ရန်သူနှင့် ဆုံဆည်းခြင်း
Vol. 5 Ch. 41
ကျန်းယွင်နန်သည် ငွေကို လုံးဝလက်မခံဘဲ ငြင်းဆန်နေ၏။
လျူရှောင်ရူသည် သူမ၏ ငြင်းဆန်စကားများကို နားထောင်ရင်း စိတ်ထဲတွင်တော့ တိတ်တဆိတ် တွေးလိုက်မိပေသည်။
"သူများတွေက ငွေမြင်ရင် ဘာမှဂရုမစိုက်နိုင်ကြတော့ဘူး... ငါ့အစ်မတစ်ယောက်ပဲ သူများအကြောင်း တွေးပေးတတ်တဲ့ ငနုံငအမကြီး ဖြစ်နေတော့တာပဲ"
ကျန်းယွင်နန်က ငြင်းလေလေ လျူရှောင်ရူက ပိုပြီး ဇွဲကောင်းလေလေဖြစ်ပြီး ငွေများကို ကျန်းယွင်နန်၏ အခန်းထဲ ပစ်ထည့်ကာ ထွက်သွားချင်စိတ်ပင် ပေါက်နေမိချေပြီ။
သူမက ငွေများကို ကျန်းယွင်နန်လက်ထဲ အတင်းထည့်ပေးနေရခြင်းမှာ အခြားသူများကို မယုံကြည်ရဲသလို ကိုယ်နှင့်မကွာ ဆောင်ထားပါကလည်း အခိုးခံရမည်ကို စိုးရိမ်သောကြောင့်ပင်။
ထို့အပြင် အိပ်မက်ထဲတွင် ကျန်းယွင်နန်တို့ ဆင်းရဲဒုက္ခရောက်နေသည်ကို မြင်ခဲ့ဖူးသောကြောင့် ယခုငွေများက သူမတို့၏ အရေးပေါ်လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မည်ဟု တွေးမိ၍လည်း ဖြစ်ပေသည်။
ကျန်းယွင်နန်က ထိုငွေများကို အကုန်သုံးပစ်လိုက်လျှင်တောင် လျူရှောင်ရူက ကျေနပ်နေမည်သာ။ သူမက ကျန်းယွင်နန်ကို ကူညီချင်ရုံ သက်သက်သာ ဖြစ်လေသည်။
"ကိုယ့်ဆီမှာ ကိုယ်ကိုင်ထားတာကမှ စိတ်အချရဆုံးပါကွယ်"
ကျန်းယွင်နန်က စိတ်မကောင်းစွာဖြင့် နားချ၏။
သို့သော် လျူရှောင်ရူက မျက်တောင်မခတ်တမ်း စိုက်ကြည့်ကာ ပြောလိုက်သည်။
"အစ်မဆီမှာ ထားလိုက်ရတာကမှ ညီမအတွက် စိတ်အချရဆုံးပါ"
ကျန်းယွင်နန်တစ်ယောက် လျူရှောင်ရူလောက် ခေါင်းမာသည့်သူကို တစ်ခါမှ မတွေ့ဖူးချေ။
သူမတို့နှစ်ဦး အတော်ကြာအောင် အပြန်အလှန် ငြင်းခုံနေကြသော်လည်း ပြတ်ပြတ်သားသား အဖြေမထွက်ခဲ့ပေ။ ထိုစဉ် တစ်ချိန်လုံး ဘေးမှ ကြည့်နေခဲ့သော နျိုနျိုက ခေါင်းလေးစောင်းကာ မေးလာလေသည်။
"အန်တီလျူက မေမေ့ကို ပိုက်ဆံပေးနေတာ... အတူတူ ဈေးရောင်းကြမလို့လား"
ထိုစကားကို ကြားသောအခါ နှစ်ယောက်စလုံး အံ့သြသွားကြ၏။ ကလေး၏ စကားက ရိုးရှင်းသော်လည်း ဖြစ်နိုင်ချေရှိသော နည်းလမ်းတစ်ခု ဖြစ်နေသည်။
နျိုနျိုက ခေါင်းလေးကို ထပ်စောင်းလိုက်ပြီး ပြောပြန်၏။
"သမီး မနေ့ညက အိပ်မက်မက်တယ်..."
