အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း ၉၇။ ခွင့်လွှတ်ခြင်း သဘောတူညီချက်
"သောက်ကျိုးနည်း..." ဟန်ယု ပါးစပ် အုပ်လိုက်သော်လည်း နောက်ကျသွားပြီ။
"မိပြီ..."
လီမေက ရေတွင်းဝတွင် ပြန်ပေါ်လာသည်။
စားပွဲဝိုင်းမှ နောက်ဆုံး ကျန်သော ဖက်ထုပ်ကို ရလိုက်သည့် မြေခွေး ဝိညာဉ် တစ်ကောင်ကဲ့သို့ မျက်လုံးများ တောက်ပနေ၏။
"အခုတော့ မိပြီ..." ကျင့်ဝတ်မဲ့သော စမ်းသပ်မှု တစ်ခုကို ပြုလုပ်တော့မည့် ကလေးငယ် တစ်ယောက်၏ စစ်မှန်သော၊ ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုမျိုးဖြင့် သူမ ပြုံးလိုက်သည်။
ဟန်ယုက လုံးဝ ရှုံးနိမ့်သွားသူ တစ်ယောက်ကဲ့သို့ သူမကို မော့ကြည့်လိုက်၏။
"ဒီလို အချိန်မှ ငါ နှာချေရလား..." သူ တီးတိုး ရေရွတ်ရင်း သစ္စာဖောက် နှာခေါင်းကို ကျိန်ဆဲလိုက်သည်။
"ထွက်လာခဲ့..." လီမေက တေးသီသလို ပြောလိုက်၏။ "ခြေသည်းမှိုတွေနဲ့ ပြန်ဝင်စားချင်တာ မဟုတ်ရင် ထွက်ပေါက် မရှိဘူး..."
ဟန်ယုက ရေတွင်းအနက်မှ မော့ကြည့်လိုက်သည်။ ဝိညာဉ်အထိ စိုရွှဲနေပြီး ဝမ်းနည်းဖွယ် ကောင်းသည့်၊ တုန်ရီနေသော ဖားတစ်ကောင်ကဲ့သို့ ရေညှိတက်နေသည့် ကျောက်တုံးများကို တွယ်ကပ်ထားရ၏။
မျက်လုံးထဲ ရေများ ဝင်နေသဖြင့် သူမကို ကောင်းကောင်း မမြင်ရသော်လည်း သူမ၏ အသံထဲမှ အပြုံးကို သူ ကြားနေရသည်။
"ငါ ရှင်နဲ့ သဘောတူညီမှု တစ်ခု လုပ်မယ်..."
လီမေက ကြောင်တစ်ကောင်လို ညည်းသံလေးဖြင့် ပြောလိုက်၏။
ဟန်ယု ညည်းတွားလိုက်သည်။ အိုး... မဖြစ်ပါစေနဲ့။ အရူး အဂ္ဂိရတ် ပညာရှင်တွေနဲ့ သဘောတူညီမှု လုပ်တာ ဘယ်တော့မှ ဇာတ်သိမ်း မကောင်းဘူး။
ဒါက ကျင့်ကြံသူများ၏ အသက်ရှင်ရပ်တည်ရေး စည်းမျဉ်း #၂ ပဲ။ "စိတ်ပိုင်းဆိုင်ရာ ထုံထိုင်းသွားတာ (သို့) မျှော်လင့်ချက်မဲ့နေတာ မဟုတ်ရင် တောက်ပနေတဲ့ မှိုတွေကို မစားပါနဲ့" ဆိုတဲ့ စည်းမျဉ်း ပြီးရင်ပေါ့။
"ခြေအိတ် ကိစ္စကို ခွင့်လွှတ်ပေးမယ်..." လီမေက ချိုသာစွာ ပြောလိုက်သည်။
"ဆေးလုံး နည်းနည်းလောက် စမ်းသပ်ပေးဖို့ သဘောတူရင်ပေါ့..."
"နည်းနည်း..." ဟန်ယု မျက်လုံး ကျဉ်းမြောင်းသွား၏။
သူမက အိတ်ငယ်လေး တစ်လုံးကို မြှောက်ပြလိုက်သည်။ မကောင်းဆိုးဝါး အသံမျိုးဖြင့် ဂလောင်ဂလင် မြည်နေ၏။
"၁၀ လုံး... ၁၂ လုံးလောက်ပေါ့... အများဆုံး ၁၅ လုံး... ဘေးထွက်ဆိုးကျိုးတွေကို စမ်းသပ်ချင်နေတာ... 'မတော်တဆ ခြေလက် ခေတ္တ ပျောက်ဆုံးခြင်း' ဖြစ်ရပ် ပြီးကတည်းက ဘယ်သူမှ စမ်းသပ်မခံချင်ကြတော့လို့..."
