ပါးစပ်ဖွင့်လိုက်ရုံပဲ
Vol. 5 Ch. 50
ကျန်းယွင်နန် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် မောင်အရင်းနှင့် ယောက်မဖြစ်သူကို အလွန် ငြီးငွေ့နေပြီ ဖြစ်သည်။
“ယောက်ျား... ရှင် အိမ်ထဲမှာပဲ နေခဲ့... ကျွန်မ သွားကြည့်လိုက်မယ်”
ကျန်းယွင်နန်က ခင်ပွန်းသည်ကို မပတ်သက်စေချင်ပေ။
ကုမင်တာ့က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
“လင်နဲ့မယားဆိုတာ တစ်သားတည်းပဲလေ... ကိုယ် မင်းနဲ့အတူ လိုက်ခဲ့မယ်... ကလေးတွေကို ညီမလေးဆီ အရင်ပို့ပြီး ကြည့်ခိုင်းထားလိုက်ရအောင်”
သူ့၏ "ညီမလေး" ဆိုသည်မှာ လျူရှောင်ရူ ဖြစ်သည်။
လျူရှောင်ရူနှင့် ကျန်းယွင်နန်တို့သည် စကားပြော အလွန် ကိုက်ညီကြပြီး သစ္စာရှိသော ညီအစ်မများသဖွယ် ဖြစ်နေကြလေပြီ။
ကျန်းယွင်နန် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
“နျိုနျိုနဲ့ ကစားရမယ်ဆိုရင် ရှောင်ရူ ဝမ်းသာနေမှာ”
လျူရှောင်ရူသည် နျိုနျိုကို အလွန်ချစ်သည်။ သူမ၏ ချစ်ပုံချစ်နည်းက နောင်တစ်ချိန် သူမတွင် ကိုယ်ပိုင်ကလေး ရှိလာလျှင်တောင် နျိုနျိုလောက် ချစ်ပါ့မလားဟု ကျန်းယွင်နန် ထင်မိသည်အထိပင်။
ကျန်းယွင်နန် တံခါးဖွင့်ထွက်ရန် ပြင်လိုက်စဉ် အိမ်အပြင်ဘက်မှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ကြားလိုက်ရသည်။ ကုမင်တာ့က သူမကို ဆွဲထားပြီး ပြောလိုက်သည်။
“ခဏနေမှ ထွက်ရအောင်”
ရှောင်စိုင်၏ အော်ဟစ်သံကြောင့် ခြံဝင်းထဲရှိ လူတစ်စုက ပွဲကြည့်ရန် စုရုံးရောက်ရှိလာကြသည်။
မနေ့မနက်က ခြံဝင်းထဲတွင် ကုမင်တာ့၏ စိတ်ဓာတ်တက်ကြွစေသော စကားများကြောင့် စာသင်သားအများစုသည် ကုမင်တာ့အပေါ် အမြင်ကောင်းကြပြီး ကုမင်တာ့ဘက်မှ ဝင်ပြောပေးကြလေသည်။
“ဒီမိန်းမ... လူလိုချင်ရင်လည်း လူပဲ တောင်းပေါ့... သူများအိမ်ပေါက်ဝ လာပြီး ဘာလို့ အော်ဟစ် ဆဲဆိုနေရတာလဲ”
“ဟုတ်တယ်... မနက်စောစောစီးစီး သူများ အေးချမ်းမှုကို နှောင့်ယှက်တယ်... တခြားလူတွေ စာကျက်ရဦးမယ်လေ”
ထိုစကားကို ကြားသောအခါ ရှောင်စိုင်က ပို၍ သည်းထန်စွာ ငိုကြွေးပြီး ပြောလိုက်သည်။
“ကျွန်မက မိန်းမသားတစ်ယောက်တည်းပါ... ဖူချိန်မြို့မှာ ကိုးကွယ်ရာမဲ့နေတာပါ... အစ်မနဲ့ ခဲအိုကသာ ကျွန်မကို ပစ်ထားရင် ကျွန်မ ဘယ်လိုလုပ်ရမလဲ...”
