အခန်း (၂၁၁-၂၁၃)
Vol. 15 Ch. 211-213
အခန်း (၂၁၁) - ကြောက်မက်ဖွယ် အင်အားနှင့် ဖျက်ဆီးခံရသော မဟာမိတ်အဖွဲ့ (အပိုင်း - ၂)
~ပထမအကြီးအကဲရဲ့ ဝိညာဉ်ကမ္ပည်းပြား အက်ကွဲသွားပြီ ဟုတ်လား။
"မြန်မြန်... အခုချက်ချင်း သွားကြည့်မယ်"
ဟွမ်မိသားစုခေါင်းဆောင်သည် ကိုယ်ဖျောက်သိုင်းကို အသုံးပြုကာ ခန်းမထဲမှ ဒုံးပျံ တစ်ခုပမာ ပြေးထွက်သွားလေတော့၏။ သို့သော် ခန်းမအပြင်သို့ ရောက်သည်နှင့် ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး အမိန့်ပေးသံက ဟိန်းထွက်လာ၏။
"နေဦး... ဟိုလူ (၅) ယောက်ကို မျက်ခြေမပြတ် စောင့်ကြည့်ထား... ဒီအချိန်မှာ သူတို့ကို ပေးမပြန်နဲ့ဦး"
အကြီးအကဲတစ်ဦးက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
"စိတ်ချပါ ခေါင်းဆောင်... ကျွန်တော် ကြည့်ထားလိုက်မယ်"
"အေး... ကောင်းပြီ"
ဟွမ်မိသားစုခေါင်းဆောင်သည် ကျန်ရစ်သော အကြီးအကဲများနှင့်အတူ ဝိညာဉ်ကမ္ပည်းပြားများ ထားရှိရာသို့ အမြန်ဆုံး ပြေးသွားကြသည်။ ပထမ၊ ဒုတိယနှင့် တတိယအကြီးအကဲ... သူတို့ (၃) ဦးစလုံး၏ ဝိညာဉ်ကမ္ပည်းပြားများမှာ ဖုန်မှုန့်အဖြစ် ကြေမွပျက်စီးနေသည်ကို မြင်လိုက်ရသောအခါ ဟွမ်မိသားစုခေါင်းဆောင်နှင့် လူများသည် ရုပ်တုများကဲ့သို့ ကြက်သေ သေသွားကြလေတော့၏။
အချိန်အတန်ကြာမှ ဟွမ်မိသားစုခေါင်းဆောင်၏ နှုတ်မှ တုန်ရီသော အသံတစ်ခု ထွက်ပေါ်လာ၏။
"အမိန့်... အမိန့်ထုတ်လိုက်... ကွမ်လန်တောင် တစ်ခုလုံးကို ပိတ်ချမယ်"
"ဘယ်ကောင်မှ အဝင်အထွက် မလုပ်စေနဲ့... ကြားလား"
"ငါ... ငါ ဘိုးဘေးဆီ သွားပြီး အစီရင်ခံရမယ်"
မကြာမီအချိန်အတွင်းမှာပင် ကွမ်လန်တောင်ရှိ ဟွမ်မိသားစုသည် တောင်တံခါးကို ပိတ်လိုက်ကြသည်။ ကာကွယ်ရေး အခင်းအကျင်းကြီးတစ်ခုလုံးကို လည်ပတ်လိုက်သဖြင့် တောင်တစ်ခုလုံး တုန်ခါသွား၏။
ဤလှုပ်ရှားမှုကြီးကြောင့် ပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော် ကျင့်ကြံသူများမှာ အံ့အားသင့်သွားကြရသည်။ ထို့နောက် သိပ်မကြာခင်မှာပင် တောအုပ်နက်ထဲ၌ သားရဲများ ကိုက်ဖဲ့ထားသော ဟွမ်မိသားစုဝင် ကျင့်ကြံသူများ၏ အလောင်းများကို တွေ့ရှိလိုက်ရသောအခါ ထိုသတင်းဆိုးကြီးသည် ယွင်ကျန်းဂိုဏ်း နယ်မြေတစ်ခုလုံးသို့ တောမီးပမာ ပျံ့နှံ့သွားလေတော့၏။
ထိုအချိန်၌ ဖြစ်သည်။
ယွင်ကျန်းဂိုဏ်းမှ တပည့်များသည် ဟွမ်မိသားစုမှ လူအုပ်ကြီး ကမန်းကတန်း ဆုတ်ခွာသွားသည်ကို ကြည့်ပြီး အူကြောင်ကြောင် ဖြစ်ကျန်ခဲ့ကြရ၏။ သူတို့ သတိဝင်လာချိန်၌ ဟွမ်မိသားစုသည် ပျံသန်းရေး လှေပျံကြီးဖြင့် ကောင်းကင်ယံ၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
"ဟာ... ဒီသောက်ရူးတွေ ဘာအချိုး ချိုးသွားတာလဲကွ... ဘာမှလည်း မပြောဘဲ ပြေးသွားကြတယ်"
ဝဝဖိုင့်ဖိုင့်နှင့် တပည့်တစ်ဦးက ဒေါသတကြီး ဆဲရေးလိုက်သည်။
သူတို့သည် ဟွမ်မိသားစု ပျောက်ကွယ်သွားရာ အရပ်ကို မကျေမနပ် ကြည့်လိုက်ကြ၏။ ထို့နောက် အခင်းအကျင်း ပိတ်ဆို့ထားခြင်း မရှိတော့သော အနောက်ရေစီး မြို့တော် ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများထဲတွင် လူသတ်ချင်စိတ်များ ဖြတ်ပြေးသွားသော်လည်း နောက်ဆုံးတွင် အံကြိတ်ကာ ပြန်လည် ဆုတ်ခွာသွားကြသည်။
ချိုင့်ဝှမ်းတစ်ခုသို့ ပြန်ရောက်ပြီးနောက် ချန်ပိုင်လိုင်အား သတင်းပို့လိုက်ကြ၏။ ချန်ပိုင်လိုင်သည်လည်း ထိုသတင်းကို ကြားသောအခါ ကြောင်အသွားရသည်။
"ဟွမ်မိသားစုက ထွက်ပြေးသွားတယ် ဟုတ်လား... ဘာလို့လဲ"
...ဒီကောင်တွေ ဘာဆေးမှားသောက်ထားတာလဲ... ရုတ်တရက်ကြီး ဘာလို့ အမြီးကုပ် ပြေးရတာလဲ...
