← Chapters

ဖျားနာခြင်း

Vol. 5 Ch. 49

ဖျားနာခြင်း

Vol. 5 Ch. 49

ကုမင်တာ့သည် ပြန်မဖြေဘဲ စာရွက်များကို ကာကွယ်လျက် နောက်သို့ ဆုတ်လိုက်သည်။

လူလတ်ပိုင်းအရွယ် အမျိုးသားသည် လက်လှမ်းပြီး လုယူရန် ကြိုးစားနေ၏။ သို့သော် သူ့လက်က ကုမင်တာ့ဆီ မရောက်ခင်မှာပင် အစောင့်နှစ်ယောက် ပြေးဝင်လာပြီး သူ့ကို ဖမ်းချုပ်လိုက်ကြ၏။

“ငြိမ်ငြိမ်နေစမ်း... မင်းစာမေးပွဲမဖြေနိုင်တာနဲ့ သူများကို ဒုက္ခပေးချင်နေသေးတာလား”

အစောင့်တစ်ယောက်က အော်ငေါက်လိုက်လေသည်။

နောက်ထပ် အစောင့်တစ်ယောက်က ကုမင်တာ့ကို မေးခွန်းထုတ်လိုသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

ကုမင်တာ့က လက်ကာပြပြီး ပြောလိုက်သည်။

“ရပါတယ်... ကျွန်တော့်စာရွက်တွေ ဘာမှမဖြစ်ပါဘူး”

အစောင့်က ခေါင်းညိတ်ပြပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကို စာမေးပွဲခန်းမ ဟိုဘက်အခြမ်းသို့ ဆွဲခေါ်သွားလေတော့၏။

စာမေးပွဲခန်းမထဲမှ လေထုမှာ အလွန်လေးလံနေပြီး လေပင် မတိုးတော့သကဲ့သို့ ရှိသည်။ ကုမင်တာ့ အပြင်သို့ လှမ်းကြည့်လိုက်ရာ မူလက တိမ်ကင်းစင်နေသော ကောင်းကင်ကြီးသည် ယခုအခါ မီးခိုးရောင် ပြောင်းလဲသွားပြီ ဖြစ်၏။ သူသည် ကိတ်မုန့်ကို စက္ကန့်ပိုင်းအတွင်း အကုန်စားလိုက်ပြီးနောက် စာရေးသားရန် ပြင်ဆင်လိုက်သည်။

မင်ခြောက်အောင် မှုတ်ပြီးသည်နှင့် ကုမင်တာ့သည် တစ်စက္ကန့်မျှ တုံ့ဆိုင်းမနေဘဲ အဖြေလွှာကို ချက်ချင်း အပ်လိုက်လေသည်။

အဖြေလွှာများကို စာမေးပွဲခန်းစောင့်သူများက လုံခြုံစွာ သိမ်းဆည်းသွားသည်ကို သူ ကိုယ်တိုင် မျက်စိဖြင့် မြင်တွေ့လိုက်ရပြီး အဖြေလွှာများကို ချိတ်ပိတ်ကာ ရောနှောလိုက်ပြီးနောက်မှသာ သူ့ရင်ထဲမှ အလုံးကြီး ကျသွားတော့၏။

အရာရှိများ၏ လမ်းညွှန်မှုအောက်တွင် သူသည် ခြင်းတောင်းကို သယ်ဆောင်ကာ စာမေးပွဲခန်းမထဲမှ ထွက်ခွာလာခဲ့သည်။

အိမ်ပြန်လမ်းတွင်လည်း သူ သတိထားနေဆဲဖြစ်ပြီး မတော်တဆမှုများ ရံဖန်ရံခါ ဖြစ်ပွားနေသော်လည်း သူ့အပေါ် မကျရောက်ခဲ့ပေ။ သူ ငှားနေသော အိမ်ထဲသို့ ဝင်ရောက်လိုက်ချိန်မှသာ စိတ်အေးသွားရပြီး အိမ်ခေါင်မိုးပေါ်မှ တဖျောက်ဖျောက် ကျဆင်းနေသော အသံများကို ကြားလိုက်ရသည်။

