အခန်း (၇၄၀-၇၄၁)
Vol. 44 Ch. 740-741
Chapter 740
ပြန်လည်စတင်ခြင်း ၁
တိတ်ဆိတ်မြို့တော်၊၊ တိမ်စီရင်စု၊၊
လင်းရှန်သည် တိုက်ခတ်နေသော လေပြင်းများကြားတွင် ထွက်ခွာသွားသော သယ်ယူပို့ဆောင်ရေးသင်္ဘောကို ကြည့်ရင်း တည်ငြိမ်စွာ ရပ်နေခဲ့သည်၊၊
“ငါခန့်မှန်းကြည့်ရမလား… မင်း တစ်ခုခုသိလိုက်လို့ ရုတ်တရက် ရောက်လာပြီး ပြဿနာရှာလိုက်တာပဲ”
ရှင်းဂျီက လင်းရှန်ကို ကြည့်ကာ ပြောလိုက်သည်၊၊
လင်းရှန်က ရှင်းဂျီဘက်သို့ လှည့်ကြည့်ကာ
“အင်း၊၊ အာရုဏ်ဦးမြို့တော်က လူတွေကို အခုလို ရန်စလိုက်ပြီး ခဗျားက ဘာမှစိတ်မပူတဲ့ပုံပဲ”
“သူတို့ရဲ့ ပစ်မှတ်က တိတ်ဆိတ်မြို့တော်ပဲလေ၊၊ ငါတို့က စကားကို ယဉ်ယဉ်ကျေးကျေးပြောတာပဲဖြစ်ဖြစ်၊ နှိမ့်ချတဲ့ အမူအရာပြတာပဲဖြစ်ဖြစ် သူတို့ရည်ရွယ်ချက်က ပြောင်းလဲသွားမှာ မဟုတ်ဘူးလေ”
“ဒါနဲ့ ဟိုကျန်းရှု့ဝေဆိုတဲ့ အမျိုးသမီးက မင်းကို ဘာတွေပြောသွားလဲဆိုတာ ငါ သိချင်နေတယ်”
ရှင်းဂျီကက လင်းရှန်ကို စိုက်ကြည့်ရင်း ဆိုသည်၊၊
“ခဗျားမျက်စိကို ဘာမှ ဖုံးကွယ်လို့ မရပါလား”
လင်းရှန်သည် ရှေ့သို့ တစ်လှမ်းတိုးကာ ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကုန်းပတ်ပေါ်ရှိ အခြားနေရာများထက် အနည်းငယ် ပို၍ မည်းနက်နေသော အစက်အပြောက်တစ်ခုကို ကြည့်လိုက်သည်၊၊ ၎င်းမှာ လက်သည်းခွံခန့်သာရှိပြီး ဝိုင်းစက်နေကာ ဒေါက်ဖိနပ်တစ်ဖက်က ချန်ထားခဲ့သော အမှတ်အသားနှင့် အလွန်တူသည်၊၊ သူက ၎င်းကို လက်ချောင်းဖြင့် ညှပ်ယူလိုက်ရာ အညိုရောင်ဖလင်ပြားကဲ့သို့ အရာတစ်ခုက လက်ထိပ်တွင် ကပ်ပါလာသည်၊၊ အနီးကပ်ကြည့်လိုက်သောအခါ ၎င်းပေါ်တွင် သေးငယ်သော ပတ်လမ်းကြောင်းပုံစံများကို တွေ့လိုက်ရသည်၊၊
“အဏုကြည့် သံလိုက်ဓာတ်ပြား တစ်ခုနဲ့ တူတယ်”
ရှင်းဂျီက အနားသို့ လျှောက်လာရင်း ပြောသည်၊၊
“ဒါကို ဒေါက်ဖိနပ်အောက်မှာ ကပ်ထားတာဆိုတော့ လမ်းလျှောက်ရတာ အတော်ခက်မှာပဲ”
လင်းရှန်သည် ကျန်းရှု့ဝေ အစောပိုင်းက ပြောခဲ့သော စကားများကို ပြန်စဉ်းစားရင်း ပြုံးလိုက်ကာ ၎င်းကို ရှင်းဂျီထံ ကမ်းပေးလိုက်သည်၊၊ ရှင်းဂျီက လက်ခံယူကာ သူ့လက်ထိပ်ကို နာနိုစနစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ဖလင်ပြားကို တင်လိုက်ရာ ချက်ချင်းပင် ဟိုလိုဂရမ်ပုံရိပ် သတင်းစကားတစ်ခုထွက်ပေါ်လာသည်၊၊