စကားဆုံးသည်နှင့် နျိုနျိုက သူမ၏ ပါးစပ်လေးကို ချက်ချင်း အုပ်လိုက်လေသည်။
ကျန်းယွင်နန်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"နျိုနျို... ဘာလို့ ဆက်မပြောတာလဲ"
နျိုနျိုက ပြန်ဖြေရှင်းချက်ပေးသည်။
"မေမေက သမီး အိပ်မက်အကြောင်း လျှောက်မပြောရဘူးဆို"
ကျန်းယွင်နန်က လျူရှောင်ရူကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ရပါတယ် ပြောပါ... အန်တီလျူက လူစိမ်းမှမဟုတ်တာ"
နျိုနျိုက ပြုံးဖြဲဖြဲလေးလုပ်ကာ ပျော်ရွှင်စွာ ပြောပြလေ၏။
"မနေ့ညက သမီး မေမေ့အကြောင်း အိပ်မက်မက်တယ်... မေမေက ပိုက်ဆံတွေ အများကြီးရှာနိုင်ပြီး သမီးဖို့ အဝတ်လှလှလေးတွေ ဝယ်ပေးတယ်... အိပ်မက်ထဲမှာ စားစရာတွေက အရမ်းစားကောင်းတာပဲ... မွှေးနေတာပဲ... ကြက်ကင်ထက်တောင် ပိုစားကောင်းသေးတယ်... တစ်ကိုက်လောက် စားလိုက်တာနဲ့ စိတ်ညစ်စရာတွေ အကုန်မေ့သွားရော... သမီး တစ်ခါမှ အဲ့လောက်စားကောင်းတာမျိုး မစားဖူးဘူး"
ကလေးက ပြောချင်ရာကို အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသဖြင့် အာခြောက်လုနီးပါး ဖြစ်နေရှာသည်။ သူမက မနေ့ညက အိပ်မက်ထဲမှ အစားအစာ ဘယ်လောက်အရသာရှိကြောင်းကိုသာ ဖွဲ့နွဲ့ပြနေသော်လည်း အတော်ကြာသည်အထိ ဘာအစားအစာလဲ ဆိုတာကိုမူ မပြောပြနိုင်ပေ။
ကျန်းယွင်နန်မှာ သမီးဖြစ်သူက ဗိုက်ဆာလို့ ပြောနေသည်ဟု ထင်မှတ်သွားသော်လည်း စကားဆုံးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ပြီးမှ ပြောလိုက်၏။
"နျိုနျိုက မေမေ့ကို ဒီလောက် ယုံကြည်တာကိုး... အိပ်မက်ထဲမှာ မေမေက တော်တော်စွမ်းတာပဲ"
နျိုနျိုက ခေါင်းကို အားပါးတရညိတ်ကာ ဝိုင်းစက်နေသော မျက်လုံးကြီးများ အရောင်တောက်သွားပြီး ပြောလိုက်သည်။
"အိပ်မက်ထဲမှာတင် မဟုတ်ဘူး... အပြင်မှာလည်း မေမေက အတော်ဆုံး"
မိန်းကလေးငယ်လေးက နူးညံ့ပြီး ချစ်စဖွယ်ကောင်းလွန်းလှသဖြင့် လျူရှောင်ရူက မနာလိုချင်ယောင်ဆောင်ကာ မေးလိုက်၏။
"နျိုနျို... ဒါဆို အန်တီလျူကရော မတော်ဘူးလား"
နျိုနျိုက ချက်ချင်း ပြန်ဖြေလေသည်။
"အန်တီလျူလည်း တော်ပါတယ်... ဒါပေမဲ့ မေမေက အတော်ဆုံး"
လျူရှောင်ရူသည် ကလေးမလေး၏ ချစ်စရာကောင်းသော မျက်နှာလေးကို ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
"နျိုနျိုလို ချစ်စရာကောင်းတဲ့ သမီးလေးရထားတာ အစ်မ တော်တော်ကုသိုလ်ထူးတာပဲ"
