အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အခန်း ၈၅။ ကြွက်ဖမ်းပြိုင်ပွဲ
ဟန်ယုတစ်ယောက် သူ့အစီအစဉ်အတွက် ပြုံးနေစဉ်မှာပင်... ကျန်းရှီက ပါးစပ် နားရွက်တပ်မတတ် ပြုံးဖြီးလျက် လမ်းလျှောက်လာသည်။
"ဟန်ယု... သတင်းကောင်းပဲ... ငါ အထက်လူကြီးတချို့နဲ့ ညှိလိုက်တယ်..."
ဟန်ယု နောက်တစ်လှမ်း ဆုတ်လိုက်၏။
"အဲဒါက ဘာလို့ ခြိမ်းခြောက်သံ ပေါက်နေရတာလဲ..."
"မင်း တာဝန် ပြောင်းသွားပြီ...”
"...ဘယ်ကိုလဲ..."
"ပိုးမွှား ထိန်းချုပ်ရေးဌာန... သိုလှောင်ခန်း မြေတိုက်တွေမှာ ကြွက်တွေ သောင်းကျန်းနေတယ်... မင်းအလုပ်က အဲဒါတွေကို ရှင်းပစ်ဖို့ပဲ... လက်နဲ့ ဖမ်းရမှာနော်..."
ဟန်ယု မျက်တောင်ခတ်လိုက်၏။ "မင်းက ငါ့ကို ကြွက်တွေနဲ့ တိုက်ခိုက်ခိုင်းနေတာလား..."
"ဂုဏ်သိက္ခာရှိရှိ တိုက်ခိုက်ပါ..." ကျန်းရှီက ပြောရင်း တံမြက်စည်းတစ်ချောင်းကို ဟန်ယုလက်ထဲ ထည့်ပေးလိုက်သည်။
"သွားတော့... စွမ်းအားကြီးတဲ့ စစ်သည်တော်... မင်းရဲ့ ရာဇဝင်က ရောဂါကင်းစင်ပါစေ..."
ကျန်းရှီ ထွက်ခွာသွားသော်လည်း ဟန်ယုက အစီအစဉ် တစ်ခု ချပြီးနေပြီ ဖြစ်သည်။
'အင်း... အဲဒီကြွက်ကို ပြန်တွေ့နိုင်ချေ ဘယ်လောက်ရှိမလဲ... ဒါပေမဲ့ ကြွက်တွေ သောင်းကျန်းနေတဲ့ နေရာဆိုတော့ သူလည်း အဲဒီမှာ ရှိနိုင်ချေ များတယ်...' ကြွက်က သိပ်ဝေးဝေးမှာ နေမည်ဟု ဟန်ယု မထင်ပေ။
'အခြေအနေအရ ကြိုတင်ပြင်ဆင်ထားရမယ်...' ဟန်ယု တွေးရင်း ဝတုတ် ၂ ကို လိုက်ရှာလိုက်သည်။
တစ်နာရီခန့် အကြာ၊ သိုလှောင်ခန်း မြေတိုက်များ၌...
မြေတိုက်ခန်းများက မှောင်မိုက်နေသည်။ စိုစွတ်နေသည်။ မှိုနံ့ ရနေသည်။ သံသယ ဖြစ်ဖွယ် ကောင်းလောက်အောင် တကျွီကျွီ မြည်သံများ ကြားနေရသည်။
ဟန်ယုက တစ်ဒေါ်လာတန် နတ်ဆိုးနှင်သူ တစ်ယောက်ကဲ့သို့ တံမြက်စည်းကို ကိုင်ဆောင်၍ ဝင်ရောက်လာ၏။
အရိပ်ထဲမှ တဒေါက်ဒေါက် မြည်သံ သဲ့သဲ့ကို ကြားလိုက်ရသည်။ ထို့နောက်... ရင်းနှီးနေသော တကျွီကျွီအသံ။
ဝိညာဉ်ကြွက်က ပဲစေ့ခြောက် အိတ်တစ်အိတ်ပေါ်တွင် မတ်တတ်ရပ်နေသည်။ နံရံ အက်ကွဲကြောင်းမှ ဝင်ရောက်လာသော အလင်းတန်း တစ်ခုက သူ့ကျောဘက်မှ ထိုးထား၏။ သူက အမြီးကို ဝတ်ရုံခြုံထားသကဲ့သို့ ယမ်းခါလျက် ခမ်းနားသော ကိုယ်ဟန် ပြထားသည်။
ဟန်ယု တံမြက်စည်းကို ချလိုက်၏။
"မင်းပါလား..." ဟန်ယု ထင်ထားသည့်အတိုင်း ထိုကြွက်က ဤနေရာတွင် နေထိုင်ခြင်း ဖြစ်သည်။
ကြွက်က... မြေပဲတစ်စေ့ကို မြှောက်ပြလိုက်သည်။ ပြီးနောက် ဟန်ယုထံသို့ တိကျစွာ ပစ်လွှတ်လိုက်၏။ ဟန်ယု၏ နဖူးတည့်တည့်ကို ထိမှန်သွားသည်။
"နှုတ်ဆက်တယ်လို့ပဲ သဘောထားလိုက်မယ်..."