“လင်းရှန်၊၊ ကျိုးမင်ယွမ်က အနီရောင်ကမ္ဘာနဲ့ ပူးပေါင်းနေပြီ၊၊ သူတစ်ယောက်တည်း မဟုတ်ဘူး၊၊ အာရုဏ်ဦးမြို့ရဲ့ အဆင့်မြင့်အရာရှိတော်တော်များများလည်း ပါဝင်နေတယ်၊၊ နောက်ပြီး အဲဒီကျိုးမင်ယွမ်က ကိုယ်ပွားတစ်ယောက်ပဲ”
ကျန်းရှု့ဝေ၏ စကားများထွက်ပေါ်လာသည်နှင့် ကျန်သူများ၏ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်၊၊
“ကိုယ်ပွားတစ်ယောက်လား”
ရွှန်းက လှောင်ပြုံးဖြင့် ပြောလိုက်သည်၊၊
“အော်… ဒါကြောင့်… အာရုဏ်ဦးမြို့တော်ရဲ့ ဒုဥက္ကဋ္ဌက ဘာလို့ ဒီလောက် အဝေးကြီးကနေ ညဘက်ကြီး စွန့်စားပြီး ပျံလာတာလဲလို့ ကျွန်တော်စဉ်းစားရကျပ်နေခဲ့တာ…. လက်စသတ်တော့ ဒါက ကိုယ်စားလှယ်သက်သက်ပဲကိုး”
“ဟို ဝမ်တုံနဲ့ ကျန်းရှု့ဝေကတော့ ကိုယ်ပွားတွေ မဟုတ်ဘူး”
ရှင်းဂျီက ပြောသည်၊၊
“သူတို့က ငါ့ရဲ့တိတ်ဆိတ်မြို့တော်နဲ့ ပူးပေါင်းချင်တာတော့ အမှန်ပဲ၊၊ ဒါပေမဲ့ ကြယ်သင်္ဘောတွေ ပိုထုတ်ဖို့ထက် ငါတို့ တိတ်ဆိတ်မြို့တော်ကို သိမ်းပိုက်ချင်တာက ပိုပြီး တိုက်ရိုက်ကျလိမ့်မယ်”
ထို့နောက် သူက လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ပြဿနာတွေ လာတော့မယ်”
“ရောက်တောင် ရောက်နေပြီပဲ”
လင်းရှန်က သက်ပြင်းချရင်း ပြောသည်၊၊
“ကျုပ်တို့ ဖုံးကွယ်ထားဖို့ မလိုတော့ဘူး၊၊ ကျိုးမင်ယွမ်က အမှတ် ၅ တွင်းနက်ထဲမှာ ဘာတွေ ဖြစ်နေလဲဆိုတာ အစောကြီးကတည်းက သိထားပုံပဲ၊၊ ဒါကြောင့် သူရောက်လာတာက ရှိုးပြရုံသက်သက် ဒါမှမဟုတ် ရိုးရိုးရှင်းရှင်းဆွေးနွေးဖို့ပဲ မဟုတ်တာ သေချာတယ်”
“မကြာခင် ငါတို့ သိရတော့မှာပါ”
“ဒီနေ့ နေမဝင်ခင်မှာ ငါတို့ နင်နန်းမြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၃၀ အကွာလောက်မှာ ကျောက်ချရပ်ပြီး ညရောက်ဖို့ စောင့်မယ်၊၊ ကျင်းဟိုင်နဲ့ ဆိုရင် ၄၂၀ ကီလိုမီတာ ဝေးတယ်၊၊ မင်းရဲ့ ယန္တရားဝါးမျိုမှုကို မြန်မြန်လုပ်ဖို့ လိုလိမ့်မယ်”
ပြောပြီးနောက် ရှင်းဂျီသည် လူအချို့နှင့်အတူ ထွက်ခွာသွားသည်၊၊
ရှင်းဂျီတို့ ထွက်သွားသည်ကို ကြည့်ရင်း လင်းရှန်လည်း အသက်ပြင်းပြင်း ရှူလိုက်သည်၊၊ သူသည် Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘော၏ နျူကလီးယား စွမ်းအင်အူတိုင်ကို ဝါးမျိုခြင်းကို ယခုလေးတင် အပြီးသတ်ခဲ့ကာ ကျန်းရှု့ဝေ၏ “မခွဲထုတ်နဲ့” ဆိုသော စကားကြောင့် ချက်ချင်း လိုက်လာခဲ့ခြင်း ဖြစ်သည်၊၊
