← Chapters

အခန်း (၅၃၇၆-၅၃၈၀)

Vol. 272 Ch. 5376-5380

အခန်း (၅၃၇၆-၅၃၈၀)

Vol. 272 Ch. 5376-5380

5376

အရာအားလုံး မှားယွင်းနေခဲ့သည်။

လုယွီနှင့်ပတ်သက်သော သူတို့၏သုံးသပ်ချက်များသည် လုံးလုံးလျားလျား မှားယွင်းနေခဲ့ပေ၏။

လုယွီ ပိုင်ဆိုင်သော စွမ်းအားသည် သူတို့ မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။

အစပိုင်းတွင် ငရဲနယ်မြေရှိ အင်အားစုအသီးသီးသည် လုယွီကို အဆင့်နိမ့် ခြိမ်းခြောက်မှုတစ်ခုအဖြစ်သာ သတ်မှတ်ခဲ့ကြသည်။ ယင်လော့ ဧကရာဇ်၏မျက်လုံးထဲတွင် လုယွီသည် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်ပြီး အမှန်တကယ် အာဏာရှိသူမှာ စာပေသူတော်စင်ရီဟန်သာ ဖြစ်ပေမည်။ စာပေသူတော်စင်ရီဟန် သည် တော်ဝင်ဆရာသခင်ဖြစ်ပြီး လောကကြီးတွင် ရှားပါးသော စာပေသူတော်စင်များအနက်မှ တစ်ဦးဖြစ်သဖြင့် သတိထားသင့်သူဖြစ်သည်။

သို့သော် သူတို့၏ ခန့်မှန်းချက်များအားလုံး မှားယွင်းနေခဲ့သည်။

လုယွီ ထုတ်လွှတ်လိုက်သော အရှိန်အဝါကို ခံစားလိုက်ရမှသာ လုယွီသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း အမှန်တကယ် နားလည်နိုင်ပေမည်။

ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ထိုဖိအားအရှိန်အဝါကို တောင့်မခံနိုင်တော့သည့်အလား တွန့်လိမ်ပုံပျက်နေပေ၏။

"သံတမန်... မင်းတို့က ထိုက်တန်လို့လား..."

လုယွီက အေးစက်တင်းမာစွာ ပြောဆိုသည်။

"ယန်မိသားစုလေးကများ ငါနဲ့ စည်းကမ်းချက်တွေ လာဆွေးနွေးချင်နေတယ်... သူက ဧကရာဇ်လို့ ခေါ်ဖို့တောင် ထိုက်တန်လို့လား..."

သူ အမှန်တကယ်ကို ဒေါသထွက်နေလေပြီ။ ယန်မိသားစု သည် သူ ပျောက်ဆုံးနေချိန်ကို အခွင့်ကောင်းယူပြီး သူ့တပည့်မင်ဟူကို လူသိရှင်ကြား သတ်ဖြတ်ခဲ့ကာ ဖန်းနင်းချူကိုလည်း ပြန်ပေးဆွဲချင်ခဲ့သည်။ ဤသည်မှာ ကြိုတင်ကြံစည်ထားသော ပုန်ကန်မှုတစ်ခု ဖြစ်နေလေပြီ။ သို့ရာတွင် ယခုအချိန်၌ ယန်မိသားစု သည် ကောင်းကင်ဘုံနယ်မြေသို့ သူတို့၏လက်တံများကို ဆန့်တန်းလိုခဲ့သည်။

လူသားမျိုးနွယ်စု၏ရန်သူကြီး နီးကပ်လာချိန်တွင် ဤယန်မိသားစုက နောက်ထပ်စစ်ပွဲတစ်ပွဲကို စတင်လိုပြီး ကောင်းကင်ဘုံနယ်မြေကို ဖရိုဖရဲ ဖြစ်စေလိုကြသည်။ ဤသည်မှာ လုယွီ၏ သည်းခံနိုင်စွမ်းကို ထိပါးလာခြင်းပင်။

မမြင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်က ခန်းမ၏ထောင့်တစ်နေတိုင်းကို ပြည့်နှက်သွားသည်။ ကျိုးကောနှင့်ကျန်းရီပင်လျှင် ဤအချိန်၌ ချမ်းစိမ့်တုန်ရီသွားကြ၏။ ဤသည်မှာ သရုပ်သကန်ထင်ဟပ်လာသော စွမ်းအားကြီးမားသည့် သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒပင်။

"မင်းတို့အားလုံး ကြားပြီးပြီပဲ..."

လုယွီသည် နန်းဆောင်ကို ဝေ့ဝိုက်၍ကြည့်ပြီး ပြောဆိုလိုက်၏။

"ယန်မိသားစု က ငါတို့ မဟာချင်ရဲ့နယ်မြေကို သိမ်းပိုက်ချင်နေတယ်..."

နန်းဆောင်တဝိုက်တွင် နန်းတွင်းကိုယ်ရံတော်များ စုဝေးနေကြလေပြီ။ တံခါးများ၏ နောက်ကွယ်တွင် သန်မာထွားကြိုင်းသော ပုံရိပ်များ ထွက်ပေါ်လာပြီး သူတို့သည် အနက်ရောင် သံချပ်ကာများ ဝတ်ဆင်ထားကာ ထက်ရှသော ဓားများကို ကိုင်ဆောင်ထားကြပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများ မြင့်တက်နေကြသည်။

"ယန်ကို ဖျက်ဆီး... ယန်ကို ဖျက်ဆီး... ယန်ကို ဖျက်ဆီး..."

ကျယ်လောင်သော အော်ဟစ်သံများက တံခါးများ၏နောက်ကွယ်မှ ထွက်ပေါ်လာသည်။ ထိုအသံများသည် တံခါးများကို ဖြတ်သန်းသွားပြီး ခေါင်မိုးစွန်းများကို တုန်ခါသွားစေသည်။

ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒသည် တိမ်တိုက်များကို ထိုးဖောက်သွားပြီး အရပ်မျက်နှာအဘက်ဘက်ကို ပျံ့နှံ့သွားစေသည်။ ဦးဆောင်လာသော ယန်မိသားစု အကြီးအကဲ၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏မျက်နှာသည် ချက်ချင်းဆိုသလိုပင် ဖြူဖပ်ဖြူရော် ဖြစ်သွားပေ၏။

"ချင်ဧကရာဇ်... ငါတို့ စကားပြောလို့ ရပါသေးတယ်... မင်း နားလည်မှုလွဲနေတာ ဖြစ်နိုင်တယ်..."

