အခန်း (၉၉-၁၀၀)
Vol. 10 Ch. 99-100
အခန်း ၉၉။ သံသယ ဖြစ်ဖွယ် တာဝန်
သာမန် နေ့တစ်နေ့လိုပင် စတင်ခဲ့သည်။
အစေခံ ခေါင်းဆောင်က သူ့ကို "အထူး တာဝန်" တစ်ခု ပေးပြီး မဲကာရွဲ့ကာ ပြုံးပြလိုက်ကတည်းက တစ်ခုခု မှားနေပြီ ဆိုတာ ဟန်ယု သိခဲ့သင့်သည်။ အထူး တာဝန် ဆိုသည်မှာ ရာထူးတိုးခြင်း (သို့) ချီးကျူးခြင်း မဟုတ်ပေ။
တစ်ယောက်ယောက်က ဝိညာဉ်သားရဲ တစ်ကောင်ကောင်၏ ပါးစပ်ထဲ (သို့) ခြေထောက်အောက် အရောက်ပို့ခံရမည့် လူသားပစ်မှတ် တစ်ခု လိုအပ်နေခြင်းသာ ဖြစ်သည်။
ဒီတစ်ခါတော့ အဖော်ပါ ပါလာသည်။
ကျောက်ချွန်း...
ပိန်လှီပြီး စူးရှသော မျက်လုံးများ ရှိသည့်၊ မြွေပါတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ်နှင့် စိုရွှဲနေသော ဖိနပ်တစ်ရန်ကဲ့သို့ ဆွဲဆောင်မှုမျိုးသာ ရှိသော အစေခံ တစ်ယောက် ဖြစ်သည်။
သူက အဆင့်နိမ့် အစေခံများ၏ စုတ်ပြတ်နေသော အညိုရောင် ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း အခြေခံ တည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ တစ်ယောက်က ကောင်းကင် ရှစ်ပါး ရှူရှိုက်ခြင်း စည်းချက်နှင့်အညီ လေချဉ်တက်သည်ကို ကြားဖူးရုံနှင့် သူ့ကိုယ်သူ ဉာဏ်အလင်းပွင့်သူဟု ထင်မှတ်နေသူ တစ်ယောက်ကဲ့သို့ လမ်းလျှောက်နေ၏။
ကျောက်ချွန်းက စုတ်ပြဲနေသော စာရွက်တစ်ရွက်ကို ဟန်ယု လက်ထဲ ထည့်ပေးရင်း ပြုံးလိုက်သည်။
"ပျောက်ဆုံးနေတဲ့ အဆောင်
အတွင်းစည်း ဂိုဏ်းသားတစ်ယောက် ယှဉ်ပြိုင်ရင်း ပြုတ်ကျကျန်ခဲ့တာတဲ့... ငါတို့ သွားရှာရမယ်..."
ဟန်ယုက အဆောင်သင်္ကေတပုံစံ ရေးဆွဲထားသော မျဉ်းကြောင်းကွေးကွေးများကို မျက်လုံးမှေး ကြည့်လိုက်၏။
"အပြင်ဘက် ချောက်ကမ်းပါးလား... အဲဒါက ဂိုဏ်းက လူတွေကို ပြုတ်ကျသေစေချင်တဲ့အခါ ပို့လေ့ရှိတဲ့ နေရာလေ..."
"ဟုတ်တယ်လေ..." ကျောက်ချွန်းက ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။ သိပ်ကို ပျော်ရွှင်လွန်းနေ၏။ ထောင်ချောက် ဆင်ထားပြီး မင်း ဝင်တိုးတာကို စောင့်ကြည့်ဖို့ စောင့်နေသူ တစ်ယောက်ရဲ့ ပျော်ရွှင်မှုမျိုး။
တစ်နာရီ ကြာပြီးနောက်...
