မျက်နှာပျက်ရခြင်း
Vol. 5 Ch. 42
လွန်ခဲ့သည့် နှစ်ရက်အတွင်း ကုမင်တာ့သည် ကံဆိုးမိုးမှောင်ကျမည်ကို စိုးရိမ်၍ အိမ်ထဲမှအိမ်ပြင် မထွက်ခဲ့သည်ကို ကျန်းကွမ်ကျုံး မသိပေ။ ထို့ကြောင့် ကုမင်တာ့၏ စကားကို သူ အမှန်တကယ် ယုံကြည်သွား၏။ သူက ကုမင်တာ့ကို မနာလိုသော်လည်း ကုမင်တာ့၏ အရည်အချင်းကိုမူ အမြဲ အသိအမှတ်ပြုခဲ့သူ ဖြစ်သည်။ ကုမင်တာ့၏ လူမှုဆက်ဆံရေး စွမ်းရည်ဖြင့် အိမ်ငှားတစ်ယောက်ကို အလွယ်တကူ ရှာလာနိုင်သည်ဟု သူ ယုံကြည်နေပေသည်။
"ငါ ဒီအိမ်ကိုပဲ ငှားမယ်... တခြားလူ ရှာစရာမလိုဘူး"
ကျန်းကွမ်ကျုံးသည် ယခင်ကလို အေးအေးဆေးဆေး ပုံစံမနေတော့ဘဲ အိမ်ခန်းရရန် အလုအယက် ပြောလိုက်လေသည်။
အိမ်ရှင် အဖွားချန်မှာ ထိုလင်မယားနှစ်ယောက်၏ အပြစ်ရှာတတ်မှုကြောင့် လန့်နေပြီး စိတ်မသန့်ဖြစ်နေကာ မေးလိုက်သည်။
"မောင်ရင်... တကယ် သေချာစဉ်းစားပြီးပြီလား... အဖွားက အိမ်လခလည်း မလျော့ပေးနိုင်ဘူး... ရေနွေးနဲ့ ထမင်းလည်း စီစဉ်မပေးနိုင်ဘူးနော်... သဘောတူပြီးမှတော့ နောင်တရလို့ မရဘူး"
ကျန်းကွမ်ကျုံးမှာ ပင်ပန်းနေပြီဖြစ်သော်လည်း ပြောလိုက်သည်။
"နောင်တ မရပါဘူး"
ကုမင်တာ့က သူ့ကို စိုက်ကြည့်နေ၏။ ကျန်းကွမ်ကျုံးသည် မကျေမနပ်ဖြင့် အိမ်လခပေးပြီးနောက် သရဲခြောက်ခံရသူကဲ့သို့ အခန်းထဲသို့ လျင်မြန်စွာ ဝင်ပြေးသွားလေသည်။
ကျန်းကွမ်ကျုံးသည် အခန်းထဲရောက်သည်နှင့် ကုလားထိုင်ပေါ်တွင် ထိုင်ချကာ သူဌေးကြီးစတိုင် ဖမ်းလေတော့၏။
ရှောင်စိုင်သည် သူ၏ အကျင့်စရိုက်ကို ယဉ်ပါးနေပြီဖြစ်၍ ပစ္စည်းများကို စိတ်ပါလက်ပါ စတင်သိမ်းဆည်းလေသည်။
ဤအခန်းတွင် အရင်နေသွားသူမှာ ဝမ်ယောက်ကျူဖြစ်ပြီး သူနှင့် သူ့အမေ ထွက်သွားစဉ်က အခန်းကို ရှုပ်ပွအောင် လုပ်ထားခဲ့ကြသည်။ အဖွားချန်ကလည်း သန့်ရှင်းရေး အနည်းငယ်သာ လုပ်ပြီး အိမ်ငှားသစ်ထွက်ရှာခဲ့ခြင်း ဖြစ်သည်။
ရှောင်စိုင်သည် အိပ်ရာခင်းနေစဉ် ရှုပ်ပွနေသော အိပ်ရာခင်းများကို သိမ်းဆည်းရင်း ကုတင်ပျဉ်ပြားကြားတွင် ညှပ်နေသော စာရွက်တစ်ပိုင်းကို တွေ့လိုက်ရ၏။ သူမက ကုတင်ပျဉ်ပြားကို အားစိုက်မကာ စာရွက်ကို ကောက်ယူလိုက်သည်။ သူမက စာမတတ်သဖြင့် ရတနာတစ်ခုရသလို ကျန်းကွမ်ကျုံးအား သွားပေးလေသည်။
"ယောကျ်ား... ကုတင်ပေါ်မှာ စာရွက်တစ်ရွက် တွေ့လို့... ဘာရေးထားတာလဲ ကြည့်ပေးပါဦး"