မမျှော်လင့်ဘဲ မိုးရွာချလိုက်ခြင်းပင်။

ကျန်းယွင်နန်က စိုးရိမ်တကြီး ကြည့်ကာ မေးလိုက်၏။

“ယောက်ျား... မိုးမိလာသေးလား”

ကုမင်တာ့က ပြုံးလျက် ခေါင်းခါပြလိုက်သည်။

ကျန်းယွင်နန် သက်ပြင်းချလိုက်ပြီး ဒီနေ့စာမေးပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို မေးမြန်းလေသည်။ မတော်တဆမှုများစွာ ဖြစ်ခဲ့ကြောင်း သိရသောအခါ သူမ၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြန်၏။

“ဘာမှမဖြစ်ပါဘူး... အားလုံးပြီးသွားပါပြီ... ကိုယ် ကောင်းကောင်းမွန်မွန် ပြန်ရောက်လာပြီပဲလေ”

ကုမင်တာ့က ညင်သာစွာ ပြောလိုက်သည်။

ခြံဝင်းထဲရှိ အခြားအိမ်များမှ လူများသည် မိုးရွာသည်ကို မြင်သောအခါ ထီးကိုယ်စီ ဆောင်းကာ စာမေးပွဲသွားဖြေနေသော မိသားစုဝင်များကို သွားကြိုကြလေသည်။

ယခုအချိန်တွင် အိမ်ထဲ၌ ပုန်းအောင်းကာ ခင်ပွန်းသည် မရှိခိုက် အိပ်စက်နေသော ရှောင်စိုင်တစ်ယောက်သာ မိုးသံကို မကြားရဘဲ ရှိနေသည်။

ရှောင်စိုင်သည် အမြဲတမ်း ပျင်းရိတတ်သူ ဖြစ်၏။ မဟုတ်လျှင် သူမသည် အလုပ်များကို ၅ နှစ်အရွယ် မွေးစားသမီးအပေါ် လွှဲချခဲ့မည် မဟုတ်ပေ။

သူမ အိပ်ရာနိုးလာချိန်တွင် စာမေးပွဲသွားဖြေကြသော အခြားစာသင်သားများ အားလုံးကို မိသားစုဝင်များက အိမ်သို့ ပြန်ခေါ်လာကြပြီး ဖြစ်သည်။

မူလက ဖွဲဖွဲလေးရွာနေသော မိုးသည်လည်း ယခုအခါ သည်းထန်စွာ ရွာသွန်းနေပြီ ဖြစ်၏။ ကောင်းကင်တစ်ခုလုံး မည်းမှောင်နေပြီး မိုးရေများဖြင့် ပြည့်နှက်နေကာ လမ်းကိုပင် ကောင်းစွာ မမြင်ရတော့ပေ။

ရှောင်စိုင်သည် ထိတ်လန့်တကြား ထီးတစ်ချောင်း ယူကာ အပြင်ထွက်ရန် ပြင်ဆင်လိုက်စဉ် ဘေးခန်းမှ ချီကတော် ညည်းတွားနေသံကို ကြားလိုက်ရသည်။

“တော်သေးတယ်... ကျွန်မ ရှင်တို့ကို စောစောသွားကြိုလို့... မဟုတ်ရင် မိုးအရမ်းကြီးပြီး ဟိုမှာပဲ သောင်တင်နေတော့မှာ... ဒီဂျင်းပြုတ်ရည်လေး သောက်လိုက်ဦး... အအေးမိ သက်သာအောင်လို့”

