အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃) - ကြီးမားလှသော ပါရမီ
မဲနက်သော အရောင်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။
ထို့နောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် တစ်မုဟုတ်ချင်း ပွက်လောရိုက်သွားတော့၏။
"အနက်ရောင်... တကယ်ကြီး အနက်ရောင်ဟေ့..."
"အနက်ရောင်အဆင့် ပါရမီရှင် တကယ် ရှိနေတာပဲ..."
"ငါ ယုံတောင် မယုံနိုင်ဘူး..."
ဂိုဏ်းသားများ ကြက်သေသေသွားကြသည်။
လူသစ်များလည်း မှင်သက်သွားကြ၏။ စင်မြင့်ထက်မှ ကျောက်ရုပ်များကဲ့သို့ ထိုင်နေကြသော အကြီးအကဲများပင်လျှင် ထီပေါက်သွားသည့် အဖွားအိုများကဲ့သို့ ထိုင်ခုံများမှ ထခုန်လိုက်ကြသည်။
"ငါ သူ့ကို လိုချင်တယ်..."
"မရဘူး... ငါ ယူမှာ..."
"ဖယ်ကြစမ်း... သူ့ကို ငါ့တပည့်အဖြစ် ခေါ်မှာ..."
ဂိုဏ်း၏ ဉာဏ်ပညာကြီးမားပြီး သိက္ခာရှိသော တိုင်မတ်ကြီးများ ဖြစ်သင့်သည့် အကြီးအကဲများသည် ရုတ်ခြည်းပင် ကြက်အုပ်ကြား ဗိုင်းငင်သကဲ့သို့ အချင်းချင်း အော်ဟစ် ငြင်းခုံကုန်ကြတော့သည်။
သူတို့သည် တွန်းထိုး တိုးဝှေ့ရင်း တစ်ယောက်ကို တစ်ယောက် ဝိညာဉ်ကျောက်တုံးများနှင့် ပစ်ပေါက်မတတ် ဖြစ်နေကြ၏။ အချို့ဆိုလျှင် ကွင်းပြင်ထဲသို့ ခုန်ဆင်း၍ ထိုကောင်လေးကို ဝိညာဉ်ရုပ်သေးရုပ် တစ်ရုပ်အလား အလုအယက် ပြေးဆွဲရန် ပြင်နေကြလေပြီ။
"တိတ်ကြစမ်း..."
မိုးခြိမ်းသံကဲ့သို့သော အသံကြီး ဟိန်းထွက်လာ၏။
တောင်ကြီးတစ်လုံး ရွေ့လျားလာသကဲ့သို့ လူကောင်ကြီးတစ်ယောက် လှမ်းထွက်လာသည်။ သူ၏ အသံသြဇာက အရိုးများကို တုန်ခါသွားစေနိုင်လောက်အောင် နက်ရှိုင်းပြီး ငြင်းခုံနေကြသည့် အဘိုးကြီးများကို တိတ်ဆိတ်သွားစေလောက်အောင် ကျယ်လောင်သည်။ သူသည် အရပ် ၇ ပေခန့် မြင့်မားပြီး နေရောင်အောက်တွင် ပြောင်လက်နေသော ခေါင်းတုံးနှင့် မီးလောင်ထားသကဲ့သို့ ထူထဲသော မုတ်ဆိတ်မွေးများ ရှိသည်။
သူ၏ ဝတ်ရုံများက ဖားလျားကျနေသော်လည်း ဖုံးကွယ်၍ မရနိုင်လောက်အောင် ထွားကျိုင်းသော ကြွက်သားဆိုင်ကြီးများကြောင့် ကိုယ်ပေါ်တွင် ကပ်နေသကဲ့သို့ ဖြစ်နေ၏။ ကောင်းရန်နှင့် ယှဉ်လိုက်လျှင် သူက ကောင်းရန်၏ နောက်ဆုံးအဆင့် ဆင့်ကဲပြောင်းလဲထားသော ပုံစံနှင့် တူနေသည်။
"ပန်းပဲဆရာကြီး..." အကြီးအကဲ အများစုက စာမေးပွဲ ခိုးချရင်း မိသွားသည့် ကျောင်းသားများကဲ့သို့ တောင့်တင်းသွားကြသည်။
"ဒီကောင်လေးရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ငါ့ရဲ့ အမွေအနှစ် ပညာရပ်တွေနဲ့ ကိုက်ညီတယ်... သူ ငါ့လက်အောက်ကို ဝင်ရမယ်..."