"အဲဒီ စကားလုံး တစ်လုံးမှ ငါ သဘောမကျဘူး..." ဟန်ယု တီးတိုး ပြောလိုက်သည်။
လီမေ ပြုံးလိုက်၏။ "အိုး... ပြီးတော့ ရှင် အကုန်လုံးကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ရင်... အတွင်းစည်း ဂိုဏ်းသား တစ်ယောက်ရဲ့ ခြေအိတ်ကို ကိုယ်တိုင် ပို့ပေးမယ်... လတ်လတ်ဆတ်ဆတ်... မလျှော်ရသေးတာ..."
ဟန်ယု၏ မျက်လုံးများက တောက်ပသော ပစ္စည်းတစ်ခုကို တွေ့လိုက်ရသည့် ရက်ကွန်းတစ်ကောင်ကဲ့သို့ လက်ခနဲ ဖြစ်သွားသည်။
သူ မတတ်နိုင်ဘူး။ သူက အားနည်းတယ်။ သူ့မှာ အိပ်မက်တွေ ရှိတယ်။ ဆိုးရွားတဲ့၊ ခြေအိတ်နဲ့ ပတ်သက်တဲ့ အိပ်မက်တွေပေါ့။
"...သဘောတူတယ်..."
နောက်တစ်နေ့...
ဟန်ယုက လီမေ၏ ဆေးလုံးအိမ်လေးထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။
၁၀လုံးမြောက် ဆေးလုံးက အစပ်လွန်သော နောင်တတရားကဲ့သို့ လည်ချောင်းထဲ ဆင်းသွားသဖြင့် အနည်းငယ် တုန်ရီနေ၏။
သူ့ဘေးပတ်လည်တွင် ဇယားများ ရှိနေပြီး အများစုမှာ မှင်နီများ ပေကျံနေသည်။
တစ်ခုတွင်မူ "စမ်းသပ်ခံ ၁၇ - လေ့လာတွေ့ရှိချက်များ - အသက်ရှင်နေဆဲ (အံ့သြဖွယ်ကောင်းစွာ)" ဟု ရေးထား၏။
လီမေက ငှက်မွှေးတံနှင့် မှတ်စုစာအုပ်ကို ကိုင်ကာ သူ့ဘေးတွင် ပျော်ရွှင်စွာ ရစ်ဝဲနေပြီး လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်နေသည်။
"ဘယ်လို ခံစားရလဲ..." သူမ မေးလိုက်၏။
ဟန်ယု မျက်တောင်ခတ်လိုက်သည်။
"အရောင်တွေကို အရသာခံလို့ ရနေတယ်..."
လီမေက အသည်းအသန် ရေးမှတ်လိုက်၏။ "ကောင်းတယ်... သီချင်းသံတွေကို အနံ့ခံလို့ပဲ ရတဲ့ မနေ့ကထက် စာရင် တိုးတက်လာတာပဲ..."
သဘောတူညီချက်ကို လက်ခံပြီးနောက် ဟန်ယုမှာ ဆေးလုံးအိမ်လေးသို့ ခေါ်ဆောင်ခံခဲ့ရသည်။ ဓာတ်ခွဲခန်းတစ်ခုနှင့် မတူဘဲ ဆေးဝါးစစ်ပွဲ ဆင်နွှဲရာ စစ်မြေပြင်နှင့် ပိုတူနေ၏။
လီမေက သူ့ကို ဆေးလုံး အများအပြား တိုက်ကျွေးခဲ့ပြီး အမျိုးမျိုးသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အများစုမှာ မနှစ်မြို့ဖွယ်ရာများ ဖြစ်သည်။ အံ့သြစရာကောင်းသည်မှာ တစ်ခုမှ အသေမပျောက်ခြင်းပင်။
အခန်းထောင့်မှ ဦးထုပ်ဆောင်းထားသော လိပ်ငယ်လေး တစ်ကောင်က ညင်သာစွာ အော်မြည်လိုက်ပြီး ပျစ်ချွဲချွဲ အရာများ အဖြစ် ပေါက်ကွဲသွားသည်။
ဟန်ယု တုံ့ပြန်မှုပင် မလုပ်တော့ပေ။ ဒီနေ့အတွက် တတိယမြောက် လိပ် ဖြစ်သည်။
"နောက်တစ်လုံး..." လီမေက တက်ကြွစွာ မေးလိုက်၏။
ဟန်ယုက လူ့စိတ်ဖြင့် မတွေ့ကြုံသင့်သော အရာများကို မြင်တွေ့ခဲ့ရသူ တစ်ယောက်၏ မျက်လုံးများဖြင့် သူမကို စိုက်ကြည့်လိုက်သည်။
"၁၂ လုံးလို့ ပြောထားတယ် မဟုတ်လား..."
