အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း ၈၇။ ဆွဲယူ အခြောက်လှန်းခြင်း မဟာစစ်ဆင်ရေး
အဝတ်လျှော်ရသည်မှာ အဆင်ပြေမည့်ပုံ ပေါက်သော်လည်း ဟန်ယု ရောက်သွားသောအခါ အောက်ပါတို့ကို တွေ့လိုက်ရ၏။
ဆပ်ပြာ မရှိ။
ရေ မရှိ။
အဝတ် မရှိ။
"အဝတ်တွေ ဘယ်မှာလဲ..." ဟန်ယု မေးလိုက်သည်။
ရှန်ထူက အနီးရှိ ခေါင်မိုးကြွပ်ပြား တစ်ချပ်ပေါ်မှ ပြုံးဖြီးဖြီး လုပ်နေ၏။ "ချောင်းထဲမှာလေ... တောင်အောက်ဘက်မှာ... ဝတ်ရုံ အထည် ၅၀... အားလုံးက အပြင်စည်း ဂိုဏ်းသားတွေရဲ့ ဝတ်ရုံတွေ..."
"မင်း ချောင်းထဲ ပစ်ချလိုက်တာလား..."
"မင်းရဲ့ ဂုဏ်သိက္ခာအတွက်... ရေကူးသင်ခန်းစာလို့ပဲ သဘောထားလိုက်ပါ..."
"ကောင်းပြီလေ... ထားလိုက်တော့..." ဟန်ယု အဝေးတစ်နေရာကို ငေးကြည့်လိုက်၏။
"ငါက ရေမကူးတတ်တာမှ မဟုတ်တာ..." သူ တီးတိုး ပြောလိုက်သည်။
တစ်နာရီအကြာ၊ ချောင်းစပ်နားတွင်...
ဟန်ယုမှာ ရွှံ့ဗွက်များနှင့် ကိုက်တတ်သော ယင်ကောင်များကို ဖြတ်ကျော်နေရသည်။
ရေက ပေါင်လယ်လောက်အထိ ရှိနေ၏။ ဝတ်ရုံများက ရေမှော်များကဲ့သို့ သူ့ခြေကျင်းဝတ်တွင် လာငြိနေသည်။
"ငါ ဒီဂိုဏ်းကို မုန်းတယ်..." သူ ရေရွတ်လိုက်၏။ "နောက်ထပ် စိုရွှဲနေတဲ့ ဝတ်ရုံတစ်ထည်ကို ဆွဲထုတ်ရင်း... ငါ ဒီချောင်းကို မုန်းတယ်... ရှန်ထူကို မုန်းတယ်... သူ့ရဲ့ တုံးအတဲ့ မျက်ခုံးမွှေးတွေကိုလည်း မုန်းတယ်..."
သူ ကျေးဇူးတင်မိသည့် တစ်ခုတည်းသော အရာမှာ ရေက သိပ်မအေးခြင်း ဖြစ်သည်။
'ဒီမှာ ဆောင်းရာသီ ရောက်တာ ဝက်သစ်ချခေါင်းမြို့ထက် နောက်ကျတာ ကံကောင်းတယ်...' ဟန်ယု တွေးနေစဉ် အသံတစ်ခု ကြားလိုက်ရသည်။
"ကျွီ..."
ဟန်ယု လှည့်ကြည့်လိုက်၏။
ဝိညာဉ်ကြွက်က အနီးရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်၍ သူ့ကို လေးလေးနက်နက် ကြည့်နေသည်။ သူ့နောက်တွင်... အခြား ကြွက် ၄ ကောင် ရှိနေ၏။ သူတို့တွင် ကြိုးသေးသေးလေးတွေ ပါလာသည်။ တစ်ကောင်ဆိုလျှင် ကျောကုန်းတွင် အပ်တစ်ချောင်း ချည်ထားသေးသည်။
"...နေပါဦး... မင်း စစ်ကူ ခေါ်လာတာလား..." ဟန်ယု မျက်လုံးပြူးသွား၏။
ဝိညာဉ်ကြွက်က ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်သည်။
ဟန်ယု သည်ကဲ့သို့ အကူအညီ ရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ အထူးသဖြင့် ဝိညာဉ်ကြွက် တပ်ဖွဲ့တစ်ဖွဲ့လုံး ရောက်လာမည်ဟု ထင်မထားခဲ့ခြင်း ဖြစ်သည်။
