စာခိုးချကတ်
Vol. 5 Ch. 47
နီးလာပြီ... နီးလာပြီ။
ဓားလွယ်ထားသော ကင်းလှည့်အရာရှိများနှင့် မြို့စောင့်တပ်သားများကို အဝေးမှ လှမ်းမြင်လိုက်ရသောအခါ စာသင်သားတစ်သိုက်မှာ ဝမ်းသာလွန်းသဖြင့် မျက်ရည်ပင် ကျမတတ် ဖြစ်သွားကြ၏။
စာမေးပွဲခန်းမသို့ သွားရသော လမ်းခရီးသည် ဤမျှ ခက်ခဲကြမ်းတမ်းလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။
မီတာ တစ်ထောင်အောက်သာ လိုတော့သည့် အကွာအဝေးတွင် ထိုလူစုသည် ထိတ်လန့်စရာ အခြေအနေများကို ကျော်ဖြတ်လာခဲ့ပြီးနောက် ကြောင်တောင်တောင် ဖြစ်နေကြသည်။
တစ်ခဏတွင် အုတ်ကြွပ်ပြား ပြုတ်ကျလိုက်၊ နောက်တစ်ခဏတွင် ကျောက်ခဲ ခလုတ်တိုက်လိုက်၊ နောက်တစ်ခဏတွင် ညီညာပြန့်ပြူးနေသော လမ်းမပေါ်၌ တွင်းကြီးချိုင့်ကြီးများ ပေါများနေလိုက်နှင့်။ ပိုဆိုးသည်မှာ မှောင်မဲနေချိန်တွင် လမ်းဘေးအိမ်အပေါ်ထပ်မှ ရေအေးဖြင့် ပက်ချခံလိုက်ရခြင်းပင်။ ထိုကဲ့သို့ ရှုပ်ထွေးပွေလီသော အခြေအနေ အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်မှာ "တန်ဆရာတော် အနောက်အရပ်သို့ ပိဋကတ်တော် သွားပင့်စဉ်က အခက်အခဲပေါင်း ၈၁ မျိုးကို ကြုံတွေ့ခဲ့ရသကဲ့သို့ပင်" ဖြစ်လေသည်။
သို့သော်လည်း ကျေးဇူးတင်စရာကောင်းသည်မှာ အခက်အခဲများ မည်မျှပင် များပြားစေကာမူ သူတို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြပြီး နောက်ဆုံးတွင် စာမေးပွဲဌာနကို မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
"နောက်ဆုံးအဆင့်ပဲ လိုတော့ပေမဲ့ သတိလက်လွတ် နေလို့မရသေးဘူး"
လမ်းခရီးတစ်လျှောက် မတော်တဆမှုများကြောင့် နှိပ်စက်ခံခဲ့ရသော စာသင်သားများသည် စစ်မြေပြင်ရောက် စစ်သားများကဲ့သို့ သတိရှိနေကြပြီး အနည်းငယ် လှုပ်ရှားမှု ရှိသည်နှင့် လန့်ဖျပ်သွားတတ်ကြသည်။
ကုမင်တာ့သည် အနည်းငယ် အားနာနေမိ၏။ ဤမတော်တဆမှုများ အားလုံးသည် သူ့ကြောင့် ဖြစ်ရသည်ဟု အမြဲ ခံစားနေရသောကြောင့်ပင်။
သူ စာမေးပွဲ စတင်ဖြေဆိုကတည်းက သူ့ကို အထက်သို့ မတက်နိုင်အောင် တားဆီးနေသော မမြင်နိုင်သည့် အင်အားစုတစ်ခု ရှိနေသည်ဟု အမြဲ ခံစားနေရသည်။
နောက်ဆုံးတွင် သူတို့အဖွဲ့ စာမေးပွဲခန်းမ အပြင်ဘက်သို့ ရောက်ရှိလာပြီး လမ်းခွဲရတော့မည် ဖြစ်သည်။ ကုမင်တာ့က ရုတ်တရက် စကားစပြောလိုက်၏။
"အားလုံးပဲ... ဒီနေ့ ကျွန်တော်တို့ခရီးက တော်တော်လေး ကြမ်းတမ်းခက်ခဲခဲ့ပါတယ်"
စာသင်သားများက ခေါင်းညိတ်ထောက်ခံကာ ပြောလိုက်ကြသည်။
"ဟုတ်တယ်... ဘာလို့လဲမသိဘူး... မတော်တဆမှုလေးတွေ ခဏခဏ ဖြစ်နေတယ်... ထိခိုက်ဒဏ်ရာ ရမှာကိုလည်း ကြောက်ရ... စာမေးပွဲ နောက်ကျမှာကိုလည်း စိုးရိမ်ရနဲ့..."