ဝဝဖိုင့်ဖိုင့် တပည့်က"ကျွန်တော်လည်း ဘယ်သိမလဲဗျာ... ဘာမှကို မပြောဘဲ အခင်းအကျင်းဖြုတ်ပြီး လှေပျံနဲ့ တန်းပြေးကြတာ... ကျွန်တော်တို့ လိုက်သွားတော့ အရိပ်တောင် မတွေ့တော့ဘူး"
ဟု မကျေမနပ် ဝင်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ချန်ပိုင်လိုင်၏ မျက်နှာက ဒေါသကြောင့် နီရဲလာတော့၏။
"ဒီကောင်တွေ... ဟွမ်မိသားစုက တော်တော် သတ္တိကောင်းနေပါလား"
ဘာမှမပြောဘဲ ထွက်ပြေးသွားသည်တဲ့လား။
ဒါ ဘာသဘောလဲ။
"လာကြစမ်း... ဟွမ်မိသားစုဆီ လိုက်သွားမယ်... ဒီကောင်တွေ ဘာဇာတ်လမ်း ထွင်ချင်နေတာလဲ ဆိုတာ ငါ သိချင်သေးတယ်"
ချန်ပိုင်လိုင်သည် သူ၏ သယ်ဆောင်ရလွယ်ကူသော ဂူစံအိမ်ကို သိမ်းဆည်းလိုက်သည်။ ၎င်းသည် အဆင့်နိမ့် မှော်ပစ္စည်းတစ်ခုသာ ဖြစ်ပြီး တောထဲတွင် နားခိုရုံသာ အသုံးဝင်သော်လည်း ချန်ပိုင်လိုင်ကမူ ဤပစ္စည်းကို အသုံးပြုရသည်မှာ အထာကျသည်ဟု ခံစားနေရသူ ဖြစ်၏။
ထို့နောက် ချန်ပိုင်လိုင်သည် ဒုတိယအဆင့် အဆင့်နိမ့် ပျံသန်းရေး သားရဲတစ်ကောင်ကို ဆင့်ခေါ်လိုက်ပြီး တပည့်အချို့ကို ခေါ်ဆောင်ကာ ကွမ်လန်တောင်ရှိရာသို့ ဦးတည် ပျံသန်းသွားလေတော့၏။
(၂) ရက်ခန့် ကြာပြီးနောက် သူတို့ ကွမ်လန်တောင်နားသို့ ရောက်လုနီးအချိန်တွင် အောက်ဘက် တောအုပ်နက်ကြီးထဲမှ သွေးညှီနံ့သင်းသင်းကို ရုတ်တရက် ရလိုက်ကြသည်။
ချန်ပိုင်လိုင်နှင့် လူများ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားပြီး အသင့်အနေအထား ပြင်လိုက်ကြ၏။
မကြာမီမှာပင်...
တောအုပ်နက်ထဲ၌ ရစရာမရှိအောင် စုတ်ပြတ်သတ်နေသော အလောင်းများကို တစ်ခုပြီးတစ်ခု တွေ့လိုက်ရသည်။ ဝဝဖိုင့်ဖိုင့် တပည့်နှင့် အခြားလူများမှာ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြတော့၏။ တပည့်တစ်ဦးမှာ အန်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ စားသမျှ.. အကုန်အန်ထုတ်လိုက်ရသည် အထိပင်။
ဝဝဖိုင့်ဖိုင့် တပည့်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူ၏ အသံမှာ ကြောက်စိတ်ကြောင့် တုန်ရီနေတော့၏။
"ဆရာ... ဟိုမှာ ကြည့်လိုက်ပါဦး... ဟွမ်မိသားစုက ပထမအကြီးအကဲတို့ မဟုတ်လား"
"သူတို့... သူတို့အကုန်လုံး သေကုန်ကြပြီ"
"ဝုန်း"
ချန်ပိုင်လိုင်၏ ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ဦးရေပြားများ ထုံကျင်သွားသည်။ ဤမျှ ဆိုးရွားလှသော မြင်ကွင်းကို မြင်လိုက်ရသောအခါ ခြေဖဝါးမှ အေးစက်သော အငွေ့အသက်တစ်ခုက ဦးခေါင်းထိပ်အထိ တရှိန်းရှိန်း တက်လာပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့၏။
ချန်ပိုင်လိုင်သည် ကြောက်စိတ်ကို အတင်းမြိုသိပ်ကာ အလောင်းများကို သေချာ စစ်ဆေးကြည့်လိုက်သည်။
သေချာပါသည်။ ဟွမ်မိသားစု၏ ပထမအကြီးအကဲနှင့် အဖွဲ့သားများပင် ဖြစ်၏။ လူအရေအတွက်လည်း ကိုက်ညီနေသည်။
သူတို့ ဘာဖြစ်သွားကြတာလဲ။ ဘယ်သူက သူတို့ကို သတ်လိုက်တာလဲ။
ခေါင်းပြတ်နေသော အလောင်းအချို့ကို တွေ့လိုက်ရပြီး၊ ထိုပြတ်ရှရာများ၏ သေသပ်လှပမှုကို မြင်သောအခါ ချန်ပိုင်လိုင် တစ်ယောက် အသက်ရှူမှားသွားပြီး ခြေထောက်များ ပျော့ခွေသွားလေတော့၏။
သူသည် လူသေအလောင်း မမြင်ဖူးသူ မဟုတ်ပေ။ သို့သော် ယခုလေးတင် သူတို့နှင့် အတူရှိနေခဲ့သော လူ (၁၀) ယောက်ကျော်က ရုတ်တရက်ကြီး အလောင်းကောင်တွေ ဖြစ်သွားသည်ကို မြင်လိုက်ရခြင်းက စိတ်ကို ကြီးစွာသော ရိုက်ခတ်မှု ဖြစ်စေ၏။
...ကျွတ်... ဘယ်ကောင့် လက်ချက်လဲ... ရက်စက်လိုက်တာကွာ... ခေါင်းတောင် ပြတ်ထွက်နေပါလား...
