← Chapters

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း (၈၉-၉၀)

Vol. 9 Ch. 89-90

အခန်း ၈၉။ တင်ပါး ဓာတ်လိုက်မည့် စစ်ဆင်ရေး

လက်ရှိ အချိန်တွင် ဟန်ယုက ရှန်ထူ၏ အခမ်းအနားဝတ် အတွင်းခံ ခါးစည်းထဲသို့ တောက်ပသော အပြာရောင် အမှုန့်ဖြစ်သည့် ငါးရှဉ့်အဆီအနှစ် အနည်းငယ်ကို ဖြူးထည့်လိုက်သည်။ ထိုအရာကို ကြွက်များက ဂိုဏ်းသားတစ်ယောက်၏ အိမ်မှ ရရှိခဲ့ခြင်း ဖြစ်သည်။

ဝတ်ဆင်လိုက်သည့်အခါမှ အာနိသင် ပြမည်ဖြစ်ပြီး ဝတ်ဆင်သူက ခါးအောက်ပိုင်းသို့ ချီစွမ်းအင် သို့မဟုတ် တွင်းစွမ်းအင် ပို့လွှတ်လိုက်တိုင်း မပြင်းထန်သော်လည်း ဆက်တိုက် ဓာတ်လိုက်နေစေမည် ဖြစ်၏။

သိမ်မွေ့သည်။ သပ်ရပ်သည်။ အလွန်တရာ နေရခက်စေသည်။

နူးဒယ်က သူ့ကို အပ်ချိတ်လေး တစ်ခု ကမ်းပေးလိုက်ရာ ဟန်ယုက ခါးစည်းကို ပုံမှန်ထက် အနည်းငယ် ပိုကျပ်အောင် ချိတ်လိုက်သည်။

"ဒါကို ငါတို့က ကဗျာဆန်တဲ့ တရားမျှတမှုလို့ ခေါ်တယ်..." ဟန်ယု တီးတိုး ပြောလိုက်၏။ "ဒါမှမဟုတ်... တင်ပါးကို နည်းနည်း ဓာတ်လိုက်စေမယ့် ဘောင်းဘီပေါ့..."

"ကျွီ..." ဗိုလ်ချုပ် ချီတာဖန်က အလေးပြုလိုက်သည်။

အခြားတစ်နေရာ၊ အဆောင်အမှတ် ၉ ၏ အများသုံး အခန်းတွင်...

ဝတုတ် ၂က အခြား အစေခံ အသစ်များကို "ညဆိုင်း မကျစေရန်နှင့် မျက်လုံးဖွင့်ပြီး အိပ်စက်နည်း" အတတ်ပညာကို သင်ကြားပေးနေသည်။ ဤသည်မှာ မသက်မသာ ဖြစ်စေသော လည်ပင်းအနေအထားနှင့် ဟောက်သံသဲ့သဲ့ကို အတုလုပ်နိုင်စွမ်း လိုအပ်သည့် ရှေးဟောင်း ရိုးရာဓလေ့ တစ်ခု ဖြစ်၏။

သူ့ဇာတိမြို့တွင် ကြက်လာခိုးတတ်သော မြေခွေးများကို စောင့်ကြည့်ရန် ညဘက် ကင်းစောင့်ရလေ့ရှိသဖြင့် ဤစွမ်းရည်ကို တတ်မြောက်ထားခြင်း ဖြစ်သည်။ ယခုအခါ ထိုအမွေအနှစ်ကို လက်ဆင့်ကမ်းရန် သူ ရည်ရွယ်ထား၏။

ကလေးအချို့မှာ ခက်ခက်ခဲခဲ ကြိုးစားနေရသည်။

"မဟုတ်ဘူး... မဟုတ်ဘူး..." ဝတုတ် ၂က ဆူလိုက်၏။ "သွားရည်ကို သဘာဝအတိုင်း စီးကျလာအောင် လွှတ်ထားရမယ်... ဒါမှ မင်းတို့ 'အိပ်မောကျ' နေတယ် ဆိုတာ သူတို့ ယုံမှာ..."

ရုတ်တရက် ကြမ်းခင်းပျဉ်ပြားကြားမှ လေချွန်သံ တစ်သံ ထွက်ပေါ်လာသည်။ ဝတုတ် ၂ နားစွင့်လိုက်၏။ "ကြွက် ကုဒ်ပဲ..."

