← Chapters

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇-၂၁၉)

Vol. 15 Ch. 217-219

အခန်း (၂၁၇) - ရိတ်သိမ်းရရှိမှုကြီးနှင့် ရှေးဟောင်း တာ့ယွဲ့မဟာမိတ် မြေပုံ (အပိုင်း - ၃)

~ထိုအချိန်၌ စုယွီသည် ရှေ့သို့ ပျံသန်းသွားပြီး အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ (၂) ဦးကို ပထမဆုံး ဖမ်းချုပ်ကာ ဝိညာဉ်ကန့်သတ်ချက်များ ပြုလုပ်လိုက်သည်။

ထို့နောက် ရွှံ့နွံအောက်သို့ နစ်မြုပ်နေသော တာအိုဆရာတဲ့ရွှမ်နှင့် တာအိုဆရာဟုန်တို့ကို ဆွဲထုတ်ကာ အလားတူ ကန့်သတ်ချက်များဖြင့် သူတို့၏ ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်လိုက်တော့၏။

တစ်ဖက်တွင်မူ...

အင်မော်တယ် ဇီယန်၏ မျက်လုံးများ ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေရှာသည်။ သူမ၏ ပါးစပ်ပေါက်မှာ ခိုဥတစ်လုံး ဝင်ဆံ့လောက်သည့်အထိ ကျယ်နေ၏။ သူမသည် အံ့အားသင့်လွန်းသဖြင့် ဦးနှောက်တစ်ခုလုံး ဗလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။

...ဒါ... ဒီလိုပဲ ပြီးသွားတာလား...

...ရတနာတစ်ရာ တောင်ကုန်းရဲ့ သခင်ကြီးက အခြား နာမည်ကျော် အဆင့်မြင့် ကျင့်ကြံသူ (၃) ယောက်နဲ့ ပေါင်းပြီး တိုက်တာတောင်... မိတ်ဆွေစုရဲ့ လက်ချက် တစ်ကွက်ကို မခံနိုင်ဘူးတဲ့လား...

ဒုတိယအဆင့် ထိပ်တန်း ဝိညာဉ်ရုပ်သေး တစ်ကောင်။

ဒုတိယအဆင့် ထိပ်တန်း အဆောင် စာရွက်အထပ်လိုက်ကြီး။

ထို့နောက် တစ်ခဏတာမျှ ကမ္ဘာလောကကြီး တစ်ခုလုံးကို ရွှေရောင်လွှမ်းသွားစေခဲ့သည့် ကြောက်မက်ဖွယ် စွမ်းအား။ ထိုစွမ်းအားက သူမကို ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားစေခဲ့ပြီး ခြေထောက်များပါ ပျော့ခွေသွားရသည်အထိ တုန်လှုပ်စေခဲ့သည်။

သူမသည် စုယွီကို အစွမ်းထက်မှန်း၊ ဒုတိယအဆင့် ထိပ်တန်း အဆောင်ဆရာမှန်း သိထားသော်လည်း ဤမျှလောက်ထိ ကြောက်မက်ဖွယ်ကောင်းမည်ဟုတော့ ထင်မှတ်မထားခဲ့မိ။

...ငါ... ငါတော့ သေချင်တာပါပဲ...

စုယွီသည် တာအိုဆရာဟုန်နှင့် တာအိုဆရာတဲ့ရွှမ် အပါအဝင် (၄) ဦးစလုံး၏ ကျင့်ကြံမှုအဆင့်များကို ပိတ်ဆို့ပြီးနောက်၊ သူတို့ကို.. တဲ့ရွှမ်.. ရပ်ခဲ့သော ကျောက်တုံးကြီးပေါ်သို့ အမှိုက်သရိုက်များသဖွယ် ပစ်တင်လိုက်သည်။

ထို့နောက် သူတို့ကို အထက်စီးမှ ငုံ့ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

"ကဲ... ခင်ဗျားတို့ (၄) ယောက်ကို ရွေးချယ်စရာ လမ်း (၂) သွယ် ပေးမယ်... ဘယ်လမ်းကို ရွေးကြမလဲ"

"လမ်းရှင်းပေးမလား... ဒါမှမဟုတ် အခုချက်ချင်း နတ်ပြည်တက်မလား"

တာအိုဆရာတဲ့ရွှမ်နှင့် တာအိုဆရာဟုန်တို့မှာ နာကျင်မှုကြောင့် ညည်းညူနေကြဆဲ ဖြစ်၏။ သူတို့၏ စိတ်အာရုံများမှာ ယခုထိ ပြန်လည် စုစည်းနိုင်ခြင်း မရှိသေးပေ။

တာအိုဆရာတဲ့ရွှမ်သည် မျက်လုံးကို အားယူဖွင့်လိုက်၏။ စုယွီ၏ ပုံရိပ်ကို မြင်လိုက်ရသည်နှင့် သူ၏ မျက်ဆံများ ကျဉ်းမြောင်းသွားပြီး ကြောက်ရွံ့ခြင်းများက နှလုံးသားထဲသို့ ဒလဟော စီးဝင်လာတော့၏။ စောစောက အဖြစ်အပျက်သည် အိပ်မက်ဆိုးတစ်ခုပမာ သူ့ရင်ထဲတွင် စွဲထင်ကျန်ရစ်နေတော့၏။

"မိတ်... မိတ်ဆွေစု... ကျေးဇူးပြုပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါဗျာ"

တဲ့ရွှမ်၏ အသံမှာ တုန်ရီနေပြီး အားပျော့နေရှာသည်။

စုယွီက အသာအယာ ပြုံးလိုက်သည်။

"ရပါတယ်... အဲဒီ ရှေးဟောင်းအပျက်အစီးကို အောင်မြင်စွာ ဖွင့်နိုင်မယ်ဆိုရင်တော့... ခင်ဗျားတို့ကို မသတ်ပါဘူး"

ထိုစကားကို ကြားသောအခါ တဲ့ရွှမ်၏ မျက်နှာတွင် မျှော်လင့်ချက် ရောင်ခြည်များ ယှက်သန်းလာပြီး စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။

"ကောင်းပါပြီ... ကောင်းပါပြီဗျာ... ကျွန်တော် သေချာပေါက် ဖွင့်ပေးပါ့မယ်... မိတ်ဆွေစုရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

စုယွီက ဘာမှ ထပ်မပြောဘဲ ပြုံးရုံသာ ပြုံးနေလိုက်သည်။ ထို့နောက် သူ၏ ဘေးနားသို့ ရောက်လာသော၊ ဝိညာဉ်သစ်ပင်ရနံ့ သင်းသင်းလေး ထွက်ပေါ်နေသည့် အင်မော်တယ် ဇီယန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။

...ငါကတော့ မသတ်ဘူးလေ......

