အခန်း (၁၈၃)
Vol. 19 Ch. 183
“အကယ်၍ ဒီတစ်ကြိမ်မှာ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား လိုအပ်နေတဲ့ ယဇ်ကောင်က ဝိညာဉ်တွေသာ ဖြစ်နေမယ်ဆိုရင်ရော ဝိညာဉ်တွေကိုသာ စားသုံးနေတာဆိုရင် ပြီးခဲ့တဲ့ နှစ်
နှစ်အတွင်းမှာ သူဝါးမြိုခဲ့တဲ့ ဝိညာဉ်အရေအတွက်က သူ့ရဲ့စွမ်းအားကို အဆမတန် မြင့်တက်လာစေဖို့ လုံလောက်နေပါပြီ"
ရွှီရန်၏ စကားကြောင့် ယဲ့ဖျင်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားခဲ့ရသည်။
ဝိညာဉ်တွေကို ယဇ်ပူဇော်တာတဲ့လား။
ဟုတ်သားပဲ။
ငါ ဘာလို့ ဒါကို မတွေးမိခဲ့တာလဲ။
ပထမတစ်ခေါက်တုန်းက ယဇ်ပလ္လင် ကိုးဆယ့်ကိုးခုဟာ တောင်တန်းနယ်ပယ်ကျင့်ကြံသူတွေနဲ့ ကလေးငယ်တွေအပါအဝင် ကျင့်ကြံသူတွေရဲ့ သွေးသားတွေကို ဝါးမြိုခဲ့တာ။
ဒုတိယတစ်ခေါက် လျှို့ဝှက်ဆန်းကြယ်အဆောင်လက်ဖွဲ့တုန်းကတော့ အချိန်မီ နှိမ်နင်းနိုင်ခဲ့လို့ ဆိုးကျိုးတွေ အများကြီး မဖြစ်ခဲ့ဘူး။
အခု တတိယတစ်ခေါက် ရေအောက်ကျောက်တုံးကြီးပေါ်က အဆောင်လက်ဖွဲ့ကတော့ ဝိညာဉ်တွေကို ဝါးမြိုနေတာ ဖြစ်နိုင်တယ်။
ဒီနှစ်တစ်နှစ်တည်းမှာတင် ရေနစ်သေဆုံးသူဦးရေက တစ်သောင်းအထိ ရှိနေပြီ။ ဒါဆိုရင် အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား ဟာ ဝိညာဉ်ပေါင်း တစ်သောင်းလောက်ကို ဝါးမြိုပြီးနေလောက်ပြီ။
ထိုအရာက တကယ့်ကို ကြောက်စရာကောင်းလှသည်။
ယဲ့ဖျင်သည် သူ၏နားထင်ကို ပွတ်လိုက်ရင်း မျက်နှာတစ်ခုလုံး စိုးရိမ်ပူပန်မှုများဖြင့် ပြည့်
နှက်သွားသည်။
“မင်းရဲ့ ခန့်မှန်းချက်သာ မှန်နေမယ်ဆိုရင်တော့ ဒီ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားကအိပ်မက်ဆိုး ကလဲ့စားချေမိခင်ထက် အဆပေါင်း ရာနဲ့ချီပြီး ဒုက္ခပေးမယ့်ကောင်ပဲ"
“သူက ပိုပြီး သတိကြီးတယ်။ ပိုပြီး ဆန်းကြယ်တယ်။ ပုန်းကွယ်ရမှာ ပိုတော်တယ် ပြီးတော့ လူ့အဖွဲ့အစည်းကြားထဲမှာ ပုန်းအောင်းပြီး လျှို့ဝှက်စွာ ပြစ်မှုကျူးလွန်ဖို့ ပိုပြီး ကျွမ်းကျင်တယ်"
ရွှီရန်က ယဲ့ဖျင်၏စကားကို ထောက်ခံသည့်အနေဖြင့် အသာအယာ ခေါင်းညိတ်လိုက်သည်။
