အခန်း (၂၁၄-၂၁၆)
Vol. 15 Ch. 214-216
အခန်း (၂၁၄) - ကြောက်မက်ဖွယ် အင်အားနှင့် ပျောက်ဆုံးနေသော လော့ယွဲ့မဟာမိတ်အဖွဲ့၏ အပျက်အစီးများ (အပိုင်း - ၄)
~အကြောင်းမူကား ယွီလင်းဖုန်း တစ်ယောက် ထိုရေခဲကန်ငယ်လေးတွင် ငါးမျှားလွန်းအားကြီးသဖြင့် ရေခဲအကြေးခွံ ငါးဘုရင်ကြီး၏ ငြိုငြင်မှုကို ခံလိုက်ရပုံရချေ၏။
ထို့ကြောင့် ထိုငါးဘုရင်ကြီးသည် သူ့ကို ကန်နားသို့ အကပ်ခံတော့မည် မဟုတ်ပေ။
ထိုအခါ ယွီလင်းဖုန်းခမျာ ရေခဲကန်ဘေးမှ ရှောင်ကွင်းသွားရရှာသည်။ မတတ်နိုင်ပေ။ ဘုရင်ကို မစော်ကားရဲလျှင် ရှောင်ပြေးရုံသာ ရှိတော့သည် မဟုတ်ပါလော။
စုယွီသည် ဝိညာဉ်တောင်ပေါ်ရှိ သူ၏ စံအိမ်တော်သို့ ဦးတည်လျှောက်လှမ်းရင်း စကားဆိုလိုက်သည်။
"နောက်ဆိုရင် သားရဲအသားတွေကို အပြင်ကပဲ ဝယ်စားကြတာပေါ့"
စံအိမ်တော်သို့ ရောက်ခါနီးအချိန်တွင် ယွီလင်းဖုန်းက ရုတ်တရက် သတိရသွားသကဲ့သို့ လှမ်းပြောလိုက်၏။
"ဒါနဲ့ သခင်လေး... ဟိုဘက်အိမ်က အင်မော်တယ် ဇီယန်လေ... ဒီရက်ပိုင်း ဂူပေါက်ဝမှာ လာလာပြီး ယောင်လည်လည် လုပ်နေတယ်ဗျ... သခင်လေးကို တွေ့ချင်နေတယ် ထင်တယ်"
စုယွီ မျက်ခုံးပင့်လိုက်မိသည်။
...သြော်... ဒါဆို စောစောက တွေ့တာ တိုက်ဆိုင်မှု မဟုတ်ဘူးပေါ့... ဒီမိန်းမ ငါ့ကို ချောင်းနေတာ ကြာပြီပေါ့လေ...
ဂူစံအိမ်သို့ ခဏပြန်ဝင်ပြီးနောက် စုယွီသည် အတွင်းစည်းဈေးရှိ "ထျန်းရှု သိုင်းကျမ်းတိုက်" သို့ ထွက်လာခဲ့သည်။ သူဝင်သွားသည်နှင့် ဝဝဖိုင့်ဖိုင့် ဆိုင်ရှင်ကြီးက သူ့ကို အဓိပ္ပာယ်ပါသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်၏။ တစ်စုံတစ်ခုကို ရိပ်မိနေသည့်ပုံပင်။
သို့သော် ထိုဆိုင်ရှင် ဝက်ပုတ်ကြီးက ဘာမှတော့ မပြောပေ။ အရောင်းခုံ နောက်တွင် ငြိမ်ကုပ်စွာ ထိုင်ရင်း သူ၏ စာအုပ်ထဲ၌သာ စိတ်နှစ်ထားလေတော့၏။
စုယွီသည် ရှေးဟောင်းစာအုပ်တန်းဘက်သို့ လျှောက်သွားပြီး ယခင်က မဖတ်ဖူးသေးသော စာအုပ်များကို မွှေနှောက်ရှာဖွေတော့၏။
ညဉ့်နက်သန်းခေါင် အချိန်ရောက်မှသာ စုယွီတစ်ယောက် ဂူစံအိမ်သို့ လက်ဗလာဖြင့် ပြန်လာခဲ့ရရှာသည်။
---
*
ရေခဲကန်ငယ်လေးဆီသို့။
စုယွီသည် ရေခဲအကြေးခွံ ငါးဘုရင်ကြီးနှင့်အတူ တာအိုဆရာ "ပင်းယွီ" ချန်ထားခဲ့သော ဂူထဲသို့ ငုပ်လျှိုးသွားလိုက်သည်။ ရေကန်အောက်ခြေသို့ ရောက်သောအခါ "လေဟာနယ် ကောင်းကင် ကြာပန်း" ကို ကြည့်ရှုစစ်ဆေးလိုက်၏။ နှစ်အတော်ကြာလာပြီ ဖြစ်၍ ကြာပန်းသည် အနည်းငယ်တော့ ကြီးထွားလာတော့၏။
သို့သော် ရင့်မှည့်လာရန်အတွက်မူ နောက်ထပ် (၈) နှစ်၊ (၁၀) နှစ်ခန့် စောင့်ရဦးမည် ဖြစ်ပေသည်။
...ကြာလိုက်တာကွာ... ထင်ထားတာထက်တောင် ပိုနှေးနေပါရောလား... လောင်စရာပဲ...
အခန်းထဲသို့ ပြန်ရောက်သောအခါ။
စုယွီသည် အင်မော်တယ် ဇီယန် ပေးလိုက်သော မပြည့်စုံသည့် ရှေးဟောင်းစာအုပ်ကို ထုတ်ယူလိုက်သည်။ စာရေးသူမှာ လော့ယွဲ့မဟာမိတ်အဖွဲ့မှ "တာအိုဆရာ တောင်ပြား" အမည်ရှိ အမြုတေဖွဲ့စည်းခြင်း အဆင့် စီမံခန့်ခွဲသူ တစ်ဦး ဖြစ်ကြောင်း ဝိုးတဝါး တွေ့ရ၏။ ထိုတာအိုဆရာက သူ.. ချောင်းမြောင်းတိုက်ခိုက်ခံရပြီး သေလုမြောပါး ဒဏ်ရာရကာ အသက်ရှင်ရန် လမ်းစ မမြင်တော့သဖြင့် ဤဂူစံအိမ်ကို ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
စာအုပ်ထဲမှ အချက်အလက်များမှာ ဟိုတစ်စ ဒီတစ်စဖြင့် ရှုပ်ထွေးနေသည်။ စုယွီ နှစ်ခေါက်လောက် ဖတ်ပြီးသည့်တိုင် လော့ယွဲ့မဟာမိတ်အဖွဲ့ တည်ရှိရာ နေရာကို ဖော်ပြထားသည့် မှတ်တမ်းကို ရှာမတွေ့ချေ။
သူ့မျက်ခုံးများ တွန့်ချိုးသွားမိသည်။ ဘာမှ သုံးစားမရပါတကား။
...ဒီ အမြုတေဖွဲ့စည်းခြင်းအဆင့် အဘိုးကြီး ချန်ထားခဲ့တဲ့ ဂူထဲမှာရော... ငါလိုချင်တဲ့ ပစ္စည်း ရှိပါ့မလား...
