← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃) - ကျင့်ကြံခြင်း သက်တမ်း နှစ် (၆၀) နှင့် လှုပ်ခတ်လာသော မုန်တိုင်းများ (အပိုင်း - ၃)

~တာအိုမိတ်ဆွေ ရှုယွီသည် စုယွီ ကမ်းပေးသော ကုန်ကြမ်းစာရင်းကို သေချာစွာ စစ်ဆေးကြည့်ရှု‌နေလေသည်။ ထို့နောက် စုယွီကို မော့ကြည့်ကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်၏။

"ဒါတွေက... တတိယအဆင့် အဆင့်နိမ့် ရုပ်သေးတစ်ကောင်အတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ မဟုတ်လားဗျာ... မိတ်ဆွေစုက ဒုတိယအဆင့် ထိပ်တန်း ရုပ်သေးပညာရှင် ဖြစ်နေပြီပေါ့... ဟုတ်လား"

"မဟုတ်ပါဘူးဗျာ... ကျွန်တော်က ဒီကုန်ကြမ်းတွေကို စုဆောင်းရ ခက်မယ်ဆိုတာ သိလို့... ကြိုပြီး စုံစမ်းကြည့်တာပါ... နောင် အနှစ် (၄၀)၊ (၅၀) ဒါမှမဟုတ် အနှစ် (၁၀၀) လောက်နေမှ တစ်ကောင်လောက် ဖန်တီးနိုင်မလားလို့ စဉ်းစားရုံသက်သက်ပါဗျ"

စုယွီက ခါးသီးသော အပြုံးဖြင့် ငြင်းဆန်လိုက်သည်။ သူကတော့ ဘယ်တော့မှ အမှန်အတိုင်း ဝန်ခံမည် မဟုတ်ပေ။

...ခွေးသားကြီးတွေ... ခင်ဗျားတို့ ကောင်းကင် အပျက်အစီး ခန်းမ ကို အားကိုးချင်ပေမယ့်... ခင်ဗျားတို့ကလည်း လူကို ရိပ်မိအောင် အရမ်းလုပ်တာပဲ... အထာတော့ ကိုင်ရဦးမယ်...ဟိဟိ..

အမှန်စင်စစ် သူသာ ကောင်းကင် အပျက်အစီး ခန်းမကို အားမကိုးပါက ဤမျှ များပြားသော တတိယအဆင့် ဝိညာဉ်ကုန်ကြမ်းများကို စုဆောင်းရန် နည်းလမ်းမရှိသလောက်ပင်။ အကယ်၍ အပြင်က ဈေးကွက်များနှင့် လေလံပွဲများကိုသာ အားကိုးနေရပါက သူ၏ ရုပ်သေးကို တတိယအဆင့်သို့ မြှင့်တင်ရန် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သွားပေလိမ့်မည်။

တာအိုမိတ်ဆွေ ရှုယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျောက်စိမ်းပြား တစ်ချပ်ကို ထုတ်ယူကာ စုယွီအား ကမ်းပေးလိုက်သည်။

"ဒါက ဈေးကွက်ငယ်လေး တစ်ခုရဲ့ သဲလွန်စပါဗျာ... အဲဒီနေရာကို 'အရှင်သခင် လေ့ထင်း' ဆိုတဲ့ အဆင့်မြင့် ကျင့်ကြံသူတစ်ဦးက ဦးစီးတာ... (၅) နှစ်တစ်ကြိမ် ပုံမှန် အရောင်းအဝယ်ပွဲ ရှိသလို၊ (၁၀) နှစ်တစ်ကြိမ်ကျရင်တော့ ပွဲကြီးပွဲကောင်း လုပ်လေ့ရှိတယ်ဗျို့"

"လူတိုင်း ဝင်လို့ မရဘူးဗျ... ဖိတ်ကြားစာ ရှိတဲ့သူပဲ သွားလို့ ရတာ... ကံကောင်းချင်တော့ ကျွန်တော်တို့ ကောင်းကင် အပျက်အစီး ခန်းမမှာ ဖိတ်ကြားခံရတဲ့ ဖိတ်စာ ရှိတယ်ဗျာ... ခင်ဗျား ဒီမှာ အထူးဧည့်သည်တော် တံဆိပ်ပြားကို ယူသွားလိုက်... အဲဒီမှာဆိုရင်တော့ ခင်ဗျား လိုချင်တဲ့ ပစ္စည်းတွေကို ရှာတွေ့နိုင်လောက်ပါတယ်"

ဒီလောက် ကောင်းတဲ့ နေရာမျိုး ရှိသည်တဲ့လား။ ထိုစကားကို ကြားသောအခါ စုယွီ၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ကျေးဇူးတင်စကား ဆိုလိုက်၏။

"ကျေးဇူးတင်ပါတယ် မိတ်ဆွေရှုယွီရာ... ခင်ဗျားရဲ့ အကြံပေးချက်အတွက် ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်ဗျာ"

စုယွီသည် 'အရှင်သခင် လေ့ထင်း' ဟူသော နာမည်ကို အနည်းငယ် စိမ်းနေသော်လည်း သေချာ ပြန်စဉ်းစားကြည့်သောအခါ သတိရသွားသည်။ ယခင်က သူ တက်ရောက်ခဲ့သော တာ့ယွဲ့ ဈေးကွက် လေလံပွဲတစ်ခုတွင် ဤနာမည် ပါခဲ့ဖူး၏။ "ဟောင်ထျန်း ဆေးလုံး" ပေါ်ထွက်ခဲ့သော လေလံပွဲ၌ အရှင်သခင် လေ့ထင်း ရှိနေခဲ့ခြင်းပင် ဖြစ်ပေသည်။

ထိုစဉ်က ယွီပိုင်ရှန်းသည် သူ့အား အရှင်သခင် လေ့ထင်းနှင့် မိတ်ဆက်ပေးခဲ့ဖူးသည်။ သူသည် အမြုတေဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်တွင် ရှိသော၊ "မိုးကြိုး ဝိညာဉ်အမြစ်" ကို ကျင့်ကြံသည့် အစွမ်းထက်သော တစ်ကိုယ်တော် ကျင့်ကြံသူကြီး တစ်ဦး ဖြစ်သည်။

ယခင်က စုယွီသည် အရှင်သခင် လေ့ထင်းက မည်သို့သော အရင်းအမြစ်များဖြင့် ကျင့်ကြံအားထုတ်ပြီး၊ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ထောင်နှင့်ချီကာ လေလံဆွဲနိုင်သနည်းဟု တွေးတောမိခဲ့ဖူးသည်။

ယခုမှသာ သူ သဘောပေါက်သွားတော့၏။

...ဪ... ဒါကြောင့်ကိုး... ဒီအဘိုးကြီးက ကိုယ်ပိုင်ဈေးကွက် ထောင်ထားတာကိုး...