ဝတုတ် ၂ က ငုံ့ပြီး ကြမ်းခင်းအက်ကွဲကြောင်းကို နားကပ်လိုက်သည်။

"'တင်ပါး ဓာတ်လိုက်မည့် စစ်ဆင်ရေး အောင်မြင်သည်' တဲ့..." သူက တစ်နည်းနည်းဖြင့် ဘာသာပြန်လိုက်၏။

အောင်ပွဲခံသံများ ထွက်ပေါ်လာသည်။ တစ်ယောက်ယောက်က အောင်ပွဲခံသည့် အနေဖြင့် မုန်လာဥချဉ် အချပ်များကို ဝေငှပေးလိုက်၏။ ဤသည်မှာ တစ်ပတ်လုံးတွင် သူတို့ စားဖူးသမျှ အကောင်းဆုံး အရာ ဖြစ်သည်။

ထိုနေ့ ညနေပိုင်း၊ ရှန်ထူ၏ အခန်း၌...

အော်ဟစ်သံများက အစေခံ တန်းလျား တစ်လျှောက် ပဲ့တင်ထပ်သွားပြီး အဆောက်အအုံများကြားတွင် ပျော်ရွှင်ဖွယ် မိုးခြိမ်းသံကဲ့သို့ ရိုက်ခတ်သွားသည်။

"ဘယ်သူ ငါ့ဘောင်းဘီကို ကျိန်စာတိုက်လိုက်တာလဲ..."

ဟန်ယုနှင့် ဝတုတ် ၂ တို့က လက်ဖက်ရည်ကျဲကျဲ ပန်းကန်လုံး တစ်လုံးကို မျှသောက်ရင်း အပြစ်ကင်းစင်သူများကဲ့သို့ ရှုပ်ထွေးဟန်ဆောင်နေကြ၏။

"သူ လျှပ်စီးမြွေ တစ်ကောင်ပေါ် ထိုင်မိတာ ဖြစ်လောက်တယ်..." ဟန်ယုက အကြံပြုလိုက်သည်။

ဝတုတ် ၂က လေးလေးနက်နက် ခေါင်းခါလိုက်၏။ "ဝမ်းနည်းစရာပဲ... ခဏခဏ ဖြစ်တတ်တဲ့ ကိစ္စပါ..."

ဗိုလ်ချုပ် ချီတာဖန်က ဟန်ယု၏ လက်မောင်းအိတ်ထဲမှ ခေါင်းပြူထွက်လာပြီး အောင်ပွဲခံသည့် အနေဖြင့် ကျွီခနဲ တစ်ချက် အော်လိုက်သည်။

ဟန်ယုက သူ့ဖျာပေါ်တွင် နောက်သို့ လှန်ချလိုက်ပြီး ခေါင်းအောက် လက်ခုထားလိုက်၏။ "တစ်ယောက်တော့ ပြီးသွားပြီ..."

"နောက်တစ်ယောက်က ဘယ်သူလဲ..." ဝတုတ် ၂ မေးလိုက်သည်။

"အိုး... ငါ့မှာ စာရင်း ရှိတယ်..." ဟန်ယုက လက်စားချေလိုစိတ်ဖြင့် တောက်ပနေသော မျက်လုံးများဖြင့် ပြောလိုက်၏။ "ဒါပေမဲ့ အရင်ဆုံး..."

သူ မျက်နှာမဲ့လိုက်ပြီး ပခုံးကို ကုတ်လိုက်သည်။ "မနက်ဖြန် အိမ်သာဆေးရမယ့် တာဝန် ရှိသေးတယ်..."

နူးဒယ်က ဖိနပ်တစ်ဖက်ထဲမှ ခုန်ထွက်လာပြီး နှာခေါင်းပိတ် ကိရိယာတစ်ခုကို ဆုဖလားသဖွယ် ကိုင်ဆောင်ပြလိုက်သည်။

"အနည်းဆုံးတော့ ငါတို့ ပြင်ဆင်ထားပြီးသားပဲ..."

ရှန်ထူ သင်ခန်းစာ ပေးခံရပြီးနောက် ရက်အနည်းငယ် ကုန်ဆုံးသွားသည်။ ထိုလူမှာ ကျိန်စာသင့်သည်ဟု ယုံကြည်နေပြီး သေသွားမည်ကို စိုးရိမ်သဖြင့် အစေခံ တန်းလျားဘက်သို့ မလာတော့ပေ။

ဤသည်က ဟန်ယုအတွက် နေ့ရက်များကို ပိုမို လွယ်ကူစေပြီး အပိုအလုပ်များ လုပ်စရာ မလိုတော့ပေ။ ကျန်းရှီလည်း ပျောက်ချင်းမလှ ပျောက်နေပြီး ဘယ်ရောက်နေမှန်း ဘုရားမှလွဲ၍ မည်သူမျှ မသိနိုင်ပေ။ ဟန်ယုကတော့ ဂရုမစိုက်ဘဲ ညဘက် ကောင်းကောင်း အိပ်စက်ရသည်ကိုပင် ပျော်ရွှင်နေ၏။