သူ့ထံတွင် စစ်ပွဲစတင်ရန် ရည်ရွယ်ချက် လုံးလုံးလျားလျား မရှိချေ။

ယန်မိသားစု သည် ယခုအချိန်၌ ငရဲနယ်မြေ၏ အထွတ်အထိပ်ဟု ထုတ်ပြန်ကြေညာထားသော်လည်း လက်တွေ့တွင် ငရဲနယ်မြေသည် သဲပုံတစ်ပုံကဲ့သို့ အလွန်အမင်း ပြိုကွဲလွယ်နေဆဲပင်။ သရဲဘုရင်များ နေရာတိုင်းတွင် ရှိနေပြီး နယ်မြေခံဧကရာဇ်များ များပြားလှသဖြင့် အလွန်အမင်း ပြန့်ကျဲနေလေရာ ယန်မိသားစု အမှန်တကယ် ထိန်းချုပ်နိုင်သော နယ်မြေမှာ အလွန်အကန့်အသတ် ရှိပေ၏။

သူတို့သည် အသစ်တက်လာသော ဧကရာဇ်ထံမှ အကျိုးအမြတ်အချို့ တောင်းခံကာ ကောင်းကင်ဘုံတွင် ခြေကုပ်ယူရန်နှင့် ယန်မိသားစု၏ နောက်ဆက်တွဲအစီအစဉ်များအတွက် ပြင်ဆင်ရန်သာ ဤနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

မူလက သူတို့သည် အရာအားလုံးကို ဆွေးနွေး၍ ရနိုင်ခဲ့ပေ၏။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ အရေးကြီးကိစ္စအတွက် အမြဲတစေ သတိကြီးစွာထား၍ ဆွေးနွေးသင့်သည်။ သူတို့က ပထမဆုံး တစ်ဖက်လူ လက်မခံနိုင်သော တောင်းဆိုချက်များကို အဆိုပြုရပေမည်။ ထို့နောက် တစ်ဆင့်ချင်း လျှော့ချသွားပြီး နောက်ဆုံးတွင် သူတို့၏ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ပေမည်။

သို့ရာတွင် လုယွီသည် သာမန်စည်းမျဉ်းများအတိုင်း မကစားဘဲနေမည်ဟု မည်သူက တွေးထင်ထားမိမည်နည်း...

သူသည် စစ်တိုက်မယ်ဟု ပြောဆိုပြီး စစ်တိုက်တော့မည်လော...

"ယန်မိသားစုက စစ်ကြေညာမှတော့ ငါ လက်ခံလိုက်မယ်..."

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြီးနောက် အောက်သို့ဖိနှိပ်လိုက်သည်။

"မဟုတ်ဘူး... ငါတို့ ဆိုလိုတာက အဲ့ဒီသဘော မဟုတ်ဘူး..."

ယန်မိသားစု အကြီးအကဲတစ်ယောက်က အော်ဟစ်လိုက်၏။

"ဘုန်း..."

နန်းဆောင်၏အထက်မှနေ၍ အကြမ်းတမ်းဆုံးနှင့် အရက်စက်ဆုံး ဖိအားအရှိန်အဝါတစ်ရပ် ရုတ်တရက် ကျဆင်းလာသည်။ ယန်မိသားစု အကြီးအကဲငါးဦးသည် အနည်းငယ်မျှ မခုခံနိုင်ကြဘဲ မြေကြီးပေါ်တွင် ဒူးထောက်လျက်သား အနေအထားဖြင့် သူတို့၏ခေါင်းများပေါက်ကွဲကာ သေဆုံးသွားကြသည်။

"ဝုန်း... ဝုန်း.. ဝုန်း..."

အလောင်းငါးလောင်းသည် နန်းဆောင်၏ ကော်ဇောနီပေါ်တွင် ပြန့်ကျဲနေပေ၏။ ရုတ်ချည်းဆိုသလိုပင် မိန်းမစိုးများ ရှေ့တိုးလာပြီး ထိုအလောင်းငါးလောင်းကို ဆွဲထုတ်သွားကာ နန်းဆောင်ကို ရေဖြင့် ဆေးကြောသန့်စင်လိုက်ကြသည်။

လုယွီက အေးစက်စက် နှာမှုတ်လိုက်၏။

"ချင်လုရှန်းကို ခေါ်ပြီးတော့ သူ့ရဲ့ဓားက ထက်နေသေးလားလို့ မေးလိုက်စမ်း..."

ကျိုးကောသည် အမိန့်ကို လက်ခံလိုက်သော်လည်း သူ၏စိတ်ထဲတွင် မုန်တိုင်းထန်သော လှိုင်းလုံးများ တဝုန်းဝုန်းထနေလေပြီ။

ဤအမိန့်နှင့်အတူ အလောင်းကောင်များဖြင့် ပြည့်နှက်နေသော သွေးပင်လယ်ကြီး ဖြစ်ပေါ်လာတော့မည်ကို သူ သိရှိနေပေ၏။

Chapter 5377

လုယွီ၏အမိန့်အောက်တွင် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၌ တပ်စွဲထားသော မဟာချင်၏ တပ်မကြီး ၃၃ ခု အရှိန်အဟုန်ဖြင့် စုဝေးလာကြသည်။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို လျှင်မြန်စွာ ဖြည့်ဆည်းပေးခဲ့ပြီးနောက် မဟာချင်၏ ပြီးပြည့်စုံသော စစ်ပွဲယန္တရားကြီးသည် မြင့်မားသော အရှိန်ဖြင့် ပြန်လည်လည်ပတ်လာခဲ့ပေ၏။

ဤသည်မှာ ပုံမှန်မဟုတ်သော အချက်ပြမှုတစ်ခုပင်။

မဟာချင်တွင် နေထိုင်ကြသော အင်အားစု အသီးသီးမှ သံတမန်များသည် ထိတ်လန့်သွားကြပြီး မဟာချင်နန်းတွင်းထံ စာလွှာများပေးပို့ကာ ချင်စစ်တပ်၏ ကြီးမားသော လှုပ်ရှားမှု ရည်ရွယ်ချက်ကို သတိထား၍ မေးမြန်းလိုက်ကြသည်။

"ငရဲနယ်မြေရဲ့ ယန်မိသားစုက အရှင်ဧကရာဇ်ကို ဒေါသထွက်စေပြီးတော့ မဟာချင်ရဲ့နယ်မြေကို ကျူးကျော်ဖို့ ကြိုးစားခဲ့တယ်... ငါတို့ ချင်စစ်တပ်ကို ဖြန့်ကြက်လိုက်တာက သူတို့ကို ပေးဆပ်စေဖို့ပဲ..."

စစ်ရေးအမတ်ကြီး လုကျင်းရှန့်က လူတိုင်း၏မေးခွန်းများကို ဖြေကြားလိုက်ပြီး တစ်ချိန်တည်းမှာပင် ထိုနေ့က နန်းတော်ထဲ၌ ရှိခဲ့သော ပုံရိပ်ယောင်သလင်းကျောက်ကို ပြသလိုက်သည်။

ထိုအရာတွင် ရှေးဟောင်းငရဲနယ်မြေ နှင့် ပတ်သက်သော ကိစ္စများကို ဖျက်ပစ်လိုက်ပြီး ယန်မိသားစု အကြီးအကဲများက လုယွီကို ခြိမ်းခြောက်ခဲ့သော မြင်ကွင်းကိုသာ ချန်ထားခဲ့သည်။

"နယ်မြေနှစ်ခုကြား စစ်ပွဲဖြစ်ရင် မရေမတွက်နိုင်တဲ့ ထိခိုက်သေဆုံးမှုတွေ ဖြစ်လာမှာ သေချာတယ်... ငါတို့က နေရာတချို့ကို သတ်မှတ်ထားပြီးပြီ... ကြီးမားကျယ်ပြန့်တဲ့ ဒုက္ခတွေကို ရှောင်ရှားဖို့ မဟာချင်အနေနဲ့ အဲ့ဒီနယ်မြေတွေကို ပေးအပ်လိမ့်မယ်လို့ မျှော်လင့်မိတယ်..."