မမျှော်လင့်ဘဲ ကျန်းကွမ်ကျုံးသည် ထိုစာရွက်ကို မြင်လိုက်သည်နှင့် ဒေါသတကြီး ဖြစ်သွားလေတော့သည်။
"အိမ်ပြောင်းသွားတာတောင် ဒီလိုယုတ်မာတဲ့ စကားမျိုး ထားခဲ့ရသေးတယ်... မင်းပဲ စာမေးပွဲကျပါစေ... မင်းတို့တစ်ဆွေလုံး တစ်မျိုးလုံး ကျပါစေကွာ"
စာရွက်ပေါ်တွင် စာလုံးခြောက်လုံးသာ ပါသော်လည်း ကျန်းကွမ်ကျုံး၏ မျက်လုံးများကို စူးရှနာကျင်စေ၏။
"ဒီအခန်းမှာ နေတဲ့လူ စာမေးပွဲကျပါစေ"
စာမေးပွဲဖြေရန် ပြင်ဆင်နေသူတစ်ဦးအတွက် ဤကဲ့သို့သော စကားလုံးများမှာ တစ်မိသားစုလုံး သေပါစေဟု ကျိန်စာတိုက်သည်နှင့် အတူတူပင် ဖြစ်လေသည်။
ယခင်အိမ်ငှား ဝမ်ယောက်ကျူသည် နာကြည်းချက်များဖြင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ သူက လျူရှောင်ရူကိုသာမက အိမ်ရှင် အဖွားချန်ကိုပါ မကျေနပ်ခဲ့ပေ။ ထို့ကြောင့် မထွက်ခွာမီ အိမ်ငှားသစ်နှင့် အိမ်ရှင် အဖွားချန်တို့ ပြဿနာတက်စေရန် ရည်ရွယ်ပြီး ဤစာရွက်ကို တမင်ထားခဲ့ခြင်း ဖြစ်သည်။
ကျန်းကွမ်ကျုံးသည် ဒေါသထွက်လွန်းသဖြင့် စာရွက်ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်လိုက်သော်လည်း ဒေါသ မပြေနိုင်သေးပေ။ ထို့ကြောင့် ရှောင်စိုင်၏ ပါးကို ရိုက်ချလိုက်ပြီး ကြိမ်းမောင်းလိုက်သည်။
"မင်း... ငါ့ကို လာပြရသေးတယ်... တုံးလိုက်တဲ့ မိန်းမ"
ရှောင်စိုင်သည် ပါးကိုအုပ်ကာ တုန်လှုပ်နေရှာ၏။ ခင်ပွန်းဖြစ်သူကို ကြောက်ရွံ့သဖြင့် သနားစဖွယ် တောင်းပန်ကာ မေးလိုက်သည်။
"ဒီလိုကိစ္စမျိုးကြုံရင် အိမ်ရှင်အဖွားကြီးကို သွားရှင်းရမလား"
ကျန်းကွမ်ကျုံး ခဏတာ ကြောင်သွားသည်။ သို့သော် ဆုတ်ဖြဲခံလိုက်ရသော စာရွက်စများကို ကြည့်ရင်း သက်သေအထောက်အထားများ ပျက်စီးသွားပြီဖြစ်၍ သွားရှင်း၍လည်း ဘာမှထူးမည်မဟုတ်တော့ပေ။
ကျန်းကွမ်ကျုံးသည် စိတ်လိုက်မာန်ပါ လုပ်မိသော်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ ရှောင်စိုင်ကို ခြေထောက်ဖြင့် ကန်ကာ ဆဲဆိုလေတော့သည်။
"စောစောကတည်းက သတိမပေးဘူး... အခုမှတော့ ဘာလုပ်လို့ရတော့မလဲ"
ရှောင်စိုင်မှာ အရိုက်ခံရသော်လည်း ဘာမှပြန်မပြောရဲရှာပေ။ နျိုနျို ထွက်သွားပြီးကတည်းက သူမသည် ကျန်းကွမ်ကျုံး၏ စိတ်ထွက်ပေါက် ဖြစ်ခဲ့ရလေသည်။
