← Chapters

အခန်း (၁၈၆)

Vol. 19 Ch. 186

အခန်း (၁၈၆)

Vol. 19 Ch. 186

ယဲ့ဖျင်သည် ရရှိလာသော သတင်းအချက်အလက်များကို ရွှီရန်နှင့် ချက်ချင်းပင် မျှဝေလိုက်သည်။

“ဒီမှာ... ပြီးတော့ ဒီနေရာ...”

“ဒီမြစ်ကြောင်းရဲ့ တည်နေရာက...”

ရွှီရန်သည် စားပွဲရှေ့၌ ရပ်တန့်ကာ အမှတ်အသားပြုကလောင်တစ်ချောင်းကို ကိုင်စွဲလျက် မြေပုံထက်၌ လိုက်လံရေးဆွဲနေသည်။ ထူးဆန်းသော ကျောက်တုံးကြီးများ တွေ့ရှိရသည့် ရေပြင်နေရာတိုင်းကို ရွှီရန်က စက်ဝိုင်းငယ်လေးများဖြင့် မှတ်သားလိုက်သည်။ မြေပုံပေါ်ရှိ အမှတ်အသားများကြောင့် အခြေအနေအရပ်ရပ်မှာ ပိုမိုထင်ရှားမြင်သာလာသည်။

ယဲ့ဖျင်က လေးနက်စွာ စဉ်းစားနေပုံရပြီး ရေလှောင်တမံ အောက်ခြေက ကျောက်တုံးကြီးတွေနဲ့ မြစ်အောက်ခြေက ဒီနေရာနှစ်ခုဟာ အဝိုင်းပုံစံ အတိအကျ ဖြစ်နေတာပဲ။ ဒါ့အပြင် ရေလှောင်တမံ အောက်ခြေက ကျောက်တုံးတွေဟာ အရွယ်အစားရော အဆောင်လက်ဖွဲ့တွေရဲ့ ရှုပ်ထွေးမှုမှာပါ မြို့ထဲက မြစ်အောက်ခြေက ကျောက်တုံးတွေထက် တစ်ဆင့် ပိုမိုမြင့်မားနေတယ်” ဟု ပြောလိုက်သည်။

ရွှီရန်က ခေါင်းညိတ်ထောက်ခံလျက် “ဒါကို ကြည့်ခြင်းအားဖြင့် မြို့ပြင်က ကျောက်တုံးကြီးတွေဟာ ယဇ်ပလ္လင်ရဲ့ အပြင်ဘက်ဘောင်ကို ပုံဖော်ထားတာလို့ ယူဆနိုင်တယ်။ မြို့ထဲက ကျောက်တုံးတွေကတော့ ပိုပြီး စုစည်းနေပြီး ယဇ်ပလ္လင်ရဲ့ အချက်အခြာ ဗဟိုချက်ဖြစ်နေတာပေါ့။ ကျောက်တုံးကြီးတွေအနားမှာ ရေနစ်သေဆုံးခဲ့ရသူတွေရဲ့ ဝိညာဉ်တွေကို အဲဒီကျောက်ပေါ်က အဆောင်လက်ဖွဲ့တွေက စုပ်ယူသွားခဲ့တာ သေချာတယ်...” ဟု သုံးသပ်ပြလိုက်သည်။

ရန်ငြိုးဖွဲ့နတ်ဘုရား၏ ရည်ရွယ်ချက်မှာ အလွန်ပင် ရှင်းလင်းသည်။ သူသည် လူသားတို့၏ ဝိညာဉ်များကို ရိတ်သိမ်းရန် ကြံစည်နေခြင်းပင်။ အမှန်တကယ်လည်း ရေနစ်သေဆုံးသူ တစ်သောင်းခန့်အထိ ရှိခဲ့ခြင်းကြောင့် သူ၏အစီအစဉ်မှာ တစ်စုံတစ်ရာအထိ အောင်မြင်နေသည်ဟု ဆိုနိုင်သည်။

