အခန်း (၃၄၇-၃၄၈)
Vol. 25 Ch. 347-348
အခန်း ( ၃၄၇ ) - အချည်းနှီးဖြစ်ခြင်း၊ တစ်ခုတည်းသော မှန်ကန်သည့်လမ်းစဉ်နှင့် အတိတ်ကာလ
" မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး! "
ရှောင်ယောက်ထျန်းကျွင်းသည် ရူးသွပ်မတတ် ပြောဆိုလိုက်၏။ ဤအရာများကို သူ မယုံရဲသလို မယုံကြည်ချင်ပေ။
အင်မော်တယ် မတက်လှမ်းရသေးသူတစ်ယောက်က စစ်မှန်တဲ့ အင်မော်တယ်တစ်ပါးကို ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ။
သူသည် အင်မော်တယ်ဘုရင်၏ နှလုံးသားမှ ကြီးမားလှသော စွမ်းအားနှင့် နှစ်သန်းပေါင်းများစွာ စုဆောင်းထားမှုများကို အားကိုး၍သာ ဤအဆင့်သို့ ရောက်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။
ကုချန်သည် မွေးဖွားလာချိန်မှစ၍ ယခုအထိ နှစ်ပေါင်း ကိုးသောင်းခန့်သာ အသက်ရှင်ရသေးသည်။
သူက ဒီအဆင့်အထိ ဘယ်လိုလုပ် ကြီးထွားလာနိုင်မှာလဲ။
သို့သော် ရှောင်ယောက်ထျန်းကျွင်းမှ ယုံကြည်ရန် ငြင်းဆန်နေသော်ငြား အဆက်မပြတ် ခုန်လှုပ်ရုန်းကန်နေကာ ကုချန်၏ လက်ဆုပ်တွင်းမှ မလွတ်မြောက်နိုင်သော အင်မော်တယ်ဘုရင်၏ နှလုံးသားမှာ ကုချန်၏စကားများကို တိတ်ဆိတ်စွာ အတည်ပြုပေးနေပုံရသည်။
စစ်မှန်သော အင်မော်တယ်တစ်ပါးကို ဖိနှိပ်နိုင်သည့်၊ သို့မဟုတ် စစ်မှန်သော အင်မော်တယ်အဆင့်ကို ကျော်လွန်နေသည့် ကြီးမားသော စွမ်းအားမျိုး မရှိဘဲနှင့် ဤအင်မော်တယ်ဘုရင်၏ နှလုံးသားကို သူက ဘယ်လိုလုပ် ဤမျှ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်မည်နည်း။
" ငါ အင်မော်တယ်က ပြိုင်ဘက်ကင်းတယ်... ပြိုင်ဘက်ကင်းတယ်ကွ! "
ရှောင်ယောက်ထျန်းကျွင်းမှ ဟိန်းဟောက်လိုက်ရာ သူ၏ပခုံးပေါ်ရှိ ပုံရိပ်ယောင် မျက်နှာများသည်လည်း ရူးသွပ်လိမ်ကောက်လာကြပြီး အူသံများ ထွက်ပေါ်လာကြ၏။
သွေးကြောများနှင့်တူသော အနက်ရောင် ချက်ကြိုးများသည် ရှောင်ယောက်ထျန်းကျွင်း၏ ရင်ဘတ်မှ ဆန့်ထွက်လာကာ အင်မော်တယ်ဘုရင်၏ နှလုံးသားဆီသို့ တံတားများသဖွယ် ဆက်သွယ်သွားလျက် ၎င်းအား စွမ်းအားများ ဖြည့်တင်းပေးနေပုံရသည်။
အင်မော်တယ်ဘုရင်၏ နှလုံးသား မျက်နှာပြင်ပေါ်တွင် ကျန်ရှိနေသော သံကြိုးအနည်းငယ်မှာ ရှောင်ယောက်ထျန်းကျွင်း၏ လုပ်ဆောင်ချက်များကြောင့် ဖြည်းညင်းစွာဖြင့် ပြိုကွဲသွားတော့သည်။
ထိုတာအိုသံကြိုးများ ပြိုကွဲသွားသည်နှင့်အမျှ အင်မော်တယ်ဘုရင်၏ နှလုံးသားမှ ထွက်ပေါ်လာသော ဖိအားနှင့် စွမ်းအားများသည် အလွှာလိုက် အလွှာလိုက် ပိုမိုပြင်းထန်လာကာ နိုးထလာသည့်အလားပင်။
" အလကားပဲ အသုံးမဝင်ဘူး "
သို့သော် ရှောင်ယောက်ထျန်းကျွင်း၏ သေခါနီး ရုန်းကန်မှုများကို ရင်ဆိုင်နေရချိန်တွင် ကုချန်၏ မျက်နှာအမူအရာမှာ ယခင်ကဲ့သို့ပင် ခံစားချက်ကင်းမဲ့နေဆဲ ဖြစ်သည်။
အကယ်၍ စစ်မှန်သော အင်မော်တယ်ဘုရင်တစ်ပါးသာ ဆင်းသက်လာပါက သူ၏လက်ရှိစွမ်းအားဖြင့် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ သူသည် ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း နည်းလမ်းကို အသုံးပြုကာ သူ၏ အခြားသော ခန္ဓာကိုယ်များနှင့် ပေါင်းစည်း၍ တိုက်ခိုက်ရမည် ဖြစ်သည်။
