လျှို့ဝှက်ချက်ပြုတ်နည်း ရရှိခြင်း
Vol. 5 Ch. 45
ကျန်းယွင်နန်သည် လက်တစ်ဖက်တွင် ဟင်းသီးဟင်းရွက်ခြင်းတောင်း၊ အခြားတစ်ဖက်တွင် အသားနှစ်တုံးကို ကိုင်ထားလေသည်။ သူမက နျိုနျိုကို ကုန်းပိုးချင်သော်လည်း နျိုနျိုက သူမ ပင်ပန်းမည်စိုး၍ ကုန်းပိုးမခံပေ။
နောက်ဆုံးတွင် နျိုနျိုသည် မိခင်ဖြစ်သူ၏ အင်္ကျီစကို ဆွဲကိုင်လျက် အိမ်သို့ ရောက်လာခဲ့သည်။
ကျန်းယွင်နန်သည် မူလက ကလေးမလေး လမ်းတွင် အဆန်းအပြားများ တွေ့ပြီး လျှောက်ကြည့်နေမည်ကို စိုးရိမ်ခဲ့သည်။ သို့သော် နျိုနျိုက အလွန်လိမ္မာစွာဖြင့် သူမ၏ အင်္ကျီစကို ကိုင်ထားဆိုလျှင် ကိုင်ထားပြီး လုံးဝ လွှတ်မသွားသည်ကို တွေ့ရသဖြင့် အံ့သြခဲ့ရလေသည်။
အိမ်ပြန်ရောက်ပြီး အခန်းထဲ ဝင်သည်အထိ နျိုနျိုက အင်္ကျီစကို ဆွဲထားဆဲပင်...။
"ရပါတယ်... လက်လွှတ်ပြီး သွားကစားလို့ရပြီ"
ကျန်းယွင်နန်က နူးညံ့စွာ ပြောလိုက်၏။
ကုကျောက်သည် သူမကို မနက်ကတည်းက မတွေ့ရသဖြင့် စိတ်အားထက်သန်စွာ ပြောလေသည်။
"နျိုနျို... ကိုကိုလတ် နေရာကောင်းတစ်ခု တွေ့ထားတယ်... ပျော်ဖို့ကောင်းတယ်... ကိုကိုနဲ့ မြန်မြန်လိုက်ခဲ့"
နျိုနျို၏ မျက်နှာတွင် စိတ်ဝင်စားသွားသည့် အရိပ်အယောင် ပေါ်လာသော်လည်း ခေါင်းခါပြလိုက်ပြီး ပြောလိုက်၏။
"ကိုကိုကြီး အရင်သွားကစားနှင့်... ညီမလေး ခဏနေ လိုက်ခဲ့မယ်"
"ဘာဖြစ်လို့လဲ"
သူငယ်ချင်းဖြစ်သူက ရုတ်တရက် အတူမကစားချင်တော့သဖြင့် ကုကျောက် နားမလည်နိုင် ဖြစ်သွားရသည်။
"ညီမလေး ဖေဖေ့ကို မေးစရာရှိလို့ပါ"
နျိုနျိုက အလေးအနက် ပြောလိုက်၏။
ကုကျောက်က သဘောမတူပေ။
"ဘာများ မေးစရာရှိလို့လဲ"
နျိုနျိုသည် စောစောက အလုံးလိုက် လုံးချေထားသော အဝါရောင် စာရွက်ဟောင်းလေးကို ထုတ်ပြလိုက်သည်။
ကုကျောက်သည် စာရွက်ကို မြင်သည်နှင့် ချက်ချင်း အံ့ဩသွားလေသည်။
"ညီမလေးက ဘယ်လောက်ရှိသေးလို့လဲ... ဘာကိစ္စ ဖေဖေ့ကို မေးချင်ရတာလဲ... ဘာလို့ ကိုကိုကြီးလို စာဂျပိုး ပုံစံဖမ်းနေရတာလဲ"
သူ့စကားဆုံးသည်နှင့် ရင်းနှီးနေသော အသံတစ်ခု သူ့နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။
"ညီလေး... မင်းက ဘယ်သူ့ကို စာဂျပိုးလို့ ပြောနေတာလဲ"
ကုကျောက် လန့်ဖျပ်သွားပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားလေသည်။