စုယွီသည် ကျောက်စိမ်းပြားကို ယူကာ ဝိညာဉ်အာရုံဖြင့် ထောက်လှမ်းလိုက်ရာ သူ၏ စိတ်ထဲတွင် တည်နေရာနှင့် ဝင်ရောက်ရမည့် နည်းလမ်းများ ပေါ်လာသည်။ သူသည် ထိုဈေးကွက်၏ အမည်ကို တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

"လေ့ထင်း ဈေးကွက်"

ရှုယွီ ပြောသကဲ့သို့ပင် ထိုဈေးကွက်သို့ ဝင်ရောက်နိုင်သူများမှာ သာမန် ကျင့်ကြံသူများ မဟုတ်ကြပေ။ အနည်းဆုံးတော့ ကျင့်ကြံမှုအဆင့် သို့မဟုတ် ငွေကြေးအင်အား တစ်ခုခုကို အသိအမှတ်ပြုခံရမှသာ ရပေမည်။

ဈေးကွက်ထဲ ဝင်ရန်အတွက်ပင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး ပေးဆောင်ရမည် ဖြစ်ပြီး၊ အရောင်းအဝယ် တစ်ခု အောင်မြင်တိုင်းတွင်လည်း (၁၀) တုံး ထပ်မံ ပေးဆောင်ရဦးမည် ဖြစ်၏။

ဤအချက် တစ်ခုတည်းနှင့်တင် သာမန် တစ်ကိုယ်တော် ကျင့်ကြံသူများ အနေဖြင့် လက်လှမ်းမမီနိုင်သော နေရာ ဖြစ်နေပေပြီ။

သို့သော် ဤအချက်ကပင် စုယွီအား ထိုဈေးကွက်သို့ ပိုမို စိတ်ဝင်စားသွားစေသည်။ သူသည် အချိန်ကို တွက်ချက်ကြည့်လိုက်၏။

...နောက်တစ်ခေါက် အရောင်းအဝယ်ပွဲက နောက်ထပ် (၂) နှစ်ကျော်မှ ဆိုတော့... ကောင်းပြီလေ... အဲဒီကျမှ သွားကြည့်ရသေးတာပေါ့...

ထို့နောက် စုယွီသည် ဒုတိယအဆင့် ထိပ်တန်း အဆောင် အခု (၃၀) ကို အသုံးပြု၍ တာအိုမိတ်ဆွေ ရှုယွီထံမှ ဒုတိယအဆင့် ထိပ်တန်း အဆောင်ကုန်ကြမ်း (၁၅၀) နှင့် လဲလှယ်လိုက်သည်။

ယခင်က ရှုယွီအား ရှာခိုင်းထားသော မိုးကြိုးဓာတ် သို့မဟုတ် ရွှေဓာတ် ပါဝင်သည့် ဒုတိယအဆင့် ထိပ်တန်း သားရဲအရေခွံများကိုမူ ယခု တစ်ခေါက်တွင်လည်း ရှာမတွေ့သေးပေ။

---

နောက်တစ်နေ့တွင် စုယွီသည် ရေခဲအကြေးခွံ ငါးဘုရင်ကြီးအား သွားရောက် တွေ့ဆုံပြီးနောက်၊ "ရေခဲဝိညာဉ် ပုလဲ" ၏ အစွမ်းဖြင့် ၎င်းအား ကျင့်ကြံခွင့် ပြုခဲ့သည်။ ထို့နောက် သူသည် အင်မော်တယ် ဇီယန်ကို ခေါ်ဆောင်ကာ ပျံသန်းရေး လှေပျံဖြင့် တာ့ယွဲ့ ဈေးကွက်မှ ထွက်ခွာလာခဲ့တော့၏။

လမ်းခရီးတွင် အင်မော်တယ် ဇီယန်သည် နေ့စဉ် ကျင့်ကြံမှုများအပြင် စုယွီအား အစေခံမိန်းကလေး တစ်ဦးကဲ့သို့ ရိုသေစွာဖြင့် လက်ဖက်ရည် တည်ခင်းပေးခြင်း၊ လိုလေသေးမရှိ ပြုစုပေးခြင်းများကို လုပ်ဆောင်နေသည်။

သူမ၏ ပြုမူပုံများကို မြင်သော်လည်း စုယွီက ငြင်းဆန်ခြင်း မပြုပေ။ သူ၏ စိတ်ထဲတွင်မူ ဇီယန်အပေါ် အမြင်တစ်ခု တိုးလာခဲ့သည်။ သူမသည် လိုအပ်လျှင် ကိုယ့်ကိုယ်ကို နှိမ့်ချနိုင်စွမ်းရှိပြီး၊ သည်းခံနိုင်စွမ်းလည်း မြင့်မားသူ ဖြစ်ကြောင်းပင်။

ယခင်က သူမ "ရတနာတစ်ရာ တောင်ကုန်း" မှာ ရှိစဉ်တုန်းကမူ ယခုကဲ့သို့ ပြုမူခဲ့မည် မဟုတ်သည်မှာ သေချာလှပေသည်။

သို့သော် ယခု စုယွီ၏ မျက်လုံးထဲတွင်မူ ဇီယန်သည် အစေခံ တစ်ဦးကဲ့သို့ အလွန်ပင် နှိမ့်ချနေပြီး မည်သည့် ခုခံလိုစိတ်မျှ မရှိတော့သယောင်ပင်။

...ဒီလို စိတ်ဓာတ်မျိုးနဲ့ ဆိုရင်တော့......

...နောက်ပိုင်းကျရင် ဒီမိန်းမရဲ့ အောင်မြင်မှုက မသေးလှဘူးပဲ...

သို့ရာတွင် ဇီယန်၏ အတိတ်က လုပ်ရပ်များကို ပြန်လည် တွေးတောမိသောအခါ စုယွီသည် မိမိကိုယ်ကို သတိပေးလိုက်၏။

...သူက သုံးစားလို့ ရတဲ့သူပဲ... ဒါပေမဲ့ လုံးဝကြီးတော့ ယုံလို့ မဖြစ်သေးဘူး...