သို့သော် ယင်းမှာ လုံးဝဥဿုံ အောင်မြင်သွားခြင်းမျိုးတော့ မဟုတ်နိုင်ပေ။ သူ၏ လောဘဇောအရဆိုလျှင် ဝိညာဉ်ပေါင်း တစ်သောင်းမျှနှင့် ကျေနပ်မည့်သူ မဟုတ်ဘဲ ဤထက်မက ပိုမိုလိုချင်နေဦးမည်မှာ အမှန်ပင်။

သို့ရာတွင်... လေ့ကျင့်ရေးမှ ပြန်လည်ရောက်ရှိလာသော ရွှီရန်၏ စကားတစ်ခွန်းမှာ ကျင်းမြို့၏ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့နှင့် သန့်စင်ရေးတပ်ဖွဲ့များ၏ ရှေ့မှောက်၌ နတ်ဘုရား၏ အစီအစဉ်အားလုံးကို အဖတ်ဆယ်မရနိုင်အောင်ပင် ဖော်ထုတ်လိုက်သကဲ့သို့ပင်။

ယဲ့ဖျင်သည် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်ပြီး ကျင်းမြို့တော်၏ အောက်ခြေ၌ ခင်းကျင်းထားသည့် ယဇ်ပလ္လင်ကြီးကို ကြည့်ရှုရင်း ကျောရိုးထဲအထိ စိမ့်ခနဲ အေးစက်သွားရသည်။

“ဝိညာဉ်ပေါင်း တစ်သောင်းခန့်သာ စုပ်ယူခံရသေးတာ တော်သေးတာပေါ့။ တကယ်လို့ ဝိညာဉ်ပေါင်း သောင်းနဲ့ချီပြီး စုပ်ယူပြီးသွားလို့ ဒီယဇ်ပလ္လင်ကြီးကိုသာ အသက်သွင်းလိုက်ရင် ကျင်းမြို့တစ်မြို့လုံးကို ယဇ်ပူဇော်လိုက်သလိုမျိုး ဖြစ်သွားနိုင်တယ်”

ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း “သူ့အတွက် ဝိညာဉ်တွေ အများကြီး လိုအပ်နေဦးမှာပါ။ ဒါပေမဲ့ ကံကောင်းတာက ဦးလေးယဲ့က ဒါကို အချိန်မီ ရှာဖွေတွေ့ရှိပြီး ဖျက်ဆီးနိုင်ခဲ့တာပဲ။ အခုဆိုရင် အဲဒီကောင် တစ်နေရာရာမှာ ပုန်းအောင်းနေပြီး ဒေါသတကြီး ဖြစ်နေလောက်ပြီ မဟုတ်လား” ဟု ပြောလိုက်သည်။

ယဲ့ဖျင်လည်း လိုက်ရယ်လိုက်မိကာ “ဟားဟား... အဲဒီကောင် တကယ့်ကို ကံဆိုးတာပဲ။ မင်းရဲ့ ပထမဆုံး လေ့ကျင့်ရေးတုန်းကလည်း သူ့ရဲ့ သွေးသားယဇ်ပလ္လင်ကို မင်းက တူးဖော်ခဲ့လို့ ယဇ်ပလ္လင် ၉၉ ခုလုံး ပျက်စီးခဲ့ရတယ်။ အဲဒီယဇ်ပလ္လင်တွေက သာမန်လူတွေကိုတင်မကဘဲ ကျင့်ကြံသူတွေကိုပါ ယဇ်ပူဇော်တာဆိုတော့ စွမ်းအားစုဆောင်းဖို့ အလွယ်ကူဆုံး နည်းလမ်းပဲလေ”