သူတို့က ရေညှိများနှင့် ဝိညာဉ်ငှက်ချေးများ ဖုံးလွှမ်းနေသော နေရာသို့ ရောက်ရှိလာပြီး အန္တရာယ်များသော ချောက်ကမ်းပါး လမ်းလေးအတိုင်း လျှောက်လှမ်းနေရသည်။
လမ်းက ပြိုကျမသွားဘဲ တည်ရှိနေခြင်းမှာ ဝိညာဉ်ဖိအားနှင့် ဆုတောင်းမှုများကြောင့်သာ ဖြစ်၏။
ဟန်ယု ရပ်တန့်လိုက်သည်။
"အဆောင်က ဒီမာတကယ် ရှိလို့လား..." ဟန်ယု မေးလိုက်၏။ "ပြီးတော့ ဂိုဏ်းသားတွေက ဘာလို့ ဒီနေရာမှာ တိုက်ခိုက်ကြတာလဲ... ကောင်းကောင်း ယှဉ်ပြိုင်တာထက် ပြုတ်ကျသေဖို့ အခွင့်အရေး ပိုများတဲ့ နေရာမှာလေ..." တစ်ခုခု မှားနေပြီ ဆိုတာ သူ သေချာနေသည်။
ကျောက်ချွန်း ပြုံးလိုက်သည်။ အပြုံးထက် မဲ့ပြုံးနှင့် ပိုတူ၏။
"အိုး... အဆောင်က အစစ်ပါ... ဒါပေမဲ့ ဒီမှာ ကြည့်..."
သူက ဓားမြှောင် တစ်ချောင်း ထုတ်လိုက်သည်။ အခမ်းအနားသုံး ဓား မဟုတ်။ ထိုးသတ်သည့် ဓားမျိုး ဖြစ်သည်။
"...ဒါလည်း အစစ်ပဲ..."
ဟန်ယု စိုက်ကြည့်လိုက်၏။
"တကယ်ကြီးလား... ဒီလို လူသူဝေးတဲ့ နေရာမှာ... သက်သေ မရှိတဲ့ နေရာမှာလေ..." သူတို့ ဒီလောက်ထိ လုပ်လိမ့်မည် မဟုတ်ဟု မျှော်လင့်ထားသော်လည်း လက်တွေ့က ကွာခြားနေသည်။
'အလုပ်ကြမ်း ပေးပြီး အပြစ်ပေးတာကနေ အခု သတ်ဖို့အထိ လုပ်လာပြီလား... သူတို့ တကယ် အဆင့်မြှင့်လာတာပဲ...' မူရုံရှဲ့ကို သူ ဘယ်လောက်ထိ စော်ကားမိခဲ့သလဲ ဆိုတာ ဟန်ယု နားလည်လိုက်ပြီ။
ဒီမစ်ရှင်က မူရုံရှဲ့ဆီက လာတာ သေချာသည်။ သူ သိသလောက်ဆိုလျှင် ကောင်းရန်က ဒီလောက်ထိ ယုတ်မာမည့်သူ မဟုတ်ပေ။
"အဲဒါ အကြံပဲလေ..." ကျောက်ချွန်းက ရှေ့တိုးလာရင်း ပြောလိုက်သည်။ "မင်းက လူတော်တော်များများကို စော်ကားခဲ့တယ်လို့ ကြားတယ်... အထူးသဖြင့် ပါရမီရှင် ဂိုဏ်းသားတချို့ကိုပေါ့..."
"မူရုံရှဲ့လား..." ဟန်ယု ခန့်မှန်းလိုက်၏။
"ပြီးတော့ သူ့ကို ထောက်ခံတဲ့ ဂိုဏ်းသားတွေ... ပြီးတော့ မင်းက တစ်ယောက်ယောက်ရဲ့ 'ဥ' ကို ကန်ခဲ့တဲ့ အကြွေး ဆပ်ရဦးမယ်..."
ဟန်ယု သက်ပြင်းချလိုက်သည်။
"ကောင်းရန်..." တစ်နေ့ကျရင် လက်စားချေမှု ရောက်လာလိမ့်မယ်ဆိုတာ သူ သိခဲ့သည်။
"ငါတို့ ဂုဏ်သိက္ခာရှိတဲ့ နေရာတစ်ခုမှာ သေတဲ့အထိ မတိုက်ခိုက်ကြဘူးလား... အဝတ်လျှော်တဲရဲ့ နောက်ဘက်လို နေရာမျိုးလေ..."
"ကံမကောင်းစွာနဲ့ မရဘူး..."