အခွန်ကောက်ခံသူများနှင့် သားရဲဘုရင်များ၌သာ ရှိတတ်သော ယုံကြည်မှုမျိုးဖြင့် ပန်းပဲဆရာကြီးက ကြေညာလိုက်၏။
"မင်းတို့ ဘယ်သူမှ ဒီလို မျိုးစေ့ကို ပျိုးထောင်ဖို့ အရည်အချင်း မမီဘူး..."
တစ်ခဏချင်း တိတ်ဆိတ်သွားသည်။
သူတို့ သဘောတူ၍ မဟုတ်ဘဲ လက်နက်တောင်ထွတ်၏ ခေါင်းဆောင်နှင့် ငြင်းခုံရဲလောက်အောင် မည်သူမျှ ရူးသွပ်မနေကြသောကြောင့် ဖြစ်၏။ ပန်းပဲဆရာကြီးသည် ဂိုဏ်းတွင် အစွမ်းထက်ဆုံး ကျင့်ကြံသူများထဲမှ တစ်ဦး ဖြစ်ပြီး အကြီးအကဲကြီးများနှင့် ဂိုဏ်းချုပ် ပြီးလျှင် တတိယမြောက် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်။
ပုံမှန်အားဖြင့် သူကဲ့သို့သော အဆင့်အတန်း ရှိသူမျိုးက အခြေခံ ပါရမီစစ်ဆေးပွဲမျိုးကို တက်ရောက်ရန် စဉ်းစားလိမ့်မည် မဟုတ်ချေ။
သူ့တွင် ထုလုပ်ရမည့် လက်နက်များစွာ ရှိနေသည်။ သို့သော် ယနေ့တွင် ကံတရား၏ အလှည့်အပြောင်း သို့မဟုတ် နတ်ဘုရားများ၏ နောက်ပြောင်မှု တစ်ခုခုကြောင့် သူ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို့နောက် သူ ရှာဖွေနေခဲ့ပုံရသော ပါရမီ အလွန်ကြီးမားသည့် လူကောင်ကြီးကို တွေ့ရှိသွားခဲ့ခြင်း ဖြစ်၏။
အထက်ရှိ အကြီးအကဲများက ထိုကောင်လေးအတွက် ဈေးလျှော့ပွဲမှ အဒေါ်ကြီးများကဲ့သို့ လုယက်နေကြစဉ် အောက်ဘက်တွင်လည်း အခြေအနေမှာ ကောင်းမွန်လှခြင်း မရှိပေ။
ဆူညံသံများက ပို၍သာ ကျယ်လောင်လာသည်။ ဟန်ယုမှာ ကိုယ့်အတွေးကိုယ်ပင် မကြားရတော့လောက်အောင် ဖြစ်နေ၏။
"တောက်... ဒီကောင်ကြီးက ဘယ်လိုလုပ် ဒီလောက် ပါရမီ ကောင်းနေရတာလဲ..." သူ ပါးစပ်အဟောင်းသားဖြင့် အော်ပြောလိုက်သည်။
ပုံမှန်ဆိုလျှင် တည်ငြိမ်သော ပုံရိပ်လွှာ ရှိသည့် ရွှီချင်ပင်လျှင် သိသိသာသာ တုန်လှုပ်နေ၏။ ထိုကောင်လေးတွင် ထူးခြားသော ခန္ဓာကိုယ် ဖွဲ့စည်းပုံ ရှိကြောင်း သူမ သိထားသော်လည်း ဤအဆင့်ထိ ဖြစ်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"အနက်ရောင်... သူက အမွေခံတပည့်တွေနဲ့ တန်းတူ ပါရမီမျိုး ရှိနေတာလား..." ရွှီချင်က အခြားသူကို ပြောသည်ထက် ကိုယ့်ဘာသာ ရေရွတ်လိုက်ခြင်း ဖြစ်သည်။