ကံဆိုးစွာဖြင့် ယနေ့ညကတော့ ထိုသို့သော ညမျိုး မဟုတ်ပေ။

ဟန်ယုမှာ ရည်မှန်းချက်အသစ် တစ်ခုဖြင့် သန်းခေါင်ယံတွင် နိုးထလာသည်။

စိတ်အားထက်သန်နေသောကြောင့် မဟုတ်ဘဲ...

ဝိညာဉ်ကြွက်က ငါးသေးသေးလေး (ငါးနီတူခြောက် ဖြစ်လောက်သည်) တစ်ကောင်ဖြင့် သူ့မျက်နှာကို ရိုက်နှိုးနေသောကြောင့် ဖြစ်၏။

"ဘာ... ဘာလဲဟ... မနက်စာလား... လာဘ်ထိုးတာလား... လက်စားချေတာလား..." ဟန်ယုက သူ့ကို တကျွီကျွီ အော်ရင်း လှုပ်ရှားပြနေသော ဗိုလ်ချုပ် ချီတာဖန်ကို ကြည့်ကာ မေးလိုက်သည်။

ခဏအကြာတွင် ဟန်ယုတစ်ယောက် ထူးဆန်းသော မစ်ရှင်တစ်ခုကို လုပ်ဆောင်ရန် ထွက်ခွာလာခဲ့ရသည်။

ဂိုဏ်းအောက်ခြေရှိ ကျောက်သားပြင်က ညဘက်တွင် ပိုအေးစက်ပြီး စိုစွတ်ကာ မှိုနံ့ရနေသည်။ လူသားများ ရှာဖွေတွေ့ရှိခြင်း မရှိသေးသော (ရှာဖွေရန် ကြိုးစားရင်း သေဆုံးခဲ့ကြသူများ ရှိသော်လည်း) လှိုဏ်ခေါင်း ဝင်္ကပါများထဲတွင် ရေစက်ကျသံ သဲ့သဲ့က ပဲ့တင်ထပ်နေ၏။

ဟန်ယုမှာ ကိုယ်ကို ကိုင်းထားရပြီး ညစ်ပတ်ပေရေကာ တံမြက်စည်းကျိုး တစ်ချောင်းကို လက်နက်သဖွယ် ဆုပ်ကိုင်လျက် တီးတိုး ရေရွတ်လိုက်သည်။

"ငါ ရူးနေတာ ဖြစ်မယ်... နံရံ အပေါက်ထဲ ဝင်သွားတဲ့ ကြွက်နောက်ကို လိုက်နေမိတယ်... ဒါက သရဲဇာတ်လမ်းတွေရဲ့ အစပဲ... ငါ ရတနာ ရှာတွေ့ရင် တွေ့... မတွေ့ရင် ဝါးပြားနဲ့ လုပ်ထားတဲ့ ပျောက်ဆုံးလူ စာရင်းမှာ ပါသွားတော့မယ်..."

ကြွက်က ဟန်ယုကို ဂိုဏ်း၏ ဝေးလံခေါင်သီသော ထောင့်တစ်နေရာသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။ ထိုနေရာသည် ဟန်ယု တာဝန်ကျသော အစေခံများ နေထိုင်ရာ နေရာမဟုတ်ဘဲ ဆေးပညာ တောင်ထွတ်နှင့် အစီအရင် တောင်ထွတ်ကြားရှိ အစေခံ ဧရိယာ ဖြစ်သည်။

ဟန်ယု တစ်ယောက်တည်း သည်လောက် ဝေးဝေး မရောက်ဖူးပေ။ ဒီနေရာရောက်ဖို့ တောင်ထွတ်နှစ်ခုကို ဆက်သွယ်ထားသော ကျဉ်းမြောင်းသည့် တောင်ကုန်းတစ်ခုကို လျှောဆင်းခဲ့ရပြီး ဝတုတ် ၂ က၏ အကူအညီဖြင့် မနည်းမနော မရသော လေးလံသည့် ကျောက်တုံးကြီး တစ်တုံးကို မ လိုက်ရသေးသည်။

