← Chapters

တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲ

Vol. 5 Ch. 48

တုန်လှုပ်ဖွယ်ရာ အပြောင်းအလဲ

Vol. 5 Ch. 48

ထိုအသံကို ကြားသောအခါ ကုမင်တာ့တို့ ငါးယောက်လုံး တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ဟိုဘက်မှ ဆူညံသံများ ငြိမ်သက်သွားပြီး စစ်သားအများအပြားက အော်ဟစ်နေဆဲဖြစ်သော ဖြေဆိုသူကို ဝိုင်းဖမ်းချုပ်လိုက်ကြသည်။

ထိုဖြေဆိုသူသည် သူ့ကိုယ်သူ ကာကွယ်ရန် ရုန်းကန်နေသော်လည်း စစ်သားများက သူ့ခြင်းတောင်းနှင့်အတူ ဘေးနားရှိ အခန်းငယ်ထဲသို့ ဆွဲခေါ်သွားကြလေသည်။

"ဘယ်လိုထင်လဲ... သူ အစွပ်စွဲခံရတာလား"

ကျန့်ချီက တိုးတိုးလေး မေးလိုက်သည်။

ငါးယောက်ထဲတွင် ခြင်းတောင်းထဲ၌ စာခိုးချကတ် ပထမဆုံး တွေ့ရှိခဲ့သူဖြစ်၍ ကျန့်ချီသည် ဤအခြေအနေကို မြင်သောအခါ ကိုယ်ချင်းစာစိတ် ဖြစ်ပေါ်မိသည်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။

"မတော်တဆ ချောက်ချခံလိုက်ရတာ နေမှာပါ"

အဖော်တစ်ယောက်က စေတနာဖြင့် ပြောလိုက်သည်။

ကုမင်တာ့ သူတို့ကို ကြည့်လိုက်သည်။ သူ့အဖော်များသည် အသက်အကြီးဆုံးဆိုမှ ၂၅ နှစ်သာ ရှိသေးပြီး ငယ်ရွယ်သူများ ဖြစ်ကြသဖြင့် သူတပါးအပေါ် မကောင်းမြင်စိတ်ဖြင့် မတွေးတတ်ကြပေ။

နှစ်ပေါင်းများစွာ စာမေးပွဲဖြေဆိုရန် ကြိုးစားခဲ့ပြီး စာမေးပွဲခန်းမတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သော သူ့လိုလူမျိုးကမူ လူအမျိုးမျိုးကို မြင်တွေ့ရလွန်း၍ ရိုးအီနေပြီ ဖြစ်သည်။

နှစ်တိုင်းတွင် စာမေးပွဲစဖြေမည့် လူငယ်လေးများ ရှိသလို ဆံပင်ဖြူနေသည့်တိုင် ဂုဏ်ထူးဆောင်ဘွဲ့ ရယူရန် စိတ်ပိုင်းဖြတ်ထားဆဲဖြစ်သော လူကြီးများလည်း ရှိတတ်သည်။

သဘောထားကြီးသော လူကြီးလူကောင်းများ ရှိသလို စိတ်ပျက်စရာကောင်းသော လူယုတ်မာများလည်း ရှိကြပေသည်။

ကုမင်တာ့သည် မူလက သူ့ကို ဒုက္ခပေးသူမှာ ကျန်းကွမ်ကျုံး သို့မဟုတ် ဝမ်ယောက်ကျူ ဖြစ်မည်ဟု ယုံကြည်ခဲ့သော်လည်း ယခု ဆွဲခေါ်ခံလိုက်ရသော လိမ်လည်သူ စာသင်သားကို ကြည့်ပြီး မသေချာတော့ပေ။

ဘာပဲဖြစ်ဖြစ် စာမေးပွဲခန်းမတွင် နှစ်စဉ် ဖြေဆိုသူ အများအပြား ရှိနေသဖြင့် လူများကို ရေထဲဆွဲချချင်သော ရေသရဲများ မည်မျှ ထွက်ပေါ်လာမည်ကို မည်သူမျှ အာမခံနိုင်ခြင်း မရှိပေ။