*
(၃) ရက် ဆက်တိုက်။
စုယွီသည် ထျန်းရှု သိုင်းကျမ်းတိုက်တွင်သာ အချိန်ဖြုန်းနေခဲ့ရသည်။ ရွှေကျောက်စိမ်း နတ်ဘုရားဂိုဏ်း၊ ကောင်းကင်ဖီးနစ် နန်းတော်နှင့် အခြားသော ရှေးဟောင်းနေရာများ အကြောင်း ရေးသားထားသည့် စာအုပ်များကို မွှေနှောက်ဖတ်ရှုသော်လည်း လော့ယွဲ့မဟာမိတ်အဖွဲ့နှင့် ပတ်သက်သည့် သဲလွန်စ တစ်စွန်းတစ်စမျှ မတွေ့ရပေ။
...ကြည့်ရတာ... အင်မော်တယ် ဇီယန် ပြောတဲ့ နေရာကိုပဲ မျှော်လင့်ရတော့မယ် ထင်တယ်...
စုယွီ တွေးလိုက်မိ၏။
...အဲဒီမှာမှ မတွေ့ဘူးဆိုရင်တော့ ဒီက စာအုပ်တွေ အကုန်လုံးကို ပြန်မွှေရမယ်... ပြီးရင် တာ့ယွဲ့ အင်မော်တယ် မြို့တော်၊ ခိုင်ယန် နန်းတော်နဲ့ ချင်မိသားစုရဲ့ နတ်ဘုရားနန်းတော်တွေဆီ သွားပြီး စုံစမ်းရတော့မှာပဲ... အဲဒီနေရာက ဈေးကွက်တွေမှာတော့ တစ်ခုခု ရှိလောက်ပါတယ်...
လော့ယွဲ့မဟာမိတ်အဖွဲ့၏ အပျက်အစီးများကို ရှာဖွေရင်း သူ၏ လက်ထဲတွင် ပိုနေသော ဆေးလုံးများနှင့် အဆောင်များကိုပါ ထုတ်ရောင်းရပေမည်။
တာ့ယွဲ့ မှောင်ခိုဈေးကွက်၏ (၈) နှစ်တစ်ကြိမ် လေလံပွဲက ပြီးသွားခဲ့ပြီ ဖြစ်ရာ နောက်တစ်ကြိမ် ပြန်စရန် (၆) နှစ်ကျော် ကြာဦးမည် ဖြစ်၏။
...လိုပါသေးတယ်ကွာ......
ထို့ကြောင့် လေလံပွဲကို အားကိုး၍ မရတော့ပေ။
ယခုအချိန်၌ အင်မော်တယ် ဇီယန် ရှာတွေ့ထားသော အပျက်အစီးနေရာသည်သာ အမျှော်လင့်ရဆုံး ဖြစ်နေတော့၏။
---
(၄) ရက်မြောက်နေ့ အရုဏ်တက်ချိန်။
နေရောင်ခြည်နုနုလေးများ ကမ္ဘာမြေပေါ်သို့ ဖြာကျစပြုချိန်၊ မြူခိုးများ ဆိုင်းနေဆဲ အချိန်၌ စုယွီသည် ဂူစံအိမ်ထဲမှ ထွက်လာခဲ့သည်။ အပြင်၌ အပြာနုရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသော အင်မော်တယ် ဇီယန်က စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။
သူထွက်လာသည်ကို မြင်သောအခါ အင်မော်တယ် ဇီယန်က ယဉ်ကျေးစွာ နှုတ်ဆက်သည်။
"မင်္ဂလာပါ မိတ်ဆွေစု... စောသားပဲ"
"မင်္ဂလာပါ မိတ်ဆွေဇီယန်"
စုယွီက ပြန်လည်နှုတ်ဆက်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ ပျံသန်းရေး လှေပျံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ မြင့်တက်သွားသည်။
"သွားကြစို့ဗျာ... လှေပျံနဲ့ပဲ သွားမယ်"
အင်မော်တယ် ဇီယန်သည် လှေပျံကြီးကို ကြည့်ရင်း မျက်လုံးများ အရောင်တောက်ပသွားရှာသည်။ လွန်ခဲ့သော ရက်အနည်းငယ်က စုယွီ ဤလှေပျံပေါ်မှ ဆင်းလာသည်ကို သူမ မြင်ဖူးသော်လည်း သေချာ မကြည့်ခဲ့ရပေ။
ယခုမူ သူမ၏ မျက်စိရှေ့မှောက်တွင် ထင်ရှားစွာ မြင်တွေ့လိုက်ရပြီ ဖြစ်၏။
"ရွှပ်... ရွှပ်"
ဇီယန်သည် စုယွီ၏ နောက်မှ လိုက်ပါ၍ လှေပျံပေါ်သို့ ပျံတက်လိုက်သည်။ လှေပျံပေါ်သို့ ရောက်သည်နှင့် ကြီးမားခမ်းနားသော အရှိန်အဝါနှင့် အခင်းအကျင်း၏ စွမ်းအားကို ခံစားလိုက်ရသဖြင့် မနေနိုင်တော့ဘဲ ချီးကျူးစကား ဆိုလိုက်ရတော့၏။
"မိတ်ဆွေစုက တကယ် ဂေါ်တာပဲနော်... လှေပျံတောင် ပိုင်ဆိုင်ထားတယ်ဆိုတော့... အားကျလိုက်တာရှင်"
စုယွီက အသာအယာ ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏။
"မြှောက်မနေပါနဲ့ဗျာ... ကဲ လမ်းပြပါဦး မိတ်ဆွေဇီယန်"
ဇီယန်၏ လမ်းပြမှုအောက်တွင် လှေပျံကြီးသည် တာ့ယွဲ့ တောင်တန်းကြီးဆီသို့ မြှားတစ်စင်းပမာ ပြေးဝင်သွားလေတော့၏။ လမ်းတစ်လျှောက်တွင် လူအများအပြားသည် လှေပျံကြီး၏ အရှိန်အဝါကို အာရုံခံမိကြသော်လည်း မည်သူမျှ မနှောင့်ယှက်ရဲကြပေ။ ဤမျှ အစွမ်းထက်သော မှော်လက်နက်ကို ပိုင်ဆိုင်သူမှာ သာမန်လူ မဟုတ်နိုင်ကြောင်း သူတို့ နားလည်ကြသောကြောင့်တည်း။
ခရီးစဉ်သည် ချောမွေ့ခဲ့ပြီး တာ့ယွဲ့ တောင်တန်းသို့ ရောက်သည်အထိ မည်သည့် အနှောင့်အယှက်မှ မရှိခဲ့ပေ။
တောင်တန်းသို့ ရောက်သောအခါ စုယွီသည် လှေပျံကို သိမ်းဆည်းလိုက်ပြီး ဇီယန်နှင့်အတူ ခြေလျင်ခရီး ဆက်နှင်လိုက်ကြ၏။
အကြောင်းမူကား လှေပျံဖြင့် တိုက်ရိုက် ဝင်သွားပါက ဟန်ရေးပြရာ ရောက်လွန်းပြီး သားရဲများ၏ တိုက်ခိုက်မှုကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေမည် စိုးသောကြောင့်တည်း။
ထို့ပြင် အခြား ကျင့်ကြံသူများလည်း သူတို့၏ ခြေရာကို တွေ့ရှိသွားနိုင်ပေသည်။
...အန္တရာယ် များတယ်ကွ... ငါ့ရုပ်သေးက အလကားရထားတာ မှတ်လို့... ပျက်စီးသွားရင် ဘယ်သူလျော်မှာလဲ... လုံခြုံတာ အကောင်းဆုံးပဲ...
