အခန်း (၃၄၉-၃၅၀)
Vol. 25 Ch. 349-350
အခန်း ( ၃၄၉ ) - အရေးတကြီးဖြစ်လာခြင်း၊ ကုချန် တံခါးပိတ်ကျင့်ကြံရန် အမိန့်ပေးလိုက်ခြင်း
ကုချန်သည် ဟွမ်သွမ့်ပင်လယ်ထဲတွင် ယခင်က သူကြုံတွေ့ခဲ့ရသော ဧရာမ ရုပ်အလောင်းကြီးကို တွေးတောလိုက်မိသည်။ ထိုရှေးဟောင်း ရုပ်အလောင်းကြီးသည် ၎င်း၏ လက်ဖဝါးထဲရှိ ရာပေါင်းများစွာသော ပျက်စီးနေသည့် စကြဝဠာများနည်းတူ ထာဝရတိတ်ဆိတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေကာ ဟွမ်သွမ့်ပင်လယ်၏ အေးစက်ပြီး သေဆုံးနေသော နက်ရှိုင်းသည့် နေရာတွင် တိတ်ဆိတ်စွာ လဲလျောင်းနေခဲ့သည်။
ထိုအဆုံးမရှိသော ထာဝရတိတ်ဆိတ်ခြင်း အရှိန်အဝါများကြားတွင် မှေးမှိန်လွန်း၍ သတိပြုမိရန်ပင် ခက်ခဲသော ပုပ်သိုးဆွေးမြေ့ခြင်း အနံ့အသက်တစ်ခုလည်း ရှိနေခဲ့သည်။ သို့သော် ထာဝရတိတ်ဆိတ်ခြင်း အရှိန်အဝါမှာ ကြီးမားကျယ်ပြန့်လွန်း၍ အရာအားလုံးကို ဖုံးလွှမ်းထားသောကြောင့် ထင်ရှားခြင်း မရှိခဲ့ပေ။
သို့သော် ယခုအခါ ကုချန်သည် ဤအင်မော်တယ်ဘုရင်၏ နှလုံးသားပေါ်ရှိ အရှိန်အဝါကို အာရုံခံလိုက်ရချိန်တွင် ၎င်းက သူ့အား ပေးစွမ်းသော ခံစားချက်မှာ လုံးဝ တူညီနေကြောင်း တွေ့ရှိလိုက်ရသည်။
ဒါကြောင့်ကိုး.. ဒါကြောင့် သူက တစ်နည်းနည်းနဲ့ ရင်းနှီးနေသလို ခံစားခဲ့ရတာပဲ။
ယခုလေးတင် အင်မော်တယ်ဘုရင်၏ နှလုံးသားဆီမှ ထွက်ပေါ်လာသော ရူးသွပ်သည့် တီးတိုးရေရွတ်သံများကြောင့်သာ ဤအချက်ကို သူ အပြည့်အဝ နားလည်သွားခဲ့ခြင်း ဖြစ်သည်။ အားလုံး သေရမည်၊ အင်မော်တယ်ဘုရင်လည်း ဤသို့ပင်ဖြစ်ပြီး အင်မော်တယ်ဧကရာဇ်လည်း ချွင်းချက်မဟုတ်ချေ။
ယခင်က ထာဝရတိတ်ဆိတ်ခြင်းထဲသို့ ကျဆင်းသွားသော ထိုပျက်စီးနေသည့် စကြဝဠာထဲတွင် သူတွေ့ခဲ့ရသော လျှို့ဝှက်ဆန်းကြယ်သည့် အဘိုးအိုကလည်း အလားတူတစ်ခုခုကို ပြောခဲ့သည်မဟုတ်ပါလော။ အားလုံး သေရမည်၊ ထာဝရတိတ်ဆိတ်ခြင်းထဲသို့ ကျဆင်းသွားခြင်းကသာ တစ်ခုတည်းသော ရလဒ်ဖြစ်သည်ဟု.....
ဤအင်မော်တယ်ဘုရင် နှလုံးသား၏ ပိုင်ရှင်နှင့် ဟွမ်သွမ့်ပင်လယ်၏ အနက်ရှိုင်းဆုံးနေရာ၌ တည်ရှိမှု မသေချာသော ဧရာမ ရုပ်အလောင်းကြီးတို့သည် ခေတ်ကာလတစ်ခုတည်းမှ ဖြစ်နေနိုင်သလော။ ကုချန်၏ အတွေးများမှာ လျင်မြန်စွာ ပြေးလွှားနေသော်လည်း အရေးကြီးသော အချက်အလက်များ ကင်းမဲ့နေသောကြောင့် အဓိကအချက်များကို သူ ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ချေ။
သို့သော် ဤအရာကြောင့် ကုချန်၏ နှလုံးသားထဲတွင် အရေးတကြီးဖြစ်လာသည့် ခံစားချက်တစ်ခုလည်း ခပ်ရေးရေး ပေါ်လာခဲ့သည်။ ယခင်က သူသည် ဧကရာဇ်အဆင့်သို့ ကျင့်ကြံကာ အင်မော်တယ်ဓာတ်များကို စုစည်းနိုင်မည်ဆိုပါက၊ အင်မော်တယ်ကမ္ဘာသို့ မတက်လှမ်းနိုင်လျှင်ပင် အောက်ဘုံ၌ ကောင်းကင်ကြီးနည်းတူ အသက်ရှင်နိုင်ပြီး ထာဝရအသက်ကို ခံစားနိုင်မည်ဟု တွေးထင်ခဲ့ဖူးသည်။
သို့သော် ယခုအခါ ထိုဧရာမ ရုပ်အလောင်းကြီးနှင့် ဤအင်မော်တယ်ဘုရင် နှလုံးသားတို့၏ ကံကြမ္မာကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးနောက်တွင် ကုချန်သည် သူ၏အတွေးကို ပြောင်းလဲလိုက်လေသည်။
ယုံမှားသံသယဖြစ်ဖွယ်မရှိ၊ ဤကျယ်ပြောလှသော ကောင်းကင်ဘုံများထဲတွင် အမည်မသိ အန္တရာယ်တစ်ခု တည်ရှိနေပေသည်။ ဤအန္တရာယ်သည် အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များပင်လျှင် မလွတ်မြောက်နိုင်သော အရာဖြစ်သည်။