သူတို့ ဘာကြောင့် ဒီလို ဖြစ်နေရသလဲ ဆိုသည်ကိုတော့ ဟန်ယု အံ့သြမိသည်။ ယခုအချိန်တွင်မူ ၎င်းတို့သည် ဝိညာဉ်ကြွက် အစစ်များ မဟုတ်ဘဲ ကျင့်ကြံခြင်း အဆင့် နိမ့်လွန်းသေးကြောင်း သူ သိထားပြီး ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အပြင်စည်းဂိုဏ်းသား ၃ ယောက်ကလည်း အတည်ပြုပေးခဲ့ပြီး ဖြစ်၏။
ကြွက်များမှာ ခန္ဓာသန့်စင်ခြင်း အဋ္ဌမအဆင့် သားရဲများသာ ဖြစ်ကြသည်။ ရိုးရိုးသားသား ပြောရလျှင် ကြွက်တစ်ကောင်ကပင် သူ့ထက် အဆင့်မြင့်နေသည်မှာ ဟန်ယုအတွက် သနားစရာ ကောင်းလှသည်။
ထို့ကြောင့်လည်း သူ အပြစ်ပေးခံရမှု သက်သာခဲ့ခြင်း ဖြစ်သည်။ တကယ်သာ ဝိညာဉ်အဆင့် ကြွက်ဖြစ်ခဲ့လျှင် ဟန်ယု ဒုက္ခအကြီးအကျယ် ရောက်ပေလိမ့်မည်။ အစေခံများသည် ဝိညာဉ်သားရဲများကို ယဉ်ပါးအောင် မွေးမြူခွင့် မရှိပေ။ သူတို့၏ ကျင့်ကြံခြင်း အခြေခံနှင့်ဆိုလျှင် မဖြစ်နိုင်ဟု ထင်ရသော်လည်း စည်းကမ်းက စည်းကမ်းပင် ဖြစ်၏။
ဟန်ယုမှာ ကြွက်များ၏ ဉာဏ်ရည်နှင့် ပတ်သက်ပြီး အံ့သြချိန် သိပ်မရလိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့တွင် လုပ်စရာ တာဝန် ရှိနေသောကြောင့် ဖြစ်သည်။
ထိုစစ်ဆင်ရေးကို ဒေသခံ ပိုးမွှား ရာဇဝင်တွင် 'ဆွဲယူ အခြောက်လှန်းခြင်း မဟာစစ်ဆင်ရေး' ဟု မှတ်တမ်းတင်ထားကြလိမ့်မည်။
ရှန်ထူ ပြန်ရောက်လာပြီး မောက်မာစွာဖြင့် လှောင်ပြောင်ရန် ပြင်လိုက်ချိန်တွင် ဟန်ယုက နောက်ဆုံး ဝတ်ရုံကို ရေညှစ်ပြီးသွားပြီ ဖြစ်သည်။
"အမယ်လေး... ဟန်ယုလေး ရေနစ်နေ..."
သူ ရပ်တန့်သွား၏။
ဝတ်ရုံတိုင်းက တန်းပေါ်တွင် ခြောက်သွေ့လျက် ခေါက်ပြီးသား ဖြစ်နေသည်။ တချို့ဆိုလျှင် မီးပူတိုက်ထားသကဲ့သို့ ပန်းပွင့်ပုံစံလေးများပင် ဖော်ထားသေး၏။
ဟန်ယုက အဝတ်လှန်းစင်ဘေးတွင် ရပ်နေပြီး ပုခုံးပေါ်တွင် တဘက်တစ်ထည် တင်ထားသည်။ ရေစပ်နားမှ သူ ခူးလာသော ဒန္ဒာလီပန်းများဖြင့် ဖျော်ထားသည့် လက်ဖက်ရည်ကို သောက်နေ၏။
"ဘယ်လို..." ရှန်ထူ လေသံ တိုးသွားသည်။
"မင်း ဘယ်လိုလုပ်..."
ဟန်ယုက ဝိညာဉ်ကြွက်ကို ပုတ်ပေးလိုက်၏။
"ငါ့မှာ အဖွဲ့ ရှိနေပြီ..."
ကြွက်က ဂိုဏ်းသားတစ်ယောက်၏ အတွင်းခံ အစအနဖြင့် ပြုလုပ်ထားသော အလံသေးသေးလေးကို ဝှေ့ယမ်းပြလိုက်ရာ ရှန်ထူတစ်ယောက် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
ထိုနေ့ ညဘက်၊ အဆောင်အမှတ် ၉ တွင်...
အသားပေါက်စီများကို ညစာအဖြစ် စားရင်း ဟန်ယု ရှင်းပြသည်ကို ဝတုတ် ၂ နားထောင်ကာ မှင်သက်နေသည်။
"မင်း ပြောချင်တာက... ကြွက်တွေက အခု မင်းဆီမှာ အလုပ်လုပ်နေတယ် ပေါ့..."
"မဟုတ်ဘူး..." ဟန်ယု ပြင်ပြောလိုက်သည်။ "ငါတို့က အတူတူ အလုပ်လုပ်တာ..."
"သူတို့က... မင်းရဲ့ တပည့်လေးတွေလိုမျိုးလား..."