ကုမင်တာ့က ညင်သာစွာ ချောင်းဟန့်လိုက်ပြီး ပြောလိုက်၏။
"ဒါပေမဲ့ ကျွန်တော်တို့ ဒီနေရာကို ထိခိုက်ဒဏ်ရာမရဘဲ ရောက်လာနိုင်ခဲ့ကြတယ်... ဒါ ဘာကို ဆိုလိုတာလဲ... လမ်းခရီးက အခက်အခဲတွေ အားလုံးဟာ ကံတရားက ကျွန်တော်တို့ကို စမ်းသပ်တာပါ... ကျွန်တော်တို့ ဒီစမ်းသပ်မှုကို အောင်မြင်ခဲ့ပြီ... လာမယ့် စာမေးပွဲမှာလည်း အခက်အခဲတွေကို ကျော်ဖြတ်နိုင်မှာပါ... စာမေးပွဲအောင်စာရင်း ထွက်လာတဲ့အခါ ကျွန်တော်တို့ အားလုံးရဲ့ နာမည်တွေကို အောင်စာရင်းမှာ တွေ့ရမှာပါ"
သူ့စကားများက အလွန် သင့်လျော်ကောင်းမွန်လှသည်။ စာသင်သားများ အားလုံး စိတ်ဓာတ်တက်ကြွလာပြီး အခက်အခဲအချို့ကို ကျော်ဖြတ်ပြီးပါက အလွန်ပျော်ရွှင်စရာ ကောင်းမည်ဟု ခံစားလိုက်ရသည်။
အချို့ဆိုလျှင် စိတ်လှုပ်ရှားလွန်းသဖြင့် လက်သီးလက်မောင်းတန်းကာ အားပါးတရ အော်ဟစ်လိုက်ကြသည်။
အားဆေးထိုးပေးလိုက်သကဲ့သို့ စိတ်ဓာတ်တက်ကြွသွားကြပြီးနောက် လူစုကွဲကာ မိမိတို့၏ အပေါင်းအဖော်များကို ရှာဖွေကြလေတော့သည်။
စာမေးပွဲ ဖြေဆိုရန်အတွက် အာမခံစာလိုအပ်သည်သာမက လူငါးယောက် တစ်အုပ်စုဖွဲ့ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စောင့်ကြည့်ပြီး မသမာမှု မရှိစေရန် တာဝန်ယူရသည်။
အုပ်စုဖွဲ့ အာမခံခြင်းသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။ တစ်ယောက် အပြစ်ကျူးလွန်ပါက ငါးယောက်စလုံး အပြစ်ပေးခံရမည်ပင်။
ထို့ကြောင့် အုပ်စုဖွဲ့သူ အများစုသည် တစ်ဦး၏ အကျင့်စာရိတ္တကို တစ်ဦး ကောင်းစွာ သိရှိနားလည်ကြပြီး မသမာမှု မလုပ်မည့်သူများကိုသာ ရွေးချယ်လေ့ ရှိကြသည်။ ကုမင်တာ့သည် သူတို့နှင့် ချိန်းဆိုထားပြီးဖြစ်၍ အလွယ်တကူပင် ရှာတွေ့သွားသည်။
"အားလုံး ကျွန်တော့်ကို စောင့်နေကြတာလား"
ကုမင်တာ့က အားနာသော မျက်နှာဖြင့် ပြောလိုက်၏။
"တောင်းပန်ပါတယ်... လမ်းမှာ အခက်အခဲလေးတွေ ကြုံနေရလို့ နောက်ကျသွားတယ်"
အခြားသူများက သဘောကောင်းကြသဖြင့် မည်သူမျှ အပြစ်မတင်ကြပေ။