ထိုထိုအလွန်တရာ စွမ်းအားကြီးမားသော ဧရာမ ရုပ်အလောင်းကြီးပင်လျှင် ၎င်းသက်ရှိထင်ရှားရှိစဉ်က ဤကပ်ဘေးကို မခုခံနိုင်ခဲ့ဘဲ မျှော်လင့်ချက်မဲ့စွာဖြင့် ထာဝရတိတ်ဆိတ်ခြင်းထဲသို့ ကျဆင်းသွားခဲ့ရပြီး ၎င်း၏ လက်ဖဝါးထဲရှိ စကြဝဠာများကိုပင် မကာကွယ်နိုင်ဘဲ ၎င်းတို့နှင့်အတူ ထာဝရတိတ်ဆိတ်ခြင်းထဲ၌ ပျက်စီးသွားခဲ့ရသည်။
အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ်ဧကရာဇ်များပင်လျှင် ဤသို့ဖြစ်နေပါက ဧကရာဇ်အဆင့်က မည်သို့ ချွင်းချက်ဖြစ်နိုင်မည်နည်း။ ဧကရာဇ်အဆင့်သည် ကောင်းမွန်သော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ၎င်းက မျှော်လင့်ချက်ရှိသော အနာဂတ်တစ်ခုမျှသာ ဖြစ်သည်။ အကယ်၍ ၎င်းက ရင့်ကျက်မလာပါက နောက်ဆုံးတွင် စိတ်ကူးယဉ်အိပ်မက်တစ်ခုထက် ပိုလာမည်မဟုတ်ချေ။
အင်မော်တယ်ဘုရင်များ ပျောက်ကွယ်သွားပြီး အင်မော်တယ်ဧကရာဇ်များ ဖျက်ဆီးခံလိုက်ရသည်နှင့်အမျှ၊ အင်မော်တယ်ကမ္ဘာနှင့် နတ်ဆိုးနယ်မြေပင်လျှင် ကြာရှည်တည်တံ့နိုင်မည် မဟုတ်ကြောင်း တွေးကြည့်၍ ရနိုင်ပေသည်။ အဆုံးမဲ့ကမ္ဘာလေးတစ်ခုမှာ အဘယ်သို့ ချွင်းချက်ဖြစ်နိုင်မည်နည်း။ ကုချန်သည် အဆုံးမဲ့ကမ္ဘာရှိ သက်ရှိများ၏ အသက်အန္တရာယ်ကို ဂရုမစိုက်သော်လည်း ကုမိသားစုကို မည်သို့လုပ်ရမည်နည်း။
အကယ်၍ စကြဝဠာအားလုံးကို လွှမ်းခြုံထားသော ကပ်ဘေးတစ်ခုသာ အမှန်တကယ် ဆင်းသက်လာပါက ကုချန်သည် မိမိကိုယ်ကို ကာကွယ်ရုံသာမက ကောင်းကင်ဘုံများနှင့် ကုမိသားစုကိုပါ ကာကွယ်ရမည် ဖြစ်သည်။ ဤအရာကို တွေးမိသောအခါ ကုချန်သည် သူ ပိုမိုစွမ်းအားကြီးမားလာရန် လိုအပ်ကြောင်းကို နားလည်သွားလေသည်။
အင်မော်တယ်ဘုရင်များကို ကျော်လွန်ကာ၊ အင်မော်တယ်ဧကရာဇ်များကို ကျော်လွန်၍ အရာအားလုံး၏ အထက်တွင် ရပ်တည်နိုင်လောက်အောင် စွမ်းအားကြီးမားမှသာ၊ သူသည် ထိုအမည်မသိ ကပ်ဘေးကြီးကို ကျော်လွှားနိုင်ပြီး တစ်ချိန်တည်းမှာပင် ကုမိသားစုကိုပါ ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
" ဒီကိုလာခဲ့ "
ထိုအရာအားလုံးကို တွေးတောပြီးနောက် ကုချန်သည် အဝေးဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
အထွတ်အထိပ်အဆင့် ဝေလငါးကြီးသည် မြူများဖုံးလွှမ်းနေသော ဟွမ်သွမ့်နယ်မြေတစ်ခုထဲတွင် လိမ္မာစွာ နေထိုင်နေပြီး ကုချန်၏ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေဟန်ရှိသည်။
စောစောက ရှောင်ယောက်ထျန်းကျွင်းနှင့် စစ်မှန်သော အင်မော်တယ်နှစ်ပါး ဆင်းသက်လာတော့မည်ကို သူ အာရုံခံမိချိန်တွင် ကုချန်သည် ဝေလငါးကြီးအား ထွက်သွားရန် အချက်ပြခဲ့သည်။
သို့သော် ကုချန်မှ သူ့အား စစ်မှန်သော အင်မော်တယ် ကျင့်စဉ်တစ်ခုကို ယခုလေးတင် ပေးသနားထားခဲ့သောကြောင့် ဝေလငါးကြီးသည် အလျင်စလို ထွက်မသွားခဲ့ဘဲ အနီးအနားတွင်သာ ကူးခတ်နေကာ ကုချန်၏ခေါ်ယူမှုကို စောင့်ဆိုင်းနေဟန်ရှိသည်။
ထို့နောက် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ဝေလငါးကြီး၏ နားလည်ထားမှုများကို ပြောင်းပြန်လှန်ပစ်လုနီးပါး ဖြစ်သွားစေခဲ့သည်။ စစ်မှန်သော အင်မော်တယ်များ ဆင်းသက်လာကာ ရှောင်ယောက်ထျန်းကျွင်းမှာလည်း အင်မော်တယ်တက်လှမ်းနိုင်ခဲ့သည်။ ထို့နောက် အင်မော်တယ်ဖြစ်နေပြီဖြစ်သော ရှောင်ယောက်ထျန်းကျွင်းကို ကုချန်မှ လွယ်လွယ်ကူကူ သတ်ဖြတ်လိုက်လေသည်။