...ဒါပေမဲ့ သူတို့ကို သတ်ပေးမယ့်သူ ရှိကောင်း ရှိနိုင်တာပဲ...

စုယွီသည် တဲ့ရွှမ်နှင့် လူများကို ကျောက်တုံးကြီးပေါ်တွင် အနားယူစေပြီး သူတို့၏ ဝိညာဉ်စွမ်းအားနှင့် အသက်ဓာတ်များကို ပြန်လည် ကုစားခွင့် ပြုလိုက်သည်။

တစ်ဖက်တွင်မူ... အင်မော်တယ် ဇီယန်သည် သုံ့ပန်းဖြစ်သွားသော တောင်သခင်နှင့် လူများကို ကြည့်ရင်း တုန်လှုပ်မှုမှ တဖြည်းဖြည်း ပြန်လည် သတိဝင်လာသည်။ သူမ၏ ရင်ထဲတွင် အတွေးတစ်စက ပိုမို ခိုင်မာလာတော့၏။

*

(၆) နာရီခန့် ကြာပြီးနောက်၊

တာအိုဆရာတဲ့ရွှမ်နှင့် အခြား (၃) ဦးတို့သည် အတော်အတန် ပြန်လည် သက်သာလာကြပြီ ဖြစ်၏။

စုယွီနှင့် ဇီယန်တို့၏ ဖိအားပေးမှုအောက်တွင် သူတို့အဖွဲ့သည် စိမ့်တောအတွင်းပိုင်းသို့ ဆက်လက် ဝင်ရောက်လာကြသည်။

မကြာမီမှာပင် မြေကုန်းလေးတစ်ခု ရှေ့သို့ ရောက်ရှိလာကြ၏။

စုယွီဘေးမှ အင်မော်တယ် ဇီယန်က တိုးတိုးလေး ပြောပြလိုက်သည်။

"ရှေးဟောင်းအပျက်အစီးက ဒီအောက်မှာပါ... ကျွန်မ ဆေးပင်လာရှာတုန်းက မတော်တဆ ကန့်သတ်ချက်ကို သွားထိမိပြီး တွေ့သွားတာပါ"

စုယွီက သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ပြီး စမ်းသပ်ကြည့်လိုက်သည်။ ပေ (၉၀၀) ခန့် အနက်တွင် အတားအဆီးတစ်ခု ရှိနေကြောင်း သိလိုက်ရ၏။

ဒါက ကန့်သတ်ချက် အခင်းအကျင်းတစ်ခု ဖြစ်လောက်သည်။

စုယွီသည် တာအိုဆရာတဲ့ရွှမ်နှင့် လူများကို လှမ်းကြည့်ပြီး အမိန့်ပေးလိုက်သည်။

"ကဲ... ခင်ဗျားတို့ အောက်ဆင်းပြီး ဂူစံအိမ်ကို ပိတ်ထားတဲ့ ကန့်သတ်ချက်တွေ၊ အခင်းအကျင်းတွေ အကုန်လုံးကို ဖျက်ဆီးလိုက်ကြ... ကြားလား"

တာအိုဆရာတဲ့ရွှမ်နှင့် ဟုန်ဟူအိုင်မှ လူ (၃) ဦးတို့မှာ ရင်ထဲတွင် မကျေမနပ် ဖြစ်နေကြ၏။ မူလက သူတို့ စီစဉ်ထားသည်မှာ စုယွီနှင့် ဇီယန်ကို လမ်းရှင်းခိုင်းရန် မဟုတ်ပါလော။

အခုတော့... ဇာတ်က ပြောင်းပြန် ဖြစ်သွားတော့၏။

သူတို့ကိုယ်တိုင် စစ်သုံ့ပန်း ဖြစ်သွားပြီး၊ မသိနားမလည်သော လမ်းခရီးကို ဦးဆောင် လျှောက်လှမ်းရမည့်သူများ ဖြစ်သွားကြရရှာသည်။

တာအိုဆရာတဲ့ရွှမ်သည် သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်ပြီး စုယွီကို ပြောလိုက်၏။

"မိတ်ဆွေစု... ကတိတည်ပါစေနော်"

ထို့နောက် တဲ့ရွှမ်သည် ဟုန်ဟူအိုင်မှ လူများကို ဦးဆောင်ကာ မြေကုန်းအောက်သို့ ဆင်းသွားကြသည်။

သူတို့သည် မြေလျှိုးသိုင်း မတတ်ကျွမ်းကြသော်လည်း (၄) ယောက်ပေါင်း၍ မြေကို တူးဖော်ကာ လမ်းကြောင်း ဖောက်လုပ်ခြင်းက မခဲယဉ်းလှပေ။

ထွက်ပြေးဖို့ ဆိုတာကတော့...

စောစောက စုယွီ၏ လက်စွမ်းကို မြင်တွေ့လိုက်ရပြီး ဖြစ်သဖြင့် ထွက်ပြေးခြင်းသည် သေမင်းထံသို့ ဖြတ်လမ်းမှ သွားခြင်းသာ ဖြစ်ကြောင်း သူတို့ ကောင်းကောင်း သဘောပေါက်ထားကြ၏။

အောက်ဘက်ရှိ ဂူစံအိမ်ထဲတွင်မူ အသက်ရှင်ရန် အခွင့်အလမ်း ရှိကောင်း ရှိနိုင်သေးသည်။

ထိုဂူစံအိမ်သည် ရှေးဟောင်း လော့ယွဲ့မဟာမိတ်အဖွဲ့မှ အမြုတေဖွဲ့စည်းခြင်းအဆင့် အရှင်သခင်တစ်ပါး သေဆုံးခါနီးတွင် ချန်ထားခဲ့သော နေရာဖြစ်၏။ မိမိကိုယ်ကို ကာကွယ်ရန် ကန့်သတ်ချက်များနှင့် အခင်းအကျင်းများစွာ ချထားခဲ့သော်လည်း နှစ်ကာလ ကြာမြင့်လာသည်နှင့်အမျှ ယင်းတို့၏ စွမ်းအားများမှာ လျော့ပါးလာခဲ့ပြီ ဖြစ်၏။