ကျောက်ချွန်းက ခုန်အုပ်လိုက်သည်။
ဟန်ယုက မကြာသေးမီက စမ်းသပ်ဆေးလုံး ၁၂ လုံး သောက်သုံးခဲ့ရပြီး ဘက်ပေါင်းစုံသို့ တုံ့ပြန်လှုပ်ရှားတတ်အောင် လေ့ကျင့်ထားသူ တစ်ယောက်၏ ကျွမ်းကျင်မှုဖြင့် ရှောင်တိမ်းလိုက်၏။
သူတို့ လုံးထွေး သတ်ပုတ်ကြပြီး ချောက်ကမ်းပါး အစွန်းနားသို့ အန္တရာယ်ရှိစွာ ရောက်ရှိသွားသည်။ ဟန်ယုက ရေမြှုပ်တံမြက်စည်း ရိုးတံဖြင့် ဓားချက်ကို ကာကွယ်လိုက်ပြီး တုတ်ရှည်သဖွယ် လှည့်ကစားကာ ကျောက်ချွန်း၏ မျက်နှာကို "ဖြောင်း" ခနဲ ရိုက်ချလိုက်သည်။
'ကံကောင်းလို့ တံမြက်စည်း ယူလာမိတာ...' ဟန်ယုက သူ့ဓားဟောင်းထက် ပိုရှည်သော လက်နက်တစ်ခု ရရှိရန် အပိုယူလာခဲ့ခြင်း ဖြစ်သည်။
ပြီးတော့ အစေခံတစ်ယောက်က လက်နက်ကိုင်ထားတာထက် တံမြက်စည်း ကိုင်ထားတာက သံသယ ဖြစ်ဖွယ် နည်းပါးသည်။
"ဒါက ငါ့ကို ခြိမ်းခြောက်လို့..."
ကျောက်ချွန်းက ထပ်မံ ခုန်အုပ်လိုက်ရာ ဟန်ယုကို ဖိထားမိသွားသည်။ ဟန်ယု၏ နောက်တွင် ချောက်ကမ်းပါး အစွန်း၊
ရှေ့တွင် ကျောက်ချွန်းနှင့် ချောက်ကမ်းပါး နံရံ၊ နံရံပေါ်တွင် ပေါက်နေသော သစ်ပင်တစ်ပင် ရှိနေ၏။
သို့သော် သစ်ပင်ကို ကြည့်လိုက်ချိန်တွင် တစ်စုံတစ်ခုကို သူ မြင်လိုက်ရသည်။
"နောက်ဆုံး ဘာပြောချင်သေးလဲ..."
ဟန်ယု စဉ်းစားလိုက်၏။
"အင်း... မင်း ခေါင်းငုံ့လိုက်ရင် ကောင်းမယ်..."
"ခေါင်းငုံ့ရမယ်..."
မီးလောင်နေသော ပိုက်ကွန်တစ်ခု ကောင်းကင်မှ ကျဆင်းလာသည်။
ကျောက်ချွန်း ကြွားဝါနေစဉ် အချိန်ကိုက် ဖမ်းမိသွားပြီး "ဝုန်း" ခနဲ အသံနှင့်အတူ သစ်ပင်ပေါ်သို့ ဆွဲတင်သွား၏။ သူက ဇောက်ထိုး တွဲလောင်းကျနေပြီး တုန်ရီနေကာ မီးခိုးအနည်းငယ် ထွက်နေသည်။ သူ့ကျင့်ကြံခြင်း လမ်းကြောင်းတွင် မည်သည့် အမှားလုပ်ခဲ့မိ၍ ယခုလို အခြေအနေ ရောက်နေရသနည်းဟု စဉ်းစားနေပုံ ရ၏။
သစ်ပင်ပေါ်မှ လီမေ ဆင်းသက်လာသည်။ ဝတ်ရုံများ လှုပ်ရှားနေပြီး မျက်မှန်က စောင်းနေကာ လက်ကောက်ဝတ်တွင် တပ်ဆင်ထားသော ဒူးလေးနှင့် တူသည့် အရာတစ်ခု ကိုင်ဆောင်ထားသည်။
"ဪ... ဒီမှာကိုး..." သူမက တောက်ပစွာ ပြောလိုက်၏။
မြေကြီးပေါ်တွင် လဲနေဆဲ ဖြစ်သော ဟန်ယု မျက်တောင်ခတ်လိုက်သည်။
"ဘာ... ဘာကြီးလဲ..."
"ငါ ရှင့်ကို နေရာအနှံ့ လိုက်ရှာနေတာ... အရိုးစုကို ပြောင်းပြန်လှန်ပေးပြီး အသားအရေ စိုပြေစေမယ့် ဆေးလုံးအသစ် တစ်လုံး ဖော်စပ်ထားတယ်... စမ်းကြည့်မလား..."
"မင်း ငါ့ကို လုပ်ကြံမှုကနေ အခုလေးတင် ကယ်လိုက်တာနော်..."
"ဟုတ်တယ်လေ... အခု ရှင်က လွတ်လွတ်လပ်လပ် စမ်းသပ်ခံလို့ ရပြီ... ကံတရားက ဘယ်လို အလုပ်လုပ်လဲ တွေ့လား..."