ဒီအရှင်သခင်က စစ်မှန်တဲ့ အင်မော်တယ်ကျင့်စဉ်တွေကိုတောင် ဂရုမစိုက်ဘဲ သူ့ကို ပေါ့ပေါ့ပါးပါး ပေးသနားခဲ့တာ အံ့ဩစရာတော့ မဟုတ်ဘူး။ အမှန်တကယ်တော့ သူက စစ်မှန်တဲ့ အင်မော်တယ်တွေကို မျက်စိတစ်မှိတ်အတွင်းမှာ သတ်ဖြတ်နိုင်နေတာပဲ။
ဤအရာကို သိရှိသွားပြီးနောက် ဝေလငါးကြီးမှာ ထွက်သွားလိုစိတ် ပို၍ပင် နည်းပါးသွားလေသည်။ သူသည် ဟွမ်သွမ့်ပင်လယ်ထဲတွင် မွေးဖွားလာသော ဝေလငါးကြီးတစ်ကောင်မျှသာ ဖြစ်ပြီး အထွတ်အထိပ်အဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော်ငြား သူ၏ အနာဂတ်မှာ မှေးမှိန်နေပြီး တက်လှမ်းနိုင်ရန် နေရာလပ် သိပ်မရှိတော့ချေ။
နောက်ထပ် နှစ်သောင်း၊ သုံးသောင်း၊ ငါးသောင်းခန့် ကြာလျှင် သူသည် ဟွမ်သွမ့်ထဲ၌ အိုမင်းရင့်ရော်စွာ သေဆုံးသွားနိုင်သည် သို့မဟုတ် မမျှော်လင့်ထားသော အန္တရာယ်အချို့ကြောင့် ပို၍စောစွာ သေဆုံးသွားနိုင်ပေသည်။ သို့သော် အကယ်၍ စစ်မှန်သော အင်မော်တယ်များကို ကျော်လွန်သည့် ဤကဲ့သို့သော တည်ရှိမှုမျိုးနောက်သို့ သူ လိုက်ပါနိုင်မည်ဆိုပါက အနာဂတ်တွင် စစ်မှန်သော အင်မော်တယ်နေရာကို ရရှိရန် သူ့အတွက် အခွင့်အရေး ရှိလာမည်မဟုတ်ပါလော။
ဒါက စိတ်ကူးယဉ်သက်သက် မဟုတ်ဘဲ ဖြစ်နိုင်ခြေ များပြားလွန်းတဲ့ အမှန်တရားတစ်ခု ဖြစ်နိုင်တယ်။
ဤအတွေးကြောင့်ပင် ဝေလငါးကြီးသည် အချိန်ကြာမြင့်စွာ ထွက်မသွားဘဲ ကုချန်၏ခေါ်ယူမှုကို ဤနေရာ၌ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကုချန်၏ခေါ်ယူသံကို ကြားလိုက်ရချိန်တွင် ဝေလငါးကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ကုချန်၏ရှေ့သို့ ချက်ချင်း ရောက်လာကာ သူ၏ခေါင်းကို လိမ္မာစွာ ငုံ့ထားလျက် ကုချန်၏အမိန့်ကို စောင့်ဆိုင်းနေဟန်ရှိသည်။
" မင်း အခု သွားလို့ရပြီ... ငါကိုယ်တော်အတွက် ဒီဟွမ်သွမ့်ပင်လယ်ထဲက အန္တရာယ်များတဲ့ နေရာတွေကို လိုက်ရှာပြီး မှတ်သားထားပါ... နောင်တစ်ချိန် ငါကိုယ်တော် မင်းကို ခေါ်တဲ့အခါ ဒီအန္တရာယ်များတဲ့ နေရာတွေကို ငါနဲ့အတူ သွားရှာကြမယ် "
ကုချန်သည် ဝေလငါးကြီးအား ကြည့်လိုက်ပြီး ယခင်ကကဲ့သို့ ၎င်း၏ခေါင်းပေါ်သို့ မတက်တော့ဘဲ အမိန့်ပေးလိုက်လေသည်။
" ဒါ့အပြင် မင်းရှာဖွေနေတဲ့အချိန်မှာ ဒီလို ရတနာမြေမျိုး ရှိမရှိကို အမြဲတမ်း စစ်ဆေးရမယ်... တွေ့တာနဲ့ ငါ့ကို ချက်ချင်း အကြောင်းကြားပါ "
ထိုသို့ပြောပြီးနောက် ကုချန်သည် တည်ငြိမ်စွာ လက်ဝှေ့ယမ်းလိုက်ရာ အဆုံးမဲ့ဟွမ်သွမ့်နယ်မြေဖြင့် လွှမ်းခြုံထားသော ကြီးကျယ်ခမ်းနားသည့် ကောင်းကင်ကျောက်တိုင် ပုံရိပ်ယောင်တစ်ခု ဝေလငါးကြီးရှေ့တွင် ပေါ်လာခဲ့သည်။
ယင်းမှာ တောက်ပနေသော ကျောက်စိမ်းဖြူဖြင့် ရေးထိုးထားသည့် ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်ပင် ဖြစ်လေသည်။
ဝေလငါးကြီးအား ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်၏ တည်နေရာကို ရှာဖွေခိုင်းခြင်းမှာ ကုချန်အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခုဖြစ်ပြီး ကြိုတင်၍ နယ်ရုပ်တစ်ခု ချထားခြင်းလည်း ဖြစ်လေသည်။
ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်၏ တည်နေရာမှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သောကြောင့် ဝေလငါးကြီးမှ ၎င်းကို ရှာတွေ့နိုင်လိမ့်မည်ဟု သူ မထင်ထားသော်ငြား အကယ်၍များ ရှာတွေ့ခဲ့လျှင်ဟု တွေးတောကာ ခိုင်းစေခဲ့ခြင်းဖြစ်သည်။
သို့သော် ရှာမတွေ့ခဲ့လျှင်တောင် ကိစ္စမရှိပေ။ ဝေလငါးကြီးအနေဖြင့် အခွင့်အရေးများ ပါဝင်သော ဟွမ်သွမ့်ပင်လယ်ထဲရှိ အခြား အန္တရာယ်များသည့် နေရာများကို ရှာတွေ့နိုင်လျှင်ပင် ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။
" ဝေါင်း! "
ဝေလငါးကြီးသည် ရှည်လျားစွာ ဟိန်းဟောက်လိုက်ရာ ၎င်း၏အသံတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေဟန်ရှိ၏။ ကုချန်သည် ထိုအန္တရာယ်များသော နေရာများကို စုံစမ်းရန် သူနှင့်အတူ ဆက်လက်ခရီးသွားမည်ဟု သူထင်မှတ်ထားခဲ့သော်လည်း တစ်ဖက်လူမှ သူ့ကို ထိုနေရာများအား တစ်ယောက်တည်း ရှာဖွေရန် စေလွှတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
" မင်း တစ်ခုခုကို ရှာတွေ့ရင် ငါကိုယ်တော်ကို အကြောင်းကြားလိုက်ပါ... ငါကိုယ်တော် မကြာခင် ရောက်လာခဲ့မယ် "
ကုချန်သည် သူ၏နတ်ဘုရားအသိစိတ် တစ်စွန်းတစ်စ ပါဝင်သော ကျောက်စိမ်းပြားတစ်ခုကို လက်မြှောက်၍ ဖန်တီးကာ ဝေလငါးကြီးထံ ကမ်းပေးလိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
" စိတ်မပူပါနဲ့... မင်း အစွမ်းကုန် ကြိုးစားသရွေ့ ငါကိုယ်တော်က မင်းအပေါ် မျှတမှုမရှိ ဆက်ဆံမှာ မဟုတ်ပါဘူး "
" ဝေါင်း! "
ကုချန်၏ကတိစကားကို ကြားလိုက်ရသောအခါ ဝေလငါးကြီးမှာ ချက်ချင်းပင် အနည်းငယ် တက်ကြွသွားလေသည်။
သူ၏ရှေ့ရှိ ဤကြီးမြတ်သော တည်ရှိမှုသည် သူ့အား မည်သည့်အခါမျှ လိမ်ညာမည်မဟုတ်ကြောင်း သူ သိထား၏။ မည်သို့ပင်ဆိုစေ ယခုလေးတင် စစ်မှန်သော အင်မော်တယ်ကျင့်စဉ်တစ်ခုကိုပင် နှမြောတွန့်တိုမှု အနည်းငယ်မျှမရှိဘဲ ပေးသနားထားခဲ့သည် မဟုတ်ပါလော။ အနာဂတ်တွင် သူ အစွမ်းကုန် ကြိုးစားသရွေ့ ဆုလာဘ်များက သေချာပေါက် 'ကြီးမား' လာမည်မှာ ယုံမှားဖွယ် မရှိချေ။
ဤအရာကို တွေးမိသောအခါ ဝေလငါးကြီးမှာ မည်သည့် စိတ်ပျက်မှုကိုမျှ မခံစားရတော့ချေ။ ၎င်းသည် ကုချန်အား အရိုအသေပေးပြီးနောက် ဟွမ်သွမ့်၏ နက်ရှိုင်းသော နေရာများဆီသို့ ကူးခတ်သွားတော့သည်။
ဝေလငါးကြီး ထွက်သွားသည်ကို ကြည့်ရင်း ကုချန်၏ နတ်ဘုရားအသိစိတ်မှာ အနည်းငယ် လှုပ်ရှားသွားကာ တိတ်ဆိတ်သော ဟွမ်သွမ့်နယ်မြေတစ်ခုကို ချက်ချင်း ရှာဖွေလိုက်သည်။ ထို့နောက် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ကို ထုတ်ယူကာ ၎င်းအတွင်းသို့ ဝင်ရောက်ပြီး ကျင့်ကြံခြင်းစတင်ရန် တင်ပျဉ်ခွေ ထိုင်လိုက်လေသည်။
မရေမတွက်နိုင်သော ကျင့်စဉ်အခန်းကဏ္ဍများကို မှတ်တမ်းတင်ထားသည့် သူ၏ အသိစိတ်ပင်လယ်ထဲရှိ 'အဝါရောင် စက္ကူများ' ကို ချေဖျက်ရန် အချိန်ကာလတစ်ခုမျှ တံခါးပိတ်ကျင့်ကြံရန် သူ ရည်ရွယ်ထားလေသည်။
ထို့ပြင် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို ပြောင်းပြန် ကျင့်ကြံနိုင်ရန်အတွက် ကမ္ဘာပေါင်းများစွာ၏ ဥပဒေသများကို ကျင့်ကြံမည်ဆိုသော သူ၏အတွေးမှာ အမှန်တကယ် အသုံးဝင်မဝင်ကိုလည်း ကြည့်ရှုလိုသောကြောင့်ပင်။