ကျောင်းသားချီက ပြုံးလိုက်သည်။

ချီကတော်သည် ရှောင်စိုင်ကို ကြည့်ကာ အနည်းငယ် အံ့သြသွားပြီး ပြောလိုက်သည်။

“မယ်ကျန်း... အခုမှ သွားကြိုမလို့လား... မိုးက သည်းလိုက်တာ... အပြန်ကျရင် ထီးတောင် ကျိုးသွားဦးမယ်... ခဏလောက် စောင့်ပါဦး... မိုးနည်းနည်း တိတ်မှ သွားပေါ့”

ရှောင်စိုင်သည် မျက်နှာပျက်ပျက်နှင့်ပင် ပြန်ပြောလိုက်သည်။ သူမ၏ ရင်ထဲတွက ထိတ်လန့်နေမှုကို ထုတ်မပြောတော့ပေ။ ကျန်းကွမ်ကျုံးက ဒေါသကြီးသူ ဖြစ်၏။ မိုးသည်းနေချိန်တွင် သူမက အိပ်ပျော်နေပြီး သွားမကြိုမိသဖြင့် ပြန်လာလျှင် သူမကို ဘယ်လို ဆက်ဆံမလဲဆိုတာ မသိနိုင်ပေ။

သူမ ရင်ထဲတွင် မိုးနည်းနည်း တိတ်ပါစေဟုသာ ဆုတောင်းနေမိသည်။

သို့သော် ကံတရားက သူမ၏ ဆုတောင်းသံကို မကြားသကဲ့သို့ မိုးက ပို၍ သည်းလာပြီး အိပ်ခန်းမှ မီးဖိုချောင်သို့ ဖြတ်သွားရန်ပင် အလွန်ခက်ခဲနေလေသည်။

ဆောင်းဦးပေါက် မိုးရေက အေးစက်နေပြီး ဆောင်းဝင်ခါနီးဖြစ်၍ အိမ်တံစက်မြိတ်အောက်တွင် ရပ်နေရုံနှင့် အအေးဓာတ်က ကိုယ်ထဲ စိမ့်ဝင်လာသည်ဟု ခံစားရသည်။

ရှောင်စိုင်သည် အေးလွန်းသဖြင့် အပေါ်ထပ်အင်္ကျီ ထပ်ဝတ်လိုက်ရပြီး အိမ်တံစက်မြိတ်အောက်တွင်ပင် မရပ်ရဲတော့ဘဲ အိမ်ထဲတွင်သာ ပုန်းအောင်းကာ စိုးရိမ်စိတ်ဖြင့် ဂနာမငြိမ် ဖြစ်နေသည်။ ရံဖန်ရံခါ ပြတင်းပေါက်ဖွင့်ပြီး အပြင်သို့ လှမ်းကြည့်သော်လည်း မိုးက တိတ်မည့် အရိပ်အယောင် လုံးဝ မပြပေ။

ကျန်းကွမ်ကျုံးသည် စာမေးပွဲခန်းမ အပြင်ဘက်ရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ အေးစက်နေသော လက်ဖက်ရည်ခွက်ကို စောင့်ရင်း စိတ်ထဲတွင် ရှောင်စိုင်ကို အကြိမ်ကြိမ်အခါခါ ကျိန်ဆဲနေလေသည်။

“စားပွဲထိုး... ရေနွေး နည်းနည်းလောက် ထပ်ထည့်ပေးပါဦး”

ကျန်းကွမ်ကျုံးက ဆိုင်အကူကို ပြောလိုက်သည်။

ဆိုင်အကူက မကျေမနပ်ဖြင့် ရေနွေးအနည်းငယ် ထည့်ပေးပြီးနောက် မေးလိုက်သည်။

“ဧည့်သည်... ရေနွေးပဲ လိုတာလား... ဆိုင်မှာ ပူပူနွေးနွေး စားစရာတွေ ရှိသေးတယ်... တစ်ပွဲလောက် ယူမလား”