ထိုစကားသည် ယူပေဆိပ်ကမ်း တတ်လှမ်းဓာတ်လှေကားမှတစ်ဆင့် ဂြိုလ်ပတ်လမ်းကြောင်းပေါ်သို့ တက်လာစဉ် ဆွဲငင်အားပြတ်တောက်သွားချိန်က ကျန်းရှု့ဝေကို သူလှမ်းအော်ခဲ့သော စကားဖြစ်သည်၊၊ မျှော်လင့်ထားသည့်အတိုင်းပင် ကျန်းရှု့ဝေသည် ထိုအခြေအနေမျိုးတွင် အာရုဏ်ဦးမြို့တော်နှင့် မတတ်သာဘဲ ပူးပေါင်းခဲ့ရသော်လည်း ၎င်းက လင်းရှန်အတွက် အရေးကြီးသော သတိပေးချက်တစ်ခုဖြစ်လာခဲ့သည်၊၊
Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘော၏ အင်ဂျင်ခန်းထဲတွင် လင်းရှန်သည် ကြီးမားသော တွန်းကန်အင်ဂျင်ကို ဝါးမျိုနေရင်း အနက်ရောင် ပင့်ကူစက်ရုပ်တစ်ခုကို ကိုင်ကာ အကဲခတ်နေသည်၊၊
“ဒါလား”
“ရှာရတာ တော်တော်ခက်တယ်”
သူနှင့်အတူ ပျံသန်းနေသော ကီကီက ပြောလိုက်သည်၊၊
“ဒီ နာနိုစက်ရုပ်လေးတွေကို အထင်မသေးနဲ့ဦး၊ ကျူးကျော်ဝင်ရောက်လာရင် မနည်းဒုက္ခပေးနိုင်တယ်”
“ဒါပေမဲ့ တိတ်ဆိတ်မြို့တော်အတွက်ကျတော့ ဒါက ကလေးကစားစရာလို ဖြစ်မနေဘူးလား”
လင်းရှန်သည် ဒေတာများကို ခွဲခြမ်းစိတ်ဖြာရန် ခေါ်ထားသော ဂရေ့စ်ထံသို့ ပင့်ကူစက်ရုပ်ကို ကမ်းပေးလိုက်သည်၊၊
[ဒါက သေးငယ်တဲ့ ရောင်ခြည်ဖြာထွက်မှုကို အသုံးပြုပြီး ကွမ်တမ်ပရိုဆက်ဆာတွေကို နှောင့်ယှက်တဲ့ စက်ရုပ်စနစ်ပဲ]
ဂရေ့စ်၏ လက်ချောင်းပေါ်ရှိ စကင်နာမှာ တောက်ပလာသည်၊၊
[စွမ်းအင်ပမာဏ နည်းပေမဲ့ ကျူးကျော်ခံရရင် ကွန်ပျူတာစနစ်ရဲ့ ချိတ်ဆက်မှုတွေကို နှောင့်ယှက်နိုင်တယ်၊၊ ပြင်းထန်ရင် စနစ်တစ်ခုလုံး ပြိုကွဲပြီး ပြန်လည်စတင်တာမျိုးအထိ ဖြစ်စေနိုင်တယ်]
“အင်း၊၊ တော်တော်လေး အထင်ကြီးစရာပဲ”
“သူတို့က ရှင်းဂျီကို တိုက်ရိုက်ပစ်မှတ်ထားနေတာပဲ”
“အဲဒါထက် ပိုဆိုးတယ်”
ဂရေ့စ်၏ ရှင်းပြချက်ကို ကြားသောအခါ လင်းရှန်၏ မျက်နှာမှာ ပို၍ တည်ကြည်သွားသည်၊၊
“ရှင်းဂျီကို ဖိနှိမ်ရုံသက်သက်က တိတ်ဆိတ်မြို့တော်ကို ခဏတဖြုတ်ပဲ အလုပ်မလုပ်နိုင်အောင် လုပ်နိုင်လိမ့်မယ်၊၊ တိတ်ဆိတ်မြို့တော်ကို ထိန်းချုပ်ဖို့ဆိုရင် သူတို့က ယာဉ်ပေါ်တက်ပြီး တိမ်စီရင်စုနဲ့ အဓိကထိန်းချုပ်ခန်းကို သိမ်းပိုက်ရမှာပဲ”
ကီကီ၏ မျက်လုံးများ ပြူးသွားသည်၊၊
“ရှင်ပြောချင်တာက သူတို့က တိုက်ခိုက်ဖို့ ပြင်နေတာလား”
လင်းရှန်က မျက်လုံးကို အနည်းငယ် မှေးလိုက်သည်၊၊ “ကျန်းရှု့ဝေ ပေးခဲ့တဲ့ သဲလွန်စက ဒါပဲ၊၊ သူမရဲ့ ငွေကြယ်လည်း အလားတူအခြေအနေမျိုးနဲ့ ကြုံခဲ့ရပုံပဲ”