မြေတိုက်ထဲတွင် နောက်ထပ် အသံတစ်သံ ပဲ့တင်ထပ်သွားသည်။ အသံသစ် တစ်ခု ဖြစ်၏။
"ဟား... ဟား... ဟား... ဘယ်သူများလဲလို့... ဂိုဏ်းရဲ့ နာမည်အကြီးဆုံး မစင်ရေမြှုပ်ကောင်လေးပါလား..."
ဟန်ယု လှည့်ကြည့်လိုက်သောအခါ မျက်နှာသစ် တစ်ယောက် ဝင်လာသည်ကို တွေ့လိုက်ရသည်။ ပိန်ရှည်ရှည်နှင့် မျက်လုံးစူးစူး၊ မေးရိုးထက် ပိုချွန်သော အပြုံး၊ ပိုးမွှားနှိမ်နင်းရေး သမားတစ်ယောက်အတွက် မလိုအပ်ဘဲ ပိုနေသော ခါးစည်းကို စည်းနှောင်ထားသည့် အစေခံတစ်ယောက် ဖြစ်သည်။
"မင်းက ဘယ်သူ လဲ... " ဟန်ယုက တည်ငြိမ်စွာ မေးလိုက်၏။
"နာမည်က ရှန်ထူ..." ထိုအစေခံက အလင်းရောင် အောက်သို့ တိုးဝင်လာရင်း ပြောလိုက်သည်။ "မင်း စော်ကားခဲ့တဲ့ သူတစ်ယောက်က လွှတ်လိုက်တာ... မင်း ရှိနေတာက မျက်စိစပါးမွေး စူးစရာ ဖြစ်နေလို့တဲ့..."
"အိုး... ကောင်းတာပေါ့... နောက်ထပ် ပရိသတ်တစ်ယောက်..." ဟန်ယု သူ့ကို လာရှာမည့်သူ ဘယ်နှစ်ယောက် ကျန်သေးသလဲဟု တွေးမိလိုက်သည်။ 'ငါ လူတော်တော်များများကို စော်ကားမိခဲ့တာပဲ...' ဟန်ယု ရေတွက်ကြည့်လိုက်၏။
ပထမဆုံး မူရုံရှဲ့နှင့် ကောင်းရန်၊ ထို့နောက် သူတို့ကို ခေါ်လာသော အတွင်းစည်း ဂိုဏ်းသားများ၊ အကြီးအကဲ နယ်ကျင်းနှင့် သူ့ရုပ်ရည်ကို ကြည့်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရုံသက်သက်ဖြင့် မုန်းတီးနေသူများ အများကြီး ရှိသေးသည်။ စာရင်းက ရှည်လွန်းသဖြင့် ဟန်ယု ခေါင်းသာ ခါလိုက်ရ၏။
"ငါက စကားပြောဖို့ လာတာ မဟုတ်ဘူး..." ရှန်ထူက ပြောလိုက်သည်။ "ပြိုင်ဖို့ လာတာ... ငါ့ကို လွှတ်လိုက်တဲ့ ဂိုဏ်းသားက မင်းကို အရှက်ခွဲစေချင်တယ်... ဒါကြောင့် သဘောတူညီမှု လုပ်ကြမယ်... နေ့လယ်မတိုင်ခင် ဒီမြေတိုက်ထဲက ကြွက် ပိုဖမ်းနိုင်တဲ့သူက ကြွက်ဖမ်းဆုကြေးကို ရမယ်... ပြီးတော့ ဂုဏ်သိက္ခာကိုလည်း ရမယ်..."
ဟန်ယု မျက်ခုံးပင့်လိုက်၏။ "ငါတို့မှာ ဂုဏ်သိက္ခာ ဆိုတာ ရှိသေးလို့လား..."