"ကို.. ကိုကိုကြီး... ဘာလို့ အသံမပေးဘဲ လျှောက်လာတာလဲ"
ကုယန်က သူ့ကို ဒေါသတကြီး ကြည့်လိုက်ပြီး ပြောလိုက်၏။
"မင်းကိုယ်တိုင်လည်း တိုးတက်အောင် မလုပ်ဘူး... ညီမလေး တိုးတက်အောင် ကြိုးစားနေတာကိုလည်း တားချင်နေသေးတယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက ဖေဖေ ပေးထားတဲ့ အိမ်စာတွေ ပြီးပြီလား"
ကုကျောက်နှင့် နျိုနျိုသည် ဒီရက်ပိုင်း အိမ်ထဲတွင် ဆော့ကစားနေကြပြီး စာသင်ဖို့ကိစ္စကို မေ့ပျောက်နေကြလေသည်။ ယခု ငရဲမင်းကြီးနှင့်တူသော အစ်ကိုဖြစ်သူက ထိုအကြောင်းကို မေးလာသောအခါ ကုကျောက်၏ မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
ကုကျောက်ကို ကုယန်က ဆွဲခေါ်သွားလေသည်။
ကုမင်တာ့သည် ကလေးများ ပြောဆိုနေကြသည်ကို ကြားပြီးဖြစ်၍ နျိုနျို့ဘက်လှည့်ကာ ပြုံးလျက် မေးလိုက်၏။
"သမီးက ဖေဖေ့ကို ဘာများ ကြည့်ခိုင်းချင်လို့လဲ"
နျိုနျိုသည် စာရွက်လေးကို ရတနာတစ်ခုသဖွယ် ကိုင်ဆောင်လျက် ကုမင်တာ့ထံသို့ တကောက်ကောက် ပြေးသွားလေသည်။
စာရွက်မှာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်ကြောင်း သိသာပြီး အကြိမ်ကြိမ် ခေါက်လိုက် ဖြန့်လိုက် လုပ်ထားပုံရကာ ဟောင်းနွမ်းနေပြီ ဖြစ်သည်။
ကုမင်တာ့က ပေါ့ပေါ့တန်တန်ပင် ကြည့်လိုက်၏။ ပထမဆုံးအကြိမ် ကြည့်လိုက်ချိန်တွင် သူနားမလည်သော အဓိပ္ပာယ်မရှိသည့် စာများသာ ဖြစ်သည်ဟု ထင်လိုက်မိသည်။
"ဖေဖေ... အဲ့ဒီပေါ်မှာ ဘာတွေရေးထားတာလဲ... သမီးကို ရောင်းတဲ့အဖိုးကြီးက ပြောတယ်... ဒါက စားသောက်ကုန် လျှို့ဝှက်ချက်ပြုတ်နည်းတဲ့... ရွှေတစ်သောင်းတန်တယ်တဲ့"
နျိုနျိုက မျက်လုံးဝိုင်းကြီးများဖြင့် အပြစ်ကင်းစင်စွာ ပြောလိုက်သည်။
ကုမင်တာ့က မေးလိုက်၏။
"သမီး မကြည့်ရသေးဘူးလား"
နျိုနျို ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ကြည့်တော့ ကြည့်တယ်... ဒါပေမဲ့ စာတွေ အများကြီး မဖတ်တတ်ဘူး"
ကုမင်တာ့သည် ကလေးမလေးကို ကြမ်းပြင်ပေါ်မှ ပွေ့ချီလိုက်လေသည်။
နျိုနျိုသည် ဖခင်ဖြစ်သူ၏ ပေါင်ပေါ်တွင် ထိုင်ပြီး ဖခင်ဖြစ်သူက တစ်လုံးချင်း သင်ပေးသည်ကို လိုက်ကြည့်နေ၏။
"ဒီစာလုံးက 'ပစ္စည်း' ဆိုတဲ့ စာလုံး... ဒီစာလုံးက 'သတ်' ဆိုတဲ့ စာလုံး..."
