြီး မင်းကိုဖမ်းခိုင်းမယ်... ပြီးတော့ ဒီအဖြစ်အပျက်တွေရဲ့ အမှန်တရားကို စုံစမ်းမယ်ဆိုရင် အဲဒီလူယုတ်မာက လွတ်မြောက်နိုင်ပါဦးမလား?
ဒါကြောင့် သူ့အတွက် အကောင်းဆုံးရွေးချယ်မှုက အရာအားလုံးကို မင်းအပေါ် ပုံချပြီး တစ်ချိန်တည်းမှာပဲ နောင်လာမယ့် ပြဿနာတွေကို ထာဝရ ဖြေရှင်းဖို့ မင်းကို သတ်ပစ်တာပဲ! "
အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် ကုချန်အား စည်းရုံးနိုင်ရန် မျှော်လင့်ချက်ဖြင့် ပြောဆိုလေသည်။ သို့သော်လည်း ကုချန်မှ လုံးဝ တုန်လှုပ်ခြင်း မရှိသည်ကို မြင်သောအခါ သူသည် အနည်းငယ် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရသည်။
" သေသင့်တဲ့ သရဲတစ်ကောင်ကို စကားကောင်းတွေနဲ့ အကြံပေးဖို့ဆိုတာ ခက်ခဲတာပဲ... ဒီလိုဖြစ်နေမှတော့ မင်း သေဖို့သာ စောင့်နေလိုက်တော့! "
ဤပြင်းထန်သော စကားများကို ပြောဆိုပြီးနောက် အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူသည် သူ၏လက်မောင်းကို ခက်ခဲစွာ ရွှေ့လျားကာ လက်ကွက်အချို့ကို ဖော်ထုတ်လိုက်သည်။ အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်တစ်သောင်းမျှော်စင်မှ အဆင့်မြင့်အရာရှိများနှင့် အထူးနည်းလမ်းတစ်ခုဖြင့် ဆက်သွယ်ရန် ကြိုးစားနေပုံရသည်။
သို့သော် သူ မည်သို့ပင် လက်ကွက်များ ဖော်နေစေကာမူ ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာ တိတ်ဆိတ်လျက်ပင် ရှိနေပြီး မည်သည့်အပြောင်းအလဲမျှ ဖြစ်ပေါ်မလာချေ။
" ဟက်.. ငါ ထျန်းကျွင်းက မင်းတို့ကို စတင်တိုက်ခိုက်ဖို့ ဆုံးဖြတ်ကတည်းက ဘယ်လိုလုပ်ပြီး သေချာတဲ့ ပြင်ဆင်မှုတွေ မလုပ်ဘဲ နေပါ့မလဲ? "
အင်မော်တယ်တက်လှမ်းခြင်း ကပ်ဘေးကို ဖြတ်သန်းနေသော ရှောင်ယောက်ထျန်းကျွင်းသည် ဤမြင်ကွင်းကို မြင်သောအခါ မလှောင်ပြောင်ဘဲ မနေနိုင်တော့ချေ။
" ဒီနေရာကို ငါ ထျန်းကျွင်းက အင်မော်တယ်ဘုရင်ရဲ့ နှလုံးသားနဲ့ ချိတ်ပိတ်ထားတာ ကြာပြီ... ဘယ်သတင်းစကားမှ အပြင်ကို ပို့လို့မရဘူး... မင်းက အင်မော်တယ်တစ်သောင်းမျှော်စင်ကို ဆက်သွယ်ချင်နေတာလား? အိပ်မက်မက်နေလိုက်! "
" ဝုန်း! "
နောက်ဆုံးတွင် သန့်စင်သော နယ်မြေအတွင်းရှိ တာအိုသဘောတရား စွမ်းအားများ အားလုံး စုပ်ယူခံလိုက်ရသည်နှင့်တစ်ပြိုင်နက် ရှောင်ယောက်ထျန်းကျွင်း၏ ခန္ဓာကိုယ်မှ ဧရာမစွမ်းအားကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ရှောင်ယောက်ထျန်းကျွင်းသည် ရူးသွပ်နေသော အမူအရာဖြင့် အော်ဟစ်ရယ်မောလိုက်လေသည်။
" ဟားဟား.. ပြီးသွားပြီ... ငါ အင်မော်တယ်တက်လှမ်းခြင်းကို အောင်မြင်သွားပြီ! "
ရှောင်ယောက်ထျန်းကျွင်း၏ ပခုံးနှင့် လည်ပင်းဘေးရှိ အသားပို အဖုအကျိတ်ကြီးများပေါ်မှ မရေမတွက်နိုင်သော မျက်နှာများကလည်း တစ်ပြိုင်နက်တည်း ယစ်မူးနေသော အမူအရာများကို ပြသလာကြသည်။