ယခင်က တည်းခိုခန်းမှ မောင်းထုတ်ခံရခြင်းမှာ ကျန်းကွမ်ကျုံး၏ အမှားသာဖြစ်သော်လည်း လမ်းတစ်လျှောက်လုံး သူမကိုသာ အပြစ်ပုံချကာ ဆဲဆိုလာခဲ့သည်။
"ဘာလို့ ငူငိုင်နေတာလဲ... အိပ်ရာမခင်းရသေးဘူးလား... နင့်လို မိန်းမမျိုးက နေ့တိုင်း အပျင်းကြီးဖို့ပဲ သိတယ်... ဘာကိစ္စမှ ဖြစ်မြောက်အောင် မလုပ်နိုင်ဘူး... ငါ တစ်နေကုန် ပင်ပန်းလာပြီ... ငါ့ကို စောစောစီးစီး အနားပေးလို့ မရဘူးလား"
ကျန်းကွမ်ကျုံးက အော်ငေါက်လိုက်သည်။
ရှောင်စိုင်သည် ဆက်မတွေးရဲတော့ဘဲ ခေါင်းငုံ့ကာ အိပ်ရာကို သေသေသပ်သပ် ခင်းပေးလိုက်ရ၏။
ကျန်းကွမ်ကျုံးသည် ကုတင်ပေါ် လှဲချကာ စောင်ကိုဆွဲယူပြီး မအိပ်ခင် ပြောလိုက်သည်။
"ဟင်းရည်တစ်ခွက်လောက် သွားလုပ်စမ်း... ပါးစပ်တွေ ခါးနေတယ်... ဟင်းရည်ပူပူလေး သောက်ချင်တယ်"
ရှောင်စိုင်သည် သူတို့၏ ပြားကပ်လုနီးပါးဖြစ်နေသော ပိုက်ဆံအိတ်ကို တွေးမိပြီး ပြောချင်သော်လည်း ကျန်းကွမ်ကျုံး ထပ်ရိုက်မည်ကို ကြောက်သဖြင့် မကျေမနပ် ခေါင်းညိတ်လိုက်ရလေသည်။
ကျန်းကွမ်ကျုံးသည် ဤခြံဝင်းထဲ ရောက်ကတည်းက အရာရာ အဆင်မပြေဖြစ်နေသည်ဟု ခံစားနေရ၏။ အကယ်၍သာ စိတ်အေးလက်အေး ရှိနေပါက ထိုစာရွက်ကို စိတ်လွတ်ကိုယ်လွတ် ဆုတ်ဖြဲပစ်မည့်အစား အိမ်ရှင်အဖွားကြီးနှင့် သွားရောက် ရန်တွေ့ကာ လျော်ကြေးတောင်းမည် ဖြစ်သည်။
သူက ပင်ပန်းနေသော်လည်း ထိုစိတ်ရှုပ်စရာကိစ္စများကို တွေးရင်း အိပ်မပျော်နိုင် ဖြစ်နေလေသည်။
ဘေးနားမှ ရှောင်စိုင်သည် ပစ္စည်းများကို ဖွဖွလေး သိမ်းဆည်းနေသော်လည်း ထိုအသံများက သူ့နားထဲတွင် ဗုံမောင်းတီးသလို ဆူညံနေသယောင် ခံစားနေရသည်။
"နလပိန်းတုံးမ... ငါ့ကို ဆူညံပြီး သေအောင်သတ်မလို့လား... ထွက်သွားစမ်း"
ကျန်းကွမ်ကျုံးက ဆဲဆိုလိုက်သည်။
ရှောင်စိုင်သည် ဝမ်းနည်းသွားသော်လည်း ပြန်မပြောရဲဘဲ ကြေးပြားအနည်းငယ်ကို ယူကာ အခန်းထဲမှ သတိထားပြီး ထွက်သွားရရှာသည်။
ဇနီးဖြစ်သူ၏ အသံ မကြားရတော့သဖြင့် အခန်းထဲတွင် တိတ်ဆိတ်သွားသော်လည်း ကျန်းကွမ်ကျုံးမှာ ကုတင်ပေါ်တွင် လူးလိမ့်ကာ အိပ်မပျော်နိုင် ဖြစ်နေဆဲပင်။
ခဏနေတော့ ပြတင်းပေါက်က လင်းလွန်းသည်ဟု ထင်လိုက်၊ အခန်းထဲတွင် မှိုနံ့ရသည်ဟု ထင်လိုက်၊ ခြံဝင်းထဲမှ အခြားသူများ၏ အသံများကို ကြားရသည်နှင့် နားထဲတွင် အပ်ဖြင့် ထိုးသလို ခံစားရလိုက် ဖြစ်နေလေသည်။