ဟန်ယုက ခေါင်မိုးပေါက်မှတစ်ဆင့် အပြင်သို့ ငေးကြည့်လိုက်ပြန်သည်။ "မဟုတ်ဘူး... တပည့်တွေ မဟုတ်ဘူး..."
သူ ပြုံးလိုက်၏။
"မိသားစု..."
နောက်တစ်နေ့ မနက်ခင်းတွင် အဆင့်နိမ့် အစေခံဘဝ၏ ထုံးစံအတိုင်း ဝါး၍ မရအောင် မာကျောသော မနက်စာနှင့် အထူး အငြိုးကြီးသော အိမ်တွင်းအလှစိုက်ပင် တစ်ပင်ကဲ့သို့ ထောင့်တစ်နေရာတွင် ချောင်းနေသော ရှန်ထူတို့ဖြင့် ဟန်ယုကို ကြိုဆိုလေသည်။
"ဒီနေ့ မီးဖိုချောင် တာဝန်..." ကျန်းရှီက အဆီပြန်နေသော ခါးစည်းဝတ်စုံနှင့် သံချေးတက်နေသော ယောက်မ တစ်ချောင်းကို ပစ်ပေးရင်း ပြောလိုက်သည်။
"ဘယ်သူ့ကိုမှ အဆိပ်မခတ်မိစေနဲ့..."
"မီးဖိုချောင် တာဝန် ထပ်ကျပြန်ပြီလား... ဘာလို့ အဆင့်မြင့် အစေခံတွေ လုပ်ရတဲ့ အလုပ်ကို ငါ့ပေးနေရတာလဲ..." ဟန်ယု မေးလိုက်ပြီး ယောက်မကို မျက်လုံးမှေး ကြည့်လိုက်သည်။ "...ဒါကြီးက ကောက်နေပါလား... ပြီးတော့ ဟိုဟာက... သွေးလား..."
ကျန်းရှီက ဘာမှ ပြန်မဖြေဘဲ ထွက်ခွာသွား၏။
ဝတုတ် ၂ က သူ့ပခုံးကို ပုတ်လိုက်သည်။ "မင်း သေသွားရင် မင်းရဲ့ ဖက်ထုပ် ချက်နည်း ငါ့ကို ပေးခဲ့လို့ ရမလား..."
"ငါ့မှာ ဖက်ထုပ် ချက်နည်း မရှိဘူး..."
"ဒါဆိုရင် မင်း မသေသေးတာ ကောင်းတာပေါ့..."
ဝတုတ် ၂ ပြောလိုက်သောအခါ ဟန်ယု သက်ပြင်းချ၍ ထွက်လာခဲ့သည်။
ရွက်မွှာနှစ်ဖက် တောင်ထွတ်ဂိုဏ်း၏ မီးဖိုချောင်သည် ဟင်းချက်သည့် နေရာနှင့် မတူဘဲ မီးနှင့် မီးဖိုချောင်သုံး ပစ္စည်းများ၏ စစ်မြေပြင်နှင့် ပိုတူနေသည်။ အိုးခွက်များ ဂလောင်ဂလင် မြည်နေပြီး မီးခိုးများ အူထွက်နေသည်။ ဒယ်အိုးကြီး တစ်လုံးဆီမှ အော်သံ ထွက်နေ၏။ အတွင်းမှ အရာတစ်ခုခုကြောင့် မဟုတ်ဘဲ... ဖြစ်တည်မှုဆိုင်ရာ ကြောက်ရွံ့မှုကြောင့် အော်နေခြင်း ဖြစ်သည်။
ဟန်ယုက ခါးစည်း ဝတ်စုံ ဝတ်လျက် ယောက်မကို အဆင်သင့် ကိုင်ကာ သတိထား ဝင်ရောက်သွားသည်။
"မင်းကို ထမင်းချက်တာဝန် ပေးထားတယ်..." မီးခိုးများ ပေကျံနေပြီး ပင်ပန်းနေပုံရသော ထမင်းချက်တစ်ယောက်က ပြောလိုက်၏။
"မင်း ဒါကို ရှုပ်ပွအောင် လုပ်မိရင် အပြင်စည်း ဂိုဏ်းသားတွေက ဆူပူသောင်းကျန်းကြလိမ့်မယ်... ပြီးခဲ့တဲ့ လတုန်းက ဖက်ထုပ် မကျက်လို့ လူတစ်ယောက် ဓားနဲ့ အထိုးခံလိုက်ရတယ်..."