သို့သော် ယခုအရာမှာ ကျဆုံးသွားသော အင်မော်တယ်ဘုရင်၏ နှလုံးသားသက်သက်သာ ဖြစ်ပေရာ ၎င်းကို သူ အလွယ်တကူ ထိန်းချုပ်နိုင်ပေသည်။
ကုချန်သည် သူ၏လက်ဝါးကို ဖြည်းညင်းစွာ ဆုပ်လိုက်၏။ အနက်ရောင် အင်မော်တယ်ဘုရင်၏ နှလုံးသားသည် ကုချန်၏ ထိန်းချုပ်မှုမှ လွတ်မြောက်ရန် အပြင်းအထန် ရုန်းကန်နေသော်ငြား၊ လုံးဝ မစွမ်းသာခဲ့ချေ။
၎င်းသည် သူ၏လက်ဝါး တစ်လက်မချင်းစီ ဆုပ်လာခြင်းကိုသာ ခံလိုက်ရပြီး နောက်ဆုံးတွင် အင်မော်တယ်ဘုရင်၏ နှလုံးသားသည် သူ၏ လက်ဝါးထဲ၌ ခိုင်မြဲစွာ ဆုပ်ကိုင်ခံလိုက်ရကာ တစ်ချက်ခုန်ရန်ပင် အလွန်တရာ ခက်ခဲသွားတော့သည်။
မမြင်နိုင်သော နေရာတွင် အင်မော်တယ်ဘုရင်၏ နှလုံးသားထဲမှ ငိုကြွေးသံများ ပဲ့တင်ထပ်နေ၏။
" ဟင့်အင်း!! "
ကုချန်မှ အင်မော်တယ်ဘုရင်၏ နှလုံးသားကို အားစိုက်ထုတ်စရာမလိုဘဲ ဖိနှိပ်လိုက်သည်ကို မြင်သောအခါ ရှောင်ယောက်ထျန်းကျွင်းမှာ လုံးဝ မျှော်လင့်ချက်မဲ့သွားတော့သည်။
ကုချန်၏ စကားများသည် မမှားကြောင်းကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ကုချန်သည် စစ်မှန်သော အင်မော်တယ်အဆင့်ကို ကျော်လွန်သည့် ကြီးမားသော စွမ်းအားကို အမှန်တကယ် ပိုင်ဆိုင်ထားပေသည်။
သူသည် ဤအင်မော်တယ်ဘုရင်၏ နှလုံးသားကို အားကိုးကာ အင်မော်တယ်တစ်သောင်းမျှော်စင်မှ စစ်မှန်သော အင်မော်တယ်နှစ်ပါးကို လွယ်လွယ်ကူကူ ဖိနှိပ်သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ ကုချန်သည် အင်မော်တယ်ဘုရင်၏ နှလုံးသားကိုပင် အားစိုက်ထုတ်စရာမလိုဘဲ ဖိနှိပ်လိုက်လေပြီ။
သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို မေးခွန်းထုတ်စရာပင် မလိုတော့ချေ။
" ငါ အင်မော်တယ်က နှစ်သန်းပေါင်းများစွာ ကြံစည်ခဲ့ပြီး ဟွမ်သွမ့်ပင်လယ်ထဲမှာ ကံကောင်းမှုမျိုးစုံကို ရရှိခဲ့တယ်... ပြီးတော့ ဒီနေ့ အခြေအနေနဲ့ပေါင်းပြီး နောက်ဆုံးမှာ အဆင့်ချိုးဖောက်နိုင်ခဲ့ပြီး စစ်မှန်တဲ့ အင်မော်တယ်နေရာကို ရရှိခဲ့တာ.....
မင်း... မင်းက နို့နံ့မစင်သေးတဲ့ ကောင်လေးတစ်ယောက်ပဲ... အင်မော်တယ်တောင် မတက်လှမ်းရသေးဘူး... ဘာလို့... ဘာလို့ မင်းက ဒီလောက်တောင် စွမ်းအားကြီးနေရတာလဲ?!! "
ရှောင်ယောက်ထျန်းကျွင်း ပြိုလဲသွားလေသည်။
သူ၏ နှစ်သန်းပေါင်းများစွာ ကြိုးစားအားထုတ်မှုများနှင့် အကြံအစည်များသည် မွေးဖွားလာချိန်မှစ၍ နှစ်သောင်းဂဏန်းမျှသာ အသက်ရှင်ရသေးသော လူငယ်လေးတစ်ဦး၏ လွယ်လွယ်ကူကူ ဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ဤမျှ ကြီးမားလှသော ကွာဟချက်မှာ သူ့အား မည်သို့ မပြိုလဲစေဘဲ နေမည်နည်း။
" ထျန်းကျွင်းတစ်ပါးက အင်မော်တယ်တက်လှမ်းဖို့ ဆိုတာက အမြဲတမ်း မှားယွင်းတဲ့ လမ်းစဉ်ပဲ... ဧကရာဇ်တစ်ပါး ဖြစ်လာမှသာ အဆုံးမရှိတဲ့ ဖြစ်နိုင်ခြေတွေကို ပိုင်ဆိုင်နိုင်တာ... မင်းရဲ့ လမ်းစဉ်က မှားနေခဲ့ပြီ "
ကုချန်သည် တည်ငြိမ်စွာ ပြောဆိုလိုက်၏။ သူ၏ ရိုးရှင်းသော စကားလုံးများသည် ရှောင်ယောက်ထျန်းကျွင်း၏ နှလုံးသားထဲတွင် မိုးကြိုးတစ်စင်း ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားကာ သူ၏တာအိုနှလုံးသားကိုပင် တုန်လှုပ်သွားစေသည်။
သူ့ရဲ့ လမ်းစဉ်က... မှားနေခဲ့တာလား?