---

လဝက်ခန့် ကြာပြီးနောက်...

စုယွီသည် အင်မော်တယ် ဇီယန်ကို ဆေးလုံးတောင်သို့ ခေါ်ဆောင်လာပြီး ယွီခယ်အာနှင့် မိတ်ဆက်ပေးလိုက်သည်။

"ခယ်အာ... ဒီနေ့ကစပြီး မိတ်ဆွေဇီယန်က ငါတို့ စုမိသားစုရဲ့ ဧည့်အကြီးအကဲ အဖြစ် တာဝန်ယူလိမ့်မယ်... သူ့အတွက် ကိစ္စဝိစ္စတွေကို မင်းပဲ စီစဉ်ပေးလိုက်တော့"

အင်မော်တယ် ဇီယန်က ခေါင်းငုံ့လျက် ယဉ်ကျေးစွာဖြင့် ယွီခယ်အာကို နှုတ်ဆက်လိုက်၏။

"မင်္ဂလာပါ... မိတ်ဆွေယွီ... ကျွန်မကို ကူညီပါဦးရှင်"

ယွီခယ်အာသည် အင်မော်တယ် ဇီယန်ကို မြင်သောအခါ အံ့အားသင့်သွားရသည်။ သူမသည် ဇီယန်အကြောင်းကို မေ့လုနီးပါးပင် ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။

ဒီနေ့ ဒီနေရာမှာ တွေ့ရလိမ့်မည်ဟု သူမ အမှန်ပင် ထင်မထားခဲ့ပေ။

"မင်္ဂလာပါ ရှင်... မိတ်ဆွေဇီယန်"

ယွီခယ်အာက ပြန်လည် နှုတ်ဆက်လိုက်ပြီး စုယွီကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

"ကိုကို... သူ့ကို ဘယ်လို စီစဉ်ပေးရမလဲ ဟင်"

စုယွီက ပြန်လည် ဖြေကြားလိုက်၏။

"တာ့ယွဲ့ ဈေးကွက်ကို သွားတဲ့ ခရီးမှာ... သူက ငါ့အတွက် အမွေအနှစ် ဂူစံအိမ်တစ်ခု ရှာပေးခဲ့တယ်... ဒါကြောင့် အတိတ်က အကြွေးတွေ အကုန် ကျေသွားပြီလို့ သတ်မှတ်လိုက်ပြီ... သူ့ရဲ့ ရှေ့ဆက်မယ့် အစီအစဉ်တွေကို မင်းပဲ စိတ်ကြိုက် စီစဉ်ပေးလိုက်ပါ"

"သူက အခြေခံတည်ဆောက်ခြင်း (၆) ဆင့်မြောက် ကျင့်ကြံသူ ဖြစ်သလို၊ ဒုတိယအဆင့် အလယ်အလတ် ဝိညာဉ်သစ်ပင် စိုက်ပျိုးသူလည်း ဖြစ်နေတာဆိုတော့... ငါတို့ မိသားစုရဲ့ ဝိညာဉ်ဆေးပင် စိုက်ခင်းတွေကို စီမံခန့်ခွဲခိုင်းရင်တော့ အကောင်းဆုံးပဲပေါ့"

"ဒါပေမဲ့... ဒါက သတ်မှတ်ထားတာ မဟုတ်ပါဘူး... မင်း သင့်တော်သလိုပဲ စီစဉ်ပေးလိုက်ပါ"

ယွီခယ်အာသည် ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ဘာမှ ထပ်မမေးတော့ဘဲ အင်မော်တယ် ဇီယန်ကို ခေါ်ဆောင်ကာ စုမိသားစုအတွင်း နေရာချပေးရန်နှင့် မိသားစုခေါင်းဆောင် စုဖုန်း အပါအဝင် အခြား အကြီးအကဲများနှင့် မိတ်ဆက်ပေးရန် ထွက်ခွာသွားလေတော့၏။

အခန်း (၂၂၄) - ကျင့်ကြံခြင်း သက်တမ်း နှစ် (၆၀) နှင့် လှုပ်ခတ်လာသော မုန်တိုင်းများ (အပိုင်း - ၄)

~ထို့နောက်တွင်တော့ တာအိုခန္ဓာ ရုပ်သေးသည် နေလမင်းကျွန်းရှိ ရေခဲနှင့် မီးဓာတ်များ ကိန်းအောင်းရာ ဂူအတွင်းသို့ ဝင်ရောက်သွားလေတော့၏။ ၎င်းသည် ထိုနေရာ၌ တတိယအဆင့် ဝိညာဉ်သတ္တုကျောက်ဖြစ်သော "ယောင်ကျင်းဟောင်" ၏ အဆီအနှစ်များကို အေးအေးလူလူပင် ဝါးမြိုစားသုံးနေတော့၏။ စုယွီကမူ ရုပ်သေးထံမှ လက်စွပ်ကို ပြန်လည်ရယူကာ ဂူအတွင်းမှ ထွက်ခွာလာခဲ့သည်။

ညချမ်းအချိန်သို့ ရောက်ရှိလာ၏။

နန်းတော်ပြင်ပရှိ ဝင်းခြံငယ်လေးအတွင်း၌ ညဉ့်အမှောင်ထုက လွှမ်းခြုံထားပြီး၊ အေးမြသော လရောင်ခြည်တန်းလေးများက ဝင်းခြံထဲသို့ ဖြာကျနေသည်။ အပေါ်သို့ မော့ကြည့်လိုက်ပါက အခင်းအကျင်းများ၏ စွမ်းပကားကြောင့် ကောင်းကင်ယံ၌ လခြမ်းကွေးလေး ချိတ်ဆွဲထားသည်ကိုပင် ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။

ညလေညင်း တိုက်ခိုက်မှုကြောင့် တန်ဆောင်းဘေးရှိ သစ်ပင်အကိုင်းအခက်များမှာ တရှဲရှဲ မြည်သံပေးလျက် ရှိနေကြ၏။

တန်ဆောင်းအတွင်း၌ ခရမ်းနုရောင် ဂါဝန်ကို ဝတ်ဆင်ထားသော ယွီခယ်အာသည် အနည်းငယ် အေးစက်တည်ငြိမ်သော အလှတရားကို ပိုင်ဆိုင်ထားပေသည်။ သူမသည် စုယွီအတွက် လက်ဖက်ရည် ဖျော်ပေးနေရင်း၊ တစ်ဖက်ကလည်း အင်မော်တယ် ဇီယန်အား နေရာချပေးမည့် ကိစ္စများကို ဆွေးနွေးနေသည်။