"ဖိအား မရှိပါဘူး..." ဟန်ယုက ချီစွမ်းအင်ကြောင့် တောက်ပနေသော ဝိညာဉ်ဆန်အိတ်ကို ကြည့်ရင်း ပြောလိုက်သည်။ ဆန်စေ့များက မောက်မာနေပုံ ရ၏။
ယခုတစ်ကြိမ်တွင်မူ ဝိညာဉ်အစားအစာ အစစ်ဖြစ်ပြီး အပြင်စည်း ဂိုဏ်းသားများ တစ်ပတ်လျှင် တစ်ကြိမ်သာ စားသုံးခွင့်ရသော အရာ ဖြစ်သည်။ ဟန်ယု အမှားလုပ်၍ မရပေ။ ပါဝင်ပစ္စည်းများ၏ တန်ဖိုးတစ်ခုတည်းနှင့်ပင် သူ့ကို အသက် ၄၀ အထိ အကြွေးဆပ်မကုန်အောင် ဖြစ်စေနိုင်သည်။
သူက ရှေးဟောင်း အစေခံ ဟင်းချက်စာအုပ်အတိုင်း စတင် ဆေးကြော လှီးဖြတ်လိုက်သည်။
'အဆင့် ၁ - မသေစေနဲ့။ အဆင့် ၂ - ဆန်ဆေး။ အဆင့် ၃ - မျှော်လင့်ချက်ထား။'
အရာအားလုံး အဆင်ပြေနေသယောင် ရှိသော်လည်း ဖျက်လိုဖျက်ဆီး လုပ်ရပ်များ စတင်လာသောအခါ ပျက်စီးသွားသည်။
ချက်နေရင်းတန်းလန်း မီးဖိုမှ မီး ရုတ်တရက် ငြိမ်းသွားသည်။ ရေအိုးထဲတွင် ဆန်းကြယ်စွာဖြင့် ရှာလကာရည်များ ပြည့်နေ၏။ တစ်ယောက်ယောက်က ဝိညာဉ်ဆားအစား ကဏန်းခွံမှုန့်များနှင့် လဲထည့်ထားသည်။
ဟန်ယု မော့ကြည့်လိုက်၏။ ရှန်ထူက တံခါးဝတွင် ရပ်လျက် ဟန်မပျက် လေချွန်နေသည်။ သူ့လက်ထဲတွင် သံသယ ဖြစ်ဖွယ် ကောင်းလောက်အောင် ကဏန်းပုံစံ ရှိသော ဘူးတစ်ဘူး ကိုင်ထား၏။
"အိုး... မဟုတ်သေးပါဘူး..." ဟန်ယုက ပွက်ပွက်ဆူနေပြီး ကျိန်စာသင့်နေသော ဒယ်အိုးကြီးကို ကြည့်ကာ ရေရွတ်လိုက်သည်။ "ဆန်တွေက ပွတ်ပွတ်ဆူကုန်ပြီ..." ကဏန်းခွံမှုန့်များက ဝိညာဉ်ဆန်နှင့် ဓာတ်ပြုပြီး တစ်နည်းနည်းဖြင့် ပြောင်းလဲသွားခြင်း ဖြစ်သည်။
ရှန်ထူက တဟားဟား ရယ်မောပြီး ခိုးကြောင်ခိုးဝှက် ထွက်ခွာသွားသည်။ အိုးပေါက်ကွဲသောအခါ ဘေးထွက်ဆိုးကျိုး မခံစားချင်သောကြောင့် ဖြစ်၏။
'ဂန္ထဝင် ဝိညာဉ်ဆန်နှင့် ပွက်ပွက်ဆူ ကဏန်းခွံ ပေါင်းစပ်မှု...' ရှန်ထူက သူ့အလုပ်သူ လုပ်ရန် သွားရင်း ကျေနပ်စွာ ပြုံးလိုက်သည်။
ဟန်ယု သေချာပေါက် ဒုက္ခရောက်တော့မည်ဟု သူ ယုံကြည်ထား၏။
ထိုစဉ်မှာပင် အရိပ်ထဲမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။
ကျွီ.....