“တကယ်လို့သာ အဲဒါကို ဆက်လက်ဖြစ်ပွားခွင့် ပေးလိုက်ရင် နောက်ဆက်တွဲ အကျိုးဆက်တွေက တွေးဝံ့စရာတောင် မရှိဘူး။ အဲဒီနောက် သူဖန်တီးခဲ့တဲ့ ဒုတိယမြောက် လျှို့ဝှက်ဆန်းကြယ် အဆောင်လက်ဖွဲ့ ၃၆၅ ခုကိုလည်း မင်းပဲ အကုန်ရှင်းလင်းပစ်ခဲ့ပြန်တယ်။ အဲဒါတွေကို လုပ်ဖို့ ကုန်ကျစရိတ်ကလည်း မနည်းဘူးလေ”

“အခု ဒီတတိယအကြိမ်မှာလည်း ဝိညာဉ်ပေါင်း တစ်သောင်း ဝါးမြိုခဲ့တယ်ဆိုပေမဲ့ သူ့အတွက်တော့ လုံလောက်ဦးမှာ မဟုတ်ပါဘူး။ မင်းကတော့ တကယ့်ကို သူ့ရဲ့ ကံကြမ္မာရန်သူပဲ”

ရွှီရန်သည် လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်လိုက်ပြီး ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ တကယ်တော့ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားမှာ သူနှင့်တွေ့တိုင်း အတော်လေး ကံဆိုးနေသည်မှာ အမှန်ပင်။

“ဒါပေမဲ့ သူကတော့ စွမ်းအားတွေကို တိတ်တဆိတ် စုဆောင်းနေဦးမှာပဲလို့ ကျွန်တော် ခန့်မှန်းတယ်။ နောက်တစ်ခါမှာ သူ ဘယ်လို အကြံအစည်တွေနဲ့ ပြန်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး”

ယဲ့ဖျင်က ခေါင်းခါယမ်းရင်း “ဒီအကောင်ကတော့ အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုးနဲ့ ရွံစရာကောင်းလွန်းတယ်။ ငါတို့က ကြိုတင်ကာကွယ်တာပဲ လုပ်နိုင်ပေမဲ့ သူ့ရဲ့ အဆောင်လက်ဖွဲ့တွေက ပိုပိုပြီး အာရုံခံရ ခက်ခဲလာတာကတော့ တကယ့်ကို ဒုက္ခပဲ” ဟု မှတ်ချက်ပြုလိုက်သည်။

ရွှီရန်သည်လည်း မတတ်နိုင်သကဲ့သို့သော အမူအရာမျိုး ပြလိုက်သည်။ ဒုတိယမြောက် အဆောင်လက်ဖွဲ့များ အကုန်ရှင်းလင်းခံလိုက်ရပြီးနောက်တွင် အဆောင်လက်ဖွဲ့ နတ်ဘုရားမှာ သင်ခန်းစာ ကောင်းကောင်းရသွားပုံပင်။

ထို့ကြောင့်လည်း ယခု တတိယမြောက် ကျောက်ထွင်းအဆောင်လက်ဖွဲ့များတွင် ပါဝင်သည့် အန္တရာယ်အငွေ့အသက်မှာ မရှိသလောက်ပင် နည်းပါးသွားရုံမျှမက ရေအောက်၌ပါ လျှို့ဝှက်စွာ တပ်ဆင်ထားခဲ့ခြင်းပင်။ အပေါ်မှ ငါးအသေကောင် တစ်ကောင်ခန့် တင်ထားလိုက်ရုံမျှဖြင့် ရွှီရန်၏ အာရုံခံစားမှုကို ဖုံးကွယ်နိုင်ခဲ့ခြင်းပင်။

ထိုအရာက ရွှီရန်၏ အာရုံခံစွမ်းအားကို ဟန့်တားဖို့အတွက် သီးသန့်ထုတ်လုပ်ထားခြင်းပင်။

ရွှီရန်က အေးစက်စွာ ရယ်မောလိုက်သည်။

...