" ဒါက အင်မော်တယ်တက်လှမ်းခြင်းရဲ့ အရသာလား? အံ့ဩစရာပဲ... တကယ်ကို အံ့ဩစရာကောင်းလိုက်တာ! "
" ငါ အင်မော်တယ်တက်လှမ်းနိုင်ခဲ့ပြီ... ငါအရှင်က အင်မော်တယ်တက်လှမ်းနိုင်ခဲ့ပြီ! "
" သတ်.. ဒီပုရွက်ဆိတ်တွေအားလုံးကို သတ်ပစ်! ငါ အင်မော်တယ်က အရမ်းဆာလောင်နေပြီ... သူတို့အားလုံးကို စားပစ်ချင်တယ်! "
ထိုမျက်နှာများသည် အော်ဟစ်လိုက်ကြကာ မရေမတွက်နိုင်သော မျက်နှာများအနက် အထင်ရှားဆုံးနှင့် အခိုင်မာဆုံး မျက်နှာတစ်ခုသည် ရုတ်တရက် ပါးစပ်ဟလျက် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူအား ၎င်း၏ပါးစပ်ထဲသို့ စုပ်ယူလိုက်၍ အငမ်းမရ ဝါးစားတော့သည်။
" ဂျွတ်! ဂျွတ်! ဂျွတ်! "
ထိုမျက်နှာ၏ ပါးစပ်ထောင့်စွန်းမှ သွေးများ အဆက်မပြတ် စီးကျလာပြီး အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ၏ အော်ဟစ်သံများလည်း ထွက်ပေါ်လာလေသည်။
" ငါ့အလှည့်! ငါ့အတွက်လည်း ပါတယ်! "
" မလုကြနဲ့... မလုကြနဲ့! "
အခြားသော မရေမတွက်နိုင်သည့် မျက်နှာများက ဤသည်ကို မြင်သောအခါ အလျှော့မပေးလိုကြဘဲ အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ၏ အင်မော်တယ်ခန္ဓာကိုယ်ကို စတင်ဆွဲဖြဲကြတော့သည်။ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် သူတို့သည် ၎င်း၏ရုပ်ခန္ဓာကို အပိုင်းပိုင်းအစစ ဆွဲဖြဲကာ ဝါးမြိုမျိုချလိုက်ကြသည်။
ရှောင်ယောက်ထျန်းကျွင်းသည် ဤအဖြစ်အပျက်အားလုံးကို ခံစားချက်ကင်းမဲ့စွာဖြင့်သာ စောင့်ကြည့်နေလေသည်။
အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ၏ အင်မော်တယ်ခန္ဓာကိုယ် လုံးဝ အပိုင်းပိုင်းအစစ ဖြစ်သွားပြီးနောက် သူသည် ရုတ်တရက် ပါးစပ်ဟကာ အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ၏ အနည်းငယ် မှေးမှိန်နေသော နတ်ဘုရားဝိညာဉ်ကို သူ၏ဝမ်းဗိုက်ထဲသို့ တိုက်ရိုက် မျိုချလိုက်လေသည်။
နောက်တစ်ခဏတွင် အင်မော်တယ်အယ်စောက် ကိုင်ဆောင်သူ၏ လိမ်ကောက်နေသော ပုံရိပ်ယောင် မျက်နှာသည် အသားပို အဖုအကျိတ်ကြီးများထဲမှ တစ်ခုအတွင်းမှ ရုန်းကန်ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။
" တကယ်ကို အရသာရှိတာပဲ "
ရှောင်ယောက်ထျန်းကျွင်းသည် ယစ်မူးနေသော အရိပ်အယောင်ဖြင့် ခဏတာ အရသာခံလိုက်ပြီးနောက် မျှော်လင့်ချက်မဲ့နေသော အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူအား ကြည့်ကာ မကောင်းဆိုးဝါးဆန်စွာ ရယ်မောလိုက်သည်။
" ငါ ထျန်းကျွင်းက အခု စစ်မှန်တဲ့ အင်မော်တယ်အဆင့်ကို ရောက်သွားပြီ... မဟာအင်မော်တယ်အဆင့်ကို ရောက်ဖို့ ဆံပင်တစ်မျှင်စာလေးပဲ လိုတော့တယ်.....