ကျန်းယွင်နန်သည် လျူရှောင်ရူတစ်ယောက် မြွေကိုက်ခံရဖူးသဖြင့် ကြောက်ရွံ့ပြီး နောက်အိမ်ထောင်မပြုတော့မည်ကို စိုးရိမ်သောကြောင့် ပြောလိုက်၏။
"လောကကြီးမှာ လူကောင်းလူဆိုးဆိုတာ ရှိတာပဲ... ဝမ်ယောက်ကျူလို ကိုယ့်မိန်းမကို ခြေနင်းဖက်အဖြစ် သဘောထားတဲ့လူမျိုး ရှိသလို... ကိုယ့်သားမယားကို တကယ်ချစ်မြတ်နိုးတဲ့ ယောကျ်ားကောင်းတွေလည်း ရှိပါတယ်... နောက်ကျရင် ညီမလေးလည်း တွေ့လာမှာပါ... ပြီးရင် သားသမီးအလိမ္မာလေးတွေ မွေးလာဦးမှာ"
လျူရှောင်ရူက အကောင်းဘက်က တွေးကာ ပြောလိုက်သည်။
"ညီမ အစ်မစကားကို နားထောင်မယ်... အစ်မက အိမ်ထောင်ပြုလို့ရတယ်ဆိုရင် ညီမရွေးတာ သေချာပေါက် မမှားနိုင်ဘူး... အဲ့ဒီကျရင် ကလေးအများကြီး မွေးပြီး နျိုနျိုနောက်လိုက်ခိုင်းလိုက်မယ် ပြီးရင် မမ လို့ ခေါ်ခိုင်းမယ်"
နျိုနျို၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်လာ၏။
"သမီးက မမ လုပ်ရတော့မှာလား... ဦးလေးလောင်စန်းတို့အိမ်က မောင်လေးက သမီးကို မမ လို့ တစ်ခါမှမခေါ်ဖူးဘူး... သမီးမှာ မမလုပ်ခွင့် မရှိတော့ဘူးလို့ ထင်နေတာ"
ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းယွင်နန်၏ ရင်ထဲ လေးလံသွားလေသည်။ တတိယအိမ်ခွဲမှ တူလေးမှာ စကားပြောတတ်သည့် အရွယ်ရောက်နေပြီ ဖြစ်သည်။ နျိုနျိုကို မခေါ်ရခြင်းအကြောင်းရင်းမှာ လျူအာနီက ကွယ်ရာတွင် မြှောက်ပင့်သွေးထိုးထားခြင်းကြောင့် ဖြစ်မည်ဟု သူမ ခန့်မှန်းမိလိုက်၏။
လျူရှောင်ရူက ကုမိသားစုအတွင်းရေး ကွဲပြားမှုများကို မသိသဖြင့် ဝင်ပြောလေသည်။
"အစ်မ... နျိုနျိုပြောသလိုပဲ ကျွန်မတို့ ဈေးရောင်းရင် ပိုက်ဆံရမယ်တဲ့... ပိုက်ဆံရရင် နျိုနျိုအတွက် အဝတ်အစားတွေ... သကြားလုံးတွေ ဝယ်ကျွေးလို့ရပြီ... အဲ့ဒီကျရင် အပြင်သွားတိုင်း လှလှပပ ဝတ်သွားကြမယ်... အချစ်စရာဆုံး သခင်မလေး ဖြစ်စေရမယ်"
ကျန်းယွင်နန်က ငြင်းဆန်လိုက်သည်။
"သမီးလေးက ငယ်ပါသေးတယ်... အပျော်သဘော ပြောနေတာကို ညီမလေးက ဘာလို့ အတည်ယူနေရတာလဲ"
လျူရှောင်ရူက အကြီးအကျယ် ဇွတ်တောင်းဆိုလေတော့၏။
"ညီမ ဂရုမစိုက်ဘူး... ဒီနေရာမှာ နျိုနျိုပြောတာ အတည်ပဲ... ဒီရက်ပိုင်း ဘာဈေးရောင်းရမလဲဆိုတာ စဉ်းစားကြည့်ကြတာပေါ့... ပိုက်ဆံကို အစ်မဆီမှာ အရင်ထားလိုက်တော့... ဒါ ညီမရဲ့ ရင်းနှီးမြှုပ်နှံငွေလို့ သဘောထားလိုက်"