"၁၂ လုံးလောက်လို့ ပြောတာလေ... ကျန်တာတွေက အပိုဆု ဆေးလုံးတွေ..."
"မိန်းကလေး... ငါ့ဝိညာဉ်တောင် မုတ်ဆိတ်ပေါက်နေလောက်ပြီ..."
လီမေက ဝိညာဉ်စစ်ပွဲသို့ စေလွှတ်လိုက်သော ကလေးတစ်ယောက်ကို ဂုဏ်ယူစွာ ကြည့်နေသည့် မိဘတစ်ယောက်ကဲ့သို့ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။
"နောက်တစ်လုံးပဲ... ပြီးရင် ခြေအိတ် ရပြီ..."
ဟန်ယု တံတွေးမြိုချလိုက်၏။
မာနလား... မရှိတော့ဘူး။
ဂုဏ်သိက္ခာလား... မရှိတော့ဘူး။
တည်ငြိမ်မှုလား... ကြာပြီ ပျောက်နေတာ။
သူက နောက်ဆုံး ဆေးလုံးကို လှမ်းယူလိုက်သည်။ ထိလိုက်လျှင် အသံမြည်သော၊ သံသယ ဖြစ်ဖွယ် ကောင်းလောက်အောင် ကန်ထွက်နိုင်စွမ်း ရှိသော အလုံးလေး ဖြစ်သည်။
ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
စိတ်ပျက်စရာကောင်းသော အရသာ ရနေသည်။
ကမ္ဘာကြီးက တုန်ခါသွား၏။ အမြင်အာရုံ ဝါးသွားသည်။ သူ့ခန္ဓာကိုယ်က မြေကြီးပေါ်မှ လက်မအနည်းငယ် ကြွတက်သွားပြီး
"ဘွိုင်"
ဟု အသံမြည်သွားသည်။
သူက ပျက်စီးနေသော ဝိညာဉ်အဆောင် တစ်ခုကဲ့သို့ အနည်းငယ် တုန်ခါလျက် လေပေါ်တွင် ပျံဝဲနေ၏။
"...ဒါက ဘာလုပ်တာလဲ..." သူ စိုးရိမ်တကြီး မေးလိုက်သည်။
လီမေက သူမ၏ မှတ်စုများကို လှန်လှောကြည့်လိုက်၏။
"ငါလည်း မသိဘူး... နာမည်တပ်ဖို့ မေ့သွားတယ်..."
ဟန်ယု အော်ဟစ်လိုက်သည်။
သူ မသိလိုက်သည်မှာ... ဖရိုဖရဲ ဖြစ်နေသော စွမ်းအင်သစ် တစ်ခုသည် အရက်ဆိုင် လှည့်လည် သောက်စားနေသော မူးနေသည့် ကျင့်ကြံသူ တစ်ယောက်ကဲ့သို့ သူ့ချီကြောများထဲတွင် လှည့်လည်သွားလာနေခြင်း ဖြစ်သည်။
နှစ်နာရီ ကြာပြီးနောက်...
ဟန်ယုက ကြမ်းပြင်ပေါ်တွင် ခွေခွေလေး ဖြစ်နေပြီး အခိုးအငွေ့များ ထွက်နေသည်။
သူ့ဆံပင်များ ထောင်နေ၏။
သူ့မျက်ခုံးမွှေးများက လည်ပင်းသို့ ပြောင်းရွှေ့သွားသည်။
သူက ကာရန်ညီအောင်သာ စကားပြောတတ်တော့သည်။
"နောက်တစ်ခါ ထပ်မလုပ်တော့ဘူး..." သူ တီးတိုး ပြောလိုက်၏။ "ခြေအိတ် နောက် ဘယ်တော့မှ မလိုက်တော့ဘူး... ခြေအိတ်တွေက လိမ်ညာမှုတွေ... ခြေအိတ်တွေက နာကျင်မှုတွေ..."
လီမေက လက်ခုပ်တီးလိုက်သည်။
"သတင်းကောင်းပဲ... ရှင် စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီ..."
ဟန်ယုက မျက်တွင်းဟောက်ပက်ဖြင့် သူမကို မော့ကြည့်လိုက်၏။
"...ဒါဆို... ခြေအိတ်..."