မင်းက စစ်မှန်တဲ့ အင်မော်တယ် တစ်ပါးသာသာပဲ ရှိသေးတယ်... နောက်ခဏနေလို့ ငါ အင်မော်တယ်က မင်းကိုပါ ဝါးမြိုလိုက်တဲ့အခါ... မင်းကိုပါ ခေါ်သွားပြီး မဟာအင်မော်တယ်ဆိုတဲ့ ကြီးမြတ်လှတဲ့ နေရာကို တက်လှမ်းမယ်... မင်းရဲ့ ကာလရှည်ကြာ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးလိုက်မယ်! "
ကာလရှည်ကြာ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမည်?
ရူးသွပ်နေသော ရှောင်ယောက်ထျန်းကျွင်းအား ကြည့်ရင်း အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ မျက်နှာမှာ ဝမ်းနည်းကြေကွဲမှုများ ပြည့်နှက်နေလေသည်။
သူသည် မဟာအင်မော်တယ်အဆင့်သို့ တက်လှမ်းရန် အမှန်တကယ် ဆန္ဒရှိခဲ့သော်လည်း ဤကဲ့သို့သော နည်းလမ်းမျိုးဖြင့်တော့ လုံးဝ မဟုတ်ပေ!
အခန်း ( ၃၄၆ ) - ပြဇာတ်ပြီးဆုံးသွားပြီ၊ အောင်ပွဲက လက်တစ်ကမ်းမှာလား? ပုရွက်ဆိတ်တစ်ကောင်မျှသာ
ရှောင်ယောက်ထျန်းကျွင်းသည် မျှော်လင့်ချက်မဲ့နေသော အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူအား သားစဉ်းတုံးပေါ်မှ ငါးတစ်ကောင်ကဲ့သို့ အချိန်မရွေး စီရင်နိုင်ပြီဟု ယူဆထားဟန်ဖြင့် ကြည့်လိုက်လေသည်။ ထို့နောက် သူသည် ကုချန်ဘက်သို့ လှည့်ကာ အထက်စီးမှနေ၍ ပြောဆိုလိုက်သည်။
" ကောင်လေး... အရင်က မင်းကို ငါ့ခွေးအဖြစ် မွေးထားဖို့ စဉ်းစားခဲ့ဖူးတယ်... ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတောင် မင်းက ခေါင်းမာနေတုန်းပဲဖြစ်ပြီး ငါ့ရဲ့ ကြီးမြတ်တဲ့ အစီအစဉ်ကိုတောင် ရဲရဲဝံ့ဝံ့ ဖျက်ဆီးရဲလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ.....
ဒီလိုဖြစ်နေမှတော့ ငါ မင်းအပေါ် ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး.....