သူ့ရှေ့တွင် ဗိုလ်ချုပ် ချီတာဖန်က လှိုဏ်ခေါင်းထဲ၌ ယုံကြည်မှု ရှိရှိ လျှောက်သွားနေပြီး ကွေးကောက်နေသော သူ့နားရွက်က သိုက်တူးသမား၏ တုတ်တံကဲ့သို့ လှုပ်ရှားနေသည်။

ဟန်ယု၏ နောက်တွင် ဝတုတ် ၂ ၏ အသံက မြေပြင်ပေါ်မှ သဲ့သဲ့မျှ ပဲ့တင်ထပ်နေ၏။ ဟန်ယုက အပေါက်ကျဉ်းကျဉ်းလေးထဲ တစ်ယောက်တည်း ဝင်သွားလောက်အောင် မတုံးအပေ။ ဂူစူးစမ်းလေ့လာသူများ ဝင်သွားပြီး ပြန်မထွက်လာတော့သည့် အဖြစ်အပျက်များကို သူ ကြားဖူးသည်။

ဒီလို ကျဉ်းမြောင်းတဲ့ တွင်းထဲမှာ ဖက်ကွီ့ ခန္ဓာကိုယ် အနေအထားနဲ့ သူ့ကို လာကယ်နိုင်မှာ မဟုတ်ဘူး ဆိုတာ သေချာနေပေမဲ့ လိုအပ်ရင် အကူအညီ သွားခေါ်ပေးနိုင်မယ်လို့တော့ သူ မျှော်လင့်ထားသည်။

"ဟေ့ကောင်... ကြွက်တွင်း ဆိုတာ သေချာလို့လား... မိလ္လာပိုက် ဖြစ်နေဦးမယ်..." ဝတုတ် ၂ မေးလိုက်သည်။

ဟန်ယု ပြန်မဖြေပေ။ တပျစ်ပျစ် မြည်သော အရာများကို မနင်းမိစေရန် အာရုံစိုက်နေရသောကြောင့် ဖြစ်၏။

၁၅ မိနစ် ကြာပြီးနောက်...

လှိုဏ်ခေါင်းက အံ့သြစရာ ကောင်းလောက်အောင် ကျယ်ဝန်းသော ဂူကြီးတစ်ခု အဖြစ် ပြောင်းလဲသွားသည်။

ကျောက်စွန်းကျောက်စများက ကျောက်ဖြစ်ရုပ်ကြွင်း သားရဲကြီး တစ်ကောင်၏ နံရိုးများသဖွယ် အပေါ်မှ ကွေးညွှတ်နေပြီး အလယ်တည့်တည့်တွင် အပြာရောင် အလင်းဖျော့ဖျော့ ထွက်ပေါ်နေကာ ရေချိုးကန်သာသာလောက် ရှိမည့် ရေကန်ငယ်လေး တစ်ကန် ရှိနေသည်။

ဟန်ယု စိုက်ကြည့်လိုက်၏။ "ဒါက..."

ဗိုလ်ချုပ် ချီတာဖန်က ရှေးဟောင်းပစ္စည်းကို စောင့်ကြပ်နေသော ယဇ်ပုရောဟိတ် တစ်ပါးကဲ့သို့ တောက်ပနေသော အရည်ကန်၏ အစွန်းတွင် ရပ်လိုက်သည်။

"ဒါက..." ဟန်ယု တီးတိုး ပြောလိုက်၏။ "ဝိညာဉ်စွမ်းအင် ပါဝင်နေတဲ့ ဉာဏ်ပွင့် ရေကန်... ဒါမှမဟုတ် တောက်ပနေတဲ့ ကြွက်သေး..."

သို့သော် ချီစွမ်းအင်ကို သူ ခံစားမိနေသည်။ သိပ်သည်းလွန်းသဖြင့် ထိတွေ့ကိုင်တွယ်၍ ရနိုင်လောက်အောင် ရှိ၏။ လေထုထဲတွင် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး ဂိုဏ်းကို ရောက်ကတည်းက သူ ခံစားဖူးသမျှ အရာအားလုံးထက် ပိုမို အားကောင်းနေသည်။ ထိုအရာ၏ အနီးတွင် ရှိနေရုံနှင့်ပင် သူ့အရေပြားများ ယားယံလာ၏။ ဟန်ယုက ချီစွမ်းအင်ကို မသုံးစွဲနိုင်သေးသော်လည်း ပြင်းအား များလွန်းသဖြင့် ရှင်းလင်းစွာ အာရုံခံမိနေသည်။

ဒီလိုအရာမျိုးကို အရင်က မမြင်ဖူးသော်လည်း ဇာတ်လိုက်က ဆန်းကြယ်သော ရေကန်များနှင့် မတော်တဆ တွေ့ဆုံရသည့် ကံကောင်းသော တွေ့ဆုံမှု ပုံပြင်များကို သူ ကြားဖူးသည်။