"တည်းခိုခန်းကနေ မောင်းမထုတ်ခံရရင် ကောင်းသား"
ကျန်းကွမ်ကျုံးသည် တည်းခိုခန်းက ဤအိမ်ထက် ပိုသက်တောင့်သက်သာရှိသည်ဟု တွေးမိရင်း ရေရွတ်လိုက်မိ၏။
ထိုသို့တွေးမိပြီးနောက် သူ့မျက်နှာထားက တင်းမာသွားပြီး ပြောလိုက်သည်။
"ငါ စာမေးပွဲအောင်လို့ကတော့ အဲ့ဒီတည်းခိုခန်းကလူတွေကို ကောင်းကောင်း ပညာပေးရမယ်"
အိပ်မပျော်သည့်အဆုံး သူက ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး စာအုပ်ယူကာ ဖတ်လေတော့၏။
တိုက်ဆိုင်စွာပင် ခုနက အိပ်မပျော်သောသူသည် စာအုပ်ကို ကိုင်လိုက်သည်နှင့် ရုတ်တရက် အိပ်ငိုက်လာလေသည်။
ကျန်းကွမ်ကျုံးသည် မူလက စာကောင်းကောင်းဖတ်မည်ဟု ကြံရွယ်ထားသော်လည်း အိပ်ငိုက်လာသဖြင့် ကုတင်ပေါ်တွင် ပြန်လှဲချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်စွာပင် ဆင်ခြေပေးလိုက်သည်။
"ဒီနေ့ အိမ်ပြောင်းရတာ ပင်ပန်းလွန်းလို့ပါလေ... အိပ်ရာနိုးမှပဲ သေချာ ပြန်ဖတ်တော့မယ်"
ရှောင်စိုင်သည် ခြင်းတောင်းအလွတ်ကို ကိုင်ကာ အိမ်ပြင်သို့ ထွက်လာခဲ့၏။ ဂိတ်တံခါးဝတွင် အမျိုးသမီးတစ်သိုက် စုဝေးကာ လမ်းလျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အလယ်တွင် နျိုနျိုနှင့်အတူ ပါလာသော ကျန်းယွင်နန်ကို သူမ မြင်လိုက်ရသည်။
ရှောင်စိုင်သည် ဤနေရာသို့ အသစ်ရောက်လာသူဖြစ်၍ ပတ်ဝန်းကျင်ကို ကောင်းကောင်း မသိသေးပေ။ ဟင်းသီးဟင်းရွက်နှင့် အသား ဘယ်မှာဝယ်ရမှန်း မသိဖြစ်နေရှာ၏။
ထို့ကြောင့် သူမသည် အစ်မဖြစ်သူ၏ ပညာပေးခြင်း ခံထားရသည့် နာကျင်စရာ အတိတ်များကို ချက်ချင်း မေ့လျော့သွားပြီး မျက်နှာပြောင်တိုက်ကာ လျှောက်သွားလေသည်။
"အစ်မ... ဈေးသွားဝယ်မလို့လား... ညီမလည်း လိုက်ခဲ့မယ်လေ"
ချီကတော်သည် ရှောင်စိုင်၏ အိမ်ဘေးတွင် နေသူဖြစ်၏။ သူမက ထိုညီအစ်မနှစ်ယောက်ကြားမှ အဖုအထစ်များကို မသိသဖြင့် ပြုံးကာ ပြောလိုက်သည်။
"ဒါ အသစ်ပြောင်းလာတဲ့ တစ်ယောက်မလား... တိုက်တိုက်ဆိုင်ဆိုင် ညီမနဲ့ ယွင်နန်က ဆွေမျိုးတွေ ဖြစ်နေတာပဲ"
ရှောင်စိုင်ကလည်း မျက်နှာတွင် အပြုံးတစ်ခု တပ်ဆင်လိုက်ပြီး ရင်းနှီးသည့်ပုံစံဖြင့် အားလုံးကို ပြောလိုက်သည်။