တစ်နာရီအကြာတွင် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့နှင့် သန့်စင်ရေးတပ်ဖွဲ့တို့သည် ရေအောက်မှရရှိသော ကျောက်တုံးကြီးများကို အထွေထွေစီမံခန့်ခွဲရေးဌာနချုပ်သို့ တစ်ခုပြီးတစ်ခု ပို့ဆောင်ပေးခဲ့ကြသည်။ ကျောက်တုံးကြီးများကို သိုင်းလေ့ကျင့်ရေးကွင်းပြင်တွင် ခင်းကျင်းပြသထားပြီး ရှုပ်ထွေးမှုမရှိစေရန် အစဉ်လိုက်နံပါတ်များ တပ်ဆင်ထားသည်။

ယဲ့ဖျင်က အံ့အားသင့်စွာဖြင့် “ဖျက်ဆီးလိုက်တဲ့တစ်ခုအပါအဝင်ဆိုရင် စုစုပေါင်း လျှို့ဝှက်ဆန်းကြယ်ကျောက်တုံး ၄၉ တုံးတိတိပဲ။ ဒါက တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဂဏန်းပဲ...”

“၄၉ ခု... ဒါက အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား တည်ဆောက်ထားတဲ့ ယဇ်ပလ္လင်ဆိုတာ သေချာသွားပြီ”

ရွှီရန်ကလည်း ခေါင်းညိတ်ထောက်ခံလိုက်သည်။

“အဲဒီလိုပဲ ထင်ရတာပဲ”

ယဲ့ဖျင်: “ကံကောင်းလို့ ဖျက်ဆီးနိုင်ခဲ့တာ။ တစ်ခုကတော့ အမှုန့်ဖြစ်သွားပြီဆိုတော့ ဒီမှာပြန်စီထားရင်တောင် ယဇ်ပလ္လင်အပြည့်အစုံ ပြန်မဖြစ်နိုင်တော့ဘူး။ ဘာအန္တရာယ်မှလည်း ပေးနိုင်မှာမဟုတ်တော့ဘူး”

“ကဲ... ကြည့်လိုက်ဦး ဒါတွေကို အစီအစဉ်တကျ ပြန်စီထားဖို့ လိုမလား”

“ဟုတ်ကဲ့ လိုပါတယ်”

ရွှီရန်၏ သင်ယူလေ့လာမှုအတွက် ယဲ့ဖျင်သည် ကျောက်တုံးများကို အစဉ်လိုက်နံပါတ်များအတိုင်း အဝိုင်းနှစ်ဝိုင်းပုံစံ စီစဉ်ပေးလိုက်ရာ အပိုင်းအစတစ်ခု လိုအပ်နေသော ထူးဆန်းသည့် ယဇ်ပလ္လင်ကြီးတစ်ခု ပေါ်ထွက်လာသည်။

ကျောက်တုံးများကို တစ်ခုနှင့်တစ်ခု ဆက်စပ်လိုက်သောအခါ ကျောက်တုံးပေါ်ရှိ မျဉ်းကြောင်းများမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားသလို ခံစားရပြီး လူတွေရဲ့ စိတ်အာရုံကို ဖမ်းစားကာ ရူးသွပ်သွားစေနိုင်သည့် အရှိန်အဝါမျိုး ထွက်ပေါ်လာသည်။

ယဲ့ဖျင် မှင်သက်သွားပြီး “မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒါက တကယ့်ကို ယဇ်ပလ္လင်ကြီးပဲ”

ရွှီရန်က လေးနက်သော အမူအရာဖြင့် “ထူးဆန်းတဲ့ အငွေ့အသက်တွေက တစ်ခုနဲ့တစ်ခု ထပ်သွားပြီ... ဒါကိုကြည့်ရင် သူတို့ကို အတူတူယှဉ်ထားလိုက်တဲ့အခါ အကြီးစားယဇ်ပလ္လင်တစ်ခု ဖြစ်သွားတာပဲ”