အခန်း ၈၈။ အက်စ်အိပ်ချ်အိပ်ချ်
ဝိညာဉ်ကြွက် ပြန်ရောက်လာ၏။ ဤတစ်ကြိမ်တွင်မူ သူ့နောက်လိုက် အပေါင်းအပါများနှင့်အတူ ဧည့်သည်တစ်ဦးပါ ပါလာသည်။
သူ့အမြီးပေါ်တွင် ဆန်စေ့ပုံစံ တက်တူးထိုးထားပြီး ရန်လိုမည့်ပုံစံရှိသော ကြွက်တစ်ကောင်က အနီးရှိ ဂျုံအိတ်ကြားမှ လမ်းလျှောက် ထွက်လာ၏။
"ဒါ ဘယ်သူလဲ..." ဟန်ယု မေးလိုက်သည်။
ဝိညာဉ်ကြွက်က တကျွီကျွီ အော်မြည်ရင်း သူ့လက်သည်းများဖြင့် ဟန်ပန်ပြကာ ရှင်းပြလိုက်၏။
ထိုကြွက်ကို မြင်လိုက်ရသော ဝတုတ် ၂မှာ မှင်သက်သွားသည်။ "ဒါ ဆန်သူခိုး ကုံ ပဲ... သူက အကြီးအကဲကြီး တစ်ယောက်ရဲ့ ဆန်ပြုတ်ပန်းကန်ထဲကနေ ခိုးစားပြီး အသက်ရှင်လျက် ပြန်ထွက်လာနိုင်ခဲ့ဖူးတယ်..." သူက အံ့ဖွယ်နည်းလမ်း တစ်ခုခုဖြင့် ထိုကြွက်ကို မှတ်မိနေခြင်း ဖြစ်သည်။
"မင်းက ဘယ်လိုလုပ်ပြီး သိနေတာလဲ..." ဟန်ယု မျက်တောင်ခတ်လိုက်၏။ "ဒါပေမဲ့... အသုံးဝင်မယ့်ပုံတော့ ပေါက်တယ်..." သူ တီးတိုး ပြောလိုက်သည်။
ငါးမိနစ် မပြည့်ခင်မှာပင် ကြွက်ဂိုဏ်းသားများက အောက်ပါတို့ကို လုပ်ဆောင်လိုက်ကြ၏။
သေးငယ်သော မီးခတ်ကျောက်များကို အသုံးပြု၍ သံသယ ဖြစ်ဖွယ် ကောင်းလောက်အောင် ညီညွတ်သော အဖွဲ့လိုက် စွမ်းရည်ဖြင့် မီးပြန်မွှေးလိုက်သည်။
ကဏန်းခွံမှုန့်များကို (ဟင်းသီးဟင်းရွက်ချဉ် စည်ပိုင်းအောက်တွင် ဝှက်ထားသော လျှို့ဝှက်နေရာမှ ရရှိသည့်) ဆားအစစ်နှင့် လဲထည့်လိုက်သည်။
ထို့နောက် ရှန်ထူ အလုပ်ရှုပ်နေစဉ် အဆင်သင့် ခိုးယူထားသော ကဏန်းခွံမှုန့်ဘူးကို ဟင်းရည်အိုးထဲသို့ ပစ်ထည့်လိုက်၏။ စားဖိုမှူးက ရှန်ထူကို ဆွဲထုတ်၍ သူ့ခေါင်းထက် နှစ်ဆခန့်ကြီးသော ယောက်မဖြင့် ရိုက်နှက်လိုက်ရာ ရှန်ထူ၏ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ဟန်ယုမှာ နောက်ထပ် အကွက်ဆင်မှု တစ်ခုကို ကျော်ဖြတ်နိုင်ခဲ့ပြီး အောင်နိုင်သူအဖြစ် ရပ်တည်နေ၏။
အဆောင်အမှတ် ၉ သို့ ပြန်ရောက်သောအခါ ဟန်ယုက သူ့ဟင်းရည်ပန်းကန်လုံးအောက်တွင် ခေါက်ထားသော စာရွက်တစ်ရွက် တွေ့လိုက်ရသည်။
စာထဲတွင် ရေးထားသည်မှာ -
"မင်းရဲ့ ကြိုးစားအားထုတ်မှုတွေကို သတိမပြုမိဘဲ မနေပါဘူး... မင်းသာ မီးဖိုချောင်က ဆီအိုးတွေနဲ့ အညစ်အကြေးအိုးတွေထက် ပိုမိုတဲ့ အရာကို လိုချင်တယ်ဆိုရင်... သန်းခေါင်ယံအချိန်မှာ ကြွက်နောက်ကို လိုက်ခဲ့ပါ... ဘယ်သူ့ကိုမှ မခေါ်ခဲ့နဲ့... ဗိုက်အစာခံပြီး လာခဲ့ပါ..."
"...ဒါက ထောင်ချောက် ဖြစ်နိုင်သလို..." ဟန်ယု တီးတိုး ရေရွတ်လိုက်၏။ "လှပတဲ့ အရာတစ်ခုခုရဲ့ အစပြုခြင်းလည်း ဖြစ်နိုင်တယ်..."
သန်းခေါင်ယံအချိန်၊ လျှို့ဝှက် တွေ့ဆုံရာနေရာ
ကြွက်က သူ့ကို ကွေ့ကောက်သော လမ်းကြားများမှတစ်ဆင့် ခေါ်ဆောင်သွားသည်။ အနီးရှိ ဂိုဏ်းသားတစ်ယောက်၏ အဂ္ဂိရတ်ခန်းမှ လွတ်ထွက်လာပုံရသော တရှူးရှူး မြည်နေသည့် ဝိညာဉ်ဖားတစ်ကောင်ကို ကျော်ဖြတ်ကာ စွန့်ပစ်ထားသော ဂျုံသိုလှောင်ရုံ တစ်ခုထဲသို့ ဝင်ရောက်သွား၏။
အတွင်းဘက်တွင် အစေခံတစ်စုက စားပွဲပုလေး တစ်လုံးကို ဝိုင်းထိုင်နေကြပြီး စားပွဲပေါ်၌ မုန့်များ၊ ဒင်္ဂါးပြားများနှင့် သံသယ ဖြစ်ဖွယ် တောက်ပနေသော အန်စာတုံး တစ်စုံ ရှိနေသည်။
မျက်ခုံးတစ်ဖက်သာ ရှိပြီး မျက်ာဖုံးစွပ်ထားသော မိန်းကလေး တစ်ယောက်က လက်ပြလိုက်၏။ "မင်းက ဟန်ယုလား..."