ထိုသို့ပြောပြီးနောက် ကျန်းယွင်နန် ဘာမှပြန်မပြောနိုင်ခင်မှာပင် လျူရှောင်ရူက ပြေးထွက်သွားလေသည်။
ကျန်းယွင်နန်မှာ သူမကို တားမရသဖြင့် ငွေများကို သေချာသိမ်းဆည်းထားလိုက်ပြီး နောင်တစ်ချိန် လျူရှောင်ရူအတွက် မည်သို့စီစဉ်ပေးရမည်ကို တွေးတောနေမိချေသည်။
စီးပွားရေးလုပ်မည့်ကိစ္စကို သူမ စဉ်းစားကြည့်သော်လည်း မည်သည့်အစီအစဉ်မှ ထွက်မလာပေ။
စမ်းသပ်ကြည့်လိုသော စိတ်ဖြင့် သူမက နျိုနျိုကို မေးလိုက်၏။
"သမီးအိပ်မက်ထဲမှာ မေမေနဲ့ အန်တီလျူက ဘာဈေးရောင်းကြတာလဲ"
နျိုနျိုက အံ့သြသွားသောပုံစံဖြင့် ပြောသည်။
"သမီး ပြောပြီးပြီလေ... မေမေက စားကောင်းသောက်ဖွယ်တွေ ရောင်းတာ... အရမ်းစားကောင်းတဲ့ဟာတွေလေ"
ကျန်းယွင်နန် ကြောင်အသွား၏။ သေချာပြန်စဉ်းစားကြည့်တော့ နျိုနျိုက အိပ်မက်ထဲတွင် စားခဲ့ရသည့် ဟင်းလျာများအကြောင်းကိုသာ အာရုံစိုက်ပြောသွားခြင်း ဖြစ်သည်။
သို့သော် သူမ၏ ဟင်းချက်လက်ရာက သိပ်မကောင်းလှသလို လျူရှောင်ရူကလည်း ဒီဘက်အပိုင်းတွင် ထူးချွန်ပုံမရပေ။ "အရသာ အထူးကောင်းမွန်သော အစားအစာ" လုပ်ရန် သူမတို့ ဘာကိုအားကိုးရမည်မှန်း ကျန်းယွင်နန် စဉ်းစားမရဖြစ်နေသည်။
နားမလည်တော့သည့်အဆုံး သူမ ဆက်မတွေးတော့ပေ။ ကုမင်တာ့ ပြန်ရောက်လာပြီး ခြံဝင်းထဲတွင် နျိုနျိုနှင့် ကုကျောက်တို့ ကစားနေသည်ကို မြင်သောအခါ ကျန်းယွင်နန်က စောစောက ဖြစ်ပျက်ခဲ့သည်များကို တိုးတိုးလေး ပြောပြရင်း သက်ပြင်းချမိလေသည်။
"ကျွန်မ လက်ရာက ပိုက်ဆံအများကြီးရမယ့် လက်ရာမှမဟုတ်တာ... ဒီတစ်ခါတော့ နျိုနျိုအိပ်မက်က ရိုးရိုးအိပ်မက်ပဲ ဖြစ်မှာပါ"
ကုမင်တာ့သည် ခြံထောင့်တွင် ရွှံ့များနှင့်ကစားနေသော နျိုနျိုကို ကြည့်လိုက်ပြီး ကိစ္စရပ်များက ထိုမျှ ရိုးရှင်းမည်မထင်ကြောင်း ခံစားမိသော်လည်း ဘာမှ ထွေထူးမပြောတော့ပေ။
ယခုအခါ စာမေးပွဲဖြေဆိုရန် သုံးရက်သာ လိုတော့သဖြင့် ကုမင်တာ့မှာ တစ်နေ့ထက်တစ်နေ့ ပို၍ စိတ်လှုပ်ရှားနေမိ၏။
သူ့ပညာအရည်အချင်းအတွက် စာမေးပွဲမအောင်မည်ကို မပူသော်လည်း သူ့ကျန်းမာရေး ဖောက်သွားမည်ကိုသာ စိုးရိမ်နေသည်။ စာမေးပွဲမတိုင်မီ ဖျားနာခြင်း၊ လဲကျခြင်းများ ဖြစ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။
ကုမင်တာ့သည် စာမေးပွဲအတွက် လိုအပ်သည်များကို ပြင်ဆင်ပြီးနောက် အိမ်ထဲမှအိမ်ပြင် မထွက်တော့ဘဲ စာမေးပွဲရက်ကိုသာ စိတ်အေးလက်အေး စောင့်ဆိုင်းနေလိုက်သည်။