ဒါပေမယ့် ငါ့လက်ချက်နဲ့ သေရတာက မင်းအတွက် ဂုဏ်ယူစရာလို့ သတ်မှတ်လို့ရပါတယ်... ဘာပဲဖြစ်ဖြစ် မင်းက စစ်မှန်တဲ့ အင်မော်တယ်တစ်ပါးတောင် မဟုတ်ဘူးလေ... ငါ့ရဲ့ ဝါးမြိုတာကို ခံရပြီးနောက် အနာဂတ်မှာ ငါ မဟာအင်မော်တယ်အဆင့်ကို ရောက်တဲ့အခါ မင်းလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေမှာပါ... မင်းရဲ့ အသက်ရှင်သန်မှုက အချည်းနှီး ဖြစ်မသွားပါဘူး "
" ဖြန်း... ဖြန်း... ဖြန်း... "
ကုချန်သည် လက်ခုပ်အနည်းငယ်တီးလိုက်ပြီး တည်ငြိမ်စွာ ပြုံးလျက် ပြောဆိုလိုက်လေသည်။
" တကယ်ကို ကောင်းမွန်တဲ့ အစီအစဉ်ပဲ... ငါကိုယ်တော်ကို ပြဇာတ်ကောင်းတစ်ပုဒ် ကြည့်ခွင့်ရစေခဲ့တယ် "
ကုချန်သည် အစပိုင်းက ဝင်မပါရန် သူ ဆုံးဖြတ်ခဲ့သည်မှာ မှန်ကန်သည်ဟု ခံစားလိုက်ရသည်။ သို့မဟုတ်ပါက ဤမျှ ကြီးကျယ်ခမ်းနားသော ပြဇာတ်ကို သူ မည်သို့ ကြည့်ရှုခွင့်ရနိုင်မည်နည်း။
ဤရှောင်ယောက်ထျန်းကျွင်းသည် တစ်ချိန်က လူသားဧကရာဇ်၏ အစီအစဉ်များကို နှောင့်ယှက်ကာ သူ့အား အကွက်ချ အနိုင်ယူနိုင်ခဲ့သည့် တည်ရှိမှုတစ်ခုဟူသော နာမည်နှင့် အမှန်တကယ် ထိုက်တန်သည်ဟုသာ ဆိုရပေမည်။
ဤစစ်မှန်သော အင်မော်တယ်နှစ်ပါးနှင့် အင်မော်တယ်တစ်သောင်းမျှော်စင်ပင်လျှင် သူ၏ တွက်ချက်မှုများထဲမှ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီး သူ၏လက်ဖဝါးပေါ်တွင် ကစားခြင်းကို ခံလိုက်ရလေသည်။
အင်မော်တယ်တစ်သောင်းမျှော်စင်သည် ရှောင်ယောက်ထျန်းကျွင်းအား စကားနားထောင်ပြီး သစ္စာရှိသော ခွေးတစ်ကောင်အဖြစ်သာ သတ်မှတ်ထားခဲ့ကာ အစကတည်းက ရှောင်ယောက်ထျန်းကျွင်းတွင် ပုန်ကန်လိုသော အတွေးများ ရှိနေခဲ့သည်ကို သတိမပြုမိခဲ့ကြချေ။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကတည်းက ယနေ့အချိန်အတွက် သူ၏ အင်မော်တယ်တက်လှမ်းခြင်းကို စတင်ကြံစည်ခဲ့ခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည် ရှောင်ယောက်ထျန်းကျွင်းအတွက် မည်မျှ အရေးပါကြောင်းကို ကုချန် နားလည်သွားလေသည်။
တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည် အင်မော်တယ် နတ်ဘုရားဆေးဝါးများကို ပြုစုပျိုးထောင်ပေးနိုင်ရုံသာမက သက်တမ်းရှည်စေသော အရာများကိုလည်း အားဖြည့်ကာ ခွဲဝေပေးနိုင်လေသည်။
၎င်းအတွင်း၌ သက်တမ်းရှည်စေသော အရာများကို ပြုစုပျိုးထောင်ခြင်းဖြင့် နှစ်ကာလများစွာ ကြာပြီးနောက်တွင် သက်တမ်းရှည်စေသော အရာများစွာကို ရိတ်သိမ်းနိုင်မည် ဖြစ်သည်။