"အခြေအနေပေါ် မူတည်တယ်... ငါ ဓားပြတိုက် ခံရတော့မှာလား... ဒါမှမဟုတ် အဖွဲ့ထဲ ဝင်ခွင့်ရမှာလား..."
သူမ ပြုံးလိုက်သည်။ "အဖွဲ့ထဲ ဝင်ခွင့်ရမှာ... အက်စ်အိပ်ချ်အိပ်ချ် လို့ ခေါ်တဲ့ အစေခံများရဲ့ လှုပ်ရှားရုန်းကန်မှု လျှို့ဝှက်စခန်းကနေ ကြိုဆိုပါတယ်..."
"နေပါဦး... S.H.H. လား... အဲဒါက..."
"ဟုတ်တယ်... အသံတိုးတိုး ပြော..."
တကယ်တမ်းတွင် ဤနေရာသည် မြေအောက် အစေခံ လောင်းကစားဝိုင်းနှင့် သတင်းဖလှယ်ရာ နေရာတစ်ခု ဖြစ်နေသည်။
သူတို့က ဂိုဏ်းသားချင်း ယှဉ်ပြိုင်ပွဲများမှသည် ကြွက်ပြိုင်ပွဲများ အထိ၊ ကျန်းရှီ ဖက်ထုပ် ဘယ်နှစ်လုံး စားနိုင်သလဲ ဆိုသည်အထိ အရာအားလုံးအပေါ် လောင်းကြေးထပ်ကြ၏။ သူတို့က အတင်းအဖျင်းများ၊ ပျောက်ဆုံး ပစ္စည်းများကို ဖလှယ်ကြပြီး တစ်ခါကဆိုလျှင် အတွင်းစည်း အကြီးအကဲတစ်ယောက် ပျောက်သွားသော ဆံထိုးကို ငါးဆဈေးဖြင့် ပြန်ရောင်းခဲ့ဖူးသေးသည်။
ဟန်ယု ပါးစပ်အဟောင်းသား ဖြစ်သွား၏။ "မင်းတို့အားလုံးက... ရူးသွပ်နေကြတာပဲ... ငါ သိပ်သဘောကျသွားပြီ..." ကောင်လေးမှာ သူ့အမျိုးများနှင့် တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူတို့က ဟန်ယုထံသို့ ဆန်မုန့်ကြွပ် တစ်ချပ်နှင့် ဒင်္ဂါးပြားအိတ် တစ်အိတ် ပစ်ပေးလိုက်ကြ၏။
"မင်းရဲ့ ပထမဆုံး မစ်ရှင်က..." ထိုမိန်းကလေးက ပြောလိုက်သည်။
"ရိုးရှင်းတယ်... ရှန်ထူရဲ့ အဝတ်လျှော်တာဝန်ကို ဖျက်ဆီးပစ်ရမယ်..."
ဟန်ယု ပြုံးလိုက်၏။ "ငါးရှဉ့်တွေ ပါဝင်ပတ်သက်နေလား..."