အခန်း ၉၀။ ကြွက်များ၏ လျှို့ဝှက်ချက်

အခြား ကြွက်အချို့က အက်ကွဲကြောင်းများနှင့် တွင်းများထဲမှ ပြေးထွက်လာကြပြီး ရေကန်ကို ဝိုင်းရံလိုက်ကြသည်။ တချို့က နားရွက်ကြားတွင် ငှက်မွှေးများ ထိုးထားကြ၏။ တစ်ကောင်က ချည်မျှင်ဖြင့် ပြုလုပ်ထားသော လည်စည်းလေး စည်းထားသည်။ နောက်တစ်ကောင်က သစ်ရွက်တစ်ရွက်ကို ထီးသေးသေးလေးသဖွယ် ကိုင်ဆောင်ထားသည်။ သူတို့က ရိုသေလေးစားစွာ ထိုင်လိုက်ကြ၏။

ဟန်ယု မျက်တောင်ခတ်လိုက်သည်။ "ဒါက ကြွက် ကောင်စီပဲ... ငါ ကြွက်ကောင်စီ အစည်းအဝေးခန်းထဲ ရောက်နေတာ... ဒါ ဂိုဏ်းထဲက ဂိုဏ်းခွဲတစ်ခုလား..."

ဗိုလ်ချုပ် ချီတာဖန်က နှစ်ချက် အော်လိုက်ပြီး သတ်မှတ်ထားသော ပုံစံအတိုင်း ခုန်လိုက်၏။

သူ့ဘေးပတ်လည်ရှိ ကြွက်များက ထိုလှုပ်ရှားမှုကို လိုက်လုပ်ကြသည်။

ပြီးနောက် သူတို့အားလုံး ဟန်ယုကို ကြည့်လိုက်ကြ၏။

သူ ခဏ ရပ်တန့်သွားပြီးနောက် ထိုလှုပ်ရှားမှုကို တုပလိုက်သည်။

ခဏမျှ တိတ်ဆိတ်သွား၏။

ထို့နောက်... လက်ခုပ်သံများ ထွက်ပေါ်လာသည်။ အင်း... တကယ်တော့ အော်မြည်သံတွေပါ။ ဒါပေမဲ့ စိတ်အားထက်သန်တဲ့ အသံတွေပေါ့။

ဝိညာဉ်အရည်ကန်ကို ကြည့်ရင်း ဟန်ယုတစ်ယောက် အဖြစ်အပျက်များကို ဆက်စပ်ကြည့်လိုက်ရာ ကြွက်များ ဘာကြောင့် ဒီလောက် ဉာဏ်ကောင်းနေသလဲ ဆိုသည်ကို သဘောပေါက်သွားသည်။

ရာစုနှစ်များစွာ ကြာမြင့်လာသည်နှင့်အမျှ ဝိညာဉ်ချီစွမ်းအင်များက တောင်စောင်းမှတစ်ဆင့် ဂိုဏ်းအောက်ခြေရှိ မေ့လျော့ခံထားရသော အခေါင်းပေါက်များထဲသို့ စီးဝင်လာခဲ့သည်။ အများစုမှာ ပျောက်ကွယ်သွားသည် (သို့) သလင်းကျောက်ကြောများ အဖြစ် အနည်ထိုင်သွားသော်လည်း တိကျသော နေရာတစ်ခုတွင်မူ အရှားပါးဆုံး အဂ္ဂိရတ် ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။

ရှားပါး သတ္တုရိုင်းများ၊ သားရဲအသေကောင် အစအနများနှင့် ပျက်စီးနေသော အဆောင်သင်္ကေတများ ရောနှောနေသည့် မြေအောက် စမ်းချောင်းတစ်ခုသည် သက်ရှိများကို စွမ်းအား မြှင့်တင်ပေးနိုင်လောက်အောင် (သို့) ပြောင်းလဲသွားစေနိုင်လောက်အောင် အားကောင်းသော ဝိညာဉ်အရည်ကန် တစ်ခုကို သဘာဝအလျောက် ဖန်တီးပေးလိုက်ခြင်း ဖြစ်သည်။