ကုမင်တာ့သည် သူတို့နှင့်အတူ ရှေ့သို့ လျှောက်လှမ်းသွားပြီး တန်းစီနေစဉ် အပေါ်သို့ မော့ကြည့်လိုက်ရာ စာမေးပွဲဌာန၏ တံခါးဝတွင် တုန်းဖူ စာမေးပွဲဌာနဟု ရေးထားသော ဆိုင်းဘုတ်ကြီးကို တွေ့လိုက်ရသည်။
သူ အသက် ၁၄ နှစ်တွင် ပထမဆုံးအကြိမ် စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ချိန်မှစ၍ ယခုဆိုလျှင် အနှစ် ၂၀ နီးပါး ရှိခဲ့ပြီ။ ဤနေရာသို့ ဘယ်နှကြိမ် ရောက်ခဲ့ပြီလဲ ဆိုတာကိုပင် သူ ရေတွက်၍ မရတော့ပေ။ အခြားသူများက စာမေးပွဲဖြေရန် လာရောက်သည့်အခါ ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင် ကြိုတင်လေ့လာရသော်လည်း သူကမူ အိမ်ပြန်ရောက်သလို ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။
"အစ်ကိုကု... ကျွန်တော်တို့ ရောက်ပြီ"
အဖော်တစ်ယောက်က တိုးတိုးလေး သတိပေးလိုက်သည်။
ကနဦးစစ်ဆေးခြင်း၏ အဓိကအချက်မှာ ဖြေဆိုသူများ၏ အဝတ်အစားနှင့် ခြင်းတောင်းများထဲတွင် စာခိုးချကတ်များ ပါမပါ စစ်ဆေးခြင်း ဖြစ်သည်။ အကြိမ်တိုင်းတွင် အဝတ်အစားများကို ချွတ်ခိုင်းပြီး အရာရှိများ စစ်ဆေးခံရခြင်းသည် အတော်လေး ဂုဏ်သိက္ခာကျဆင်းစေသော ကိစ္စဖြစ်သည်။
ကုမင်တာ့သည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး စစ်ဆေးခံရန် ရှေ့တိုးလိုက်စဉ် သူ့နှင့် နှစ်နေရာသာခြားသော နေရာတွင် ရှိနေသည့် ကျန်းကွမ်ကျုံးကို ရုတ်တရက် တွေ့လိုက်ရသည်။
သူ့ကို စိတ်အနှောင့်အယှက်ပေးသော ယောက်ဖဖြစ်သူက ဘေးတန်းတွင် ရပ်နေပြီး သူ့ကို လှည့်ကြည့်နေသည်။
ကျန်းကွမ်ကျုံး၏ မျက်နှာထား မမှန်ကြောင်း ကုမင်တာ့ ခံစားလိုက်ရသည်။
မကောင်းမှုတစ်ခုခု လုပ်ထားသူကဲ့သို့ မျက်လုံးများက ဂနာမငြိမ် ဖြစ်နေ၏။
ဤယောက်ဖဖြစ်သူအပေါ် မကောင်းမြင်စိတ်ဖြင့် တွေးတောရန် သူ ဘယ်တော့မှ ဝန်မလေးခဲ့ပေ။
စဉ်းစားပြီးနောက် ကုမင်တာ့သည် သူ့အဖော်များကို နောက်သို့ နှစ်လှမ်းဆုတ်ခိုင်းလိုက်ပြီး ပြောလိုက်သည်။
"ခဏစောင့်ပြီးမှ ဝင်ကြမယ်... သူများတွေကို အရင်သွားခိုင်းလိုက်"