အနက်ရောင်အဆင့် ပါရမီ ရှိခြင်းက ရှားပါးရုံသာမက ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် ကိစ္စဖြစ်သည်။ ၎င်းက ဂိုဏ်း၏ အနာဂတ် တိုင်မတ်ကြီး တစ်ဆူ သို့မဟုတ် နောက်ထပ် ဂိုဏ်းချုပ်ကြီး ဖြစ်လာနိုင်သည့် အလားအလာ ရှိသည်ဟု ဆိုလိုခြင်း ဖြစ်၏။ တားမြစ်ကျမ်းစာများ၊ အထူး အစားအစာများ၊ ကိုယ်ပိုင် တောင်ထွတ်များနှင့် အလွန် သက်တောင့်သက်သာ ရှိသော အိပ်ရာများကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်။
အနက်ရောင် ပါရမီ ရှိသူသည် ရွှီချင် သိသလောက် ဂိုဏ်း၏ အမြင့်ဆုံး အဆင့်ဖြစ်သော တာအိုနင်းလှမ်းခြင်း နယ်ပယ်သို့ ရောက်ရှိနိုင်သည့် အလားအလာ ရှိပေသည်။
"သူက ဂိုဏ်းချုပ်ကြီးလောက် စွမ်းအားကြီးလာနိုင်တယ်..." သူမ တီးတိုး ရေရွတ်လိုက်ရင်း မှင်သက်နေဆဲပင်။
ဟန်ယု၏ မျက်လုံးများ ကျွတ်ထွက်မတတ် ဖြစ်သွား၏။
"အမွေခံတပည့်..." သူ လည်ချောင်းသံဖြင့် ပြောလိုက်သည်။ သူတို့အကြောင်း ကြားဖူးသည်။ သူတို့သည် ရွေးချယ်ခံရသူများ၊ ထိပ်တန်း အထက်တန်းလွှာများ ဖြစ်ကြပြီး တောက်ပသော နဖူးပြင်များနှင့် နောက်ခံ တေးသွားများ ပါရှိတတ်သော အနာဂတ်မျိုး ပိုင်ဆိုင်ထားသူများ ဖြစ်ကြသည်။
'တောက်... အဲဒီလို လူစားမျိုးရဲ့ ပေါင်ကြားကို ငါ ထိုးလိုက်မိတာလား...'
ဟန်ယု နောင်တရသွားသည်။ သူ၏ လက်များကို ပြန်ကြည့်လိုက်ရာ ထိုလက်များက နောင်တတရားကြောင့် မီးလောင်ကျွမ်းသွားတော့မည်ကဲ့သို့ ခံစားလိုက်ရ၏။
ကောင်းရန် ကိုယ်တိုင်လည်း မိမိကိုယ်ကို မည်သူမှန်း မသဲကွဲတော့သလို ဖြစ်နေသည်။
"ငါက... ပါရမီပါတယ်... ဒီလောက်တောင် များတာလား..." ခေါက်ဆွဲဆိုင်ပိုင်ရှင် သူဌေးကြီး၏ လျှို့ဝှက်အမွေဆက်ခံသူ ဖြစ်ကြောင်း သိလိုက်ရသူ တစ်ဦးကဲ့သို့ ထိုကောင်လေး ရေရွတ်လိုက်သည်။
ဘုန်း...။
လေးလံသော ရိုက်ပုတ်မှုတစ်ခု သူ၏ ကျောပြင်ပေါ်သို့ ကျရောက်လာရာ မြေကြီးပေါ်သို့ မျက်နှာနှင့် ဦးစိုက်ကျလုနီးပါး ဖြစ်သွား၏။ အကြီးအကဲ နယ်ကျင်းက သူ့ဘေးတွင် ရပ်ရင်း ထူးထူးခြားခြား ဂုဏ်ယူနေသည့်ပုံစံဖြင့် ပြုံးနေသည်။
"ကောင်းတယ်... ဂျူနီယာလေး..." နယ်ကျင်းက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။
"မင့်အနာဂတ်ကို ငါ စောင့်ကြည့်နေမယ်..."