စုယွီသည် သူ၏ ရုပ်သေးစွမ်းအားကို ယုံကြည်သော်လည်း မိုက်မဲစွာ ဘဝင်မြင့်မည့်သူ မဟုတ်ပေ။ သတိထားခြင်းက ဘယ်တော့မှ မမှားနိုင်ပါဘူးလေ။
တာ့ယွဲ့ တောင်တန်း အတွင်းပိုင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ အင်မော်တယ် ဇီယန်သည် စုယွီ၏ ဘေးနားတွင် ကျုံ့ကျုံ့လေးသာ နေတော့၏။
ရံဖန်ရံခါ စုယွီကို ဖားသည့် စကားလေးများ ပြောသည်မှလွဲ၍ ပိုပိုလွန်လွန် ဘာမှ မလုပ်ရဲရှာပေ။
တစ်ရက်ကြာသောအခါ သူတို့သည် တောင်တန်းအတွင်း မိုင်တစ်ထောင်ခန့်အထိ နက်ရှိုင်းစွာ ရောက်ရှိလာခဲ့ကြပြီ ဖြစ်၏။
ဤနေရာတွင် ဒုတိယအဆင့် သားရဲများ အများအပြား ကျက်စားကြပြီး၊ တတိယအဆင့် သားရဲများပင် ရှိတတ်သည်။
စုယွီနှင့် ဇီယန်တို့သည် သတိကြီးစွာဖြင့် ခရီးဆက်ခဲ့ကြ၏။ နောက်ဆုံးတွင် ဇီယန်၏ ဦးဆောင်မှုဖြင့် စိမ့်တောကြီး တစ်ခုသို့ ရောက်ရှိလာကြသည်။
ဇီယန်က စုယွီအား လေသံတိုးတိုးဖြင့် သတိပေးလိုက်၏။
"မိတ်ဆွေ... သတိထားနော်... ဒီစိမ့်တောထဲမှာ ဒုတိယအဆင့် အလယ်အလတ် သွေးကြေးခွံ မိကျောင်း နှစ်ကောင် ရှိတယ်... အဲဒီကောင်တွေက အဆိပ် အရမ်းပြင်းတာ... အဆိပ်ငွေ့တွေ မှုတ်ထုတ်လိုက်ရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေတောင် ကိုယ်ခန္ဓာ ပျက်စီးသွားနိုင်တယ်ရှင့်... ပေါ့လို့ မဖြစ်ဘူး"
စုယွီလည်း လေးနက်စွာ..
ခေါင်းညိတ်ပြလိုက်သည်။ တဆက်တည်း၌၊ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲတွင် အဆောင် (၄) ခု ထွက်ပေါ်လာ၏။
ဒုတိယအဆင့် အလယ်အလတ် ကိုယ်ငွေ့ဖုံးကွယ် အဆောင် (၂) ခုနှင့် ကိုယ်ဖျောက် အဆောင် (၂) ခု။
သူသည် အဆောင် တစ်မျိုးစီကို ဇီယန်အား ပေးလိုက်ပြီး ပြောလိုက်သည်။
"ရော့... ဒါလေး ကပ်ထားလိုက်... အဲဒီ အကောင်ကြီးတွေကို သွားမစနဲ့... အပျက်အစီးဆီကိုပဲ တန်းသွားမယ်... အခင်းအကျင်းကို ဖျက်နိုင်တာနဲ့ ပစ္စည်းယူပြီး တန်းလစ်ကြတာပေါ့"
ထိုအအခါ၊ ဇီယန်၏ မျက်နှာပေါ်တွင် အပြုံးနုနုလေး ပေါ်လာပြီး ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကျေးဇူးပါရှင်"
အဆောင်များကို အသုံးပြုပြီးနောက် စုယွီသည် ဇီယန်အား ရှေ့မှ သွားခိုင်းလိုက်ပြီး သူက နောက်မှ လိုက်ပါသည်။
ယင်းမှာ ဇီယန်ကို "မိုင်းရှင်း" ခိုင်းခြင်း မဟုတ်ဘဲ၊ အဆောင်များ အသုံးပြုထားသဖြင့် ဇီယန်က သူ့ကို အာရုံခံနိုင်တော့မည် မဟုတ်သောကြောင့် မျက်ခြည်မပြတ်စေရန် နောက်မှ လိုက်ရခြင်း ဖြစ်ပေသည်။
စိမ့်တောထဲသို့ မိုင် (၂၀)၊ (၃၀) ခန့် ဝင်ရောက်လာခဲ့ကြ၏။ စိမ့်တောတစ်ခုလုံးသည် အဆိပ်မြူများ ဖုံးလွှမ်းနေပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေသကဲ့သို့ပင်။
သို့သော် အပျက်အစီး နေရာနှင့် နီးကပ်လာချိန်၌ ရှေ့မှ တိုက်ပွဲဖြစ်ပွားနေသော အသံများကို ရုတ်တရက် ကြားလိုက်ရသည်။
"ဝုန်း... ဒိုင်း"
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားသဖြင့် စုယွီနှင့် ဇီယန်တို့ ကြောင်သွားကြ၏။ စုယွီက ဇီယန်ကို စူးစူးရဲရဲ ကြည့်လိုက်ရာ သူမက ပျာပျာသလဲ ပြန်ဖြေရှာသည်။
"ကျွန်... ကျွန်မနဲ့ မဆိုင်ဘူးနော်... တခြားလူတွေ ဘယ်လိုလုပ် ရောက်နေလဲ ကျွန်မ တကယ် မသိတာပါရှင်"
သူတို့ အနည်းငယ် တိုးကပ်သွားသောအခါ စုယွီနှင့် ဇီယန် နှစ်ဦးစလုံး ရင်းနှီးနေသော အရှိန်အဝါ တစ်ခုကို အာရုံခံမိလိုက်ကြ၏။
ထိုသူအပြင် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်နှင့် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ (၃) ဦးလည်း ရှိနေသေးသည်။
ထိုအချိန်၌ သူတို့သည် ဇီယန် ပြောခဲ့သော သွေးကြေးခွံ မိကျောင်းကြီး နှစ်ကောင်နှင့် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ သို့သော် မိကျောင်းကြီးများက အရေခွံ ထူလွန်းသလို၊ စိမ့်တောအောက်ခြေတွင် ပုန်းအောင်း၍ အဆိပ်မြူများ မှုတ်ထုတ်နေသဖြင့် ကိုင်တွယ်ရ ခက်ခဲနေကြပုံ ရသည်။