"လစ်မယ်... လစ်မှ ဖြစ်တော့မယ်... ဂိုဏ်းကို အခုချက်ချင်း ပြန်ကြစို့"
ချန်ပိုင်လိုင်၏ အသံမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ သူသည် တပည့်များကို ဦးဆောင်ကာ ကွမ်လန်တောင် အနားသို့ပင် မကပ်ရဲတော့ဘဲ ယွင်ကျန်းဂိုဏ်းသို့ တန်းတန်းမတ်မတ် ထွက်ပြေးသွားကြလေတော့၏။
စုယွီ၏ ကိုယ်ပွားရုပ်သေးသည် ကွမ်လန်တောင်မှ ထွက်ခွာလာပြီးနောက် ဟွမ်မိသားစုကို ထပ်မံ ဒုက္ခမပေးတော့ချေ။ ဟွမ်မိသားစုသည် အခင်းအကျင်း တတ်ကျွမ်းသော မိသားစုဖြစ်သဖြင့် သူတို့၏ ဌာနချုပ်ကို ဝင်ရောက်စီးနင်းရန်မှာ လွယ်ကူသော ကိစ္စမဟုတ်ပေ။ အကယ်၍ တိုက်ခိုက်မည် ဆိုပါကလည်း အမှောင်ထဲမှနေ၍ တစ်စစ ဝါးမြိုမှသာ ရပေလိမ့်မည်။
လောလောဆယ်တော့ ဟွမ်မိသားစုကို ကြောက်စိတ်များနှင့် နေပါစေဦးလေ။
မျက်နှာချင်းဆိုင် စစ်ခင်းရန် မလိုအပ်သလို၊ စွန့်စားရလွန်းသော အလုပ်လည်း ဖြစ်ပေသည်။
ကွမ်လန်တောင်မှ ထွက်ခွာလာပြီးနောက် ကိုယ်ပွားရုပ်သေးသည် အနောက်ရေစီး မြို့တော် သို့ ကွေ့၀ိုက်သွားရောက်ခဲ့သည်။ မြို့တော်ကြီး ဘေးကင်းလုံခြုံနေသည်ကို မြင်လိုက်ရမှ သက်ပြင်းချနိုင်တော့၏။
"မိတ်ဆွေချန်... ငါ့တာဝန် ကျေပြီနော်"
...ချန်စီစီ... မင်းအတွက် ငါလုပ်ပေးနိုင်တာ ဒါပါပဲ...
စုယွီသည် စိတ်ထဲတွင် ချန်စီစီကို ပြေးမြင်ယောင်မိရင်း တိတ်တဆိတ် ရေရွတ်လိုက်မိသည်။
ကိုယ်ပွားရုပ်သေးသည် လှည့်ပြန်ရန် ပြင်လိုက်စဉ်မှာပင် မြို့ထဲမှ ထွက်လာသော မိန်းကလေးတစ်ဦးနှင့် ချီစွမ်းအင်စုစည်းမှုအဆင့် ကျင့်ကြံသူအချို့ကို တွေ့လိုက်ရသည်။ သူတို့သည် အခြေအနေကို စောင့်ကြည့်ရန် သတိကြီးစွာဖြင့် ထွက်လာကြခြင်း ဖြစ်၏။
ထိုမိန်းကလေး၏ မျက်နှာကို မြင်လိုက်ရသောအခါ စုယွီ အနည်းငယ် အံ့ဩသွားမိသည်။
...ဒီကောင်မလေးက ချန်စီစီနဲ့ တော်တော် တူပါလား...
"ထားလိုက်ပါတော့... အိမ်ပြန်ကြတာပေါ့"
သူတို့အဖွဲ့ တောအုပ်နက်နားသို့ တဖြည်းဖြည်း နီးကပ်လာသည်ကို မြင်သောအခါ စုယွီသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ ထွက်ခွာလာခဲ့သည်။
သို့သော် ထိုမိန်းကလေးနှင့်အဖွဲ့ တောအုပ်အစပ်သို့ ရောက်လာချိန်တွင် မြေပြင်ပေါ်၌ ကျနေသော "ချန်ခွန်းအိတ်" တစ်လုံးကို တွေ့ရှိသွားကြသည်။
---
နေလမင်းကျွန်း ၊ ဆေးလုံးတောင် အောက်ခြေ ပေ (၁၀၀၀) ခန့် အနက်ရှိ တတိယအဆင့် ဂူစံအိမ် အတွင်း၌ ဖြစ်သည်။
စုယွီ၏ ကိုယ်ပွားရုပ်သေးသည် တိုက်ပွဲမှ ရရှိလာသော ချန်ခွန်အိတ်များနှင့် မှော်ပစ္စည်းများကို ပုံလိုက်သည်။ သူသည် အိတ်များကို အရင်ဆုံး ဖွင့်ဖောက်ပြီး ပါလာသမျှ ပစ္စည်းများကို တစ်ပုံစီ ခွဲထုတ်လိုက်၏။
ထို့နောက် ပစ္စည်းများကို အမျိုးအစား ခွဲခြားသည်။ ဝိညာဉ်ကမ္ပည်းပြားများက တစ်ပုံ၊ မှော်လက်နက်များက တစ်ပုံ၊ ဆေးလုံးများက တစ်ပုံ၊ ကုန်ကြမ်းပစ္စည်းများက တစ်ပုံ...။
အခန်း (၂၁၂) - ကြောက်မက်ဖွယ် အင်အားနှင့် ပျောက်ဆုံးနေသော လော့ယွဲ့မဟာမိတ်အဖွဲ့၏ အပျက်အစီးများ
~ကျောက်စိမ်းသေတ္တာအိုများ၊ ကျောက်စိမ်းပြားများနှင့် ရှေးဟောင်းမှတ်တမ်းများသည် စုယွီ၏ ရှေ့တွင် ပုံလျက်သား ရှိနေသည်။
သေတ္တာတိုင်းကို ဖွင့်ဖောက်ထားပြီး ဖြစ်၏။ အတွင်း၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်စဉ်တစ်ခုနှင့် ရှေးဟောင်းစာအုပ် (၂) အုပ်မှလွဲ၍ ထူးခြားလှသော ပစ္စည်းဟူ၍ မပါရှိပေ။