“ငွေကြယ်ပေါ်မှာ လူအနည်းငယ်ပဲ ရှိတယ်၊၊ ဒါပေမဲ့ တိတ်ဆိတ်မြို့တော်မှာ လူတစ်သိန်းရှိတယ်၊၊ အာရုဏ်ဦးမြို့တော်က စစ်ပွဲစဖို့ ကြံနေတာလား”
ကီကီက မယုံကြည်နိုင်စွာ ပြောသည်၊၊
“မင်း မေ့နေပြီလား”
လင်းရှန်က ကီကီကို ကြည့်လိုက်သည်၊၊
“ဟိုမှာ အနီရောင်ကမ္ဘာလည်း ရှိသေးတယ်လေ”
ကီကီသည် စိုးရိမ်ပူပန်စွာဖြင့် နဖူးကို ပွတ်ရင်း ပျံသန်းထွက်ခွာသွားသည်၊၊
“ကျွန်မက ပေါင်းစည်းယာဉ်တန်းရဲ့ အခြားအဖွဲ့ဝင်တွေကို အခုပဲ သွားပြောလိုက်မယ်၊၊ ဂရေ့စ်၊၊ နင်က ငါနဲ့ လိုက်ခဲ့… ရှင်းဂျီကို သွားရှင်းပြဖို့ လိုတယ်”
လင်းရှန်သည် ရှေ့မှ ဝါးမျိုမှု လုပ်ငန်းစဉ်ကို ကြည့်ရင်း ခေါင်းညိတ်လိုက်သည်၊၊
ကျိုးလီ ပေးခဲ့သော အချက်အလက်များကို ပေါင်းစပ်ကြည့်လျှင် အခြေအနေမှာ လင်းရှန် ခန့်မှန်းထားသည်ထက် ပို၍ ရှုပ်ထွေးနေသည်၊၊ ကျင်းဟိုင်သည် အနီရောင်ကမ္ဘာ၏ အခြေစိုက်စခန်းသာ ဖြစ်နေပါက အာရုဏ်ဦးမြို့တော်မှ လူများကို ရင်ဆိုင်ရရုံသာမက အနီရောင်သတ္တဝါများ သို့မဟုတ် ၎င်းတို့၏ လှုံ့ဆော်မှုကြောင့် အမှောင်သတ္တဝါများ၏ တိုက်ခိုက်မှုကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်၊၊ ၎င်းမှာ အနီရောင်ကမ္ဘာက စွမ်းဆောင်နိုင်သည့် အရာဖြစ်သည်၊၊ လောလောဆယ်တွင် တိတ်ဆိတ်မြို့တော်သည် ကြီးမားသော ပစ်မှတ်တစ်ခုဖြစ်ကာ အင်အားကြီးမားသော လက်နက်များကို ပိုင်ဆိုင်ထားသည်၊၊ တိတ်ဆိတ်မြို့တော်ကို သိမ်းပိုက်ရန် အာရုဏ်ဦးမြို့တော်သည် ရှင်းဂျီကို ဖယ်ရှားရုံသာမက အဓိကတိုက်ခိုက်ရေးစွမ်းရည်များကိုပါ အလုပ်မလုပ်နိုင်အောင် တားဆီးရမည်ဖြစ်သည်၊၊
အမှန်အတိုင်း ပြောရလျှင် လင်းရှန်လည်း အနည်းငယ်ပြင်ဆင်ထားသော်လည်း လောလောဆယ်တွင် ထိရောက်သော တုံ့ပြန်မှုမျိုးမရှိသေးပေ၊၊ သူ၏ အနန္တရထားသည် တိတ်ဆိတ်မြို့တော်၏ ကုန်းပတ်ပေါ်တွင် ရပ်နားထားရာ အကယ်၍ သတ္တဝါများစွာက တိုက်ခိုက်လာပါက လက်နက်အင်အားတောင့်တင်းသော ဤခံစစ်ကို စွန့်ခွာပြီး ရထားလမ်းပေါ်သို့ ထွက်ပြေးရန်မှာလည်း မဖြစ်နိုင်ပေ၊၊ ထို့ပြင် ရှေ့တွင် ကျင်းဟိုင်နှင့် အာရုဏ်ဦးမြို့တော်တို့ ရှိနေရာ သူတို့ ဘယ်ကိုများ ထွက်ပြေးနိုင်မည်နည်း၊၊
ခဏမျှ လင်းရှန် ခေါင်းခဲသွားခဲ့ရသည်၊၊
Chapter 741
ပြန်လည်စတင်ခြင်း ၂