ဒုတိယအဆင့် ထိပ်တန်း အခင်းအကျင်းပညာရှင် တစ်ဦးဖြစ်သော တာအိုဆရာတဲ့ရွှမ်၏ ကြိုးပမ်းအားထုတ်မှုကြောင့် (၃) ရက်အတွင်း ဂူစံအိမ် အပြင်ဘက်ရှိ ကန့်သတ်ချက်များနှင့် အခင်းအကျင်း အကြွင်းအကျန်များ အားလုံး ဖျက်ဆီးခံလိုက်ရတော့၏။

မူလက တဲ့ရွှမ်နှင့် ဟုန်ဟူအိုင် လူစုသည် ဂူစံအိမ်ထဲသို့ ခိုးဝင်ပြီး ထွက်ပြေးရန် အခွင့်အရေး ရှာဖွေလိုကြသော်လည်း၊ ထိုအချိန်တွင် စုယွီနှင့် ဇီယန်တို့က သူတို့ဘေးနားသို့ ရောက်နှင့်နေပြီ ဖြစ်၏။

ထို့ကြောင့် တဲ့ရွှမ်တို့မှာ သူတို့၏ အကြံအစည်ကို စွန့်လွှတ်လိုက်ရတော့၏။

"ကဲ... ဝင်ကြည့်ကြတာပေါ့"

ဤအဆောက်အအုံသည် မှော်လက်နက် ဂူစံအိမ်တစ်ခုလည်း ဖြစ်ပြီး၊ မြေကုန်းအောက် ပေရာချီ အနက်တွင် တည်ရှိကာ ကန့်သတ်ချက် အလွှာပေါင်းများစွာဖြင့် ကာရံထားခြင်း ဖြစ်၏။ ယခုအခါ ဝင်ပေါက်ရှိ အတားအဆီးများကို တဲ့ရွှမ်က ဖျက်ဆီးပေးလိုက်ပြီပင်။

စုယွီ၏ အမိန့်ပေးမှုကြောင့် အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးက ဧရာမ တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

ဘာမှ ထူးထူးခြားခြား ဖြစ်မလာခဲ့ပေ။

တံခါးကြီး ပွင့်သွားသည်နှင့် နှစ်ပေါင်းများစွာ လှောင်ပိတ်နေသော မှိုနံ့၊ အောက်သိုးသိုး အနံ့များ အပြင်သို့ လှိုက်ခနဲ ထွက်ပေါ်လာ၏။

အတွင်းဘက်သည် မှောင်မိုက်နေသည်။ တဲ့ရွှမ်နှင့် လူများက ဦးဆုံး ဝင်ရောက် စူးစမ်းကြရသည်။

ဘေးကင်းကြောင်း သေချာမှသာ စုယွီနှင့် ဇီယန်တို့ ဝင်ရောက်သွားကြ၏။

အိမ်တော်ကြီးသည် အတော်ပင် ကျယ်ဝန်းလှသည်။ ဝင်းခြံ၊ ဧည့်ခန်းမဆောင်၊ အရှေ့ဘက်နှင့် အနောက်ဘက် အဆောင်များ၊ နောက်ဖေး ပန်းခြံများပင် ပါဝင်သေးသည်။

တဲ့ရွှမ်သည် ရှေ့မှသွား၍ အခင်းအကျင်းများနှင့် ကန့်သတ်ချက်များကို ဆက်လက် ရှင်းလင်းပေးနေရပြီး၊ သူတို့ကို အတွင်းပိုင်းသို့ တဖြည်းဖြည်း ခေါ်ဆောင်သွားလေတော့၏။

အခန်း (၂၁၈) - ရိတ်သိမ်းရရှိမှုကြီးနှင့် ရှေးဟောင်း တာ့ယွဲ့မဟာမိတ် မြေပုံ (အပိုင်း - ၄)

~နောက်ဖေး ပန်းခြံသို့ ရောက်သည်အထိ မည်သည့် အနှောင့်အယှက်မျှ မရှိခဲ့ပေ။ သို့သော် ပန်းခြံသို့ ရောက်သည်နှင့် တစ်ပြိုင်နက်...

"ဝုန်း"

တာအိုဆရာတဲ့ရွှမ်သည် သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ အခင်းအကျင်းအလံများ တန်းစီ၍ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် တာအိုဆရာဟုန်နှင့် သူ့လူ (၂) ယောက်ကလည်း တိုက်ခိုက်ရေး အဆောင်လက်ဖွဲ့များကို ထုတ်သုံးလိုက်ကြ၏။

သူတို့လက်ထဲတွင် ဒုတိယအဆင့် အလယ်အလတ်နှင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့ (၁၁) ခုသာ ပါရှိသော်လည်း၊ ၎င်းတို့အားလုံးကို တပြိုင်နက်တည်း လည်ပတ်လိုက်သောအခါ...

"ဂါး... ဝေါ... ဝေါ"

မီးနဂါးများ၊ ရေခဲတုံးကြီးများ၊ သစ်နွယ်လှောင်အိမ်များနှင့် ဓားသွားများ စသည်ဖြင့် အမျိုးမျိုးသော စွမ်းအားများသည် မုန်တိုင်းတစ်ခုအလား စုယွီနှင့် ဇီယန်တို့ ရှိရာဘက်သို့ ဒလဟော ပစ်ခတ်ဝင်ရောက်လာကြလေတော့၏။

တဲ့ရွှမ်သည် ထောင်ချောက် အခင်းအကျင်း၊ ဝင်္ကပါ အခင်းအကျင်းနှင့် သတ်ဖြတ်ခြင်း အခင်းအကျင်းများကို ပေါင်းစပ်ကာ သူတို့နှင့် စုယွီတို့ကြားရှိ လမ်းကြောင်းကို ပိတ်ဆို့လိုက်ခြင်း ဖြစ်ပေသည်။

"ပြေးကြဟေ့"

တာအိုဆရာတဲ့ရွှမ်နှင့် လူစုသည် မြေလျှိုးသိုင်းကို အသုံးပြုကာ နောက်ဖေးပန်းခြံ၏ အခြားထွက်ပေါက်တစ်ခုဆီသို့ အသည်းအသန် ပြေးထွက်သွားကြသည်။

သို့သော်လည်း...