ရှောင်ယောက်ထျန်းကျွင်းသည် ငေးမောသွားကာ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက မြင်ကွင်းများကို ပြန်လည်သတိရသွားပုံပေါ်ရသည်။
ထိုအချိန်က လူသားဧကရာဇ်၏ အောင်မြင်မှုများသည် စကြဝဠာတစ်ခုလုံးကို လွှမ်းမိုးထား၍ အဆုံးမဲ့ကမ္ဘာအတွင်း၌ ပြိုင်ဘက်ကင်းကာ အဆုံးမဲ့ကမ္ဘာတွင် မွေးဖွားလာခဲ့ဖူးသမျှသော ဧကရာဇ်အဆင့် ကျင့်ကြံသူအားလုံးကို များစွာ ကျော်လွန်နေခဲ့သည်။
လူသားဧကရာဇ်၏ ကြီးမြတ်လှသော မေတ္တာတရားသည် အတိုင်းအဆမရှိပေ။ လူသားမျိုးနွယ်၏ အနာဂတ်အတွက် သူသည် လူသားမျိုးနွယ် ပါရမီရှင် လူငယ်တစ်စုကို စုစည်းကာ ကိုယ်တိုင်ကိုယ်ကျ တာအိုကို သင်ကြားပေးခဲ့သည်။ ထိုအချိန်က ရှောင်ယောက်ထျန်းကျွင်းသည် ထိုလူငယ် ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ခဲ့သည်။
" အဆုံးမဲ့ကမ္ဘာရဲ့ ဧကရာဇ်အဆင့်ဆိုတာ စစ်မှန်တဲ့ ဧကရာဇ်တစ်ပါး မဟုတ်ဘူး... တိတိကျကျ ပြောရရင် အထွတ်အထိပ်အဆင့်ပဲ ဖြစ်တယ်.....
အထွတ်အထိပ်အဆင့်ကနေ ထျန်းကျွင်းအဆင့်ကို ချိုးဖောက်ဝင်ရောက်ပြီးတဲ့နောက်... ထျန်းကျွင်းအဆင့်ကနေ ထပ်မံချိုးဖောက်ဖို့အတွက် လမ်းနှစ်သွယ် ရှိတယ်.....
တစ်ခုက တိုက်ရိုက် အင်မော်တယ်တက်လှမ်းဖို့ဖြစ်ပြီး... နောက်တစ်ခုက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး စစ်မှန်တဲ့ ဧကရာဇ်အဆင့်ထဲကို ချိုးဖောက်ဝင်ရောက်ဖို့ပဲ "
" ကောင်းကင်ဘုံကို လိုက်နာတာက လွယ်ကူပြီး ကောင်းကင်ဘုံကို ဆန့်ကျင်တာက ခက်ခဲတယ်... လိုက်နာတာက အင်မော်တယ် ဖြစ်လာစေပြီး ဆန့်ကျင်တာက ဧကရာဇ် ဖြစ်လာစေတယ်.....
အင်မော်တယ်တွေက ထာဝရအသက်ရှင်နိုင်သလို ဧကရာဇ်တွေကလည်း ကောင်းကင်ကြီးလို သက်တမ်းရှည်နိုင်တယ်... ဒါပေမယ့် အနာဂတ်အတွက် ပြောရရင်တော့ အင်မော်တယ်တွေက အများကြီး နိမ့်ကျနေဆဲပဲ..... "
လူသားဧကရာဇ် တာအိုသင်ကြားပေးနေသည့် မြင်ကွင်းက သူ၏စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲဖြစ်သည်။
ပါရမီရှင် အများစုမှာ လူသားဧကရာဇ်၏ သင်ကြားမှုများကြောင့် မျှော်လင့်ချက် ကြီးမားမှုများဖြင့် ပြည့်နှက်နေခဲ့ကြသည်။
သို့သော် ထိုအချိန်က ရှောင်ယောက်ထျန်းကျွင်း၏ နှလုံးသားထဲတွင် အတိုင်းအဆမရှိသော ရည်မှန်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် စွမ်းအားကြီးမားချင်သည်။ အထွတ်အထိပ်ကို ကျော်လွန်နိုင်လောက်အောင် စွမ်းအားကြီးချင်သည်။ လူသားဧကရာဇ်ကိုပင် ကျော်လွန်နိုင်လောက်အောင် စွမ်းအားကြီးချင်ခဲ့သည်။
နောက်ပိုင်းတွင် လူသားဧကရာဇ်သည် ကောင်းကင်ချောက်နက်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး မည်သို့ဖြစ်ပျက်ခဲ့သည်ကို ရှောင်ယောက်ထျန်းကျွင်း မသိခဲ့ချေ။
သူသိသည်မှာ လူသားဧကရာဇ်သည် ကောင်းကင်ချောက်နက်ထဲမှ ပြင်းထန်သော ဒဏ်ရာများဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ပြီး ယင်ယန် ဧကရာဇ်ကျမ်းစာကို ချန်ရစ်ခဲ့ပြီးနောက် အလျင်စလို ကွယ်လွန်သွားခဲ့သည်ဆိုခြင်းသာ ဖြစ်သည်။
အမှန်တရားကို စုံစမ်းရန် သူသည် ကောင်းကင်ချောက်နက်ထဲသို့ စွန့်စားဝင်ရောက်ခဲ့ပြီး မသန်စွမ်း အင်မော်တယ် ရွှယ်ကျန်းနှင့် တွေ့ဆုံခဲ့သည်။ မသန်စွမ်း အင်မော်တယ်၏ စကားတစ်ခွန်းနှစ်ခွန်းက ထိုအချိန်က ရှောင်ယောက်ထျန်းကျွင်းအား ကြီးစွာ တုန်လှုပ်သွားစေခဲ့သည်။