သူက အပြင်မထွက်သော်လည်း ခြံဝင်းထဲသို့ ဝင်လာသူများ ရှိနေ၏။
ကျန်းကွမ်ကျုံးနှင့် ရှောင်စိုင် လင်မယားသည် အိမ်ရှင် အဖွားချန်၏ နောက်မှလိုက်လာလျက် ရှေ့ခြံဝင်းမှတစ်ဆင့် နောက်ဖေးခြံဝင်းဘက်သို့ လျှောက်လာကြသည်။
လမ်းတစ်လျှောက်လုံးတွင် လင်မယားနှစ်ယောက်၏ မျက်နှာထားမှာ ကြည့်မကောင်းလှဘဲ အိမ်ကိုလည်း အပြစ်ရှာလိုသော မျက်လုံးများဖြင့် ကြည့်ရှုနေကြလေသည်။
"တကယ်လို့ တည်းခိုစရာသာ မရှားရင် ကျွန်မယောက်ျားက ဒီမှာလာနေမှာမဟုတ်ဘူး... ရှင်တို့ဝန်းကျင်က ဖူအန်းတည်းခိုခန်းက အထူးတန်းအခန်းထက် အများကြီး နိမ့်ကျလွန်းတယ်... ဒါကြောင့် ဈေးလျှော့ပေးရမယ်"
ရှောင်စိုင်၏ စူးရှသော အသံက လူတိုင်းနားထဲသို့ စူးဝင်သွား၏။
အိမ်ရှင် အဖွားချန်မှာ ထိုစကားကိုကြားသော် မျက်နှာပျက်သွားပြီး ပြောလေသည်။
"ဧည့်သည်လေးရယ်... အဖွားအိမ်က အိမ်ငှားခက သက်သာလှပါပြီ... တကယ်ကို ထပ်လျော့ပေးလို့ မရတော့ပါဘူး"
"ဈေးလျှော့မပေးနိုင်ရင် ကျွန်မတို့အတွက် နေ့တိုင်း ရေနွေးနဲ့ ထမင်း တာဝန်ယူပေးရမယ်"
ရှောင်စိုင်က ယုံကြည်မှုရှိရှိ တောင်းဆိုလိုက်သည်။
ကျန်းကွမ်ကျုံးကမူ သူဌေးကြီးတစ်ယောက်လို ဟန်ပန်ဖြင့် လက်ခါပြလိုက်ပြီး ယပ်တောင်ခေါက်တစ်ချောင်းကို ကိုင်ကာ ဘေးဘီဝဲယာကို မရည်ရွယ်သလို လျှောက်ကြည့်နေသည်။
ထိုအကြည့်များက အပြစ်ရှာရန် လာခြင်းဖြစ်ကြောင်း သိသာနေ၏။
ရုတ်တရက် သူ့အကြည့်များက တစ်နေရာတည်းတွင် ကျရောက်သွား၏။
ကုမင်တာ့သည် အခြားသူများအပေါ် အမြဲ ကြင်နာတတ်ပြီး ဇနီးဖြစ်သူ ကျန်းယွင်နန်ကိုလည်း အလွန်ချစ်မြတ်နိုးသော်လည်း သူ့ယောက်ဖ ကျန်းကွမ်ကျုံးကိုမူ အလွန်ရွံရှာမုန်းတီးသည်။
နျိုနျိုကို မမွေးစားခင်ကတည်းက ကျန်းကွမ်ကျုံးကို မနှစ်သက်ခဲ့ဘဲ ချစ်စရာကောင်းသော သမီးလေးကို ရပြီးနောက်တွင်မူ ကျန်းမိသားစုက နျိုနျိုအပေါ် မတရားဆက်ဆံခဲ့ခြင်းများကြောင့် ထိုရွံရှာမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
"ယောက်ဖကို တွေ့တာတောင် နှုတ်မဆက်တော့ဘူးလား"
ကုမင်တာ့က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ကျန်းကွမ်ကျုံးမှာ ယင်ကောင်တစ်ကောင်ကို မျိုချလိုက်ရသလို ခံစားလိုက်ရသော်လည်း ခြံဝင်းထဲရှိ လူများ၏ စူးစမ်းသော အကြည့်များကြောင့် မတတ်သာဘဲ ခေါ်လိုက်ရ၏။
"ယောက်ဖ..."