လီမေက ပြုံးလိုက်ပြီး သူမ၏ အတွင်းဝတ်ရုံထဲမှ ပိုးစဖြင့် ထုပ်ထားသော အထုပ်လေး တစ်ခုကို ထုတ်ယူလိုက်သည်။
"ရော့... ကတိအတိုင်းပဲ... အတွင်းစည်း ဂိုဏ်းသား ခြေအိတ် အစစ်..."
ဟန်ယုက ရိုသေလေးစားစွာ ဖြေကြည့်လိုက်သည်။
ဝိညာဉ်ချည်မျှင်များဖြင့် မှိန်ဖျဖျ တောက်ပနေသည်။ မက်မွန်ပန်းနံ့ သင်းသင်းလေးနှင့် သာလွန်မြင့်မြတ်မှု အငွေ့အသက်များ ရနေ၏။
ဒါက မစ်ရှင်အတွက် သူ လိုချင်ခဲ့သမျှ အရာအားလုံး ဖြစ်ပြီး၊ လူသိရှင်ကြား ဘယ်တော့မှ ဝန်ခံမည် မဟုတ်သော အရာ ဖြစ်သည်။
သူက ဉာဏ်အလင်း ပွင့်သွားသော ဘုန်းကြီးတစ်ပါးကဲ့သို့ ရင်ဘတ်တွင် ပိုက်ထားလိုက်သည်။
လီမေက ရှေ့တိုးလာ၏။
"ဒါနဲ့... အဲဒီမှာလည်း ခြေရာခံ တာလစ်စမန် သေးသေးလေး ထည့်ထားတယ်... စမ်းသပ်မှုအတွက်ပေါ့..."
ဟန်ယု မျက်နှာ ပျက်သွားသည်။
"ဘာလို့လဲ..."
သို့သော် သူ စိတ်ဖောက်ပြန်မသွားခင် လီမေက သူ့ခေါင်းကို ပုတ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... ရှင်က ငါ့စမ်းသပ်ခံ ဖြစ်သွားပြီလေ... ငါ့ရဲ့ စမ်းသပ်ပစ္စည်းတွေကို ငါ ကောင်းကောင်း ဂရုစိုက်ပါတယ်..."
ဟန်ယုတစ်ယောက် ကျေးဇူးတင်ရမလား၊ ကြောက်ရမလား မသေချာတော့ပေ။
"ဒါတွေကို ဘာလုပ်ရမလဲ..." ဟန်ယုက မျက်နှာပေါ်တွင် မရှိတော့ဘဲ လည်ပင်းတွင် ရောက်နေသော မျက်ခုံးမွှေးများကို ညွှန်ပြရင်း မေးလိုက်သည်။
"အိုး... အဲဒါတွေလား... ရိတ်ပစ်လိုက်လို့ ရပါတယ်..." လီမေက ဂရုမစိုက်သလို ပြောလိုက်၏။
"ဒါဆို ငါ့ရဲ့ မျက်ခုံးမွှေးအစစ်တွေကျတော့ ဘယ်လို လုပ်ရမလဲ..." ဟန်ယုက ပြောင်ရှင်းနေသော သူ့မျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။
"အာ... အဲဒါလား..." လီမေက ခဏကြည့်ပြီး မှတ်စုကို စစ်ဆေးလိုက်သည်။ "မနက်ဖြန် ပြန်လာခဲ့... အဲဒါ ပြင်ဖို့ တစ်ခုခု လုပ်ပေးမယ်..." သူမ ထပ်ပြောလိုက်၏။
"ဟူး... ကောင်းပြီလေ..." ဟန်ယုက လက်လျော့လိုက်သည်။
ဆေးလုံး စမ်းသပ်မှုများဖြင့် တစ်ရက်တာ ရှင်သန်ပြီးနောက် ခြေအိတ်ကို ရရှိသွားသော ဟန်ယု ထွက်ခွာလာခဲ့သည်။
ကျေးဇူးတင်ရမလား၊ ကြောက်ရမလား...မသိတော့ပေ။ ဖြစ်နိုင်တာက နှစ်ခုစလုံး ဖြစ်လိမ့်မည်။
ထိုနေ့မှ စ၍ ဂိုဏ်းအတွင်း ထူးဆန်းသော အနံ့များ ရလာတိုင်း (သို့) အဂ္ဂိရတ် အိမ်လေးဆီမှ သံသယ ဖြစ်ဖွယ် ပေါက်ကွဲသံများ ကြားရတိုင်း ဟန်ယု အတွင်းထဲ ရောက်နေသည်ဟု လောင်းကြေးထပ်လို့ ရသည်။
ချောင်းဆိုးနေတာ ဖြစ်နိုင်တယ်။
တောက်ပနေတာ ဖြစ်နိုင်တယ်။
ပျံဝဲနေတာ ဖြစ်နိုင်တယ်။
ဒါမှမဟုတ် အော်ဟစ်နေတာ ဖြစ်နိုင်တယ်။
ပြီးတော့ အထူး တိတ်ဆိတ်တဲ့ ညတွေမှာ သေချာ နားစွင့်ကြည့်ရင် စောင်အောက်ထဲကနေ တီးတိုး ပြောသံ ကြားရလိမ့်မယ်။
"...ခြေအိတ်တွေက ဒီလောက်ထိ ပေးဆပ်ရတာ မတန်ဘူး..."