လူသားဧကရာဇ်သည် နောက်ဆုံးတွင် စစ်မှန်သော အင်မော်တယ်တစ်ပါးနှင့် တိုက်ပွဲ၌ ရှုံးနိမ့်သွားခဲ့သည်ဟု သူ ခံစားခဲ့ရသည်။
စစ်မှန်သော အင်မော်တယ်နှင့် ဧကရာဇ်တစ်ပါးကြား တိုက်ပွဲတွင် စစ်မှန်သော အင်မော်တယ်ကသာ ပိုမို သာလွန်နေဆဲဖြစ်သည်။
ထို့ကြောင့် ယခင်က လူသားဧကရာဇ်၏ ကောက်ချက်ချမှုမှာလည်း မှားယွင်းနေခဲ့သည်။ စစ်မှန်သော ဧကရာဇ်တစ်ပါး ဖြစ်လာလျှင်ပင် စစ်မှန်သော အင်မော်တယ်တစ်ပါးကို ယှဉ်နိုင်မည် မဟုတ်ဘဲ အလွန်ဆုံး စစ်မှန်သော အင်မော်တယ်တစ်ပါးကို ဒဏ်ရာရစေရုံသာ တတ်နိုင်မည်ဖြစ်သည်။
အလွန်တရာ တုန်လှုပ်သွားသော ရှောင်ယောက်ထျန်းကျွင်းသည် ရွှယ်ကျန်း၏ လှည့်စားသော စကားအနည်းငယ်အောက်တွင် အင်မော်တယ်တက်လှမ်းနိုင်ရန်အတွက် ရွှယ်ကျန်းအား ခစားသော ပထမဆုံးခွေးအဖြစ် သဘောတူလိုက်လေတော့သည်။
သို့သော် ထိုအချိန်က ရှောင်ယောက်ထျန်းကျွင်းသည် ရွှယ်ကျန်းက သူ့အား အမှန်တရားအားလုံးကို မပြောပြခဲ့ကြောင်း မသိခဲ့ချေ။
လူသားဧကရာဇ် ရှုံးနိမ့်သွားခဲ့သည်မှာ မှန်သော်လည်း ယင်းမှာ သူသည် စစ်မှန်သော အင်မော်တယ်နှစ်ပါးကို သတ်ဖြတ်ကာ ရွှယ်ကျန်းအား ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီးနောက်မှ ဖြစ်သည်။
အကယ်၍ စစ်မှန်သော တစ်ဦးချင်း တိုက်ပွဲသာဆိုလျှင် သူသည် လူသားဧကရာဇ်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။
နောက်ပိုင်းတွင် ရှောင်ယောက်ထျန်းကျွင်းသည် လူသားဧကရာဇ်အား သစ္စာဖောက်ကာ ရွှယ်ကျန်းကို ခစားခဲ့ပြီး အဆုံးမဲ့ကမ္ဘာအတွင်းရှိ ယင်ယန် ဧကရာဇ်ကျမ်းစာ၏ ခြေရာလက်ရာအားလုံးကို ဖျက်ဆီးရာတွင် ကူညီပေးခဲ့ကာ လူသားဧကရာဇ်၏ ကျန်ရစ်နေသော ခြေရာလက်ရာများကိုပင် ဖျက်ဆီးပစ်ခဲ့သည်။
ထိုသို့လုပ်ဆောင်ခဲ့ခြင်းကြောင့် သူသည် ရွှယ်ကျန်း၏ ဆုချီးမြှင့်ခြင်းကို ခံရကာ သူ ပေးသနားသော ပထမဆုံး အင်မော်တယ်ဓာတ်ကို ရရှိခဲ့ပြီး ပြန်လမ်းမရှိသော လမ်းစဉ်ပေါ်သို့ လျှောက်လှမ်းခဲ့တော့သည်။
" ဟုတ်တယ်... ဧကရာဇ် ဖြစ်လာတာကမှ မှန်ကန်တဲ့ လမ်းစဉ်ပဲ... တကယ်လို့ ရွှယ်ကျန်းကသာ လူသားဧကရာဇ်ကို မကြောက်ခဲ့ဘူးဆိုရင်... လောကကြီးထဲကနေ လူသားဧကရာဇ်ရဲ့ အမွေအနှစ် ခြေရာလက်ရာ အားလုံးကို ဖျက်ဆီးပစ်ဖို့ ငါ့ကို ဘာလို့ လိုအပ်ခဲ့မှာလဲ? "
ရှောင်ယောက်ထျန်းကျွင်းသည် တစ်စုံတစ်ခုကို နားလည်သွားသကဲ့သို့ တီးတိုးရေရွတ်လိုက်သော်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်၌ မမျှော်လင့်ဘဲ ရှောင်ယောက်ထျန်းကျွင်း၏ ပခုံးပေါ်ရှိ မျက်နှာများသည် ရှောင်ယောက်ထျန်းကျွင်း၏ ငေးမောကာ ယိမ်းယိုင်နေမှုကို အာရုံခံမိသောအခါ သစ္စာဖောက်ခံလိုက်ရသကဲ့သို့ ဒေါသတကြီးဖြင့် ရှုံ့မဲ့သွားကြလေသည်။
" အင်မော်တယ်တက်လှမ်းခြင်း! အင်မော်တယ်တက်လှမ်းတာကမှ အမှန်ကန်ဆုံး လမ်းစဉ်ပဲ! "
" ဘာ ဧကရာဇ်တက်လှမ်းခြင်းလဲ? ငါက အင်မော်တယ်တက်လှမ်းပြီးသွားပြီ... ငါ အင်မော်တယ်ကို လာလှည့်စားဖို့ မကြိုးစားနဲ့! "
" အားနည်းတယ်... တကယ်ကို အားနည်းလွန်းတယ်! ဒီလို အားနည်းတဲ့ကောင်က ငါတို့ရဲ့ ဆန္ဒကို ဦးဆောင်ဖို့ ဘာအရည်အချင်းရှိလို့လဲ? "
" သူ့ကို စားပစ်... သူ့ကို စားပစ်! မတည်ငြိမ်တဲ့ တာအိုနှလုံးသားက ငါတို့ရဲ့ လမ်းစဉ်ကို အဟန့်အတား ဖြစ်စေလိမ့်မယ်... သူ့ကို အသက်ရှင်ခွင့် ပေးထားလို့ မဖြစ်ဘူး! "