သူတို့ ဝေးဝေး မရောက်နိုင်လိုက်ပေ။

ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးကို ထွန်းလင်းတောက်ပသွားစေသော ရွှေရောင် အလင်းတန်းကြီးကို သူတို့၏ ဝိညာဉ်အာရုံဖြင့် ထပ်မံ ခံစားလိုက်ရပြန်သည်။

ထိုရွှေရောင် အလင်းတန်းကို မြင်လိုက်ရသည်နှင့် တဲ့ရွှမ်နှင့် ဟုန်တို့၏ မျက်နှာများမှာ သွေးဆုတ်ကာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြရရှာသည်။ လွန်ခဲ့သော ရက်အနည်းငယ်က ခံစားခဲ့ရဖူးသော ထိတ်လန့်ကြောက်ရွံ့မှုများက သူတို့၏ စိတ်အာရုံထဲသို့ ဒီရေအလား တိုးဝင်လာတော့၏။

...မဟုတ်ဘူး... မလုပ်ပါနဲ့...

ရွှေပုစဉ်းရင်ကွဲ လျှို့ဝှက်ကျင့်စဉ်။

"ဝုန်း"

နောက်တစ်ခဏ၌ ကြောက်မက်ဖွယ် ကောင်းလှသော ဝိညာဉ်စွမ်းအားကြီးတစ်ခုသည် ကောင်းကင်ယံမှ ဖိချလိုက်သကဲ့သို့ ကျဆင်းလာသည်။

"အ... အွတ်"

အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူ (၂) ဦးမှာ ပါးစပ်မှ သွေးများ ပန်းထွက်လာပြီး၊ မျက်လုံးများ ပြာဝေကာ မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားကြတော့၏။

တာအိုဆရာတဲ့ရွှမ်နှင့် ဟုန်တို့မှာမူ ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် နာကျင်မှုကို ခံစားနေရသဖြင့် အော်ဟစ်ညည်းညူနေကြရှာသည်။ သူတို့သည် ရှေ့သို့ ဒယိမ်းဒယိုင် ပြေးရင်း ခြေခေါက်လဲကာ မြေကြီးပေါ်သို့ မျက်နှာနှင့် ထိုးကျသွားကြသည်။ တစ်ကိုယ်လုံး ကွေးကောက်ကာ နာကျင်မှုကို အလူးအလဲ ခံစားနေကြရ၏။

"ဒိုင်း... ဒိုင်း"

စုယွီ၏ ရှေ့တွင် နဂါးမိကျောင်း ရုပ်သေးကြီး ရုတ်တရက် ပေါ်လာပြီး အဆောင်လက်ဖွဲ့ (၁၁) ခု၏ တိုက်ခိုက်မှုအားလုံးကို ကာကွယ်လိုက်သည်။

မီးနဂါးများ၊ ရေခဲတုံးများနှင့် ဓားသွားများသည် ရုပ်သေးကြီး၏ ကိုယ်ထည်ပေါ်သို့ ကျရောက်သွားသော်လည်း၊ ၎င်း၏ ခန္ဓာကိုယ်မှာ တုန်ခါခြင်း အလျဉ်းမရှိဘဲ ကျောက်တောင်ကြီးပမာ ခိုင်ခံ့စွာ ရပ်တည်နေဆဲပင်။

မီးခိုးများ ငြိမ်သက်သွားချိန်တွင် ရုပ်သေးကြီး၏ ကိုယ်ပေါ်၌ ခြစ်ရာတစ်ခုမျှပင် မထင်ကျန်ရစ်ခဲ့ပေ။

စုယွီသည် တဲ့ရွှမ်၏ အခင်းအကျင်းများကို ရှောင်ကွင်းကာ ဇီယန်နှင့်အတူ သူတို့ (၄) ယောက်ရှိရာသို့ လျှောက်လာခဲ့သည်။ သူသည် ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း ညည်းတွားလိုက်၏။

"မိတ်ဆွေတဲ့ရွှမ်ရာ... ဘာလို့များ ဒီလောက်ထိ ခေါင်းမာရတာလဲဗျာ... ကျွန်တော် တာ့ယွဲ့ ဈေးကွက်ကို စရောက်တုန်းက ခင်ဗျားဆီကိုတောင် လူကိုယ်တိုင် လာလည်ဖူးပါသေးတယ်... ဟူး... နှမြောစရာပါပဲ"

မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေသော တဲ့ရွှမ်သည် စုယွီကို မဲ့ပြုံး ပြုံးပြရင်း အားပျော့သော အသံဖြင့် ပြန်ပြောလိုက်သည်။

"တော်ပါတော့ဗျာ... ဟန်ဆောင် ကောင်းမနေပါနဲ့တော့... နိုင်တဲ့သူက ဘုရင်၊ ရှုံးတဲ့သူက သူပုန်ပါပဲ"

"ကျွန်တော်တို့ ခင်ဗျားလက်ထဲ ရောက်နေမှတော့... သဘောသာ ရှိပါတော့ဗျာ"

သို့သော် သူ၏ ဘေးနားရှိ တာအိုဆရာဟုန်ကမူ ခန္ဓာကိုယ်ကို မနည်း ထောက်ထားရင်း စုယွီ၏ ရှေ့တွင် ဒူးထောက်ကာ ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်၍ တောင်းပန်လိုက်သည်။

"မိတ်ဆွေကြီး... ကျွန်တော်တို့ကို အသက်ချမ်းသာပေးပါ... ကျွန်တော် ဟုန်ဟူအိုင်က မိတ်ဆွေကြီးရဲ့ ကျွန်အဖြစ် အသက်ပေးပြီး ဆပ်ပါ့မယ်"

"ကျွန်တော်တို့ ညီအစ်ကို (၃) ယောက်ကိုပဲ ချမ်းသာပေးပါဗျာ... နော်... နော်လို့"

စုယွီက ဘာမှ ပြန်မပြောဘဲ စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည်။ သူ၏ ဘေးနားရှိ နဂါးမိကျောင်း ရုပ်သေးကြီး၏ အမြီးသည် လေထဲတွင် ဝဲပျံသွားပြီး...