အခန်း ၉၈။ အသားစား ဆုလာဘ်
ညရောက်သွားပြီ။
ရွက်မွှာနှစ်ဖက် ဂိုဏ်းကြီးသည် တိတ်ဆိတ်နေသည်။ သစ်ရွက်များ တရှပ်ရှပ် လှုပ်ခတ်သံ သဲ့သဲ့နှင့် သန်းခေါင်ယံ လေ့ကျင့်ရေး လုပ်ရင်း ခလုတ်တိုက် လဲကျသွားသော ဂျူနီယာ ဂိုဏ်းသားတစ်ယောက်၏ "ဘုန်း" ခနဲ အသံမျိုးမှ လွဲ၍ အခြား အသံများ မကြားရပေ။
အပြင်စည်း မီးဖိုချောင်အောက်ရှိ အရိပ်များကြားတွင် သေးငယ်ပြီး အနံ့ဆိုးထွက်နေသော လှိုဏ်ခေါင်းတစ်ခု ရှိသည်။ ဟန်ယုက ထိုနေရာ၏ ရှေ့တွင် ဒူးထောက်နေပြီး စက္ကူဖြင့် ထုပ်ထားသော အထုပ်ငယ်လေး တစ်ခုကို ဆုပ်ကိုင်ထား၏။
သူ့မျက်နှာပေါ်တွင် များစွာသော အရာများကို မြင်တွေ့ခဲ့ရသည့်၊ များစွာသော အရာများကို စတေးခဲ့ရသည့်၊ ဆေးလုံး အမှတ် ၇ သောက်ပြီးနောက် မျက်ခုံးမွှေး ရှိမရှိ မခံစားနိုင်တော့သည့် လူတစ်ယောက်၏ အမူအရာမျိုး ပေါ်နေသည်။
"ငါ ရလာပြီ..." သူက အမှောင်ထုထဲသို့ လေးလေးနက်နက် တီးတိုး ပြောလိုက်၏။
တိတ်ဆိတ်နေသည်။ ပြီးနောက် တရှပ်ရှပ် အသံ။ တကျွီကျွီ အသံ။ ပြီးတော့ တောက်ပနေသော မျက်လုံးသေးသေးလေးများ။
လှိုဏ်ခေါင်းထဲမှ လက်ဖက်ရည်ပန်းကန်လုံး အရွယ်အစားခန့် ရှိသော ကြွက်တစ်ကောင် ထွက်လာသည်။ ဂိုဏ်းသားဝတ်စုံ အဟောင်းစဖြင့် ပြုလုပ်ထားသော စုတ်ပြတ်နေသည့် ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူ့နောက်တွင် နောက်ထပ် ကြွက် ၅ ကောင် ပါလာသည်။ တစ်ကောင်က သွားကြားထိုးတံကျိုး တစ်ချောင်းကို ဓားသဖွယ် ဆွဲလာသည်။
နောက်တစ်ကောင်က သစ်ကြားသီးအခွံကို ဦးထုပ်ဆောင်းထားသည်။ အငယ်ဆုံးကောင်ကတော့ ပိုးတောင်မာ တစ်ကောင်ကို မြင်းသဖွယ် စီးလာ၏။
သူတို့က ကြွက်ဂိုဏ်းခွဲ ဖြစ်သည်။
ပြီးတော့ ဒါက အလွန် လေးနက်သော မစ်ရှင်တစ်ခု ဖြစ်သည်။
"စကားဝှက်..." ခေါင်းဆောင်ကြွက် ဖြစ်သော စစ်ဘုရင် စနစ်ဖယ် က အော်မြည်လိုက်၏။
ဟန်ယု မျက်လုံးမှိတ်လိုက်သည်။ ရှက်ရွံ့မှုများ ပြည့်နှက်နေ၏။
"စီးပွားရေးအတွက် နှစ်ချက် အော်ပါ... သစ္စာဖောက်မှုအတွက် သုံးချက် အော်ပါ... ဒိန်ခဲ အသက်ရှည်ပါစေ..."