စကားပြောဆိုနေသော ယန်မိသားစု အကြီးအကဲ၏ ယုတ်မာသော မျက်နှာကို ပုံရိပ်ယောင်သလင်းကျောက်ထဲတွင် ရှင်းလင်းစွာ မြင်တွေ့ရပေ၏။

ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ဘုံနယ်မြေရှိ လူများအားလုံး ထိတ်လန့်သွားကြသည်။

ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် ခက်ခက်ခဲခဲ ရရှိထားသော ငြိမ်းချမ်းရေးကို ဂုဏ်ပြုနေကြချိန်တွင် ငရဲနယ်မြေက ပထမဆုံး ထကြွလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။

မြေအောက်လောက တာအိုသခင် သေဆုံးပြီးနောက် ငရဲနယ်မြေ၏အင်အားသည် ယခင်နှင့် နှိုင်းယှဉ်လျှင် များစွာလျော့ကျသွားခဲ့ပြီး အတွင်းပိုင်းအင်အားစုများ အချင်းချင်း တိုက်ခိုက်နေကြကာ လူများအားလုံး၏အမြင်အာရုံမှ လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ယန်မိသားစု၏ရည်ရွယ်ချက်မှာ ကောင်းကင်ဘုံနယ်မြေသို့ စစ်တပ်များ စေလွှတ်ရန်ဖြစ်ကြောင်း သိသာထင်ရှားသည်။

"မြေအောက်လောက တာအိုသခင် အသက်ရှင်စဉ်တုန်းကတောင် ငရဲနယ်မြေရဲ့လူတွေက ကောင်းကင်ဘုံနယ်မြေကို မဝင်ရဲခဲ့ဘူး... ဘယ်သူကများ သူတို့ကို ဒီလောက်ထိကြီးမားတဲ့ သတ္တိတွေ ပေးလိုက်တာလဲ..."

"အဲ့ဒီ ယမမင်းဆိုတဲ့ကောင်က အရင်တုန်းက မြေအောက်လောက တာအိုသခင်ရဲ့ဘေးက သရဲဘုရင်တစ်ပါးပဲ... သူက တကယ်ပဲ သူ့ကိုယ်သူ ဧကရာဇ်လို့ ခေါ်ရဲတယ်... သာမန်သရဲဘုရင် က ဧကရာဇ်လို့ ကြေညာနေတယ်... သူက တကယ်ပဲ သူ့နေရာသူ မသိဘူး..."

"ငရဲနယ်မြေကို ဝင်ရောက်ပြီး ယန်မိသားစု ကို ဖျက်ဆီးပစ်မယ်..."

အချိန်တခဏအတွင်းတွင် မဟာချင်အင်ပါယာတစ်ခုလုံးရှိ လူများအားလုံး ဒေါသထွက်နေကြသည်။

ဤလောလောလတ်လတ် ပေါက်ဖွားလာသော အင်ပါယာအသစ်သည် ချီအင်ပါယာကို ဖျက်ဆီးခဲ့ပြီး ထန်စစ်တပ်ကို အနိုင်ယူကာ ဗုဒ္ဓဂိုဏ်းကို လက်အောက်ခံ ဖြစ်စေခဲ့သည်။ နန်းတွင်းမှ ကျေးလက်ဒေသအထိ လူများအားလုံးသည် စစ်ရေးကို စိတ်ဝင်စားကြပြီး စစ်သွေးကြွနေကြ၏။

သူတို့ စိတ်လှုပ်ရှားနေကြသည်မှာ အံ့အားသင့်စရာ မဟုတ်ချေ။ ချင်စစ်တပ်၏ခံစားခွင့်များသည် ကောင်းကင်ဘုံနယ်မြေရှိ အင်အားစု အားလုံးတွင် အကောင်းဆုံး ဖြစ်ပြီး ကာလကြာရှည် တည်ရှိခဲ့သော မြင့်မြတ်နယ်မြေများစွာထက်ပင် ကျော်လွန်နေသည်။ ချင်စစ်တပ်သို့ ဝင်ရောက်နိုင်သမျှ ကာလပတ်လုံး ရရှိသော အရင်းအမြစ်များသည် မြင့်မြတ်နယ်မြေများ၏ ဆက်ခံသူများကိုပင် မနာလိုဖြစ်စေနိုင်သည်။

အရေးအကြီးဆုံးအချက်မှာ စစ်မှုထမ်းခြင်း၏ ကံကြမ္မာစွမ်းအားပင်။

လုယွီသည် ရှေးဟောင်းချင်အင်ပါယာ၏ အဆင့်နှစ်ဆယ်ရှိသော မှူးမတ်ရာထူးများ စနစ်ကို တုပပြီး နယ်စား အမတ်ကြီး ခရိုင်စား မြို့ဝန် နှင့်အမတ်ဟူ၍ အဆင့်ငါးဆင့်ကို ပြန်လည် သတ်မှတ်ခဲ့သည်။ အဆင့်တစ်ခုစီကို အတန်းအစားသုံးခု ခွဲခြားထားပြီး စုစုပေါင်းဆယ့်ငါးဆင့်ရှိသည်။ မှူးမတ်ရာထူးကို ရရှိသူ များသည် ကံကြမ္မာစွမ်းအားများကို ခံစားနိုင်ပြီး သူတို့၏ကျင့်ကြံမှုအရှိန်အဟုန်ကို မြှင့်တင်ပေးနိုင်သည်။

ဤသည်မှာ စွမ်းအား၏သင်္ကေတ တစ်ခုတည်း မဟုတ်ပေ။ လစာများ စစ်မှုထမ်းလစာများ ထောက်ပံ့ကြေးများနှင့် ခံစားခွင့်များ အားလုံး သိသိသာသာ တိုးတက်လာပြီး သူတို့၏ကလေးများပင်လျှင် အကာအကွယ် ရရှိပေမည်။

ထိုကဲ့သို့သော ကောင်းမွန်သည့် မက်လုံးများအောက်တွင် လူအမြောက်အများသည် စစ်ရေးအောင်မြင်မှုများရယူရန် အမတ်ကြီးများအဖြစ် ခန့်အပ်ခံရရန်နှင့် အရာရှိများအဖြစ် ခန့်အပ်ခံရရန် ပို၍စိတ်အားထက်သန်လာကြသည်။

မဟာချင်မှတိုင်းသူပြည်သားများ၏ မျက်လုံးထဲတွင် ငရဲနယ်မြေမှ ယန်မိသားစုသည် ရန်သူများမဟုတ်ဘဲ အသက်ရှင်နေသော စစ်ရေးအကျိုးဆောင်ရမှတ်များပင်။

ရှန်းယန်မြို့တွင် တလိမ့်လိမ့်ထားနေသော တိုက်ခိုက်လိုစိတ်ကို ခံစားမိသဖြင့် အင်အားသူအသီးသီးမှ သံတမန်အမြောက်အများသည် ဖြူဖပ်ဖြူရော်မျက်နှာများဖြင့် ထွက်ခွာသွားကြ၏။

ထန်အင်ပါယာသည် တပ်မှူးကောကျစ်ယီကို နယ်စပ်အား စောင့်ကြပ်ရန် စေလွှတ်လိုက်ပြီး မဟာချင်၏လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်နေစေသည်။

ကျိုးအင်ပါယာသည် သူတို့၏ ခွန်းလွန်လျှို့ဝှက်နယ်မြေ တပ်စခန်းမှ အင်အားခုနစ်ဆယ်ရာခိုင်နှုန်းကို စုစည်းထားပြီး တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် စောင့်ဆိုင်းနေသည်။