"ဝုန်း"

"အ... အား"

တဲ့ရွှမ်နှင့် လူစုသည် ဘောလုံးများပမာ လွင့်စင်သွားပြီး အဝေးရှိ နံရံနှင့် ဝင်ဆောင့်မိကြသည်။ အရိုးကျိုးသံများ ထွက်ပေါ်လာပြီး (၄) ယောက်စလုံး သွေးအန်ကာ မေ့မြောသွားကြပြန်သည်။ သို့သော် မသေသေးပေ။

စုယွီသည် အင်မော်တယ် ဇီယန်ဘက်သို့ လှည့်ပြီး အေးစက်စွာ ပြောလိုက်၏။

"သွား... သူတို့ကို ခရီးပို့ပေးလိုက်တော့"

အင်မော်တယ် ဇီယန် အနည်းငယ် ကြောင်သွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့ပါရှင်"

သူမသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး၊ ဆံခြည်မျှင်ကဲ့သို့ သေးငယ်သော အပ်ပုံစံ မှော်လက်နက်များသည် တဲ့ရွှမ်နှင့် ဟုန်တို့၏ ဦးခေါင်းများထဲသို့ စိုက်ဝင်သွားကြသည်။

"ဖောင်း"

"ဘုန်း"

နောက်တစ်ခဏ၌ ရေခဲစွမ်းအင်များ ပေါက်ကွဲသွားပြီး သူတို့၏ ဦးခေါင်းများမှာ ဖရဲသီးကွဲသကဲ့သို့ ပေါက်ကွဲကြေမွသွားကြလေတော့၏။

ကိစ္စပြီးသည်နှင့် ဇီယန်သည် ရှေ့သို့ တက်သွားပြီး သူတို့ထံမှ ကျန်ရစ်ခဲ့သော မှော်လက်နက်များ၊ ချန်ခွန်အိတ်များနှင့် အခင်းအကျင်းအလံများကို လိုက်လံ ကောက်ယူလိုက်သည်။ ထို့နောက် သိုးငယ်လေးတစ်ကောင်အလား လိမ္မာစွာဖြင့် စုယွီထံသို့ လာရောက် ဆက်သသည်။

"မိတ်ဆွေစု... ဒီမှာပါ... အကုန်သိမ်းလာခဲ့ပါတယ်... တစ်ခုမှ မကျန်ပါဘူးရှင်"

ထိုသို့ ပြောလိုက်ပြီးမှ သူမ၏ ရင်ထဲတွင် သက်ပြင်းချနိုင်တော့၏။

တာ့ယွဲ့ ဈေးကွက်တွင် တာအိုဆရာတဲ့ရွှမ် သေဆုံးသွားခြင်းကို မည်သူမျှ ဂရုစိုက်မည် မဟုတ်ပေ။ သို့သော် သူ၏ "ရတနာတစ်ရာ တောင်ကုန်း" အတွက်မူ ကောင်းကင်ပြိုသော သတင်းဆိုး ဖြစ်ပေလိမ့်မည်။

ထို့ပြင် တဲ့ရွှမ်သည် သူမ၏ လက်ချက်ဖြင့် သေဆုံးသွားရခြင်း ဖြစ်၏။ ဤအချက်ကို သူမ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ဖူးပေ။

တာ့ယွဲ့ တောင်တန်းထဲသို့ မဝင်မီက သူမသည် ဤအပျက်အစီးမှ ရရှိသော ပစ္စည်းများကို စုယွီနှင့် ခွဲဝေယူရန် (သို့မဟုတ်) အနည်းငယ်လောက် ရလျှင် ကျေနပ်ရန် စိတ်ကူးခဲ့ဖူးသည်။

သို့သော် ယခုအခါ တဲ့ရွှမ်တို့ကို သတ်ဖြတ်ပြီးနောက် သူမ၏ စိတ်အခြေအနေ ပြောင်းလဲသွားတော့၏။ သူမသည် သိုးငယ်လေးပမာ လိမ္မာနေပြီး၊ ရတနာ ပစ္စည်းများကို ပိုင်ဆိုင်လိုစိတ် မရှိတော့ပေ။

အရေးကြီးဆုံးက ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးရဲ့ ပေါင်ကို ဖက်ထားနိုင်ဖို့ပဲ။ ဒါမှ နောက်နောင် ဆင်းရဲဒုက္ခ မရောက်မှာ။

စုယွီကလည်း အားနာမနေတော့ပေ။ လက်ကို ဝှေ့ယမ်းပြီး ပစ္စည်းအားလုံးကို သူ၏ ချန်ခွန်အိတ်ထဲသို့ သိမ်းထည့်လိုက်သည်။

"ကဲ... သွားကြမယ်... ဒီနေရာကို နှံ့နှံ့စပ်စပ် ရှာကြတာပေါ့... ဒီဂူစံအိမ်ရဲ့ အဓိက ထိန်းချုပ်တဲ့နေရာ ဘယ်နားမှာလဲ ရှာကြည့်ရအောင်"

စုယွီသည် ဇီယန်ကို ခေါ်ဆောင်ပြီး အခန်းတိုင်း၊ လျှို့ဝှက်ခန်းတိုင်းကို ဝင်ရောက် ရှာဖွေသည်။

အချို့နေရာများတွင် အခင်းအကျင်း အကြွင်းအကျန်များ ရှိနေသေးသော်လည်း စုယွီက အင်အားသုံး၍ ရိုက်ချိုးဖျက်ဆီးလိုက်သည်။

အချို့အခန်းများက ဗလာဟင်းလင်း ဖြစ်နေသည်။

အချို့အခန်းများတွင်တော့ ရှေးဟောင်း ကျောက်စိမ်းသေတ္တာအချို့ ကျန်ရစ်နေသည်ကို တွေ့ရ၏။