သို့သော် ရှေးဟောင်းစာအုပ်တစ်အုပ်ကမူ စုယွီ၏ အာရုံကို ဖမ်းစားလိုက်သည်။ ၎င်းမှာ "ရွှေကျောက်စိမ်း နတ်ဘုရားဂိုဏ်း" မှ စီမံခန့်ခွဲသူတစ်ဦး၏ ခရီးသွားမှတ်တမ်း ဖြစ်၏။ စိတ်ဝင်စားဖွယ် ကောင်းနေသဖြင့် စုယွီသည် ထိုစာအုပ်ကို သူ၏ "ချန်ခွန်အိတ်" ထဲသို့ ထည့်သိမ်းလိုက်သည်။
ထို့နောက် ရှေ့တွင် ပုံထားသော ပစ္စည်းများကို ဆက်လက် ရေတွက်စစ်ဆေးလိုက်သည်။
ဝိညာဉ်ကမ္ပည်းပြားပေါင်း (၁၁၀၀၀) ခန့် ရရှိလိုက်၏။ အများစုမှာ ဟွမ်မိသားစု၏ အကြီးအကဲ (၃) ဦးထံမှ ရရှိခြင်း ဖြစ်ပေသည်။ ဆေးဝါးနှင့် အဆောင်များကား စုယွီ၏ မျက်စိထဲတွင် အမှိုက်သဖွယ် ဖြစ်နေသော်လည်း "အခင်းအကျင်း" များကမူ မျက်လုံးကျယ်စရာ ဖြစ်လာသည်။
ဒုတိယအဆင့် မြင့်မားသော အခင်းအကျင်း (၇) စုံ ပါဝင်ပြီး၊ ထိုအထဲမှ တစ်စုံတွင် အခင်းအကျင်းအလံ အများအပြား ပါဝင်နေသည်ကို တွေ့လိုက်ရသည်။ ကျန်ရှိသော ပထမအဆင့်နှင့် ဒုတိယအဆင့် အခင်းအကျင်းများကို ပေါင်းလိုက်ပါက စုစုပေါင်း အစုံ (၆၀) ကျော်ပင် ရှိနေတော့၏။
...ရှယ်ပဲဟေ့... ဒီအလံတွေ အကုန်ပြန်ရောင်းလိုက်ရင် ဝိညာဉ်ကမ္ပည်းပြား အများကြီး ရမှာပဲ...
စုယွီသည် ကျန်ရှိနေသော ရှေးဟောင်းစာအုပ်များ၊ ကျင့်စဉ်များနှင့် ကျောက်စိမ်းပြားများကို ဆက်လက် စစ်ဆေးကြည့်ရှုလိုက်သည်။
ထိုအထဲတွင် ဒုတိယအဆင့် အထွတ်အထိပ် "အခင်းအကျင်း ပညာရှင်" တစ်ဦး၏ အမွေအနှစ်ကို ရှာဖွေတွေ့ရှိလိုက်သည်။ လက်ရှိတွင် စုယွီသည် အခင်းအကျင်း ပညာရပ်ကို အဓိကထား လေ့လာခြင်း မရှိသေးသော်လည်း အနာဂတ်တွင် မည်သို့ ဖြစ်လာမည်ကို မည်သူမျှ မပြောနိုင်ချေ။ ဤအမွေအနှစ်သည် သူ့အား အခင်းအကျင်းများ၏ အခြေခံသဘောတရားကို နားလည်စေရန် ကူညီပေးနိုင်ပေလိမ့်မည်။
(၁) နာရီခန့် ကြာပြီးနောက် စုယွီသည် ဟွမ်မိသားစုထံမှ ရရှိသော အခင်းအကျင်းပညာရပ်ကို လေ့လာဆည်းပူးပြီးသွားတော့၏။
ဟွမ်မိသားစု ပထမအကြီးအကဲ ချန်ထားခဲ့သော အခင်းအကျင်းတစ်ခုကို ကြည့်ရင်း စုယွီ အံ့အားသင့်သွားမိသည်။
...ဟာ... ဒါ တတိယအဆင့်နီးပါး ရှိတဲ့ သဲလွှာတစ်ထောင် အခင်းအကျင်း ကြီးပါလား...
ဤအခင်းအကျင်းသည် အခင်းအကျင်းပညာရပ် လောကတွင် ထိပ်တန်းစာရင်းဝင် ဖြစ်ပေသည်။ တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် ရန်သူကို လှောင်ပိတ်ခြင်း စသည်ဖြင့် ဘက်စုံအသုံးပြုနိုင်၏။
ယင်း၏ စွမ်းအားမှာ အကန့်အသတ်မဲ့ဟု ဆိုနိုင်ပေသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေသော "တစ်ဝက်အဆင့်" ကျင့်ကြံသူများပင်လျှင် ဤအခင်းအကျင်းထဲသို့ ဝင်မိပါက ပိတ်မိသွားနိုင်ပြီး တဖြည်းဖြည်း အားကုန်ခန်းကာ သေဆုံးသွားနိုင်ပေသည်။
...ရတနာသိုက်ပဲဟေ့...
စုယွီ၏ မျက်လုံးများ အရောင်တောက်ပလာပြီး အခြားသော ဒုတိယအဆင့် အခင်းအကျင်းများကို ဆက်လက် စစ်ဆေးလိုက်သည်။ အားလုံးက ရတနာများချည်း ဖြစ်နေကြ၏။
ထောင်ချောက် အခင်းအကျင်း၊ ဝင်္ကပါ အခင်းအကျင်း၊ သတ်ဖြတ်ခြင်း အခင်းအကျင်း၊ ကာကွယ်ရေး အခင်းအကျင်း၊ ဖုံးကွယ်ခြင်း အခင်းအကျင်းနှင့် ကိုယ်ဖျောက် အခင်းအကျင်း... အားလုံးက အရည်အသွေးမြင့် ပစ္စည်းများချည်း ဖြစ်နေသည်။
...ဒီပစ္စည်းတွေသာ ရှိရင်... ငါ့ရဲ့ လုပ်ကြံသတ်ဖြတ်တဲ့ စွမ်းရည်က နောက်ပိုင်းမှာ ပိုပြီး ကြမ်းလာတော့မှာပဲ...
