လှည့်ဖြားခြင်း
Vol. 5 Ch. 43
လူများသည် ပွဲကြည့်ရသည်ကို နှစ်သက်ကြ၏။ အထူးသဖြင့် အိမ်ထောင်ရှင်အမျိုးသမီးများ စုဝေးမိကြသည့်အခါတွင် ပို၍ပင် ဖြစ်လေသည်။
ရှောင်စိုင်သည် လူတိုင်း၏ ပွင့်လင်းလွန်းသော အကြည့်များကို ခံစားနေရပြီး အရိုက်ခံထားရသည့် မျက်နှာတစ်ဖက်ခြမ်းမှာ ပြန်လည်စူးရှနာကျင်လာသကဲ့သို့ ခံစားလိုက်ရ၏။ သူမ ရှက်လွန်းသဖြင့် မြေကြီးထဲသို့သာ တိုးဝင်သွားချင်စိတ် ပေါက်နေမိချေသည်။
"ဒါ အိမ်ကယောက်ျား လက်ချက်ပဲ ဖြစ်ရမယ်... အရင်က သူ့မျက်နှာပေါ်မှာ လက်ဝါးရာ မတွေ့ဖူးပါဘူး..."
တစ်စုံတစ်ယောက်က တီးတိုးပြောလိုက်သည်။
ကျန်းယွင်နန်သည် ရှောင်စိုင်ကို အရင်ကတည်းက မနှစ်သက်ခဲ့ပေ။ အချို့အမျိုးသမီးများသည် အနိုင်ကျင့်ခံရလျှင် ပြန်လည်တိုက်ခိုက်တတ်ကြသော်လည်း အချို့အမျိုးသမီးများကမူ မိုးရွာထဲတွင် ကိုယ်တိုင်မိုးမိနေသည့်တိုင် သူတစ်ပါး၏ ထီးကိုပါ ဆွဲဖြဲပစ်တတ်ကြသည်။
ရှောင်စိုင်သည် နျိုနျို၏ မွေးစားမိခင် ဖြစ်ခဲ့ဖူးသော်လည်း ကလေးကို ဘယ်တော့မှ ကာကွယ်မပေးခဲ့ဘဲ သူမအတွက် ဒုက္ခခံပေးမည့် ပစ္စည်းတစ်ခုအဖြစ်သာ အသုံးချခဲ့သူ ဖြစ်လေသည်။
သို့သော် ကျန်းယွင်နန်သည် စိတ်ထားနူးညံ့သူ ဖြစ်၏။ ရှောင်စိုင်ကို လူအများ၏ ဝိုင်းဝန်းစစ်ဆေးမေးမြန်းခြင်း မခံရစေလိုသဖြင့် ကလေးကို ပွေ့ချီကာ ရှေ့မှ ဦးဆောင်ထွက်သွားရင်း ပြောလိုက်သည်။
"မြန်မြန်သွားကြစို့... နောက်ကျနေရင် ဟင်းစားကောင်းတာလေးတွေ သူများရွေးသွားမှာ စိုးရိမ်ရတယ်"
ကျန်သူများသည်လည်း ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူမနောက်သို့ လိုက်ပါသွားကြလေသည်။
ရှောင်စိုင်သည် ဟင်းသီးဟင်းရွက်ခြင်းတောင်းကို ညာလက်ဖြင့်ကိုင်ကာ တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ အတော်ကြာမှ စိတ်ငြိမ်သွားပြီး လူအုပ်ကြီး ထွက်ခွာသွားရာ လမ်းအတိုင်း လိုက်ပါသွားတော့သည်။
ကျန်းကွမ်ကျုံးက အိပ်ရာနိုးရင် ဟင်းရည်သောက်ချင်မှာ…။
သူမ ဘယ်လောက်ပဲ ဝမ်းနည်းပက်လက်ဖြစ်နေပါစေ မျိုသိပ်ထားရုံသာ ရှိတော့သည်။