ထိုအချိန်တွင် ရှန်လင်းလုံ၏ မြောက်ပိုင်း ဧကရာဇ် အုပ်ချုပ်သူအဖွဲ့သည် စစ်ဘက်ဆိုင်ရာ အမတ်ကြီးတစ်ဦးကို အခြေအနေအား ကြီးကြပ်ရန် စေလွှတ်လိုက်၏။ သူတို့သည် နန်းတွင်းကိုယ်ရံတော်များကိုပင် ဆွဲထုတ်ကာ အကန့်အသတ်မဲ့ကြယ်မြစ်တဝိုက်တွင် တပ်စွဲထားလိုက်သည်။

ကောင်းကင်ဘုံနယ်မြေ၏ အခြေအနေသည် မတည်မငြိမ် ဖြစ်နေသော်လည်း မဟာချင်သည် တခြားအင်အားစုများ၏ လွှမ်းမိုးမှုကို အနည်းငယ်မျှပင် မခံရချေ။

ရက်အနည်းငယ်ကြာပြီးနောက် ချင်လုရှန်း သည် ရေခဲနယ်မြေမှ ရှန်းယန်မြို့သို့ အလျှင်အမြန် ရောက်ရှိလာပြီး ကျားတံဆိပ်ကို လွှဲပြောင်းယူလိုက်သည်။ သူသည် ယန်မိသားစု ကို တိုက်ခိုက်မည့် စစ်ဆင်ရေးအတွက် စစ်သေနာပတိချုပ်ရာထူးကို တရားဝင် တာဝန်ယူလိုက်၏။

Chapter 5378

အရေးပေါ်စုစည်းမှု အမိန့်အောက်တွင် မဟာချင်စစ်တပ်၏ တပ်မကြီးသုံးဆယ့်သုံးခုသည် စုဝေးခဲ့ကြပြီး ရွှမ်ယင်တောင်တန်းသို့ အင်အားအလုံးအရင်းဖြင့် ချီတက်ခဲ့ကြသည်။

ကြယ်မြစ်အတွင်း၌ ကျယ်ပြန့်ပြီး ထူထပ်သိပ်သည်းသော စစ်သင်္ဘောများသည် မျက်စိတဆုံး ရှည်လျားစွာ တည်ရှိနေကြ၏။ အကြီးစား သတ်ဖြတ်ရေးလက်နက် အမျိုးမျိုးကို စစ်သင်္ဘောများပေါ်တွင် တပ်ဆင်ထားပြီး အစွယ်များနှင့်လက်သည်းများကို ထုတ်ဖော်ပြသကာ သားကောင်ကို ဝါးမြိုရန် အသင့်ပြင်နေသော ရက်စက်ကြမ်းကြုတ်သည့် ကျားတစ်ကောင်အလားပင်။

လုယွီက စစ်သင်္ဘောတစ်စီးအတွင်း၌ ထိုင်နေသည်။ ဤစစ်သင်္ဘောကို အထူးမွမ်းမံထားပြီး ဧကရာဇ်ရှိနေကြောင်း ပြသသည့် နဂါးအလံကို လွှင့်ထူထားပေ၏။

လုယွီ၏နံဘေးတွင် မတ်တတ်ရပ်နေသူမှာ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ရှိသည့် ချင်လုရှန်းပင်။ ရေခဲနယ်မြေတွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများသည် သူ၏အရှိန်အဝါကို ဝါရင့်စစ်သားတစ်ဦးအလား ပို၍ခန့်ညားထည်ဝါပြီး ထက်မြက်စေခဲ့သည်။

"အဲ့ဒီ သောက်ကျိုးနည်း ယန်မိသားစုက ကောင်စုတ်တွေကို ငါ အရှင်လတ်လတ် ဝါးစားပစ်မယ်..."

ချင်လုရှန်း၏မျက်လုံးများ နီမြန်းနေပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။

သူသည် ဖန်းနင်းချူအကြောင်းကို လုယွီထံမှ သိရှိပြီးဖြစ်သည်။

ဝေးလံခေါင်သီသော ကြယ်နယ်မြေတစ်ခုမှ သာမန်တပည့်တစ်ဦးအနေဖြင့် သူသည် ငယ်စဉ်ကတည်းက အနိုင်ကျင့်ခံခဲ့ရသည်။ သူ့ကို ကျင့်ကြံခြင်း သင်ပေးခဲ့သူမှာ ဖန်းနင်းချူသာဖြစ်ပြီး ထိုအချိန်မှစ၍ သူသည် ဘဝကို မြှင့်တင်နိုင်ခဲ့ကာ မိုးကောင်းကင်ယံသို့ ပျံသန်းနိုင်ခဲ့ပြီး သူ အိပ်မက်မက်ခဲ့သော ဘဝကို နေထိုင်နိုင်ခဲ့ခြင်းဖြစ်သည်။

ချင်လုရှန်းသည် အလွန်သံယောစဥ်ကြီးမားသော လူတစ်ယောက်ပင်။ အပေါ်ယံတွင် သူသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး ရန်သူများနှင့်ရဲဘော်ရဲဘက်များက သူ့ကို ကြောက်ရွံ့ကြ၏။ လက်တွေ့တွင်မူ သူသည် စေ့စပ်သေချာပြီး ကျေးဇူးတရားနှင့် ရန်ငြိုးကို ရှင်းလင်းစွာ ခွဲခြားသိမြင်ကာ ကြင်နာမှုကို ဘယ်သောအခါမှ မမေ့တတ်ချေ။

ဖန်းနင်းချူသည် ထိုအချိန်က ငယ်ရွယ်သော ချင်လုရှန်းအပေါ် လေးနက်သော သက်ရောက်မှု ရှိခဲ့သည်။ သူသည် ဖန်းနင်းချူကို သူ၏ ဆရာသခင်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ ယခုအချိန်၌ ဖန်းနင်းချူသည် ယန်မိသားစု ၏ အရှက်ခွဲခြင်းကို ခံခဲ့ရကြောင်း သိလိုက်ရသဖြင့် ချင်လုရှန်းသည် သူ၏စိတ်ထဲမှ ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။

"ငါ မင်းကို တပ်မကြီးတွေ လွှဲပေးလိုက်တာက စိတ်လိုက်မာန်ပါလုပ်ဖို့ မဟုတ်ဘူး..."

ချင်လုရှန်း၏ ကြီးမားသောဒေါသကို မြင်လိုက်ရသဖြင့် လုယွီက မျက်မှောင်ကြုတ်လိုက်မိသည်။

"ဟုတ်ကဲ့... ဒီငယ်သားက နားလည်ပါပြီ..."

ချင်လုရှန်းသည် ခေါင်းညိတ်လိုက်၏။

"ငရဲနယ်မြေက မင်း ထင်ထားတာထက် ပိုရှုပ်ထွေးတယ်..."