ခဏ ရပ်တန့်သွားသည်။ ပြီးနောက် သဘောတူညီသည့် အနေဖြင့် လက်ခုပ်တီးသကဲ့သို့ တကျွီကျွီ အသံများ ထွက်ပေါ်လာ၏။
"ပူဇော်သက္ကာ..."
ဟန်ယုက အထုပ်ကို ဖြေလိုက်သည်။
အတွင်းစည်း ခြေအိတ်တစ်ဖက်
( အနည်းငယ် နွေးနေသေးသည်)
ကြက်ရိုး ၃ ချောင်း (သန့်ရှင်းသည်၊ ပြောင်လက်နေသည်၊ နည်းနည်း ကိုက်ထားသည်)
မီးကင်မြေပဲ အိတ်ငယ်တစ်အိတ် (ဆားနယ်ထားသည်၊ ပျားရည်သုတ်ထားခြင်း မဟုတ် - သူတို့တွင် စံချိန်စံညွှန်း ရှိသည်)
ကြွက်များက ထိုပစ္စည်းများကို ရှေးဟောင်း ကျင့်ကြံသူများက ဉာဏ်အလင်းပွင့်စေမည့် မြင့်မြတ်သော ရှေးဟောင်းပစ္စည်း တစ်ခုကို ကြည့်သကဲ့သို့ စိုက်ကြည့်နေကြသည်။
စစ်ဘုရင် စနစ်ဖယ်က ရိုသေလေးစားစွာ ရှေ့တိုးလာ၏။
"မင်းက ဒီပူဇော်သက္ကာနဲ့ ဂိုဏ်းခွဲကို ဂုဏ်ပြုလိုက်တာပဲ... အထူးသဖြင့် ခြေအိတ်... ဒါက အဆင့် ၂ အထည်အလိပ်ပဲ... တောင်းဆိုသူက သေချာပေါက် သဘောကျလိမ့်မယ်..."
"ဒါကို ရဖို့ ငါ ဘာတွေ ဖြတ်ကျော်ခဲ့ရလဲ မင်းတို့ မသိပါဘူး..." ဟန်ယုက မျက်လုံး တစ်ချက်လှုပ်ရင်း တီးတိုး ပြောလိုက်သည်။
"မင်း ကိုယ့်ကိုယ်ကိုယ် သက်သေပြနိုင်ခဲ့ပြီ..." စနစ်ဖယ်က လေးနက်စွာ ပြောလိုက်၏။ "ဂိုဏ်းခွဲက ကတိတည်တယ်..."
ထို့နောက်
လှိုဏ်ခေါင်း အနက်ပိုင်းထဲမှ ကြွက်ငယ်တစ်စု ထွက်ပေါ်လာပြီး သစ်ရွက်ခြောက်ဖြင့် ထုပ်ကာ သားမွေးဖြင့် ချည်နှောင်ထားသော အဆီပြန်နေသည့် အထုပ်တစ်ထုပ်ကို ဆွဲလာကြသည်။
သူတို့က ဟန်ယုရှေ့တွင် ချပေးလိုက်ပြီး စစ်ရေးပြ ဟန်ပန်ဖြင့် ပြန်လည် ဆုတ်ခွာသွားကြသည်။ တစ်ကောင်က မြေပဲခွံ နင်းမိပြီး ချော်လဲသွားသဖြင့် စစ်ချီသံလေး တစ်သံ အော်မြည်လိုက်သေး၏။
ဟန်ယုက သတိထားပြီး ဖွင့်ကြည့်လိုက်သည်။ အရသာရှိသော အနံ့တစ်မျိုး ချက်ချင်း ရလိုက်၏။
"ဒါက..." သူ မျက်လုံးပြူးသွားသည်။ "ဒါက..."
"ခန္ဓာသန့်စင်ခြင်း ဒသမအဆင့် သားရဲအသား..." စနစ်ဖယ်က ကြေညာလိုက်၏။ "အဆင့် ၃ ဗိုက်မဲ တောဝက်သား..."
ဟန်ယု ဒူးထောက် ကျသွားသည်။
"မင်းတို့... ခမ်းနားလိုက်တဲ့ ကိုက်ဖြတ်သတ္တဝါတွေ... မင်းတို့ တကယ် ရအောင် ယူလာနိုင်တာပဲ..."