ရှောင်စိုင်ကို မမြင်ရတော့သည့်အခါ နျိုနျိုသည် ယခင်ကလို သွက်လက်တက်ကြွသော ပုံစံပြန်ဖြစ်သွားလေသည်။ သူမသည် မျက်လုံးဝိုင်းကြီးများဖြင့် လမ်းဘေးဝဲယာကို လိုက်လံကြည့်ရှုနေ၏။ ဖူချိန်မြို့၏ ရှုခင်းများက တောရွာနှင့် မတူသဖြင့် နျိုနျိုမှာ အကြိမ်ကြိမ် မြင်ဖူးသော်လည်း ဆန်းသစ်နေဆဲပင်။
ကျန်းယွင်နန်သည်လည်း သမီးဖြစ်သူကို အလိုလိုက်ကာ ပန်းပွင့်ပုံ မုန့်များရောင်းသည့် ဆိုင်တစ်ဆိုင်ကို တွေ့သောအခါ နျိုနျို စိုက်ကြည့်နေသည်ကို မြင်သဖြင့် တစ်ထုပ် ဝယ်ပေးလိုက်လေသည်။
ချီကတော်မှာ မနေနိုင်ဘဲ ဝင်ပြောမိသည်။
"ယွင်နန်ရယ်... ညည်းက သမီးကို တကယ်ချစ်တာပဲ"
အခြားသူများကလည်း ထောက်ခံကြ၏။
တကယ်ချမ်းသာသူများက အိမ်ရှင်အဖွားချန်၏ အိမ်ကို ငှားနေကြမည် မဟုတ်ပေ။ အများစုမှာ တည်းခိုခန်းတွင် တည်းကြသည်၊ သို့မဟုတ် ကိုယ်ပိုင်ခြံဝင်း ဆောက်ကြသည် သို့တည်းမဟုတ် အိမ်ဝယ်နေကြမည်သာ ဖြစ်သည်။
အိမ်ရှင်အဖွားချန်၏ ခြံဝင်းထဲတွင် နေထိုင်သူများမှာ လူတန်းစားပေါင်းစုံ ရောပြွမ်းနေပြီး စာမေးပွဲဖြေဆိုရာ နေရာနှင့် နီးသော်လည်း လူများလွန်းသဖြင့် လေထုမှာ ညစ်ညမ်းနေတတ်၏။
ထိုကဲ့သို့သော သူများသည် သမီးမိန်းကလေးများအတွက် ဤမျှလှပသော မုန့်များကို ဝယ်ကျွေးလေ့ မရှိကြပေ။ အများဆုံး ဝယ်ကျွေးလျှင် နှစ်ပြားတန် သကြားလုံးလောက်သာ ဝယ်ကျွေးတတ်ကြသည်။ ထို့အပြင် တကယ်ကောင်းမွန်သော အရာတစ်ခုခု ရှိလာလျှင်လည်း အိမ်ရှိ သားယောက်ျားလေးများကိုသာ ဦးစားပေးလေ့ ရှိကြပေသည်။
နျိုနျို လက်ထဲတွင် ကိုင်ထားသော မုန့်ထုပ်မှာ ငွေအကြွေ ငါးဆယ်ပြား ပေးရပြီး တစ်ထုပ်မှ မုန့်ရှစ်ခုသာ ပါလေသည်။
ကျန်းယွင်နန်က ပြုံး၍ ပြောလိုက်၏။
"နျိုနျိုက လိမ္မာပြီး ချစ်ဖို့ကောင်းတော့ ဒါမျိုးတွေနဲ့ ထိုက်တန်ပါတယ်"
သာမန်လူအများစုသည် ဤမုန့်တစ်ထုပ်လုံးကို လက်ဆောင်ပေးရန်အတွက်သာ ဝယ်တတ်ကြသော်လည်း ကျန်းယွင်နန်ကမူ မျက်တောင်မခတ်ဘဲ နျိုနျိုအတွက် ဝယ်ပေးခဲ့ခြင်း ဖြစ်သည်။