ဝိညာဉ်လက်ဖက်ရည်ကို အကြောပြေအောင် နှပ်ပြီးနောက် ယွီခယ်အာသည် ထရပ်ကာ စုယွီအတွက် တစ်ခွက် ငှဲ့ပေးလိုက်သည်။ ထို့နောက် ပြန်လည် ထိုင်ချလိုက်ပြီး မိမိအတွက်လည်း တစ်ခွက် ငှဲ့လိုက်၏။ သူမက စုယွီကို ကြည့်ကာ တည်ငြိမ်စွာ ဆိုလိုက်သည်။

"ကိုကို... မိတ်ဆွေဇီယန် နေထိုင်ဖို့အတွက် မိသားစုဝင်းထဲမှာ အားလုံး စီစဉ်ပေးပြီးပါပြီ"

"မနက်ဖြန်ကျရင်တော့ ရှောင်ချီ့ကို ခေါ်ပြီး ဆေးလုံးတောင်က ဝိညာဉ်ဆေးပင် စိုက်ခင်းတွေကို လိုက်ပြခိုင်းလိုက်မယ်... အဲဒီကျမှ သူက ငါတို့ မိသားစုရဲ့ စိုက်ခင်းတွေကို တာဝန်ယူချင်၊ မယူချင် မေးကြည့်ရမှာပေါ့"

သူမက အနည်းငယ် ပြုံးလျက် ဆက်လက် ပြောဆိုလိုက်၏။

"သူသာ သဘောတူမယ် ဆိုရင်တော့... အဘိုးစုကျိန်း ကတော့ ဝမ်းသာလွန်းလို့ ပေါက်ကွဲသွားမှာပဲ... အဘိုးကလည်း အသက်ကြီးလာပြီလေ... ပြီးတော့ အခြေခံတည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တော့ အားအင်တွေလည်း တော်တော် ဆုတ်ယုတ်သွားရှာတယ်... အခုဆိုရင် အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူး"

"မိတ်ဆွေဇီယန်ကသာ စိုက်ခင်းတွေကို တာဝန်ယူပေးရင်... အဘိုးစုကျိန်းလည်း အနားယူပြီး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်လို့ ရသွားတာပေါ့"

စုယွီက အသာအယာ ခေါင်းညိတ်လိုက်ပြီး မေးမြန်းလိုက်သည်။

"အဘိုးစုတာကျန်း ရော... အခြေအနေ ဘယ်လိုရှိလဲ"

အကြီးအကဲဟောင်း ဖြစ်ခဲ့သော စုတာကျန်းသည် ယခင်က စုဖုန်း၊ စုဟယ်တို့နှင့်အတူ "ယင်မြေကမ္ဘာ ဆေးလုံး" ကို သုံးပြီး အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်ရန် ကြိုးစားခဲ့ဖူး၏။ သို့သော်လည်း ကံမကောင်းစွာဖြင့် ကျရှုံးခဲ့ရပြီး၊ အသက်ဓာတ်များ ဆုံးရှုံးကာ သက်တမ်းလည်း တိုတောင်းသွားခဲ့ရသည်။

နောက်ပိုင်းတွင် သက်တမ်းတိုးဆေးလုံးများ စားသုံးခဲ့သော်လည်း ၎င်းမှာ ယာယီသာဖြစ်ပြီး အမြစ်ပြတ် ကုသ၍ မရနိုင်ခဲ့ချေ။

လွန်ခဲ့သော နှစ်အနည်းငယ်ကပင် စုတာကျန်းသည် အကြီးအကဲ ရာထူးမှ အနားယူခဲ့ရပြီး စုတင်ပန်းက ထိုရာထူးကို ဆက်ခံခဲ့ခြင်း ဖြစ်၏။

ယခုဆိုလျှင် (၈) နှစ်ပင် ကျော်လွန်ခဲ့ပြီ ဖြစ်၏။

ယွီခယ်အာက လေသံတိုးတိုးဖြင့် တုံ့ပြန်လိုက်သည်။

"သိပ်မကောင်းဘူး ကိုကို... ကြည့်ရတာ နောက်ထပ် (၁) နှစ်လောက်ပဲ ကျန်တော့မယ် ထင်တယ်"

သူမက စကားလမ်းကြောင်းကို ပြောင်းလိုက်ရင်း စုယွီကို ကြည့်ကာ ဆိုလိုက်၏။

"ဒါနဲ့... ကိုကို..ရှောင်ချီက ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့်မှာ ရပ်နေတာ တော်တော် ကြာနေပြီ... တတိယအကြီးအကဲ ရွီအန်းနဲ့ အကြီးအကဲ တင်းပန်းတို့ဆိုရင်လည်း (၃) နှစ်ကတည်းက ဒီအဆင့်ကို ရောက်နေကြတာ..နင်..သူတို့ကို ဘယ်တော့လောက် အဆင့်တက်ဖို့ ကြိုးစားခိုင်းမလဲ"

စုယွီက မျက်ခုံးအနည်းငယ် ကြုတ်လိုက်ပြီး မေးလိုက်သည်။

"သူတို့က ကိုယ့်အစွမ်းနဲ့ကိုယ် အဆင့်တက်ဖို့ ယုံကြည်ချက် ရှိကြလို့လား"

ထိုအခါ၊ ယွီခယ်အာက ခေါင်းခါယမ်းလိုက်၏။

"မကြိုးစားတာ ပိုကောင်းမယ် ထင်တယ်... အခြေခံတည်ဆောက်ခြင်း ဆေးလုံး မသုံးဘဲ အဆင့်တက်တာက ရေရှည်မှာ ကောင်းတယ် ဆိုပေမဲ့... သူတို့အတွက်တော့ သိပ်ပြီး အရေးမကြီးပါဘူး"

"ငါ သူတို့အပေါ် အမြင့်ဆုံး မျှော်လင့်ထားတာက အခြေခံတည်ဆောက်ခြင်း (၉) ဆင့်အထိ ရောက်ဖို့ပဲလေ"

စုယွီ ခေတ္တမျှ ငိုင်သွားမိပြီးမှ သတိပြန်ဝင်လာသည်။

...ဟုတ်တာပေါ့... လူတိုင်းက ငါ့လို 'ရွှေအမြုတေ တာအို' ကို လိုက်စားပြီး ထာဝရအသက်ကို ရချင်ကြတာမှ မဟုတ်တာပဲ...