ထိုသို့ဖြင့် ကြွက်ဖမ်းပြိုင်ပွဲ စတင်လေသည်။
ရှန်ထူက ဆန်းပြားသော ထောင်ချောက်များနှင့် လှောင်အိမ်များကို ထုတ်သုံးသည်။ ဟန်ယုကတော့ ရေပုံးတစ်ပုံး၊ ဝတုတ် ၂ ထံမှ ရထားသော မြေပဲများ နှင့် လှည့်လည်သွားလာနေသော ဘုန်းကြီးတစ်ပါးထံမှ တိတ်တဆိတ် ကြားဖူးသည့် သံသယ ဖြစ်ဖွယ်ရာ မန္တန်များကို အသုံးပြု၏။
မိနစ် ၂၀ အတွင်းမှာပင် ရှန်ထူက သာမန်ကြွက် ငါးကောင်နှင့် အကြီးအကျယ် စိတ်ရှုပ်ထွေးနေသော ဖားတစ်ကောင်ကို ဖမ်းမိထားသည်။
ဒါပေမဲ့ ဟန်ယုကရော...
သူ ဝိညာဉ်ကြွက်ကို ရထားသည်။
ထိုကြွက်က သူ့အတွက် အခြား ကြွက်နှစ်ကောင်ကို ခေါ်ဆောင်လာပေး၏။
ဟန်ယု မြှားစာအဖြစ် ချထားသော မြေပဲများနှင့် လဲလှယ်သည့် အနေဖြင့် စစ်ဘုရင်တစ်ပါးထံ ဆက်သသော လက်ဆောင်ပစ္စည်းသဖွယ် ယူဆောင်လာပေးခြင်း ဖြစ်သည်။
မုန်လာဥချဉ် ပန်းကန်တစ်လုံးဖြင့် မြေတိုက်ထဲသို့ တစ်နည်းနည်းဖြင့် ခိုးဝင်လာသော ဝတုတ် ၂မှာ ပါးစပ်အဟောင်းသား ဖြစ်နေ၏။ "မင်း ကြွက်ကို ယဉ်ပါးအောင် လုပ်လိုက်တာလား..."
"မဟုတ်ဘူး..." ဟန်ယုက တည်ကြည်စွာ ပြောလိုက်သည်။ "ငါတို့မှာ နားလည်မှု ရှိတယ်... ငါက မြေပဲပေးတယ်... သူက ငါ့ကို... လေးစားမှု ပေးတယ်..."
မြေပဲယူလာခြင်းက မှန်ကန်သော ရွေးချယ်မှု ဖြစ်ကြောင်း ယခု သူ သိလိုက်ပြီ ဖြစ်သည်။
ဝိညာဉ်ကြွက်က အာဟာရပြတ်နေသော တောသားလေးများကို ဆွဲခေါ်လာသော ကာယဗလ မောင်တစ်ယောက်ကဲ့သို့ နောက်ထပ် ကြွက်တစ်ကောင်ကို ဟန်ယု၏ ရေပုံးဆီသို့ ဆွဲလာသည်ကို ကြည့်ပြီး ရှန်ထူမှာ မေးရိုးပြုတ်ကျမတတ် ဖြစ်နေသည်။
"ဒါ မတရားဘူးကွ..." ရှန်ထူ အော်ဟစ်လိုက်၏။ "ဒါ ပူးပေါင်းကြံစည်တာ... သူက... သူက... သူက ကိုက်ဖြတ်သတ္တဝါတွေကို လာဘ်ထိုးနေတာ..."
ဟန်ယု မြေပဲတစ်စေ့ကို ကောက်ယူလိုက်သည်။ "ဒါက လာဘ်ထိုးတာ မဟုတ်ဘူး... သံတမန်ဆက်ဆံရေးလို့ ခေါ်တယ်..."
ခဏအကြာ၊ မြေတိုက်အပြင်ဘက်၌...