တကယ်တော့ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား ဆိုသည်မှာ ရင်ဆိုင်ရအလွန်ခက်ခဲပြီး စိတ်အနှောင့်အယှက် အပေးနိုင်ဆုံး ရန်သူတစ်ဦးပင်။
သို့သော်လည်း ထိုသတ္တဝါမှာ သူ၏ခြေရာလက်ရာများကို လျှို့ဝှက်စွာ ဖုံးကွယ်ထားပြီး အဆောင်လက်ဖွဲ့များကိုသာ အသုံးချကာ သေးငယ်သော လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် တကယ့်ကို ကောက်ကျစ်စဉ်းလဲသည့် သတ္တဝါပင်။
၎င်းတွင်လည်း အားနည်းချက်များ ရှိနေရမည်။
အကယ်၍ ၎င်း၏ အဆောင်လက်ဖွဲ့အတတ်ပညာများကို သင်ယူနိုင်လျှင် သို့မဟုတ် ၎င်း၏ အားနည်းချက်ကို ရှာဖွေနိုင်လျှင် တန်ပြန်တိုက်ခိုက်ရန် နည်းလမ်းများ ရှိလာနိုင်သည်။
“အရမ်း မစိုးရိမ်ပါနဲ့ဦး။ အရင်ဆုံး မြစ်ကြမ်းပြင်က ကျောက်တုံးကြီးပေါ်မှာရှိတဲ့ သင်္ကေတတွေက ဘယ်လိုပုံစံလဲဆိုတာ ကြည့်ရအောင်... ဦးလေးယဲ့ ဓာတ်ပုံရိုက်ထားတယ် မဟုတ်လား"
ယဲ့ဖျင်က ခေါင်းညိတ်ပြရင်း “ရိုက်ထားတာပေါ့။ မင်းကြည့်ရအောင် ငါရှာပေးမယ်"
ဓာတ်ပုံတစ်ပုံသည် ထိုအဆောင်လက်ဖွဲ့၏ ထူးဆန်းကြောက်မက်ဖွယ်ကောင်းမှုကို အပြည့်အဝ မဖော်ပြနိုင်သော်လည်း ဦးလေးယဲ့သည် သူရိုက်ကူးထားသော ပုံကို ရွှီရန်အား ပြသလိုက်သည်။
ရွှီရန်သည် ထိုဓာတ်ပုံကိုယူကာ အသေအချာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် စက္ကန့်အနည်းငယ်အကြာတွင် မော့ကြည့်လိုက်သည်။
“ထူးဆန်းတာပဲ အဲဒီပုံကနေ ဘာထူးဆန်းတဲ့ အငွေ့အသက်မှ ငါ မခံစားရဘူး... ဆန့်ကျင်ဘက်အနေနဲ့ အဲဒီသင်္ကေတတွေဆီကနေ အေးချမ်းတဲ့ ခံစားချက်မျိုးတောင် ရနေသေးတယ်။ ဒါက အရမ်းကို ထူးဆန်းလွန်းတယ်"
“မဟုတ်ဘူး။ ငါတို့ အဲဒီနေရာကို ကိုယ်တိုင်သွားကြည့်မှ ဖြစ်မယ်။ ဒီအရာက လူတွေကို လှည့်စားလွန်းနေပြီ... အခင်းဖြစ်ပွားရာနေရာကို သွားကြစို့”
ယဲ့ဖျင်: “မင်းကိုလာရှာတာလည်း အဲဒီနေရာကို အတူတူသွားကြည့်ဖို့ ဖိတ်ခေါ်ချင်လို့ပဲ။ မင်းလည်း အလုပ်မအားတာမျိုး မရှိဘူး မဟုတ်လား"
ရွှီရန်က ခေါင်းခါပြလိုက်ရင်း “အလုပ်မရှုပ်ပါဘူး။ ကျူးယွီဟန်နဲ့ ကျားသစ်မလေးတို့ တိုက်ခိုက်နေတာကို ကြည့်နေတာပါ"