ကျောက်ချွန်းက ပိုက်ကွန်ထဲမှ ညည်းတွားလိုက်သည်။
"မင်း ရူးနေတာပဲ..."
လီမေက သူ့နဖူးကို ဆေးပုလင်းဖြင့် ထိုးလိုက်၏။
"တိတ်စမ်း... ငါ အလုပ်ရှုပ်နေတယ်..."
"မင်း ဘယ်သူ့ကို စော်ကားမိလဲ မသိသေးဘူးပဲ ကောင်မလေး..." ကျောက်ချွန်း အော်ဟစ်လိုက်သည်။
ထိုအခါ လီမေက ထိုလူဘက် လှည့်လိုက်ပြီး အန္တရာယ်များသော အမူအရာတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာ၏။
"ရှင့်သခင်ကမှ ဘယ်သူ့ကို စော်ကားနေလဲ ဆိုတာ သိသင့်တာ..." လီမေ ပြောလိုက်သည်။
ထိုအခါမှ ကျောက်ချွန်းက ကောင်မလေးကို သေချာ ကြည့်မိလိုက်၏။
"မင်း... အဂ္ဂိရတ် နတ်ဆိုး ကောင်မလေး..." သူ မှင်သက်သွားသည်။
ဒေါသနှင့် ရှုပ်ထွေးမှုများကြားတွင် သူမ ဘယ်သူလဲ ဆိုတာ သူ သတိမထားမိခဲ့ပေ။
"အဲဒါမှ ဟုတ်တာ..." သူမ ကျေနပ်စွာ ပြုံးလိုက်၏။
သူမက ဟန်ယုဘက် ပြန်လှည့်လိုက်သည်။
"ကဲ... ရှင် ငြိမ်ငြိမ်လေး လိုက်ခဲ့မလား... ဒါမှမဟုတ် ကြွက်တွေကို လာသယ်ခိုင်းဖို့ ငါ လာဘ်ထိုးရမလား..."
ဟန်ယုက ချောက်ကမ်းပါးကို ကြည့်လိုက်သည်၊ ကျောက်ချွန်းကို ကြည့်လိုက်သည်၊ သစ်ပင်ထိပ်ကို ကြည့်လိုက်သည်၊ ပြီးနောက် လီမေ၏ မျက်နှာပေါ်မှ အပြုံးကို ကြည့်လိုက်သည်။
"မင်း ကြွက်တွေအကြောင်း ဘယ်လို သိတာလဲ..." ဟန်ယု မေးလိုက်၏။ အစေခံ အနည်းငယ်သာ သိသည်ဟု သူ ထင်ထားခဲ့သည်။
"အိုး... ငါတို့ဂိုဏ်းရဲ့ အထူးကြွက်တွေအကြောင်း ငါ သိတာပေါ့... ငါ သူတို့ကို သုတေသန လုပ်နေတာလေ..." သူမ ပြန်ဖြေလိုက်သည်။
"အာ... ဟုတ်ပြီ..." ဟန်ယု ပြောလိုက်ပြီး မေးခွန်းတစ်ခု မေးလိုက်၏။ "...နေ့လယ်စာ အရင် စားလို့ ရမလား..."
လီမေ ပြုံးဖြီးသွားသည်။
"မနေ့ညက ကျန်တဲ့ စွပ်ပြုတ် ရှိတယ်... ဝိညာဉ်ကြက်သွန်မြိတ်တွေနဲ့..."
ဟန်ယု သက်ပြင်းချပြီး ထလိုက်၏။
"ကောင်းပြီ... ဒါပေမဲ့ ငါ့ကို ကခုန်ပြီး စကားပြောစေမယ့် ဆေးလုံးမျိုးတော့ မဟုတ်ပါစေနဲ့..." ဟန်ယု မျှော်လင့်ချက်ဖြင့် ပြောလိုက်သည်။
"ကတိတော့ မပေးနိုင်ဘူး..."