ရမှတ်များကို ရေတွက်လိုက်ကြသည်။
ရှန်ထူတွင် ကြွက် ၆ ကောင် (နှင့် သူ့ကို မကျေမနပ်ဖြင့် တအွတ်အွတ် အော်နေသော ဒေါသထွက်နေသည့် ဖားတစ်ကောင်) ရှိသည်။
ဟန်ယုတွင် ၁၁ ကောင် ရှိပြီး ၎င်းတို့ အားလုံးကို စီတန်းထားကာ ဝိညာဉ်ကြွက်က ဘုရင်လေးတစ်ပါးကဲ့သို့ ထိပ်ဆုံး၌ မောက်မာစွာ ထိုင်နေသည်။
ကျန်းရှီက လက်ပိုက်လျက် ရပ်ကြည့်နေ၏။ "ကောင်းပြီ... ဒါမျိုး ဖြစ်လာမယ်လို့ ငါ မထင်ထားဘူး..." ဟန်ယုက ရှန်ထူကို အပြတ်အသတ် အနိုင်ယူလိုက်ခြင်း ဖြစ်သည်။
ဟန်ယုကို ရှုံးနိမ့်စေပြီး အရှက်ကွဲစေချင်သော်လည်း ကျန်းရှီမှာ စည်းမျဉ်းများကို လေးစားရပေမည်။ ထို့ပြင် ဤအလုပ်က စီမံခန့်ခွဲရေး ဌာနလက်အောက်ရှိ ဂိုဏ်း၏ နေ့စဉ်လုပ်ငန်းဆောင်တာ ရုံးမှ တရားဝင် ချမှတ်ထားသော တာဝန်ဖြစ်သဖြင့် သူ ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး သိပ်မရှိပေ။
"ကြွက်တွေက ကြိုးစားတဲ့သူကို လေးစားတယ် ဆိုတာ ပေါ်သွားတာပေါ့..." ဟန်ယု ပခုံးတွန့်ပြလိုက်၏။ 'ပြီးတော့ သူတို့ရဲ့ အမျိုးတွေကို စတေးဖို့လည်း ဝန်မလေးကြဘူးပဲ...' သူ တွေးလိုက်မိသည်။
ဝိညာဉ်ကြွက်က သဘောတူသည့် ပုံစံဖြင့် ကျွီခနဲ အော်လိုက်၏။
ရှန်ထူ မျက်မှောင်ကြုတ်လိုက်သည်။ "ဒီကိစ္စ ဒီမှာ မပြီးသေးဘူး..."
"အိုး... ငါ သိပါတယ်..." ဟန်ယု ပြန်ပြောလိုက်၏။ "ဘာလို့လဲဆိုတော့ အခု ငါ မင့်နာမည်ကို သိသွားပြီလေ... ပိုအရေးကြီးတာက... သူလည်း မင့်ကို သိသွားပြီ..."
သူက ဝိညာဉ်ကြွက်ကို လက်ညှိုးထိုးပြလိုက်သည်။
ရှန်ထူ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ "မင်း အဲလို မလုပ်ပါဘူး..."
ဟန်ယု ပြုံးလိုက်သည်။ "သူက မျက်နှာ မှတ်မိတယ်နော်..." သူ့အသံထဲတွင် ခြိမ်းခြောက်သံ အနည်းငယ် ပါဝင်နေ၏။
ထိုနေ့ ညဘက်၊ အဆောင်အမှတ် ၉ တွင်...
ဟန်ယုမှာ ဒဏ်ရာအချို့ ရထားသော်လည်း ကျေနပ်ဂုဏ်ယူစွာ ပြန်ရောက်လာသည်။ ဝိညာဉ်ကြွက်က နံရံထဲသို့ ပြန်လည် ဝင်ရောက် ပျောက်ကွယ်သွားသော်လည်း နောက်ထပ် မြေပဲတစ်စေ့ ချန်ထားခဲ့ပေးသေး၏။ ဤမြေပဲက ပျားရည်သုတ်၍ မီးကင်ထားသော မြေပဲဖြစ်သည်။ ဟန်ယု သူ့ကို ကျွေးခဲ့သော သာမန် မြေပဲများနှင့် မတူပေ။
ဟန်ယုမှာ မြေပဲ တော်တော်များများကို အသုံးပြုလိုက်ရသည်။ ကြွက်ဖမ်းပြိုင်ပွဲ ပြီးဆုံးချိန်တွင် ဟန်ယုက မြေပဲကီလိုဝက်ခန့် သုံးစွဲလိုက်ရပြီး ကြွက်တစ်ကောင် တစ်နေ့တာ စားနိုင်သည့် ပမာဏထက် များစွာ ပိုနေ၏။ ကြွက်၏ ကိုယ်အလေးချိန်ထက် ၁၀ ဆခန့် ရှိမည်ဖြစ်ပြီး ထိုမြေပဲများကို ကြွက်က ဘာလုပ်ပစ်လိုက်သနည်း ဆိုသည်မှာ ပဟေဠိ ဖြစ်နေသည်။