အခန်း ( ၃၅၀ ) - အချိန်တစ်ခုအထိ စောင့်ဆိုင်းခြင်း၊ ခန့်မှန်းရခက်ခြင်းနှင့် စစ်မှန်သော အဆင့်ချိုးဖောက်ခြင်း
ကုချန်သည် သူ၏ တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်ချိန်၌ အင်မော်တယ်တံခါးပေါက်၏တစ်ဖက်ရှိ အင်မော်တယ်တစ်သောင်းမျှော်စင်၏ အတွင်းပိုင်းနက်ရှိုင်းသော နေရာမှ ဝိညာဉ်ခန်းမဆောင်ထဲတွင် ဝိညာဉ်မီးတောက်နှစ်ခု တစ်ခုပြီးတစ်ခု ငြိမ်းသတ်သွားသည်ကို ကြည့်ရင်း မျက်နှာ အလွန်အမင်း မှုန်ကုပ်နေလေသော ချုံးဟွာထျန်းကျွင်းရှိလေသည်။
" သူတို့ သေသွားပြီလား? စစ်မှန်တဲ့ အင်မော်တယ်နှစ်ပါးစလုံး သေသွားကြပြီလား?! "
ချုံးဟွာထျန်းကျွင်း၏ အသံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
သူသည် အောက်ဘုံသို့ စစ်မှန်သော အင်မော်တယ်နှစ်ပါးကို စေလွှတ်ခဲ့သော်လည်း ယခုအခါ သူတို့သည် အောက်ကမ္ဘာ၌ တစ်ပြိုင်နက်တည်းနီးပါး သေဆုံးသွားခဲ့ကြပြီး မသေဆုံးမီ မည်သူကမျှ သတင်းစကား တစ်စုံတစ်ရာ ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
အောက်ဘုံမှာ တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့တာလဲ။
ချုံးဟွာထျန်းကျွင်းမှာ အံ့အားသင့်မှုနှင့်အတူ ဒေါသလည်း ထွက်နေလေသည်။
အဘယ်ကြောင့်ဆိုသော် ဤစစ်မှန်သော အင်မော်တယ်နှစ်ပါး သေဆုံးသွားခြင်းနှင့်အတူ အောက်ကမ္ဘာရှိ ရှောင်ယောက်ထျန်းကျွင်းအား သူ ဆက်သွယ်၍ မရတော့ကြောင်းကို တွေ့ရှိလိုက်ရသောကြောင့်ပင်။
သူတို့ရဲ့ သေဆုံးမှုက ကုချန်နဲ့ သက်ဆိုင်နေသလား ဒါမှမဟုတ် ရှောင်ယောက်ထျန်းကျွင်းနဲ့ သက်ဆိုင်နေသလား။
ချုံးဟွာထျန်းကျွင်းသည် စဉ်းစားခန်းဝင်နေသော်လည်း တစ်ခဏတာမျှပင် သူ စဉ်းစား၍မရနိုင်ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ကုချန်ဖြစ်စေ၊ ရှောင်ယောက်ထျန်းကျွင်းဖြစ်စေ စစ်မှန်သော အင်မော်တယ်နှစ်ပါးကို သတ်ဖြတ်နိုင်စွမ်းရှိမည် မဟုတ်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။
အဆုံးမဲ့ကမ္ဘာထဲတွင် ယခင် လူသားဧကရာဇ်ကဲ့သို့သော အခြား တည်ရှိမှုတစ်ခု ထပ်မံပေါ်ထွက်လာခြင်း မဟုတ်လျှင်ပေါ့.....
ချုံးဟွာထျန်းကျွင်း၏ မျက်နှာမှာ မှောင်မိုက်နေလေသည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက အဆုံးမဲ့ကမ္ဘာ၌ သေဆုံးသွားခဲ့သော စစ်မှန်သော အင်မော်တယ်နှစ်ပါးနှင့် ရွှယ်ကျန်းတို့ကိုပါ ထည့်တွက်မည်ဆိုလျှင် အောက်ဘုံ၌ သေဆုံးခဲ့သော အင်မော်တယ်တစ်သောင်းမျှော်စင်မှ စစ်မှန်သော အင်မော်တယ် အရေအတွက်မှာ ယခုအခါ ငါးပါးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။
အင်မော်တယ်တစ်သောင်းမျှော်စင်အတွက်တော့ ဤသည်မှာ ကြီးမားသော အရှက်ရမှုတစ်ခုပင် ဖြစ်ပေသည်။
အင်မော်တယ်ကမ္ဘာကို ဖွင့်လှစ်ရန် အင်မော်တယ်ဘုရင်၏ အမိန့်စာသည် အင်မော်တယ်တစ်သောင်းမျှော်စင် အရှင်သခင်၏ လက်ထဲတွင် ရှိမနေခဲ့ပါက ချုံးဟွာထျန်းကျွင်းသည် အောက်ဘုံသို့ ချက်ချင်းဆင်းကာ ဖြစ်ပျက်ခဲ့သည်များကို သေချာပေါက် စုံစမ်းစစ်ဆေးမည် ဖြစ်သည်။
" မျှော်စင်သခင်က မကြာသေးခင်ကမှ တံခါးပိတ်ကျင့်ကြံဖို့ ဝင်သွားတာ... အခုချိန် သူ့ကို သွားအနှောင့်အယှက်ပေးရင် ငါ သေချာပေါက် အပြစ်တင်ခံရလိမ့်မယ်.....