နောက်ဆုံးတွင် စုယွီသည် "ပျံသန်းရေး လှေပျံ" ကို ကြည့်လိုက်မိသည်။ ဤမှော်လက်နက်သည် တာအိုဆရာ ရှုဟိုင် ပိုင်ဆိုင်သော လှေပျံလောက် အရည်အသွေး မကောင်းသော်လည်း မဆိုးလှပေ။
လှေပျံတစ်စင်း ရှိထားခြင်းက ခရီးဝေး သွားလာရာတွင် အလွန် အသုံးဝင်လှသည်။ မိမိ၏ ဝိညာဉ်စွမ်းအင်ကို ကုန်ဆုံးစေခြင်း မရှိဘဲ အကောင်းဆုံး အခြေအနေကို ထိန်းသိမ်းထားနိုင်သလို၊ လှေပေါ်တွင်လည်း ကျင့်ကြံအားထုတ်နိုင်ပေသည်။
ခဏမျှ စဉ်းစားပြီးနောက် စုယွီသည် ထိုလှေပျံကို သူ၏ ကိုယ်ပွားရုပ်သေးအား ပေးအပ်လိုက်သည်။ နောင်တွင် ကိုယ်ပွားရုပ်သေး ခရီးသွားပါက ဤလှေပျံကို အသုံးပြုစေမည် ဖြစ်၏။ အမွှေးနက် လင်းယုန်ကို အသုံးပြုခြင်းက သူ၏ အထောက်အထားကို ပေါ်သွားစေနိုင်သဖြင့် မသုံးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
---
ညဉ့်နက်သန်းခေါင်ယံ အချိန်သို့ ရောက်ရှိလာသည်။
စုယွီသည် ယနေ့ ရရှိခဲ့သော ရှေးဟောင်းစာအုပ်များထဲမှ တစ်အုပ်ကို ဖတ်ရှုနေ၏။ ထိုစာအုပ်၏ အမည်မှာ "တာအိုဆရာဆွီ၏ ခရီးသွားမှတ်တမ်း" ဖြစ်ပြီး၊ နေ့စဉ် ကျင့်ကြံမှု ဘဝအကြောင်းများနှင့် ရေကန်ထဲမှ ထွက်လာသော သားရဲများ၊ မှော်တောအုပ်ထဲမှ သားရဲများကို ဖမ်းဆီးသော ပျင်းစရာ ဇာတ်လမ်းများဖြင့် ပြည့်နှက်နေသည်။
သို့သော် တာအိုဆရာဆွီက သူ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် ခရီးဝေး ထွက်ခဲ့ရပုံကို ရေးသားထားသော အခန်းက စိတ်ဝင်စားစရာ ကောင်းလာသည်။ သူ၏ တာဝန်မှာ ရွှေကျောက်စိမ်း နတ်ဘုရားဂိုဏ်းမှ "ဝိညာဉ်အမြစ် သုံးပါး" ပိုင်ဆိုင်သော ပါရမီရှင်တစ်ဦးကို ကျင့်ကြံအားထုတ်ရန်အတွက် "လော့ယွဲ့မဟာမိတ်အဖွဲ့" သို့ လိုက်ပါပို့ဆောင်ပေးရခြင်း ဖြစ်ပေသည်။
နှစ်ပေါင်း (၃၀၀) ကြာပြီးနောက် သူ အသက်ကြီးရင့်လာချိန်တွင် ထိုပါရမီရှင်သည် လော့ယွဲ့မဟာမိတ်အဖွဲ့၏ ဒုတိယဂိုဏ်းချုပ် ဖြစ်လာကြောင်းကိုလည်း မှတ်တမ်းတင်ထားသည်။ ဤအကြောင်းအရာက စုယွီ၏ နှလုံးခုန်သံကို မြန်ဆန်သွားစေ၏။
...ဝိညာဉ်အမြစ် သုံးပါး ကျင့်ကြံသူ ဟုတ်လား...
...လော့ယွဲ့မဟာမိတ်အဖွဲ့ရဲ့ ဒုတိယဂိုဏ်းချုပ်တဲ့လား...
မျှော်လင့်ချက် ရောင်ခြည်များက သူ၏ မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားကြ၏။ အချိန်အကြာကြီး ရှာဖွေနေခဲ့ပြီးနောက် ဝိညာဉ်အမြစ် အများအပြား ပိုင်ဆိုင်သော ရှေးဟောင်း ကျင့်ကြံသူများ အကြောင်း သဲလွန်စကို နောက်ဆုံးတွင် ရှာတွေ့ခဲ့ပြီ ဖြစ်၏။
စာအုပ်ကို ဖတ်ပြီးသွားချိန်တွင် စုယွီသည် သူ၏ စိတ်လှုပ်ရှားမှုကို မနည်း ထိန်းချုပ်လိုက်ရသည်။
လော့ယွဲ့မဟာမိတ်အဖွဲ့...
ထိုရှေးဟောင်း အင်အားစုသည် "တာ့ယွဲ့ တောင်တန်း" အတွင်း၌ ရှိနေရမည် ဖြစ်ပြီး၊ ၎င်းတို့၏ အပျက်အစီးများမှာလည်း ထိုနေရာ၌ပင် ရှိနေရပေမည်။
ဒါပေမဲ့ ဘယ်နေရာမှာလဲ။
ထိုအချိန်၌ ယွီခယ်အာသည် အခန်းထဲသို့ ဝင်ရောက်လာသည်။ သူမသည် ပိုးသားဂါဝန်တို အဖြူရောင်လေးကို ဝတ်ဆင်ထားပြီး၊ သူမ၏ ရှည်လျားသွယ်လျသော ခြေတံများကို လှစ်ဟပြသထားသဖြင့် ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
စုယွီ အံ့ဩသွားသည်ကို မြင်သောအခါ သူမသည် အနားသို့ လျှောက်လာပြီး ချွဲနွဲ့သော လေသံလေးဖြင့် ကပ်ပြောလိုက်၏။
"ကိုကိုရေ... စီနီယာအစ်မလော့ ပေးထားတဲ့ ဒီဝတ်စုံလေး လှလားဟင်"
စုယွီက သဘောကျစွာ ပြုံးလိုက်သည်။
"မိုက်တယ်... မင်းရဲ့ အရင် အဆင့်မြင့် ဝတ်စုံ 'ချင်းချွမ်' နဲ့ လိုက်ဖက်ညီနေတာပဲ"
ယွီခယ်အာတွင် 'ချင်းချွမ်' ဟု အမည်ရသော အနီရောင် အတွင်းခံ အင်္ကျီတစ်ထည် ရှိသည်။
ဒီဂါဝန်လေးနဲ့ တွဲဝတ်လိုက်ရင်တော့ဖြင့်...