"ကျွန်တော် အောင်တာလား..." ကောင်းရန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"အောင်တာပေါ့ကွ... မင်းမှ မအောင်ရင် ဘယ်သူ အောင်တော့မှာလဲ..." နယ်ကျင်းက ရယ်မောလိုက်ရာ ကျောင်းကပွဲတွင် သားဖြစ်သူကို ကြည့်ပြီး ဂုဏ်ယူနေသော ဖခင်တစ်ဦး၏ လေသံ ပေါက်နေသည်။
ကြည့်ရှုနေကြသော ဂိုဏ်းသားများမှာ ဤအဘိုးကြီး ဘယ်အချိန်က စန်တာကလော့စ် ဖြစ်သွားတာလဲဟု တွေးတောရင်း တီးတိုး ပြောဆိုနေကြတော့သည်။
"ဟေးးး..." ကောင်းရန်က နောက်ဆုံးတွင် လက်သီးကို မြှောက်၍ အော်ဟစ်လိုက်ပြီး သူ၏ အောင်မြင်မှုကို ခံစားလိုက်သည်။
"မင့်ဆုလာဘ်တွေ သွားယူချေ... မင်းကို မကြာခင် အကြီးအကဲ တစ်ယောက်ယောက်က ရွေးချယ်တော့မှာ သေချာတယ်..." နယ်ကျင်းက မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်၏။
"ဟုတ်လား... ဘယ်သူက ရွေးမှာလဲ..." ကောင်းရန်က ချစ်စရာကောင်းသော လူရိုင်းလေး ပုံစံဖြင့် မေးလိုက်သည်။
အကြီးအကဲ နယ်ကျင်း ပြန်မဖြေနိုင်ခင်မှာပင် လေထုက တုန်ခါသွား၏။
ရွှီ...။
ဝိညာဉ်ဖိအား လှိုင်းလုံးတစ်ခုက တောင်ကြီးတစ်လုံး ပြိုကျလာသကဲ့သို့ ဖိချလိုက်သည်။ ဂိုဏ်းသားများ ယိုင်နဲ့သွားကြ၏။ အားနည်းသူများ ဒူးထောက် ကျကုန်သည်။ ကလေးများမှာ မြေကြီးပေါ်သို့ ပြားပြားမှောက် လဲကျကုန်ကြတော့သည်။
"အား... ဒါ ဘာကြီးလဲ..." ဟန်ယုက ရေစိမ်ထားသော ခေါက်ဆွဲဖတ်ကဲ့သို့ ခါးကုန်းသွားရင်း ညည်းတွားလိုက်သည်။
ရွှီချင်သည် မတ်တပ်ရပ်နိုင်ရန် ကြိုးစားရင်း ဖိအားလာရာ အရပ်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။
"သူလား..." သူမ၏ အသံများ အက်ကွဲနေသည်။
"တောက်... ဒီလို လူသားမျိုးလည်း ရှိသေးတာလား..." ဟန်ယု တီးတိုး ရေရွတ်လိုက်ပြီး ကောင်းရန်၏ နောက်ဆုံးအဆင့် သူဌေးကြီး ဗားရှင်းနှင့် တူသော ဧရာမ လူကောင်ကြီး လျှောက်လှမ်းလာသည်ကို ငေးကြည့်နေမိသည်။
ထိုလူကြီးမှာ မနက်စာအဖြစ် တောင်များကို မကာ စားသောက်လေ့ရှိသော နတ်ဘုရား ပန်းပဲဆရာ တစ်ဦးကဲ့သို့ ထွားကျိုင်းလွန်းလှ၏။ သူ လမ်းလျှောက်လိုက်ရုံဖြင့် သူ့ပတ်ဝန်းကျင်ရှိ လေထုက တုန်ခါသွားသည်။
"လက်နက်တောင်ထွတ် သခင်ကြီးနဲ့ ပန်းပဲဆရာကြီးကို ဂါရဝပြုပါတယ်..."
ဂိုဏ်းသားများ အားလုံး တညီတညွတ်တည်း ဦးညွှတ် နှုတ်ဆက်လိုက်ကြသည်။ သူတို့၏ အသံများတွင် တစ်သက်တာ စိတ်ဒဏ်ရာ ရဖူးသူများ၌သာ ရှိတတ်သော ကြောက်ရွံ့မှုမျိုး ပါဝင်နေသည်။
"အဲဒါ တောင်သခင်လား..." ဟန်ယု မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်၏။
"ကြည့်ရတာ တောင်သခင် တစ်ယောက်လောက်ကို ထုလုပ်ဖန်တီးနိုင်မယ့် ပုံစံမျိုးပဲ..."
ထိုလူကြီး လှမ်းလိုက်သည့် ခြေလှမ်းတိုင်းမှ အပူရှိန်များ ဖြာထွက်နေသည်။
သူကိုယ်တိုင်က မီးဖိုကြီး တစ်ခု ဖြစ်နေသည့်အလား။ လူများသည် သူ့အနား ၁၀ ပေ အကွာသို့ ရောက်သည်နှင့် ချွေးများ ပြန်လာကြသည်။
"တောင်သခင်..." အကြီးအကဲ နယ်ကျင်းက လက်သီးဆုပ် ဂါရဝပြုရင်း နှုတ်ဆက်လိုက်သည်။
"ဒီကောင်လေးကို ငါ ခေါ်သွားမယ်... ကျန်တဲ့ လုပ်ထုံးလုပ်နည်းတွေကို မင်း ကိုင်တွယ်နိုင်မယ်လို့ ယူဆတယ်..." ပန်းပဲဆရာကြီးက မေးလိုက်၏။
အခန်း (၇၄) - ဆူညံပွက်လောရိုက်ခြင်း
"ကောင်းပါပြီ..." အကြီးအကဲ နယ်ကျင်းက ရိုသေလေးစားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ..." ထိုလူကြီးက ကောင်းရန်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်များက မထိုက်တန်သော ဝိညာဉ်များကို လောင်ကျွမ်းပစ်တော့မည့် မီးဖိုကြီးကဲ့သို့ ဖြစ်နေ၏။
"ခန္ဓာကိုယ် ဖွဲ့စည်းပုံ ကောင်းတယ်... ပါရမီ ကောင်းတယ်... မင်း လုပ်နိုင်မှာပါ..." ဖရဲသီး မှည့် မမှည့် စမ်းသပ်သကဲ့သို့ ကောင်းရန်၏ ပခုံးကို သူ၏ လက်ကြီးဖြင့် လှမ်းကိုင်ရင်း ပြောလိုက်သည်။
"ဘာကို..." ကောင်းရန် မေးမည် ပြုသော်လည်း...