ကလစ်၊ ကလစ်၊၊
ခြေသံများကို ကြားလိုက်ရသဖြင့် လင်းရှန် မော့ကြည့်လိုက်ရာ စင်္ကြံလမ်း၏ အစွန်မှ မျက်လုံးများ တောက်ပနေသော အမျိုးသားတစ်ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်၊၊ ရှင်းဂျီ၏ နာနိုနည်းပညာသုံး မျက်ဝန်းများသည် စင်္ကြံအမှောင်ရိပ်ထဲတွင် အပြာရောင်ဖျော့ဖျော့တောက်ပနေကာ သူသည် လက်နှစ်ဖက်ကို အင်္ကျီလက်ထဲ ထည့်ရင်း အင်ဂျင်ခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်၊၊ အင်ဂျင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လင်းရှန်ကို မြင်သောအခါ သူက ပြောလိုက်သည်၊၊
“မင်းရဲ့ ထိုင်နေတဲ့ပုံကို ကြည့်ရတာ ငါ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စိတ်ကူးယဉ်ဝတ္ထုတွေထဲက ကျင့်ကြံသူတွေနဲ့ တူနေတယ်၊၊ သူတို့က တစ်နေရာရာမှာ သီးသန့်သွားထိုင်ပြီး သူတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ရတာ ဝါသနာပါကြတယ်မလား”
“ကျုပ်က ကျင့်ကြံနေတာ မဟုတ်ဘူး၊၊ ဒါက သိပ္ပံပညာပဲ” လင်းရှန်က ရှေ့တွင် ရှိနေသော ဝါးမျိုမှုအခြေအနေကို ကြည့်ရင်း ပြောလိုက်သည်၊၊
[ဝါးမျိုခြင်းတိုးတတ်မှုနှုန်း ၃၀%]
“ဒီလောက်ကြီးတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်ကြီးကို မင်းရဲ့ ဗိုက်ထဲမှာ အစာခြေနေတာကတော့ သိပ္ပံနည်းကျတယ်ပေါ့လေ”
ရှင်းဂျီက မှတ်ချက်ပေးလိုက်သည်၊၊
“ခဗျား ဒီအထိလာတာက ကျုပ်တို့ ရထားယာဥ်တန်းတွေကို ဒုက္ခမရောက်အောင် တိတ်ဆိတ်မြို့တော်ကနေ ထွက်သွားဖို့ အကြံပေးချင်လို့တော့ မဟုတ်ဘူးမလား”
ရှင်းဂျီက ခေါင်းညိတ်လိုက်သည်၊၊
“အဲဒါက အစီအစဉ်တစ်ခုပဲ၊၊ အကယ်၍ မင်းတို့ ထွက်သွားရင် ရန်သူ့ရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သလို မင်းတို့ရဲ့ လက်နက်အင်အားနဲ့ လှုပ်ရှားနိုင်စွမ်းကို သုံးပြီး တိတ်ဆိတ်မြို့တော်ပေါ်က ဖိအားကို လျှော့ချပေးနိုင်လိမ့်မယ်”
“အကြံကောင်းပဲ၊၊ ဒါပေမဲ့ ရန်သူက ဘယ်လို လှုပ်ရှားမယ်ဆိုတာ ကျုပ်တို့ မသိဘူး၊၊ ကျုပ်တို့ ရထားယာဥ်တန်းတွေမှာ ပိုကောင်းတဲ့ လမ်းကြောင်းလည်းမရှိဘူး၊၊ အာရုဏ်ဦးမြို့တော်ရဲ့ အဓိကပစ်မှတ်ကလည်း တိတ်ဆိတ်မြို့တော်ပဲလေ၊၊ သူတို့ မလှုပ်ရင် ကျုပ်တို့လည်း မလှုပ်ဘူးဆိုတဲ့ အခြေအနေမျိုးမှာ ကျုပ်တို့က ပိုပြီး ပါးနပ်ဖို့ ကြိုးစားရင် ပြဿနာပိုတက်များလိမ့်မယ်”