"တကယ် ခိုးချတာပဲဖြစ်ဖြစ်၊ အစွပ်စွဲခံရတာပဲဖြစ်ဖြစ် အဆုံးအဖြတ်ပေးမယ့်သူ ရှိပါတယ်... ဒါ ကျွန်တော်တို့ စိတ်တိုင်းကျ ပြောရမယ့်ကိစ္စ မဟုတ်ပါဘူး... စကားတွေ အများကြီး ပြောနေရင် အရာရှိတွေ သတိထားမိလာလိမ့်မယ်... ကိုယ့်ကိစ္စပဲ ကိုယ်အာရုံစိုက်ကြရအောင်"

ကုမင်တာ့က အဖော်များကို ညင်သာစွာ သတိပေးလိုက်သည်။

"အစ်ကိုကု ပြောတာ မှန်တယ်"

"ကျွန်တော်တို့ အစ်ကိုကြီး စကား နားထောင်ကြမယ်"

သူတို့မသိလိုက်ခင်မှာပင် အဖော်များက ကုမင်တာ့ကို ခေါ်ဝေါ်ပုံ ပြောင်းလဲသွားကြသည်။ ဤအာမခံအဖွဲ့သည် မူလကတည်းက ကုမင်တာ့ကို အစ်ကိုကြီးသဖွယ် သဘောထားခဲ့ကြသော်လည်း ခြင်းတောင်းစစ်ဆေးပြီးသည့်နောက်တွင်မူ ကုမင်တာ့ကို အစ်ကိုကြီးအရာ တင်လိုက်ကြပြီး သူပြောသမျှကို ယုံကြည်လက်ခံလိုက်ကြလေသည်။

ခဏကြာ စောင့်ဆိုင်းပြီးနောက် နောက်ဆုံးတွင် ကနဦးစစ်ဆေးရန် သူတို့အလှည့် ရောက်လာခဲ့သည်။

လိမ်လည်သူ စာသင်သားတစ်ဦး ပေါ်ထွက်လာသောကြောင့် ဖြစ်မည်။ ထိုသူနောက်ပိုင်း စစ်ဆေးမှုများမှာ အလွန် တင်းကျပ်လာသည်။ ကုမင်တာ့တို့ ငါးယောက်ကို အကြိမ်ကြိမ်အခါခါ စစ်ဆေးပြီး ဆံပင်များထဲတွင် တစ်ခုခု ကျန်နေမည်စိုး၍ ဆံပင်ကိုပင် အကြိမ်ကြိမ် ဖြေချခိုင်းပြီး ဆွဲကြည့်ကြလေသည်။

ကံကောင်းစွာပင် ငါးယောက်သား ကြိုတင်စစ်ဆေးထားကြသဖြင့် ဤအဆင့်ကို သီသီလေး လွတ်သွားခဲ့ကြသည်။

ကနဦးစစ်ဆေးမှု ပြီးနောက် အာမခံစာ စစ်ဆေးခြင်းအလှည့် ရောက်လာသည်။ သက်ဆိုင်ရာ မြို့နယ်အရာရှိများက အာမခံစာပါ အကြောင်းအရာများကို တစ်ခုချင်း တိုက်ဆိုင်စစ်ဆေးပြီး ငါးယောက်သား၏ ရုပ်ရည်သွင်ပြင်သည် စာထဲပါ ဖော်ပြချက်များနှင့် ကိုက်ညီကြောင်း လူစားထိုးခြင်း မရှိကြောင်း အတည်ပြုကြသည်။

အာမခံစာ စစ်ဆေးခြင်း ပြီးဆုံးသောအခါ ငါးယောက်သား စာမေးပွဲခန်းမထဲသို့ ဝင်ရောက်ခွင့် ရရှိကြသည်။ သူတို့ကို တစ်နေရာတည်းတွင် ထားမည်မဟုတ်ဘဲ မဲနှိုက်၍ ခုံနံပါတ် သတ်မှတ်ပေးမည် ဖြစ်သည်။

"ဘုရား ကယ်ပါ... ဘုရား ကယ်ပါ... အိမ်သာနံပါတ် မကျပါစေနဲ့... အိမ်သာနံပါတ် မကျပါစေနဲ့"

ကျန့်ချီက တိုးတိုးလေး ရေရွတ်နေ၏။

အိမ်သာနံပါတ် ဆိုသည်မှာ အထွက်ပေါက်နှင့် နီးသော၊ အိမ်သာနှင့် နီးသော နံပါတ်ကို ဆိုလိုသည်။