သူ့အမျိုးများကို မြေပဲနှင့် လဲလှယ်၍ ပူဇော်ခဲ့သည်ကို ထောက်ချင့်လျှင် ထိုမြေပဲများကို သူတို့နှင့် မျှဝေစားသောက်ခဲ့ခြင်းတော့ မဟုတ်တန်ရာ။
အခန်း ၈၆။ အဝတ်လျှော်ခြင်း၊
လိမ်ညာခြင်းနှင့်
ပြိုင်ပွဲ ပြီးဆုံးသွားသဖြင့် ဟန်ယုမှာ တာဝန်လာစစ်ဆေးသော အပြင်စည်းဂိုဏ်းသားထံမှ ဆုကြေး ရလိုက်သည်။
"ငွေဒင်္ဂါး ၃၀ နဲ့ စားဖိုဆောင်အတွက် ထမင်းလက်မှတ် ၂ စောင်..." အပြင်စည်းဂိုဏ်းသားက လေသံအေးစက်စက်ဖြင့် ပြောပြီး ထွက်ခွာသွား၏။
သူ့တွင် လုပ်စရာများစွာ ရှိသေးသဖြင့် အစေခံက နာမည်ကျော် ဟန်ယု ဖြစ်သည်ကို မှတ်မိသော်လည်း အချိန်ဖြုန်းမနေတော့ပေ။
သူ ထွက်သွားသည်နှင့် ဟန်ယု အဆောင်သို့ ပြန်လာပြီး ကိုယ်လက်သန့်စင်၊ အစာစားကာ ညမအိပ်မီ ခေတ္တမျှ ကျင့်ကြံလိုက်သည်။
အလင်းရောင်ထက် မီးခိုးအထွက်များသော ဆီမီးခွက်၏ မှိန်ဖျဖျ အလင်းရောင်အောက်တွင် ဟန်ယုနှင့် ဝတုတ် ၂တို့ အလေးအနက် ဆွေးနွေးနေကြ၏။
"ကောင်းပြီ... ငါတို့သာ နောက်ထပ် ကြွက် ၁၀ ကောင်လောက် ရှာနိုင်ပြီး လှည့်ကွက်တွေ သင်ပေးမယ်... ပြီးရင် ဦးထုပ်သေးသေးလေးတွေ ဆောင်းပေးလိုက်ရင် လမ်းဘေး ဖျော်ဖြေရေး အဖွဲ့ ထောင်လို့ ရပြီ... နာမည်ကို 'ကြွက်ဂိုဏ်းသားများ' လို့ ပေးမယ်..."
ဝတုတ် ၂ က ဟန်ယုနှင့် ဆွေးနွေးထားသော ရယ်စရာ အစီအစဉ်အကြောင်းကို အသည်းအသန် မှတ်စု ထုတ်ရေးနေသည်။
"တစ်နှစ်လောက်ဆိုရင် ဝိညာဉ်ကျောက်တုံး ၃ တုံးလောက် ဝယ်နိုင်တဲ့အထိ စုမိမယ်လို့ ငါ သေချာပေါက် ပြောရဲတယ်..." သူက စတော့ရှယ်ယာ ပွဲစားတစ်ယောက်၏ ယုံကြည်မှုမျိုးဖြင့် ပြောလိုက်၏။
ဟန်ယု ခေါင်းညိတ်လိုက်သည်။ "ငါ သဘောကျတယ်... ဒါပေမဲ့ အရင်ဆုံး မြေပဲတွေ ပိုလိုမယ်..." ဝိညာဉ်ကြွက်၏ မျက်နှာသာပေးမှုကို ရရှိရန် မြေပဲများက အဓိက ကျခဲ့သည်။
'တစ်ကောင်ရှိရင် သူနဲ့တူတဲ့ကောင်တွေ နောက်ထပ် ရှိမှာပဲ... ဒါက ကျင့်ကြံခြင်း ဂိုဏ်းလေ... ရိုးရိုး ဂိုဏ်းတောင် မဟုတ်ဘူး... တိုက်ကြီးတစ်ခုလုံးမှာ ထိပ်သီး ၁၀ ဂိုဏ်း စာရင်းဝင်တဲ့ ဂိုဏ်း... ရှိနေနိုင်တဲ့ ကြွက်ပမာဏနဲ့ဆိုရင် ဉာဏ်ရည်ရသွားတဲ့ ကြွက် အနည်းဆုံး လက်တစ်ဆုပ်စာလောက်တော့ ရှိမှာပဲ...' ဟန်ယု တွေးလိုက်မိသည်။
သူ ဖျာပေါ်တွင် ပက်လက်လှန်၍ ခေါင်းအောက် လက်ခုထားကာ အပေါ်ရှိ ကြယ်တစ်ပွင့်တည်းကို စိုက်ကြည့်လိုက်၏။ သူ့ခေါင်းကို အိမ်သာအဖြစ် အသုံးပြုရန် ကြိုက်နှစ်သက်ပုံရသော ခိုကို သတိရရင်း သတိထား ကြည့်လိုက်သည်။ ဘာမှ မမြင်ရတော့မှ ဟန်ယု သက်ပြင်းချနိုင်တော့၏။
"အဆင့် ၁ - ကြွက်တွေနဲ့ မိတ်ဆွေဖွဲ့မယ်။
အဆင့် ၂ - ချစ်စရာကောင်းမှုကို လက်နက်အဖြစ် ပြောင်းမယ်။
အဆင့် ၃ - ဂိုဏ်းကို ဖြိုချမယ်..."