ယဲ့ဖျင်သည် သားရဲတိုက်ခိုက်ရေးကွင်း၏ အလယ်ဗဟိုသို့ လှမ်းကြည့်လိုက်ပြီး မျက်ခုံးပင့်သွားသည်။
“ဟင် ဒီတိုက်ခိုက်ရေးစွမ်းရည်က... ရှောင်လျိုလီရဲ့ ရွှေရောင်မျှော်စင်လေးကိုတောင် လက်ဝါးတစ်ချက်နဲ့ တိုက်ခိုက်နိုင်တာလား"
သူ မှင်သက်သွားရသည်။ ဤစွမ်းအားမှာ သာမန်ထက် များစွာပို၍ အစွမ်းထက်နေသောကြောင့် ဖြစ်သည်။
“အော်... ဒါက နိဗ္ဗာန်မီးလျှံရဲ့ အစွမ်းကြောင့်လား"
ယဲ့ဖျင်သည် တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် ရွှီရန်အား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။
ရွှီရန်က နွေးထွေးစွာ ပြုံးပြရင်း “ဟုတ်ပါတယ်။ နိဗ္ဗာန်မီးလျှံက ခန္ဓာကိုယ်ကို လောင်မြိုက်စေပြီး နိဗ္ဗာန်ဝင်စံသလို အောင်မြင်မှုကို ရရှိစေတာပါ။ ဒါကြောင့်လည်း ဒီလောက်အထိ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိနေတာပေါ့။ အရမ်းကို အန္တရာယ်များပါတယ်။ အမှားအယွင်း အနည်းငယ်ရှိရုံနဲ့တင် ပြာအဖြစ် ပြောင်းသွားနိုင်တာပါ။ ဒါပေမဲ့ ကျူးယွီဟန်လေးမှာရှိတဲ့ ကောင်းကင်ဘုံကပေးတဲ့ အနှိုင်းမဲ့စွမ်းရည်ကြောင့် အောင်မြင်ခဲ့တာပါ"
ရွှီရန်၏ လေသံကို နားထောင်ရင်း ယဲ့ဖျင်က သူ့ကို အပေါ်အောက် အသေအချာ ပြန်ကြည့်လိုက်ပြီး “ဒါဆို မင်းကရော ဘာလို့ အဲဒါကို ခံနိုင်ရည်ရှိနေတာလဲ"
“ကျွန်တော့်ရဲ့ ကိုယ်ပိုင်နတ်ဘုရားအတတ်ပညာနဲ့ ဖန်တီးထားတဲ့ နိဗ္ဗာန်မီးလျှံကို ကျွန်တော်က ဘာလို့ မခံနိုင်ရမှာလဲဗျ။ ဒါပေမဲ့ ဒီအရာကို သုံးရတာကတော့ ကျွန်တော့်အတွက်လည်း အန္တရာယ်တော့ ရှိတာပါပဲ"
“ကဲ... စကားတွေ အများကြီး မပြောနေတော့ပါဘူး။ မြစ်ကြမ်းပြင်က ကျောက်တုံးကြီးရှိတဲ့ နေရာကို သွားစစ်ဆေးကြစို့။ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ ကိစ္စက ပိုပြီး အရေးကြီးတယ်"
ကျားသစ်မလေးနှင့် ကျူးယွီဟန်တို့ တိုက်ပွဲမှာ မပြီးဆုံးသေးသော်လည်း ရွှီရန်သည် ဆက်လက်ကြည့်မနေတော့ပေ။
သူသည် သူတို့နှစ်ဦး၏ တိုက်ပွဲကို တစ်ချက်မျှသာ လှမ်းကြည့်လိုက်သည်။ ကျားသစ်မလေးမှာမူ သေချာပေါက် နောက်ဆုံးအောင်နိုင်သူ ဖြစ်လာလိမ့်မည်။ သူမ၏ ဒုတိယအဆင့်နှင့် တတိယအဆင့် စွမ်းရည်များမှာ လွန်စွာ အစွမ်းထက်လှသည်။