သို့သော် ကျန်းယွင်နန်လည်း အိမ်ထဲမှ ထွက်လာခဲ့သည်။ ရှောင်စိုင်က အိမ်ရှင် အဖွားချန်ကို အနိုင်ကျင့် ဗိုလ်ကျနေဆဲဖြစ်ကြောင်း ကြားလိုက်ရသဖြင့် အစ်မကြီးတစ်ယောက်၏ ဟန်ပန်ကို ချက်ချင်းဖမ်းကာ ပြစ်တင်ကြိမ်းမောင်းလိုက်လေသည်။
"တော်စမ်း... သက်ကြီးရွယ်အိုကို အနိုင်ကျင့်နေတာလား... နင့်အိမ်က စည်းကမ်းတွေကို အဲ့လိုသင်ပေးလိုက်တာလား"
ရှောင်စိုင်က သူမကို မြင်လိုက်ရသောအခါ ကျန်းကွမ်ကျုံးကဲ့သို့ပင် မျက်နှာပျက်သွားပြီး ဝမ်းနည်းပက်လက်ဖြစ်ရသည့် ခံစားချက်က အထွတ်အထိပ်သို့ ရောက်လုနီးပါး ဖြစ်သွား၏။
သို့သော် အိမ်ရှင် အဖွားချန်မှာမူ သက်ပြင်းချနိုင်သွားသည်။ စာမေးပွဲနီးလာလေ အိမ်ငှားသစ်ရှာရ ခက်လေဖြစ်ပြီး ဒီအချိန်တွင် ဆင်းရဲသော စာသင်သားများပင် တည်းခိုစရာ ရှာတွေ့ထားပြီး ဖြစ်သည်။
သူမက အခန်းလွတ်မထားချင်သော်လည်း မမျှော်လင့်ဘဲ ဈေးဆစ်ကာ ထမင်းပါ တောင်းဆိုနေသော ကျန်းကွမ်ကျုံး လင်မယားနှင့် လာတွေ့နေရခြင်း ဖြစ်၏။
"အဖွားရဲ့ အိမ်ငှားခက မများပါဘူးကွယ်... ပင်ပင်ပန်းပန်းနဲ့ ရှာထားရတဲ့ ပိုက်ဆံလေးတွေပါ"
ထို့အပြင် အခြားအိမ်ငှားများလည်း ဒီဈေးနှုန်းအတိုင်းဖြစ်ပြီး အစားအသောက် စီစဉ်မပေးပေ။ အကယ်၍ ကျန်းကွမ်ကျုံး၏ တောင်းဆိုမှုကို သဘောတူလိုက်ပါက အခြားအိမ်ငှားများလည်း ထိုကိစ္စကို အကြောင်းပြကာ သူမအား ပြဿနာရှာကြမည်ကို အဖွားချန် ကြောက်ရွံ့နေသည်။
ကုမင်တာ့သည် ကျန်းကွမ်ကျုံး လင်မယား၏ အကျပ်ရိုက်နေသည့် အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်၏။ စာမေးပွဲစစ်ဆေးရန် အချိန်နီးကပ်နေပြီဖြစ်သော်လည်း သူတို့လင်မယားမှာ အိမ်ရှာနေရဆဲပင်။
များသောအားဖြင့် တစ်ခုခုအမှားကျူးလွန်မိ၍ အိမ်ရှင်က မောင်းထုတ်လိုက်ခြင်းမျိုးသာ ဖြစ်တတ်ပေရာ သူတို့လင်မယားသည် အိမ်ရှင် အဖွားချန်ထက်ပင် အိမ်ရရန် ပို၍ စိတ်လောနေပေလိမ့်မည်။
"အိမ်လခ ဈေးကြီးတယ်လို့ ထင်ရင်လည်း အခုချက်ချင်း တခြားအိမ် သွားရှာလို့ရပါတယ်... အဖွားချန်... အိမ်ခန်းလွတ်နေရင် ကြည့်မကောင်းဘူးလို့ စိတ်ပူနေတယ်ဆိုရင် ကျွန်တော် တခြားအိမ်ငှားတစ်ယောက် ရှာပေးပါ့မယ်"
ကုမင်တာ့က နားလည်မှုရှိစွာ ပြောလိုက်၏။
ကျန်းကွမ်ကျုံး ထိုစကားကို ကြားသောအခါ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားလေတော့သည်။