သို့သော် ထိုအတွင်းခံ အင်္ကျီ၏ နာမည်ကို တွေးမိသောအခါ စုယွီ တစ်ချက် ကြောင်သွားမိသည်။
ချင်းချွမ်...
...နေဦး... ချင်းချွမ် ဆိုတာ... အရက်ကြမ်း တာအိုဆရာမလေးရဲ့ တပည့်မလေး နာမည် မဟုတ်လား... တိုက်ဆိုင်လိုက်တာ...
---
ရက်အနည်းငယ် ကြာပြီးနောက်။
ဟွမ်မိသားစု၏ သတင်းဆိုးသည် နေရာအနှံ့ ပျံ့နှံ့သွားလေတော့၏။ စုမိသားစုဝင်များသည် ထိုသတင်းကို ကြားသောအခါ အံ့ဩဝမ်းသာ ဖြစ်သွားကြသော်လည်း မည်သူ့လက်ချက် ဖြစ်မည်ကို စဉ်းစားမရ ဖြစ်နေကြ၏။ အချို့က "လက်ရှစ်ချောင်း ဓားလွယ် နှံကောင်" သားရဲ တစ်ကောင်၏ လက်ချက်ဟု ကောလာဟလ ထုတ်လွှင့်ကြ၏။
သို့သော် စုမိသားစုဝင် အများစုက ထိုအချက်ကို မယုံကြည်ကြပေ။ အကယ်၍ နှံကောင်သားရဲက တကယ်ပဲ ဒုက္ခပေးသည် ဆိုပါက အဘယ်ကြောင့် ဟွမ်မိသားစု တစ်ခုတည်းကိုသာ ရွေးချယ် တိုက်ခိုက်ရသနည်း။
မိသားစုခေါင်းဆောင် စုဖုန်းသည် စုယွီ၏ နန်းတော်ရှိရာ ဘက်သို့ တွေးတွေးဆဆ ကြည့်လိုက်မိသည်။ ယွီခယ်အာ၏ လက်ထဲတွင် လက်ရှစ်ချောင်း ဓားလွယ် နှံကောင် တစ်ကောင် ရှိပြီး၊ ထိုကောင်သည် အားနည်းလှသည် မဟုတ်ကြောင်း သူ သိထား၏။
သို့သော် ခဏအကြာတွင် စုဖုန်းက ခေါင်းခါလိုက်သည်။
...မဖြစ်နိုင်ပါဘူးလေ......
...ဟွမ်မိသားစုရဲ့ အကြီးအကဲ (၃) ယောက်လုံးက အားနည်းတဲ့သူတွေမှ မဟုတ်တာ... ယွီခယ်အာ ထိန်းချုပ်ထားတဲ့ နှံကောင်က သန်မာတယ် ဆိုပေမဲ့... ကျင့်ကြံသူ အများကြီးကို တစ်ယောက်တည်း သတ်ပစ်နိုင်လောက်တဲ့ အထိတော့ ဘယ်စွမ်းပါ့မလဲ...
အခန်း (၂၁၃) - ကြောက်မက်ဖွယ် အင်အားနှင့် ပျောက်ဆုံးနေသော လော့ယွဲ့မဟာမိတ်အဖွဲ့၏ အပျက်အစီးများ (အပိုင်း - ၃)
~ဒါဆို... ဘယ်သူ့လက်ချက်လဲ။
ယွီခယ်အာကတော့ အနည်းငယ် ရိပ်မိနေသည်။ သေချာပေါက် ပြောလို့ မရသော်လည်း သူမ၏ "အမျိုးသမီး အာရုံခံစားမှု" အရ ဒါ စုယွီရဲ့ လက်ချက်မှန်း သိနေ၏။ ဟွမ်မိသားစုနဲ့ မကြာသေးခင်ကမှ ပြဿနာတက်ထားတာဆိုလို့ စုမိသားစုပဲ ရှိသည် မဟုတ်ပါလား။ သူမရော၊ စုမိသားစုရော ဘာမှ မလှုပ်ရှားခဲ့ပေ။ သူမရဲ့ ယွီမိသားစု ဆိုရင် ပြောမနေနဲ့တော့... ပိုတောင် မဖြစ်နိုင်သေး။
ဒါဆိုရင်တော့ သူမရဲ့ "လူ" လက်ချက်ပဲ ဖြစ်ရမည်။
သို့သော် သူမ ဘာမှ မမေးခဲ့ချေ။ ညတိုင်း အိပ်ရာဝင်ချိန်တွင် ကျေနပ်စွာ ပြုံးနေမိရုံသာ။
လဝက်ခန့် ကြာပြီးနောက်။
တာ့ယွဲ့မြို့တော် ဈေးကွက်သို့ စုယွီအသွင် ဖန်တီးထားသော ကိုယ်ပွားရုပ်သေး ရောက်ရှိလာသည်။ သူသည် လှေပျံပေါ်မှ ဆင်းကာ ပစ္စည်းသိမ်းဆည်းပြီး ယွီမိသားစု၏ ဂူစံအိမ်ထဲသို့ ဝင်ရန် ပြင်လိုက်စဉ်မှာပင် နောက်ကျောဘက်မှ အသံတစ်ခု ထွက်ပေါ်လာ၏။
"မိတ်ဆွေစု... ဒီမှာ တွေ့ရမယ်လို့ မထင်ထားဘူးရှင်…"
စုယွီ လှည့်ကြည့်လိုက်သောအခါ ရင်းနှီးနေသော မျက်နှာ တစ်ခုကို တွေ့လိုက်ရသည်။ ဒုတိယအဆင့် အလယ်အလတ် ဝိညာဉ်သစ်ပင် စိုက်ပျိုးသူ "နတ်မိမယ် ဇီယန်" ပင် ဖြစ်ချေသည်။
နာမည်ကျော် "အာဝဇ္ဇန်းရွှင်သော" အမျိုးသမီးတစ်ဦး ပေပဲ။
ဆယ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း အင်မော်တယ် ဇီယန်က အနည်းငယ်မျှ ပြောင်းလဲသွားခြင်း မရှိပေ။ သူမသည် ယခင်အတိုင်း လှပနေဆဲ ဖြစ်ပြီး၊ လူကို ဆွဲဆောင်နိုင်သော ညှို့ဓာတ်က ပိုမို အားကောင်းလာသယောင်ပင် ရှိသည်။
"ဝှစ်"
ကျောက်စိမ်းရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသော အင်မော်တယ် ဇီယန်သည် စုယွီ၏ မလှမ်းမကမ်းသို့ ပျံသန်းဆင်းသက်လာသည်။ သူမ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အရိပ်အယောင်များ ပေါ်လွင်နေ၏။
"ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာလေး ရှိလို့ပါ... စိတ်မရှိဘူး ဆိုရင်လေ..."