ကုမင်တာ့က သင်ပေးနေရင်း ရုတ်တရက် အသံတိတ်သွားသည်။
နျိုနျိုက မသိရှာသဖြင့် ဆက်မေးနေ၏။
"ဖေဖေ... ဘာလို့ ဆက်မသင်ပေးတော့တာလဲ... ဒီစာလုံးက ဘယ်လိုအသံထွက်လဲ"
"ဒီစာလုံးက 'တွန့်' ဆိုတဲ့ စာလုံး"
ကုမင်တာ့သည် သမီးဖြစ်သူကို ဖြေပြီးသည်နှင့် ကျန်းယွင်နန်ကို အမြန်လှမ်းခေါ်လိုက်လေသည်။
ကျန်းယွင်နန် နားမလည်နိုင် ဖြစ်သွား၏။
ကုမင်တာ့သည် ဇနီးဖြစ်သူအား ဒီစာရွက်ကို ဘယ်လိုရလာသလဲ ဆိုတာ အသေအချာ မေးမြန်းလိုက်သည်။
ကျန်းယွင်နန်က အကြောင်းစုံ ပြောပြပြီးနောက် မကျေမနပ် ညည်းတွားလိုက်လေသည်။
"ဒီသူတောင်းစားအိုကြီးက တော်တော်ဆိုးတာပဲ... ဘယ်နားက စက္ကူစုတ် ကောက်လာမှန်းမသိဘဲ ကလေးကိုတောင် လိမ်ရက်တယ်"
ကုမင်တာ့က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး ပြောလိုက်၏။
"သူလိမ်တာ မဟုတ်ဘူး"
ကျန်းယွင်နန်သည် စာမတတ်သော်လည်း ကုမင်တာ့နှင့် လက်ထပ်ပြီးနောက် ခင်ပွန်းသည်ထံမှ စာအတော်များများ သင်ယူမှတ်သားထားသူ ဖြစ်သည်။ ထိုစကားကို ကြားသောအခါ သူမက စာရွက်ကို ပြန်ယူကြည့်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်မ ကြည့်ပြီးပါပြီ... စာတွေအများကြီး ရေးထားပေမဲ့ အဓိပ္ပာယ်မရှိတဲ့ စာတွေပါ... ကာရန်မဲ့ ကဗျာတွေလိုလို ဂဏန်းတွေလိုလိုနဲ့... ဒါက တကယ်ပဲ လျှို့ဝှက်ချက်ပြုတ်နည်း ဟုတ်လို့လား"
ကုမင်တာ့က ရှင်းပြလိုက်၏။
"ဒီစာရွက်က ကာရန်ဝှက်စာနည်းကို သုံးထားတာ... ဒီထဲမှာ တကယ်ပဲ ချက်ပြုတ်နည်းတစ်ခု ဝှက်ထားတယ်"
ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် အံ့သြသွားပြီး ဘေးနားတွင် ကြောင်တောင်တောင်လေး ဖြစ်နေသော နျိုနျိုကို မကြည့်ဘဲ မနေနိုင်တော့ပေ။
"ဒါက နှပ်ဟင်းရည်ချက်နည်းပဲ"
ကုမင်တာ့သည် စာရွက်ဖြူတစ်ရွက်ကို ဖြန့်လိုက်ပြီး မူရင်းစာရွက်နှင့် တိုက်ပြီး စစ်ဆေးကာ လျှို့ဝှက်ချက်ပြုတ်နည်း၏ မူလပုံစံကို စာရွက်ဖြူပေါ်တွင် ပြန်လည်ရေးသားလိုက်လေသည်။