နျိုနျိုသည် မုန့်တစ်ခုကို ဂရုတစိုက် ကောက်ယူလိုက်သော်လည်း ပါးစပ်ထဲ မထည့်ဘဲ အနံ့ခံကြည့်ကာ ကျန်းယွင်နန်၏ ပါးစပ်နားသို့ တေ့ပေးလိုက်သည်။
"မေမေ... မွှေးလိုက်တာ... မြန်မြန်စားကြည့်"
ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ သိတတ်မှုကို သဘောကျသွားသော်လည်း ငြင်းလိုက်၏။
"မေမေ မဆာပါဘူး... သမီးအရင်စား... မေမေက ဖေဖေနဲ့မှ အတူစားမှာ"
နျိုနျိုသည် ထိုစကားကို ကြားသောအခါ ထပ်မငြင်းတော့ဘဲ လက်ထဲမှ မုန့်ကို တစ်ကိုက်ချင်း စားလေတော့သည်။
မုန့်တစ်ခု ကုန်သွားသောအခါ နျိုနျိုမှာ စားချင်စိတ် ရှိနေသေးသော်လည်း ကျန်ရှိသော မုန့်ထုပ်ကို သေချာပြန်ပိတ်ကာ အိမ်ရောက်လျှင် အစ်ကိုများနှင့် ခွဲဝေစားရန် ကြံစည်ထားလိုက်၏။
"စားကောင်းလား"
ကျန်းယွင်နန်က တိုးတိုးလေး မေးလိုက်သည်။
နျိုနျိုက ခေါင်းကို အားပါးတရညိတ်ကာ ပြန်ဖြေလေသည်။
"ပန်းပွင့်ပုံမုန့်က စားကောင်းပါတယ်... ဒါပေမဲ့ သမီး ဒီထက်ကောင်းတာ စားဖူးတယ်"
ကျန်းယွင်နန်က သိပ်စဉ်းစားမနေဘဲ မေးလိုက်၏။
"ဘာက စားအကောင်းဆုံးလို့ သမီးထင်လို့လဲ"
နျိုနျိုက ကြက်ကင်အကြောင်း ပြောမည်ဟု သူမ ထင်မှတ်ထားမိသည်။ ကလေးက တစ်ခါစားဖူးရုံဖြင့် စွဲလမ်းနေရှာသည် မဟုတ်ပါလား။
နျိုနျိုက ပြန်ဖြေသည်။
"အိပ်မက်ထဲမှာ စားဖူးတာက အစားကောင်းဆုံးပဲ"
မိန်းကလေးငယ်လေးက အိပ်မက်ထဲမှ အစားအစာအကြောင်းကို ခုထိ တွေးနေသေးသည်ဟု ကျန်းယွင်နန် ထင်မထားခဲ့မိချေ။
မကြာမီ ထိုလူစုသည် ဟင်းသီးဟင်းရွက် ရောင်းသော လမ်းသို့ ရောက်ရှိသွားကြ၏။
မြို့ထဲရှိ ဟင်းသီးဟင်းရွက် အများစုကို မြို့ပြင်မှ စိုက်ပျိုးသူများက လာရောက်ရောင်းချကြခြင်း ဖြစ်သည်။
ဤလမ်းတစ်ဝိုက်တွင် လူနေအိမ်ခြေ များပြားသဖြင့် အချိန်ကြာလာသည်နှင့်အမျှ ဟင်းသီးဟင်းရွက်တန်း ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မည်သူကမျှ စီမံခန့်ခွဲခြင်း မရှိသဖြင့် ဤနေရာတွင် လူပေါင်းစုံ ရောနှောနေကာ ဟင်းရွက်ရောင်းသူ၊ ဝယ်သူ၊ ဈေးသည်နှင့် သူတောင်းစားများပါ ရှိကြလေသည်။