အခန်း ( ၃၄၈ ) - ဝမ်းနည်းဖွယ် သူစိမ်းတစ်ယောက်၊ ရင်းနှီးနေသော မျက်နှာတစ်ခု၊ အမည်မှာ ပန်ဟွမ်
ရိုင်းစိုင်းသောစကားများကို ဆဲဆိုကာ ကြမ်းကြုတ်စွာ စိုက်ကြည့်နေကြသော လိမ်ကောက်နေသည့် မျက်နှာများသည် ရှောင်ယောက်ထျန်းကျွင်း၏ ယိမ်းယိုင်နေမှုအပေါ် အလွန်အမင်း မကျေနပ်ဖြစ်နေပုံရသည်။
နောက်တစ်ခဏတွင် ထိုမျက်နှာများသည် ၎င်းတို့၏ ပါးစပ်များကို ရုတ်တရက် ဟလိုက်ကာ 'သူတို့ကိုယ်သူတို့' ပြန်လည်ဝါးမြိုတော့မည့်အလား ရှောင်ယောက်ထျန်းကျွင်း၏ အသွေးအသားများကို စတင်ဆွဲဖြဲကြတော့သည်။
" အား!!! "
ရှောင်ယောက်ထျန်းကျွင်းသည် အော်ဟစ်လိုက်ပြီး သူ၏မျက်နှာမှာလည်း ကြမ်းကြုတ်စွာ ရှုံ့မဲ့သွားကာ ထိုပုံရိပ်ယောင် မျက်နှာများကို သူ၏လက်ဝါးအား မြှောက်၍ ရိုက်ချလိုက်လေသည်။
" ပုရွက်ဆိတ်လို ကောင်တွေ! ငါသာ မရှိရင် မင်းတို့က အင်မော်တယ်တက်လှမ်းဖို့ အိပ်မက်တောင် မက်ရဲပါ့မလား? အခုတော့ မင်းတို့ရဲ့ သခင်ကိုတောင် သတ်ရဲနေပြီပေါ့... မင်းတို့ သေသင့်တယ်... မင်းတို့အားလုံး သေကို သေသင့်တယ်! "
မျက်နှာများသည် တစ်ခုပြီးတစ်ခု ရိုက်ခွဲခံလိုက်ရသော်လည်း ကျန်ရှိနေသော မျက်နှာများမှာမူ အကြောက်တရားကင်းမဲ့နေဆဲဖြစ်ပြီး ရှောင်ယောက်ထျန်းကျွင်း၏ အသွေးအသားများကို ရူးသွပ်စွာ ဆွဲဖြဲနေကြဆဲပင်။
ဤသည်ကို မြင်သောအခါ ကုချန်သည် စုတ်မသပ်ဘဲ မနေနိုင်တော့ချေ။
သူ ဝင်ပါရန် မလိုအပ်တော့ဟု သူ ခံစားလိုက်ရသည်။ ဤရှောင်ယောက်ထျန်းကျွင်းသည် အထွတ်အထိပ်အရှင် ရာပေါင်းများစွာ၏ ကြွင်းကျန်ရစ်သော နတ်ဘုရားအသိစိတ်များကို အတင်းအဓမ္မ ပေါင်းစည်းထားခဲ့ခြင်းကြောင့် သူ၏နတ်ဘုရားဝိညာဉ်မှာ မယုံနိုင်လောက်အောင် ညစ်ညမ်းနေခဲ့ပြီ ဖြစ်သည်။
ယခုအခါ ဤကြွင်းကျန်ရစ်သော နတ်ဘုရားအသိစိတ် ရာပေါင်းများစွာသည် သူ၏ ပင်မ နတ်ဘုရားအသိစိတ်မှ ခွဲထွက်သွားကြပြီး အတင်းအဓမ္မ ပေါင်းစည်းထားခဲ့ရသော နတ်ဘုရားဝိညာဉ်ကို ချက်ချင်းပင် အပိုင်းပိုင်းအစစ ဆွဲဖြဲပစ်လိုက်ကြလေသည်။
လက်ရှိ ရှောင်ယောက်ထျန်းကျွင်း၏ ရုပ်ခန္ဓာသည် အမှန်တကယ်တွင် ဤကြွင်းကျန်ရစ်သော နတ်ဘုရားအသိစိတ် ရာပေါင်းများစွာ တိုက်ခိုက် ယှဉ်ပြိုင်ကြ၍ 'မိမိကိုယ်ကို ဖျက်ဆီးခြင်း' တွင် ပါဝင်နေသည့် စစ်မြေပြင်တစ်ခု ဖြစ်လာခဲ့ချေပြီ။
" ငါ့ကို သစ္စာဖောက်တဲ့ကောင်တွေ... မင်းတို့အားလုံး သေရမယ်... အားလုံး သေရမယ်! "
" သေသင့်တာက မင်းပဲ! မင်းက အင်မော်တယ်မတက်လှမ်းချင်ရင်လည်း သေလိုက်တော့... ငါကပဲ အားလုံးကို ရှေ့ဆက်ခေါ်သွားပေးမယ်! "
" ဘာလို့ မင်းဖြစ်ရမှာလဲ? ငါပဲ ဖြစ်သင့်တာ! "
" မင်းတို့အားလုံး ငရဲသွားကြတော့... ငါတစ်ယောက်တည်းနဲ့ လုံလောက်တယ်! "
လွင့်စဉ်နေသော အသွေးအသားများကြားတွင် ရှောင်ယောက်ထျန်းကျွင်း၏ ရုပ်ခန္ဓာမှာ တဖြည်းဖြည်း ပြိုကွဲပျက်စီးလာလေသည်။
သူ၏ နတ်ဘုရားဝိညာဉ်ပင်လျှင် အပိုင်းပိုင်းအစစ ဆွဲဖြဲခံလိုက်ရသည်။
ရူးသွပ်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော ရှောင်ယောက်ထျန်းကျွင်းမှာမူ ဤအရာကို လုံးဝ သတိမပြုမိဟန်ရှိကာ ဤခန္ဓာကိုယ်၏ စစ်မှန်သော သခင်မှာ မည်သူဖြစ်ကြောင်း သူတို့ကို ပြောပြနေသည့်အလား ထိုကြွင်းကျန်ရစ်သော နတ်ဘုရားအသိစိတ်များကို အဆက်မပြတ် ချေမှုန်းနေဆဲပင်။
" ဟူး... ဟူး... "