အင်မော်တယ်တစ်သောင်းမျှော်စင်သည် ရှောင်ယောက်ထျန်းကျွင်းအား သက်တမ်းရှည်စေသော အရာများ ပေးသနားခဲ့လျှင်ပင် ပမာဏများစွာ ရှိမည်မဟုတ်ပေ။
သို့သော် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်၏ အကူအညီဖြင့် ရှောင်ယောက်ထျန်းကျွင်းသည် ပိုမိုများပြားသော သက်တမ်းရှည်စေသည့် အရာများကို ထိန်းချုပ်နိုင်ခဲ့ပြီး သက်တမ်းရှည်နန်းတော်ကို ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်နိုင်ခဲ့သည်။
သက်တမ်းရှည်နန်းတော်အတွင်းရှိ ထျန်းကျွင်းများအတွက်မူကား၊ ရှောင်ယောက်ထျန်းကျွင်း သူတို့ကို ပြုစုပျိုးထောင်ရသည့် ရည်ရွယ်ချက်မှာ သူတို့ကို မွေးမြူထားသော ကိုယ်ပိုင် 'မဟာဆေးဝါး' များအဖြစ် သတ်မှတ်ရန်သာ ဖြစ်နိုင်ပေသည်။
ယခင်က ကုချန်သာ သူတို့ကို မသတ်ခဲ့လျှင် ရှောင်ယောက်ထျန်းကျွင်း အင်မော်တယ်တက်လှမ်းချိန်တွင် ထိုသက်တမ်းရှည် နယ်မြေကို တည်ဆောက်ရန်အတွက် ဤထျန်းကျွင်းများကို လောင်စာအဖြစ် စတေးမည်သာ ဖြစ်လေသည်။
အင်မော်တယ်ဘုရင်၏ နှလုံးသားအတွင်း၌ ရှိနေသော ရာပေါင်းများစွာသော အထွတ်အထိပ်အရှင်များ၏ ကြွင်းကျန်ရစ်မှုများမှာမူ ရှောင်ယောက်ထျန်းကျွင်းသည် အင်မော်တယ်တစ်သောင်းမျှော်စင်အတွက် အလုပ်လုပ်ပေးနေစဉ်အတွင်း ရိတ်သိမ်းကာ သိမ်းဆည်းထားခဲ့သော 'အထွတ်အထိပ် မဟာဆေးဝါး' များပင် ဖြစ်လေသည်။
ရှောင်ယောက်ထျန်းကျွင်း၏ ကစားကွက်သည် အမှန်တကယ် ကောင်းမွန်ခဲ့သည်ဟုသာ ဆိုရမည်ဖြစ်သည်။ ကုချန်သာ သက်တမ်းရှည်နန်းတော်ကို မဖျက်ဆီးခဲ့ဘဲ သူ အပင်ပန်းခံ ပြုစုပျိုးထောင်ခဲ့သော ထျန်းကျွင်း မဟာဆေးဝါးများအားလုံးကို ရှင်းလင်းကာ သူ၏ အစီအစဉ်ကို မနှောင့်ယှက်ခဲ့ပါက၊ ယနေ့ သူ ဤမျှ စွန့်စားရန် လိုအပ်မည်မဟုတ်ဘဲ အင်မော်တယ်တစ်သောင်းမျှော်စင်မှ စစ်မှန်သော အင်မော်တယ်နှစ်ပါးကို အောက်ကမ္ဘာသို့ သွေးဆောင်ကာ ချုံခိုတိုက်ခိုက်ရန် ရဲဝံ့မည်မဟုတ်ပေ။
" ပြဇာတ်ကောင်းတစ်ပုဒ် ကြည့်ခဲ့တယ်? ဟက်.. မင်း သေရတော့မှာကိုတောင် ခေါင်းမာနေတုန်းပဲ "
ကုချန်မှ သာမန်ကြည့်ရှုသူတစ်ဦးကဲ့သို့ ပြုမူနေသည်ကို မြင်သောအခါ ရှောင်ယောက်ထျန်းကျွင်းသည် အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။