ကျန်းကွမ်ကျုံး ခေါင်းခါလိုက်သည်။

သူ့တွင် ပိုက်ဆံ သိပ်မပါပေ။ မူလက ရှောင်စိုင် လာကြိုမည်ဟု မျှော်လင့်ခဲ့သော်လည်း ယခုအချိန်ထိ အရိပ်အယောင်ပင် မမြင်ရပေ။ မိုးက ပိုသည်းလာပြီး လူရိပ်လူယောင်ပင် မတွေ့ရတော့ပေ။ ကျန်းကွမ်ကျုံးသည် တစ်နေကုန် စာမေးပွဲဖြေထားပြီး နေ့လယ်ကလည်း ဖြစ်သလိုသာ စားခဲ့ရသဖြင့် ယခုအခါ ဗိုက်ဆာနေပြီ ဖြစ်သည်။

စာမေးပွဲခန်းမ အနီးရှိ လက်ဖက်ရည်ဆိုင်မှ ပစ္စည်းများသည် အခြားနေရာများထက် ဈေးကြီးပြီး ယခုလို မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ဈေးနှုန်းများက ပိုမို မြင့်တက်လာလေသည်။

မြို့ထဲရှိ အခြားနေရာများတွင် ငါးပြားသာ ပေးရသော လက်ဖက်ရည်တစ်အိုးကို ဒီဆိုင်တွင် ပြား၃၀ဖြင့် ရောင်းချနေသည်။

ရေနွေးတစ်အိုးနှင့် လက်ဖက်ခြောက်ကြမ်း အနည်းငယ်ကို ဒီဈေးဖြင့် ရောင်းချခြင်းသည် ဓားပြတိုက်သည်နှင့် မခြားပေ။

လက်ဖက်ရည်တောင် ဒီလောက်ဈေးကြီးနေလျှင် ပူပူနွေးနွေး အစားအစာဆိုလျှင် မိုးခါးရေ သောက်ရမည့် ဈေးဖြစ်နေမည်ကို ကျန်းကွမ်ကျုံး တွေးကြည့်လို့ ရသည်။

“ဧည့်သည်... ခေါက်ဆွဲရပြီ”

ဆိုင်အကူက ပြုံးလျက် ဘေးစားပွဲမှ ဧည့်သည်ကို ခေါက်ဆွဲပူပူတစ်ခွက် လာချပေးသည်။

ကျန်းကွမ်ကျုံးသည် ဗိုက်ကိုဖိကာ ရေကိုသာ တစ်ခွက်ပြီးတစ်ခွက် သောက်နေရသည်။

အခြားသူများ ပူပူနွေးနွေး အစားအစာများကို အရသာရှိရှိ စားသောက်နေကြသည်ကို ကြည့်ပြီး သူ မည်မျှ အားကျနေရလဲဆိုတာ ပြောပြစရာပင် မလိုတော့ပေ။

တံခါးဝမှ ကန့်လန့်ကာ ပွင့်သွားပြီး လေအေးများ ဝင်ရောက်လာသည်။

ကျန်းကွမ်ကျုံးသည် အေးစိမ့်သွားပြီး နှာချေလိုက်မိသည်။

“ထားလိုက်ပါတော့... ငါက ဒီမှာ ဒုက္ခခံနေရတာ... သူများတွေက အကောင်းစားဖို့ပဲ သိတယ်... ငါ ဂရုမစိုက်တော့ဘူး”

ကျန်းကွမ်ကျုံးသည် သူ့ကိုယ်သူ နှစ်သိမ့်လိုက်ပြီး ဆိုင်အကူကို လှမ်းခေါ်လိုက်သည်။

“ဒီမယ်... ခေါက်ဆွဲတစ်ပွဲလောက် ပေးပါ”