ဟင်းရွက်ရွေးနေရင်း ချီကတော်က သက်ပြင်းချကာ ပြောလိုက်သည်။
"ဖူချိန်မြို့မှာ နေတာ ရက်နည်းနည်းပဲ ရှိသေးတယ်... ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ ကုန်လုနီးပါး ဖြစ်နေပြီ... ဒီက ဟင်းသီးဟင်းရွက်တွေက ဈေးကြီးလွန်းတယ်"
အခြားသူများလည်း ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားကြ၏။
"ကျွန်မတို့ ရောက်လာမှ ဈေးတက်သွားတာလား မသိပါဘူး... ဟင်းဝယ်တာနဲ့တင် ပိုက်ဆံအကုန်အကျ များလွန်းလို့ အိမ်ကယောက်ျားက ကျွန်မကို အိမ်မှုကိစ္စ မနိုင်ဘူးဆိုပြီး အပြစ်တင်နေတယ်"
"အိမ်မှာဆိုရင် ဟင်းခူးချင်ရင် စိုက်ခင်းထဲဆင်းလိုက်ရုံပဲ... ဒီလို မလိုအပ်ဘဲ ပိုက်ဆံကုန်စရာ မလိုဘူးလေ"
စာပေပညာရှင်များသည် များသောအားဖြင့် စာရေးကိရိယာများ၊ မင်၊ စက္ကူနှင့် ကျောက်မင်သွေးခွက်များအတွက် ငွေအမြောက်အမြား သုံးစွဲရလေ့ရှိသည်။ စာမေးပွဲဖြေတိုင်း မိသားစု၏ စုဆောင်းငွေများကို ကြီးစွာသော ထိခိုက်မှု ဖြစ်စေတတ်၏။ ထို့ကြောင့် စာသင်သားတစ်ယောက်ကို ထောက်ပံ့ရခြင်းသည် မိသားစုအများစုအတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လေသည်။
အကယ်၍ စာမေးပွဲအောင်မြင်ပြီး ပညာရှိဖြစ်လာပါက အိမ်တွင် မျက်နှာပွင့်နိုင်ပြီး ကုန်ကျစရိတ်များကို ပြန်လည်ရှာဖွေနိုင်မည် ဖြစ်သည်။
သို့သော် စာမေးပွဲ မအောင်မြင်ပါက ငွေများကို ရေထဲပစ်လိုက်သလို ဖြစ်ပေလိမ့်မည်။
စာမေးပွဲတစ်ခု ကျင်းပတိုင်း အောင်မြင်သူ အရေအတွက်က အကန့်အသတ်ရှိ၏။ လူထောင်ပေါင်းများစွာ သစ်တံတားတစ်စင်းတည်းကို ဖြတ်ကူးသကဲ့သို့ ပြိုင်ဆိုင်ရသော ဤပွဲတွင် အနိုင်ရသူ ရှိသလို ရှုံးနိမ့်သူလည်း ရှိစမြဲသာ။
ကျန်းယွင်နန်သည် သူတို့၏ စိတ်ဓာတ်ကျနေသော မျက်နှာများကို ကြည့်ပြီး စကားလမ်းကြောင်း လွှဲလိုက်လေသည်။
"ပြောရရင်တော့... ကျွန်မအိမ်သာ ဖူချိန်မြို့နဲ့ နီးရင် သိပ်ကောင်းမှာပဲ... ဒါဆို နေ့တိုင်း မြို့ထဲလာပြီး ဟင်းသီးဟင်းရွက် လာရောင်းရင် သူဌေးဖြစ်မလားတောင် မပြောတတ်ဘူး"