"ဖူချိန်မြို့မှာ အစ်မနဲ့ လာဆုံရတာ ရှားရှားပါးပါးပဲ... တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်လို့ ရတာပေါ့"
ရှောင်စိုင်သည် ဟင်းသီးဟင်းရွက်နှင့် အသားဝယ်သည့်အခါ ကျန်းယွင်နန်ထံမှ အမြတ်ထုတ်နိုင်မလားဟု စိတ်ကူးယဉ်နေမိသည်။ လူအများကြီးရှေ့တွင် အစ်မဖြစ်သူက တွက်ကပ်နေမည် မဟုတ်ဟု တွေးထားပုံရ၏။
နျိုနျိုသည် ရှောင်စိုင် အနားကပ်လာသည်နှင့် ကြောက်လန့်တကြား မျက်နှာလွှဲကာ ကျန်းယွင်နန်၏ ပခုံးပေါ်တွင် မျက်နှာအပ်ထားပြီး တစ်ကိုယ်လုံး တုန်ယင်နေရှာသည်။ ကျန်းမိသားစုတွင် နေခဲ့စဉ်က မွေးစားအမေဟောင်း ရှောင်စိုင်၏ နှိပ်စက်မှုကို ခံခဲ့ရဖူးသဖြင့် နျိုနျိုမှာ ရှောင်စိုင်ကို မြင်သည်နှင့် ကြောက်လန့်နေခြင်း ဖြစ်ပေသည်။
ဒါကိုမြင်တော့ ကျန်းယွင်နန် စိတ်မကောင်း ဖြစ်သွားရ၏။
မူလက ကျန်းယွင်နန်သည် မိသားစု အရှက်ကွဲမည့်ကိစ္စကို ထုတ်မပြောချင်သလို ရှောင်စိုင်ကိုလည်း ဂရုမစိုက်ချင်ပေ။ သို့သော် ရှောင်စိုင်က ပိုပိုပြီး ကပ်လာသည်ကို မြင်သောအခါ သည်းမခံနိုင်တော့ဘဲ ပြောလိုက်လေသည်။
"နင့်ယောက်ျားက ပြောပြီးသားလေ... သူ့မှာ ငါ့လိုအစ်မ မရှိဘူးဆို"
အခြားအမျိုးသမီးများ ထိုစကားကို ကြားသောအခါ မျက်လုံးပြူးကာ တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။ ဤကဲ့သို့သော အဖြစ်အပျက်မျိုး ရှိလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
ကျန်းယွင်နန်က ဤမျှ ပြတ်ပြတ်သားသား ပြောလိမ့်မည်ဟု ရှောင်စိုင် မထင်ထားခဲ့ချေ။
"အစ်မရယ်... ဘာတွေ ပြောနေတာလဲ... သွေးက ရေထက် ပျစ်တယ်လေ... ကျွန်မယောက်ျားက အစ်မရဲ့ မောင်အရင်းပါ... ဒေါသထွက်ပြီး ပြောလိုက်တဲ့ စကားနှစ်ခွန်းလောက်ကို အစ်မက အခုထိ မှတ်ထားတုန်းလား"
ကျန်းယွင်နန်သည် ခင်ပွန်းနှင့် သားသမီးများအပေါ်တွင် နူးညံ့သိမ်မွေ့သော်လည်း သူမ မနှစ်သက်သော ပြင်ပလူများကိုမူ ဘယ်တော့မှ မျက်နှာသာ မပေးတတ်ပေ။ မူလက ရှောင်စိုင်ကို မျက်နှာမပျက်စေချင်သော်လည်း ဤမိန်းမက အနေအထိုင် မတတ်သဖြင့် ကျန်းယွင်နန်၏ မျက်လုံးများက ရှောင်စိုင်၏ မျက်နှာတစ်ဖက်ခြမ်းသို့ ရောက်သွားပြီး ပြောလိုက်လေသည်။
"ငါက သဘောထား သေးသိမ်တယ်... စကားတစ်ခွန်းဆို နှစ်နဲ့ချီပြီး မှတ်ထားတတ်တယ်... ပါးရိုက်ခံရတာတောင် မေ့ပျောက်နိုင်တဲ့ နင့်လိုလူမျိုး မဟုတ်ဘူး"