ရင်းနှီးသော အရှိန်အဝါကို အာရုံခံမိလိုက်သည်နှင့် အင်မော်တယ် ဇီယန်၏ မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး စုယွီထံသို့ အလောတကြီး ဝိညာဉ်အသံလွှင့်ကာ ပြောလိုက်လေတော့၏။
"တောင်သခင်ကြီးပါလား... သူ... သူ ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
အခန်း (၂၁၅) - မထင်မှတ်ထားသော အသီးအပွင့်များနှင့် ရှေးဟောင်း တာ့ယွဲ့မဟာမိတ် မြေပုံ
~အင်မော်တယ် ဇီယန် ပြောသော တောင်သခင် ဆိုသူမှာ "တာအိုဆရာ တဲ့ရွှမ်" ပင် ဖြစ်ချေသည်။
ထိုပုဂ္ဂိုလ်သည် "ရတနာတစ်ရာ တောင်ကုန်း" ၏ ခေါင်းဆောင် ဖြစ်ပြီး၊ ဒုတိယအဆင့် အရည်အသွေးမြင့် အခင်းအကျင်း ပညာရှင် တစ်ဦးလည်း ဖြစ်ပေသည်။ သူ၏ ကျင့်ကြံမှုအဆင့်မှာ အခြေခံတည်ဆောက်ခြင်း (၈) ဆင့်မြောက်သို့ ရောက်ရှိနေပြီဖြစ်ရာ တာ့ယွဲ့ မှောင်ခိုဈေးကွက်တွင် နာမည်တစ်လုံးဖြင့် ကျော်ကြားသူ ဖြစ်၏။
ဇီယန်သည် တာအိုဆရာတဲ့ရွှမ်နှင့် အတူပါလာသော အခြား အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ (၃) ဦးကို မြင်လိုက်ရသောအခါ မျက်နှာလေး ဖြူဖပ်ဖြူရော် ဖြစ်သွားရှာတော့၏။
"ဒုက္ခပါပဲ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"တောင်သခင်ကြီးက ဘာကိစ္စ ဒီကို ရောက်နေရတာလဲရှင်"
သူမ၏ ပျာယာခတ်နေသော ပုံစံကို ကြည့်ပြီး စုယွီ ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူ၏ အကြည့်များကို အဆိပ်မြူများ ဖုံးလွှမ်းနေသော စိမ့်တောဘက်သို့ ပို့လွှတ်လိုက်၏။ ထိုနေရာတွင် လူတစ်စုသည် သွေးကြေးခွံ မိကျောင်းကြီး (၂) ကောင်ကို အခင်းအကျင်းဖြင့် ပိတ်လှောင်ကာ တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရသည်။
ဒီလူစုရဲ့ အင်အားနဲ့ ဆိုရင်တော့... ဟိုမိကျောင်းကြီးတွေကို ရှင်းပစ်ဖို့က "အာလူး" ပဲ မဟုတ်လား။
အင်မော်တယ် ဇီယန်က စိုးရိမ်တကြီးဖြင့် ဝိညာဉ်အသံလွှင့်ကာ မေးလိုက်သည်။
"ဘယ်လိုလုပ်ကြမလဲဟင်... ပြန်ကြမလား... မိတ်ဆွေစု"
စုယွီက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
"နေပါဦး... စောင့်ကြည့်မယ်"
စုယွီ၏ အသံမှာ ရေကန်အလား တည်ငြိမ်လွန်းနေသဖြင့် ဇီယန် အနည်းငယ် အံ့အားသင့်သွားမိသည်။ သို့သော် သူ၏ တည်ငြိမ်မှုက သူမဆီသို့ ကူးစက်လာပြီး သူမ၏ ခုန်လှုပ်နေသော ရင်ဘတ်လေးလည်း တဖြည်းဖြည်း ငြိမ်သက်သွားလေတော့၏။
သူတို့နှစ်ဦးသည် ချုံပုတ်တစ်ခု၏ နောက်ကွယ်တွင် ပုန်းအောင်းရင်း အခြေအနေကို စောင့်ကြည့်နေလိုက်ကြ၏။
စိမ့်တောထဲတွင်မူ အခင်းအကျင်းတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
ပေ (၁၀၀) ကျော် ရှည်လျားသော သွေးကြေးခွံ မိကျောင်းကြီး (၂) ကောင်မှာ အခင်းအကျင်းထဲတွင် ပိတ်မိနေပြီး ဒဏ်ရာဗရပွဖြင့် ဖြစ်နေရှာသည်။ သူတို့သည် ထွက်ပြေးရန် ကြိုးစားသော်လည်း မအောင်မြင်တော့ပေ။ ရွှံ့နွံအောက်သို့ ငုပ်လျှိုးကာ ခုခံနေရုံမှတစ်ပါး အခြား မတတ်နိုင်တော့ချေ။
သို့သော် သူတို့၏ ကြိုးစားမှုများက အချည်းနှီးသာ ဖြစ်သွားရသည်။ (၂) နာရီခန့် အကြာတွင် ထို ဒုတိယအဆင့် မိကျောင်းကြီး (၂) ကောင်၏ ဦးခေါင်းနှင့် နှလုံးသားတို့မှာ မှော်လက်နက်များ၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး အသက်ပျောက်သွားကြရရှာသည်။
ကြမ်းတမ်းသော ဝိညာဉ်စွမ်းအင်များ ငြိမ်သက်သွားချိန်တွင် အခင်းအကျင်းထဲမှ လူတစ်ယောက်သည် မိကျောင်းအလောင်းကြီးများကို သူ၏ ဝိညာဉ်စွမ်းအားဖြင့် ဆွဲယူလိုက်သည်။
ထိုသူသည် "သူဌေးဟုန်" ဟု ခေါ်သော လူဖြစ်၏။ သူသည် မိကျောင်းကြီး၏ စုတ်ပြတ်သတ်နေသော အရေခွံများကို ကြည့်ပြီး မကျေမနပ် ရေရွတ်လိုက်သည်။
"တောက်... ဒီကောင်တွေကွာ... ငြိမ်ငြိမ်လေး အသတ်မခံဘူး... အခုတော့ ကြည့်ပါဦး... အရေခွံတွေ စုတ်ပြတ်သတ်ကုန်ပြီ... ဈေးကတော့ တစ်ဝက်လောက် ကျသွားတော့မှာပဲ... လောင်တယ်ကွာ"
သူသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး အလောင်းများကို ချန်ခွန်အိတ်ထဲသို့ ထည့်လိုက်သည်။