အဖော်များက အကြောင်းရင်းကို မသိသော်လည်း ကုမင်တာ့ကို ယုံကြည်သဖြင့် သူ့နောက်သို့ လိုက်ကာ နောက်ဆုတ်ပေးလိုက်ကြသည်။ ထို့ကြောင့် သူတို့နောက်တွင် တန်းစီနေသူများ အခွင့်ကောင်း ရသွားကြသည်။
၁၅ မိနစ်ခန့် စောင့်ဆိုင်းခဲ့ရသော်လည်း အဖော်လေးယောက်လုံးက မညည်းညူကြပေ။ သူတို့က ကုမင်တာ့ကို အလွန်ယုံကြည်ကြပြီး အကြောင်းမဲ့သက်သက် ဒီလိုလုပ်လိမ့်မည် မဟုတ်ကြောင်း သိနေကြသည်။
ထိုအချိန်တိုလေးအတွင်း ကျန်းကွမ်ကျုံး မကောင်းမှုလုပ်မည်ဆိုပါက ဘာလုပ်နိုင်မလဲဆိုတာ ကုမင်တာ့ တွေးမိလိုက်သည်။
ကုမင်တာ့က မျက်လုံးဖွင့်လျက် လိမ်ပြောလိုက်၏။
"စောစောက တစ်ယောက်ယောက်က သူများခြင်းတောင်းထဲ တစ်ခုခု ပစ်ထည့်လိုက်သလို မြင်လိုက်ရတယ်... သေချာတော့ မမြင်လိုက်ရဘူး... ဒါပေမဲ့ ကျွန်တော်တို့ကိုလည်း လုပ်သွားမှာ ကြောက်လို့ပါ"
ထိုစကားကို ကြားသောအခါ အဖော်များ၏ မျက်နှာထား ပြောင်းလဲသွားကြသည်။ သူတို့က စစ်ဆေးရန် တန်းစီနေကြခြင်းဖြစ်ပြီး အကယ်၍ ခြင်းတောင်းထဲတွင် စာခိုးချကတ် တွေ့ရှိပါက စည်းမျဉ်းအရ ကျန်လေးယောက်ပါ စာမေးပွဲ ဆက်ဖြေခွင့် ရတော့မည် မဟုတ်ပေ။
စာခိုးချကတ် သယ်ဆောင်လာသူသည်လည်း ကလေးသူငယ်အဆင့်ကို ရုပ်သိမ်းခံရမည်ဖြစ်ပြီး တစ်သက်လုံး စာမေးပွဲ ဖြေဆိုခွင့် ပိတ်ပင်ခံရမည် ဖြစ်သည်။ အကယ်၍ တင်းကျပ်သော စစ်ဆေးသူနှင့် တွေ့ပါက ပြည်နှင်ဒဏ် သို့မဟုတ် အခြားပြစ်ဒဏ်များပါ ကျခံရနိုင်သည်။
ငါးယောက်သား မိမိတို့၏ ခြင်းတောင်းများကို အတူတကွ မွှေနှောက် ရှာဖွေကြလေတော့သည်။
ရုတ်တရက် ကျန့်ချီထံမှ အသံ ထွက်လာသည်။ အားလုံး၏ အကြည့်များအောက်တွင် သူသည် ခြင်းတောင်းထောင့်မှ စာရွက်လုံးလေး တစ်လုံးကို တုန်တုန်ယင်ယင်ဖြင့် ထုတ်ပြလိုက်၏။
စာရွက်လုံးကို ဖြန့်လိုက်သောအခါ ကွန်ဖြူးရှပ်ကျမ်းမှ စာပိုဒ်တစ်ပိုဒ်ကို ရေးသားထားသည်ကို တွေ့လိုက်ရသည်။
"ကျွန်တော် ယူလာတာ မဟုတ်ပါဘူး ကျွန်တော် ခိုးချဖို့ အစီအစဉ် မရှိပါဘူး”
ကျန့်ချီက ဖြတ်လမ်းလိုက်ချင်သော ကျောင်းသားတစ်ဦးအဖြစ် အထင်ခံရမည် စိုးသဖြင့် အလျင်အမြန် ရှင်းပြလေသည်။