သူ့ခမျာ ဆုံးအောင် ပြောခွင့် မရလိုက်ပေ။
ပန်းပဲဆရာကြီးက သူ့ကို ဝိညာဉ်အာလူးအိတ်ကြီး တစ်လုံးအလား မချီပြီး ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။
ရွှီ...။
ထိုကောင်လေးမှာ သကြားလုံးဆိုင်မှ မိဘဆွဲခေါ်သွားခြင်း ခံရသည့် ကလေးငယ်ကဲ့သို့ ခြေကားရား လက်ကားရား ဖြစ်နေပြီး မျက်လုံးများ ပြူးကျယ်လျက် ပါသွားလေ၏။
ထိုကဲ့သို့ပင် ယခုအချိန်၏ သူရဲကောင်းကြီးမှာ ပျောက်ကွယ်သွားခဲ့လေပြီ။ အခြားသူများမှာမူ ဘုရားသခင် ကိုယ်တိုင် ဆင်းသက်၍ လူပြန်ပေးဆွဲသွားသည့် မြင်ကွင်းကို မျက်ဝါးထင်ထင် တွေ့လိုက်ရသကဲ့သို့ ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့ကြတော့သည်။
ကောင်းရန်နှင့် တောင်သခင်ကြီး ထွက်ခွာသွားသည်နှင့် တပြိုင်နက် အတင်းအဖျင်း ငတ်မွတ်နေသော အဒေါ်ကြီးများအလား ဆူညံသံများ ပြန်လည် ထွက်ပေါ်လာတော့သည်။ ကလေးများနှင့် ဂိုဏ်းသားများ၏ မယုံနိုင်လောက်အောင် ဖြစ်နေကြသော အာမေဋိတ်သံများက ပွက်လောရိုက်သွား၏။
"တိတ်ကြစမ်း..." အကြီးအကဲ နယ်ကျင်းက ဟိန်းဟောက်လိုက်ရာ ဆူညံသံများမှာ သစ်ကိုင်းခြောက် ကျိုးပဲ့သွားသကဲ့သို့ တိခနဲ ရပ်တန့်သွားသည်။
ဂလု...။
လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ် ငြိမ်သက်သွားကြ၏။ ငှက်ကလေးများပင်လျှင် လေးစားမှုကြောင့် သို့မဟုတ် ကြောက်ရွံ့မှုကြောင့် အသံမပြုရဲတော့ချေ။
"ပါရမီစစ်ဆေးမှုကို ငါတို့ ပြန်စကြမယ်..."