နောက်ပိုင်းတွင် ကြွင်းကျန်ရစ်သော နတ်ဘုရားအသိစိတ်များ တစ်ခုပြီးတစ်ခု ပြိုကွဲသွားသည်နှင့်အမျှ ၎င်းတို့ထံမှ ထွက်ပေါ်လာသော အသံများပင် တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
ထို့ပြင် ရှောင်ယောက်ထျန်းကျွင်း၏ ရုပ်ခန္ဓာသည်လည်း မှတ်မိနိုင်စွမ်း မရှိတော့လောက်အောင် ဆွဲဖြဲခံလိုက်ရသည်မှာ ကြာမြင့်နေပြီဖြစ်ရာ ခန္ဓာကိုယ်တစ်ခုနှင့်ပင် မတူတော့ချေ။ ၎င်းသည် ကျိန်ဆဲကာ အချင်းချင်း ဆွဲဖြဲနေကြဆဲဖြစ်ပြီး လည်ပတ်နေသည့် မျက်နှာများ ပါဝင်သော အသားလုံးပေါင်းများစွာအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ဤအဆင့်အထိ ကျင့်ကြံခြင်းမျိုးကား အခြားမည်သူမျှ ရှိမည်မဟုတ်ပေ.....
ရှောင်ယောက်ထျန်းကျွင်း၏ လက်ရှိအခြေအနေကို ကြည့်ရင်း ကုချန်သည် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
ရှောင်ယောက်ထျန်းကျွင်းသည် အစကတည်းက ကောက်ကွေ့နေသော တာအိုလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းခဲ့မိခြင်းကြောင့် ယခုကဲ့သို့သော အခြေအနေဆိုးသို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟုသာ ဆိုရပေမည်။
ကျင့်ကြံသူတစ်ဦးအတွက် နတ်ဘုရားဝိညာဉ်သည် အရေးကြီးဆုံးအရာ ဖြစ်သော်လည်း အင်မော်တယ်တက်လှမ်းနိုင်ရေးအတွက် သူသည် ကြွင်းကျန်ရစ်သော နတ်ဘုရားဝိညာဉ် ရာပေါင်းများစွာကို သူ၏ကိုယ်တွင်းသို့ ပေါင်းစည်းရန် ဝန်မလေးခဲ့သောကြောင့် သူ၏နတ်ဘုရားဝိညာဉ်မှာ လုံးဝ ညစ်ညမ်းသွားခဲ့ရသည်။ ဤရလဒ်သည် အမှန်တကယ်ပင် သူကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။
သေချာပေါက်ပင် ဤကိစ္စတွင် အင်မော်တယ်ဘုရင်၏ နှလုံးသားက မီးလောင်ရာ လေပင့်ပေးရာ၌ ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။
ကုချန်သည် သူ၏လက်ဝါးကို ပေါ့ပေါ့ပါးပါးပင် ဆန့်ထုတ်လိုက်ကာ ရှောင်ယောက်ထျန်းကျွင်း ပြောင်းလဲသွားသော အသားလုံးများကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်လေသည်။ ထို့နောက် သူ၏အကြည့်သည် လက်ဝါးထဲရှိ အင်မော်တယ်ဘုရင်၏ နှလုံးသားပေါ်သို့ ကျရောက်သွား၏။
အနက်ရောင် နှလုံးသားသည် ဖြည်းညင်းစွာ ခုန်လှုပ်နေ၏။
တစ်ချက်ခုန်တိုင်းတွင် မှေးမှိန်သော အနက်ရောင်ချီများ စိမ့်ထွက်လာသည်။
ဤအနက်ရောင်ချီသည် မိစ္ဆာချီ မဟုတ်ဘဲ ပုပ်သိုးဆွေးမြေ့ခြင်းနှင့် ယိုယွင်းခြင်း ခံစားချက်များ ပြည့်နှက်နေလေသည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိရသော်လည်း ၎င်းက ကုချန်အား ယခင်က တွေ့ကြုံဖူးသကဲ့သို့ ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်ခုကို ရှင်းပြ၍မရအောင် ပေးစွမ်းနေလေသည်။
ကုချန်သည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်၏။
သူသည် ဤကဲ့သို့သော ချီမျိုးကို ယခင်က တစ်ခါမျှ အာရုံမခံဖူးခဲ့သည်မှာ သေချာနေပါလျက်နှင့် အဘယ်ကြောင့် ရှင်းပြ၍မရအောင် ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်ကို ရရှိနေရသနည်း။
" အင်မော်တယ်ဘုရင်ရဲ့ နှလုံးသား.. ဒါကို နတ်ဆိုးဘုရင်ရဲ့ နှလုံးသားလို့ ခေါ်တာက ပိုမှန်မယ် ထင်တယ် "
ကုချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် မဆိုင်းမတွပင် သူ၏လက်ကို ဤအင်မော်တယ်ဘုရင်၏ နှလုံးသားဟုခေါ်သော အရာအတွင်းသို့ နက်ရှိုင်းစွာ ထိုးသွင်းလိုက်ကာ ၎င်း၏ စစ်မှန်သော လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ရည်ရွယ်လိုက်လေသည်။