အခန်း ၁၀၀။ ထူးဆန်းသော ဆေးလုံး
တောအုပ်ထဲတွင် ကျောက်ချွန်းမှာ သစ်ပင်ပေါ်၌ တွဲလောင်းကျနေပြီး မီးခိုးငွေ့များ ထွက်နေဆဲ ဖြစ်ကာ သူ့သခင်ကို ဘယ်လို ရှင်းပြရမလဲ စဉ်းစားနေသည်။
ထိုအချိန်တွင် ဟန်ယုက လီမေနောက်သို့ လိုက်ကာ တောအုပ်ထဲ ဝင်ရောက်သွား၏။ သူမ၏ ရွေ့လျား ဓာတ်ခွဲခန်း တဲအိမ်လေးက အဆောင်များ၊ ကြွက်ခေါင်းခွံများနှင့် "ရုတ်တရက် ဉာဏ်အလင်းပွင့်ခြင်း (သို့) အမြီးပေါက်လာခြင်းအတွက် အဆင်မပြေပါက မဝင်ရ" ဟု ရေးထားသော ယဉ်ကျေးသည့် သတိပေးဆိုင်းဘုတ် တစ်ခုဖြင့် ဖုံးလွှမ်းနေသည်။
"ဒီနေရာက ဘယ်က ရောက်လာတာလဲ..." အရင်က ဒီလိုနေရာမျိုး မရှိကြောင်း ဟန်ယု သေချာနေသည်။
"ငါ့မှာ နည်းလမ်း ရှိပါတယ်..." လီမေက အကျယ်တဝင့် ရှင်းမပြဘဲ ပြောလိုက်၏။
တံခါးများ ပိတ်သွားသောအခါ ဟန်ယု သိလိုက်သည်။
သူ့ဝိညာဉ်နှင့် သူ့အရိုးများသည် သူမ တဲနောက်ဘက်ရှိ နေရာလေးထဲတွင် ငြိမ်းချမ်းရေး ဆိုသည်မှာ နောက်တစ်ကြိမ် ရွှေ့ဆိုင်းခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ဘာကြောင့်လဲ ဆိုတော့ ဆေးလုံးတွေ ရှိနေလို့လေ။
ပြီးတော့ သူက တစ်ယောက်တည်းသော သတ္တိရှိတဲ့ (သို့) တုံးအတဲ့ ဆေးစမ်းသပ်ခံ အရူးတစ်ယောက် ဖြစ်နေလို့လေ။
လီမေ၏ "ရွေ့လျား ဓာတ်ခွဲခန်း" ထဲတွင် ဟန်ယုက ယိုင်နဲ့နေသော ခုံအမြင့်လေးပေါ် ထိုင်လျက် သံသယ ဖြစ်ဖွယ် တောက်ပနေသော အရည်ပုလင်း တစ်လုံးကို စိုက်ကြည့်နေသည်။
"ဘာလို့ တောက်ပနေတာလဲ..." သူက တူဖြင့် ပုလင်းကို တို့ရင်း မေးလိုက်၏။
"တောက်ပတာ မဟုတ်ဘူး..." လီမေက ဂုဏ်ယူစွာ ပြောလိုက်သည်။ "အဲဒါက နှစ် ၃၀ လုံးလုံး ကျင့်ကြံခဲ့တဲ့ ရှဉ့်တစ်ကောင်ရဲ့ သွေးကနေ ထုတ်ယူထားတဲ့ သက်စောင့်စွမ်းအင် သလင်းကျောက်တွေ..."
"...မင်း လျှောက်ပြောနေတာ..."
"ဟုတ်လို့လား..."
သူမက စိတ်လှုပ်ရှားမှုနှင့် ရူးသွပ်မှု အနည်းငယ် ရောနှောနေသော မျက်လုံးများဖြင့် မေးလိုက်သည်။
ဟန်ယု အနံ့ခံကြည့်လိုက်၏။
"ဝက်သစ်ချသီး အချဉ်ဖောက်ထားတဲ့ အနံ့နဲ့ နောင်တရတဲ့ အနံ့ ရနေတယ်..."
"ကောင်းတယ်... အဲဒါ အဆင်သင့် ဖြစ်ပြီ ဆိုတဲ့ သဘောပဲ..."
သူမက ပုလင်းကို သူ့လက်ထဲ ထိုးထည့်လိုက်ပြီး ကြက်ခြစ်ထားသလို လက်ရေးများနှင့် ပေါက်ကွဲနေသော လူတစ်ယောက်ပုံ ရေးဆွဲထားသည့် ကျမ်းလိပ်တစ်ခုကို ထုတ်လိုက်သည်။
"ဒါက ဆေးလုံး ၁၇..." သူမ ရှင်းပြလိုက်၏။ "သဘောတရားအရတော့ မင်းရဲ့ ဝိညာဉ်အာရုံခံစားမှုကို မြှင့်တင်ပေးမယ်... ချီကြောတွေ အကုန် ဖွင့်ပေးမယ်... ချီစွမ်းအင်ကို တည့်မတ်ပေးမယ်... ကျောရိုးကို ပြန်စီပေးမယ်... ပြီးတော့ မျက်လုံး သူငယ်အိမ်ကို ခြောက်မြှောင့်ပုံစံ ပြောင်းပေးနိုင်တယ်..."