သူမ၏ ရွှေရောင်မျှော်စင်လေးမှာ တိုက်စစ်၊ ခံစစ်နှင့် ထိန်းချုပ်မှုစွမ်းရည် သုံးခုစလုံးကို တစ်သားတည်း ပေါင်းစပ်ထားခြင်းဖြစ်သည်။ ထို့ပြင် ဟင်းလင်းပြင်ကူးပြောင်းမှုစွမ်းရည်ဖြင့် ကျူးယွီဟန်၏ နောက်ကျောဘက်သို့ ချက်ချင်းရောက်ရှိကာ တိုက်ခိုက်နိုင်သည်။
ကျူးယွီဟန်မှာ သွေးစွမ်းအင်တန်ဖိုး ၁၃,၀၀၀ ကျော်ရှိနေပြီး နိဗ္ဗာန်မီးလျှံ၏ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့များ ရှိနေသော်လည်း ရင်ဆိုင်ရသည်မှာ ခက်ခဲနေဆဲပင်။ လက်ရှိအဆင့်ရှိ ရွှေရောင်မျှော်စင်၏ ထိန်းချုပ်မှုကို ခုခံနိုင်ရန်အတွက် အနည်းဆုံး သွေးစွမ်းအင် ၅၀,၀၀၀ ခန့် ရှိရန် လိုအပ်သည်။
မည်သို့ပင်ဖြစ်စေ ကျူးယွီဟန်အနေဖြင့် ကျားသစ်မလေးနှင့် ဤအဆင့်အထိ ယှဉ်ပြိုင်နိုင်စွမ်းရှိနေခြင်းမှာပင် အလွန်ထူးချွန်လှပြီဖြစ်သည်။ သူမအတွက် အဆင့်သတ်မှတ်ချက်ကိစ္စများကို စိုးရိမ်နေရန် မလိုတော့ပေ။ သူမ၏ ဒုတိယအဆင့်နှင့် တတိယအဆင့် စွမ်းရည်များ နိုးထလာချိန်တွင်မူ ပိုးအိမ်ထဲမှ ရုန်းထွက်လာသော လိပ်ပြာတစ်ကောင်ကဲ့သို့ အံ့မခန်း ပြောင်းလဲသွားပေလိမ့်မည်။
ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း ဦးလေးယဲ့နောက်သို့ လိုက်ပါသွားခဲ့သည်။ မူကြိုကျောင်းဂိတ်ဝတွင် အသင့်စောင့်နေသော ကားပေါ်သို့ တက်လိုက်ကြသည်။
ကားမောင်းထွက်လာချိန်တွင် ရွှီရန်က ဓာတ်ပုံကို ပြန်ကြည့်ရင်း “တခြား ရေနစ်မှု အဖြစ်များတဲ့ နေရာတွေမှာရော ဒီလို အဆောင်လက်ဖွဲ့ သင်္ကေတတွေ ရှိနေတာလား” ဟု မေးလိုက်သည်။
ယဲ့ဖျင်က တောင်ကြီးတစ်တောင်ကဲ့သို့ တည်ငြိမ်စွာဖြင့် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီး “စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့နဲ့ သန့်စင်ရေးတပ်ဖွဲ့တွေကို ဖြန့်ကျက်ပြီး ရှာခိုင်းထားတယ်။ နောက် တစ်နာရီ၊ နှစ်နာရီအတွင်းမှာ သတင်းထူး ရလာမယ်လို့ ငါခန့်မှန်းတယ်။ ကျောက်တုံးကြီးတွေပေါ်မှာ ထွင်းထားတဲ့ သင်္ကေတတွေက ထူးဆန်းတဲ့ အငွေ့အသက် မရှိဘူးဆိုရင်တောင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ သေချာပေါက် ရှာတွေ့မှာပါ။ အချိန်တစ်ခုတော့ ပေးရမှာပေါ့။ မြန်မယ်ဆိုရင် နာရီဝက်အတွင်းတောင် သိရနိုင်တယ်"