ကုချန်၏ လက်က တဖြည်းဖြည်း နက်ရှိုင်းစွာ ဝင်ရောက်သွားသည်နှင့်အမျှ၊ နှလုံးသားမှာ လှုံ့ဆော်ခံလိုက်ရဟန်ရှိပြီး ၎င်းအတွင်းမှ မှေးမှိန်ကာ ရူးသွပ်နေသော တီးတိုးရေရွတ်သံများ ပဲ့တင်ထပ် ထွက်ပေါ်လာတော့သည်။
" အားလုံး သေရမယ်... အားလုံး သေရမယ်! အင်မော်တယ်ဘုရင်လည်း ဒီလိုပဲ... အင်မော်တယ်ဧကရာဇ်လည်း ဒီလိုပဲ! "
" ငါ မသေချင်ဘူး... ငါ မသေချင်ဘူး! "
" ငါ အသက်ရှင်ချင်ရုံလေးပါ... ဒါ ဘာမှားနေလို့လဲ? ဘာမှားနေလို့လဲ? ပန်ဟွမ်... မင်းတို့ကမှ မှားနေတဲ့သူတွေ... မင်းတို့ကမှ မှားနေတဲ့သူတွေကွ! "
" ဟားဟားဟားဟား... ငါ မင်းတို့အားလုံးကို စောင့်နေမယ်... ငါ မင်းတို့အားလုံးကို စောင့်နေမယ်..... "
ထိုတီးတိုးရေရွတ်သံများသည် ရူးသွပ်မှုများနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်နေကာ အင်မော်တယ်ဘုရင်၏ နှလုံးသားကို ယခင်က ပိုင်ဆိုင်ခဲ့သူ၏ ရူးသွပ်သော ယောင်ယမ်းပြောဆိုမှုများနှင့် တူနေပေသည်။
မဟာအင်မော်တယ်တစ်ပါးပင်လျှင် ဤကျန်ရစ်နေသော တီးတိုးရေရွတ်သံများကို ကြားလိုက်ရပါက လမ်းပျောက်ကာ ရူးသွပ်သွားနိုင်ချေ ရှိပေသည်။
သို့သော် ဤတီးတိုးရေရွတ်သံများသည် ကုချန်အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ချေ။ အလွန်ဆုံး ယင်ကောင်များ တဝီဝီအော်နေသကဲ့သို့သာ ဖြစ်ပြီး သူ့အား အနည်းငယ် အနှောင့်အယှက် ဖြစ်စေရုံသာ။
ကုချန်သည် နားထဲမှ တီးတိုးရေရွတ်သံများကို လျစ်လျူရှုကာ သူ၏ စူးစမ်းရှာဖွေမှုကို ဆက်လက်လုပ်ဆောင်ရန် ရည်ရွယ်လိုက်သည်။
သို့သော် မမျှော်လင့်ဘဲ သူ၏လက်သည် အင်မော်တယ်ဘုရင် နှလုံးသား၏ အူတိုင်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားချိန်တွင် ထိုတီးတိုးရေရွတ်သံများသည် ရုတ်တရက် ရပ်တန့်သွားလေသည်။
အင်မော်တယ်ဘုရင်၏ နှလုံးသား တစ်ခုလုံးသည် ချက်ချင်းပင် အနက်ရောင်သွေးအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ကုချန်၏ လက်ချောင်းများကြားမှ စီးဆင်းသွားလျက် ဟွမ်သွမ့်ပင်လယ်ထဲသို့ ကျဆင်းကာ ခြေရာခံမရအောင် ပျောက်ကွယ်သွားတော့သည်။
ဒါပဲလား?
ကုချန်သည် သူ၏လက်ဝါးထဲတွင် ကျန်ရစ်နေသော အနက်ရောင်သွေးများကို ကြည့်ရင်း မျက်မှောင်ကျုံ့လိုက်ကာ အတွေးတစ်ချက်ဖြင့် ၎င်းတို့ကို သန့်စင်သွားအောင် အခိုးအငွေ့အဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
သို့သော် သူ့အတွက် စိတ်ပျက်စရာကောင်းသည်မှာ ဤအင်မော်တယ်ဘုရင်၏ နှလုံးသားထံမှ အသုံးဝင်သော မည်သည့် အချက်အလက်ကိုမျှ သူ မရှာဖွေနိုင်ခဲ့ခြင်းပင်။
တစ်ခုတည်းသော အချက်အလက်မှာ ယခုလေးတင် အင်မော်တယ်ဘုရင်၏ နှလုံးသားမှ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သော ရူးသွပ်သည့် တီးတိုးရေရွတ်သံများသာ ဖြစ်နိုင်ပေသည်။
ကုချန်၏ မျက်နှာပေါ်တွင် တွေးတောနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
ဤအင်မော်တယ်ဘုရင် နှလုံးသား၏ ပိုင်ရှင်သည် လူအများ၏ ဒေါသကို ဆွပေးခဲ့မိဖွယ်ရှိပြီး ပန်ဟွမ် ဦးဆောင်သော အင်အားစုအမျိုးမျိုး၏ အပြစ်ပေးခြင်းကို ခံခဲ့ရကာ ယခုကဲ့သို့သော ကံကြမ္မာဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ထိုတီးတိုးရေရွတ်သံများမှတစ်ဆင့် သိရှိရန် မခက်ခဲလှပေ။ သူ၏ နှလုံးသားကို ယှက်နွယ်ချည်နှောင်ထားသော တာအိုသံကြိုးများသည် သူ အပြစ်ပေးခံရပြီးနောက် ကျန်ရစ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