သူမက အော်ဟစ်နေသော်လည်း ရှောင်စိုင်က ငိုနေဆဲဖြစ်ပြီး အငိုမတိတ်ပေ။ စာသင်သားများ ဘာပြောပြော သူမက ဆက်ငိုနေပြီး သူများတွေက သူမကို ဝိုင်းအနိုင်ကျင့်နေသကဲ့သို့ ပုံစံဖမ်းနေသည်။
စာသင်သားများလည်း သူမကို ဆက်ပြီး မပြောရဲတော့ပေ။ ရှောင်စိုင် တစ်ယောက်တည်း အားလုံးကို ဒုက္ခပေးနေသည်ကိုသာ ကြည့်နေရတော့သည်။
ဒီလောက် ဆူညံနေမှတော့ ခြံဝင်းကလည်း မကျယ်သဖြင့် လျူရှောင်ရူ သတင်းကြားပြီး အမြန် ရောက်လာသည်။ ရှောင်စိုင် ငိုနေသည်ကို တွေ့သောအခါ ဒေါသထွက်လွန်းသဖြင့် ဝင်မရိုက်မိအောင် မနည်း ထိန်းထားရသည်။
လျူရှောင်ရူသည် ကုမိသားစုနှင့် ကျန်းမိသားစုကြား ဆက်ဆံရေးကို သိထားသလို
ကျန်းယွင်နန်၏ ကျန်းကွမ်ကျုံးအပေါ် သဘောထားကိုလည်း သိထားသည်။ သူမသည်လည်း နျိုနျိုကို နှိပ်စက်ခဲ့သော ကျန်းကွမ်ကျုံး လင်မယားကို မုန်းတီးသည်။ သူမက ရှောင်စိုင်ကို နှိမ်နင်းရာတွင် လုံးဝ အားနာခြင်း မရှိပေ။
“နင့်ယောက်ျား ဖျားနေတာနဲ့ ဒီလာပြီး ငိုပြနေတာလား... မသိရင် သေသွားပြီ မှတ်နေမယ်”
ထိုစကားကို ကြားသောအခါ ရှောင်စိုင် ဒေါသထွက်သွားပြီး အငိုတိတ်သွားကာ ပြန်ဆဲလိုက်သည်။
“မိန်းမယုတ်မ... နင်က ငါ့ယောက်ျားကို ကျိန်စာတိုက်ရဲတယ်ပေါ့”
လျူရှောင်ရူ သတိပြန်ဝင်လာကတည်းက သူမ၏ ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ သူမ၏ အစ်မ ကျန်းယွင်နန်၏ ကျေးဇူးကို ဘယ်လိုဆပ်ရမလဲ စဉ်းစားနေချိန်တွင် ရှောင်စိုင်က လာပြီး ရန်စနေသဖြင့် လက်တုံ့ပြန်ရန် အချိန်တန်ပြီဟု ခံစားလိုက်ရသည်။
ကျန်းယွင်နန် ပြောရန် မသင့်တော်သော စကားများကို သူမက ပြောပေးမည်။
ကျန်းယွင်နန် မလုပ်သင့်သော ချောက်ချခြင်း၊ စွပ်စွဲခြင်းကဲ့သို့ ကိစ္စများကို သူမက လုပ်ပေးမည်။
“နင့်ယောက်ျား ဖျားရင် ဆရာဝန် သွားခေါ်ပေါ့... ကုမိသားစု လင်မယားက ဆရာဝန်တွေမှ မဟုတ်တာ... ကျန်းယွင်နန်ကို တွေ့ချင်တာထက် ကုမင်တာ့ကို မြင်ချင်ပြီး လာမြူဆွယ်တာ မဟုတ်ဘူးလား... ဟိုတစ်နေ့က နင် သူ့ကို မျက်စပစ်ပြနေတာ ငါ မြင်တယ်နော်... သူတို့က နင့်ကို လုံးဝ ဂရုမစိုက်တာတောင် နင်က သူများယောက်ျား လိုချင်ပြီး အရှက်မရှိ ကပ်နေတာ”