ဆိုင်အကူက သူ့ကို ပြုံးပြပြီး မေးလိုက်သည်။

“ဧည့်သည်... ကြက်ဥနဲ့ အသားပါတဲ့ ခေါက်ဆွဲတစ်ပွဲ ပြား၆၀ပါ... မီးဖိုချောင်ကို လုပ်ခိုင်းလိုက်ရမလား”

ထိုစကားကို ကြားသောအခါ ကျန်းကွမ်ကျုံး မျက်လုံးပြူးသွားသည်။

ပုံမှန်ဆိုလျှင် ဒီလိုခေါက်ဆွဲတစ်ပွဲက အလွန်ဆုံးမှ ၂၀ ပြား၊ ၃၀ ပြားလောက်သာ ရှိတတ်သည်။ ဒါ ဓားပြတိုက်တာ မဟုတ်ဘူးလား။

ကျန်းကွမ်ကျုံးသည် လူပြည့်နေသော လက်ဖက်ရည်ဆိုင်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ ပြောချင်တာကို မျိုသိပ်လိုက်ပြီး မေးလိုက်သည်။

“စားပွဲထိုး... ခေါက်ဆွဲအလွတ် မရှိဘူးလား”

ဆိုင်အကူ၏ မျက်နှာပေါ်မှ အပြုံး အနည်းငယ် ပျောက်ကွယ်သွားပြီး ပြောလိုက်သည်။

“ခေါက်ဆွဲအလွတ်က တစ်ပွဲကို ပြား၃၀ပါ... ယူမလား”

ကျန်းကွမ်ကျုံး ခေါင်းညိတ်ရန် ပြင်လိုက်စဉ် ဆိုင်အကူက ရုတ်တရက် ပြောလိုက်သည်။

“ဧည့်သည်... ခင်ဗျားကို ကြည့်ရတာ စာမေးပွဲဖြေဖို့ လာတဲ့ ပညာသင်တစ်ယောက်နဲ့ တူပါတယ်... ဘာလို့ ဒီလောက် ချွေတာနေရတာလဲ... နောက်ရက်နည်းနည်းနေရင် ဒုတိယအဆင့် စာမေးပွဲ ရှိသေးတယ်မလား... ဒီနေ့ မိုးကလည်း သည်းနေတာ... ကောင်းကောင်းမွန်မွန်လေး စားပြီး အားမွေးလိုက်ပါလား”

ကျန်းကွမ်ကျုံးသည် ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးသူ ဖြစ်သည်။ ထိုစကားကို ကြားသောအခါ သနားစိတ်ဝင်သွားပြီး အံကြိတ်ကာ ပြောလိုက်သည်။

“မင်းပြောတာ ဟုတ်တယ်... အသားနဲ့ ကြက်ဥပါတဲ့ ခေါက်ဆွဲတစ်ပွဲ ပေးကွာ”

ဆိုင်အကူက ထိုစကားကို ကြားသောအခါ ချက်ချင်း ပြုံးဖြီးသွားပြီး ဒီမိုးကို ကျေးဇူးတင်လိုက်သည်။ ယခုအချိန်တွင် ဆိုင်ထဲရှိ ဧည့်သည် ၈၀ ရာခိုင်နှုန်းမှာ စာမေးပွဲဖြေမည့် စာသင်သားများ ဖြစ်ကြသည်။ ဒီစကားလုံးလေး သုံးလိုက်ရုံဖြင့် အသားခေါက်ဆွဲ ဘယ်နှပွဲ ရောင်းရမလဲ မသိနိုင်တော့ပေ။ ဒီည သူ့ဆိုင်က ငွေအများကြီး ရတော့မည်။

အသားခေါက်ဆွဲတစ်ပွဲ စားပြီးနောက် ကျန်းကွမ်ကျုံး၏ ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားပြီး ရှောင်စိုင်အပေါ် ထားရှိသော မကျေနပ်ချက်များ အနည်းငယ်လျော့ပါးသွားသည်။