အခြားသူများ ဘာမှမပြောရသေးခင် ကုမင်တာ့က စာရွက်ကို ယူလိုက်ပြီး ပြောလိုက်၏။
"ခင်ဗျားကို ကျွန်တော် ယုံပါတယ်"
ကုမင်တာ့၏ အသိအမှတ်ပြုမှုကို ရလိုက်သဖြင့် ကျန့်ချီမှာ ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားသည်။
ကုမင်တာ့က သူ့ပခုံးကို ပုတ်ပေးပြီး အခြားသူများကို ပြောလိုက်သည်။
"အဝေးက မိတ်ဆွေတွေ ရောက်လာတာ ဝမ်းသာစရာပါပဲ... ဒီစာသားတွေကို ကျွန်တော်တို့ အလွတ်ရပြီးသားပဲလေ... ဘာကိစ္စ အန္တရာယ်များတဲ့ ခိုးချတာကို လုပ်ရမှာလဲ"
အခြားသူများလည်း စာရွက်ကို ကြည့်လိုက်ကြပြီး အကြောင်းအရာက အလွန်ရိုးရှင်းကြောင်း၊ အားလုံး အလွတ်ရပြီးသား ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုအခါမှသာ ကျန့်ချီအပေါ် သံသယ ရှင်းသွားကြပြီး သူသည် အားလုံးကို ဒုက္ခရောက်အောင် လုပ်မည့် လူအမျိုးအစား မဟုတ်ကြောင်း သိလိုက်ကြသည်။
ကုမင်တာ့က ထပ်ပြောလိုက်၏။
"သေချာ ထပ်ရှာကြည့်ပါဦး... အဝတ်အစားထဲမှာလည်း မရှိစေနဲ့... ကိုယ်တိုင် စာမေးပွဲမအောင်နိုင်မှန်းသိလို့ သူများကို မနာလိုပြီး ဒုက္ခပေးချင်တဲ့ လူယုတ်မာတွေ ရှိတတ်တယ်"
ကျန့်ချီ၏ အဖြစ်အပျက်ကို မြင်ပြီးနောက် မည်သူမျှ ပေါ့ပေါ့ဆဆ မနေရဲကြတော့ပေ။
နောက်ထပ် လူတစ်ယောက်ကလည်း ခြင်းတောင်းထဲမှ စာလုံးသုံးလုံးကျမ်းစာကြောင်းတစ်ကြောင်း ရေးထားသော စာရွက်ပိုင်းလေးတစ်ခုကို ရှာတွေ့လိုက်ပြန်သည်။
စာလုံးသုံးလုံးကျမ်းသည် သိပ္ပံနည်းကျ သုတေသနပြုရမည့် အကြောင်းအရာပင် မဟုတ်ပေ။
သို့သော် စာမေးပွဲ စည်းကမ်းက အလွန်တင်းကျပ်သဖြင့် စာခိုးချကတ်များ ပါလာသည်ကို တွေ့ရှိပါက မည်သည့်အရာ ရေးထားသည်ဖြစ်စေ မသမာမှုဟု တန်းပြီး သတ်မှတ်ခံရမည် ဖြစ်သည်။
ကုမင်တာ့၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာသည်။ သူက သူ့ခြင်းတောင်းထဲ အမှိုက်သရိုက် မဝင်စေရန် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော်လည်း ရန်သူက သူ့အဖော်များကို တိုက်ရိုက် ပစ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