ပါဝင်ပစ္စည်းများနှင့် ဆေးဖက်ဝင်ပစ္စည်း အမယ်အမျိုးမျိုးကို ကြည့်ပြီးနောက် ကျန်းယွင်နန်သည် သူမတို့မိသားစု ကံကောင်းပြန်ပြီဟု ယုံကြည်လိုက်ရတော့သည်။ သူမတို့ တကယ်ပဲ နှပ်ဟင်းရည် လျှို့ဝှက်ချက်ပြုတ်နည်းကို ရရှိခဲ့ပြီ ဖြစ်သည်။
"ဒီလို ခက်ခဲတဲ့နည်းလမ်းနဲ့ မှတ်တမ်းတင်ထားရတယ်ဆိုတော့ ဒီနည်းလမ်းက တကယ် ထူးခြားကောင်းမွန်မှာ သေချာတယ်... ကံဆိုးတာက နောက်လူတွေက မသိကြတော့ လက်ဆင့်ကမ်းလာရင်းနဲ့ သူတောင်းစားအိုကြီး လက်ထဲရောက်ပြီး စက္ကူစုတ် ဖြစ်သွားရတာပဲ"
ကုမင်တာ့က စိတ်မကောင်းစွာ ပြောလိုက်၏။
ကျန်းယွင်နန်က ပြောလိုက်သည်။
"ရှင်ပြောတဲ့ ဝှက်စာနည်းဆိုတာ ကျွန်မ တစ်ခါမှ မကြားဖူးဘူး... တော်တော်များများလည်း နားလည်ကြမှာ မဟုတ်ဘူး... ဒီလောက်ကောင်းတဲ့ ဟင်းချက်နည်းကို အလကားဖြစ်ကုန်တော့မှာပဲ"
ကုမင်တာ့က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"ကာရန်ဝှက်စာနည်းကို သိတဲ့လူ တကယ် မများပါဘူး... ကိုယ်လည်း ဟိုတလောက စာအုပ်တစ်အုပ် ဖတ်ရင်းနဲ့မှ ရှေးခေတ်ကလူတွေ လျှို့ဝှက်သတင်းပေးပို့ရင် ဒီနည်းလမ်းကို သုံးကြတယ်ဆိုတာ သိခဲ့ရတာ"
ကုမင်တာ့သည် ပြောပြီးသည်နှင့် ဇနီးဖြစ်သူအား ကာရန်ဝှက်စာနည်းဆိုတာ ဘာလဲဆိုတာကို သေချာ ရှင်းပြလေသည်။ ကျန်းယွင်နန်သည် နားလည်သလိုလို ရှိသော်လည်း အလေးအနက် နားထောင်နေပြီး နျိုနျိုကလည်း မျက်တောင်မခတ်တမ်း လိုက်ကြည့်နေ၏။
"ယောက်ျားရေ... နေ့လယ်ကျရင် ကျွန်မ အပြင်ထွက်ပြီး ဒီထဲက ပစ္စည်းတွေ အကုန် ဝယ်လာခဲ့မယ်... ကျွန်မတို့လည်း တစ်အိုးလောက် နှပ်ကြည့်ပြီး ဘယ်လောက်တောင် စားကောင်းလဲဆိုတာ မြည်းကြည့်ရအောင်... ဒီလောက် ခက်ခက်ခဲခဲ မှတ်တမ်းတင်ထားရတယ်ဆိုတော့ လက်ဆင့်ကမ်းရကျိုး နပ်မှာပါ"
ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်သည်။
ကုမင်တာ့သည် သတိကြီးသူပီပီ ပြောလိုက်၏။
"မင်း တစ်ခါတည်း အကုန်ဝယ်လိုက်ရင် လူတွေ သတိထားမိသွားမှာ စိုးရတယ်... ခွဲဝယ်ရင် ကောင်းမယ်... မင်းလို မိန်းမသားတစ်ယောက်တည်း အပြင်ထွက်တာ စိတ်မချရဘူး... ကိုယ့်ရဲ့ စာမေးပွဲပြီးမှပဲ အတူတူ သွားဝယ်ကြတာပေါ့"