လုယွီက ခေါင်းခါယမ်းလိုက်သည်။

ယခင်က သူသည် ငရဲနယ်မြေတွင် ခြေကုပ်ယူရန် အချိန်နှင့်ကြိုးစားအားထုတ်မှု အမြောက်အများ ပေးဆပ်ခဲ့ရသဖြင့် ထိုနေရာကို အတော်လေး ရင်းနှီးကျွမ်းဝင်နေသည်။

သို့သော် သူ၏ယခုဘဝတွင်မူ ကွဲပြားခြားနားသည်။

အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ထားပြီးဖြစ်သော လုယွီသည် ငရဲနယ်မြေကို တခြားနည်းလမ်းဖြင့် ထပ်မံ၍အနိုင်ယူရန် စီစဉ်ထားပေ၏။

စစ်သင်္ဘောအုပ်စုသည် ရွှမ်ယင်တောင်တန်း အနီးသို့ ရောက်ရှိလာသည်နှင့်အမျှ ပတ်ဝန်းကျင်လေထု ချက်ချင်းအေးစက်သွားသည်။ စစ်သည်များ၏အသက်ရှူသံများပင်လျှင် မြင်သာသော အဖြူရောင်မြူခိုးများကို ဖြစ်ပေါ်စေသည်။

ရွှမ်ယင်တောင်တန်းသို့ ရောက်ရှိခဲ့လေပြီ။

ဤတောင်တန်းသည် အရှေ့အောင်နိုင်ခြင်းကြယ်မြစ်၏ တောင်ဘက်အရပ် လောကနှစ်ခုတောင်တန်းနှင့် မနီးမဝေးတွင် တည်ရှိသည်။ ထိုနေရာတွင် အမြဲတစေ အမှောင်ထုကြီးဖြင့် ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင်ရှိ ကြယ်များမှ ထုတ်လွှတ်သော အလင်းရောင်သည်လည်း ထိုတောင်တန်းကို ဘယ်သောအခါမှ မလင်းစေနိုင်ချေ။

အဝေးမှ ကြည့်လျှင် မှိန်ဖျော့ဖျော့ အလင်းရောင်အောက်၌ တောင်တန်းကို ဝိုးတဝါးသာ မြင်တွေ့ရပြီး မတ်စောက်သော တောင်ထိပ်များနှင့်ချောက်ကမ်းပါးများက နေရာတိုင်းတွင် ရှိနေသဖြင့် လူအများအား ကြောက်ရွံ့မှုကို ဖြစ်ပွားစေသည်။

ဤနေရာတွင် လူသားအရိပ်အယောင် လုံးဝမရှိသည့်အပြင် နတ်ဆိုးသားရဲများပင်လျှင် လာရောက်ခဲလှသည်။ ငရဲချီစွမ်းအင်ကို ကျင့်ကြံသော သရဲတစ္ဆေကျင့်ကြံသူများပင်လျှင် ဤနေရာသို့ လွယ်လင့်တကူ ခြေချရဲခြင်း မရှိကြချေ။ ဤသည်မှာ ငရဲနယ်မြေနှင့် အနီးဆုံးနေရာဖြစ်ပြီး မကောင်းဆိုးဝါး စိတ်ဝိညာဉ်များ မကြာခဏ ထွက်ပေါ်လာတတ်ကာ ခန့်မှန်းရခက်သောဖြစ်ရပ်များ ဖြစ်ပွားလေ့ရှိသည်။

မဟာချင်စစ်တပ်သည် ဤနေရာသို့ ရောက်ရှိလာသည်နှင့် စစ်သားများအားလုံး၏နားများထဲတွင် သရဲတစ္ဆေငိုကြွေးသံများနှင့် ဝံပုလွေအူသံများကဲ့သို့ ထူးဆန်းသောအသံများဖြင့် ပြည့်နှက်သွားသည်။

"ဘာတွေ အော်ဟစ်နေကြတာလဲ... ပစ်... သူတို့ကို ပစ်လိုက်စမ်း..."

ချင်လုရှန်းက သုန်မှုန်နေသော မျက်နှာဖြင့် ကွပ်ကဲရေးအခန်းထဲမှ ထွက်လာပြီး သူ၏လက်ကို ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

သူ၏အမိန့်နှင့်အတူ အမြှောက်ပေါင်းတစ်သောင်းကို တပြိုင်နက်တည်း ပစ်ခတ်လိုက်ကြသည်။ မရေမတွက်နိုင်သော တောက်ပသည့် စိတ်ဝိညာဉ်ကျောက်တုံး အမြှောက်စွမ်းအင်တန်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ရွှမ်ယင်တောင်တန်းဆီသို့ ဦးတည်၍ ပြင်းထန်စွာ ပစ်ခတ်လိုက်ကြ၏။

"ဘုန်း... ဘုန်း... ဘုန်း..."

ရုတ်ချည်းဆိုသလိုပင် မြေပြင်အက်ကွဲသွားပြီး တောင်တန်းကြီး တုန်ခါသွားတော့သည်။

ဘာ မကောင်းဆိုးဝါး စိတ်ဝိညာဉ်များ လဲ... ဘာ ငရဲဝိညာဉ်တွေလဲ...

ချင်စစ်တပ်၏ စိတ်ဝိညာဥ်ကျောက်တုံးများမှ ပစ်ခတ်မှုစွမ်းအားများမှ လွှမ်းခြုံမှုသည် ဤထိတ်လန့်ကြောက်ရွံ့ဖွယ်ရာများအားလုံးကို ချေမှုန်းလိုက်သည်။

Chapter 5379

အစွမ်းထက်သော အမြှောက်ဆံများသည် ထူထပ်သော ပစ်ခတ်မှုစွမ်းအား ကွန်ယက်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ရွှမ်ယင်တောင်တန်းကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားသည်။

ရွှမ်ယင်တောင်တန်းအတွင်း၌ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ရှေးဟောင်းသစ်ပင်ကြီး တချို့လည်း ရှိနေပြီး ယခုအချိန်၌ အမြှောက်ဒဏ်ကြောင့် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားကာ တောင်တန်းကို ရှင်းလင်းသွားစေသည်။

"ရွှမ်ယင်တောင်တန်းလမ်းကြောင်းက ရှေ့တည့်တည့်မှာပဲ..."

ချင်လုရှန်းက သူ၏လက်ဖြင့် ညွှန်ပြလိုက်၏။

"တိုက်..."

ပတ်ဝန်းကျင်ရှိ စစ်သင်္ဘောများမှနေ၍ မရေမတွက်နိုင်သော မဟာချင်စစ်သည်တော်များသည် ဒီရေလှိုင်းများအလား ပြေးဆင်းသွားကြသည်။

မြေပြင်အက်ကွဲသွားပြီး ကျောက်စကျောက်နများ ပျံ့လွင့်လာကာ လေဟာနယ်တွင် မီတာတစ်ရာကျော် မြင့်မားသော ကြီးမားသည့် ကျောက်လူသားများအဖြစ် စုစည်းသွားသည်။ ရာနှင့်ချီသော ကျောက်လူသားများသည် တပ်မအားလုံး၏ရှေ့ဆုံးမှ ဝင်ရောက်တိုက်ခိုက်ကြကာ တောင်များကိုတွေ့လျှင် ဖြိုခွဲပြီး ကျယ်ပြန့်သော လမ်းကြောင်းတစ်ခုကို ချက်ချင်းဖောက်လုပ်လိုက်ကြသည်။

ချင်စစ်တပ်၏မြင်းစီးတပ်ဖွဲ့သည် ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲအမျိုးမျိုးကို စီးနင်းကာ အနောက်မှကပ်လိုက်လာကြသည်။ တံခါးဖွင့်သော သစ်တုံးကြီးများနှင့် လှေကားများကဲ့သို့ တိုက်ခိုက်ရေးပစ္စည်းများကို နတ်ဆိုးသားရဲများ၏ကျောပေါ်တွင် ချိတ်ဆွဲထားသည်။ သူတို့သည် အစုလိုက်အပြုံလိုက် ရှေ့တိုးလာကြသဖြင့် မြေငလျင်လှုပ်သည့်အလား မြေပြင်တပြင်လုံး ပြင်းထန်စွာ တုန်ခါသွားပေ၏။

"ဝုန်း..."