ဝတုတ် မျက်မှောင်ကြုတ်လိုက်သည်။ "အဆင့် ၃ က 'ဂိုဏ်းသား ဖြစ်လာမယ်' လို့ ဖြစ်သင့်တာ မဟုတ်ဘူးလား..."
ဟန်ယု ပြုံးလိုက်၏။
"အတူတူပါပဲ..."
နောက်တစ်နေ့ မနက်ခင်းသည် ဟန်ယု ကြောက်ရွံ့တတ်လာပြီ ဖြစ်သော မကောင်းသည့် အငွေ့အသက်များဖြင့် စတင်လေသည်။
တိတ်ဆိတ်ခြင်းဖြင့် စတင်ခြင်း ဖြစ်၏။
အဆောင်အမှတ် ၉ သည် ပုံမှန်အားဖြင့် ညည်းညူသံများ၊ ဟောက်သံများနှင့် မီးဖိုထဲ ထည့်၍ ဖျက်ဆီးပစ်ရမည့် ချို့ယွင်းချက်ရှိ ပစ္စည်းများကို ခိုးယူလာသော ကောင်လေးကြောင့် ဖြစ်ပေါ်လာသည့် ပေါက်ကွဲသံ တစ်ခုလောက်တော့ ဆူညံနေတတ်သည်။ သို့သော် ဒီနေ့ ဟန်ယု အိပ်ချင်မူးတူး ထထိုင်လိုက်ချိန်တွင် အခန်းက တိတ်ဆိတ်နေ၏။
သိပ်ကို တိတ်ဆိတ်လွန်းနေသည်။
ထို့နောက် တံခါး ပွင့်ထွက်သွားသည်။
"ဟန်ယု..." သွေးကြောပေါက်တော့မည့် မောင်းသံကြီးနှင့် တူသော အသံကြီးဖြင့် အော်ခေါ်လိုက်၏။
ကျန်းရှီ ဝင်လာပြီး သေမိန့်စာအမိန့် ကဲ့သို့သော ကျမ်းလိပ်တစ်ခုကို ကိုင်ဆောင်ထားသည်။ ဟန်ယု၏ ပေါင်ပေါ်သို့ ပစ်တင်ပေးလိုက်၏။ ဟန်ယု မနေ့က ပြိုင်ပွဲနိုင်သွားသဖြင့် သူ စိတ်ဆိုးနေခြင်း ဖြစ်သည်။ အထူးသဖြင့် ဆုကြေးငွေက သူ့လစာထဲမှ ဖြတ်ပေးလိုက်ရသောကြောင့် ဖြစ်၏။
"စည်းကမ်းပိုင်းဆိုင်ရာ ဆင့်ခေါ်စာလား..." ဟန်ယု မျက်တောင်ခတ်လိုက်သည်။ "ကြွက်တွေကြောင့်လား..."
"မင်းက ကိုက်ဖြတ်သတ္တဝါတွေကို လက်နက်အဖြစ် ပြောင်းလိုက်တယ်လေ..."
"သူတို့ သဘောနဲ့ သူတို့ လုပ်တာပါ..."
"မင်း သူတို့ကို နာမည်ပေးလိုက်တယ်..."