အကြီးအကဲ နယ်ကျင်းက သူ၏ ဝတ်ရုံပေါ်မှ ဗောက်များကို ခါချလိုက်သကဲ့သို့ ရှုပ်ထွေးနေသော အခြေအနေကို ရှင်းထုတ်ပစ်ရင်း ကြေညာလိုက်သည်။
"ဟုတ်ကဲ့ပါ အကြီးအကဲ..." ဂိုဏ်းသားများက တညီတညွတ်တည်း ပြန်လည် ဖြေကြားလိုက်ကြ၏။
သို့သော်... အားလုံးတော့ မဟုတ်ပေ။
အထူးသဖြင့် ဂိုဏ်းသားတစ်ဦးမှာ ထိုနေရာတွင် ရှိမနေတော့ချေ။ သူကား ကောင်းရန်ကို ခေါ်ဆောင်လာခဲ့သည့် အတွင်းစည်း ဂိုဏ်းသားပင် ဖြစ်သည်။ သို့သော် သူ ပျောက်နေသည်မှာ ကြောက်ရွံ့၍ သို့မဟုတ် အာရုံများနေ၍ မဟုတ်ပေ။
လုံးဝ မဟုတ်ပါချေ။
သူသည် လက်နက်တောင်ထွတ်ဆီသို့ အစွမ်းကုန် ပျံသန်းသွားခြင်း ဖြစ်ပြီး သူ၏ မျက်နှာပေါ်မှ အပြုံးမှာ ပါးစပ် နှစ်ခြမ်းကွဲမတတ် ပြုံးဖြီးနေလေသည်။
'ငါတော့ ပွပြီဟေ့... တောင်သခင်ရဲ့ တပည့်ကို ခေါ်လာပေးနိုင်ခဲ့ပြီ... အရင်းအမြစ်တွေအတွက် ဘယ်တော့မှ ပူစရာ မလိုတော့ဘူး...' သူ တွေးနေမိ၏။
သူ၏ မျက်လုံးများတွင် အကန့်အသတ်မရှိသော ကျင့်ကြံခြင်း ဆေးလုံးများနှင့် ဂိုဏ်းစားသောက်ဆောင်တွင် ဦးစားပေး စားသောက်ခွင့် ရမည့် အိပ်မက်များဖြင့် တောက်ပနေသည်။
သူသည် ကောင်းရန်နှင့် ရင်းနှီးအောင် မည်သို့ ပေါင်းသင်းရမည်ကိုပင် ကြိုတင် စဉ်းစားနေပြီ ဖြစ်၏။ လက်ဆောင် ပေးရမလား... မြှောက်ပင့် ပြောဆိုရမလား... သို့တည်းမဟုတ် ထိုကျောက်တုံးကဲ့သို့ ခေါင်းကြီးအတွက် သီးသန့် ပြုလုပ်ထားသော ကျောက်စိမ်းဘီး တစ်ချောင်းလောက် ပေးလိုက်ရမလား... သူ စဉ်းစားရပေဦးမည်။ ထို့အပြင် ပန်းပဲဆရာကြီး သူ့မျက်နှာကို မမေ့သွားခင်မိတ်ဆက်ထားရန်လည်း စိတ်ကူးထားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းအတွင်း၌ လူမှုဆက်ဆံရေး ကောင်းမွန်ရန်မှာ လောကီကမ္ဘာမှာကဲ့သို့ပင် အရေးပါသောကြောင့် ဖြစ်၏။
ထို့အပြင် သူသည် ကံကောင်းလွန်း၍ ဖြစ်စေ၊ ဘုရားသခင်၏ ဟာသဉာဏ်ကြောင့် ဖြစ်စေ ပျောက်ဆုံးနေသော ကျင့်ကြံခြင်း တိုင်းပြည်တစ်ခုမှ မင်းသားလေးနှင့် တူသော ကောင်လေးတစ်ယောက်ကို ခေါ်ဆောင်လာနိုင်ခဲ့ပြီ မဟုတ်ပါလား။
"ရှဲ့မင်... လာခဲ့..." အကြီးအကဲ နယ်ကျင်းက စာရင်းကို ကြည့်၍ နောက်ဆုံး သုံးယောက်မြောက် နာမည်ကို ခေါ်လိုက်သည်။
မိန်းကလေး တစ်ယောက် လျှောက်လှမ်းထွက်လာသော်လည်း သူမ၏ ခြေလှမ်းများက တုန်ဆိုင်းပြီး စိုးရိမ်နေပုံ ရ၏။ သူမ၏ ယုံကြည်မှုမှာ ခုနက မြင်ကွင်းကို မြင်ပြီးနောက် အကြီးအကျယ် ထိခိုက်သွားခဲ့လေပြီ။ သူမသည် တက်သစ်စ ကြယ်ပွင့်တစ်ပွင့် ဖြစ်လာနိုင်သည်ဟု တွေးထင်၍ ဤနေရာသို့ လာခဲ့သော်လည်း ကောင်းရန်၏ ပြောင်မြောက်သော ပြကွက်ကို မြင်ပြီးနောက် သူမမှာ မီးမောင်းထိုးခံထားရသော ပိုးစုန်းကြူးလေးကဲ့သို့ ဖြစ်နေရှာသည်။