ကြွက်တွေကသာ ရှာတွေ့ခဲ့ကြသည်။

ကြွက်တွေသာလျှင် သေးငယ်သော အက်ကွဲကြောင်းများထဲ တိုးဝင်နိုင်ကြသည်။

ပထမတော့ သူတို့ကို ဉာဏ်ကောင်းလာစေရုံသာ ဖြစ်သည်။

နောက်တော့ စနစ်တကျ ဖြစ်လာသည်။ ထို့နောက် ရည်မှန်းချက် ကြီးလာကြသည်။

သူတို့က အဆင့်အတန်းများ ခွဲခြားလာသည်။ အစေခံများ၏ သင်္ကေတများကို ဖတ်တတ်လာသည်။ ဂိုဏ်းသားများကို စောင့်ကြည့်လာသည်။ ကင်းလှည့်ပုံစံများကို မှတ်သားလာသည်။ တချို့ဆိုလျှင် ကြက်ရိုးများနှင့် ဘယ်ရီသီး အရည်များကို သုံးပြီး မြေပုံကြမ်းများပင် ဆွဲတတ်လာကြသည်။

၎င်းသည် ရေကန်တစ်ခု သက်သက် မဟုတ်တော့ပေ။ မြင့်မြတ်သော နေရာတစ်ခု ဖြစ်လာသည်။

သို့သော် ယခုအခါ ထိုနေရာက အန္တရာယ် ရှိနေသည်။

ဗိုလ်ချုပ် ချီတာဖန်က ဟန်ယုကို အခန်း၏ တစ်ဖက်ခြမ်းသို့ ဆွဲခေါ်သွားသည်။

တောက်ပသော ရေညှိများနှင့် အစေခံများထံမှ ရရှိသော တောက်ပသည့် ရတနာပုံများ (ဇွန်းတစ်ဝက်၊ မှန်ကွဲတစ်ချပ်နှင့် ရှန်ထူ၏ ပျောက်ဆုံးနေသော ဘီးဟု သံသယ ဖြစ်ဖွယ်ရာ ပစ္စည်းတစ်ခု) ကို ကျော်ဖြတ်သွား၏။

ထိုနေရာတွင် ပြိုကျနေသော ကျောက်နံရံ တစ်ခု၏ နောက်၌ ရှေးဟောင်း အစီအရင်တစ်ခု၏ အကြွင်းအကျန်များ ရှိနေသည်။ မှိန်ဖျဖျ ကမ္ပည်းစာသားများက မကောင်းဆိုးဝါး အငွေ့အသက်ဆန်သော အစိမ်းရောင် အလင်းများဖြင့် မမှန်မကန် တောက်ပနေ၏။

ဟန်ယု ဒူးထောက်လိုက်ပြီး မျက်လုံးမှေးကြည့်လိုက်သည်။

"အိုး... ဒါက ဟောင်းနေပြီပဲ... ပြီးတော့ ကျိုးနေတယ်... ဒေါသထွက်နေတဲ့ ပျားအုံလို တဝီဝီ မြည်နေသေးတယ်..."

သူ လက်လှမ်းလိုက်၏။

လျှပ်စီးအနည်းငယ်က သူ့လက်ချောင်းထိပ်ကို ကိုက်လိုက်သည်။

"ဟုတ်ပ... မကောင်းတဲ့ အစီအရင်ပဲ... ပေါက်ကွဲသွားနိုင်တယ်..." ဟန်ယုက အဆောင် အချို့နှင့် သူ့မြို့ရိုးပေါ်မှ အစီအရင်ကို မြင်ဖူးသည်။

ထို့ကြောင့် သူက ကျွမ်းကျင်သူ မဟုတ်သော်လည်း ဘယ်လိုပုံစံ ရှိသလဲ ဆိုတာတော့ အနည်းဆုံး သိထားသည်။

ချီတာဖန်က အရေးတကြီး အော်မြည်လိုက်၏။

ဟန်ယု သက်ပြင်းချလိုက်သည်။ "မင်း ငါ့ကို ဒါ ရှင်းစေချင်တာလား..."

ကြွက်က လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

"ကောင်းပြီ..." ဟန်ယုက အင်္ကျီလက်ကို ပင့်တင်ရင်း ပြောလိုက်၏။ "မင်းတို့က 'တင်ပါး ဓာတ်လိုက်မည့် စစ်ဆင်ရေး' မှာ ငါ့ကို ကူညီခဲ့လို့ လုပ်ပေးတာနော်... ပြီးတော့ မင်းတို့က ကိုယ်ပိုင်ဂိုဏ်းထောင်ဖို့ စောင့်နေတဲ့ အမွေးပွ ကျင့်ကြံသူသေးသေးလေးတွေ မဟုတ်ဘူးလို့ ငါ လုံးဝ မယုံကြည်သေးဘူး..."