သူ၏အမြင်တွင် ကုချန်သည် သေရတော့မည်ဖြစ်ရာ သူ၏အသက်ကို ကယ်တင်ရန်အတွက် ဒူးထောက်ကာ အသနားခံသင့်ပေသည်။ သို့သော် သူသည် ပြဇာတ်ကြည့်နေသကဲ့သို့ အေးဆေးတည်ငြိမ်သော သဘောထားကို ပြသနေခြင်းမှာ သူ့အား မလေးမစား လုပ်နေခြင်း မဟုတ်ပါလော။
" ဟွန့်... ပုရွက်ဆိတ်တစ်ကောင်သာသာကများ..... "
ရှောင်ယောက်ထျန်းကျွင်းသည် လှောင်ပြောင်လိုက်ပြီး အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူအား ဖမ်းဆုပ်ရန် လက်ဆန့်ထုတ်လိုက်လေသည်။
ထို့နောက် တစ်ဖက်လူ၏ မျှော်လင့်ချက်မဲ့နေသော အကြည့်အောက်တွင် ရှောင်ယောက်ထျန်းကျွင်း၏ ဦးခေါင်း တစ်ဖက်တစ်ချက်စီရှိ မရေမတွက်နိုင်သော မျက်နှာများသည် ယခင်ကကဲ့သို့ပင် သွေးထွက်သံယိုဖြစ်နေသော ပါးစပ်များကို ဟကာ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ အင်မော်တယ်ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစ ဆွဲဖြဲ၍ ဝါးမြိုလိုက်ကြတော့သည်။
နောက်ဆုံးတွင် ရှောင်ယောက်ထျန်းကျွင်းသည် သူ၏ နတ်ဘုရားဝိညာဉ်ကိုပင် ချန်မထားဘဲ၊ အင်မော်တယ်မျှော်စင် ကိုင်ဆောင်သူ၏ ငိုကြွေးသံများနှင့် ကျိန်ဆဲသံများကြားတွင် ဖြည်းညင်းစွာ စားသောက်လိုက်လေသည်။
ဤအရာအားလုံး ပြီးဆုံးသွားပြီးနောက် ရှောင်ယောက်ထျန်းကျွင်းသည် လွန်ကဲစွာ ဝမ်းမြောက်နေလျက် မျက်လုံးများကို မှိတ်လိုက်လေသည်။
စစ်မှန်သော အင်မော်တယ်နှစ်ပါးကို စားသုံးပြီးနောက် မဟာအင်မော်တယ်အဆင့်နှင့် နောက်တစ်လှမ်း ပိုနီးကပ်သွားကြောင်းကို သူ ခံစားလိုက်ရသည်။
အင်မော်တယ်ကမ္ဘာ?
ငါ အင်မော်တယ်ကမ္ဘာထဲကို ဝင်ဖို့ မလိုဘူး။ ဒီမှာတင် အင်မော်တယ်တက်လှမ်းနိုင်တယ်။
အခု အင်မော်တယ်ကမ္ဘာရဲ့ တံခါးပေါက်ကို မဖြတ်သန်းနိုင်ရင်တောင် ဒီအင်မော်တယ်ဘုရင်ရဲ့ နှလုံးသား အကူအညီနဲ့ အနာဂတ်မှာ ငါ သေချာပေါက် အောင်မြင်ရမယ်။
ရှောင်ယောက်ထျန်းကျွင်းသည် အနည်းငယ် မောက်မာသော အတွေးဖြင့် အနက်ရောင် အင်မော်တယ်ဘုရင်၏ နှလုံးသားကို သူ၏ရင်ဘတ်ထဲသို့ ပြန်လည်ဖိသိပ်ထည့်လိုက်လေသည်။
ဤအရာအားလုံး ပြီးစီးသွားပြီးနောက် ရှောင်ယောက်ထျန်းကျွင်းသည် ကုချန်အား ထပ်မံကြည့်ရှုလိုက်ကာ ခံစားချက်ကင်းမဲ့စွာ ပြောဆိုလိုက်၏။
" စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးနဲ့အတူ သေဆုံးပြီး... ငါ့အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရတာဆိုတော့ မင်းရဲ့သေဆုံးမှုက တန်တယ်လို့ သတ်မှတ်လို့ရပါတယ်.....