လျူရှောင်ရူသည် ဝမ်ယောက်ကျူနှင့် ရန်ဖြစ်ဖူးသဖြင့် ယခုအခါ ဆဲဆိုခြင်း အတတ်ပညာ ပြည့်ဝနေပြီး ပါးစပ်ဖွင့်လိုက်ရုံသာ ရှိသည်။
ဒီလိုလုပ်လို့ ရှောင်စိုင် နာမည်ပျက်မလား ဆိုတာကိုတော့ လျူရှောင်ရူ ဂရုမစိုက်ပေ။ သူမက ရှောင်စိုင် နာမည် ပိုပျက်လေ ပိုကြိုက်လေ ဖြစ်သည်။
နျိုနျိုလေးက ဒီလောက် ချစ်စရာကောင်းတာကို နှိပ်စက်ရက်တဲ့ လူမျိုးကို လျူရှောင်ရူ နားမလည်နိုင်ပေ။
လျူရှောင်ရူ၏ စိတ်ထဲတွင် ကျန်းကွမ်ကျုံး လင်မယားကို လူဟုပင် မသတ်မှတ်ထားသဖြင့် ရှောင်စိုင် နာမည်ပျက်ပြီး သေသွားလျှင်တောင် ဂရုစိုက်မည် မဟုတ်ပေ။
ရှောင်စိုင်က ကျန်းယွင်နန်ကို ဆက်ဆံရ ခက်သည်ဟု ထင်ထားသော်လည်း ယခု ပို၍ အကျိုးကြောင်းမသိသော လျူရှောင်ရူနှင့် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“နင်က ဘာကောင်မမို့လို့ ငါတို့ကိစ္စ ဝင်ပါနေရတာလဲ”
ရှောင်စိုင်က ပြောလိုက်သည်။
လျူရှောင်ရူက ချက်ချင်း ပြန်ပြောလိုက်သည်။
“ကျန်းယွင်နန်က ငါ့ရဲ့ မွေးစားအစ်မပဲ... နင်က သူ့ယောက်ျားကို လုချင်နေတာကို ဘယ်သူမှ မပြောရဘူးလား”
ရှောင်စိုင်က ဒီလိုပတ်သက်မှု ရှိနေမှန်း မသိသဖြင့် အစွမ်းကုန် ကာကွယ် ပြောဆိုလိုက်သည်။
“ငါက သူများယောက်ျား မလုပါဘူး... သူတို့က ငါ့အစ်မနဲ့ ခဲအိုလေ... ဆွေမျိုးတွေပါ... ငါ့ယောက်ျားကို သူတို့ ဂရုမစိုက်ရင် ဘယ်သူ ဂရုစိုက်မလဲ... ငါက ရွေးချယ်စရာမရှိတဲ့ မိန်းမသားပါ...”
လျူရှောင်ရူက ပြောလိုက်သည်။
“သူတို့က နင့်အဖေလား နင့်အမေလား... ဘာလို့ ဂရုစိုက်ရမှာလဲ... မနက်စောစောစီးစီး လင်မယားနှစ်ယောက်ကြား ဝင်ရှုပ်ချင်နေတာလား... အရှက်မရှိဘူးလား”
ရှောင်စိုင် မျက်နှာရဲသွားပြီး ပြောလိုက်သည်။
“ငါ အိမ်ထဲ ဝင်သွားလို့လား... ငါက စိတ်ပူလွန်းလို့...”