မိုးကောင်းကင်ယံတွင် ထောင်နှင့်ချီသော သားရဲများ အတောင်ပံများကို ဖြန့်ကျက်ကာ ပျံဝဲနေကြသည်။ နတ်ဆိုးသားရဲပျံတစ်ကောင်စီ၏ ကျောပေါ်တွင် ကျင့်ကြံသူ ငါးဦး သို့မဟုတ် ခြောက်ဦး ထိုင်နေကြပြီး အဆောင်လက်ဖွဲ့စာရွက်များကို ကိုင်ဆောင်ကာ ရွှမ်ယင်တောင်တန်း၏တံခါးဝကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

အထက်နှင့်အောက်...

မြင်တွေ့ရသမျှ နေရာတိုင်းတွင် ချင်စစ်တပ်၏ ပုံရိပ်များ ရှိနေပေ၏။

သူတို့၏လှုပ်ရှားမှုမှာ လေကဲ့သို့ လျှင်မြန်ပြီး သူတို့၏ တိုက်ခိုက်မှုသည် မီးကဲ့သို့ ပြင်းထန်သည်။

ချင်စစ်တပ် စတင်၍ လှုပ်ရှားလိုက်သည်နှင့် ထိုးစစ်ဆင်သော အရှိန်အဟုန်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်သည်။

ရွှမ်ယင်တောင်တန်းကို ဖြတ်ကျော်ပြီး လမ်းကြောင်းတစ်ခုကို ချက်ချင်းဖောက်လုပ်လိုက်ရာ အဝေးမှ ရှေးဟောင်းဆန်ပြီး လေဒဏ်မိုးဒဏ်ကို ခံထားရသော ကြေးနီတံခါးကြီးတစ်ချပ်က လူများအားလုံး၏ရှေ့တွင် ထွက်ပေါ်လာသည်။

ထိုကြေးနီတံခါးကြီးသည် မီတာတစ်ထောင်ခန့် မြင့်မားပြီး ထိုအရာ၏အထက်တွင် နတ်ဆိုးသားရဲပျံများ မချဥ်းကပ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် လေဟာနယ်မုန်တိုင်းတစ်ခု ရှိနေသည်။ ထိုတံခါးတစ်ခုလုံးကို အထူးသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပြီး ငရဲနယ်မြေ၏စာလုံးတချို့ကို ရေးထွင်းထားကာ ရှေးကျပြီး လေဒဏ်မိုးဒဏ်ကို ခံထားရသော်လည်း အလွန်ခိုင်ခံ့နေဆဲပင်။

ချင်စစ်တပ်သည် ပြင်းထန်သောတိုက်ခိုက်မှုကို စတင်လိုက်ရာ ကြေးနီတံခါးကြီးထံမှ တုန်ခါသံများ ထွက်ပေါ်လာသော်လည်း ပွင့်မလာခဲ့ချေ။

"ဒါက လောကတံခါးပဲ..."

လုယွီသည် ကြိုတင်မျှော်လင့်ထားသည့်အလား ထိုတံခါးကို တစ်ချက် ကြည့်လိုက်၏။

ဤတံခါးသည် နယ်မြေနှစ်ခုကို ဆက်သွယ်ပေးသော ဝင်ပေါက်နှင့်ထွက်ပေါက်ဖြစ်ပြီး ဤနေရာကို အခိုင်အမာ စောင့်ကြပ်ထားသော တံခါးတစ်ချပ်ပင်။

ငရဲနယ်မြေမှ လူများ ပြင်ပသို့ထွက်လိုလျှင် ဤတံခါးကို ဖွင့်ရပေမည်။

သို့သော် ယန်မိသားစုအတွက်ပင်လျှင် ဤ လောကတံခါးကို ဖွင့်ရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ချေ။ ထိုသို့မဟုတ်ပါက သူတို့သည် လူအနည်းငယ်ကိုသာ စေလွှတ်ပြီး အလျင်စလို ပြေးထွက်လာကြမည် မဟုတ်ပေ။

ဤတံခါးကို လုယွီ မည်မျှထိ ရင်းနှီးကျွမ်းဝင်နေသနည်း...

လုယွီသည် တစ်ချိန်က ဤနေရာ၌ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ဖူးသည်။ ရန်သူများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံရပြီးနောက် အနောက်တွင် တံခါးကြီးနှင့် အရှေ့တွင် လိုက်လံတိုက်ခိုက်သူများ ရှိနေသဖြင့် သူသည် လေဟာနယ်မုန်တိုင်းထဲသို့ ဝင်ရောက်ရန်မှတပါး တခြားရွေးချယ်စရာ မရှိခဲ့ချေ။ သူသည် သေလုမျောပါး အတွေ့အကြုံကို ကြုံတွေ့ပြီးမှသာ ငရဲနယ်မြေသို့ ရောက်ရှိခဲ့ခြင်း ဖြစ်ပေ၏။

သို့သော် အချိန်များ ပြောင်းလဲသွားပြီ ဖြစ်သည့်အပြင် လုယွီ ဤနေရာသို့ ပြန်ရောက်လာချိန်တွင် သူ၏ အထောက်အထားနှင့် စွမ်းအားသည် ယခင်နှင့် ကွာခြားသွားခဲ့လေပြီ။

လောကတံခါး၏နောက်ကွယ်တွင်...

ငရဲနယ်မြေ၏တပ်စခန်းသည် လှုပ်ရှားမှုများကို ကြားသိပြီးဖြစ်ကာ တင်းကျပ်သော စစ်ရေးပုံစံဖြင့် စောင့်ဆိုင်းနေကြသည်။

ငရဲနယ်မြေမှ ကျင့်ကြံသူများအားလုံးကြားတွင် အနက်ရောင် ကြာပလ္လင်နှစ်ခု ရှိနေသည်။ အဘိုးအိုနှစ်ဦးသည် ကြာပလ္လင်များပေါ်တွင် ထိုင်ကာ ကြေးနီတံခါးကြီး၏အပြင်ဘက်မှ မြင်ကွင်းကို ကြည့်ရှုနေကြ၏။

သူတို့သည် ဤနေရာကို စောင့်ကြပ်ရန် တာဝန်ယူထားသော ယန်မိသားစု၏အဆင့်မြင့် အကြီးအကဲများ ဖြစ်ကြသည့် ယန်ခွမ်း နှင့် ယန်ချီတို့ပင်။

"ချင်စစ်တပ်က တကယ်ကြီး လာပြီးတိုက်ခိုက်တာပါလား..."