အားလုံး တိတ်ဆိတ်သွားကြသည်။
"...အခုတော့ ပါသွားပြီ..." မျက်ခုံးတစ်ဖက်ရှင် မိန်းကလေးက ပြောလိုက်၏။
သူတို့ အစီအစဉ်ကို ဆွေးနွေးပြီးနောက် ညအမှောင်ထုကို အကာအကွယ်ယူ၍ ခိုးထွက်လာခဲ့ကြသည်။
နောက်တစ်နေ့တွင် နေမင်းကြီးက မြင့်မားစွာ သာနေသည်။ လျှော်ဖွပ်ထားသော အဝတ်များက ပို၍ မြင့်မားသော နေရာတွင် ရှိနေ၏။ ဆယ်စုနှစ်များစွာ သက်တမ်းရှိပုံရသော ဝါးလှေကားအိုကြီး တစ်ခုပေါ်တွင် တွဲခိုနေရသည့် ဟန်ယုမှာ မျိုးရိုးစဉ်ဆက် အမွေပါလာလောက်သည့် ပိုးသား အတွင်းခံဘောင်းဘီ တစ်ထည်ကို စိုက်ကြည့်နေသည်။
ဒါတွေက သာမန် အတွင်းခံများ မဟုတ်ပေ။ ရှန်ထူ၏ ဝိညာဉ်စွမ်းအင် သွင်းထားသော၊ တိမ်တိုက်ကဲ့သို့ နူးညံ့ပြီး လျှပ်စီးကူးနိုင်စွမ်းရှိသော အခမ်းအနားဝတ် အတွင်းခံများ ဖြစ်သည်။
ရှန်ထူက ထိုအတွင်းခံကို ဂိုဏ်းသားတစ်ယောက်ထံ စာသွားပို့ရင်း မတော်တဆ ရရှိခဲ့သည်ဟု ကောလာဟလများ ထွက်နေသည်။ ဂိုဏ်းသား၏ ဥယျာဉ်ထဲရှိ ကျောက်တုံးတစ်တုံးအောက်တွင် တွေ့ရှိခဲ့ပြီး ယူဆောင်လာခဲ့ခြင်း ဖြစ်၏။
တွေ့သူပိုင် မဟုတ်ပါလား။
"ကဲ... ကောင်လေးတို့..." ဟန်ယုက သူ့လက်မောင်းအိတ်ထဲမှ အိတ်ငယ်လေး တစ်လုံးကို ထုတ်ယူရင်း တီးတိုး ပြောလိုက်သည်။
"စစ်ဆင်ရေး - 'မောက်မာတဲ့ တင်ပါးကို ဓာတ်လိုက်စေခြင်း' အခု စတင်ပြီ..."
အောက်ဘက်မှ စူးရှသော အသံသေးသေးလေး သုံးသံ ထွက်ပေါ်လာ၏။
ဟန်ယု ပြုံးလိုက်သည်။ "ဒါမှ ငါ့လူတွေ..."
သူ့အောက်ဘက်တွင် ဝိညာဉ်ကြွက် သုံးကောင်က စစ်ဆင်ရေး အစီအစဉ်ကို ပြန်လည် သုံးသပ်နေသော ဗိုလ်ချုပ်ငယ်လေးများကဲ့သို့ နေရာယူထားကြသည်။ အကြီးဆုံးကောင် (အစေခံ လောကသားများက ဗိုလ်ချုပ် ချီတာဖန် ဟု ခေါ်သော ကြွက်) တွင် ကွေးကောက်နေသော နားရွက်တစ်ဖက်နှင့် အမြီးတစ်လျှောက် အမာရွတ်တစ်ခု ရှိသည်။
သူ့ဘေးတွင် ကိုယ်ဖျောက် ကျွမ်းကျင်သူ စကွိ မက်နီဘယ် နှင့် ဟာသလုပ်ရန်နှင့် မုန့်ခိုးစားရန်လောက်သာ အသုံးဝင်သော နူးဒယ် တို့ ရှိကြ၏။
သူတို့အားလုံးက တာအိုဆရာ ကြွက်ကလေး၏ မိတ်ဆွေများ ဖြစ်ကြပြီး သူ့စေခိုင်းချက်ဖြင့် ရောက်လာကြခြင်း ဖြစ်သည်။ တာအိုဆရာ ကြွက်ကလေးမှာမူ မစ်ရှင်တစ်ခုခုဖြင့် ခရီးလွန်နေပုံ ရသည်။
ဟန်ယုက ထိုကြွက် ဘယ်ရောက်သွားသလဲဟု တွေးနေသော်လည်း အခြား အစေခံများက မမေးမြန်းရန် ပြောထားကြ၏။ သို့သော် သူတို့က ထူးခြားသော ကြွက်များအကြောင်း အနည်းငယ် ပြောပြထားကြသည်။
အပြင်စည်း ဂိုဏ်းသား အများစုက ကြွက်များကို ဘယ်တော့မှ သတိမထားမိကြပေ။ သူတို့မှာ ကျင့်ကြံခြင်း၊ ဓားတိုက်ချွတ်ခြင်း၊ သို့မဟုတ် နေဝင်ချိန်တွင် ပြဇာတ်ဆန်ဆန် ပို့စ်ပေးခြင်းတို့ဖြင့်သာ အလုပ်ရှုပ်နေတတ်သည်။
သို့သော် အစေခံတချို့က သိကြ၏။
ဒါတွေက သာမန်ကြွက်တွေ မဟုတ်ပေ။ ဝိညာဉ်ကြွက်များ ဖြစ်ကြသည်။ ဉာဏ်ရည်ထက်မြက်ပြီး လိုက်လျောညီထွေ နေတတ်ကာ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် အသေးအဖွဲ လှည့်ကွက်များကို စိတ်ဝင်စားကြသည်။