“စိတ်ပူရင် ဘာလို့ ဆရာဝန် မခေါ်တာလဲ... သူတို့က နင့်မိဘ မဟုတ်သလို ဆေးကုပေးနိုင်တဲ့ လူတွေလည်း မဟုတ်ဘူး... နင့်ယောက်ျား ရောဂါ ပိုဆိုးသွားမှာ မကြောက်ဘူးလား... ဒါမှမဟုတ် တမင် ဆရာဝန်မခေါ်ဘဲ နင့်ယောက်ျား သေအောင် လုပ်ချင်နေတာလား”
ရှောင်စိုင်က ဒီစွပ်စွဲချက်ကို မခံနိုင်သဖြင့် မျက်နှာဖြူဖပ်ဖြူရောဖြင့် ကမန်းကတန်း ပြန်ရှင်းပြသည်။
“ငါ... ငါ လမ်းမသိလို့ပါ... ငါက မိန်းမသားတစ်ယောက်တည်းဆိုတော့ အပြင်မထွက်ရဲလို့ပါ...”
“ပေါက်ကရ...”
လျူရှောင်ရူက ဆဲလိုက်သည်။
“မနက်စောစောစီးစီး နင့်ယောက်ျားကို သွားကြိုတုန်းကကျတော့ တစ်ယောက်တည်း ထွက်ရဲတယ်ပေါ့... အဲ့တုန်းက လမ်းမေးတတ်ပြီး အခုကျမှ မမေးတတ်တော့ဘူးလား... နင့်ယောက်ျားကို နင်သေစေချင်တဲ့ ဆန္ဒမရှိပါဘူးလို့ ပြောဦးမလား”
ရှောင်စိုင်သည် မနက်က ကျန်းကွမ်ကျုံးကို သွားကြိုသည်ကို လျူရှောင်ရူ မြင်ဖြစ်အောင် မြင်လိုက်ပြီး အခုလို လူရှေ့သူရှေ့ ဖွင့်ချလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။
“ကြည့်ကြပါဦး... ဘယ်လို မိန်းမမျိုးလဲ... ယောက်ျားက အိပ်ရာထဲမှာ သေမလား ရှင်မလား မသိဖြစ်နေတာကို သူက နောက်ယောက်ျား ရှာဖို့ စိတ်လောနေတယ်... ခဲအိုကိုတောင် ပြစ်မှားချင်နေတယ်... ဒီလိုလူမျိုးကို လမ်းလယ်ခေါင်မှာ ကြိမ်ဒဏ်ပေးပြီး ဝက်ခြံထဲ ထည့်ထားသင့်တာ”
ရှောင်စိုင်၏ မျက်ရည်များ ကျဆင်းလာသည်။ ဒီတစ်ခါတော့ သူမ တကယ် ဝမ်းနည်းပြီး ငိုနေခြင်း ဖြစ်သည်။ သူမက ကုမိသားစုကို ဆွဲထည့်ပြီး ဆေးဖိုးဝါးခ ရှင်းခိုင်းချင်ရုံသာ ဖြစ်သည်။
ဘာကြောင့် ရုတ်တရက်ကြီး "လင်ခိုးမ" ဆိုတဲ့ နာမည်ဆိုးကို ရသွားရတာလဲ။
သူများခြေထောက်ကို တက်နင်းချင်ကာမှ ကိုယ့်ခေါင်း ပြန်အဖြတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ယခုအခါ ရှောင်စိုင် အမှန်အတိုင်း ပြောရတော့သည်။
“ငါ... ငါ သူတို့ကို လာရှာတာက တကယ်တော့ ပိုက်ဆံ နည်းနည်းလောက် ချေးချင်လို့ပါ... ငါတို့မှာ ပိုက်ဆံကုန်သွားလို့ ဆရာဝန်ပြစရာ ပိုက်ဆံမရှိတော့လို့ပါ...”