“ဒါကြောင့်လည်း အန္တရာယ်က အပြင်ကနေပဲ လာတာ မဟုတ်နိုင်ဘူးဆိုတာ ငါက မင်းကို လာသတိပေးတာပဲ”
ရှင်းဂျီက ဟိုလိုဂရမ်မျက်နှာပြင်တစ်ခုကို ဖွင့်လိုက်ရာ တိတ်ဆိတ်မြို့တော်၏ အဓိကနှင့် လက်အောက်ခံမြို့များ၏ စောင့်ကြည့်ရေးမြင်ကွင်းရာပေါင်းများစွာ ပေါ်လာသည်၊၊ ထောင်ပေါင်းများစွာသော ဒရုန်းများနှင့် တစ်သိန်းကျော်သော အသက်ရှင်ကျန်ရစ်သူများသည် အလုပ်ရှုပ်နေကြသည်၊၊ အောက်ဘက်ရှိ ရပ်နားကွင်းများတွင် သေနတ်သံများ အမြဲထွက်ပေါ်နေကာ ဖုတ်ကောင်အုပ်စုများသည် တိတ်ဆိတ်မြို့တော်၏ ပလက်ဖောင်းလမ်းဘေးတွင် လိုက်ပါပြေးလွှားနေကြသည်၊၊ အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများမှာလည်း ကုန်းပတ်ပေါ်သို့ အဆက်မပြတ် မောင်းနှင်ဝင်ရောက်နေကြသည်၊၊
လင်းရှန်သည် ထိုမြင်ကွင်းများကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ကာ ရှင်းဂျီဘက်သို့ လှည့်ကြည့်လိုက်သည်၊၊
“ခဗျားကို တစ်ခုလောက်မေးပါရစေ”
“အင်း”
“ခဗျားက ယုံကျန်းဆိပ်ကမ်းကို သုံးချင်တယ်ဆိုရင် အာရုဏ်ဦးမြို့တော် ဒါမှမဟုတ် ဖီးနစ်ကို လျစ်လျူရှုထားလို့ မရဘူးလေ… သူတို့ မရှိသလိုမျိုး ဟန်ဆောင်လို့လည်း မရဘူးလေ”
“ဒါဆို သူတို့နဲ့ ပူးပေါင်းရမှာပေါ့”
ရှင်းဂျီက လင်းရှန်ကို တည်ငြိမ်စွာ ကြည့်ကာ ပြောသည်၊၊
“ကျိုးမင်ယွမ်ရဲ့ ကိုယ်ပွားပြောသွားတဲ့ အထဲမှာ အမှန်တရားတစ်ခုရှိတယ်၊၊ အမှောင်ထုနဲ့ ရင်ဆိုင်ရတဲ့အခါ လူသားတွေက အမြဲတမ်းရှင်သန်နိုင်မယ့်ဘက်မှာပဲ ရှိနေကြတယ်၊၊ ဘယ်သူနဲ့ပဲဖြစ်ဖြစ် ပူးပေါင်းတာက ပူးပေါင်းတာပဲလေ”
လင်းရှန်က ပြုံးလိုက်သည်၊၊
“ကြည့်ရတာ အာရုဏ်ဦးမြို့တော်က ခဗျားကို ဖီးနစ်ဘက်ရောက်သွားအောင် တွန်းပို့လိုက်တဲ့ပုံပဲ”
ရှင်းဂျီက ခေါင်းခါလိုက်သည်၊၊
“မဟုတ်ဘူး၊ ရပ်တည်ချက်ဆိုတာ ကိုယ်တိုင်ရွေးချယ်ရတာပဲ၊၊ အာရုဏ်ဦးမြို့တော်ကိုယ်တိုင်ကပဲ... ဖီးနစ်ကို ပြန်လာအောင် ဖိအားပေးလိုက်တာ”
လင်းရှန် အံ့အားသင့်သွားသည်၊၊
“ဖီးနစ်က ပြန်ဆုတ်မသွားဘူးလား”
“လောလောဆယ်တော့ အဲဒီလိုပဲ ထင်ရတယ်၊၊ နောက်ဆုံးရတဲ့ သတင်းအရတော့ အာရုဏ်ဦးဗဟိုစင်တာက လာတဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက ဒီည အာရုဏ်ဦးမြို့တော်ကို ရောက်လိမ့်မယ်”
“ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောလား၊၊ ဖီးနစ်ရဲ့ အဆင့်မြင့်အရာရှိတွေလား”