စာရွက်လုံးနှင့် စာရွက်ပိုင်းပေါ်မှ လက်ရေးများမှာ အလွန်ရိုးရှင်းပြီး စာစသင်ကာစ လူတစ်ယောက် ရေးထားသကဲ့သို့ ဖြစ်နေသည်။ လက်ရေးနှစ်ခုက မတူညီကြပေ။
ကုမင်တာ့ ခန့်မှန်းရသလောက် ဘယ်လက်ဖြင့် ရေးထားခြင်း ဖြစ်နိုင်သလို၊ လူနှစ်ယောက် ရေးထားခြင်းလည်း ဖြစ်နိုင်သည်။
ဘယ်သူလုပ်တာလဲ ဆိုတာ သူ မသိနိုင်သလို၊ ဒီသက်သေနှစ်ခုကို သိမ်းထားရန်လည်း မကောင်းပေ။
ကုမင်တာ့သည် သူ့ရန်သူများကို စဉ်းစားကြည့်ရာ စရိုက်လက္ခဏာအရ ကျန်းကွမ်ကျုံးနှင့် ဝမ်ယောက်ကျူတို့သာ ဤကဲ့သို့ ယုတ်မာသော အလုပ်ကို လုပ်နိုင်မည်ဟု ယူဆမိသည်။
မတော်တဆ ရွေးချယ်ခံရပြီး ဒုက္ခပေးခံရခြင်းလည်း ဖြစ်နိုင်ပါသည်။
ယနေ့လို လူများသော စောင့်ဆိုင်းရာနေရာတွင် လူများကို ဆွဲချချင်သော လူယုတ်မာအချို့ ရှိနေနိုင်သည် မဟုတ်ပါလား။
အဖော်များက ကုမင်တာ့၏ ခန့်မှန်းချက်ကို မသိသော်လည်း ယခုအချိန်တွင် သူ့ကို အလွန် ကျေးဇူးတင်နေကြသည်။
"အစ်ကိုကု... အစ်ကို့ရဲ့ သတိရှိမှုကြောင့်သာပေါ့... မဟုတ်ရင် ကျွန်တော်တို့ ဒုက္ခအကြီးအကျယ် ရောက်တော့မှာ"
ကုမင်တာ့က ပြောလိုက်၏။
"အချိန်ဖြုန်းမိသွားတာကို အပြစ်မတင်ရင် ပြီးတာပါပဲ... ရှေ့ဆက်သွားပြီး တန်းစီကြရအောင်... ဒီတစ်ခါတော့ အားလုံး သတိရှိကြပါ... ဘယ်သူ့ကိုမှ အမှားလုပ်ခွင့် မပေးနိုင်တော့ဘူး"
လေးယောက်သား ခေါင်းညိတ်လိုက်ကြပြီး ခြင်းတောင်းများကို ရင်ခွင်ထဲ ပိုက်လျက် တစ်ယောက်ယောက်က ထပ်လုပ်မည်ကို စိုးရိမ်သဖြင့် မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။
ပြန်လည် တန်းစီရသဖြင့် အတန်းရှေ့ရောက်ရန် အတော်ကြာ စောင့်လိုက်ရသည်။
ရှေ့တွင် လူခုနစ်ယောက် ရှစ်ယောက်ခန့်သာ လိုတော့သည့်အချိန်တွင် ရုတ်တရက် ရှေ့နား၌ ဆူညံသံများ ထွက်ပေါ်လာပြီးနောက် လူတစ်ယောက်၏ ရင်ကွဲပက်လက် အော်ဟစ်သံကို ကြားလိုက်ရသည်။
"မဖြစ်နိုင်ဘူး! ကျွန်တော် မခိုးပါဘူး... ဒီစာခိုးချကတ်ကို ကျွန်တော် ယူမလာပါဘူး... တစ်ယောက်ယောက်က ကျွန်တော့်ကို ချောက်ချတာပါ!"