ချီကတော်က ရယ်မောကာ ပြောလိုက်၏။
"ညည်းကလည်း စိတ်ကူးယဉ် ကောင်းလိုက်တာ... ကျွန်မကတော့ ဖူချိန်မြို့မှာ အိမ်တစ်လုံးလောက် ပိုင်ချင်သေးတာ"
အမျိုးသမီးများသည် တစုတဝေးတည်း မနေကြတော့ဘဲ မိမိတို့ လိုချင်သော ဟင်းရွက်များကို အသီးသီး လိုက်လံ ရွေးချယ်ကြလေသည်။
ကျန်းယွင်နန်၏ မိသားစုမှာ လူများသဖြင့် နှစ်ရက် သုံးရက်စာ ကြိုဝယ်ရပြီး မကြာမီ ခြင်းတောင်းပြည့်သွားတော့သည်။
နျိုနျိုသည် မိခင်ဖြစ်သူ ခြင်းတောင်းကို မနိုင်မနင်း သယ်နေရသည်ကို မြင်သောအခါ အောက်သို့ဆင်းရန် ရုန်းကန်ပြီး သူမဘာသာ လမ်းလျှောက်မည်ဟု ပြောလေသည်။
ရှောင်စိုင်သည် ခြေတစ်လှမ်း နောက်ကျနေသော်လည်း အမျိုးသမီးများ၏ ကျောပြင်ကို လှမ်းမြင်နေရသေးသဖြင့် လမ်းထဲသို့ ဝင်ရန် အချိန်သိပ်မကြာလိုက်ပေ။
သူမ ဟင်းမဝယ်နိုင်ခင်မှာပင် သူတောင်းစားအိုကြီးတစ်ယောက်က သူမလမ်းကို ပိတ်ရပ်လိုက်ပြီး ပြောလေသည်။
"ကျုပ်ဆီမှာ မိသားစု လျှို့ဝှက်ချက်ပြုတ်နည်း တစ်ခုရှိတယ်... ငွေသုံးတုံး ပေးမယ်ဆိုရင် ရောင်းပေးမယ်..."
ရှောင်စိုင်က သူ့ကို လူလိမ်ဟု ထင်သဖြင့် ချက်ချင်း မောင်းထုတ်လိုက်၏။
"သွားစမ်း... ထွက်သွား"
သူတောင်းစားအိုကြီးက ဆက်လက်ကာကွယ် ပြောဆိုနေသည်။
"ကတော်လေး…ကျုပ်ကို ယုံပါ... ကျုပ်က တကယ် လူလိမ်မဟုတ်ပါဘူး... ကျုပ်ရဲ့ လျှို့ဝှက်ချက်ပြုတ်နည်းကလည်း အစစ်ပါ..."
ရှောင်စိုင်က ဆဲဆိုရန် ပြင်လိုက်စဉ် မလှမ်းမကမ်းရှိ ဈေးဆိုင်တန်းတွင် ရင်းနှီးသော ကျောပြင်ကို ရုတ်တရက် မြင်လိုက်ရသည်။ သူမ အကြံတစ်ခု ရသွားပြီး သူတောင်းစားအိုကြီးကို ပြောလိုက်၏။
"ဒီမယ် အဖိုးကြီး... ရှင်ရဲ့ လျှို့ဝှက်ချက်ပြုတ်နည်းကို ကျုပ်က မဝယ်ချင်တာ မဟုတ်ဘူး... ပိုက်ဆံမရှိလို့... ဟိုနားမှာ ကလေးနဲ့ အမျိုးသမီးကို တွေ့တယ်မလား... သူ့မှာ ပိုက်ဆံရှိတယ်... သူ့ဆီသွားရောင်းချေ"
သူတောင်းစားအိုကြီးသည် ထိုစကားကို ကြားသောအခါ ချက်ချင်းမသွားဘဲ ရှောင်စိုင်ရှေ့တွင် ရပ်ကာ လက်ထဲမှ ပန်းကန်ကွဲလေးကို တိတ်တဆိတ် ထိုးပေးလိုက်လေသည်။