သူမသည် ယွီမိသားစု၏ ဂူစံအိမ်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ယွီခယ်အာကို မတွေ့ရသဖြင့် ဇီယန်၏ ရင်ထဲတွင် တိတ်တဆိတ် ပျော်ရွှင်သွားမိ၏။
စုယွီက မျက်ခုံးအနည်းငယ် ကြုတ်လိုက်ပြီး ပြတ်သားစွာ တုံ့ပြန်လိုက်သည်။
"ကိစ္စရှိရင် ပြောဗျာ... မိတ်ဆွေဇီယန်"
ထိုအခါ၊ အင်မော်တယ် ဇီယန်က စုယွီကို မျက်စောင်းလေး ထိုးလိုက်ပြီး လေသံပျော့ပျော့လေးဖြင့် ပြောသည်။
"မိတ်ဆွေစုရယ်... ရှင်က ကျွန်မကို အထင်လွဲနေတာပါရှင်"
"ဒါပေမဲ့ ရပါတယ်လေ... တစ်နေ့ကျရင် ကျွန်မရဲ့ စိတ်ရင်းမှန်ကို ရှင် သိလာမှာပါ... မယုံဘူး ဆိုရင်လည်း ရှင့်သဘောကျ ကျွန်မကို စီရင်နိုင်ပါတယ်"
စုယွီက ခေါင်းကို ခပ်ဖွဖွ ခါယမ်းလိုက်သည်။
"ခင်ဗျား တွေးတာ များနေပြီဗျ... မိတ်ဆွေဇီယန်"
အင်မော်တယ် ဇီယန်က သက်ပြင်းချလိုက်ပြီး ဝိညာဉ်အသံလွှင့်ကာ ဆက်သွယ်လိုက်သည်။
"ကျွန်မ တာ့ယွဲ့တောင်တန်းမှာ ရှေးဟောင်းအပျက်အစီးတစ်ခု တွေ့ထားတယ်... အဲဒီနေရာက ကန့်သတ်ချက်တွေ အရမ်းများပြီး ကြောက်စရာ ကောင်းတယ်ရှင့်... ကျွန်မ ဘယ်သူ့ကိုမှ မပြောပြထားပါဘူး"
"ကျွန်မ အမျိုးသား ဆရာရှီဟိုင်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သားရဲတွေလက်ချက်နဲ့ ဆုံးပါပြီရှင်"
"အခု ကျွန်မမှာ အားကိုးစရာ မရှိတော့လို့ပါ... မိတ်ဆွေစု လိုက်ခဲ့ပေးနိုင်မလားဟင်"
စကားပြောနေရင်း သူမ၏ မျက်နှာလေးမှာ ဝမ်းနည်းရိပ် သမ်းသွားသည်။
ဆေးပညာရှင် ရှီဟိုင် သေသွားပြီတဲ့လား။ ဒါဆို အင်မော်တယ် ဇီယန်က မုဆိုးမ ဖြစ်သွားပြီပေါ့။
စုယွီ မျက်ခုံးပင့်လိုက်မိသည်။ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း အတွေးတစ်ခု ဝင်လာ၏။ တာ့ယွဲ့တောင်တန်းက အပျက်အစီးဆိုတော့ "လော့ယွဲ့မဟာမိတ်အဖွဲ့" နဲ့ သက်ဆိုင်နေမလား။
သူ့အနေနဲ့ တာ့ယွဲ့မြို့တော် ဈေးကွက်ကို လာရခြင်း အဓိက ရည်ရွယ်ချက်ကလည်း လော့ယွဲ့မဟာမိတ်အဖွဲ့ရဲ့ အပျက်အစီး နေရာအတိအကျကို စုံစမ်းဖို့ ဖြစ်သည် မဟုတ်ပါလား။
အခုလို သတင်းကောင်း ကြားရမှတော့ လက်လွှတ်မခံနိုင်ပေ။
အင်မော်တယ် ဇီယန်ရဲ့ ရည်ရွယ်ချက် မမှန်တာတွေ၊ လုပ်ကြံဖို့ ကြံစည်တာတွေ ရှိနေရင်ရော။
...ဟွန်း... အမြုတေဖွဲ့စည်းခြင်း အလယ်အလတ် ဒါမှမဟုတ် နှောင်းပိုင်းအဆင့် ဆရာသခင် တစ်ယောက်လောက် မပါလာသရွေ့တော့... မင်း ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူး...
...မင်းသာ မိုက်မဲတဲ့ အလုပ် လုပ်ခဲ့ရင်တော့ အရင်အကြွေးတွေပါ ပေါင်းပြီး ရှင်းပေးလိုက်မယ်...