စားသောက်ပြီးနောက် သူသည် လက်ဖက်ရည်ဆိုင်တွင် ဆက်ထိုင်ကာ မိုးတိတ်မည့်အချိန်ကို စောင့်ရင်း မနက်က အဖြစ်အပျက်ကို ပြန်လည် တွေးတောနေမိသည်။

ပြန်စဉ်းစားကြည့်လျှင် သူ့အကြံအစည်က အလွန် ပါးနပ်သည်ဟု ခံစားရသည်။ နှမြောစရာကောင်းသည်မှာ သူက စာမေးပွဲခန်းမထဲသို့ စောစောဝင်သွားခဲ့သဖြင့် ကုမင်တာ့၏ မျက်နှာကို လှမ်းကြည့်ခွင့် မရလိုက်ခြင်း ဖြစ်သည်။ ကုမင်တာ့သည် သူ့ကိုယ်သူ အမြဲ ဉာဏ်ကောင်းသည်ဟု ထင်နေသော်လည်း အဖော်များ၏ ဆွဲချခြင်းကို ခံရသည့်အခါ ဘယ်လိုမျက်နှာထား ဖြစ်နေမလဲဆိုတာ သူ တွေးကြည့်နေမိသည်။

စာခိုးချကတ်လေးတစ်ခုကြောင့် အပြစ်မဲ့သူတစ်ယောက်၏ ဘဝ ပျက်စီးသွားမည်ကိုမူ ကျန်းကွမ်ကျုံး ဂရုမစိုက်ပေ။

ဒီကာလအတွင်း သူ့ဇာတိတွင် နာမည်ပျက်ခဲ့ရပြီး သူ့ကို အာမခံပေးမည့်သူ ရှာတွေ့ရန် အတော်ကြိုးစားခဲ့ရသည်ဟု ကျန်းကွမ်ကျုံး တွေးမိသည်။ ကုမင်တာ့က သူ့ကို အရာရာတွင် ဒုက္ခပေးနေသည်ဟု သူ ခံစားနေရသည်။

ကုမင်တာ့နှင့် အာမခံယူမည့်သူများသည်လည်း သူ့အမြင်တွင် ရန်သူများသာ ဖြစ်ကြသည်။

ဆိုင်အကူသည် ပန်းကန်လာသိမ်းချိန်တွင် ကျန်းကွမ်ကျုံးကို ဖြတ်ကျော်သွားရင်း မျက်မှောင်ကြုတ်ကာ စိတ်ထဲတွင် တွေးလိုက်သည်။

“ဒီဧည့်သည်က တော်တော်ထူးဆန်းတာပဲ... မိုးသည်းလို့ အိမ်မပြန်နိုင်တာကို ဘာလို့ ဒီလောက် ပျော်ပြီး ပြုံးနေရတာပါလိမ့်”

အပြင်တွင် မိုးက မတိတ်သေးဘဲ ညဉ့်နက်နေလေပြီ။ လက်ဖက်ရည်ဆိုင် ပိတ်ချိန်ရောက်သော်လည်း ဧည့်သည်အချို့ မိုးထဲတွင် ပြန်သွားကြပြီး ကျန်ဧည့်သည်များမှာ ပြန်လို့မရဘဲ သောင်တင်နေကြသည်။

လက်ဖက်ရည်ဆိုင်က လူများကို မောင်းမထုတ်သော်လည်း တံခါးဖွင့်ပေးထားသည့်အတွက် အခကြေးငွေ အနည်းငယ် ကောက်ခံလေသည်။

ကျန်းကွမ်ကျုံးသည် အံကြိတ်ကာ ငွေထပ်ပေးလိုက်ရပြီး အခြားသူများကဲ့သို့ပင် ကုလားထိုင်ပေါ်တွင် ထိုင်လျက် တစ်ညလုံး အေးစက်စွာ ကုန်ဆုံးလိုက်ရသည်။