ကျန်းယွင်နန်သည် ချက်ပြုတ်နည်းအတိုင်း ချက်ချင်း လက်တွေ့လုပ်ရန် ဇွတ်မတောင်းဆိုတော့ပေ။ ယခုအချိန်တွင် ဤအိမ်၌ လူအများအပြား နေထိုင်ကြသဖြင့် ချက်ပြုတ်နည်းကို သူများ ခိုးယူသွားပါက နောင်တရစရာ ဖြစ်ပေလိမ့်မည်။
နောက်ဖေးခြံဝင်းမှ ကျန်းကွမ်ကျုံးနှင့် ဇနီးသည်တို့ ပြဿနာ စတက်ပြန်လေပြီ။
ကျန်းကွမ်ကျုံးသည် စားပွဲပေါ်ရှိ ဟင်းရည်တစ်ခွက်နှင့် ထမင်းဖြူတစ်ပန်းကန်ကို ကြည့်ကာ ရုတ်တရက် မျက်နှာပျက်သွားပြီး ပြောလိုက်၏။
"မင်းက ကြိတ်ဆုံကျောက်ကြီးလား... တွန်းမှ ရွေ့တတ်တာလား... ဟင်းရည်လို့ ပြောလိုက်တာနဲ့ ဟင်းရည်ပဲ ပြင်ပေးတတ်တာလား... ဟင်းရွက်စိမ်းလေး ဘာလေးတောင် ဝယ်မကျွေးတတ်ဘူးလား"
ကျန်းကွမ်ကျုံးသည် အစားအသောက် ဂျီးများသူ ဖြစ်သည်။ အသားကြိုက်သော်လည်း အသားချည်းပဲ စားရလျှင် အီသည်ဟု ခံစားရတတ်သူပင်။
ရှောင်စိုင်သည် ကြောက်လန့်တကြား လည်ပင်းကျုံ့လိုက်ပြီး ပြောလိုက်သည်။
"ပိုက်... ပိုက်ဆံမရှိတော့လို့ ဟင်းမဝယ်နိုင်တော့တာ..."
ကျန်းကွမ်ကျုံး၏ မကျေနပ်မှုမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။
"ငါ ပိုက်ဆံအများကြီး ပေးထားတာ... ဘာလို့ ဒီလောက် မြန်မြန်ကုန်သွားရတာလဲ... မင်းလို ဖြုန်းတီးတတ်တဲ့ မိန်းမက ဘယ်လိုလုပ် ငါ့အိမ်သူ ဖြစ်လာရတာလဲ"
ရှောင်စိုင်မှာ ဒီနေ့ဖြစ်ပျက်ခဲ့သည်များကို ရှင်းပြရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
သူမ မရှင်းပြလျှင် တော်သေးသည်။ ရှင်းပြလိုက်သောအခါ ကျန်းကွမ်ကျုံးမှာ ဒေါသထွက်လွန်းသဖြင့် စားပွဲကို ရိုက်ချလိုက်လေသည်။
"အသုံးမကျတဲ့ကောင်မ... သူတောင်းစားတောင် လိမ်တာ ခံလိုက်ရတယ်ပေါ့... ငွေအကြွေ ၂၀ ဆိုရင် အသားတစ်ပေါင် ဝယ်လို့ရတယ်... မင်းက အဲ့ဒါကို အလိမ်ခံလိုက်ရတယ်ပေါ့"
ကျန်းကွမ်ကျုံးက အော်ဟစ်လိုက်၏။
ရှောင်စိုင်က အားငယ်စွာ ပြန်ရှင်းပြသည်။
"ယောကျ်ား... ကျွန်မက သူတောင်းစားအိုကြီးကို ကျန်းယွင်နန်ကို သွားလိမ်ခိုင်းလိုက်တာပါ... သူလည်း အလိမ်ခံလိုက်ရမှာ သေချာတယ်..."
ကုတင်ပေါ်တွင် အိပ်မပျော်သောသူ ကျန်းကွမ်ကျုံးသည် ထိုစကားကို ကြားသောအခါ ဒေါသ အနည်းငယ် လျော့သွားပြီး ပြောလိုက်၏။
"ဒါဆိုရင်လည်း မင်းက အသုံးဝင်သေးတာပေါ့"
ရှောင်စိုင်က ဆက်ပြောပြန်သည်။
"ဒါပေမဲ့ အခု ကျွန်မမှာ တကယ် ပိုက်ဆံမရှိတော့ဘူး... မနက်ဖြန် စားဖို့ ဘယ်လိုဝယ်ရမလဲ မသိတော့ဘူး”
ကျန်းကွမ်ကျုံး သူမကို စိုက်ကြည့်လိုက်သော်လည်း အချို့ငွေများကို မသုံးမဖြစ် သုံးရမည်ကို သိသဖြင့် ငွေအကြွေတစ်ပြားကို နှမြောတသစွာ ထုတ်ပေးလိုက်ပြီး သတိပေးလိုက်လေသည်။
"ချွေတာ သုံးစမ်းပါ"
ရှောင်စိုင်သည် ထိုငွေအနည်းငယ်ကို ကြည့်ကာ မျက်နှာငယ်လေးဖြင့် ပြောလိုက်၏။
"ယောကျ်ားရယ်... ဖူချိန်မြို့မှာ ဟင်းသီးဟင်းရွက်နဲ့ အသားဈေးက ကြီးတယ်... ဒီပိုက်ဆံလောက်နဲ့ ဘာမှ ကောင်းကောင်း ဝယ်စားလို့ရမှာ မဟုတ်ဘူး..."
ကျန်းကွမ်ကျုံးက သူမကို ရိုက်လိုက်ပြီး ပြောလိုက်သည်။
"မစားနိုင်ရင် မစားနဲ့... ဖြုန်းတီးတဲ့ မိန်းမ... ပိုက်ဆံဘယ်လောက်ရှိရှိ နင့်လက်ထဲရောက်ရင် လောက်မှာမဟုတ်ဘူး"
ရှောင်စိုင် အရိုက်ခံလိုက်ရပြန်သည်။ သူမ ပါးကိုအုပ်ပြီး ခဏတာ ကြောင်သွားပြီးနောက် ရုတ်တရက် ပြောလိုက်လေသည်။
"ယောကျ်ား... အရင်က ကျွန်မတို့ တည်းခဲ့တဲ့ တည်းခိုခန်းဘေးက မိသားစုကို မှတ်မိလား"
ယခင်တည်းခိုခန်းအကြောင်း ပြောလိုက်သည်နှင့် ကျန်းကွမ်ကျုံး ဒေါသထွက်လာပြီး ရှောင်စိုင်ကို ထပ်ရိုက်ချင်စိတ် ပေါက်သွားသော်လည်း စိတ်ထိန်းကာ မေးလိုက်၏။
"ကျပ်မပြည့်တဲ့ကောင် ရှိတဲ့ အိမ်လား"
ရှောင်စိုင် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"သူတို့အိမ်က သားအတွက် မယားတစ်ယောက်လိုချင်နေတာ... ဖူချိန်မြို့က လူတွေက ဒီလောက် ပေးမယ်တဲ့"
ရှောင်စိုင်က လက်ချောင်းဖြင့် ဆယ်ဂဏန်း ပုံစံ လုပ်ပြလိုက်၏။
ငွေ ၁၂ တုံးဆိုသည်မှာ ဖူချိန်မြို့မှာ ဘာမှမဟုတ်သော်လည်း လူနှစ်ယောက်၏ အရေးပေါ် လိုအပ်ချက်ကိုတော့ ဖြေရှင်းပေးနိုင်ပေသည်။
ရှောင်စိုင်က ဆက်ပြောသည်။
"နျိုနျိုကို ကျန်းယွင်နန်တို့ လင်မယားက မွေးစားထားတာ ကြာပြီဆိုတော့ ဖြူဖြူဖွေးဖွေးနဲ့... နှစ်သစ်ကူး ပန်းချီကားထဲက နတ်သမီးလေးလို ဖြစ်နေပြီ... ဟိုငတုံးကောင်ရဲ့ မိဘတွေ သေချာပေါက် သဘောကျမှာ... ကျွန်မတို့ ဈေးတောင် ထပ်ကိုင်လို့ ရနိုင်သေးတယ်"