"တစ်ကောင်တည်းကိုပဲ ပေးတာပါ..." ဟန်ယု ကန့်ကွက်လိုက်သည်။ "ပြီးတော့ သူ့နာမည်က တာအိုဆရာ ကြွက်ကလေး..." သူ ပြောလိုက်၏။
ကျန်းရှီက မာန်ဖီလိုက်သည်။ "နေ့လယ်ကျရင် အပြင်စည်း စည်းကမ်းထိန်းသိမ်းရေး နန်းဆောင်ကို လာသတင်းပို့ရမယ်... မင်းကို စွပ်စွဲထားတာက... ငါ အတိအကျ ဖတ်ပြမယ်... 'ဂိုဏ်းနယ်နိမိတ်အတွင်း ကြွက်အခြေပြု ထောက်လှမ်းရေး ကွန်ရက်တစ်ခု တည်ထောင်ခြင်း' တဲ့..."
ဟန်ယု မတ်တတ်ရပ်လိုက်ပြီး မျက်လုံး ပြူးသွားသည်။ 'သူတို့ သိသွားကြပြီပဲ...' ဘယ်လို သိသွားသလဲ ဆိုသည်ကိုတော့ သူ မသိပေ။
ကျန်းရှီက သူ့ကို အကွက်ဆင်ရန် ရမ်းသမ်း စွပ်စွဲလိုက်ခြင်းသာ ဖြစ်ပါစေဟု သူ ဆုတောင်းနေမိသည်။
ဝတုတ် ၂ က အသက်ရှူ မှားသွား၏။ "နေပါဦး... မြေပဲ စီမံချက် ပေါက်ကြားသွားတာလား..." သူက ဟန်ယုအနား ကပ်၍ တီးတိုး မေးလိုက်သည်။
"...ငါ မသိသေးဘူး..." ဟန်ယု မျက်လုံးများကို ကျဉ်းမြောင်း၍ တီးတိုး ပြောလိုက်၏။
ခဏအကြာ၊ စည်းကမ်းထိန်းသိမ်းရေး နန်းဆောင်၌...
နန်းဆောင်က မြင့်မားပြီး မှောင်မိုက်ကာ ယုံနိုင်စရာ မရှိလောက်အောင် ပြဇာတ်ဆန်လွန်းသည်။ အိပ်မက်များ လာရောက် သေဆုံးရာ နေရာနှင့် တူနေ၏။
အတွင်းဘက်တွင် ဟန်ယုက အပြင်စည်းဂိုဏ်းသား ၃ ယောက်နှင့် မျက်နှာချင်းဆိုင် ထိုင်နေရသည်။ ထိုဂိုဏ်းသားများက ဂိုဏ်းစတင် တည်ထောင်ကတည်းက တစ်ခါမှ မပြုံးဖူးသည့် ပုံစံများ ဖြစ်နေကြ၏။
"ဟန်ယု..." အလယ်မှ ဂိုဏ်းသားက ရေခဲတုံးကဲ့သို့ အေးစက်သော အကြည့်ဖြင့် ငုံ့ကြည့်ကာ ပြောလိုက်သည်။ "မင်းက ဝိညာဉ် ကိုက်ဖြတ်သတ္တဝါတွေနဲ့ ပေါင်းသင်းတယ်လို့ စွပ်စွဲခံထားရတယ်..."
"ကျွန်တော်ကတော့ 'မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့ခြင်း' လို့ ခေါ်ချင်ပါတယ်..."
"မင်း ကိုယ့်အခြေအနေကိုယ် ပိုဆိုးအောင် လုပ်နေတာပဲ..."
"ကျွန်တော့်ကို အပြစ်ပေးမလို့လား၊ ရာထူးတိုးပေးမလို့လား... ခင်ဗျားတို့ရဲ့ ထောက်လှမ်းရေး ကွန်ရက်က ခင်ဗျားတို့ရဲ့ အဝတ်လျှော် စနစ်လိုပဲ ဆိုးရွားနေတယ် ဆိုရင်တော့... ကျွန်တော်က ခင်ဗျားတို့ လိုအပ်နေတဲ့ အဆင့်မြှင့်တင်မှု ဖြစ်လာနိုင်ပါတယ်..."