သူသည် တိုးတိုးလေး ရေရွတ်ရင်း လင်းနို့နံပါတ် ၁ ကို လေထဲသို့ လွှတ်တင်လိုက်သည်။

မီတာ ၂၀ အမြင့်မှနေ၍ အဆောင်လက်ဖွဲ့ ရန်ငြိုးဖွဲ့နတ်ဘုရား၏ ဤလက်ရာမွန်ကြီးကို အပေါ်စီးမှ ကြည့်ရှုစစ်ဆေးရန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဦးလေးယဲ့သည်လည်း ဒရုန်းတစ်စင်းကို လွှတ်တင်လိုက်ပြီး အလုပ်မှတ်တမ်းနှင့် သုတေသနအတွက် အပေါ်စီးဓာတ်ပုံများကို ဆက်တိုက် ရိုက်ကူးနေတော့သည်။

အကယ်၍ ကျောက်တုံးကြီးများ အမှုန့်ဖြစ်သွားခြင်းကဲ့သို့သော မတော်တဆမှုတစ်ခုခု ထပ်ဖြစ်ခဲ့လျှင် ဤဓာတ်ပုံများမှာ သုတေသနအတွက် အလွန်အရေးကြီးလာမည် ဖြစ်သည်။

ရှပ်...

ရှပ်...

ရှပ်...

ဓာတ်ပုံရိုက်သံများက နားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။

အနည်းငယ် ဆူညံနေသော်လည်း ရွှီရန်က ဂရုမစိုက်ပေ။ သူသည် ကျောက်တုံးပေါ်ရှိ သင်္ကေတများကို အသေးစိတ် စူးစိုက်ကြည့်ရှုနေပြီး လေ့လာရင်း ကြည့်ရှုရင်းနှင့် သူ၏စိတ်ထဲတွင် ကြီးမားသော ပုံစံကားချပ်ကြီးတစ်ခုကို အပိုင်းအစများ စုစည်းကာ ပုံဖော်နေသည်။

သူ့စိတ်ကူးထဲတွင် ပျက်စီးပြီး အမှုန့်ဖြစ်သွားခဲ့သည့် ထောင့်စွန်းမှ အပိုင်းအစလေးကိုပါ ပြန်လည် ဖြည့်စွက်လိုက်သည်။

ယခုဆိုလျှင် ယဇ်ပလ္လင်တစ်ခုလုံး၏ မျဉ်းကြောင်းတိုင်းမှာ ပြည့်စုံသွားခဲ့သည်။

ယဇ်ပလ္လင်ပေါ်ရှိ မျဉ်းကြောင်းများမှာ အလွန်အမင်း ရှုပ်ထွေးလှသော်လည်း ရွှီရန်၏ လက်ရှိအာရုံခံနိုင်စွမ်းနှင့်ပင် မျဉ်းကြောင်းတစ်ခုချင်းစီ၏ အဓိပ္ပာယ်ကို နားမလည်နိုင်သေးပေ။ ထိုမျဉ်းကြောင်းများကို အသုံးပြုပြီး အဆောင်လက်ဖွဲ့အသစ်တစ်ခုကိုလည်း သူ ကိုယ်တိုင် မဖန်တီးနိုင်သေးပေ။

သို့သော်လည်း ရွှီရန်အတွက်ကတော့ ၎င်းတို့ကို တစ်လုံးမကျန် မှတ်သားထားလိုက်ရုံသာ လိုအပ်သည်။

အလွတ်မှတ်ထားလိုက်ရုံပင်။

သူ၏ ဒုတိယမြောက် စွမ်းရည်အဆင့်ဖြစ်သော အဆင့်မြင့် နားလည်သဘောပေါက်မှုမှ တတိယမြောက် စွမ်းရည်ဖြစ်သော ဉာဏ်အလင်းပွင့်ခြင်းသို့ တိုးတက်သွားသည့်အခါ သူမှတ်သားထားသမျှ အရာအားလုံးကို ချက်ချင်းဆိုသလို ဉာဏ်အလင်းပွင့်ကာ နားလည်သွားမည် ဖြစ်သောကြောင့်ပင်။

All Chapters