"ပြီးတော့ မင်းက ငါ့ကို စမ်းသပ်စေချင်တယ်... ဘာလို့လဲဆိုတော့..."
"ဘာလို့လဲဆိုတော့ ရှင်က ခံနိုင်ရည် ရှိတယ်... အသုံးချလို့ ကောင်းတယ်... ပြီးတော့ ရှင် အော်လိုက်ရင် နည်းနည်း ရယ်စရာ ကောင်းလို့..."
ဟန်ယုက ဆေးရည်ကို ကြည့်လိုက်သည်။
ပြီးတော့ လီမေကို ကြည့်လိုက်သည်။ ပြီးတော့ "အိုး... မှားသွားလို့" ဟု ရေးထားသော အရေးပေါ် ပုံးကို ကြည့်လိုက်သည်။
"...ကောင်းပြီ... ဒါပေမဲ့ ငါ့မေးစေ့မှာ နောက်ထပ် မျက်ခုံးမွှေး ပေါက်လာရင် သုံးဆ တောင်းမယ်..."
သုံးဆ ဆိုတာ ဘာကို ပြောတာလဲတော့ ဟန်ယု မသိပေ။ အခုထိ သူ တစ်ပြားမှ မရသေး။
သူ မော့သောက်လိုက်သည်။
ခဏကြာတော့ ဘာမှ မဖြစ်။
ပြီးတော့ အကုန်လုံး ဖြစ်ပျက်သွားသည်။
သူ့ကျောရိုးက မိုးခြိမ်းသံလို မြည်ဟည်းသွား၏။ မျက်လုံးများ လည်ထွက်သွားသည်။ နားရွက်များက သူ့အလိုလို လှုပ်ရှားလာကြသည်။
"ငါ အကုန် မြင်နေရတယ်..." သူ တီးတိုး ပြောလိုက်၏။ "ပုရွက်ဆိတ်တွေ ရန်ဖြစ်နေတာ ငါ ကြားရတယ်... သစ်ပင်တွေက... ငါ့ကို ဝေဖန်နေကြတယ်... ဒယ်အိုးကြီးက သံစဉ်နဲ့ ညည်းနေတယ်..."
လီမေက ပူးဝင်နေသူ တစ်ယောက်ကဲ့သို့ အသည်းအသန် ရေးမှတ်လိုက်သည်။
"ကောင်းတယ်... ကောင်းတယ်... အဲဒါက ရှင့်ရဲ့ ဝိညာဉ်အာရုံခံစားမှု ၇၀၀% တိုးတက်လာတယ် ဆိုတဲ့ သဘောပဲ... ပြောစမ်း... ငါ လက်ချောင်း ဘယ်နှချောင်း ထောင်ထားလဲ..."
"သုံးချောင်း... ဒါပေမဲ့ ခံစားချက်အရတော့ ရှစ်ချောင်း..."
"ပြီးပြည့်စုံတယ်..." လီမေက လျင်မြန်စွာ ရေးမှတ်လိုက်ပြီး မှတ်ချက်များ ထပ်ဖြည့်လိုက်သည်။ 'စမ်းသပ်ခံသည် ခန္ဓာသန့်စင်ခြင်း သတ္တမအဆင့်သာ ရှိသော်လည်း မြင့်မားသော ဝိညာဉ်အာရုံခံစားမှုကို ပြသနေသည်။
ဆက်လက် လေ့လာရန် လိုအပ်သည်။'
ဟန်ယု ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး မျက်လုံးများ မှိန်ဖျဖျ တောက်ပလာ၏။ သူက နံရံတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"အဲဒီ ပျဉ်ချပ်နောက်မှာ ဝိညာဉ်အက်ကွဲကြောင်း တစ်ခု ရှိတယ်... မီးဓာတ် အနည်းငယ် ပါတယ်... မင်းရဲ့ နောက်ဆုံး စမ်းသပ်မှုကြောင့် ဖြစ်လောက်တယ်..."
လီမေ မျက်တောင်ခတ်လိုက်၏။
"...ရှင် အဲဒါကို သိစရာ အကြောင်း မရှိဘူး... နေပါဦး... ဆက်ပြောပါဦး..."