သို့သော်လည်း သူမ ဆက်လက် လုပ်ဆောင်ရပေမည်။ စစ်ဆေးမှုက မည်သူ့ကိုမျှ စောင့်ဆိုင်းနေမည် မဟုတ်ပေ။
ခြေလှမ်း... ခြေလှမ်း... ခြေလှမ်း...။
ခြေလှမ်း... ခြေလှမ်း... ခြေလှမ်း...။
စင်မြင့်ဆီသို့ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက သူမ၏ နားထဲတွင် ယခင်ကထက် ပို၍ ကျယ်လောင်နေသကဲ့သို့ ခံစားရသည်။ သူမသည် ခြေလှမ်းမှန်မှန် လျှောက်ရန်၊ ကျောကို မတ်မတ်ထားရန်နှင့် ရင်ထဲမှ နှလုံးခုန်သံကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။
ဟူး...။
နောက်ဆုံးတွင် သူမ စင်မြင့်ပေါ်သို့ ရောက်ရှိသွားပြီး အသက်ပြင်းပြင်း တစ်ချက် ရှူရှိုက်ကာ စိတ်ကို လျှော့ချလိုက်သည်။
'ငါက ဟိုလူကြီးလို မဟုတ်ရင်တောင်... ငါ့ပါရမီက ကောင်းနေဦးမှာပါ...' ရှဲ့မင် ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
"စလိုက်ပါ ကလေးမ..." အကြီးအကဲ နယ်ကျင်းက ယခင်ကထက် ပို၍ နူးညံ့သိမ်မွေ့သော လေသံဖြင့် ပြောလိုက်၏။
သူမ၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာကြောင့် ဖြစ်စေ၊ သို့တည်းမဟုတ် ကောင်းရန်၏ ရလဒ်ကြောင့် ကျန်ရှိနေသေးသော ပီတိအရှိန်ကြောင့် ဖြစ်စေ အကြီးအကဲမှာ ယနေ့တွင် ထူးထူးခြားခြား ကြင်နာနေပုံ ရသည်။ ရှဲ့မင် စိတ်သက်သာရာ ရသွား၏။
သူမသည် လက်ချောင်းကို ဖောက်၍ သွေးတစ်စက်ကို သလင်းကျောက်ပေါ်သို့ ချလိုက်သည်။
ရွှပ်...။
သလင်းကျောက်က သူ အကြိုက်ဆုံး သရေစာကို ရလိုက်သကဲ့သို့ သွေးစက်ကို လောဘတကြီး စုပ်ယူလိုက်ပြီး တောက်ပလာသည်။
ဝုန်း...။
ပါရမီပြ ကျောက်တိုင်ကြီး လင်းလက်လာပြီး အရောင်နှစ်မျိုး ချက်ချင်း ပေါ်ထွက်လာ၏။
"အနီနဲ့ လိမ္မော်..." ရှဲ့မင်ကို ခေါ်လာခဲ့သည့် ဂိုဏ်းသားက ရေရွတ်လိုက်သည်။
"လာစမ်းပါ... အဝါရောင်လောက်တော့ ဖြစ်ပါစေ... သူများတွေ နောက် ကောက်မခံချင်ဘူး..." သူသည် အတွင်းချီများ တုန်ခါသွားသည်အထိ ပြင်းပြင်းထန်ထန် ဆုတောင်းနေရှာ၏။
ဂိုဏ်းအတွင်းရှိ သူ၏ ဂုဏ်သတင်းနှင့် နောက်တစ်ကြိမ် ရရှိမည့် ထောက်ပံ့ကြေးများသည် ရှဲ့မင်၏ ပါရမီ အဆင့်အတန်းပေါ်တွင် မူတည်နေသည်။
ရွှပ်...။
တတိယမြောက် အရောင်တစ်ခု ကျောက်တိုင်ပေါ်တွင် စတင် ပေါ်ထွက်လာသည်။
"အဝါရောင်..." ထိုဂိုဏ်းသား၏ မျက်လုံးများ အရောင်တောက်လာ၏။ မျှော်လင့်ချက် ရောင်ခြည်များ ပြန်လည် သန်းလာသည်။
အားလုံး၏ မျက်လုံးများက ကျောက်တိုင်ဆီသို့ ရောက်နေကြသည်။ ကောင်းရန်က ပွဲကို ဦးဆောင်သွားပြီးနောက် ဤသည်က နောက်ဆုံးပိတ် အကောင်းဆုံး ဖြစ်လာဦးမလား၊ သို့တည်းမဟုတ် ကောင်းကင်ဘုံက နောက်ထပ် အလှည့်အပြောင်းများ လုပ်ဦးမလားဟု လူတိုင်း တွေးတောနေကြ၏။
ရွှပ်...။
ဆယ်စက္ကန့်ခန့် ကြာသောအခါ နောက်ထပ် အရောင်တစ်ခု ထွက်ပေါ်လာသည်။