ရွှီရန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး “စုံစမ်းစစ်ဆေးရေးနဲ့ သန့်စင်ရေးတပ်ဖွဲ့တွေ လှုပ်ရှားနေတာ ကောင်းပါတယ်။ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ ယုတ်မာပုံအရဆိုရင် ဒါက သူ့ရဲ့ တစ်ခုတည်းသော ပြင်ဆင်မှု မဖြစ်နိုင်ဘူး။ ရေနစ်မှု အဖြစ်များတဲ့ နေရာတိုင်းမှာ ဒီလို ကျောက်ထွင်း သင်္ကေတတွေ ရှိနေလောက်တယ်"
ယဲ့ဖျင်က ခေါင်းညိတ်ကာ “သေချာပေါက် ရှိမှာပဲ။ အဲဒါတွေကို အကုန်ရှာပြီး ဖျက်ဆီးပစ်ချင်တယ် ဒီနတ်ဘုရားရဲ့ နည်းလမ်းတွေက တကယ့်ကို ဆန်းကြယ်တယ်လို့ ပြောရမယ်။ သာမန်ရေနစ်မှုတွေရဲ့ နောက်ကွယ်မှာ ပုန်းအောင်းပြီး စွမ်းအားတွေကို တိတ်တဆိတ် စုဆောင်းနေတာ။ ဒါက တကယ့်ကို ဒုက္ခပဲ။ အထူးသဖြင့် မင်းတစ်ယောက်တည်းပဲ ဒီအဆောင်လက်ဖွဲ့တွေရဲ့ အန္တရာယ်ရှိတဲ့ အငွေ့အသက်ကို အာရုံခံနိုင်တာဆိုတော့ ပိုဆိုးတာပေါ့"
ရွှီရန်က သက်ပြင်းချရင်း “ရေနစ်တာက သာမန်မတော်တဆမှုတစ်ခုလို နေ့တိုင်းဖြစ်နေတာ။ သေဆုံးသူရဲ့ ရုပ်အလောင်းမှာ မူမမှန်တာ မရှိသရွေ့ ဘယ်သူက သံသယဝင်မှာလဲ။ ဦးလေးယဲ့သာ အရင် သံသယမဝင်ခဲ့ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး"
ယဲ့ဖျင်: “အဲဒါပဲလေ ဒါက ရှောင်လွှဲဖို့ လုံးဝ မလွယ်ဘူး။ ငါကတော့ အဲဒီ ကျောက်တုံးပေါ်က သင်္ကေတတွေဟာ ဒီနတ်ဘုရားရဲ့ လက်ချက် မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။ တကယ်လို့သာ သူ့လက်ချက်ဆိုရင်တော့ တကယ့်ကို ကြောက်စရာပဲ။ သေဆုံးသူ တစ်သောင်းကျော်ရဲ့ ဝိညာဉ်တွေသာ ဆိုရင် သူ့ရဲ့စွမ်းအားက ဘယ်လောက်တောင် အစွမ်းထက်နေမလဲ"
ရွှီရန်က ပုခုံးတွန့်လိုက်ရင်း “ဦးလေးယဲ့... ကျွန်တော်ပြောတာက ဦးလေးကို စိတ်ပျက်စေမှာ ဖြစ်ပေမဲ့ ဒါက အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ လက်ချက်ဖြစ်ဖို့ အရှိဆုံးပဲလို့ ကျွန်တော် သံသယဖြစ်မိတယ်"