စုချီ၊ စုရွီအန်း၊ စုတင်းပန်းနှင့် အခြား စုမိသားစုဝင် လူငယ်လေးများအတွက် ဤကိစ္စများကို စိုးရိမ်နေရန် မလိုပေ။

အကြောင်းမူကား သူတို့၏ ပါရမီက ထိုအဆင့်အထိ ရောက်နိုင်ရန် မထောက်ပံ့နိုင်သောကြောင့် ဖြစ်သည်။

ခဏမျှ စဉ်းစားပြီးနောက် စုယွီက ချက်ချင်းပင် မှာကြားလိုက်၏။

"သူတို့ဘာသာပဲ ဆုံးဖြတ်ပါစေ... မင်းနဲ့ မိသားစုခေါင်းဆောင်ဆီမှာ ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်း ဆေးလုံးတွေ ရှိနေတာပဲ... အချိန်တန်ရင် သူတို့ လာတောင်းကြလိမ့်မယ်"

ဤကိစ္စများကို ဆွေးနွေးပြီးနောက် စုယွီသည် လက်ဖက်ရည် သောက်ရင်း ယွီခယ်အာအား တာ့ယွဲ့မြို့တော် မှောင်ခိုဈေးကွက် အကြောင်းများကို ပြောပြနေသည်။

တာအိုဆရာ တောင်ပြား၏ ဂူစံအိမ် အပျက်အစီးအကြောင်း ရောက်သောအခါ၊ စုယွီက လက်ဝှေ့ယမ်းလိုက်ရာ ရှေးဟောင်း ကျောက်စိမ်းသေတ္တာ (၂) လုံးသည် ယွီခယ်အာ၏ ရှေ့သို့ ရောက်ရှိသွားတော့၏။ သူက ပြုံးစစဖြင့် ဆိုလိုက်၏။

"ကဲ... ဒီ (၂) ခုကို တစ်ချက်လောက် ကြည့်လိုက်ဦး"

"ဒါတွေက ဘာလဲဟင်"

ယွီခယ်အာက စပ်စုလိုသော စိတ်ဖြင့် မေးမြန်းလိုက်ရင်း သေတ္တာတစ်လုံးကို ယူကာ ဝိညာဉ်အာရုံ သွင်းကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပင်... ဖီးနစ်ပုံစံများဖြင့် အနုစိတ် ချယ်သထားပြီး ဖျော့တော့သော အလင်းရောင်များ ဖြာထွက်နေသည့် ပယင်းရောင် ဂါဝန်ရှည်ကြီးက သူမ၏ အာရုံကို ဖမ်းစားလိုက်တော့၏။

ထိုဂါဝန်ကြီးသည် ခမ်းနားထည်ဝါသော အရှိန်အဝါကို ထုတ်လွှတ်နေရုံတင်မကဘဲ၊ တောက်ပလှသဖြင့် ဘုရင်မတစ်ပါး၏ အရှိန်အဝါမျိုးပင် ရရှိနေသည်။

ဤလှပသော ဂါဝန်ကြီးကို မြင်လိုက်ရသောအခါ ယွီခယ်အာ အသက်ရှူမှားသွားရရှာ၏။

ခေတ္တကြာမှ သတိပြန်ဝင်လာပြီး၊ ထိုဂါဝန်ထံမှ ထွက်ပေါ်နေသော မှော်လက်နက် အရှိန်အဝါကို ခံစားမိသောအခါ သူမ၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။ သူမသည် အံ့အားသင့်စွာဖြင့် စုယွီကို မော့ကြည့်ကာ မေးလိုက်၏။

"ဒါ... ဒါက... အဆင့်မြင့်ဆုံးနဲ့ တစ်ဝက်တစ်ပျက် တူတဲ့ မှော်လက်နက် ကြီး မဟုတ်လား ကိုကို"

စုယွီက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်... ဟိုဂူစံအိမ်ထဲမှာ ရှာတွေ့ခဲ့တာ... ဒါက ကာကွယ်ရေး အစွမ်းထက်ရုံတင်မကဘူး... ကြည့်လိုက်တာနဲ့တင် ရန်သူကို ရှိန်သွားစေမယ့် အရှိန်အဝါမျိုးလည်း ပါတယ်... အားနည်းတဲ့သူဆိုရင် ကြည့်တာနဲ့တင် စိတ်ဓာတ်ကျသွားလိမ့်မယ်... အစွမ်းထက်တဲ့သူတွေရဲ့ ဖိအားကိုလည်း လျော့ကျစေတယ်လေ... အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် အရှင်သခင် တစ်ယောက်ရဲ့ ဖိအားပေးမှုကိုတောင် မင်း ခံနိုင်ရည် ရှိသွားလိမ့်မယ်"

ယွီခယ်အာ၏ မျက်နှာလေးမှာ ဝမ်းသာအားရ ဖြစ်သွားတော့၏။ မူလက စုယွီသည် အင်မော်တယ် ဇီယန်ကို ခေါ်လာသဖြင့် သူမ အနည်းငယ် စိတ်ကောက်နေမိခြင်း ဖြစ်၏။ စုယွီက ဇီယန်အပေါ် ရည်ရွယ်ချက် တစ်ခုခု ရှိနေမလားဟု စိုးရိမ်ပြီး စိတ်မလုံမလဲ ဖြစ်ခဲ့ရသည်။ သို့သော် အခုတော့ ထိုခံစားချက်များ အားလုံး ကောင်းကင်သို့ လွင့်စင်သွားချေ၏။

ဤကဲ့သို့ လက်ဆောင်မျိုး ရလိုက်သဖြင့် သူမ၏ ရင်ထဲတွင် ပီတိများဖြင့် ပြည့်နှက်သွားရသည်။

ရုတ်တရက်ပင် ဤလက်ဆောင်သည် သူမအတွက် အလွန် ထူးခြားသော အဓိပ္ပာယ် ရှိသည်ဟု ခံစားလိုက်ရ၏။

စုယွီက အခြား ကျောက်စိမ်းသေတ္တာ တစ်လုံးကို လက်ညှိုးထိုးပြရင်း တိုက်တွန်းလိုက်သည်။

"ဒီတစ်ခုကိုလည်း ကြည့်လိုက်ဦးလေ"

ယွီခယ်အာက အံ့အားသင့်စွာဖြင့် ဝင်ရောက်ပြောဆိုလိုက်၏။

"နောက်ထပ် ရှိသေးတာလား"