သူက အိမ်မှ ယူလာသော ဓားတစ်ချောင်းနှင့် ဖက်ကွီ့ ဘောင်းဘီဟောင်းမှ ရရှိထားသော အကာအကွယ် အဝတ်စ တစ်ခုကို ထုတ်လိုက်သည်။ ဒါနဲ့ပဲ အဆင်ပြေအောင် လုပ်ရတော့မည်။

နှစ်နာရီ ကြာပြီးနောက်... (ညည်းညူသံ၊ ကျိန်ဆဲသံ အများအပြား ပြုလုပ်ပြီးနောက်)

အတွင်းခံဘောင်းဘီကြောင့် စိတ်ဓာတ်တက်ကြွနေသူ တစ်ယောက်၏ တိကျသေချာမှုမျိုးဖြင့် ဟန်ယုက ချို့ယွင်းနေသော အစီအရင် အစိတ်အပိုင်းများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်သည်။ တကယ်တမ်းတွင် သူ့လို အရည်အချင်း မရှိသူတစ်ယောက်က ဒါမျိုး လုပ်နိုင်မည် မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ သူ့၌ အကူအညီ ရှိနေသည်။ သူ တစ်ခုခု မှန်အောင် လုပ်နိုင်တိုင်း ကြွက်များက အော်မြည်ကြသည်။ သေစေနိုင်လောက်သည့် အရာတစ်ခုခုကို သူ မတော်တဆ ထိမိခါနီးတိုင်း နူးဒယ် မေ့လဲသွားသည်။

ဒေါက်... ဒေါက်... ဒေါက်...

ဟန်ယုက နံရံဟောင်းကို ထုနှက်လိုက်ပြီး သင်္ကေတများကို ခွာချလိုက်သည်။

ကျွီ...

ကြွက်တစ်ကောင် စူးစူးဝါးဝါး အော်လိုက်၏။

"အား..." ဗိုလ်ချုပ် ချီတာဖန်က ဟန်ယု၏ လက်မောင်းကို ဆိတ်လိုက်သည်။

"ကောင်းပြီ... ကောင်းပြီ... အဲဒါ မဟုတ်ဘူးပေါ့..." ဟန်ယု ရပ်တန့်လိုက်၏။

ကျွီ...

ဗိုလ်ချုပ် ချီတာဖန်က သူ့လက်သေးသေးလေးဖြင့် အခြား သင်္ကေတ တစ်ခုကို ညွှန်ပြလိုက်သည်။

"ကောင်းပြီ..." ဟန်ယု ပြောရင်း ထိုသင်္ကေတကို ရိုက်ချလိုက်၏။

သူ နားမလည်နိုင်သော အစီအစဉ် တစ်ခုအတိုင်း သင်္ကေတများကို တစ်ခုပြီးတစ်ခု ရိုက်ချလိုက်သည်။

ကြွက်များက အစီအရင် ဘယ်လို အလုပ်လုပ်သလဲ ဆိုတာ သိနေပုံရပြီး ပြဿနာ ဖြစ်နေသည်မှာ ပထမဆုံး အကြိမ် မဟုတ်ပုံ ရသည်။ အစီအရင်က သူတို့ ခန္ဓာကိုယ်လေးများအတွက် အားပြင်းလွန်းပြီး အနားကပ်မရ ဖြစ်နေသောကြောင့်သာ သူတို့ဘာသာ မလုပ်နိုင်ခြင်း ဖြစ်၏။

ဟန်ယုက ခန္ဓာသန့်စင်ခြင်း အဆင့်သာ ရှိသေးသော်လည်း သူ့ထက် ကျင့်ကြံခြင်းအဆင့် မြင့်မားသော ကြွက်များထက် ပို၍ ခံနိုင်ရည် ရှိသည်။

ပင်ပန်းခက်ခဲသော အလုပ်ကို ပြီးစီးရန် ဟန်ယုအတွက် တစ်နာရီနီးပါး ကြာမြင့်ခဲ့သည်။ နောက်ဆုံးတွင် နောက်ဆုံး အစိတ်အပိုင်းကို ထုနှက်လိုက်ရာ ဘဲတစ်ကောင် လေလျှော့လိုက်သကဲ့သို့ အသံမျိုးဖြင့် အစိမ်းရောင် အလင်းတန်း ပျောက်ကွယ်သွားတော့သည်။

ဟန်ယု လုပ်ဆောင်ခဲ့သည်မှာ အိမ်စာထဲမှ အမှားများကို ပြင်ဆင်သကဲ့သို့ နံရံပေါ်ရှိ သင်္ကေတများကို ခြစ်ထုတ်ပစ်လိုက်ခြင်းပင် ဖြစ်သည်။

ဟန်ယုက ချောမွတ်သော ကျောက်တုံးတစ်တုံးပေါ်တွင် နောက်သို့ ပစ်လှဲချလိုက်၏။ "ပြီးပြီ..."