“ဖီးနစ်အဖွဲ့ရဲ့ တပ်မှူးပဲ”
“သောက်ကျိုးနဲ… နှစ်ဖက်လုံး စစ်တိုက်ကြတော့မှာလား”
“အဲဒါက ဆွေးနွေးပွဲ ရလဒ်အပေါ်မှာပဲ မူတည်လိမ့်မယ်” ရှင်းဂျီက ပြောသည်၊၊
လင်းရှန်က လက်ပိုက်လိုက်သည်၊၊
“အမှတ် ၅ တွင်းနက်ရဲ့ ထူးခြားမှုက ကျုပ်တို့ ထင်ထားတာထက် ပိုပြီး ပြဿနာရှိပုံရတယ်၊၊ တွင်းနက်ရဲ့ နယ်မြေချဲ့ထွင်မှုတွေက ပိုပြင်းထန်လာတာတောင် အာရုဏ်ဦးမြို့တော်က အနီရောင်ကမ္ဘာနဲ့ ဆက်ပြီးပူးပေါင်းနေတာက ဘာအကျိုးမြတ်ရှိနေလဲဆိုတာကို ကျုပ်တကယ် နားမလည်နိုင်ဘူး”
“မင်း မှားနေပြီ”
ရှင်းဂျီက တည်ငြိမ်စွာ ပြောသည်၊၊
“အချက်အလက်တွေနဲ့ တွင်းနက် ရှာဖွေတွေ့ရှိမှု အခြေအနေတွေကို ပေါင်းစပ်ကြည့်တဲ့အခါ စိတ်ဝင်စားစရာကောင်းသလို နည်းနည်းကြောက်စရာကောင်းတဲ့ အမြင်သစ်တစ်ခုကို ငါတွေ့ထားတယ်”
“ဘာအမြင်လဲ”
“တွင်းနက် ၁၃ ခုရဲ့ နယ်မြေချဲ့ထွင်မှုနှုန်းကို သက်ရောက်နေတဲ့ အချက်လက်တွေအကြောင်းပဲ”
ရှင်းဂျီ လက်ညှိုးညွှန်ပြလိုက်ရာ ဟိုလိုဂရမ်မျက်နှာပြင်ပေါ်တွင် ကမ္ဘာ့မြေပုံတစ်ခု ပေါ်လာပြီး ထိုမြေပုံပေါ်တွင် အမည်းရောင်အပေါက်ကြီး ၁၃ ခုကဲ့သို့ တွင်းနက်များ ပျံ့နှံ့နေသည်ကို တွေ့ရသည်၊၊
အမှတ် ၅ တွင်းနက်ထဲသို့ ဝင်ရောက်ခဲ့စဉ်က လင်းရှန်သည် ဤတွင်းနက်မှာ အခြားသော ဒိုင်မေးရှင်းတစ်ခုမှ ထပ်ဆင့်လာသော အရာဖြစ်ကာ အမှောင်ဒီရေများမှတစ်ဆင့် အဆက်မပြတ်နယ်မြေချဲ့ထွင်နေသည်ကို သိခဲ့သည်၊၊ တစ်ကမ္ဘာလုံး အမှောင်ကျသွားသည့် အခါတွင် ၎င်းက အမှောင်ဖုံးသွားရုံသာမက ကမ္ဘာကြီးတစ်ခုလုံးကို အခြားကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲပစ်လိမ့်မည်ဟု ခန့်မှန်းနိုင်သည်။
“ဒီတွင်းနက်တွေက ကုန်းမြေပေါ်မှာပဲ အဓိကပျံ့နှံ့နေပြီး သမုဒ္ဒရာထဲမှာတော့ အမှတ် ၁၃ တွင်းနက် တစ်ခုပဲရှိတာကို မင်းသတိထားမိလား”
“အင်း၊၊ သတိထားမိတယ်”
လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊
“ဒါဆို မေးစရာရှိတာက ဘာလို့ အမှတ် ၅ နဲ့ အမှတ် ၇ တွင်းနက်တွေက တခြား အမှတ် ၃၊ ၄၊ ၆၊ ၈ တို့ထက် ပိုပြီး သေးနေရတာလဲ၊၊ သူတို့အားလုံးက တွင်းနက်ရဲ့ ဗဟိုချက်တွေ ဖြစ်နေပါလျက်နဲ့လေ”
လင်းရှန် ခေါင်းခါလိုက်သည်၊၊
“ဒါက တစ်စုံတစ်ခု ပုံစံရှိတယ်လို့ ခဗျားက ဆိုလိုချင်တာလား”