ယန်ချီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာအမူအယာ သုန်မှုန်နေသည်။

ချင်စစ်တပ်၏ လှုပ်ရှားမှုများသည် အလွန်ကြီးမားသဖြင့် သူတို့သည် ငရဲနယ်မြေတွင် ရှိနေသော်လည်း ထိုသတင်းကို လက်ခံရရှိထားပြီးဖြစ်သည်။

ထို့ကြောင့် ချင်စစ်တပ်က တိုက်ခိုက်မှုကို စတင်သည်နှင့် ငရဲနယ်မြေဘက်က လျှင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။

ကျင့်ကြံသူအမြောက်အများ၏နောက်တွင် "ယန်" ဟူသည့် စာလုံးကြီးကို ရေးထိုးထားသည့် ကြီးမားသော အလံတစ်ခုကို ချိတ်ဆွဲထားပြီး လေထဲတွင် လူးလွန့်နေသည်။

"တကယ်တော့ သူတို့ လာပြီးတိုက်ခိုက်တာ ကောင်းပါတယ်... သူတို့က ဒီလောက်ထိ ကြီးကျယ်တဲ့ ပြင်ဆင်မှုတွေနဲ့ လာခဲ့ပေမယ့် လောကတံခါးရဲ့ရှေ့မှာ ပိတ်မိနေတယ်... ဒီချင်ဧကရာဇ် ဆိုတဲ့ကောင်က ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးရဲ့ ရယ်စရာပြက်လုံးကြီး ဖြစ်လာတော့မယ်..."

မဟာအကြီးအကဲယန်ခွမ်းက ခပ်ဖျော့ဖျော့ အပြုံးနှင့် ပြောဆိုလိုက်၏။

"လောကတံခါးက တစ်နှစ်မှာတစ်ခါ ခုနစ်လပိုင်း ဆယ့်ငါးရက်ရက်နေ့မှ ပွင့်တာ... အခုမှ လေးလပိုင်းပဲ ရှိသေးတယ်... ပြင်ပစွမ်းအားတွေနဲ့ လုံးဝဖွင့်လို့ မရဘူး..."

"ဒီလောကတံခါးရဲ့သော့က အတိတ်တုန်းက မြေအောက်လောက တာအိုသခင်ရဲ့ လက်ထဲမှာ ရှိခဲ့တာ... ဒါပေမဲ့ မြေအောက်လောက တာအိုသခင်က သေသွားပြီ... ဒီတံခါးကို လောကကြီးထဲမှာ ဘယ်သူမှ ဖွင့်လို့ မရနိုင်တော့ဘူး..."

ယန်ခွမ်းသည် ငှက်မွေးယပ်တောင်ကို ကိုင်ထားပြီး သူ့ကို ကြည့်ရသည်မှာ အလွန်တည်ငြိမ်အေးဆေးနေပုံရသည်။

"ငါတို့က ကြည့်နေရုံပဲ... ပြီးတော့ လူတစ်ယောက်ကို စေလွှတ်ပြီးတော့ ဒါတွေအားလုံးကို ပုံရိပ်ယောင်သလင်းကျောက်နဲ့ မှတ်တမ်းတင်ခိုင်းလိုက်စမ်း... 'ချင်ဧကရာဇ် မအောင်မြင်ဘဲ ပြန်သွားချိန်မှာ ယန်မိသားစု က စကားစမြည်ပြောပြီး ရယ်မောနေခဲ့တယ်' ဆိုပြီး ကောင်းကင်ဘုံနယ်မြေတခုလုံးကို ဖြန့်လိုက်... ငါက ဒီကောင်စုတ်လေးရဲ့အာဏာကို ဖယ်ရှားပစ်ချင်တယ်..."

Chapter 5380

စစ်တပ်နှစ်ခု ထိပ်တိုက်တွေ့ဆုံးချိန်၌ အကောင်းဆုံး မဟာဗျူဟာမှာ စိတ်ဓာတ်ကို တိုက်ခိုက်ခြင်းပင်။

"မင်း ပြောသလို လုပ်ကြတာပေါ့"

ယန်ချီ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။ ချင်စစ်တပ် မအောင်မြင်ဘဲ ပြန်သွားရမည့် သနားစဖွယ် အခြေအနေကို သူ မြင်ယောင်နေမိလေပြီ။

အစောပိုင်းကတည်းက အနီးအနားရှိ ယန်မိသားစု ကျင့်ကြံသူများသည် ပုံရိပ်ယောင်သလင်းကျောက်များကို ထုတ်ယူကာ မှော်မန္တန်များ ရွတ်ဆိုပြီး ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို စတင်၍ မှတ်တမ်းတင်နေခဲ့ကြသည်။

ဤနေရာကို စောင့်ကြပ်ရန် တာဝန်ယူထားသော ယန်မိသားစု ကျင့်ကြံသူများသည် စစ်ရေးပုံစံ မဟုတ်ဘဲ ပြန့်ကျဲစွာ ထိုင်နေကြပြီး ပေါ့ပေါ့ပါးပါး အမူအယာများ ရှိနေကြ၏။

ကြေးနီတံခါးကြီးသည် သဘာဝ အတားအဆီးတစ်ခုဖြစ်ပြီး ရှေးဟောင်းအလယ်ခေတ်ကာလကတည်းက ဤနေရာကို ခိုင်မြဲစွာ ကာကွယ်စောင့်ကြပ်ထားခဲ့သည်။

အလယ်ခေတ်ကာလတွင် ငရဲနယ်မြေကို သိမ်းပိုက်လိုသော နာမည်ကျော်ကြားသည့် ဧကရာဇ်များပင်လျှင် လောကတံခါးကြောင့် ရပ်တန့်ခဲ့ရသည်။ ငရဲနယ်မြေအနေဖြင့် တစ္ဆေကြီးပွဲတော်ကာလ လောကတံခါးပွင့်ချိန်တွင် ထိုတံခါးကြီးကို ခိုင်မြဲစွာ စောင့်ကြပ်ရန် ထိပ်သီးကျင့်ကြံသူအမြောက်အများကို စေလွှတ်လိုက်ရုံဖြင့် လုံလောက်ပေ၏။

"ဒါပေမဲ့ ဒီအတိုင်း စောင့်နေတာက အဓိပ္ပာယ်မရှိဘူး..."

ယန်ချီက ပြောဆိုသည်။

"အပြင်က ထောင်ချောက်တွေကို အသက်သွင်းလိုက်စမ်း..."

ကြေးနီတံခါးကြီး၏အထက်တွင် ထူထပ်သိပ်သည်းသော အနက်ရောင်မီးခိုးများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအရာများသည် မိုးကောင်းကင်သို့ ထိုးဖောက်သွားပြီး ပတ်ဝန်းကျင်နေရာ တဝိုက်လုံးသို့ ပျံ့နှံ့သွားတော့သည်။

ကောင်းကင်နှင့်မြေပြင်ကြားတွင် မှိန်ဖျော့သွား၏။ မဟာချင်စစ်သည်များ၏လက်ထဲရှိ မီးတုတ်များသည်လည်း ထိုမီးခိုးများကြောင့် ရုတ်တရက် ငြိမ်းသွားကြသည်။

"မင်းတို့အားလုံး သေလိုက်ကြတော့..."

ကြေးနီတံခါးကြီး၏နောက်ကွယ်မှ ယုတ်မာပြီး ရက်စက်ကြမ်းကြုတ်သော ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် ငရဲစွမ်းချီအင်များအတွင်း၌ ခရမ်းပြာရောင်မီးတောက်များ သောင်းနှင့်ချီ၍ ထွက်ပေါ်လာပြီး လေဟာနယ်ကို ဖြတ်ကျော်ကာ ချင်စစ်တပ် စခန်းချရာနေရာသို့ အရှိန်ဖြင့် ပြေးဝင်သွားကြသည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ထိုမီးတောက်များသည် အလွန်လျှင်မြန်စွာ ကျဆင်းလာပြီး အရာအားလုံးကို လောင်ကျွမ်းစေသည်။

ချင်စစ်သည် အမြောက်အများသည် နောက်လှည့်ပြေးရန် အချိန်မရလိုက်ဘဲ မီးတောက်များ၏ ဝိုင်းရံခြင်းကို ချက်ချင်းခံလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်များသည် ပြင်းထန်သော မီးတောက်များဖြင့် လောင်ကျွမ်းခံရကာ အချိန်တခဏအတွင်းမှာပင် ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

"ရန်သူတွေက ပြန်ပြီးတိုက်ခိုက်ပြီ... တပ်ပြန်ဖွဲ့စည်းစမ်း.."