ဘေးနားရှိ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးက ရယ်မောကာ ဝင်ပြောလိုက်၏။
"သူဌေးဟုန်ရာ... ခင်ဗျားကလည်း မျှော်လင့်ချက်တွေ မြင့်လွန်းနေပါပြီဗျာ... ဒီမိကျောင်းတွေက အဆာပြေ သက်သက်ပါ... တကယ့် ပွဲကြီးပွဲကောင်းက ဟိုးအရှေ့နားက ဂူစံအိမ် အပျက်အစီးလေဗျာ"
နောက်ထပ် ကျင့်ကြံသူတစ်ဦးကမူ ဘာစကားမျှ ဝင်မပြောပေ။ သူ၏ လက်ကောက်ဝတ်ပုံစံ အရည်အသွေးမြင့် မှော်လက်နက်ကိုသာ တိတ်တဆိတ် သန့်ရှင်းရေး လုပ်နေသည်။
သူဌေးဟုန် ဆိုသူသည် အခင်းအကျင်း၏ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ကျောက်တုံးကြီး တစ်တုံးပေါ်၌ မတ်တတ်ရပ်နေသော အဘိုးအိုတစ်ဦး ရှိနေ၏။ ထိုအဘိုးအိုသည် မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ် (၇) ပေခန့် မြင့်မားသည်။
သူဌေးဟုန်က ပြုံးလိုက်ပြီး လှမ်းပြောလိုက်သည်။
"မိတ်ဆွေတဲ့ရွှမ်... မိကျောင်းတွေလည်း ကိစ္စပြတ်ပြီ ဆိုတော့... ဟိုအပျက်အစီးဆီ သွားကြမလားဗျ"
စောစောက တိုက်ပွဲတွင် သူတို့ (၃) ဦးက တိုက်ခိုက်ရေး တာဝန်ယူခဲ့ပြီး၊ တာအိုဆရာတဲ့ရွှမ်က အခင်းအကျင်းဖြင့် ပိတ်လှောင်ပေးသည့် တာဝန်ကို ယူခဲ့ခြင်း ဖြစ်၏။
ဒါက သူတို့ ကြိုတင် သဘောတူထားသည့် အစီအစဉ်ပင်။
တာအိုဆရာတဲ့ရွှမ်က အခင်းအကျင်းနှင့် ကန့်သတ်ချက်များကို ဖြေရှင်းပေးရမည် ဖြစ်ပြီး၊ ကျန်သည့် ကြမ်းတမ်းသည့် အလုပ်များကို ဟုန်ဟူအိုင် မှ လူ (၃) ဦးက တာဝန်ယူရမည် ဖြစ်၏။
တာအိုဆရာတဲ့ရွှမ်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ပြောသည်။
"မလောပါနဲ့ဗျာ... ကျွန်တော်တို့ကို ဒီနေရာ လမ်းညွှန်ပေးတဲ့ မိတ်ဆွေ ရောက်လာပြီပဲ... ခင်ဗျားပဲ သူ့ကို ကောင်းကောင်း ဆက်ဆံချင်ပါတယ် ဆို... ဒီနေ့တော့ ခင်ဗျား ဆန္ဒပြည့်ပြီပေါ့"
စကားဆုံးသည်နှင့် သူသည် စုယွီနှင့် ဇီယန်တို့ ပုန်းအောင်းနေသော နေရာသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
တာအိုဆရာတဲ့ရွှမ်၏ အသံက တည်ငြိမ်သော်လည်း အမိန့်ဆန်နေ၏။
"မိတ်ဆွေဇီယန်... ရောက်နေမှတော့ ထွက်ခဲ့ပြီး စကားပြောကြတာပေါ့ဗျာ... တာ့ယွဲ့ တောင်တန်းထဲကို ဒီလောက် မြန်မြန် ရောက်လာမယ်လို့ မထင်ထားဘူး... မိတ်ဆွေစုကို သွားခေါ်လာတာကိုး... ကဲ... မိတ်ဆွေစုရော အတူတူ ထွက်ခဲ့ပါလေ"
"ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့နော်... မိတ်ဆွေဇီယန်... ကျွန်တော့် စိတ်ကို ခင်ဗျား သိပါတယ်... အခုထွက်လာရင် ညှိနှိုင်းလို့ ရသေးတယ်... လက်မခံရင်တော့ အခြေအနေ မကောင်းဖြစ်သွားလိမ့်မယ်ဗျ"
အဝေးမှ အင်မော်တယ် ဇီယန်၏ မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားလေတော့၏။
...ဒုက္ခပါပဲ... ဘယ်လိုလုပ် သူသိသွားတာလဲ...
သူမဘေးရှိ စုယွီမှာလည်း မျက်ခုံးကြုတ်လိုက်မိသည်။ ပတ်ဝန်းကျင်တွင် သတိပေး အခင်းအကျင်းလည်း မရှိ၊ ခြေရာခံဆေးမှုန့်လည်း မတွေ့၊ ဝိညာဉ်အာရုံနဲ့ လှမ်းထောက်လှမ်းတာမျိုးလည်း မရှိဘဲနဲ့ ဘယ်လိုလုပ် သိသွားတာပါလိမ့်။
ဒါ့အပြင် ဇီယန် ပါလာမှန်းပါ သိနေသည်တဲ့လား။
ရုတ်တရက် စုယွီ၏ စိတ်ထဲတွင် အတွေးတစ်စ ဝင်လာသည်။ သူသည် ဇီယန်ကို ကြည့်လိုက်ပြီး "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" ကို လည်ပတ်လိုက်၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူ၏ ဝိညာဉ်အာရုံသည် ဇီယန်၏ ခန္ဓာကိုယ် အနှံ့အပြားကို စစ်ဆေးလိုက်လေတော့၏။
ထင်တဲ့အတိုင်းပါပဲ။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သိမ်မွေ့လွန်းလှသော ဝိညာဉ်အမှတ်အသား တစ်ခုကို ရှာတွေ့လိုက်သည်။
အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်သာ ရှိသေးသော ဇီယန်အဖို့ ဤအမှတ်အသားကို ရှာတွေ့ရန် မလွယ်ကူပေ။
ဘေးနားရှိ ဇီယန်မှာမူ