သို့သော် သူမ စကားပြောင်းလိုက်သည်နှင့် လျူရှောင်ရူက အကွက်စောင့်နေပြန်သည်။
“ပိုက်ဆံချေးချင်ရင်လည်း ချေးချင်တယ် ပြောပေါ့... ဘာလို့ ဒီမှာ လာငိုနေရတာလဲ... လူသေလို့ ငိုနေသလိုပဲ... ဒီလောက် အသံကျယ်ကျယ် အော်နေတာ ကုမင်တာ့ သတိထားမိအောင် လုပ်ချင်လို့မလား... သူ့ကို နင် မြူဆွယ်ချင်နေတာ”
ထိုစကားကို ကြားသောအခါ ရှောင်စိုင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်ထဲတွင် အမေကျော် ဒွေးတော်လွမ်း ဆဲနေမိသည်။
ထိုအချိန်မှာပင် ကုမိသားစု၏ တံခါး ပွင့်သွားပြီး ကုမင်တာ့ အရင် ထွက်လာသည်။
ရှောင်စိုင်သည် လျူရှောင်ရူကို တကယ် မယှဉ်နိုင်ပေ။ တံခါးဖွင့်သံ ကြားသည်နှင့် သူမ မျက်လုံးများ အရောင်တောက်သွားပြီး ကုမင်တာ့ ထွက်လာသည်ကို မြင်လိုက်ရသည်။
ကုမင်တာ့သည် အပြာရောင် ရှပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သွယ်လျသော ကိုယ်ခန္ဓာနှင့် ချောမောသော ရုပ်ရည်ရှိကာ ရပ်နေသည်မှာ ရှုခင်းပန်းချီကား တစ်ချပ်ကဲ့သို့ပင်။
ဘေးမှ ကြည့်နေသူများသည်လည်း လျူရှောင်ရူ၏ လမ်းကြောင်းလွှဲမှုကို ခံလိုက်ရပြီး ယခုအချိန်တွင် ရှောင်စိုင်နှင့် ကုမင်တာ့ကို အပြန်အလှန် ကြည့်နေကြသည်။
ရှောင်စိုင်က ကုမင်တာ့ကို ကြည့်သော မျက်လုံးများက အလွန် တပ်မက်နေသည်ဟု ခံစားနေကြရသည်။
သို့သော် ကုမင်တာ့၏ မျက်လုံးများကမူ အစမှအဆုံး ရှောင်စိုင်အပေါ် မကျရောက်ခဲ့ပေ။ အားလုံးက စိတ်ထဲတွင် ပန်းက ကြွေချင်ပေမဲ့ ရေက မသယ်ဆောင်ချင်ဘူးဟု တွေးနေမိကြသည်။
“အစ်ကိုကြီး...”
ရှောင်စိုင် ထလိုက်သည်နှင့် လျူရှောင်ရူက ဖြတ်ပြောလိုက်ပြန်သည်။
“အစ်ကိုကြီးလို့ ခေါ်လိုက်တာ ရင်းနှီးလိုက်တာ... အစ်မနဲ့ ရင်းနှီးတာပါ… ခဲအိုနဲ့ ရင်းနှီးတာ မဟုတ်ပါဘူး... နင်က တော်တော် ညစ်ပတ်တာပဲ... ငါ ပြောလိုက်မယ်... ကုမင်တာ့ရဲ့ ရင်ထဲမှာ အစ်မကျန်း တစ်ယောက်ပဲ ရှိတယ်... နင့်ကို မကြိုက်ဘူး”
လျူရှောင်ရူ၏ စက်သေနတ်ပစ်သလို ပြောဆိုမှုများကြောင့် ရှောင်စိုင် မျက်နှာပျက်ရလေသည်။
ကုမင်တာ့သည် တိုက်ရည်ခိုက်ရည် ပြည့်ဝသော လျူရှောင်ရူကို ကြည့်ကာ သိုင်းပညာ ပြည့်ဝသော်လည်း အသုံးချစရာ မရှိတော့သလို ခံစားလိုက်ရသည်။