စိတ်မပူပါနဲ့... မင်းသေသွားပြီးတဲ့နောက် မင်းရဲ့ တပည့်တွေနဲ့ တပည့်မြေးတွေကို မင်းနဲ့အတူ လိုက်ပါသွားဖို့... အခွင့်အရေးရှာပြီး ငါ ပို့ပေးပါ့မယ်! "
ထိုသို့ပြောပြီးနောက် ရှောင်ယောက်ထျန်းကျွင်းသည် လိုက်လျောညီထွေ လုပ်ဆောင်မည့်ဟန်ဖြင့် သူ၏လက်ဝါးကို ဖြည်းညင်းစွာ ဆန့်ထုတ်ကာ ကုချန်အား ဖမ်းဆုပ်၍ ဝါးမြိုရန် ရည်ရွယ်လိုက်လေသည်။
သို့သော် ဤအခိုက်အတန့်တွင် ကုချန်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့၏။
" မင်း တွေးထားတာ ကောင်းပါတယ်... ဒါပေမယ့် တစ်ခုတည်းသော နှမြောစရာက မင်းရဲ့ စွမ်းအားက အားနည်းလွန်းနေတာပဲ.....
ငါကိုယ်တော် မင်းကို ပြောပြမယ်... ပကတိစွမ်းအားကြီးမားမှုရှေ့မှာ မင်းရဲ့ အစီအစဉ်တွေ၊ လှည့်ကွက်တွေဆိုတာ မင်းကိုယ်တိုင်လိုပဲ ဟာသတစ်ခုကလွဲပြီး ဘာမှမဟုတ်ဘူး "
စွမ်းအားက အားနည်းလွန်းတယ်?
ကုချန်၏ စကားများကြောင့် ရှောင်ယောက်ထျန်းကျွင်းသည် အံ့အားသင့်ကာ အေးခဲသွားလေသည်။
ဒီကောင် ဘာတွေပြောနေတာလဲ? သူက ငါ့ရဲ့ စွမ်းအားက အားနည်းလွန်းတယ်လို့ တကယ်ပဲ ပြောလိုက်တာလား?
ဟာသပဲ! ငါ ထျန်းကျွင်းက အင်မော်တယ်တက်လှမ်းပြီးသွားပြီ။ အင်မော်တယ်တစ်သောင်းမျှော်စင်က စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးကိုတောင် အလွယ်တကူ အနိုင်ယူနိုင်ခဲ့တယ်။ ဒါတောင် သူက ငါ့စွမ်းအားက အားနည်းလွန်းတယ်လို့ ပြောနေတာလား?
ဒါက ရိုးရိုးလေးပဲ.....
ရှောင်ယောက်ထျန်းကျွင်း၏ အတွေးများ မဆုံးသေးမီမှာပင် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် တောင့်တင်းသွားကာ ရင်ဘတ်ကို အလွန်အမင်း အံ့အားသင့်စွာဖြင့် ငုံ့ကြည့်လိုက်မိလေသည်။
ကုချန်သည် မည်သည့်အချိန်က သူ၏ရှေ့သို့ ရောက်ရှိနေမှန်း မသိရဘဲ သူ၏လက်ဝါးကို ရင်ဘတ်ထဲသို့ တိုက်ရိုက်ဖိချလိုက်ကာ အင်မော်တယ်ဘုရင်၏ နှလုံးသားကို ဆွဲထုတ်လိုက်လေသည်။
" မင်း! "
ရှောင်ယောက်ထျန်းကျွင်းသည် အလွန်တုန်လှုပ်သွားလေ၏။ ကုချန် သူ၏ရှေ့သို့ မည်သည့်အချိန်က ရောက်လာသည်ကို သူ မသိခဲ့သလို၊ ကုချန်၏ လှုပ်ရှားမှုများကိုလည်း အာရုံမခံနိုင်ခဲ့ချေ။