ရုတ်တရက်ဆိုသလို သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စုယွီက အဝတ်အစားမပါသကဲ့သို့ ထွင်းဖောက်ကြည့်ရှုလိုက်သည်ဟု ခံစားလိုက်ရသည်။ သူမ၏ ဖြူဖပ်ဖြူရော် မျက်နှာလေးမှာ ခရမ်းချဉ်သီး မီးဖုတ်ထားသကဲ့သို့ ချက်ချင်း နီရဲသွားတော့၏။
သူမသည် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်သွားပြီး စုယွီကို မျက်စောင်းထိုးကာ အော်လိုက်သည်။
"ရှင်... ရှင် ဘာလုပ်တာလဲ... မိတ်ဆွေစု... လူကို အခွင့်ကောင်းယူတာလားရှင့်"
စုယွီက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
"ခင်ဗျားကိုယ်ပေါ်မှာ ဝိညာဉ်အမှတ်အသား အလုပ်ခံထားရတယ်"
ထိုစကားကို ကြားသောအခါ ဇီယန်၏ မျက်နှာလေး ပြန်လည် ပြောင်းလဲသွားပြန်သည်။
ဝိညာဉ်အမှတ်အသားတဲ့လား။
စုယွီက ဝိညာဉ်အသံလွှင့်ကာ ပြောလိုက်၏။
"လာ... သွားကြမယ်... အတူတူ ထွက်တွေ့လိုက်တာပေါ့"
စုယွီသည် ကိုယ်ဖျောက်အဆောင်နှင့် အရှိန်အဝါဖုံးကွယ် အဆောင်များကို ဖြုတ်လိုက်ပြီး ခြေလှမ်းဖွဖွဖြင့် ထွက်လာခဲ့သည်။ သူသည် ရွှံ့နွံတောထဲတွင် ခုန်ပျံကျော်လွှားရင်း မကြာမီမှာပင် တာအိုဆရာတဲ့ရွှမ်နှင့် လူများ၏ ရှေ့သို့ ရောက်ရှိသွားသည်။
ဇီယန်၏ မျက်နှာထားမှာ အမျိုးမျိုး ပြောင်းလဲနေသော်လည်း နောက်ဆုံးတွင် နှုတ်ခမ်းကို တင်းတင်းကိုက်ကာ စုယွီ၏ နောက်မှ လိုက်ပါသွားလေတော့၏။
စုယွီ ထွက်လာသည်ကို မြင်သောအခါ တာအိုဆရာတဲ့ရွှမ်၏ အိုစာသော မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
နှစ်အတော်ကြာသည့်တိုင် မပြောင်းလဲသေးသော စုယွီ၏ ရုပ်ရည်ကို ကြည့်ပြီး သူက ချီးကျူးသလိုလိုနှင့် လှောင်ပြောင်လိုက်၏။
"မိတ်ဆွေစုရဲ့ တာအိုကျင့်ကြံမှုက တကယ်ကို နက်ရှိုင်းတာပဲဗျာ... ဒါကြောင့်လည်း အင်မော်တယ် ဇီယန်က တခြားလူတွေကို ငြင်းပြီး မိတ်ဆွေစုကိုမှ ရွေးချယ်ပြီး စောင့်နေတာကိုး... အံ့မခန်းပါပဲဗျာ"
တာအိုဆရာတဲ့ရွှမ်၏ နောက်ရှိ ဟုန်ဟူအိုင်မှ လူ (၃) ဦးမှာမူ စကားတစ်ခွန်းမျှ မပြောဘဲ စုယွီကို အကဲခတ်နေကြ၏။ စုယွီထံမှ ထွက်ပေါ်နေသော "အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်" အရှိန်အဝါကို အာရုံခံမိသောအခါ သူတို့၏ မျက်လုံးများထဲတွင် အထင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။
...ဟွန်း... အဆင့် (၅) လေး ရှိတာကိုများ... ဆရာကြီးထင်နေတယ်...
ထို့နောက် သူတို့သည် စုယွီနောက်မှ ပါလာသော အင်မော်တယ် ဇီယန်ဘက်သို့ အကြည့်ပြောင်းလိုက်ကြ၏။ အပြာနုရောင် ဂါဝန်လေးနှင့် ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော သူမ၏ ခန္ဓာကိုယ်အကောက်အကွေးများကို မြင်လိုက်ရသောအခါ ထိုလူ (၃) ဦးလုံး မျက်တောင်ပင် မခတ်နိုင်ကြတော့ပေ။
အခန်း (၂၁၆) - ရိတ်သိမ်းရရှိမှုကြီးနှင့် ရှေးဟောင်း တာ့ယွဲ့မဟာမိတ် မြေပုံ (အပိုင်း - ၂)
~စုယွီသည် မျက်ခုံးအနည်းငယ် ကြုတ်လိုက်ပြီး တာအိုဆရာတဲ့ရွှမ်ကို ကြည့်ကာ မေးလိုက်သည်။
"မိတ်ဆွေတဲ့ရွှမ်တို့က ဒီ သွေးကြေးခွံ မိကျောင်းကြီး (၂) ကောင်ကို လာဖမ်းတာလားဗျ"
"ဒါဆိုရင်တော့ ကျွန်တော်တို့က မနှောင့်ယှက်တော့ပါဘူး... ဂူစံအိမ်ကို ပြန်ရောက်မှပဲ မိတ်ဆွေတို့ကို ဖိတ်ပြီး ဧည့်ခံပါတော့မယ်လေ"
တာအိုဆရာတဲ့ရွှမ်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်၏။ သူသည် စုယွီနှင့် အင်မော်တယ် ဇီယန်ကို ကြည့်ပြီး ပြုံးစစ မျက်နှာထားဖြင့် ပြောဆိုသည်။
"နေပါဦး... မိတ်ဆွေစုရယ်... ဟန်ဆောင်နေစရာ မလိုပါဘူးဗျာ... ခင်ဗျားတို့ နှစ်ယောက် ရောက်လာတာ ကောင်းပါတယ်... ကျွန်တော် အကူအညီ လိုနေတာနဲ့ အတော်ပဲ"
"ရှေ့က အပျက်အစီးထဲမှာ ကန့်သတ်ချက်တွေနဲ့ အခင်းအကျင်း အကြွင်းအကျန်တွေ အများကြီး ရှိတယ်... ခင်ဗျားတို့ နှစ်ယောက်က ရှေ့ကသွားပြီး လမ်းရှင်းပေးစမ်းပါဗျာ"
"အောင်မြင်သွားရင်တော့ ဆုလာဘ်ကို ရက်ရက်ရောရော ချီးမြှင့်ပါ့မယ်လို့ ကတိပေးပါတယ်"
...ဟွန်း... ငါတို့ကို မိုင်းရှင်းခိုင်းမလို့ပေါ့လေ... သောက်ကျိုးနည်း အဘိုးကြီး...