စာမေးပွဲခန်းမတွင် ဖြေဆိုသူ ထောင်ပေါင်းများစွာ ရှိသော်လည်း မစင်ပုံးမှာ ဆယ်ဂဏန်းလောက်သာ ရှိသည်။ မစင်ပုံးများ အားလုံးကို တစ်နေရာတည်းတွင် ထားရှိပြီး မစင်နှင့် ဆီးများ ရောနှောနေသဖြင့် အနံ့ဆိုးမှာ ပြောစရာပင် မလိုတော့ပေ။

စာမေးပွဲတိုင်းတွင် မစင်ပုံးနားရှိ အိမ်သာနံပါတ် ကျသော ကံဆိုးသူအချို့ အမြဲရှိတတ်ပြီး၊ အနံ့ဆိုးကို မခံနိုင်၍ စာမေးပွဲခန်းမထဲတွင် မေ့လဲသွားသော ဖြေဆိုသူများလည်း ရှိတတ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် ရမှတ်ကောင်း ရရှိရန်မှာ အလွန် ခက်ခဲလှပေသည်။

"ကျန့်ချီ... နံပါတ် ၂၂"

စာရေးက ခုံနံပါတ်ကို ကြေညာလိုက်သောအခါ ကျန့်ချီသည် ဤစာမေးပွဲခန်းမနှင့် အလွန်ရင်းနှီးသော ကုမင်တာ့ကို အကူအညီတောင်းသည့် မျက်လုံးများဖြင့် ချက်ချင်း လှမ်းကြည့်လိုက်သည်။

ကုမင်တာ့ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

"စိတ်မပူပါနဲ့... အိမ်သာနံပါတ် မဟုတ်ပါဘူး"

ကျန့်ချီ ဝမ်းသာအားရ ဖြစ်သွားပြီး အရာရှိနောက်သို့ လိုက်ကာ စာမေးပွဲခန်းမ အတွင်းပိုင်းသို့ ဝင်သွားလေသည်။

ကုမင်တာ့သည် ဒီနေ့ စာမေးပွဲခန်းမသို့ လာရာလမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသော အခက်အခဲများကို တွေးမိလိုက်သည်။

သူ့ကံဆိုးမှုများ မကုန်ဆုံးသေးဟု ခံစားနေရ၏။ စာမေးပွဲ မဖြေနိုင်အောင် သူ့ကို အိမ်သာနံပါတ် ချပေးလိုက်မည်လားဟု စိုးရိမ်နေမိသည်။

"ကုမင်တာ့...ဂ ၄၁..."

အရာရှိက သူ့ခုံနံပါတ်ကို ဖတ်ပြလိုက်သောအခါ ကုမင်တာ့ ထင်သည့်အတိုင်း ဖြစ်လာပြီဟု ခံစားလိုက်ရသည်။ မစင်ပုံးများကို စာမေးပွဲခန်းမ ဂ ဧရိယာတွင် ထားရှိသဖြင့် သူ အိမ်သာနံပါတ် ကျတော့မည်မှာ သေချာသလောက် ဖြစ်နေသည်။

သို့သော် နောက်တစ်စက္ကန့်တွင် စာရေးက ရုတ်တရက် ပြောလိုက်၏။

"မှားသွားလို့... ဂ နံပါတ်တွေ ကုန်သွားပြီ... ကုမင်တာ့... ခင်ဗျားက နံပါတ် ၅၁"

ထိုစကားကို ကြားသောအခါ ကုမင်တာ့ ကြောင်သွားပြီး အရာရှိနောက်သို့ လိုက်ကာဧရိယာသို့ သွားလိုက်သည်။ နှစ်ပေါင်းများစွာ မြူနှင်းများ ဖုံးလွှမ်းနေသော သူ့ခေါင်းပေါ်ရှိ ကောင်းကင်ကြီး ရုတ်တရက် တိမ်စင်သွားပြီး လင်းထိန်လာသကဲ့သို့ ခံစားလိုက်ရသည်။ သည်ဧရိယာသည် အိမ်သာနံပါတ်နှင့် ဘာမှမဆိုင်ပေ။