ဟန်ယုက အရှေ့ဘက်သို့ လှည့်လိုက်သည်။
"အကြီးအကဲ လု က လွန်ခဲ့တဲ့ ၅ နှစ်တုန်းက ငါးကန်ထဲမှာ သူ့ကံကောင်းစေတဲ့ ဆံထိုး ပျောက်သွားခဲ့တယ်... ငါးကြင်းတွေက အခုထိ စောင့်ကြပ်နေတုန်းပဲ... ကြွက်ဂိုဏ်းခွဲကို ငါ ပေးလိုက်တဲ့ ခြေအိတ်က အပြင်စည်း ဂိုဏ်းသား လျိုပေ လက်ထဲမှာ... သူက အထီးကျန်နေပြီး သူ့မျက်နှာနဲ့ ပွတ်သပ်နေတယ်..."
လီမေ ပါးစပ်အဟောင်းသား ဖြစ်သွား၏။
"ရှင်... ရှင်က အကြားအမြင်ရတဲ့ ပါရမီရှင် ဖြစ်သွားပြီပဲ..."
ဟန်ယုက သူမဘက်သို့ ခေါင်းလှည့်လိုက်သည်။
"ပြီးတော့ မင်းရဲ့ ဘယ်ဘက် မျက်ခုံးမွှေးက အတုကြီး..."
"ကောင်းပြီ... နည်းနည်းတော့ မတည်ငြိမ်သေးဘူးပဲ..." သူမ ဝန်ခံလိုက်၏။
နာရီအနည်းငယ် ကြာပြီးနောက်... ဟန်ယုက ညဝတ်အင်္ကျီ ဝတ်ထားသော ပရောဖက် တစ်ပါးကဲ့သို့ ဂိုဏ်းထဲတွင် လျှောက်သွားနေသည်။ အစေခံများက သူ့ကို ရှောင်ကြသည်။ ငှက်များက ပျံပြေးကြသည်။ လေပြည်လေညင်းပင် တွန့်ဆုတ်နေပုံ ရ၏။
သူက ဂိုဏ်းသားတစ်စုကို ဖြတ်ကျော်သွားပြီး တစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"မင်း နောက်တစ်ခါ ယှဉ်ပြိုင်တဲ့အခါ တတိယမြောက် ခြေလှမ်းမှာ ပိုးတောင်မာ တစ်ကောင်ကို ခလုတ်တိုက်လိမ့်မယ်... မင်း ငြင်းလိမ့်မယ်... ဒါပေမဲ့ ရင်ထဲမှာတော့ အဲဒါ ပိုးတောင်မာရဲ့ လက်စားချေမှု ဆိုတာ မင်း သိနေလိမ့်မယ်..."
ဂိုဏ်းသားမှာ ကြောက်လန့်တကြား ထွက်ပြေးသွားသည်။ တစ်စိတ်တစ်ပိုင်းမှာ ဟန်ယု၏ ထူးဆန်းသော အခြေအနေကြောင့် ဖြစ်ပြီး၊ အများစုမှာတော့ အရူး အဂ္ဂိရတ် ပညာရှင် လီမေက သူ့နောက်မှ လိုက်ပါလာသောကြောင့် ဖြစ်၏။
လီမေက ဝိညာဉ်ဖျော်စက်နှင့် တူသော တိုင်းတာရေး ကိရိယာတစ်ခုကို ကိုင်ဆောင်လျက် နောက်မှ လိုက်လာပြီး ပြုံးလိုက်သည်။
"ငါတို့ လုပ်နိုင်ပြီ... ငါတို့ နောက်ဆုံးတော့ အလုပ်ဖြစ်တဲ့ ဆေးလုံး ဖန်တီးနိုင်ခဲ့ပြီ..."
"အလုပ်ဖြစ်လွန်းနေတာ..." ဟန်ယု ညည်းတွားလိုက်၏။ "ငါ မျက်တောင်မခတ်တာ ၃၇ မိနစ် ရှိပြီ... ငါ့ဝိညာဉ်က ငါမပါဘဲ ခန္ဓာကိုယ်ထဲကနေ ထွက်သွားဖို့ ကြိုးစားနေတယ်..."
"အဆင်ပြေသွားမှာပါ..." သူမက ဂရုမစိုက်သလို ပြောလိုက်သည်။
"ဖြစ်နိုင်တာပေါ့..."
ရုတ်တရက် ဟန်ယု ရပ်တန့်လိုက်၏။
"...တစ်ခုခု မှားနေတယ်..."