စုယွီ သက်ပြင်းတစ်ချက်ကို ဖွဖွလေး ချလိုက်မိသည်။ သူ၏ အကြည့်များက တာအိုဆရာတဲ့ရွှမ်နှင့် နောက်မှ လူ (၃) ယောက်အပေါ်သို့ ပျင်းရိလေးတွဲ့စွာ ရောက်ရှိသွား၏။
"ကောင်းပြီလေ... တကယ်တော့ ကျွန်တော့် မူလအစီအစဉ်က ခင်ဗျားတို့ကို ဒီမိကျောင်းကြီးတွေ ဖမ်းခိုင်းပြီး မမြင်ချင်ယောင်ဆောင်ကာ လွှတ်ပေးလိုက်မလို့ပါပဲ"
"ဒါပေမဲ့ မိတ်ဆွေတဲ့ရွှမ်ရာ... ခင်ဗျားတို့က ကျွန်တော်တို့ အသက်ကို စတေးခိုင်းပြီး အမြတ်ထုတ်ချင်နေတာတော့ သိပ်မဟန်ပါဘူးဗျာ... မဟုတ်ဘူးလား"
တာအိုဆရာတဲ့ရွှမ်က တည်ငြိမ်နေဆဲပင်။ သူက စုယွီကို ကြည့်ပြီး တဟားဟား ရယ်မောလိုက်သည်။
"မိတ်ဆွေစု... ခင်ဗျားက ဒုတိယအဆင့် ထိပ်တန်း အဆောင်ဆရာ ဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမဲ့ ခင်ဗျားက အခြေခံတည်ဆောက်ခြင်း ပဉ္စမအဆင့်ပဲ ရှိသေးတာလေဗျာ"
"ကျွန်တော် အကြံပေးချင်တာကတော့... ရှေ့ကသွားပြီး လမ်းရှင်းပေးလိုက်ပါ... ဒါဆိုရင် ခင်ဗျားတို့ အသက်ရှင်ဖို့ အခွင့်အလမ်း ရှိကောင်း ရှိနိုင်ပါသေးတယ်"
"ဘယ်လိုသဘောရလဲဟေ"
"ကျွန်တော်ကတော့ သိပ်သဘောမကျဘူးဗျ"
စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဝုန်း"
နဂါးမိကျောင်း ရုပ်သေးကြီး တစ်ကောင်သည် သူ၏ ဘေးနားတွင် ဘွားခနဲ ပေါ်လာတော့၏။ ရုပ်သေးကြီး၏ အရွယ်အစားမှာ တောင်ကုန်းငယ်တစ်ခုပမာ ကြီးမားလှပြီး၊ မည်းနက်သော အကြေးခွံများထံမှ အေးစက်သော အလင်းရောင်များ ဖြာထွက်နေ၏။ ကျောပြင်နှင့် ခြေလက်များပေါ်တွင် (၂) ပေခန့် ရှည်လျားသော ဆူးချွန်များ ဖုံးလွှမ်းထားသည်။
ရွှံ့နွံတောထဲတွင် ဝပ်နေသော ထိုရုပ်သေးကြီး၏ ပုံစံမှာ ရှေးဟောင်း နဂါးကြီးတစ်ကောင် အလား ကြောက်မက်ဖွယ် ကောင်းလှပေသည်။
တစ်ချိန်တည်းမှာပင် အရည်အသွေးမြင့် မှော်လက်နက်ဖြစ်သော "ရေနဂါး လှံရှည်" သည် ရုပ်သေးကြီး၏ ဘေးနားတွင် ဝဲပျံလျက် ထွက်ပေါ်လာ၏။
"ဂါး"
နဂါးမိကျောင်း ရုပ်သေးကြီးထံမှ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက်နှင့် ညီမျှသော အရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာသည်။ ဒုတိယအဆင့် ထိပ်တန်း ရုပ်သေးကြီး၏ အရှိန်အဝါကြောင့် တာအိုဆရာတဲ့ရွှမ်၊ ဟုန်ဟူအိုင်မှ တာအိုဆရာဟုန်နှင့် အခြား (၃) ဦးတို့၏ မျက်နှာများမှာ ချက်ချင်း မည်းမှောင်သွားကြရတော့၏။
တာအိုဆရာတဲ့ရွှမ်က အလန့်တကြား အော်ဟစ်လိုက်သည်။
"နေ... နေပါဦး... ဖြည်းဖြည်းလုပ်ပါ မိတ်ဆွေစုရဲ့... စကားပြောလို့ ရပါသေးတယ်ဗျ"
"ဝုန်း"
ရေနဂါး လှံရှည်ကြီးသည် တာအိုဆရာတဲ့ရွှမ်ထံသို့ လျှပ်စီးအလား ပြေးဝင်သွားတော့၏။ တဲ့ရွှမ်သည် မျက်နှာပျက်ကာ ကိုယ်ဖျောက်သိုင်းကို သုံး၍ ရှောင်တိမ်းလိုက်ရသည်။ တစ်ဖက်တွင်မူ တာအိုဆရာဟုန်က ရှေ့သို့ ခုန်ထွက်လိုက်ပြီး သူ၏ လက်ထဲမှ ရွှေရောင် ခေါင်းလောင်းကြီးတစ်ခုကို ထုတ်ကာ သူတို့ (၄) ယောက်လုံးကို လွှမ်းခြုံ ကာကွယ်လိုက်သည်။
"ဂါး"
ရေနဂါး လှံရှည်ကြီးသည် ကောင်းကင်ယံကို ထိုးဖောက်သွားပြီး စစ်မှန်သော ရေနဂါးတစ်ကောင်အလား ကမ္ဘာမြေကို ဖိနှိပ်လိုက်တော့၏။ ကြီးမြတ်သော အရှိန်အဝါကြောင့် တာအိုဆရာဟုန်နှင့် လူများ၏ စိတ်ထဲတွင် ကြောက်ရွံ့ခြင်း မျိုးစေ့များ စတင် အမြစ်တွယ်လာရချေ၏။
နောက်တစ်ခဏ၌ လှံရှည်ကြီးသည် ရွှေရောင် ခေါင်းလောင်းကြီးကို ထိတိုက်လိုက်သည်။
"ဒူ... ဒိုင်း"
ခေါင်းလောင်းသံကြီးက ကောင်းကင်နှင့် မြေကြီးအကြား ပဲ့တင်ထပ်သွား၏။
ရေညှိများနှင့် ပုပ်သိုးနေသော မြေသားများမှာ ဖိနှိပ်ခံလိုက်ရသဖြင့် အရပ်လေးမျက်နှာသို့ လွင့်စင်ကုန်ကြ၏။ စွမ်းအင်လှိုင်းများက မိုင်ပေါင်းများစွာ အကွာအဝေးအထိ ရိုက်ခတ်သွားသည်။
"အ... အွတ်"
တာအိုဆရာဟုန်၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး၊ ရွှေရောင် ခေါင်းလောင်းကြီးနှင့်အတူ မိုင်ဝက်ခန့် လွင့်ထွက်သွားကာ သွေးတစ်လုပ် အန်ထုတ်လိုက်ရရှာသည်။
နဂါးမိကျောင်း ရုပ်သေးကြီး၏ အားနှင့် ရေနဂါး လှံရှည်၏ စွမ်းအား ပေါင်းစပ်မှုက သူ ခံနိုင်ရည်ရှိသော အတိုင်းအတာထက် ကျော်လွန်နေခဲ့တော့၏။
အဝေးသို့ ရှောင်တိမ်းသွားသော တာအိုဆရာတဲ့ရွှမ်မှာ ဒေါသထွက်လွန်းသဖြင့် အော်ဟစ်လိုက်သည်။
"မိတ်ဆွေစု... စောစောက ကျွန်တော် မလေးမစား လုပ်မိတာ ဝန်ခံပါတယ်ဗျာ... ဒါပေမဲ့ အခု ရပ်လိုက်ပါတော့... ခင်ဗျားတို့ နှစ်ယောက်စလုံးကို ထွက်သွားခွင့် ပေးပါ့မယ်... အဲဒီလိုမှ မဟုတ်ရင်တော့..."