ထားလိုက်ပါတော့... လောလောဆယ် ငါ စောင့်နေလိုက်မယ်... မျှော်စင်သခင် တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီးတဲ့နောက် အင်မော်တယ်ဘုရင်ရဲ့ အမိန့်စာကို တောင်းခံပြီး အောက်ဘုံကို ငါကိုယ်တိုင် သွားစုံစမ်းမယ် "
ချုံးဟွာထျန်းကျွင်း၏ မျက်နှာမှာ မှောင်မိုက်ကာ မသေချာမရေရာ ဖြစ်နေသော်လည်း နောက်ဆုံးတွင် သူသည် အင်မော်တယ်တစ်သောင်းမျှော်စင် အရှင်သခင် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့်အချိန်အထိ စောင့်ဆိုင်းရန်နှင့် ထိုကိစ္စကို ကိုယ်တိုင် အစီရင်ခံ စုံစမ်းရန် ဆုံးဖြတ်လိုက်လေသည်။
ကုချန်ပဲဖြစ်ဖြစ်၊ ရှောင်ယောက်ထျန်းကျွင်းပဲဖြစ်ဖြစ်၊ သူတို့က ဒီကိစ္စနဲ့ ပတ်သက်နေတယ်လို့ သူ တွေ့ရှိရလို့ကတော့ သူတို့အားလုံး သေရမယ်။
… … … …
ဟွမ်သွမ့်ပင်လယ်ထဲတွင် အချိန်ကာလကို မှတ်သားထားခြင်း မရှိချေ။
ကုချန်၏ တံခါးပိတ်ကျင့်ကြံခြင်းသည် ရာစုနှစ်တစ်ခု အတိအကျ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဤနှစ်တစ်ရာအတွင်း သူ၏ တတိယကိုယ်ပွားသည် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ထဲမှ ခြေတစ်လှမ်းမျှ ထွက်မလာခဲ့သလို တစ်လက်မမျှပင် မလှုပ်ရှားခဲ့ချေ။
ထို့ပြင် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်သည်လည်း သိပ်သည်းလှသော ဟွမ်သွမ့်ချီများထဲတွင် နစ်မြုပ်နေကာ ၎င်း၏ ခြေရာများကို ရှာဖွေတွေ့ရှိရန် ခက်ခဲလှသည်။
တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်အတွင်း၌.....
ကုချန်၏ တတိယကိုယ်ပွားသည် တိတ်ဆိတ်စွာ တရားထိုင်နေပြီး သူ၏ အသက်ရှူသံများပင် ပျောက်ကွယ်နေကာ နိဗ္ဗာန်ထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင်။
သို့သော် ဤသည်မှာ အပေါ်ယံမျှသာ ဖြစ်လေသည်။
အမှန်တကယ်တွင် ကုချန်၏ အသိစိတ်ပင်လယ်ထဲ၌ လုံးဝ ကွဲပြားခြားနားသော မြင်ကွင်းတစ်ခု ဖြစ်နေလေသည်။
ခမ်းနားကြီးကျယ်ကာ ကျယ်ပြောလှသော အသိစိတ်ပင်လယ်ထဲတွင်၊ ကောင်းကင်ဧကရာဇ် ကျမ်းစာဖြင့် တည်ဆောက်ထားသော အဆုံးမဲ့ဥပဒေသမီးဖိုသည် အသိစိတ်ပင်လယ်၏ အလယ်ဗဟို၌ ထည်ဝါစွာ ရပ်တည်နေလေသည်။
နယ်ပယ်အသီးသီးအတွက် ကျင့်ကြံခြင်း တာအိုများကို မှတ်တမ်းတင်ထားသော အဝါရောင် စက္ကူများသည် ကောင်းကင်မှ အဆက်မပြတ် လွင့်စင်ကျဆင်းလာကာ အဆုံးမဲ့ဥပဒေသမီးဖိုထဲသို့ ကျရောက်သွားပြီးနောက် ကုချန်၏ အသိစိတ်ပင်လယ် တစ်ခုလုံးကို လင်းထိန်သွားစေသော တောက်လောင်နေသည့် မီးတောက်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ဤအခိုက်အတန့်တွင် သူ၏ ဆန္ဒနှင့် နတ်ဘုရားအသိစိတ်တို့ဖြင့် လုံးဝ စုစည်းဖန်တီးထားသော ကုချန်၏ပုံရိပ်သည် ဤအသိစိတ်ပင်လယ်ထဲ၌ တိတ်ဆိတ်စွာ ရပ်နေကာ ဘယ်တော့မှ ငြိမ်းသတ်သွားမည်မဟုတ်ဟု ထင်ရလောက်အောင် တောက်လောင်နေသော အဆုံးမဲ့ဥပဒေသမီးဖိုကို ကြည့်ရင်း သူ၏ နှုတ်ခမ်းများပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
" ငါ့ရဲ့ ခန့်မှန်းချက်က တကယ်ကို မှန်ကန်ခဲ့တယ်.....
ကမ္ဘာပေါင်းများစွာရဲ့ အဆုံးမဲ့တာအိုတွေကို ကျင့်ကြံတာက... ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို အမှန်တကယ် ပြောင်းပြန် ကျင့်ကြံနိုင်တယ်.....