တစ်ညလုံး အအေးဒဏ်ကို သူ ခါးစည်းခံလိုက်ရသည်။

နောက်တစ်နေ့တွင် ကောင်းကင်ကြီးက မီးခိုးရောင် သမ်းနေဆဲပင်။

သို့သော် သတင်းကောင်းမှာ မိုးတိတ်သွားခြင်းပင်။

လက်ဖက်ရည်ဆိုင်ရှိ ဧည့်သည်များ အားလုံး ထပြန်ကြပြီး အများစုမှာ နွမ်းနယ်ကာ ကြည့်မကောင်း ဖြစ်နေကြသည်။

ကျန်းကွမ်ကျုံးသည် ခေါင်းမူးနေသည်ဟု ခံစားရသည်။ သူ၏ အကြံအစည် အောင်မြင်ခဲ့သည့် ပျော်ရွှင်မှုများ ပျောက်ဆုံးသွားပြီး အိမ်သို့ မြန်မြန်ပြန်ရောက်ကာ အိပ်ရာပေါ် လှဲချပြီး အိပ်စက်ချင်စိတ်သာ ရှိတော့သည်။

လမ်းတွင် သူ့ကို လိုက်ရှာနေသော ရှောင်စိုင်နှင့် တည့်တည့်တိုးလေသည်။

ရှောင်စိုင်က သူ့ကို မျက်နှာချင်းမဆိုင်ရဲဘဲ ကြည့်နေသည်။

ကျန်းကွမ်ကျုံးက သူမကို စိုက်ကြည့်လိုက်သည်။ သူ့ရင်ထဲတွင် ဆဲဆိုချင်သော စကားလုံးပေါင်း ထောင်ချီ ရှိနေသော်လည်း တစ်ညလုံး အိပ်မပျော်ခဲ့သဖြင့် အားအင်ကုန်ခမ်းနေပြီး ဆဲဆိုရန်ပင် အားမရှိတော့ပေ။

ရှောင်စိုင်သည် သူ့ကို တွဲကာ အိမ်သို့ ပြန်ခေါ်လာခဲ့ပြီး အိမ်ရောက်သည်နှင့် သူက ကုတင်ပေါ်သို့ ပစ်လှဲချလိုက်သည်။

“ယောကျ်ား... ထမင်းချက်ပေးမယ်နော်... ဒါပေမဲ့ ကျွန်မဆီမှာ ပိုက်ဆံမရှိတော့ဘူး...”

ရှောင်စိုင်က သတိထားပြီး ပြောလိုက်သည်။

ကျန်းကွမ်ကျုံးသည် ခေါင်းအုံးနှင့် ထိသည်နှင့် တစ်ခဏအတွင်း ဟောက်သံထွက်လာပြီး ရှောင်စိုင် ပြောသည်ကို ကြားလိုက်ပုံ မရပေ။

ရှောင်စိုင်က သူ့ကို ဖွဖွလေး လှုပ်နှိုးကြည့်သော်လည်း ဘာမှ မတုံ့ပြန်ပေ။ သေချာ ကြည့်လိုက်သောအခါ ကျန်းကွမ်ကျုံး၏ ပါးပြင်များ နီရဲနေပြီး သတိမရတော့သည်ကို တွေ့လိုက်ရသည်။

၁၅ မိနစ် ကြာပြီးနောက်။

ကုမိသားစု၏ အိမ်အပြင်ဘက်မှ အမျိုးသမီးတစ်ဦး၏ ငိုသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“အစ်မကြီး... ခဲအို.... ကျွန်မတို့က ဆွေမျိုးတွေပါ... ကျွန်မက မိန်းမသားတစ်ယောက်တည်းပါ... ဖူချိန်မြို့မှာ တခြားသိတဲ့လူလည်း မရှိပါဘူး... ကျွန်မယောက်ျား ဖျားနေလို့ပါ... ကူညီကြပါဦး”

All Chapters