စုယွီ အနည်းငယ် တုံ့ဆိုင်းနေသည်ကို မြင်သောအခါ အင်မော်တယ် ဇီယန်၏ မျက်နှာ ပြန်လည် ဝင်းပလာသည်။
"ဒီတစ်ခေါက်ကျရင် ရှင့်ကို ဦးဆောင်ခွင့် ပေးပါ့မယ်... ကျွန်မက နောက်ကပဲ လိုက်ပါ့မယ်... အထဲဝင်လို့ ရသွားရင်တော့ ပစ္စည်းတွေကို ခွဲယူကြတာပေါ့နော်"
သူမသည် နှုတ်ခမ်းကို ကိုက်လိုက်ပြီး စုယွီကို မရဲတရဲ ကြည့်ကာ ဆက်ပြောသည်။
"ရှင် (၆၀) ရာခိုင်နှုန်း ယူပါ... ကျွန်မ (၄၀) ဆို ကျေနပ်ပါပြီရှင်"
စုယွီက သူမကို စိုက်ကြည့်ပြီး ခေါင်းဖြည်းဖြည်းချင်း ညိတ်လိုက်သည်။
"ကောင်းပြီလေ... ဒါပေမဲ့ တစ်ခုတော့ ကြိုပြောထားမယ်ဗျာ... ကျွန်တော်က စိတ်မရှည်တတ်ဘူး... ဉာဏ်များဖို့ မစဉ်းစားနဲ့"
အင်မော်တယ် ဇီယန်၏ ရင်ထဲတွင် ထိတ် ခနဲ ဖြစ်သွားသည်။ တစ်ခါမှ မကြုံဖူးသော ဖိအားနှင့် စိတ်လှုပ်ရှားမှုတို့ကို ခံစားလိုက်ရ၏။ နှလုံးခုန်သံများ မြန်ဆန်လာသည်။ ဆရာရှီဟိုင်နှင့် ရှိစဉ်က ဤကဲ့သို့ တစ်ခါမှ မခံစားခဲ့ရဖူးပေ။
လွှမ်းမိုးနိုင်စွမ်း ရှိလိုက်တာ။ တကယ့် ယောကျ်ားပီသတဲ့သူပါလား။
အင်မော်တယ် ဇီယန်သည် စိတ်ငြိမ်သွားစေရန် ခဏလောက် အချိန်ယူလိုက်ရသည်။ သူမ၏ မျက်နှာလေး နီရဲသွားပြီး ပြန်ဖြေလိုက်၏။
"မလုပ်ပါဘူးရှင်... ကျွန်မရဲ့ အသက်နဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို တိုင်တည်ပြီး ကျိန်ဆိုရဲပါတယ်"
သူမသည် ချန်ခွန်အိတ်ထဲမှ မပြည့်စုံသော ရှေးဟောင်းစာအုပ်တစ်အုပ်ကို ထုတ်ယူကာ စုယွီအား ပေးလိုက်သည်။
"ရှင် မယုံဘူး ဆိုရင်လည်း ဒီစာအုပ်ကို ကြည့်ကြည့်ပါဦး... အဲဒီ အပျက်အစီးထဲက ကျောက်စိမ်းသေတ္တာထဲမှာ တွေ့ခဲ့တာပါ"
"အဲဒီနေရာက ရှေးဟောင်း လော့ယွဲ့မဟာမိတ်အဖွဲ့ရဲ့ 'အရှင်သခင်' တစ်ပါး ချန်ထားခဲ့တဲ့ ဂူစံအိမ်ပါ... တတိယအဆင့် ကန့်သတ်ချက်တွေနဲ့ အခင်းအကျင်းတွေ အများကြီး ရှိတယ်... ကျွန်မ တစ်ယောက်တည်း မဖြေရှင်းနိုင်လို့ ရှင့်ကို သတိရသွားတာပါရှင်"
ရှေးဟောင်း လော့ယွဲ့မဟာမိတ်အဖွဲ့က အရှင်သခင်တစ်ပါးရဲ့ ဂူစံအိမ် ဟုတ်လား။
ဒါဆိုရင် ရှေးခေတ် လော့ယွဲ့မဟာမိတ်အဖွဲ့ရဲ့ အခင်းအကျင်းတွေ ရှိနေနိုင်တာပေါ့။
စုယွီ၏ မျက်လုံးများ အရောင်တောက်ပလာသည်။
"(၃) ရက်နေရင် သွားကြမယ်ဗျာ"
အင်မော်တယ် ဇီယန်ကို နှုတ်ဆက်ပြီးနောက် စုယွီသည် ဂူစံအိမ်ထဲသို့ ဝင်ရောက်သွားသည်။ ဇီယန်သည် စုယွီ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေမိသည်။ အချိန်အတော်ကြာမှ သူမ ထွက်ခွာသွားတော့၏။
ဂူစံအိမ်ထဲသို့ ရောက်သောအခါ ယွီလင်းဖုန်းက ကြိုဆိုသည်။
"သခင်လေး... လာမယ်ဆိုလို့ ဒီ ရေခဲကန်ထဲက ငါးဖမ်းပြီး ချက်ကျွေးမလို့လေ"
စုယွီ လန့်သွားပြီး ယွီလင်းဖုန်းကို ကြည့်ကာ စိတ်ထဲမှ ပြောလိုက်မိသည်။
...အဲဒီငါးတွေက ဉာဏ်ရည် ရှိနေပြီဗျ... ခင်ဗျားက စားချင်နေတုန်းလား...
ယွီလင်းဖုန်းက မလုံမလဲ ပြုံးလိုက်သည်။
"သခင်လေး လာမယ် ဆိုလို့ပါဗျာ"
စကားပြောရင်း ယွီလင်းဖုန်း သွားရည်မျိုချလိုက်မိသည်။ ရေခဲအကြေးခွံ ငါးဘုရင်ကြီးက ရေကန်ကို သိမ်းပိုက်လိုက်ကတည်းက သူ ငါးတစ်ကောင်မှ မစားရတော့ပေ။
အရသာကို လွမ်းလှပြီ။
အခုဆို ရေခဲကန်အနား သွားလိုက်တာနှင့် ငါးဘုရင်ကြီးက သူ့ကို စိမ်းစိမ်းကြီး စိုက်ကြည့်ပြီး မောင်းထုတ်တတ်သည်။ ယွီလင်းဖုန်းမှာ ဒေါသထွက်လွန်းလို့ ပေါက်ကွဲချင်နေပြီ ဖြစ်သော်လည်း ဘာမှ မတတ်နိုင်ရှာပေ။ အကြောင်းမှာ ငါးဘုရင်ကြီးက သူ့ထက် ပိုစွမ်းအားကြီးနေသောကြောင့်ပါပင်။