" ပန်ဟွမ်..... "
ကုချန်သည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ထိုအမည်ကို မှတ်ဉာဏ်ထဲ၌ သိမ်းဆည်းထားလိုက်လေသည်။
နတ်ဆိုးနယ်မြေရှိ သူ၏ ဒုတိယခန္ဓာကိုယ်သည် ချီလျို၏ စကားများမှတစ်ဆင့် နတ်ဆိုးနယ်မြေ၌ နတ်ဆိုးဧကရာဇ်များ တည်ရှိကြောင်းကို သိရှိခဲ့ရသည်။ ဥပမာအားဖြင့် နတ်ဆိုးအရှင်သခင် နတ်ဆိုးဧကရာဇ်သည် အင်မော်တယ်ဘုရင်အထက်တွင် ရှိသော တည်ရှိမှုတစ်ခု ဖြစ်သည်။
ထို့ပြင် ဤပန်ဟွမ်ဟုခေါ်သော သူသည် အင်မော်တယ်ကမ္ဘာတွင် နတ်ဆိုးနယ်မြေရှိ နတ်ဆိုးဧကရာဇ်များနှင့် ညီမျှသော အဆင့်အတန်းနှင့် စွမ်းအားရှိသည့် တည်ရှိမှုတစ်ခု ဖြစ်ပေလိမ့်မည်။
နယ်မြေအသီးသီးကြားတွင် အဆင့်အတန်း သတ်မှတ်ချက် စနစ်သည် တင်းကြပ်လှပြီး နတ်ဆိုးနယ်မြေဖြစ်စေ၊ အင်မော်တယ်ကမ္ဘာဖြစ်စေ ချွင်းချက်ရှိမည် မဟုတ်ပေ။
နတ်ဆိုးနယ်မြေရှိ ရှီမိုကောင်းကင် အရှင်သခင်သည် ချီလျန်မျိုးနွယ်ကို သူ၏မျက်စိစူးစရာ ဆူးတစ်ချောင်းအဖြစ် အမြဲ ရှုမြင်ခဲ့သော်လည်း၊ နတ်ဆိုးအရှင်သခင် နတ်ဆိုးဧကရာဇ်မှ ချီလျန်မျိုးနွယ်ကို ထိုနေရာ၌ စီစဉ်ချထားပေးခဲ့ခြင်းကြောင့် နှစ်သောင်းပေါင်းများစွာကြာအောင် သူသည် သူ၏လက်အောက်ငယ်သားများကိုသာ အသေးအဖွဲ လှုပ်ရှားမှုလေးများ လုပ်ဆောင်စေရန် စေခိုင်းဝံ့ခဲ့ပြီး ချီလျန်မျိုးနွယ်အပေါ် အမှန်တကယ် တစ်စုံတစ်ရာ ပြုလုပ်ရန် လုံးဝ မရဲဝံ့ခဲ့ချေ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် အင်မော်တယ်ဘုရင်တစ်ပါးပင်လျှင် နတ်ဆိုးဧကရာဇ်တစ်ပါး၏ တည်ရှိမှုကို ရိုသေလေးစားရပြီး မဆန့်ကျင်ရဲကြောင်း မြင်တွေ့နိုင်ပေသည်။
ဤအင်မော်တယ်ဘုရင် နှလုံးသား၏ ပိုင်ရှင်သည် မည်သို့သော အရာများကို တွေ့ကြုံခံစားခဲ့ရ၍ ဤမျှ ကြီးမားသော အန္တရာယ်ကို စွန့်ကာ အင်မော်တယ်ကမ္ဘာရှိ အင်မော်တယ်ဧကရာဇ်အား သစ္စာဖောက်ရန် ရဲဝံ့ခဲ့ရသနည်း။
ထို့ပြင် တီးတိုးရေရွတ်သံများအရ အကဲဖြတ်ကြည့်လျှင် သူသည် အင်မော်တယ်ဧကရာဇ် တစ်ပါးတည်းကိုသာ သစ္စာဖောက်ခဲ့ခြင်း မဟုတ်ဘဲ အင်အားစုပေါင်းများစွာနှင့် အင်မော်တယ်ဧကရာဇ် များစွာကို စော်ကားကာ သစ္စာဖောက်ခဲ့ခြင်း ဖြစ်ပေသည်။
သူ့ကို ဒီလို သတ္တိမျိုး ဘယ်သူက ပေးခဲ့တာလဲ။
သို့မဟုတ် သူသည် မည်သည့်အရာအတွက် ဤမျှလောက်အထိ အန္တရာယ်ခံရန် ဆန္ဒရှိခဲ့ခြင်း ဖြစ်သနည်း။
ကုချန်သည် နားမလည်နိုင်စွာဖြင့် ခေါင်းယမ်းလိုက်လေသည်။
ထို့အပြင် ထိုရူးသွပ်သော တီးတိုးရေရွတ်သံများထဲမှ "အားလုံး သေရမယ်" ဆိုသည်မှာ ကြမ်းကြုတ်သော ကျိန်စာတစ်ခုလား၊ သို့မဟုတ်.....
နေပါဦး!
စောစောက တီးတိုးရေရွတ်သံများကို ပြန်လည်သတိရသွားချိန်တွင် ကုချန်သည် တစ်စုံတစ်ခုကို စဉ်းစားမိသွားသကဲ့သို့ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။
ယခုလေးတင် အင်မော်တယ်ဘုရင် နှလုံးသား၏ အရှိန်အဝါက သူ့အား ပေးစွမ်းခဲ့သော ခံစားချက်နှင့် ပေါင်းစပ်လိုက်သောအခါ အင်မော်တယ်ဘုရင် နှလုံးသား၏ အရှိန်အဝါကို အဘယ်ကြောင့် ထူးဆန်းစွာ ရင်းနှီးကျွမ်းဝင်နေရသနည်းဆိုသည်ကို ကုချန် နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ!