← Chapters

ကြိုတင်မှာကြားခြင်း

Vol. 5 Ch. 46

ကြိုတင်မှာကြားခြင်း

Vol. 5 Ch. 46

ရှောင်စိုင်သည် မွေးစားသမီးကို သစ္စာဖောက်ခြင်းဖြင့် ကျန်းကွမ်ကျုံးကို နောက်ဆုံးတွင် ငြိမ်ဆေးကျွေးနိုင်ခဲ့လေသည်။ တစ်နေ့နှင့် တစ်ညလုံး လင်မယားနှစ်ယောက်သည် အကြံအစည်များဖြင့် ပြည့်နှက်နေပြီး အခွင့်အရေးကိုသာ စောင့်မျှော်နေကြ၏။ ကျန်းယွင်နန်တို့ လင်မယား သတိမထားမိခင် ကလေးကို ခိုးထုတ်ရန် ကြံစည်နေကြခြင်းပင်။

အနာဂတ်တွင် အနည်းဆုံး ငွေ ၁၀ တုံးကျော် ရမည်ဟု မျှော်လင့်ချက်ဖြင့် သူတို့နှစ်ဦးသည် ငွေအနည်းငယ်ကို သုံးစွဲခဲ့ကြသည်။

ကျန်းကွမ်ကျုံးသည် အမြဲတမ်း အသားနှင့် ဟင်းသီးဟင်းရွက် ပါမှ စားသောက်လေ့ရှိသည်။ အပေါ်ယံတွင် ရှောင်စိုင်သည် ဖွဲနုနှင့် ဟင်းရွက်ကြမ်းကိုသာ စားသော်လည်း တကယ်တမ်းတွင်မူ သူမအတွက် သီးသန့် ခိုးစားလေ့ ရှိလေသည်။

ဤသို့ဖြင့် ငွေကုန်ကြေးကျ ပိုမြန်လာပြီး စာမေးပွဲဖြေမည့်နေ့ ရောက်သောအခါ ရှောင်စိုင်၏ လက်ထဲတွင် ကြေးပြားအနည်းငယ်သာ ကျန်တော့သည်။

ကျန်းကွမ်ကျုံးသည် စာရေးကိရိယာများ၊ မင်၊ စက္ကူနှင့် ကျောက်မင်သွေးခွက်များ ပါဝင်သော ခြင်းတောင်းကို လွယ်ထားပြီး ဇနီးသည် ပိုက်ဆံတောင်းနေသည်ကို မကြားချင်ယောင် ဆောင်နေ၏။ သူက ပြန်ပင် အပြစ်တင်လိုက်သေးသည်။

"အိမ်မှုကိစ္စ နားမလည်တဲ့ ဖြုန်းတီးတတ်တဲ့မိန်းမ... ငါ စာမေးပွဲသွားဖြေရတော့မယ်... ကျွမ်းယွမ်ဟင်းရည်တစ်ခွက်တောင် သောက်စရာ မရှိဘူး"

ကျွမ်းယွမ်ဟင်းရည် ဆိုသည်မှာ ဇီးစေ့အဆန်၊ ကိုးဆစ်ပဒိုင်းမြစ်၊ ကညွတ်နှင့် အခြားဆေးဖက်ဝင်ပစ္စည်းများကို အချိုးကျ ရောစပ်ထားသော ဆေးဖက်ဝင်ဟင်းရည် ဖြစ်သည်။ မူလက လန်းဆန်းစေသော ဆေးစာတစ်ခုသာ ဖြစ်သော်လည်း နံပါတ်တစ်ပညာရှင်တစ်ဦးက မကြာခဏ သောက်သုံးခဲ့ဖူးသဖြင့် ကျွမ်းယွမ်ဟင်းရည် ဟု အမည်တွင်လာခြင်းပင်။

စာမေးပွဲမဖြေမီ ဤဟင်းရည်တစ်ခွက် သောက်လိုက်ရုံဖြင့် ဘာမှထူးခြားသွားမည် မဟုတ်သော်လည်း ကံကောင်းစေအောင် ဆုတောင်းသည့် သဘောသာ ဖြစ်၏။

ထိုအကြောင်းကို တွေးမိသောအခါ ကျန်းကွမ်ကျုံးသည် မကျေမနပ် ဖြစ်လာပြီး ရှောင်စိုင်ကို ထပ်ကန်ကာ စွပ်စွဲလိုက်လေသည်။

"စောင့်ကြည့်နေလိုက်... ဒီတစ်ခါ ငါ စာမေးပွဲကျခဲ့ရင် မင်း ကျွမ်းယွမ်ဟင်းရည် မလုပ်ပေးလို့ပဲ မှတ်"

ကျန်းကွမ်ကျုံးသည် ဒေါသတကြီးဖြင့် တံခါးပေါက်မှ ထွက်လာသောအခါ ခြံဝင်းတစ်ခုလုံး၌ မွှေးပျံ့နေသော ကျွမ်းယွမ်ဟင်းရည် အနံ့ကို ရလိုက်လေသည်။ သူ ဒေါသထွက်လွန်းသဖြင့် နောက်မှ လိုက်လာသော ရှောင်စိုင်ကို စူးစူးဝါးဝါး လှည့်ကြည့်လိုက်၏။

"ဒုတိယအဆင့် စာမေးပွဲမတိုင်ခင် ငါ ကျွမ်းယွမ်ဟင်းရည် မသောက်ရရင် မင်းကို အရေခွံခွာပစ်မယ်"

ကျန်းကွမ်ကျုံးက ရက်စက်စွာ ခြိမ်းခြောက်လိုက်သည်။

စာမေးပွဲကို အပိုင်းနှစ်ပိုင်း ခွဲထားသည်။ ပထမပိုင်းမှာ အဓိကစာမေးပွဲဖြစ်ပြီး ဒုတိယပိုင်းမှာ ပြန်လည်စစ်ဆေးခြင်းဖြစ်သည်။ ပထမပိုင်းအောင်မှသာ ပြန်လည်စစ်ဆေးခြင်းကို ဖြေဆိုခွင့်ရမည်ဖြစ်ပြီး နောက်ဆုံးအဆင့်အထိ အောင်မြင်သူကိုမှ ကျောင်းသား သို့မဟုတ် ရှိုးချိုင်ဟု ခေါ်ဝေါ်ကြလေသည်။

ရှောင်စိုင်သည် ခြံဝင်းတံခါးမှ ထွက်ခွာသွားသော ခင်ပွန်းသည်ကို ကြည့်ရင်း အကြောင်းပြချက်မရှိဘဲ သူမ၏ ရင်ထဲတွင် မည်းမှောင်သော မျှော်လင့်ချက်တစ်ခု ဖြစ်ပေါ်လာ၏။ ခင်ပွန်းဖြစ်သူ ပထမပိုင်းစာမေးပွဲ ကျပါစေဟု သူမ ဆုတောင်းနေမိသည်။ သို့မှသာ သူမကို ကျွမ်းယွမ်ဟင်းရည် လုပ်ပေးရန် လိုက်ကြိမ်းမောင်းတော့မည် မဟုတ်ပေ။

ကျန်းယွင်နန်သည် ကျွမ်းယွမ်ဟင်းရည်ကို ကုမင်တာ့၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ယောက်ျား... မြန်မြန်သောက်လိုက်... တော်ကြာ အေးသွားရင် ဗိုက်နာနေဦးမယ်"

ဒီတစ်ခါ စာမေးပွဲသွားဖြေရာတွင် ခင်ပွန်းသည်မှာ ခြေလက်မကျိုး၊ ဖျားနာခြင်းမရှိဘဲ ကျန်းမာရွှင်လန်းနေသည်မှာ ရှားပါးသော ကိစ္စဖြစ်သည်။ သို့သော် ကျန်းယွင်နန်မှာ စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး လမ်းတစ်လျှောက် တစ်ခုခုဖြစ်မည်ကို ကြောက်သဖြင့် ခင်ပွန်းသည်ကို ဆွဲထားပြီး ထပ်ခါတလဲလဲ မှာကြားနေလေသည်။

"အပြင်ထွက်ရင် လူတွေနဲ့ အတူသွားနော်... လမ်းအလယ်ကပဲ လျှောက်... လမ်းဘေးကသွားရင် ပစ္စည်းတွေ ပြုတ်ကျပြီး ထိခိုက်မှာ စိုးရတယ်"

ကုမင်တာ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"ဟုတ်ပါပြီ"

ကျန်းယွင်နန်က ထပ်ပြောပြန်သည်။

"လမ်းပေါ်မှာ ခလုတ်တိုက်စရာ ကျောက်ခဲတွေ ရှိမရှိ သတိထားကြည့်ဦး... ခလုတ်မတိုက်မိစေနဲ့"

ကုမင်တာ့သည် ဟင်းရည်တစ်ငုံသောက်ကာ မျိုချလိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

"ကိုယ် သေချာ သတိထားပါ့မယ်"

"ဘေးနားက လူတွေကိုလည်း သတိထားဦး... တွန်းမယ့်တိုက်မယ့်လူ ရှိနေမယ်... ကျွန်မမောင်ကိုလည်း သတိထား... သူက လူကောင်းမဟုတ်ဘူး... လုပ်ခွင့်သာရင် လုပ်မယ့်ကောင်"

ကျန်းယွင်နန်သည် မောင်အရင်းဖြစ်သူ ကျန်းကွမ်ကျုံးအကြောင်း ပြောရာတွင် လုံးဝ ညှာတာခြင်း မရှိပေ။

ကုမင်တာ့က ပြုံးလျက် ခေါင်းညိတ်ကာ ပြောလိုက်၏။

"ကောင်းပါပြီ... ကိုယ် မင်းစကား နားထောင်ပါ့မယ်"

ကျန်းယွင်နန်သည် အတော်ကြာအောင် ပြောပြီးမှ ရုတ်တရက် အားနာသွားပြီး မေးလိုက်သည်။

"ကျွန်မ ပြောတာတွေ များနေပြီလား... ရှင် စိတ်ရှုပ်သွားပြီလား"

ကုမင်တာ့သည် သူမ၏ နဖူးပေါ်ကျနေသော ဆံပင်စလေးကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်ပြီး ပြောလိုက်၏။

"မင်းက ကိုယ့်ကို ဒီလောက် ဂရုစိုက်နေတာ... ကိုယ် ဝမ်းသာလွန်းကို မဆုံးပါဘူး... ဘယ်လိုလုပ် စိတ်ရှုပ်ရမှာလဲ"

ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်၏ ပါးပြင်လေးများ ရဲသွားလေသည်။ ထို့နောက် သူမသည် သူ့ခြင်းတောင်းကို ယူစစ်ဆေးလိုက်ပြီး ပြောလိုက်၏။

"တစ်ခုခု ကျန်ခဲ့မှာစိုးလို့ ကျွန်မ ထပ်စစ်ပေးမယ်... ရှင် အရင်စားနှင့်... မသီးစေနဲ့ဦး"

ပုံမှန်ဆိုလျှင် သူမ ဒီလောက် စကားများမည် မဟုတ်သော်လည်း ကုမင်တာ့၏ ကျန်းမာရေးအခြေအနေက စာမေးပွဲနီးတိုင်း ဖောက်လာတတ်သဖြင့် စာမေးပွဲပြီးသည်အထိ သူမ၏ စိတ်မှာ မိုးပေါ်ရောက်နေတတ်သည်။

ပထမပိုင်း စာမေးပွဲသည် မနက် ၇ နာရီတွင် စတင်သော်လည်း စာမေးပွဲခန်းမသို့ ဝင်ရာတွင် ကနဦးစစ်ဆေးခြင်းနှင့် အာမခံခြင်း လုပ်ငန်းစဉ်များ ဖြတ်သန်းရသဖြင့် လူအများစုသည် မနက် ၄ နာရီခန့်ကတည်းက ထပြီး ထွက်ခွာကြလေသည်။

ဇနီးသည် မနက်စောစောထကာ ပြင်ဆင်ပေးထားသော မနက်စာကို စားပြီးနောက် ကုမင်တာ့က နွေးထွေးစွာ ပြောလိုက်၏။

"အစ်ကိုကျန့်နဲ့ စာမေးပွဲခန်းမကို အတူသွားဖို့ ချိန်းထားတယ်... လိုက်မပို့နဲ့တော့... မနက်စောစောစီးစီး ပင်ပန်းတယ်... ခဏနေရင် ပြန်အိပ်လိုက်ဦး... ကလေးတွေက နောက်ကျမှ စားကြမှာ... ဗိုက်ဆာမှာ မဟုတ်ပါဘူး"

ကျန်းယွင်နန် ခေါင်းညိတ်လိုက်သည်။

ကုမင်တာ့က ထပ်မှာလိုက်၏။

"မိန်းမ... ပန်းထိုးတဲ့အလုပ်ချည်းပဲ ဖိမလုပ်နဲ့ဦး... ကျန်းမာရေး ထိခိုက်မယ်... တကယ်လို့ ဟိုနှပ်ဟင်းရည်ချက်နည်းသာ အသုံးဝင်ရင် နောင်ကျ မင်း သိပ်ပင်ပန်းစရာ မလိုတော့ဘူး"

ကျန်းယွင်နန် ကြောင်သွားပြီး မေးလိုက်သည်။

"ချက်ပြုတ်နည်းကို အများပိုင် မလုပ်ဘူးလား"

ကုမင်တာ့ ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

"မင်းပဲ သိမ်းထားပါ... အဲ့ဒါက မင်းရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်လာမှာ"

သူတို့နှစ်ဦး စကားပြောနေစဉ် စောင်ပုံကြားမှ ကြက်သိုက်ကဲ့သို့ ရှုပ်ပွနေသော ခေါင်းလေးတစ်ခု ထွက်လာလေသည်။

"ဖေဖေ အပြင်သွားတော့မလို့လား"

နျိုနျိုက ရှင်းလင်းပြတ်သားသော အသံလေးဖြင့် မေးလိုက်သည်။

လင်မယားနှစ်ယောက် တိုးတိုးလေး ပြောနေကြသော်လည်း မမျှော်လင့်ဘဲ သမီးလေး နိုးသွားခဲ့ရသည်။

ကျန်းယွင်နန်က အလျင်အမြန် ပြောလိုက်၏။

"နျိုနျို... ပြန်အိပ်လိုက်လေ... စောပါသေးတယ်... အပြင်မှာ မှောင်နေတုန်းပဲ"

နျိုနျိုသည် မျက်လုံးလေးကို ပွတ်သပ်ကာ ကုတင်ပေါ်မှ ဆင်းပြီး ကုမင်တာ့ထံသို့ ပြေးသွားလေသည်။ သူမက လက်ဆန့်တန်းလိုက်ပြီး ပွေ့ချီခိုင်းသည့် ပုံစံလုပ်လိုက်၏။

"ဖေဖေ အပြင်သွားတော့မှာလေ နျိုနျိုရဲ့... ဖေဖေကို မနှောင့်ယှက်နဲ့"

ကျန်းယွင်နန်က ညင်သာစွာ တားလိုက်သည်။

သို့သော် ကုမင်တာ့က ကလေးကို ပွေ့ချီလိုက်ပြီး ပြုံးလျက် ပြောလိုက်၏။

"ရပါတယ်... ဒီအချိန်လေး ပင်ပန်းတာ ဘာမှမဖြစ်ပါဘူး... နျိုနျို အိမ်မှာ မေမေစကား နားထောင်နော်... လိမ္မာရမယ်... လျှောက်မပြေးရဘူး... သိလား"

နျိုနျိုက ခေါင်းကို အားပါးတရညိတ်ကာ လက်ဆန့်တန်းပြီး ကုမင်တာ့၏ ခေါင်းကို ပုတ်လျက် တိုးတိုးလေး ပြောလိုက်သည်။

"ဖေဖေလည်း လိမ္မာရမယ်နော်... စာမေးပွဲ ကောင်းကောင်းဖြေ... ဘေးကင်းပါစေ"

ကုမင်တာ့က ပြုံးလျက် ပြန်ပြောပြီး ကလေးမလေးကို ကုတင်ပေါ် ပြန်ပို့ပေးကာ ဖိနပ်ချွတ်ပေးပြီး စောင်ခြုံပေးလိုက်သည်။ ထို့နောက် အပြင်သို့ ထွက်ခွာသွားလေတော့၏။

တံခါးပြင်ပတွင် လူအနည်းငယ် စောင့်ဆိုင်းနေကြပြီး အားလုံးမှာ ဤအိမ်တွင် နေထိုင်ကြသော စာသင်သားများ ဖြစ်ကြသည်။

ကုမင်တာ့သည် လူမှုဆက်ဆံရေး ကောင်းမွန်သူဖြစ်၍ သူတို့နှင့် ရင်းနှီးရန် အချိန်သိပ်မယူလိုက်ရပေ။

နေမထွက်သေးသဖြင့် ကောင်းကင်မှာ မီးခိုးရောင် သမ်းနေဆဲဖြစ်ပြီး လူအုပ်ကြီးသည် စာမေးပွဲခန်းမဆီသို့ ခမ်းနားစွာ ချီတက်သွားကြလေသည်။

အစိုးရက လမ်းမကြီး ဘေးတစ်ဖက်တစ်ချက်တွင် မီးပုံးများ ချိတ်ဆွဲပေးထားသဖြင့် စာမေးပွဲဖြေရန် သွားကြသော ကျောင်းသားများအတွက် လမ်းတစ်လျှောက် လင်းထိန်နေ၏။

ကုမင်တာ့သည် လူအုပ်ကြားထဲတွင် လျှောက်သွားနေစဉ် လမ်းထောင့်တစ်ခုကို ဖြတ်ကျော်လိုက်သည်နှင့် သူ့နောက်ကျောဘက်မှ အရာဝတ္ထုတစ်ခု အမြင့်မှ ပြုတ်ကျလာသံကို ရုတ်တရက် ကြားလိုက်ရသည်။

အားလုံး နောက်လှည့်ကြည့်လိုက်ကြရာ သူတို့ ခုနက လျှောက်ခဲ့သော နေရာတွင် အုတ်ကြွပ်ပြား တစ်ပိုင်း ပြုတ်ကျနေသည်ကို တွေ့လိုက်ရပြီး အားလုံး ကြောက်လန့်တကြား ဖြစ်သွားကြ၏။

"ကံကောင်းလို့ ငါတို့ မြန်မြန်လျှောက်လာမိလို့... မဟုတ်ရင် ခေါင်းကွဲပြီး စာမေးပွဲဖြေစရာတောင် လိုမှာမဟုတ်ဘူး"

တစ်စုံတစ်ယောက်က ညည်းတွားလိုက်သည်။

ကုမင်တာ့မှာ လူတိုင်း စိုးရိမ်ရဆုံး လူဖြစ်နေသည်။ အဘယ်ကြောင့်ဆိုသော် အုတ်ကြွပ်ပြား ကျသွားသော နေရာသည် သူ ခုနက လမ်းလျှောက်ခဲ့သော နေရာအတိအကျ ဖြစ်နေသောကြောင့်ပင်။

သူ့ကံတရားအရသာဆိုလျှင် သူ မြန်မြန်မလျှောက်ခဲ့ပါက အုတ်ကြွပ်ပြားကြီး ပြုတ်ကျခံရသူမှာ သေချာပေါက် သူပင် ဖြစ်ပေလိမ့်မည်။

"တွေးမနေကြနဲ့တော့... စာမေးပွဲခန်းမကို မြန်မြန်သွားကြစို့"

တစ်စုံတစ်ယောက်က အကြံပြုလိုက်သည်။

ထိုလူစုသည် စာမေးပွဲခန်းမဆီသို့ ဆက်လက်လျှောက်လှမ်းသွားကြ၏။ ကုမင်တာ့သည် မနှေးမမြန် ပုံမှန်ခြေလှမ်းကိုသာ ထိန်းထားသော်လည်း သူ့ဘေးမှ စာသင်သားတစ်ဦးမှာ စိတ်လောနေပုံရသည်။ သူက ကုမင်တာ့ကို နှစ်လှမ်းသုံးလှမ်းခန့် ကျော်တက်ပြီး ပြေးသွားလေသည်။

"အမလေး!"

ထိုစာသင်သား ကုမင်တာ့ကို ကျော်တက်သွားသည်နှင့် ယိုင်သွား၏။ ဘေးမှလူများက အချိန်မီ တွဲမထားလျှင် မြေကြီးပေါ်သို့ လဲကျသွားလုနီးပါး ဖြစ်ပေမည်။

ကုမင်တာ့က မနေနိုင်ဘဲ သတိပေးလိုက်သည်။

"စိတ်မလောပါနဲ့... ဖြည်းဖြည်းသွားပါ... စာမေးပွဲဖြေဖို့ စောပါသေးတယ်"

ထိုစာသင်သား၏ မျက်နှာမှာ ကြောက်ရွံ့နေဆဲ ဖြစ်၏။ ဟန်ချက်ညီအောင် ပြန်ရပ်လိုက်ပြီးနောက် သူ့ကို ခလုတ်တိုက်မိစေသော မြက်ပင်ကို ခြေထောက်ဖြင့် နင်းကာ ဆဲဆိုလိုက်လေသည်။

"ဒီအထဲမှာ ကျောက်ခဲမြှုပ်ထားတာပဲ... တော်သေးတယ် ခလုတ်မတိုက်မိလို့"

ကုမင်တာ့လည်း လိုက်ကြည့်လိုက်ရာ မြက်ပင်အောက်တွင် ဝှက်နေသော မို့မောက်နေသည့် ကျောက်ခဲကို တွေ့လိုက်ရသည်။

ကုမင်တာ့ စိတ်ထဲတွင် တွေးလိုက်မိ၏။ အကယ်၍သာ ဒီစာသင်သားက သူ့လမ်းကို အတင်းကျော်မတက်ခဲ့လျှင် ခလုတ်တိုက်ခံရသူမှာ သူဖြစ်ပေလိမ့်မည်။ သူ့ကံတရားနှင့်ဆိုလျှင် ထိုစာသင်သားကဲ့သို့ ကံကောင်းချင်မှ ကောင်းမည်ဖြစ်ပြီး အချိန်မီ တွဲမည့်သူ ရှိချင်မှ ရှိပေလိမ့်မည်။

All Chapters