"တစ်ဝက် ကင်ထားတယ်... အမွှေးအကြိုင် နယ်ထားတယ်... မီးဖိုချောင် ၂ ခု၊ ဂိုဏ်းသား အိပ်ဆောင် တစ်ဆောင်နဲ့ အကြီးအကဲ လု ရဲ့ ကိုယ်ပိုင် ခြံဝင်းကို ဖြတ်ကျော်ပြီး ခိုးထုတ်လာခဲ့ရတာ... ကြွက် ၃ ကောင် ဒဏ်ရာရတယ်... တစ်ကောင် အနားယူသွားရတယ်..."
ဟန်ယုက လေးစားသမှုဖြင့် ခေါင်းငုံ့လိုက်၏။
"သူတို့ကို မေ့မှာ မဟုတ်ပါဘူး..."
ကြွက်များက အလေးပြုသည့် အနေဖြင့် အော်မြည်လိုက်ကြသည်။
ဟန်ယုက အသားထုပ်ကို ဂရုတစိုက် သိမ်းဆည်းလိုက်သည်။ ဒီအဆင့် သားရဲအသားက ခန္ဓာကိုယ်ကို သန်မာစေနိုင်သည်၊ ဒန်တန်ကို အားဖြည့်ပေးနိုင်သည်၊ ပြီးတော့ ပိုအရေးကြီးတာက... စွပ်ပြုတ် လုပ်လို့ရသည်။
"နောက်ထပ် တစ်ခု..." စနစ်ဖယ်က လေသံနှိမ့်ပြီး ပြောလိုက်၏။ "မြေအောက် စားသောက်ခန်းထဲမှာ ပြောသံတွေ ကြားနေရတယ်... အရှေ့ဘက် သိုလှောင်ခန်းထဲက ကြွက်တွေက မင်းအကြောင်း တစ်ခုခု ကြားခဲ့တယ်တဲ့..."
ဟန်ယု မျက်တောင်ခတ်လိုက်သည်။
"ငါ့အကြောင်း..."
စနစ်ဖယ်က ခေါင်းစောင်းလိုက်၏။
"မင်းထင်ထားတာထက် ရန်သူ ပိုများနေပုံရတယ်... နောက်ထပ် ရန်သူတွေ မင်းဆီ ရောက်လာလိမ့်မယ်..."
ဟန်ယု သူ့ဘဝကို ပြန်စဉ်းစားလိုက်သည်။
ဆေးလုံးတွေ... ခြေအိတ်... ပေါက်ကွဲတတ်သော လိပ်တွေ...
"...သေချာတာပေါ့..." သူ နောက်ဆုံးတွင် ပြောလိုက်၏။ "ဘာလို့ မဖြစ်ရမှာလဲ... ဒီဂိုဏ်းထဲမှာ ပြဿနာတွေက ငါ့ဆီ အမြဲ ရောက်လာနေကျပဲဟာ..."
စနစ်ဖယ်က ခေါင်းတစ်ချက် ညိတ်ပြပြီး လှိုဏ်ခေါင်းထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ သူ့ဝတ်ရုံက ကံကြမ္မာ၏ နှုတ်ခမ်းမွေးများကဲ့သို့ လေထဲတွင် လှုပ်ခါကျန်ရစ်ခဲ့၏။
ထိုနေ့ ညဘက်၊ သူ့အခန်းထဲတွင် ဟန်ယုက သေးငယ်သော ဝိညာဉ်မီးတောက်လေး တစ်ခု ရှေ့တွင် ထိုင်ပြီး အဂ္ဂိရတ် အိုးဖုံးဖြင့် ပြုလုပ်ထားသော အိုးတစ်လုံးဖြင့် သူ့ဆုလာဘ်ကို ချက်ပြုတ်နေသည်။
သားရဲအသားက တရှဲရှဲ မြည်နေပြီး အဆီများ ထွက်လာကာ ကောင်းကင်ဘုံမှ ဂီတသံစဉ်ကဲ့သို့ မြည်ဟည်းနေ၏။
သူက ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ဆားအနည်းငယ်နှင့် ကြွပ်ရွစေရန် မြေပဲတစ်စေ့ ထည့်လိုက်သည်။
စွပ်ပြုတ် ပွက်ပွက်ဆူလာသောအခါ ဟန်ယု နောက်သို့ မှီထိုင်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။
"တန်ရဲ့လား..." သူ ကိုယ့်ကိုယ်ကိုယ် မေးလိုက်သည်။
တံမြက်စည်းက မြင့်မြတ်သော ရှေးဟောင်းပစ္စည်း တစ်ခုကဲ့သို့ အနီးတွင် မတ်မတ် ရပ်နေ၏။
သူ့ဘယ်ဘက် မျက်ခုံးမွှေး လှုပ်သွားသည်။ ဆေးလုံး ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်သည်။ စိတ်ဒဏ်ရာကြောင့်လည်း ဖြစ်နိုင်သည်။
သူ စွပ်ပြုတ် တစ်လုပ် သောက်လိုက်၏။
သူ့ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး၊ ဂျွမ်းသုံးပတ်ထိုးကာ၊ ဝိညာဉ် ကုထုံးဆရာနှင့် တိုင်ပင်ပြီးနောက်၊ ပျော်ရွှင်သော မျက်ရည်များဖြင့် ပြန်ဝင်လာသည်။
"...ဟုတ်တယ်... တန်တယ်..."