စာမေးပွဲတဲမှာ ကျဉ်းမြောင်းပြီး ဆွေးမြည့်နေသည်။

ကုမင်တာ့သည် စာရေးကိရိယာများ၊ မင်၊ စက္ကူနှင့် ကျောက်မင်သွေးခွက်များ ပါဝင်သော ခြင်းတောင်းကို သယ်ဆောင်လျက် ခြေလှမ်းကျဲကျဲဖြင့် ဝင်သွားလိုက်သည်။

သူက အတွင်းရှိ ပရိဘောဂများကို ချက်ချင်း စစ်ဆေးလိုက်၏။

စားပွဲက ကောင်းမွန်ပြီး ထိုင်ခုံလည်း မကျိုးပေ။

ခေါင်းပေါ်သို့ မော့ကြည့်လိုက်ရာ လေလုံမိုးလုံကြောင်း တွေ့ရသည်။

အရာရာ ပြည့်စုံကောင်းမွန်ပြီး အိမ်သာနံပါတ်မဟုတ်သော ဤစာမေးပွဲတဲမျိုး ရရှိခြင်းသည် သူ၏ အနှစ် ၂၀ နီးပါး စာမေးပွဲဖြေဆိုသည့် သက်တမ်းတစ်လျှောက် ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုပင်။

သူ ပညာသင်အဆင့် အောင်မြင်ခဲ့စဉ်က စာမေးပွဲမတိုင်မီ မတော်တဆမှု မရှိခဲ့သော်လည်း စာမေးပွဲဖြေနေစဉ် မိုးရွာပြီး တဲမိုးယိုခဲ့သည်။ သူသည် စာမေးပွဲမေးခွန်းများကို ပြီးဆုံးအောင် ခက်ခက်ခဲခဲ ဖြေဆိုခဲ့ရပြီး ပြန်ထွက်လာသောအခါ အကြီးအကျယ် ဖျားနာခဲ့ရသည်။

ကုမင်တာ့သည် သူ့စိတ်ထဲတွင် တိတ်တဆိတ် သတိပေးလိုက်သည်။ ယခု စာမေးပွဲခန်းမ အခြေအနေ ပုံမှန်ဖြစ်နေပြီဆိုလျှင် သူနဲ့ ကပ်လျက်က ဖြေဆိုသူများ ပုံမှန်မဟုတ် ဖြစ်နေမည်ကို စိုးရိမ်ရသည်။

တစ်ခါက သူ စာကောင်းကောင်း ရေးနေစဉ် ဘေးခန်းမှ ဖြေဆိုသူက မေးခွန်းဖြေရင်း စိတ်ဓာတ်ကျကာ ရုတ်တရက် ရူးသွားပြီး ဘေးပတ်ဝန်းကျင်ရှိ ဖြေဆိုသူများ၏ စာရွက်ပေါ်သို့ မင်များ လိုက်ပက်ခဲ့ဖူးသည်။

သူသည် ထိုရူးသွားသော ဖြေဆိုသူ၏ ရွေးချယ်ခြင်းခံရပြီး စာရွက်များ ပျက်စီးခဲ့ရဖူးသည်။

ကုမင်တာ့သည် စာမေးပွဲတဲထဲတွင် အမွှေးတိုင်တစ်တိုင် ကုန်ခန့်ကြာအောင် ထိုင်နေပြီးနောက် အဝေးမှ သစ်သားပြားခေါက်သံကို ကြားလိုက်ရသည်။

ထို့နောက် ချက်ချင်းပင် စာမေးပွဲခန်းမ၏ ကြီးမားသော တံခါးကြီးများ ပိတ်သွားလေသည်။

"တံခါးပိတ်ပြီး နေရာယူကြပါ”

စာမေးပွဲခန်းမအတွင်းရှိ ဖြေဆိုသူ တစ်ထောင်နီးပါး ကြားနိုင်စေရန် ဤစကားကို အကြိမ်ကြိမ် အော်ဟစ်ကြေညာလိုက်သည်။

မကြာမီ အရာရှိများ ရောက်လာပြီး အဖြေလွှာရေးရန် အကွက်ဖော်ထားသော စက္ကူနီများကို ဝေငှပေးရာ ကုမင်တာ့က သေချာ စစ်ဆေးလိုက်သည်။