ဆက်တိုက် ထုနှက်နေရသဖြင့် သူ့လက်မောင်းများနှင့် ပခုံးများ နာကျင်ကိုက်ခဲနေပြီး မျက်နှာကြက် နိမ့်လွန်းသဖြင့် ခေါင်းငုံ့ထားရသောကြောင့် လည်ပင်းလည်း နာနေသည်။

သူ့အလုပ် ပြီးသွားသောအခါ ဗိုလ်ချုပ် ချီတာဖန်က ဦးညွှတ်လိုက်၏။ ကျန်ကြွက်များလည်း လိုက်လုပ်ကြသည်။

ကြွက်များက ကခုန်ရင်း သူ့အောင်မြင်မှုကို ဂုဏ်ပြုနေကြသဖြင့် ဟန်ယုမှာ တခစ်ခစ် ရယ်မောလိုက်မိသည်။

ထို့နောက် ဟန်ယု အံ့သြသွားအောင်ပင် ကြွက်များက အနီးရှိ သစ်ရွက်လိပ်လေးထဲမှ ရေတစ်စက်ကို သယ်ဆောင်လာကြသည်။ သေးငယ်သော အရွယ်အစားနှင့် မျက်နှာပြင်တင်းအားကြောင့် ရေစက်လေးမှာ ပုံပျက်မသွားဘဲ တည်ရှိနေ၏။ ဗိုလ်ချုပ် ချီတာဖန်က ရေစက်ကို ညင်သာစွာ မ ယူလိုက်ပြီး သူ့လက်သည်းထဲရှိ ရေစက်ဖြင့် ဟန်ယု၏ လက်ဖဝါးကို ထိကပ်လိုက်သည်။

မှိန်ဖျဖျ အလင်းရောင်တစ်ခုက လက်သည်းမှတစ်ဆင့် ဟန်ယု၏ အရေပြားထဲသို့ စီးဝင်သွားသည်... နွေးထွေးသည်၊ နူးညံ့သည်၊ သို့သော် ထူးဆန်းစွာ စွမ်းအားကြီးသည်။ ချီစွမ်းအင် မဟုတ်ပေ။ လုံးဝကြီးတော့ မဟုတ်။

သို့သော်... ဉာဏ်ပွင့်သွားသလို ခံစားရသည်။

သူ့မျက်လုံးများ ပြူးကျယ်သွား၏။

"မင်း ငါ့ကို အခုလေးတင်... ကောင်းချီးပေးလိုက်တာလား..."

ကြွက်က ပြန်မဖြေပေ။ သို့သော် နူးဒယ်က သူ့ကို သစ်ကြားသီး တစ်လုံး ကမ်းပေးသည်။ အခြေခံအားဖြင့်တော့ အတူတူပင် ဖြစ်၏။

မြေပြင်ပေါ်သို့ ပြန်တက်လာသောအခါ ဟန်ယု တစ်မျိုး ခံစားလိုက်ရသည်။ သန်မာလာခြင်း မဟုတ်ဘဲ ပို၍ ထက်မြက်လာခြင်း ဖြစ်သည်။

သူ့အာရုံခံစားမှုများ အနည်းငယ် ပိုရှင်းလင်းလာ၏။ တစ်ပတ်လောက် အိပ်စက်ပြီးနောက် အဆင့်မြင့် ဉာဏ်ပွင့်လက်ဖက်ရည် တစ်အိုး သောက်လိုက်ရသကဲ့သို့ ဖြစ်နေသည်။

ထိုကောင်းချီး (သို့) ထိုအရာက ဘာလုပ်ပေးနိုင်သလဲ ဆိုတာ သူ မသိသေးပေ။ လောလောဆယ်တော့ မသိသေး။ သို့သော် အသုံးဝင်လာလိမ့်မည်ဟု သူ ခံစားမိနေသည်။

ကြွက်တွင်းများ၏ နက်ရှိုင်းသော တစ်နေရာတွင်မူ ကိုက်ဖြတ်သတ္တဝါ လောကမှ အကြီးအကဲများက အချင်းချင်း တီးတိုး ပြောဆိုနေကြလေသည်။

"ရွေးချယ်ခံရသူ လာနေပြီ... မုန့်တွေ ဝှက်ထားကြ..."

All Chapters