ထိုညမှ စ၍ ဟန်ယုသည် နှိမ့်ချသော အစေခံ (သို့) တစ်ခါသုံး ဆေးလုံး စမ်းသပ်ခံ သက်သက် မဟုတ်တော့ပေ။
ဂိုဏ်း၏ အရိပ်များကြား၊ ကြမ်းခင်းပျဉ်ပြားများ အောက်နှင့် ဟင်းခတ်အမွှေးအကြိုင် စင်များ၏ နောက်ကွယ်တွင် တီးတိုး စကားသံများ ပြန့်နှံ့သွားသည်။
"ခြေအိတ် စာပို့သမားက ပစ္စည်း ပို့ဆောင်ပြီးပြီ..."
"ကြွက်မိတ်ဆွေက ငါတို့ကြားမှာ လျှောက်သွားနေတယ်..."
ဟန်ယုသည် ယခုအခါ ထူးဆန်းသော ကျော်ကြားမှု ရှိသူ တစ်ယောက် ဖြစ်လာသည်။ အသံမြင့်မြင့်ဖြင့် တီးတိုး ပြောဆိုကြပြီး တစ်ဝက် ကိုက်ဖြတ်ထားသော ကျမ်းလိပ်များမှတစ်ဆင့် ပျံ့နှံ့နေသော ဒဏ္ဍာရီ တစ်ခု ဖြစ်လာ၏။
သူက ကြွက်များ၏ လေးစားမှုကို ရရှိခဲ့သည်။
သူ အသား ရရှိခဲ့သည်။
သူ အသက်ရှင်ခဲ့သည်။
ပြီးတော့ အရေးအကြီးဆုံးကတော့... ဒီဂိုဏ်းထဲမှာ ခြေအိတ်တွေက ခြေအိတ် သက်သက် မဟုတ်ဘူး ဆိုတာ သူ နောက်ဆုံးတော့ သိရှိသွားခဲ့သည်။
ကြွက်များကြားတွင် ကြီးထွားလာသော သူ့ဂုဏ်သတင်းကို သတိမထားမိဘဲ ဟန်ယုတစ်ယောက် သူ ကြိုးစားရယူထားသော သားရဲအသားကို အရသာခံ စားသုံးနေ၏။ ဒါက သူ ရဖူးသမျှ အကောင်းဆုံး သားရဲအသား ဖြစ်ပြီး သေချာ အရသာခံ စားသုံးရန် ရည်ရွယ်ထားသည်။
သူက အသားထုပ်ကို ကြည့်ပြီး ရေရွတ်လိုက်၏။ "ဒါဆိုရင် ရက်နည်းနည်းလောက် ခံမှာပါ... သေချာ ချွေတာစားရမယ်... ဒီလို မစ်ရှင်မျိုး နောက်တစ်ခါ ထပ်မလုပ်ချင်တော့ဘူး..."
ခြေအိတ်ကို ဘယ်သူ လိုချင်တာလဲ ဆိုတာကိုတော့ သူ သေချာပေါက် သိချင်နေသည်။ အခြား ပစ္စည်းများက အဓိပ္ပာယ် ရှိပြီး ကြွက်များ လိုချင်သည်ဟု ယူဆနိုင်သော်လည်း ခြေအိတ်ကတော့... သူတို့ လိုချင်စရာ အကြောင်း မရှိပေ။
'ပြီးတော့ ငါ့အကြောင်း ဘယ်သူ ပြောနေတာလဲ...' ဟန်ယု တွေးလိုက်မိ၏။ 'ရှန်ထူလား... တခြား အစေခံ တစ်ယောက်လား...'
သူ ရှန်ထူကို ပညာပေးလိုက်ပြီးနောက် အများစုက သူ့ကို အနှောင့်အယှက် မပေးတော့ပေ။ ဒါပေမဲ့ သူ စော်ကားခဲ့သော ဂိုဏ်းသားများကတော့ သူ့ကို အေးအေးချမ်းချမ်း နေခွင့်ပေးမည် မဟုတ်ကြောင်း ဟန်ယု သေချာ သိနေသည်။