အရှေ့ဘက် အဆောင်ရှိ စာကြည့်ခန်းဟု ယူဆရသော အခန်းတစ်ခန်းတွင်မူ အထူးပြုလုပ်ထားသော ပစ္စည်းများကြောင့် မပျက်မစီး ကျန်ရှိနေသည့် ရှေးဟောင်းစာအုပ်များနှင့် ကျောက်စိမ်းပြားများကို စုယွီ ရှာဖွေတွေ့ရှိလိုက်သည်။

ဤစာအုပ်များကို မြင်လိုက်ရသောအခါ စုယွီ၏ ရင်ထဲတွင် ဝမ်းသာပီတိများ လှိုင်းထကာ ပေါ်ပေါက်လာတော့၏။ ရှေးဟောင်း ရှန်းဂိုဏ်းတစ်ခုဖြစ်သော "လော့ယွဲ့မဟာမိတ်အဖွဲ့" ၏ အမွေအနှစ်အစစ်အမှန်များသည် ဤစာအုပ်များထဲတွင် ကိန်းအောင်းနေနိုင်သည် မဟုတ်ပါလော။

စုယွီက ဇီယန်ကို လှမ်းကြည့်ပြီး မေးလိုက်သည်။

"မိတ်ဆွေဇီယန်... ဒီစာအုပ်တွေ လိုချင်သလား"

ဇီယန်က ခေါင်းငုံ့ကာ တိုးတိုးလေး ပြန်ဖြေရှာသည်။

"မလိုပါဘူးရှင်... မိတ်ဆွေစုပဲ ယူပါ... ဂူစံအိမ်ရဲ့ အဓိက ထိန်းချုပ်ရာ နေရာကို အရင်ရှာပြီး ဒီဂူစံအိမ်ကို ယူသွားလိုက်ပါရှင်”

အခန်း (၂၁၉) - ရိတ်သိမ်းရရှိမှုကြီးနှင့် ရှေးဟောင်း တာ့ယွဲ့မဟာမိတ် မြေပုံ (အပိုင်း - ၅)

~စုယွီက မျက်ခုံးပင့်လိုက်ပြီး အင်မော်တယ် ဇီယန်ကို မေးလိုက်သည်။

"မိတ်ဆွေဇီယန်... ဘာစကား ပြောလိုက်တာလဲဗျ"

အင်မော်တယ် ဇီယန်က ခေါင်းမော့လာပြီး သူ့ကို စိုက်ကြည့်ကာ တုန်တုန်ရီရီဖြင့် ဖြေရှာသည်။

"ကျွန်မ.. ရှင့်နောက်ကို လိုက်ချင်လို့ပါ"

စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်၏။

"ပစ္စည်းတွေ ဘယ်လိုခွဲမယ် ဆိုတာ ကျွန်တော်တို့ သဘောတူထားပြီးသားလေ... ကတိဖျက်မယ့်လူစား မဟုတ်ပါဘူးဗျာ... ဒီလောက်ထိ လုပ်စရာ မလိုပါဘူး"

သို့သော် ဇီယန်က သူမ၏ နှုတ်ခမ်းနီနီလေးကို တင်းတင်းကိုက်လိုက်ပြီး၊ ရုတ်တရက် စုယွီ၏ ရှေ့တွင် ဒူးထောက်ချလိုက်လေတော့၏။

"အတည်ပြောနေတာပါ... ကျွန်မ ဘာမဆို ပေးဆပ်ရဲပါတယ်... ကျွန်မကို လက်ခံပေးပါနော်... နော်လို့"

စုယွီသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး ဇီယန်ကို မြေပြင်မှ ဆွဲထူလိုက်သည်။

"မိတ်ဆွေ... ကိုယ့်ကိုယ်ကို လေးစားမှု ရှိပါဦးဗျ"

ရုတ်တရက် စုယွီ မျက်ခုံးကြုတ်သွားပြီး သူမကို အကဲခတ်လိုက်မိသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ ပြောလိုက်သည်။

"ထားပါတော့... ခင်ဗျားက အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက် ကျင့်ကြံသူ ဖြစ်သလို၊ ဒုတိယအဆင့် ဝိညာဉ်သစ်ပင် စိုက်ပျိုးသူလည်း ဖြစ်နေတာကိုး... ခင်ဗျား သဘောကျမယ် ဆိုရင်တော့ ကျွန်တော့် စုမိသားစုရဲ့ 'ဧည့်အကြီးအကဲ' အဖြစ် လက်ခံပေးလို့ ရပါတယ်"

"ဒါပေမဲ့..."

ထိုစကားကို ကြားသည်နှင့် ဇီယန်၏ ရင်ထဲတွင် လှုပ်ရှားသွားသည်။ စုယွီ စကားမဆုံးခင်မှာပင် သူမ ခေါင်းကို ကြက်ကလေး စပါးကောက်သလို တဆတ်ဆတ် ညိတ်ပြလိုက်တော့၏။

"ရပါတယ်... ရပါတယ်ရှင်... စုမိသားစုရဲ့ ဧည့်အကြီးအကဲပဲ လုပ်ပါ့မယ်"

အနည်းဆုံးတော့ စုမိသားစုရဲ့ ဧည့်အကြီးအကဲ ဖြစ်ရတာက သူမရဲ့ အရင်ဘဝထက်တော့ အများကြီး သာလွန်နေသေးသည် မဟုတ်ပါလော။

စုယွီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု သီးဝေလာသည်။ ဇီယန်၏ ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ၊ သူမသာ စုမိသားစုသို့ ရောက်လာပြီး ဧည့်အကြီးအကဲ ဖြစ်လာမည် ဆိုပါက အကျိုးကျေးဇူးသာ ရှိပြီး အဆိုးဟူ၍ ရှိမည် မဟုတ်ပေ။

အထူးသဖြင့် ဇီယန်သည် ဒုတိယအဆင့် အလယ်အလတ် သို့မဟုတ် ထိုထက်မြင့်သော ဝိညာဉ်သစ်ပင် စိုက်ပျိုးသူ ဖြစ်နေခြင်းပင်။ သူမ ရှိနေပါက စုမိသားစု၏ ဆေးပင်စိုက်ခင်းများ သေချာပေါက် တိုးတက်လာပေလိမ့်မည်။

နောင်ဆိုလျှင် စုမိသားစုသည် ဆေးဖော်စပ်ရာတွင် လိုအပ်သော ကုန်ကြမ်းများကို ကိုယ်တိုင် ဖူလုံအောင် စိုက်ပျိုးနိုင်သည့် အဆင့်ထိပင် ရောက်လာနိုင်ပေသည်။

သူမကို ငြင်းလွှတ်လိုက်ဖို့လား။ မောင်းထုတ်လိုက်ဖို့လား။

...ငါက အဲဒီလောက်ထိ ငတုံး မဟုတ်ဘူးဟေ့...

အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက် ဒုတိယအဆင့် ဝိညာဉ်သစ်ပင် စိုက်ပျိုးသူ တစ်ယောက်က ကိုယ့်အိမ်ပေါက်ဝထိ ရောက်လာပြီး ခိုလှုံပါရစေ ပြောနေမှတော့ ဘာကိစ္စ ငြင်းရမှာလဲ။

အထူးသဖြင့် ဇီယန်က ပြဿနာကောင် မဟုတ်မှန်း သေချာနေသည့်နောက်၊ သူမကို လက်ခံလိုက်ခြင်းက စုယွီအတွက်ရော၊ ဇီယန်အတွက်ပါ "Win-Win" (နှစ်ဦးနှစ်ဖက် အကျိုးရှိသော) ကိစ္စပင် ဖြစ်ပါသည်။

စုယွီသည် စာကြည့်ခန်းထဲမှ ရှေးဟောင်းစာအုပ်များကို သိမ်းဆည်းခြင်း မပြုသေးဘဲ၊ ဇီယန်ကို ခေါ်ဆောင်ကာ ဂူစံအိမ်၏ အဓိက ထိန်းချုပ်ရာ နေရာကို ဆက်လက် ရှာဖွေသည်။

နောက်ဆုံးတွင် နောက်ဖေးပန်းခြံရှိ ကျောက်ဆောင်အတု တစ်ခုထဲ၌ ဝှက်ထားသော လျှို့ဝှက်ခန်းတစ်ခုကို သူတို့ ရှာဖွေတွေ့ရှိလိုက်ကြ၏။

"ဝုန်း"

(၂) ရက်ခန့် အချိန်ယူပြီးနောက် စုယွီသည် ကျန်ရှိနေသော အခင်းအကျင်းများနှင့် ကန့်သတ်ချက်များကို ရှောင်ကွင်းကာ အထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။ လျှို့ဝှက်ခန်းသည် မကြီးလှပေ။ သာမန် အခန်းတစ်ခန်းစာသာ ရှိသည်။

အတွင်း၌ ကျောက်စိမ်းကုတင် တစ်လုံးရှိပြီး၊ ထိုကုတင်ပေါ်တွင် အရိုးစုတစ်ပုံ တင်ပလ္လင်ခွေ ထိုင်နေသည်ကို တွေ့လိုက်ရ၏။

အရိုးစု၏ လက်ချောင်း တစ်ချောင်းတွင် စွပ်ထားသည်က… ငွေရောင်လက်စွပ် တစ်ကွင်း။

ရှင်းနေပါပြီ။ ဤဂူစံအိမ်ကြီး တစ်ခုလုံးနှင့် ထိုငွေရောင်လက်စွပ်သည် ဆက်စပ်မှု ရှိနေပေသည်။ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ထိုလက်စွပ်တဝိုက်တွင် ဝဲပျံနေကြ၏။

စုယွီသည် ငွေရောင်လက်စွပ်ကို ဖြုတ်ယူပြီး သူ၏ ပိုင်ဆိုင်မှုအဖြစ် သွတ်သွင်းလိုက်သောအခါ အံ့အားသင့်သွားရသည်။

...ဘုရားရေ......

ဤဂူစံအိမ်ကြီး တစ်ခုလုံးသည် "အထွတ်အထိပ်အဆင့် မှော်လက်နက်" တစ်ခု ဖြစ်နေပါတကား။ သူတို့ ကျော်ဖြတ်ခဲ့ရသော အခင်းအကျင်းများနှင့် ကန့်သတ်ချက်များ အားလုံးကို ဤ "တာအိုဆရာ တောင်ပြား" က စီစဉ်ထားခဲ့ခြင်း ဖြစ်၏။

အမှန်တကယ်သာ ဤဂူစံအိမ်၏ တတိယအဆင့် ထိပ်တန်း အခင်းအကျင်းများ အသက်ဝင်နေသေးပါက၊ သူတို့လို အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ အနေဖြင့် အထဲသို့ ဝင်ရောက်နိုင်ရန် အိပ်မက်ပင် မမက်ဝံ့ကြပေ။

ဒါတင် မကသေးပေ။ လက်စွပ်ထဲတွင် ကြီးမားကျယ်ပြန့်သော နေရာလွတ် တစ်ခု ပါရှိပြီး၊ ပစ္စည်းပေါင်းများစွာကို ထည့်သွင်းထားသည်။

ရှေးဟောင်း ကျောက်စိမ်းသေတ္တာများ အထပ်လိုက်၊ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်နေသော သားရဲအရေခွံများနှင့် အမြုတေများ၊ ပြီးတော့ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော ဝိညာဉ်ကျောက်တုံး အပုံလိုက်ကြီး။

ထိုအထဲတွင်မှ ထူးခြားသော ဝိညာဉ်ဖိအားကို ထုတ်လွှတ်နေသည့် ဝိညာဉ်ကျောက်တုံး (၂) တုံးကို စုယွီ တွေ့လိုက်ရသောအခါ...

"ဘုရားရေ... ဒါ... ဒါတွေက..."