စက္ကူမှာ ပြန့်ပြူးပြီး အရာမထင်၊ ထောင့်မကျိုးသလို အစွန်းအထင်းလည်း မရှိပေ။

သူက နာမည်နှင့် အခြားအချက်အလက်များကို ရေးသားနေစဉ် အရာရှိအချို့က သစ်သားပြားများကို ကိုင်ဆောင်ကာ လိုက်လံပြသနေသည်ကို တွေ့လိုက်ရသည်။ သစ်သားပြားပေါ်တွင် ကပ်ထားသည်မှာ ဤအပိုင်းအတွက် မေးခွန်းများ ဖြစ်သည်။

နှစ်ပေါင်းများစွာ စာမေးပွဲ ကျရှုံးခဲ့မှုများက ကုမင်တာ့ကို အလွန် သတိကြီးသော အကျင့်စရိုက် ဖြစ်သွားစေခဲ့သည်။

သူက မေးခွန်းများကို အကြိမ်ကြိမ် ဖတ်ပြီး တစ်လုံးချင်း သေချာဖတ်ပြီးနောက် မည်သည့်အရာမျှ ကျန်ခဲ့ခြင်း၊ မှားယွင်းခြင်း မရှိကြောင်း သေချာမှ ပုစ္ဆာဖြေရှင်းရန် စတင် စဉ်းစားလေသည်။

စာမေးပွဲကို တစ်ရက်ကြာ ကျင်းပမည်ဖြစ်ပြီး မနက် ၇ နာရီမှ ၉ နာရီကြားစတင်ကာ ညနေ ၅ နာရီတွင် ပိတ်မည် ဖြစ်သည်။

နေ့လယ်ရောက်သောအခါ ကုမင်တာ့သည် ခြင်းတောင်းထဲမှ ကျန်းယွင်နန် မနက်က ထည့်ပေးလိုက်သော ကိတ်မုန့်များကို ယူကာ တစ်ခုပြီးတစ်ခု စားသောက်လိုက်သည်။

သူ မေးခွန်းများကို ဖြေဆိုပြီးသလောက် ရှိနေပြီဖြစ်၍ နေ့လယ်ပိုင်းတွင် အဖြေလွှာပေါ် ကူးရေးပြီးပါက စောစော အပ်နိုင်ပြီပင်။

ဟုတ်တယ်... အဖြေလွှာကို စောစော အပ်မယ်။

ကုမင်တာ့သည် စာမေးပွဲခန်းမထဲတွင် ကြာကြာနေရန် အစီအစဉ် မရှိပေ။ သူ့ကံတရားအရ ကြာကြာနေလေ မတော်တဆမှု ဖြစ်နိုင်ချေ များလေဟု ခံစားရသောကြောင့် ဖြစ်သည်။

ကိတ်မုန့် မကုန်ခင်မှာပင် မတော်တဆမှု ရောက်လာလေတော့သည်။

"မအောင်နိုင်ဘူး..စာမေးပွဲခန်း ဝင်လို့မရဘူး…မင်း စာမေးပွဲအောင်မှာ မဟုတ်ဘူး.."

ကုမင်တာ့၏ ဘေးခန်းမှ အသက် ၄၀ အရွယ် လူလတ်ပိုင်းတစ်ဦး ရုတ်တရက် ခုန်ထွက်လာသည်ကို သူ မြင်လိုက်ရသည်။

သူက ကိတ်မုန့်ကို ချက်ချင်းချလိုက်ပြီး သူ့ရှေ့မှ စာရွက်ပုံကို ကောက်ယူကာ ထိုရူးသွားသောလူ ဖျက်ဆီးမည်ကို စိုးရိမ်၍ နောက်ကျောဘက်တွင် ဝှက်ထားလိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် ကုမင်တာ့၏ စာမေးပွဲတဲထဲသို့ အရူးတစ်ယောက်လို ခုန်ဝင်လာပြီး စာရွက်များကို လုယူရန် လက်လှမ်းလိုက်လေသည်။

သူက ကုမင်တာ့၏ စားပွဲပေါ်တွင် အမှိုက်ပုံကိုသာ တွေ့လိုက်ရပြီး စာရွက်များကို မတွေ့သဖြင့် မျက်လုံးပြူးသွားကာ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်သွားတော့သည်။

"စာရွက်…စာရွက်တွေ ဘယ်ရောက်သွားလဲ…မင်းရဲ့ စာရွက်တွေ ဘယ်မှာလဲ.."

All Chapters