ချင်စစ်တပ်၏ စစ်ဗိုလ်ချုပ်တစ်ယောက်က အော်ဟစ်လိုက်၏။

မဟာချင်စစ်တပ်၏ တိုက်ပွဲဝင်ဝင်္ကပါသည် အရာရှိအဆင့်ဆင့်၏ ကွပ်ကဲမှုအောက်တွင် စနစ်တကျနှင့်သေသပ်စွာ ကာကွယ်ရေးကို ဖြန့်ကျက်လိုက်ကြသည်။

အကြေးခွံပုံစံဒိုင်းများကို သေသပ်စွာ စီရီထားပြီး ကောင်းကင်နှင့်အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကျက်၍ ကာရံထားလိုက်သည်။ ထိုအရာများပေါ်တွင် ရေလှိုင်းများကဲ့သို့ မှော်အလင်းတန်းများ တောက်ပနေသည်။ ဤသည်မှာ လက်မှုရေးရာဝန်ကြီးဌာနမှ အထူးပြုလုပ်ထားသော "ကောင်းကင်လက်ရာ ဒိုင်း"ပင်။ ပုံမှန်အားဖြင့် ထိုအရာသည် လက်တစ်ဝါးစာ အရွယ်အစားသာ ရှိသော်လည်း မှော်စွမ်းအား ထည့်သွင်း၍ အသက်သွင်းလိုက်ချိန်၌ သူတို့၏ရှေ့တွင် ကန့်လန့်ဖြတ်ထားနိုင်သော ခိုင်ခံ့သည့် ဒိုင်းအဖြစ် ပြောင်းလဲသွားနိုင်သည်။

ထူထပ်သိပ်သည်းသော ကောင်းကင်လက်ရာဒိုင်းများသည် စစ်တပ်ဝင်္ကပါကြီး၏ရှေ့တွင် အတန်းလိုက် ရှိနေသည်။ စစ်တပ်ကြီးသည် ဆက်လက်၍ ချီတက်နေပေ၏။ ရာနှင့်ချီသော တံခါးဖွင့်သစ်တုံးများပေါ်တွင် ပြင်ပလေဟာနယ်မှ နတ်ဘုရားသံမဏိဖြင့် သွန်းလုပ်ထားသော လွန်သွားများ တပ်ဆင်ထားပြီး နှိုင်းယှဉ်၍မရအောင် ထက်ရှကာ ကြေးနီတံခါးကြီး၏အရှေ့ဘက်ကို ပြင်းထန်စွာ ထုနှက်နေကြသည်။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ထောင်ချောက်တွေက သူတို့ကို မထိရောက်ဘူးလား..."

"ဒီလူတွေရဲ့မှော်ရတနာတွေက ကိုးလွှာငရဲမီးတောက်ရဲ့ တိုက်စားမှုကို တကယ်ကြီး တားဆီးနိုင်တယ်... ဒါက ဘယ်လိုအရည်အသွေးမျိုးရှိတဲ့ မှော်ရတနာတွေလဲ..."

ချင်စစ်တပ်၏တုံ့ပြန်မှုသည် ယန်မိသားစု မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။

သူတို့၏စိတ်ကူးများအရ သနားစရာကောင်းပြီး ငိုကြွေးသံများဖြင့် ပြည့်နှက်နေသော မြင်ကွင်း ဖြစ်သင့်သော်လည်း သွေးရောင်လွှမ်းသော အလင်းတန်းများ ထွက်ပေါ်မလာခဲ့ချေ။

မဟာချင်စစ်တပ်သည် ကောင်းမွန်စွာ လေ့ကျင့်ထားပေ၏။ ရုတ်တရက် တိုက်ခိုက်ခံရချိန်တွင်ပင် တင်းကျပ်ပြီး စနစ်ကျသော တိုက်ပွဲဝင်ဝင်္ကပါကို ထိန်းသိမ်းထားနိုင်ပြီး တည်ငြိမ်စွာ ရှေ့တိုးနေကြသည်။

"အဆိပ်ပြင်းတွေကို ထုတ်လွှတ်ပြီးတော့ သူတို့အားလုံးကို အဆိပ်ခတ်သတ်ပစ်စမ်း..."

ယန်ချီက ပြောဆိုလိုက်ပြီး သူ၏မျက်နှာအမူအယာ အနည်းငယ် သုန်မှုန်နေသည်။

သို့ရာတွင် ပုံရိပ်ယောင်သလင်းကျောက်များသည် ဤနေရာမှ မြင်ကွင်းကို ဆက်တိုက်မှတ်တမ်းတင်နေဆဲပင်။

"ဟုတ်ကဲ့..."

အမိန့်ကိုရရှိပြီးနောက် ယန်မိသားစု ကျင့်ကြံသူများသည် ဝင်္ကပါတစ်ခုကို ထပ်မံ၍ အသက်သွင်းလိုက်ကြသည်။

"ဝုန်း..."

ရွှမ်ယင်တောင်တန်း၏ နှစ်ဖက်လုံးရှိ ကျောက်တုံးအချို့ ကွဲအက်သွားပြီး လေပေါက်ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။

ထို့နောက် အစိမ်းရင့်ရောင် အဆိပ်မြူခိုးများသည် ထိုလေပေါက်များမှ ထွက်ပေါ်လာပေ၏။

ပတ်ဝန်းကျင်နေရာတဝိုက်တွင် အဆိပ်မြူခိုးများ ဖုံးလွှမ်းသွားပြီး အရာအားလုံး ဝေဝါးသွားသည်။ သံမဏိသံချပ်ကာများပင်လျှင် ယခုအချိန်၌ တိုက်စားခံရသော တရှဲရှဲအသံများ ထွက်ပေါ်လာပြီး ဤအဆိပ်မြူခိုးများ မည်မျှထိ ဆိုးရွားပြင်းထန်ကြောင်း ပြသနေသည်။

ဤသည်မှာ ပြင်ပရန်သူများ ကျူးကျော်ဝင်ရောက်ခြင်းကို တားဆီးရန် ငရဲနယ်မြေက ပြင်ဆင်ထားသော ထောင်ချောက်ဝင်္ကပါတစ်ခုပင်။ ဤနေရာတွင် လူမည်မျှထိများများ ဆိုးဆိုးရွားရွား သေဆုံးခဲ့ရသည်ကို မသိနိုင်ချေ။

ချင်လုရှန်း၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် သူ၏လက်ကို ဝှေ့ယမ်းပြီး ပြောဆိုလိုက်သည်။

"ထောက်ပို့တပ်... ထွက်ခဲ့စမ်း..."

ရှေ့ဆုံးရှိ ချင်စစ်တပ်၏တိုက်ခိုက်ရေး ဝင်္ကပါသည် ရုတ်တရက် ကွဲထွက်သွားပြီး အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျင့်ကြံသူတပ်ဖွဲ့တစ်ဖွဲ့ ရှေ့သို့ထွက်လာသည်။

All Chapters