စုယွီ လွှတ်ခနဲ အော်ဟစ်မိ၏။

"အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေ ပါလား"

"ဟူး"

လေအေးတစ်ချက်ကို ရှိုက်သွင်းလိုက်မိသည်။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှာတုန်းကရော၊ တာ့ယွဲ့ မှောင်ခိုဈေးကွက်မှာပါ "အဆင့်မြင့် ဝိညာဉ်ကျောက်တုံး" ဆိုတာ အရိပ်အယောင်တောင် မမြင်ဖူးခဲ့ပေ။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ဆိုလျှင်တော့ အဆင့်နိမ့် ကျောက်တုံး အများအပြားပေးပြီး လဲလှယ်၍ ရနိုင်ပါသေးသည်။

သို့သော် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ တာ့ယွဲ့ နန်းတော် လို အင်အားကြီး ဂိုဏ်းကြီးတွေကသာ "မဟာဗျူဟာမြောက် ပစ္စည်း" အဖြစ် သတ်မှတ်ထိန်းချုပ်ထားသော ရတနာ ဖြစ်ပေသည်။

တာအိုဆရာ ပင်းယွီ၏ မှတ်တမ်းများအရ အမြုတေဖွဲ့စည်းခြင်း အဆင့်သို့ တက်လှမ်းရာတွင် သန့်စင်သော ဝိညာဉ်ကျောက်တုံးများကို အသုံးပြုနိုင်ပါက ဖွဲ့စည်းလိုက်သော အမြုတေ၏ အရည်အသွေး ပိုမြင့်မားနိုင်ကြောင်း ဆိုထားသည်။ ထို့ပြင်၊ အောင်မြင်မှု ရာခိုင်နှုန်းကိုလည်း သွယ်ဝိုက်သော နည်းလမ်းဖြင့် တိုးမြင့်ပေးနိုင်ပေသည်။

ထို့အပြင် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်အနေဖြင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို အသုံးပြုပြီး ကျင့်ကြံအားထုတ်ပါက အဆင့်တက်ရန် ပိုမို လွယ်ကူစေသလို၊ နောင်တစ်ချိန်တွင် "မူလ ဝိညာဉ်အဆင့်" သို့ တက်လှမ်းရာတွင် ကြုံတွေ့ရမည့် အခက်အခဲများကိုပါ ကျော်လွှားရန် လွယ်ကူစေနိုင်ပေသည်။

တစ်ကိုယ်တော် ကျင့်ကြံသူများ အနေဖြင့် ချီစွမ်းအင် စုစည်းခြင်းနှင့် အခြေခံတည်ဆောက်ခြင်း အဆင့်များတွင် အဆင့်နိမ့်နှင့် အလယ်အလတ် ကျောက်တုံးများကို ရှာဖွေရ လွယ်ကူသော်လည်း...

အဆင့်မြင့် ဝိညာဉ်ကျောက်တုံး လိုအပ်လာချိန်တွင်မူ ထိုအရာသည် သူတို့အတွက် လက်လှမ်းမမီနိုင်သော အရာ တစ်ခု ဖြစ်လာတော့၏။

ဒါဟာ သာမန် ကျင့်ကြံသူတွေကို "မျောက်သရဖူ" စွပ်ထားသလို တင်းကျပ်စွာ ချုပ်နှောင်ထားသည့် အင်မော်တယ်လမ်းစဉ်ရဲ့ သံခြေချင်း တစ်ခုပါပင်။

အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတို့၏ ကွာခြားချက်မှာ မိုးနှင့် မြေကဲ့သို့ ကွာခြားလှပေသည်။

အလယ်အလတ်နှင့် အဆင့်နိမ့်တို့၏ ကွာခြားချက်မှာ စွမ်းအင် ပမာဏနှင့် သန့်စင်မှုလောက်သာ ရှိသော်လည်း...

အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကမူ ကောင်းကင်ဘုံ ရတနာများသဖွယ် ကိုယ်ပိုင် "ဝိညာဉ်ဖိအား" ပင် ပါရှိသည်။

ယခု စုယွီသည် သူ၏ ဝိညာဉ်အာရုံဖြင့် လက်စွပ်ထဲသို့ စမ်းသပ်ကြည့်လိုက်ရာ ထိုကျောက်တုံး (၂) တုံးထံမှ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ အခြေခံတည်ဆောက်ခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူများထက် သာလွန်သော သူ၏ ဝိညာဉ်အာရုံပင်လျှင် အသက်ရှူရ ခက်ခဲသော ဖိအားမျိုးကို ခံစားနေရ၏။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကို ရေတွက်ကြည့်လိုက်သောအခါ စုယွီ၏ နှလုံးသား တုန်ခါသွားသည်။

တစ်သောင်းသုံးထောင် ကျော်ပါလား။

...ရှယ်ပဲဟေ့... ဒီတစ်ခါတော့ ငါ သူဌေးဖြစ်ပြီ...

ထိုအခိုက်အတန့်၌၊ လက်စွပ်ထဲတွင် ရှိနေသော ကျောက်စိမ်းပြား တစ်ချပ်သည် ရုတ်တရက် အက်ကွဲသွားပြီး၊ သတင်းအချက်အလက် စီးကြောင်း တစ်ခုသည် စုယွီ၏ ဝိညာဉ်အာရုံထဲသို့ စီးဝင်လာတော့၏။

"ဟား ဟား ဟား... မင်း ဒီကျောက်စိမ်းပြားထဲက စာကို ဖတ်နေရပြီ ဆိုရင်တော့... ငါက သေသွားတာ ကြာလှပေါ့ကွာ... ဟူး... နှစ်ရာပေါင်းများစွာ ကြိုးစားကျင့်ကြံခဲ့သမျှ... နောက်ဆုံးတော့လည်း သဲထဲရေသွန် ဖြစ်ရတာပါပဲလား"

"ငါ ဒီစာကို ချန်ခဲ့တာက သေခါနီး ဘာလုပ်ပေးပါ ညာလုပ်ပေးပါ ဆိုပြီး မှာချင်လို့ မဟုတ်ပါဘူး... ပေါက်ကရတွေ လျှောက်ပြောချင်ရုံ သက်သက်ပါပဲ"

"မူလကတော့... ငါ့ပစ္စည်းတွေကို ရတဲ့ကောင်က ဟိုကောင်စုတ် 'ရှုံးတာအိုထိုက်' ဒါမှမဟုတ် သူ့ရဲ့ မျိုးဆက်တွေကို သတ်ပေးရမယ်... မသတ်ရင် ကောင်းကင်ပြစ်ဒဏ် ခံရပါစေ ဆိုပြီး မဟာတာအို ကျိန်စာတိုက်မလို့ စဉ်းစားမိပါသေးတယ်”

All Chapters