ရှောင်စိုင် နားမလည်နိုင် ဖြစ်သွား၏။
"လမ်းညွှန်ပေးလိုက်ပြီလေ... ဘာလို့ ငါ့ကို လာကပ်နေသေးတာလဲ"
သူတောင်းစားအိုကြီးက လူလည်လုပ်ကာ ပြောလိုက်သည်။
"ခင်ဗျားနဲ့ ဟိုကလေးအမေနဲ့က မတည့်ဘူးမလား... သူ့ကို သွားလိမ်ခိုင်းချင်တာတောင် ကျုပ်အတွက် ဘာမှမပေးဘူးလား"
ထိုစကားကို ကြားသောအခါ ရှောင်စိုင် ဒေါသထွက်ကာ ခုန်ဆွခုန်ဆွ ဖြစ်သွားတော့သည်။
"တွေ့လား... ရှင်ကိုယ်တိုင် ဝန်ခံလိုက်ပြီ... ဘာလျှို့ဝှက်ချက်ပြုတ်နည်းမှ မရှိဘူး... ရှင်က ကျုပ်ကို လာလိမ်နေတာပဲ"
သူတောင်းစားအိုကြီးက "ဟီးဟီး" ဟု ရယ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်လေသည်။
"ဟေ့... ကလေးတို့"
စကားသံဆုံးသည်နှင့် ညစ်ပတ်နေသော သူတောင်းစား ငါးယောက် ခြောက်ယောက်ခန့် ဘယ်နားက ထွက်လာမှန်းမသိဘဲ ရှောင်စိုင်ကို ဝိုင်းထားလိုက်ကြသည်။
သူတောင်းစားအိုကြီးက သူမကို ပညာပေးစကား ပြောလိုက်၏။
"ခင်ဗျားသာ သူများကို ဒုက္ခပေးချင်တဲ့စိတ် မရှိရင် ကျုပ်လည်း ခင်ဗျားကို ကပ်မှာမဟုတ်ဘူး"
ရှောင်စိုင်မှာ စိတ်ထဲတွင် အော်ဟစ်လိုက်မိသည်။ ဒီသူတောင်းစားအိုကြီးက စကားလုံးလှလှတွေ သုံးနေသော်လည်း တကယ်တမ်းကျတော့ သူမကို သားကောင်အဖြစ် သတ်မှတ်နေခြင်းသာ။ သို့သော် သူမက တစ်ယောက်တည်း ဖြစ်နေပြီး အမျိုးသမီးလည်း ဖြစ်နေသဖြင့် ဒီအတိုင်း ငြိမ်ခံလိုက်ရုံသာ ရှိတော့၏။
ငွေအကြွေ ၂၀ အပြည့် ပေးလိုက်ရပြီးနောက် သူတောင်းစားအိုကြီးက လက်ဝှေ့ယမ်းပြလိုက်ရာ အခြားသူတောင်းစားများလည်း ဒီရေကျသကဲ့သို့ ပြန်ဆုတ်ခွာသွားကြလေသည်။
"စိတ်မပူနဲ့... သူတောင်းစားအိုကြီးက ကတိတည်တယ်"
သူတောင်းစားအိုကြီးက ထိုစကားကို ပြောပြီးနောက် ပန်းကန်ကွဲကို ကိုင်ကာ လူအုပ်ထဲသို့ တိုးဝင်သွားပြီး ကျန်းယွင်နန်နှင့် သမီးဖြစ်သူကို တားလိုက်လေသည်။ သူက ပြုံးလျက် ပြောလိုက်၏။
"ဒီကအစ်မလေး ကြည့်ရတာ စိတ်သဘောထား ပြည့်ဝမယ့်ပုံပါပဲ... ကျုပ်ဆီမှာ မိသားစု လျှို့ဝှက်ချက်ပြုတ်နည်း ရှိတယ်... ငွေသုံးတုံးပဲ ကျသင့်မှာပါ..."