ရာစုနှစ်တစ်ခုပဲ ကြာသေးပေမယ့် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် ငါ့ရဲ့ နားလည်သဘောပေါက်မှုက ၂ ရာခိုင်နှုန်းကို ချဉ်းကပ်လာခဲ့ပြီ! "
ကုချန်သည် ဤနှစ်တစ်ရာအတွင်း များစွာသော အကျိုးကျေးဇူးများကို ရရှိခဲ့သည်။
ယခင်က ဟွမ်သွမ့်ကောင်းကင်ကျောက်တိုင်မှ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ တစ်ရာခိုင်နှုန်းသာ ရှိခဲ့သည်။
သို့သော် ယခုအခါ နှစ်တစ်ရာမျှသော အချိန်တိုအတွင်းမှာပင် ကုချန်၏ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် နားလည်သဘောပေါက်မှုမှာ ၂ ရာခိုင်နှုန်းသို့ အကန့်အသတ်မရှိ နီးကပ်လာခဲ့ပြီ ဖြစ်သည်။
သေချာပေါက်ပင် သူ ဤမျှ လျင်မြန်စွာ နားလည်သဘောပေါက်နိုင်ခြင်းမှာ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းသည် ကုချန်၏ ကိုယ်ပွားတစ်ခုတည်းအတွက် သီးသန့်ကျင့်စဉ် မဟုတ်ဘဲ သူ၏ ပင်မခန္ဓာကိုယ်နှင့် ကိုယ်ပွားနှစ်ခုတို့ အတူတကွ ကျင့်ကြံနေသောကြောင့်ပင် ဖြစ်သည်။
ဟွမ်သွမ့်ပင်လယ်ထဲတွင် တံခါးပိတ်ကျင့်ကြံနေသော သူ၏ တတိယကိုယ်ပွားအပြင်၊ နတ်ဆိုးနယ်မြေရှိ သူ၏ ဒုတိယကိုယ်ပွားသည်လည်း ရှီမိုကောင်းကင်၏ နတ်ဆိုးနယ်မြေ အသီးသီးမှ ကျင့်ကြံခြင်း တာအိုများအားလုံးနီးပါးကို ရရှိထားပြီးဖြစ်ရာ ဤနှစ်တစ်ရာအတွင်း လုံးဝ အားမနေခဲ့ဘဲ အဆက်မပြတ် နားလည်သဘောပေါက်ရန်နှင့် ကျင့်ကြံရန် ကြိုးပမ်းနေခဲ့သည်။
အဆုံးမဲ့ကမ္ဘာရှိ သူ၏ ပင်မခန္ဓာကိုယ်နှင့်ပါ ပေါင်းစပ်လိုက်သောအခါ၊ ကိုယ်ပွားသုံးခု၏ ပေါင်းစပ်ကြိုးပမ်းမှုများသည် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ ကျင့်ကြံမှုကို ဤမျှ လျင်မြန်စွာ တိုးတက်လာစေခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် တစ်ရာခိုင်နှုန်းမျှသာ တိုးတက်လာသည်ဟု ထင်ရသော်ငြား၊ အမှန်တကယ်တွင် ဤတိုးတက်မှုသည် အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကုချန်သည် နတ်ဆိုးနယ်မြေတွင် အင်မော်တယ်ဘုရင်တစ်ပိုင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ပြီးနောက် ဝါရင့် အင်မော်တယ်ဘုရင်တစ်ပါးဖြစ်သော ရှီမိုကောင်းကင် အရှင်သခင်ကိုပင် ယှဉ်ပြိုင်နိုင်ခဲ့သည်။
သူ၏ အကြီးမားဆုံးသော အားထားရာမှာ ဤကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းပင် ဖြစ်၏။
ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းကို တစ်ရာခိုင်နှုန်း နားလည်သဘောပေါက်ရုံဖြင့် သူ့အား ကောင်းကင်ချောက်နက်ကို ဖြတ်ကျော်နိုင်စေခဲ့ပြီး၊ အင်မော်တယ်ဘုရင်တစ်ပိုင်း ခန္ဓာကိုယ်ဖြင့် ဝါရင့် အင်မော်တယ်ဘုရင်တစ်ပါးအား အားနည်းချက် မရှိစေဘဲ ခိုင်မာစွာ ရင်ဆိုင်နိုင်စေခဲ့သည်။
ဤအချက်တစ်ခုတည်းကပင် ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ စွမ်းအားကို သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။
ယခုအခါ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ ကျင့်ကြံမှုသည် နှစ်ရာခိုင်နှုန်းသို့ ရောက်ရှိလာပြီဖြစ်ရာ အဆုံးမဲ့တာအိုများအပေါ် ကုချန်၏ နားလည်သဘောပေါက်မှုသည် ပိုမို ကျွမ်းကျင်လာခဲ့လေသည်။
သူ၏ခန့်မှန်းချက်အရ အကယ်၍ သူသာ ရှီမိုကောင်းကင် အရှင်သခင်နှင့် ထပ်မံတိုက်ခိုက်ရပါက၊ သူ့ကို အပြတ်အသတ် ချေမှုန်းနိုင်မည်ဟု မဆိုနိုင်သော်လည်း တိုက်ပွဲအတွင်း၌ တန်းတူအခြေအနေမှနေ၍ အသာစီးရယူနိုင်သည့် အခြေအနေသို့ သေချာပေါက် ရောက်ရှိသွားမည် ဖြစ်သည်။
ရာစုနှစ်တစ်ခုအတွင်း ဤမျှ ထိတ်လန့်ဖွယ်ကောင်းသော တိုးတက်မှုမှာ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း၏ စွမ်းအားကို ပြသနေလေသည်။