လောကကြီးက ဒီလိုပါပဲ။ ယောက်ျားတစ်ယောက်က အကြွေးတင်ရင် နာမည်ပျက်ရုံသာ ရှိပြီး ဂုဏ်သိက္ခာ မထိခိုက်ပေမဲ့ မိန်းမသားကျတော့ မတူပေ။
မူလက မရိုးသားသော ရည်ရွယ်ချက်ရှိခဲ့သည့် ရှောင်စိုင်သည် ယခုအခါ ကိုယ့်ခြေထောက် ကိုယ် ကျောက်ခဲနှင့် ထုမိသလို ဖြစ်နေပြီ။
ရှောင်စိုင်သည် ကုမင်တာ့ကို ဆက်မပြောရဲတော့သော်လည်း ကျန်းကွမ်ကျုံးကို လျစ်လျူရှုထား၍ မရပေ။
သူမ နောက်တစ်လှမ်း ဆုတ်လိုက်ပြီး အော်ပြောလိုက်သည်။
“အစ်မ... ကျွန်မယောက်ျားက အစ်မရဲ့ မောင်အရင်းလေ... ဒီအတိုင်း ပစ်ထားလို့ မရဘူးနော်”
ကျန်းယွင်နန်က မျက်နှာထား တင်းတင်းဖြင့် ပြောလိုက်သည်။
“ငါ ဘယ်တုန်းက ပစ်ထားမယ် ပြောလို့လဲ... နင်က ငါတို့အိမ်ရှေ့လာပြီး ဒီလို အော်ငိုနေတာ ဘာသဘောလဲ”
ထိုစကားကို ကြားသောအခါ ရှောင်စိုင် ဆွံ့အသွားသည်။ ကျန်းယွင်နန်က ဒီလောက် သဘောထားကြီးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
တကယ်တော့ ကျန်းယွင်နန်က ကျန်းကွမ်ကျုံးကို သေချာပေါက် ပစ်ထားလိမ့်မည်ဟု သူမ ထင်ထားခဲ့၏။
“ကျွန်မ... ကျွန်မက ကျွန်မယောက်ျားကို လာကြည့်စေချင်လို့ပါ...”
ရှောင်စိုင်က အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
လျူရှောင်ရူက ထပ်ပြီး ခုန်ထွက်လာပြန်သည်။
“ညစ်ပတ်ပြီး ယုတ်မာတဲ့ မိန်းမ... နင့်ယောက်ျား ဖျားနေတာကို လူလာကြည့်စေချင်တာက သူ့ရောဂါကို ဆွေမျိုးတွေဆီ ကူးစေချင်တာလား”
“ကုမင်တာ့ မသွားရင် နင်က သူ့ကို အတင်းကပ်နေဦးမှာ...”
“ကုမင်တာ့သွားလို့ ဖျားပြီး အစ်မကျန်းရဲ့ မိသားစုကိစ္စကြောင့် ဒုက္ခရောက်ကာ ဒုတိယအဆင့် စာမေးပွဲ မဖြေနိုင်ရင်... အစ်မကျန်းကို အပြစ်တင်ပြီး နင်က အခွင့်ကောင်းယူမယ် သူများယောက်ျား လုဦးမယ် နင်က တော်တော် အောက်တန်းကျတာပဲ”
ရှောင်စိုင်သည် လျူရှောင်ရူက ယောက်ျားလုမည့်အကြောင်း ခဏခဏ ပြောနေသည်ကို ကြားရသဖြင့် ရူးချင်လာသည်။ ဘာပဲဖြစ်ဖြစ် လျူရှောင်ရူက ဒီကိစ္စကိုပဲ လှည့်ပတ် ပြောနေတော့သည်။
တခြားပြောစရာ စကား မရှိတော့ဘူးလား။