ကျင့်ကြံခြင်း အခြေခံ မရှိသေးသဖြင့် ဝိညာဉ်ကြွက်အစစ် မဟုတ်သေးသော်လည်း ဉာဏ်ရည်မှာမူ တူညီနေ၏။
ဘယ်လို စတင်ခဲ့သလဲ ဆိုတာ ဘယ်သူမှ အတိအကျ မသိကြပေ။ သို့သော် လွန်ခဲ့သော ရာစုနှစ်များစွာက အလွန် စိတ်ဆင်းရဲနေသော အစေခံတစ်ယောက်သည် ကြွက်တစ်ကောင်ကို ဝက်အူချောင်းခြောက် တစ်တုံး ကျွေးခဲ့ပြီး "ငါ့ကို ကူညီပါ... ဒါမှမဟုတ်ရင် ငါ အိမ်သာဆေးရင်း သေရလိမ့်မယ်..." ဟု တီးတိုး ပြောခဲ့ဖူးသည်ဟု ဆိုကြသည်။
ကြွက်က ကူညီခဲ့၏။
သတင်းက ပြန့်နှံ့သွားသည်။
ယခုအခါ ဂိုဏ်းအောက်ခြေရှိ တွင်းများ၊ လှိုဏ်ခေါင်းများနှင့် သံသယ ဖြစ်ဖွယ် ကောင်းလောက်အောင် စနစ်တကျ ဖွဲ့စည်းထားသော ကြွက်ဘန်ကာများထဲတွင် ကြွက်ဂိုဏ်းခွဲ တစ်ခု ရှိနေပြီ ဖြစ်သည်။
ဝိညာဉ်ကြွက်များနှင့် အဆင့်နိမ့် အစေခံ အချို့ ပါဝင်ကာ တစ်ပိုင်းတစ်စ တရားဝင်ပြီး အများအားဖြင့် ပူးပေါင်းဆောင်ရွက်ကြသော ကွန်ရက်တစ်ခု ဖြစ်၏။
ကြွက်များက နံရံများကို ဖောက်ထွင်း ဝင်ရောက်နိုင်သည်၊ ပစ္စည်းအသေးအမွှားများကို ခိုးယူနိုင်သည်၊ သတင်းစကား ပို့ဆောင်နိုင်သည်၊ တစ်ခါတစ်ရံတွင် ကြေးပြားတစ်ပြားလောက် ရလျှင် လူမျက်နှာကို ကိုက်ပေးနိုင်သည်။
ယင်းနှင့် လဲလှယ်သည့် အနေဖြင့် အစေခံများက သူတို့ကို အစားအစာ၊ သတင်းအချက်အလက်နှင့် တောက်ပသော ကျောက်ခဲများကို ပေးကြရသည်။ ဘာကြောင့် ကျောက်ခဲ လိုချင်သလဲ ဆိုတာတော့ မမေးပါနှင့်။
အစေခံတချို့သာလျှင် "ရွေးချယ်ခံ" ရသည်။ ဘယ်လို ရွေးချယ်သလဲ၊ ဘာကြောင့် ရွေးချယ်သလဲ ဆိုတာ မရှင်းလင်းပေ။ သို့သော် ဝိညာဉ်ကြွက်တစ်ကောင်က မင်းရဲ့ အိပ်ရာလိပ်ပေါ် တက်လာပြီး မင်းရဲ့ ဝိညာဉ်ထဲထိ စိုက်ကြည့်ကာ မင်းဟင်းရည်ထဲ သစ်ကြားသီး တစ်လုံး ပစ်ချပေးလိုက်လျှင်၊ သို့မဟုတ် မြေပဲတစ်စေ့ ပစ်ပေးလိုက်လျှင် မင်း သိလိုက်ပါလိမ့်မည်။
ဟန်ယုက သူ့အစေခံဘဝ တတိယမြောက်နေ့တွင် ကြွက်များကို မြှားခေါ်ရန် ဖက်ထုပ် အကြွင်းအကျန်များ ချထားခဲ့စဉ်က ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။ ကြွက်များက ထိုအရာကို 'ပူဇော်သက္ကာ' အဖြစ် မှတ်ယူလိုက်ကြပြီး ဟန်ယု ကံကောင်းသွားခြင်း ဖြစ်၏။
ယခုအခါ သူတို့က ကြံရာပါများ ဖြစ်နေကြပြီ။ အကောင်းဆုံး သူငယ်ချင်းများလည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဂိုဏ်းသားတူများလည်း ဖြစ်နိုင်၏။
ဟန်ယုမှာ တကယ့်ကို 'စွမ်းရည်ရှိသော' မဟာမိတ်များကို ရရှိထားပြီ ဖြစ်သည်။ သူတို့ကို အနီးကပ် ထားရှိပြီး အပြည့်အဝ အသုံးချရန် သူ ရည်ရွယ်ထား၏။ လှည့်ကွက်များ သုံးခြင်းနှင့် ပတ်သက်ပြီး သူ့လိုပင် 'ဝါသနာ' တူညီသူများကို တွေ့ရလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။
အထူးသဖြင့် ထိုအရာများက လူသား မဟုတ်နေသောအခါတွင် ပို၍ အံ့သြရသည်။