ခဏမျှ တိတ်ဆိတ်သွားသည်။
ဂိုဏ်းသားတစ်ယောက်က ရယ်ချင်စိတ်ကို ထိန်းရန် ချောင်းဟန့်လိုက်၏။ ဟန်ယု ပြုံးလိုက်သည်။
'ငါ့ရဲ့ စကားပြောစွမ်းရည်က အမြဲ အသုံးဝင်မယ်ဆိုတာ ငါ သိတယ်...' ဟန်ယု တွေးလိုက်၏။ 'သူတို့ ရယ်လိုက်တာနဲ့ သူတို့ မင်းကို သဘောကျသွားပြီ... မကြာခင် သူတို့က မင်းရဲ့ လက်ခုပ်ထဲ ရောက်လာလိမ့်မယ်...' လောကသဘာဝကို သူ နားလည်ထားသည်။
ခေါင်းဆောင် ဂိုဏ်းသားက ပို၍ မျက်မှောင်ကြုတ်လိုက်သည်။ "ရှန်ထူဆီက သက်သေထွက်ဆိုချက် ရထားတယ်... မင်းက ဝိညာဉ်သားရဲကို လာဘ်ထိုးခဲ့တယ်လို့ သူ ပြောတယ်..."
ဟန်ယု ရှေ့တိုးလိုက်၏။ "အဲဒါဆိုရင် ရှန်ထူက တစ်ယောက်ယောက်ရဲ့ ရေချိုးကန်ထဲကို ငရုတ်သီးဆီ ခိုးထည့်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ကျွန်တော် ထွက်ဆိုချင်ပါတယ်..."
အခြား ဂိုဏ်းသားတစ်ယောက် မျက်တောင်ခတ်လိုက်သည်။ "သူ ဘာလုပ်တယ်..."
"သူ့အခန်းကို သွားစစ်ကြည့်ပါ... ဖက်ထုပ်ကြော် ဖက်ရွက်တွေ၊ မုန်ညင်းစပ်တွေနဲ့ ငရုတ်သီးဆီ ပန်းကန်လုံး တစ်လုံး တွေ့ရပါလိမ့်မယ်... သူက စိတ်မမှန်ဘူး..." ဟန်ယုက မျက်နှာသေဖြင့် ပြောလိုက်သည်။
အပြင်စည်းဂိုဏ်းသား ၃ ယောက် ဘာပြောရမှန်း မသိတော့ပေ။
'ကြားနာပွဲ' က တစ်နည်းနည်းဖြင့် ဆက်လက် ပြုလုပ်ခဲ့ပြီး ရလဒ် ထွက်ပေါ်လာသည်။
ဝိညာဉ်ကြွက်များကို နည်းပညာအရ တားမြစ်ထားခြင်း မရှိသော်လည်း... အားမပေးကြောင်း တွေ့ရှိရသည်။
အထူးသဖြင့် နေရာအနှံ့ ဝင်ရောက်နိုင်ခြင်း၊ သတင်းပို့နိုင်ခြင်းနှင့် သော့များကို ဖွင့်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ သို့သော် သေချာတော့ မည်သူမျှ မသိကြပေ။
ဟန်ယုက သတိပေးချက် တစ်ခု၊ ၅ ရက်တာ ခံဝန်ချုပ် တစ်ခုနှင့် တရားဝင် မှတ်ချက်စာ တစ်စောင် ရရှိခဲ့သည်။
"ဟန်ယုအား ကိုက်ဖြတ်သတ္တဝါများ၊ စာပို့ငှက်များ သို့မဟုတ် မည်သည့် ဝိညာဉ်ခရုမျိုးနွယ်ကိုမဆို ယုံကြည်အပ်နှံခြင်း မပြုရ"
ပထမတစ်ခုက ရှင်းသော်လည်း ဒုတိယတစ်ခုက အနည်းငယ် ရှုပ်ထွေးသည်။ တတိယတစ်ခုကတော့ လုံးဝ အဓိပ္ပာယ် မရှိပေ။
'ငါ့ကို ဉာဏ်ကောင်းတဲ့ ဝိညာဉ်ခရု ရှာတွေ့မယ်လို့ သူတို့ ထင်နေကြတာလား...' ဟန်ယု ထွက်ခွာလာရင်း တွေးမိလိုက်သည်။
ထိုနေ့ ညနေပိုင်းတွင် ဟန်ယု ခေတ္တ အနားယူပြီး အစာစားကာ နာရီဝက်ခန့် လေ့ကျင့်ပြီးနောက် သူ့တာဝန်များကို ပြန်လုပ်ရန် ပြင်လိုက်သည်။ သို့သော် ကံဆိုးစွာပင် ဟန်ယုမှာ ရှန်ထူ၏ လက်ချက်ဖြင့် အဝတ်လျှော်ဌာနသို့ "မတော်တဆ" တာဝန်ပြောင်းခြင်း ခံလိုက်ရလေသည်။