" အဲဒီရုပ်အလောင်းက အသက်ရှင်စဉ်က ဘယ်လောက် စွမ်းအားကြီးခဲ့မလဲဆိုတာ ခန့်မှန်းရခက်တယ် "
အသိစိတ်ပင်လယ်အထက်မှ အဆက်မပြတ် လွင့်စင်ကျဆင်းလာသော အဝါရောင် စက္ကူများကို ကြည့်ရင်း ကုချန်သည် ခံစားချက်များဖြင့် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
နယ်ပယ်အသီးသီး၏ ကျင့်ကြံခြင်း တာအိုများကို မှတ်တမ်းတင်ထားသော ထိုအဝါရောင် စက္ကူများသည် ရုပ်အလောင်း၏ လက်ဖဝါးထဲရှိ စကြဝဠာ ရာပေါင်းများစွာတွင် ချန်ရစ်ခဲ့သော ကျင့်ကြံခြင်း နည်းလမ်းများဖြစ်သည်ဟု သူ အစပိုင်းက ထင်မှတ်ထားခဲ့သည်။ သို့သော် ရာစုနှစ်တစ်ခုကြာ ကျင့်ကြံပြီးနောက် အရာရာသည် ထိုမျှ မရိုးရှင်းကြောင်း ကုချန် တွေ့ရှိသွားခဲ့သည်။
ဤနှစ်တစ်ရာအတွင်း ကုချန်သည် အဆုံးမဲ့ဥပဒေသမီးဖိုထဲသို့ 'အစာကျွေး' ခဲ့သော ကျင့်ကြံခြင်း နည်းလမ်းများထဲတွင် စစ်မှန်သော အင်မော်တယ်အဆင့် ကျင့်စဉ်ငါးဆယ်ထက်မနည်း ပါဝင်လေသည်။
မဟာအင်မော်တယ်အဆင့် ကျင့်ကြံခြင်းနည်းလမ်း အခုနှစ်ဆယ်ကျော်လည်း ရှိသည်။
အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံခြင်းနည်းလမ်း တစ်ခုပင် ပါဝင်လေသည်။
စဉ်းစားကြည့်စမ်းပါ၊ အဆုံးမဲ့ကမ္ဘာကဲ့သို့ သာမန် စကြဝဠာ ရာပေါင်းများစွာက ဤမျှ များပြားပြီး စွမ်းအားကြီးမားသော ကျင့်ကြံခြင်းနည်းလမ်းများကို မည်သို့ စုဆောင်းနိုင်မည်နည်း။
ထို့အပြင် ရာစုနှစ်တစ်ခု ကြာပြီးနောက်တွင်ပင် ထိုအဝါရောင် စက္ကူများ ကျဆင်းလာသည့် အရှိန်မှာ နှေးကွေးသွားမည့် လက္ခဏာ မပြခဲ့ပေ။ ဆိုလိုသည်မှာ နောက်ဆက်တွဲ ကျင့်ကြံခြင်း နည်းလမ်းများသည် ယုံမှားဖွယ်မရှိ အံ့မခန်း များပြားနေဦးမည်ဖြစ်ပြီး၊ ဤနှစ်တစ်ရာအတွင်း အသုံးပြုခဲ့သော ကျင့်ကြံခြင်း နည်းလမ်းများသည် ၎င်းတို့ထဲမှ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။
" နောက်ဆုံးတော့..... "
နောက်ထပ် လအနည်းငယ် ကြာပြီးနောက်၊ ရာစုနှစ်တစ်ခုကြာ တိတ်ဆိတ်နေခဲ့သော ကုချန်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် အနည်းငယ် လှုပ်ရှားသွားကာ သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။
ဤအခိုက်အတန့်တွင် သူ၏ ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် နားလည်သဘောပေါက်မှုသည် နောက်ဆုံးတွင် နှစ်ရာခိုင်နှုန်းကို ချိုးဖောက်သွားခဲ့ပြီ ဖြစ်သည်။
ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်းအပေါ် သူ၏ နားလည်သဘောပေါက်မှု နှစ်ရာခိုင်နှုန်းသို့ ရောက်ရှိသွားချိန်တွင်၊ ၎င်းကို နားလည်သဘောပေါက်နိုင်စွမ်းသည် စတင်နှေးကွေးလာကြောင်း ကုချန် တွေ့ရှိလိုက်ရသည်။
ဤအရာမှ တံခါးပိတ်ဆက်လက်ကျင့်ကြံနေခြင်းသည် နှေးကွေးသော တိုးတက်မှုကိုသာ ရရှိစေမည်ဖြစ်ပြီး တံခါးပိတ်ကျင့်ကြံခြင်းမှ သူ ထွက်လာရန် အချိန်ကျရောက်ပြီဖြစ်ကြောင်းကိုပါ သူ့အား သဘောပေါက်သွားစေခဲ့သည်။
မတ်တတ်ရပ်လိုက်ပြီးနောက် ကုချန်သည် သူ၏ နတ်ဘုရားအသိစိတ်မှ အတွေးတစ်ချက်ဖြင့် တာအိုပြောင်းလဲခြင်း ကောင်းကင်ရေကန်ကို သိမ်းဆည်းလိုက်၏။ သူ၏ပတ်ဝန်းကျင်ရှိ အဆုံးမရှိသော ဟွမ်သွမ့်ချီများကို ကြည့်လျက် ကုချန်သည် သူ၏နောက်ထပ် လှုပ်ရှားမှုအတွက် စတင်စဉ်းစားလိုက်လေသည်။
သူ၏လက်ရှိအဆင့်သည် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ရာ အဆင့်ချိုးဖောက်ရန်အတွက် သူသည် အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်ရမည် ဖြစ်သည်။
သို့သော် အင်မော်တယ်တံခါးပေါက် တင်းကျပ်စွာ ပိတ်ထားခြင်းကြောင့် ဤလမ်းကြောင်းသည် ယုံမှားဖွယ်မရှိ ပြတ်တောက်နေလေသည်။
သူ့ရဲ့ တတိယကိုယ်ပွားကလည်း တာအိုကို သက်သေပြဖို့အတွက် နတ်ဆိုးနယ်မြေကို သွားရမှာလား?