စုယွီက သက်ပြင်းကို ဖွဖွလေး ချလိုက်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်၏။
"ကြည့်ရတာ ခင်ဗျားက ဘယ်သူ သခင်လဲ ဆိုတာ သဘောမပေါက်သေးဘူး ထင်တယ်"
သူသည် လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဒုတိယအဆင့် ထိပ်တန်း အဆောင်စာရွက် အထပ်လိုက်ကြီး သူ့လက်ထဲတွင် ပေါ်လာတော့၏။
စုယွီလက်ထဲရှိ ဒါဇင်နှင့်ချီသော ဒုတိယအဆင့် ထိပ်တန်း အဆောင်များကို မြင်လိုက်ရသောအခါ ရုပ်သေးနှင့် စုယွီကို ဝိုင်းဝန်းတိုက်ခိုက်ရန် ပြင်ဆင်နေကြသော တာအိုဆရာဟုန်နှင့် ညီအစ်ကိုများ၏ မျက်နှာမှာ မီးသွေးခဲလို မည်းနက်သွားကြလေတော့၏။
"သောက်ကျိုးနည်း... ဘုရားရေ"
စုယွီကို အခင်းအကျင်းဖြင့် ပညာပေးရန် ကြံစည်နေသော တာအိုဆရာတဲ့ရွှမ်ပင်လျှင် ခြေမခိုင်တော့ဘဲ ယိုင်လဲမတတ် ဖြစ်သွားရှာသည်။ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ အတိုင်းသား ပေါ်လာ၏။
...ဒီကောင်... ဒီကောင်က ဘယ်လိုလုပ်ပြီး ဒုတိယအဆင့် ထိပ်တန်း အဆောင်တွေ ဒီလောက် အများကြီး ပိုင်ဆိုင်ထားရတာလဲ...
...ပထမက ဒုတိယအဆင့် ထိပ်တန်း ရုပ်သေး... အခု အဆောင်တွေက အများကြီး......
...ဒါ ငါတို့ ယှဉ်နိုင်တဲ့ တိုက်ပွဲ မဟုတ်တော့ဘူးဟေ့...
ကြောက်စိတ်များ ငယ်ထိပ်သို့ ဆောင့်တက်လာသဖြင့် တာအိုဆရာဟုန်က လှည့်ထွက်ပြီး အော်ဟစ်လိုက်သည်။
"ပြေးကြ... ပြေးကြဟေ့"
သို့သော် သူတို့ (၄) ယောက် ထွက်မပြေးနိုင်ခင်မှာပင် စုယွီသည် သူ၏ "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" ကို လည်ပတ်လိုက်တော့၏။ လက်ဟန်များ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဉ်စွမ်းအားကြီးတစ်ခုသည် ကွန်ရက်သဖွယ် လွှမ်းခြုံသွားသည်။
သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း ရွှေရောင် အလင်းတန်းများက ကမ္ဘာလောကကို လင်းထိန်သွားစေ၏။
ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ်။
"ဝီ... ဝီ... ဝီ"
"အား... "
တာအိုဆရာဟုန်တို့ လူစု လှည့်ပြေးရန် ပြင်လိုက်ချိန်မှာပင် သူတို့၏ စိတ်အာရုံကို ရွှေရောင် အလင်းတန်းများက ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ သူတို့၏ ဝိညာဉ်များ ဆုတ်ဖြဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် နာကျင်သွားကြသည်။
"အ... အွတ်"
သူတို့၏ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးများ စီးကျလာကြ၏။ အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ (၂) ဦးဆိုလျှင် ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး ချက်ချင်းပင် မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားကြလေတော့၏။
တာအိုဆရာတဲ့ရွှမ်နှင့် တာအိုဆရာဟုန်တို့မှာမူ နေရာတွင်ပင် ကျောက်ရုပ်များသဖွယ် တောင့်တင်းသွားကြပြီး ဦးနှောက်များ လည်ပတ်မှု ရပ်သွားရှာသည်။
စုယွီ၏ မျက်နှာထားမှာ တည်ငြိမ်အေးချမ်းနေဆဲပင်။
သူသည် လက်ညှိုးနှင့် လက်ခလယ်ကို ပူးကာ ဝိညာဉ်စွမ်းအင်များကို စုစည်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် ဒုတိယအဆင့် ထိပ်တန်း "သစ်သားဝိညာဉ် ဘုရားဝါးမျို အဆောင်" (၂) ခုသည် သူ့လက်ထဲမှ ပျံထွက်သွားသည်။
လေထဲတွင် အဆောင်များ လောင်ကျွမ်းသွားပြီးနောက် စိမ်းဖန့်ဖန့် အလင်းတန်းများသည် တာအိုဆရာတဲ့ရွှမ်နှင့် တာအိုဆရာဟုန်တို့ (၂) ဦးလုံးကို လွှမ်းခြုံသွားတော့၏။
ကာကွယ်နိုင်စွမ်း မရှိတော့သော သူတို့နှစ်ဦး၏ ဝိညာဉ်စွမ်းအင်နှင့် ချီစွမ်းအားများသည် အဆောင်၏ စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ရသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့၏ အရှိန်အဝါသည် (၈၀) ရာခိုင်နှုန်းခန့် ကျဆင်းသွားတော့၏။
...မင်းတို့က ငါ့ကို အနိုင်ကျင့်ချင်တာပေါ့လေ... ကဲ... အခု ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်မလဲ ကြည့်ကြသေးတာပေါ့...
တစ်ချိန်တည်းမှာပင်...
နဂါးမိကျောင်း ရုပ်သေးကြီးက ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ ရေနဂါး လှံရှည်ကြီးသည် ကောင်းကင်ယံမှနေ၍ ရေနဂါးရိုင်းတစ်ကောင်အလား တာအိုဆရာဟုန်နှင့် တာအိုဆရာတဲ့ရွှမ်တို့ကို ရိုက်ခတ်လိုက်သည်။
"ဝုန်း"
သူတို့နှစ်ဦးစလုံး (၂) မိုင်ခန့်အကွာသို့ လွင့်စင်သွားပြီး ရွှံ့နွံတောထဲသို့ စိုက်ဆင်းသွားကြသည်။
"ဂျွတ်"
အရိုးများ ကြေမွသွားသော အသံကို ကြားလိုက်ရပြီး၊ တာအိုဆရာဟုန်နှင့် တာအိုဆရာတဲ့ရွှမ်တို့ နှစ်ဦးစလုံး သေလုမြောပါး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြလေတော့၏။