သူမသည် သေတ္တာကို ချလိုက်ပြီး အခြားတစ်လုံးကို ယူကာ ဝိညာဉ်အာရုံ သွင်းကြည့်လိုက်ပြန်သည်။ ထိုအခါ သေတ္တာထဲရှိ ခမ်းနားထည်ဝါလှသော လက်ဝတ်ရတနာ အစုံအလင်က သူမကို ချက်ချင်းပင် ညှို့ယူဖမ်းစားလိုက်လေတော့၏။ အမှန်ပင် လှပလွန်းလှပေစွ။

ဖီးနစ်သရဖူနှင့် လိုက်ဖက်ညီသော ဆံထိုး၊ နားကပ်များ။

ဤလက်ဝတ်ရတနာ အစုံသည် စောစောက ဂါဝန်ရှည်ကြီးနှင့် တစ်စုံတည်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ထို့ပြင် ဤရတနာများမှာ ဂါဝန်နှင့် စွမ်းအင်ချင်း ထပ်တူကျနေပြီး နောက်ထပ် တစ်ဝက် အဆင့်မြင့် မှော်လက်နက် တစ်ခုကို ဖန်တီးပေးထားခြင်းပင်။

ဂါဝန်နှင့်သာ တွဲဖက်ဝတ်ဆင်လိုက်ပါက သာမန် အထွတ်အထိပ်အဆင့် မှော်လက်နက် တစ်ခုထက်ပင် အစွမ်းမနိမ့်နိုင်ချေ။

သာမန် အထွတ်အထိပ် မှော်လက်နက်ထက်ပင် ပို၍ အဖိုးတန်လှပေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို အခြေခံတည်ဆောက်ခြင်းအဆင့်မှာတင် စတင် အသုံးပြုနိုင်သောကြောင့်တည်း။

အမြုတေဖွဲ့စည်းခြင်းအဆင့် ရောက်သည့်တိုင်အောင် အစွမ်းထက်နေဦးမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

“အို..”

ယွီခယ်အာသည် ဝမ်းသာလွန်းသဖြင့် မျက်ရည်များပင် ဝဲလာရရှာ၏။ သူမ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားတော့၏။

စုယွီသည် သူ၏ ဝိညာဉ်လက်ဖက်ရည်ခွက်ကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီး ပြုံးလိုက်သည်။ ထို့နောက် ယွီခယ်အာ၏ လက်ကလေးကို ဆွဲကာ ထွက်လာခဲ့ရင်း ဆိုလိုက်၏။

"ကဲ... သွားကြစို့... ဒီအဝတ်အစားတွေက မင်းနဲ့ ဘယ်လောက်တောင် လိုက်ဖက်မလဲ ဆိုတာ သွားကြည့်ရအောင်"

အခန်း (၂၂၅) - ကျင့်ကြံခြင်း သက်တမ်း နှစ် (၆၀) နှင့် လှုပ်ခတ်လာသော မုန်တိုင်းများ (အပိုင်း - ၅)

~ယွီခယ်အာ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသော်လည်း၊ သူမသည် စုယွီ ပေးအပ်သော ရှေးဟောင်း ကျောက်စိမ်းသေတ္တာ (၂) လုံးကို လိမ္မာစွာ သိမ်းဆည်း၍ နောက်မှ လိုက်ပါသွားလေတော့၏။

နောက်တစ်နေ့ အရုဏ်တက်ချိန်၌ ဖြစ်ပေသည်။

ယွီခယ်အာသည် စုယွီ ပေးထားသော နားကပ်နှင့် ဆံထိုးများကို ဆင်မြန်းကာ စိတ်ရွှင်လန်းစွာဖြင့် အိမ်ပြင်သို့ ထွက်လာခဲ့၏။ မူလက သူမသည် အင်မော်တယ် ဇီယန်အား ဆေးလုံးတောင်၏ ဝိညာဉ်စိုက်ခင်းများသို့ လိုက်လံပြသရန် စုချီကို တာဝန်ပေးရန် စိတ်ကူးခဲ့သော်လည်း၊ ယခုမူ သူမကိုယ်တိုင် သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။

စုယွီကမူ ဆေးလုံးတောင် အခြေရှိ တတိယအဆင့် ရေခဲနှင့် မီးဓာတ်များ ကိန်းအောင်းရာ ဂူအတွင်းသို့ ဝင်ရောက်သွားသည်။

သူသည် ဂူနှစ်ခု၏ အလယ်ဗဟိုတွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး စိတ်ကို ငြိမ်သက်အောင် ထားကာ တရားမှတ်သည့် အခြေအနေသို့ ဝင်ရောက်လိုက်သည်။ ခေတ္တအကြာတွင် သူသည် "ပြီးပြည့်စုံသောအဆင့်" ဒုတိယတန်းစား ဝိညာဉ်ဖွင့် ဆေးလုံး တစ်လုံးကို မျိုချလိုက်သည်။ ဆေးအာနိသင်များ ခန္ဓာကိုယ်အတွင်း ပျံ့နှံ့သွားသည်နှင့် သူသည် ပုစဉ်းရင်ကွဲ ကျင့်စဉ်ကို လည်ပတ်လိုက်ရာ၊ တစ်ကိုယ်လုံး တောက်ပသော ရွှေရောင် အလင်းတန်းများ လွှမ်းခြုံသွားပြီး နေ့စဉ် ကျင့်ကြံခြင်းကို တိတ်ဆိတ်စွာ စတင်လိုက်တော့၏။

"ဟူး... ဟူး... ဟူး"

ဂူအတွင်း၌ ထူထပ်လှသော ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များသည် သူ၏ ကျင့်စဉ် လည်ပတ်မှုနောက်သို့ တရဟော စီးဝင်လာကြ၏။

မြေဓာတ်နှင့် သစ်သားဓာတ် ဝိညာဉ်အမြစ်များ၏ စုပ်ယူမှုကြောင့် ကြီးမားလှသော ဝိညာဉ်စွမ်းအင် အရှိန်အဝါများသည် စုယွီ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။

မကြာမီမှာပင် စုယွီ၏ ပတ်ဝန်းကျင်၌ ကြီးမားသော ဝိညာဉ်စွမ်းအင် ဝဲဂယက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့၏။

ပထမဦးစွာ မြေနှင့် သစ်သားကျင့်စဉ်၊ ထို့နောက် ရေခဲနှင့် မီးကျင့်စဉ်၊ နောက်ဆုံးတွင် ကုန်းကျင်း ကောင်းကင်ဓားသိုင်း စသည်ဖြင့် အစဉ်လိုက် လည်ပတ်နေသည်။

ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်များ ကျင့်ကြံမှု ပြီးဆုံးသွားချိန်တွင် တတိယအဆင့် ဂူအတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ သိသိသာသာပင် ကျဲပါးသွားရသည်။

အကယ်၍ ဤနေရာသည် ဒုတိယအဆင့် ဝိညာဉ်ကြော ဂူသာ ဖြစ်ခဲ့ပါက၊ သူ၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်များအတွက် နေ့စဉ် လိုအပ်သော စွမ်းအင်များကို ထောက်ပံ့ပေးနိုင်မည် မဟုတ်ချေ။

"ဟူး"

စုယွီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ အရောင်တောက်ပနေပြီး စိတ်ရောကိုယ်ပါ အကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေ၏။ ထို့နောက် သူသည် သူ၏ ကျွမ်းကျင်မှု အဆင့်များကို စစ်ဆေးကြည့်လိုက်သည်။

"ကျင့်စဉ် - မြေနှင့် သစ်သားကျင့်စဉ် (အခြေခံတည်ဆောက်ခြင်း အဆင့် (၅)၊ ကျွမ်းကျင်မှု (၁၉.၈၁) ရာခိုင်နှုန်း)၊ ရေခဲနှင့် မီးကျင့်စဉ် (အခြေခံတည်ဆောက်ခြင်း အဆင့် (၅)၊ ကျွမ်းကျင်မှု (၁၆.၇၇) ရာခိုင်နှုန်း)၊ ကုန်းကျင်း ကောင်းကင်ဓားသိုင်း (အခြေခံတည်ဆောက်ခြင်း အဆင့် (၄)၊ ကျွမ်းကျင်မှု (၄၆.၁၃) ရာခိုင်နှုန်း)"

...မြေနဲ့ သစ်သားကျင့်စဉ်ရော၊ ရေခဲနဲ့ မီးကျင့်စဉ်ပါ... တစ်ရက်ကို (၀.၀၃) ရာခိုင်နှုန်းလောက် တက်နေတာပဲ...

စုယွီ တွေးတောလိုက်မိ၏။

ပုစဉ်းရင်ကွဲ ကျင့်စဉ်၏ အားကောင်းလှသော ဝိညာဉ်စွမ်းအားကြောင့် ကျင့်စဉ်နှစ်ခုစလုံး၏ ကျင့်ကြံမှုနှုန်းမှာ သိသိသာသာ တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။

၎င်းမှာ "ပြီးပြည့်စုံသောအဆင့်" ဆေးလုံး၏ အာနိသင်ကို ထည့်မတွက်ရသေးခင် အခြေအနေပင် ဖြစ်၏။

အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ရှိသော သာမန် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သူ၏ ကျင့်ကြံမှုနှုန်းမှာ (၂) ဆခန့် ပိုမို မြန်ဆန်နေပေသည်။

မဟုတ်ပါက သူ၏ အဆင့်နိမ့် ဝိညာဉ်အမြစ်ဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့် (၅) မှ အဆင့် (၆) သို့ တက်လှမ်းရန် ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ပေလိမ့်မည်။

ယခု အခြေအနေအတိုင်းဆိုလျှင်မူ (၇) နှစ်မပြည့်မီ အဆင့်တက်နိုင်မည် ဖြစ်၏။

ကုန်းကျင်း ကောင်းကင်ဓားသိုင်း၏ တိုးတက်မှုမှာလည်း မြန်ဆန်လှပြီး အဆင့် (၄) သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ မကြာမီမှာပင် အခြား ဝိညာဉ်အမြစ် (၄) ပါးကဲ့သို့ အဆင့် (၅) သို့ လိုက်မီတော့မည် ဖြစ်ပေသည်။

အခြေခံတည်ဆောက်ခြင်း အဆင့် (၅) သို့ ရောက်ရှိသွားချိန်တွင် စုယွီသည် သူ၏ သက်တမ်း အချက်အလက်ကို တစ်ချက် ကြည့်လိုက်၏။

"သက်တမ်း - (၇၆) / (၂၉၅)"

...ငါ့မှာ ကျန်တဲ့ သက်တမ်းက (၂၁၉) နှစ်တောင် ရှိသေးတာပဲ...

သူ၏ မျက်ဝန်းများ အရောင်တောက်သွားသည်။ သာမန်လူသား သက်တမ်းနှင့် နှိုင်းယှဉ်ပါက သူသည် အသက် (၂၀) ကျော် အရွယ် လူငယ်လေး တစ်ဦးသာ ရှိသေးသည် မဟုတ်ပါလော။

...မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျင့်ကြံခြင်းနဲ့တင် အနှစ် (၆၀) ကုန်သွားခဲ့ပြီပေါ့...

သူသည် ခေါင်းကို အသာအယာ ခါယမ်းလိုက်မိ၏။ အမှန်တကယ်ပင် ထိုမျှ ကြာမြင့်သွားသည်ဟု မခံစားရချေ။

ဒါကြောင့်လည်း ကျင့်ကြံသူတွေက "တောင်ပေါ်မှာ တစ်ရက်နေတာက လူ့လောကရဲ့ အနှစ်တစ်ထောင်နဲ့ ညီမျှတယ်" လို့ ပြောကြတာကိုး။

ထို့နောက် သူ၏ မန္တန် ကျွမ်းကျင်မှုများကို ဆက်လက် စစ်ဆေးလိုက်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူသည် ရေခဲ၊ မီးကျင့်စဉ်နှင့် ကုန်းကျင်း ကောင်းကင်ဓားသိုင်းတို့၏ မန္တန်များကို အထွတ်အထိပ်သို့ ရောက်အောင် လေ့ကျင့်နိုင်ခဲ့ပြီ ဖြစ်၏။

မန္တန်တွေ အများကြီး တတ်တာထက်၊ တတ်သည့် မန္တန်ကို ကျွမ်းကျင်နေဖို့က ပိုအရေးကြီးတာလေ။ ကျင့်ကြံမှု မြင့်မားလာလေလေ၊ မန္တန်တွေ၏ စွမ်းအားက ပိုပြီး နက်နဲလာလေလေပဲ မဟုတ်ပါလော။