ရှင်းဂျီက လင်းရှန် ကြည့်နိုင်ရန် ဒေတာအစုဝေးနှစ်ခုကို ဖွင့်ပြလိုက်သည်၊၊
“ပထမတစ်ခုက တိတ်ဆိတ်မြို့တော် တွင်းနက်ထဲ မဝင်ခင်တုန်းက ခန့်မှန်းထားတဲ့ အရုဏ်တက်ချိန်ပဲ၊၊ ကီလိုမီတာ ၅၀၀ အကွာအဝေးမှာ အရုဏ်တက်ချိန်က ၁၀:၂၈ ဖြစ်တယ်၊၊ ဒုတိယတစ်ခုကတော့ ငါတို့ အမှတ် ၅ တွင်းနက်ကနေ ထွက်လာပြီး ကီလိုမီတာ ၃၀၀ အကွာအဝေးမှာ ရှိနေချိန်က အရုဏ်တက်ချိန်ပဲ၊၊ အဲဒါက ၁၀:၃၀ ဖြစ်တယ်”
လင်းရှန်၏ မျက်မှောင်များ ဖြည်းညှင်းစွာ တွန့်ချိုးသွားသည်၊၊
“ဒီလောက်ရက်တွေ ကြာသွားတာတောင် နှစ်မိနစ်ပဲ နောက်ကျသွားတာလား”
“ဒါတင်မကသေးဘူး၊၊ မြို့တော်အမှတ် ၂ ရဲ့ အခြေစိုက်စခန်းကနေ အမှောင်ဇုန်အထိ အကွာအဝေးကို တွက်ချက်ကြည့်တဲ့အခါ ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုကို ငါ တွေ့ခဲ့တယ်၊၊ တွင်းနက်ထဲကို ဝါးမျိုခံရပြီးတဲ့နောက် ထူးခြားမှုတွေကြောင့် တွင်းနက်က ကီလိုမီတာ ၁၀၀ လောက် ပိုကျယ်လာတယ်၊၊ ပုံမှန်ဆိုရင် အမှတ် ၅ တွင်းနက်က တစ်ရက်ကို ကီလိုမီတာ ၁၂၀ နှုန်းနဲ့ ချဲ့ထွင်ရမှာဖြစ်ပေမဲ့ အခုတော့ ၁၅ ရက်အတွင်းမှာ ကီလိုမီတာ ၂၈၀ ပဲ ချဲ့ထွင်နိုင်ခဲ့တယ်”
ရှင်းဂျီက လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒါက စိတ်ဝင်စားဖို့ မကောင်းဘူးလား”
လင်းရှန်၏ မျက်လုံးများ ပြူးကျယ်သွားသည်၊၊ “ခဗျားပြောချင်တာက အမှတ် ၅ တွင်းနက်က ချဲ့ထွင်မှုနှုန်းမြန်လာတယ်လို့ပဲ ကျုပ်တို့က ထင်နေကြပေမယ့် တကယ်တော့ သူက နှေးသွားတာလား”
“အမှန်ပဲ”
ရှင်းဂျီက ဟိုလိုဂရမ်မျက်နှာပြင်ကြားထဲတွင် ဖြည်းညှင်းစွာ လမ်းလျှောက်ရင်း ပြောသည်၊၊
“ငါ ရထားတဲ့ အချက်အလက်တွေအရ ဒါကို သိပ္ပံနည်းကျရှင်းပြလို့ရတယ်၊၊ မင်းဘယ်လိုနားလည်ရမလဲဆိုရင် အမှတ် ၅ နဲ့ အမှတ် ၇ တွင်းနက်တွေက လူဦးရေထူထပ်ပြီး စက်မှုလုပ်ငန်းဇုန်တွေ များပြားတဲ့ ယန်ကျန်းလွင်ပြင်ကို ဖုံးလွှမ်းထားတယ်၊၊ အဲဒီလို နေရာတွေကို ဝါးမျိုဖို့အတွက် အချိန်ယူရတဲ့အတွက် သူတို့ရဲ့ ချဲ့ထွင်မှုနှုန်းက နှေးပြီး နယ်မြေလည်း ပိုသေးနေတာပဲ၊၊ အဲဒါနဲ့ ဆန့်ကျင်ဘက်ကတော့ အနောက်ဘက်က အမှတ် ၃ တွင်းနက်ပဲ၊၊ လူနေကျဲပါးတဲ့ မြို့ငယ်လေးတွေပဲ ရှိတဲ့အတွက် ကမ္ဘာပေါ်မှာ အမြန်ဆုံးနှုန်းနဲ့ ချဲ့ထွင်နိုင်ခဲ့တယ်၊၊ ယူပေမြို့ကို ဝါးမျိုပြီးတဲ့ နောက်မှသာ သူ့ရဲ့ ချဲ့ထွင်မှုနှုန်းက နှေးသွားခဲ့တာပဲ”