သေချာပေါက်ပင် သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ အင်မော်တယ်ဘုရင်၏ နှလုံးသားသည် ကုချန်၏ လက်ဝါးထဲတွင် ရှိနေချိန်၌ အစပိုင်းတွင် ခုခံလိုဟန်ရှိပြီး တန်ပြန်တိုက်ခိုက်ရန် အနက်ရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လုနီးပါး ဖြစ်ခဲ့သော်ငြား နောက်တစ်ခဏတွင် ဖော်ပြ၍မရနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသကဲ့သို့ အင်မော်တယ်ဘုရင်၏ နှလုံးသားထဲသို့ ရုတ်တရက် ပြန်လည်ဆုတ်ခွာသွားခြင်းပင်တည်း။
တစ်ချိန်တည်းမှာပင် ကျယ်ပြောလှသော ကောင်းကင်ဘုံ၏ ဆန္ဒကဲ့သို့ ဧရာမစွမ်းအားကြီးသည် ကျဆင်းလာကာ ရှောင်ယောက်ထျန်းကျွင်းအား ခိုင်မြဲစွာ ချုပ်နှောင်လိုက်ပြီး မလှုပ်ရှားနိုင်စေရန် ဖိနှိပ်ထားလိုက်လေသည်။
" မင်းလည်း အင်မော်တယ်တက်လှမ်းနိုင်ခဲ့တယ်ပေါ့?! "
ရှောင်ယောက်ထျန်းကျွင်း၏ နတ်ဘုရားဝိညာဉ်မှာ ဖရိုဖရဲ ဖြစ်သွားကာ သူ၏ရှေ့ရှိ မြင်ကွင်းကို လုံးဝ နားလည်နိုင်စွမ်း မရှိတော့ဟန်ပင်။
အကယ်၍ ကုချန်သာ အင်မော်တယ်မတက်လှမ်းနိုင်ခဲ့လျှင် ဤမျှ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ကာ အင်မော်တယ်ဘုရင်၏ နှလုံးသားကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ မည်သို့ ထိန်းချုပ်နိုင်မည်နည်း။
သို့သော် သူ အင်မော်တယ်တက်လှမ်းနိုင်ခဲ့လျှင်ပင် ယခုကဲ့သို့ လုပ်နိုင်လိမ့်မည်မဟုတ်ပေ။
မဟုတ်ဘူး... သူ အင်မော်တယ်တက်လှမ်းဖို့ လုံးဝ မဖြစ်နိုင်ဘူး... ဒါက အောက်ကမ္ဘာလေ!
ရှောင်ယောက်ထျန်းကျွင်းမှာ ရူးသွပ်လုနီးပါး ဖြစ်နေကာ ဤအရာများထဲမှ မည်သည့်အရာကိုမျှ လုံးဝ လက်မခံနိုင်ခဲ့ချေ။
" ငါကိုယ်တော် အင်မော်တယ်မတက်လှမ်းရသေးပါဘူး "
ကုချန်သည် ရူးသွပ်ကာ အံ့အားသင့်နေသော ရှောင်ယောက်ထျန်းကျွင်းအား တိုက်ရိုက် ကြည့်လိုက်ပြီး နတ်ဘုရားတစ်ပါးမှ ပုရွက်ဆိတ်တစ်ကောင်ကို ငုံ့ကြည့်နေသကဲ့သို့ ခံစားချက်ကင်းမဲ့စွာ ပြောဆိုလိုက်လေသည်။
" ဒါပေမယ့် မင်း မေ့နေပုံရတယ်... လူသားဧကရာဇ်က အတိတ်တုန်းက အင်မော်တယ်မတက်လှမ်းနိုင်ခဲ့ရင်တောင် စစ်မှန်တဲ့ အင်မော်တယ်တွေကို တိုက်ခိုက်ဖို့ အခက်အခဲ မရှိခဲ့ဘူးဆိုတာကိုပေါ့.....
ငါကိုယ်တော်က အင်မော်တယ်မတက်လှမ်းရသေးပေမယ့်... ငါက လူသားဧကရာဇ်ထက်တောင် ပိုပြီး စွမ်းအားကြီးမားတယ်.....
မင်းက သေးငယ်ပြီး စစ်မှန်တဲ့ အင်မော်တယ်တစ်ပါးသာသာပဲ ဖြစ်နေတာကို ထားလိုက်ဦး... မဟာအင်မော်တယ်ဆိုရင်တောင်မှ ငါကိုယ်တော်ရဲ့ မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တစ်ကောင်သာသာကလွဲပြီး ဘာမှမဟုတ်ပါဘူး "