အကယ်၍ အခြား ကျင့်ကြံသူသာ ဆိုပါက စုယွီကဲ့သို့ မန္တန်အမြောက်အမြားကို လေ့ကျင့်နိုင်မည် မဟုတ်သလို၊ တစ်ခုမှလည်း ကျွမ်းကျင်လိမ့်မည် မဟုတ်ချေ။

"ကဲ... နောက်ထပ် မိကျောင်းသားရဲ(၁၀၈) ကွက် ကိုယ်ခန္ဓာ ကျင့်စဉ်' ကို ကျင့်ကြရအောင်"

စုယွီသည် ထရပ်လိုက်ပြီး၊ သူ၏ ချန်ခွန်အိတ်ထဲမှ ဒုတိယအဆင့် ထိပ်တန်း သားရဲသွေး တစ်စက်ကို ထုတ်ယူကာ မျိုချလိုက်သည်။ ထို့နောက် ဂူအတွင်း၌ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို စတင် ကျင့်ကြံလေတော့၏။

နောက်ဆုံးတွင် သူသည် ဝိညာဉ်ရုပ်သေးကို အားဖြည့်ပေးရင်း ပုစဉ်းရင်ကွဲ ကျင့်စဉ်ကို ကျင့်ကြံလိုက်ရာ၊ ဝိညာဉ်ရုပ်သေး၏ စွမ်းအားမှာ အလွန် မြန်ဆန်သော နှုန်းဖြင့် တိုးတက်လာခဲ့သည်။

ကျင့်ကြံမှုများ ပြီးဆုံးသွားချိန်တွင် နေမွန်းတည့်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူသည် မြေကမ္ဘာ မီးလျှံမျောက်ဝံနှင့် အမွှေးနက် လင်းယုန် ( eagleလို့ ရေးလိုက်၊ hawkလို့ ရေးလိုက်ပါပဲ၊ transမှာကိုက ရေးချင်သလို ရေးနေတာပါ >< ) တို့ကို အစာကျွေးပြီးနောက်၊ လက်ထဲမှ သစ်သီးစေ့လေးကို ဝိညာဉ်စွမ်းအင် အချို့ သွင်းပေးလိုက်သည်။

မွန်းလွဲပိုင်း အချိန်၌မူ...

စုယွီသည် ဆေးဖော်စပ်ခြင်းနှင့် အဆောင်လက်ဖွဲ့ ဖန်တီးခြင်း ပညာရပ်များကို လေ့ကျင့်သည်။

ညနေခင်း ရောက်သောအခါမှ စုယွီသည် သူ၏ နန်းတော်သို့ ပြန်လာပြီး၊ အလုပ်နှင့် အနားယူခြင်းကို မျှတအောင် ပြုလုပ်ရင်း စိတ်အပန်းဖြေလေတော့၏။

ဤသံသရာသည် တစ်ရက်ပြီးတစ်ရက် ထပ်ခါတလဲလဲ ဖြစ်နေ၏။ အင်မော်တယ် ဇီယန်သည် စုမိသားစုသို့ ရောက်ရှိပြီး ရက်အနည်းငယ် အကြာမှာပင် မိသားစု၏ ဝိညာဉ်စိုက်ခင်းများကို စတင် တာဝန်ယူခဲ့သည်။ သူမသည် ဝိညာဉ်ဆန်နှင့် ဆေးပင်များ စိုက်ပျိုးခြင်းဖြင့် အလုပ်များနေပြီး၊ ရံဖန်ရံခါမှသာ စုယွီအား လာရောက် တွေ့ဆုံတတ်သည်။

လဝက်ခန့် ကြာပြီးနောက်...

နန်းတော်အတွင်းရှိ လျှို့ဝှက်အခန်းထဲ၌ ဖြစ်သည်။

စုယွီသည် အခင်းအကျင်း အတားအဆီးကို ဖြတ်ကျော်၍ အခန်းထဲသို့ ဝင်ရောက်သွား၏။

အဖြူရောင် ဝတ်စုံကို ဆင်မြန်းထားသော လော့ချန်ယွီသည် အခန်းအလယ်၌ တင်ပလ္လင်ခွေ ထိုင်နေသည်။ သူမ၏ ပခုံးပေါ်ရှိ ရှည်လျားနက်မှောင်သော ဆံကေသာများသည် ဝိညာဉ်စွမ်းအင် စီးဆင်းမှုနှင့်အတူ ဝဲပျံနေကြ၏။

ကျင့်ကြံမှု ရပ်တန့်သွားစဉ်က အိုစာသွားခဲ့သော သူမ၏ မျက်နှာလေးမှာ ယခုအခါ ရင်သပ်ရှုမောဖွယ် လှပမှုများ ပြန်လည် ကိန်းအောင်းနေပြီ ဖြစ်၏။

နတ်မိမယ် တစ်ပါးအလားပင်။

လျှို့ဝှက်အခန်း အစပ်၌ ရပ်နေသော စုယွီသည် လော့ချန်ယွီထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် ဓားချီကို အာရုံခံမိလိုက်ရာ၊ ကြက်သီးမွေးညင်းပင် ထသွားရသည်။

သူမ၏ ဆံခြည်မျှင် တစ်ခုချင်းစီ၌ပင် အေးစက်သော ထက်ရှမှုများ ပါဝင်နေပြီး၊ လေထုကို ဓားသွားကဲ့သို့ ဖြတ်တောက်လျက် ရှိနေ၏။

လော့ချန်ယွီ၏ ကျင့်ကြံမှု အရှိန်အဝါမှာမူ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် သူနှင့် အဆင့်တူဖြစ်သော အခြေခံတည်ဆောက်ခြင်း အဆင့် (၅) သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်၏။

မကြာမီမှာပင် အဆင့် (၆) သို့ ရောက်ရှိတော့မည့်ပုံပင်။

အကယ်၍ သူသည် အခြား နည်းလမ်းများကို မသုံးဘဲ သူ၏ ဓာတ်ကြီးငါးပါး အခြေခံတည်ဆောက်ခြင်း စွမ်းအား တစ်ခုတည်းနှင့်သာ ဆိုပါက၊ လော့ချန်ယွီ၏ ဓားချက်ကို တားဆီးနိုင်ရန် အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။

...စီနီယာအစ်မလော့ကတော့ ကြမ်းမြဲကြမ်းဆဲပါပဲလား... ငါသာ အဆင့် (၅) တူတူနဲ့ သူ့ကို တိုက်ခိုက်မယ်ဆိုရင်... မရှုံးအောင် မနည်း ထိန်းရလောက်တယ်... ဂေါ်တယ်ဗျာ...

All Chapters