"အကုန်လုံး မှားနေတာကလွဲရင် ဘာရှိသေးလို့လဲ..."
သူ ရုတ်ခြည်း လှည့်လိုက်သည်။
"တစ်ယောက်ယောက် လာနေတယ်..."
ခဏအကြာတွင် သစ်ပင်တစ်ပင်၏ နောက်မှ လူတစ်ယောက် ထွက်လာသည်။ အကြီးအကဲ ကျန်း၏ တပည့်ရင်း ဖြစ်သော အဆင့်မြင့် အစေခံ တစ်ယောက် ဖြစ်သည်။ ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားပြီး သေသပ်သော ဝတ်စုံ ဝတ်ဆင်ထားကာ မျက်နှာသုတ်ပဝါ မီးပူတိုက်ရတာကို ပျော်ရွှင်မှုဟု ထင်မှတ်နေသူ တစ်ယောက်၏ မျက်လုံးများ ပိုင်ဆိုင်ထားသူ ဖြစ်၏။
"ဟန်ယု..." အစေခံက အေးစက်စွာ ပြောလိုက်သည်။ "မင်းကို ဆင့်ခေါ်ထားတယ်... အကြီးအကဲ ကျန်း က ပျောက်ဆုံးနေတဲ့ ခြေအိတ်နဲ့ ပတ်သက်ပြီး မေးစရာ ရှိတယ်တဲ့... ပြီးတော့ ထူးဆန်းတဲ့ ကြွက်နဲ့ပတ်သက်တဲ့ စာတွေမှာ မင်းနာမည် ဘာလို့ ပါနေရတာလဲ ဆိုတာ သိချင်တယ်တဲ့..."
ဟန်ယု မျက်လုံး တစ်ချက် လှုပ်သွား၏။
"အဲဒီ ခြေအိတ်က ကျိန်စာသင့်နေမှန်း ငါ သိသားပဲ..."
လီမေက သူ့ကျောကို ပုတ်ပေးလိုက်သည်။
"စိတ်မပူပါနဲ့... သူတို့ ရှင့်ကို ဂိုဏ်းအကျဉ်းထောင်ထဲ ထည့်လိုက်ရင် ငါ မုန့်တွေ၊ ဆေးလုံးအသစ်တွေ ခိုးသွင်းပေးမယ်... ငါတို့ရဲ့ ပထမဆုံး မြေအောက် စမ်းသပ်မှု ဖြစ်လာမှာပေါ့..."
"အဲဒါက စိတ်သက်သာစရာ မဟုတ်ဘူး..."
အစေခံက လက်ချောင်း တောက်လိုက်သည်။ အစောင့်နှစ်ယောက် ပေါ်လာ၏။ ဟန်ယုကို ခေါ်ဆောင် ရန် ဖြစ်သော်လည်း လူများကို ရေကန်ထဲ ကျောက်ဆွဲပြီး ပစ်ချတတ်သည့် ပုံစံ ပေါက်နေသည်။
ဟန်ယုက လီမေဘက် လှည့်လိုက်သည်။
"ကြွက်တွေကို ပြောလိုက်ပါ... ငါ ဒုတိယမြောက် မြေပဲစေ့ကို မစားလိုက်ရဘူးလို့..." ဆေးစွမ်းကြောင့် ကယောင်ကတမ်း ဖြစ်နေဆဲမို့ သူ့စကားများက အဓိပ္ပာယ် မရှိပေ။
"ရှင် အဆင်ပြေမှာပါ..." သူမ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ "ရှင်က သေဖို့ အဆင်မပြေလောက်အောင် ရှုပ်ထွေးလွန်းတယ်..."
ဟန်ယုကို ဝိညာဉ်အစောင့်များဖြင့် ခေါ်ဆောင်သွားချိန်တွင် သူ သက်ပြင်းချလိုက်၏။
"အေးချမ်းတဲ့ ဘဝ ရမယ်လို့ ထင်ထားတာ... တံမြက်စည်း လှည်းမယ်... တံမြက်စည်းနဲ့ ချစ်သူ ဖြစ်မယ်... ဒါမျိုးပေါ့..."
နောက်ဘက်မှ လီမေက ပျော်ရွှင်စွာ လှမ်းအော်လိုက်သည်။
"မမေ့နဲ့နော်... သူတို့ ရှင့်သွေး ဖောက်ယူရင် ပုလင်းထဲ ထည့်လာခဲ့... ငါ စမ်းသပ်ဖို့ နမူနာတွေ လိုသေးတယ်..."