"အစိမ်းရောင်..." ထိုဂိုဏ်းသားမှာ ဝမ်းသာလွန်း၍ နေရာတွင်ပင် ကခုန်မတတ် ဖြစ်သွားတော့သည်။
သို့သော် လူတိုင်း ပြုံးပျော်နေကြသည်တော့ မဟုတ်ပေ။
"လာပါနဲ့... အပြာရောင် မဖြစ်ပါစေနဲ့... အပြာရောင် မဖြစ်ပါစေနဲ့... ငါ့နားမှာ ပါရမီရှင်တွေ ဒီလောက် အများကြီး ဝိုင်းမနေစေချင်တော့ဘူး..." ဟန်ယုမှာ တိုးတိုးတိတ်တိတ် ဆုတောင်းနေလေသည်။
အကယ်၍သာ နောက်ထပ် ထူးကဲသော ပါရမီရှင်များ ထပ်ရောက်လာပါက သူ၏ ကျင့်ကြံခြင်း အနာဂတ်မှာ ရေစိမ်ထားသော ကျမ်းလိပ်တစ်ခုကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ဟွန်း...။
ကောင်းကင်ဘုံက ရှားရှားပါးပါး ကရုဏာသက်ရောက်ဟန်ဖြင့် သူ၏ ဆုတောင်းကို ဖြေကြားပေးလိုက်သည်။ ကျောက်တိုင်ပေါ်မှ အလင်းရောင်များ တဖြည်းဖြည်း မှေးမှိန်သွား၏။
"ရှဲ့မင်... အစိမ်းရောင်အဆင့် ပါရမီ... မင်း အောင်တယ်..." အကြီးအကဲ နယ်ကျင်းက ကြေညာလိုက်သည်။
ရှဲ့မင်မှာ အောင့်ထားမိမှန်း မသိသော အသက်ကို မှုတ်ထုတ်လိုက်မိသည်။ စိတ်သက်သာရာ ရသွားမှုက နွေးထွေးသော ချီရေကန်ထဲတွင် စိမ်လိုက်ရသကဲ့သို့ သူမတစ်ကိုယ်လုံးကို လွှမ်းခြုံသွား၏။
'အပြာရောင် မဟုတ်ပေမဲ့... တော်တော် ကောင်းနေပါပြီ...' သူမ ပြုံးလိုက်မိသည်။
သူမ ကျေနပ်ပါသည်။ ပြဇာတ်ဆန်ဆန် ဖြစ်ရပ်များ မလိုအပ်တော့ချေ။ တောင်သခင်များ၏ ပြန်ပေးဆွဲခြင်းကို ခံရစရာ မလိုသလို အကြီးအကဲများ၏ အော်ဟစ်သံများကိုလည်း ကြားစရာ မလိုတော့ပေ။ တိတ်ဆိတ် ငြိမ်သက်သော အောင်မြင်မှုသာ ဖြစ်သည်။
"မင့်ဆုလာဘ်တွေ သွားယူချေ..." အကြီးအကဲ နယ်ကျင်းက အပြုံးရိပ်လေးဖြင့် ပြောလိုက်သည်။
ထို့နောက် သူသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး နာမည်တစ်ခုကို ရှာဖွေလိုက်၏။ သူ အထူး မျှော်လင့်ချက် ထားရှိသော လူတစ်ယောက် ဖြစ်သည်။ ကောင်းရန်၏ ရူးသွပ်ဖွယ်ရာ ရလဒ် ထွက်ပေါ်လာပြီးသည့်တိုင် ဤလူငယ်တွင်လည်း အလားအလာ ရှိနေသေးသည်ဟု အကြီးအကဲ နယ်ကျင်း ယုံကြည်ထားသည်။
'သူက အနက်ရောင် မဟုတ်ရင်တောင်... အနည်းဆုံးတော့ အစိမ်းရောင်လောက်တော့ ဖြစ်မှာပါ...' အကြီးအကဲ နယ်ကျင်း တွေးလိုက်ရင်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
အကယ်၍ မူရုံရှဲ့သာ အပြာရောင်အဆင့် ရရှိခဲ့လျှင်လည်း အဆင်ပြေပါသေးသည်။ ခိုင်မာပြီး လေးစားလောက်သော၊ အားထားရသော အဆင့်မျိုး ဖြစ်၏။ သို့သော် အနက်ရောင်အဆင့် ဆိုသည်မှာကား မဖြစ်နိုင်လောက်သည့် ကိစ္စမျိုး ဖြစ်သည်။
လွန်ခဲ့သည့် ၂၅ နှစ်တာ ကာလအတွင်း အနက်ရောင် ပါရမီရှင် ဟူ၍ ကောင်းရန် တစ်ယောက်သာ ပေါ်ပေါက်ခဲ့ဖူးသည်။
ခရမ်းရောင်အဆင့် ဆိုသည်ကတော့...
ဒဏ္ဍာရီ တစ်ခုသာ ဖြစ်ပေတော့သည်။