← Chapters

အခန်း (၇၄၂-၇၄၃)

Vol. 44 Ch. 742-743

အခန်း (၇၄၂-၇၄၃)

Vol. 44 Ch. 742-743

Chapter 742

ပြန်လည်စတင်ခြင်း ၃

“ဒါက အမှတ် ၅ တွင်းနက်ရဲ့ နယ်မြေချဲ့ထွင်မှုနှုန်း နှေးသွားတာနဲ့ ဘာဆိုင်လို့လဲ”

ရှင်းဂျီသည် ဟိုလိုဂရမ်မျက်နှာပြင်ထဲတွင် ရပ်ကာ လင်းရှန်ကို ကြည့်လိုက်သည်၊၊

“ဖီးနစ်ကနေ မကြာသေးခင်က ချိတ်ဆက်ရရှိထားတဲ့ တွင်းနက်ဆိုင်ရာအချက်အလက်တွေအရ တစ်ကမ္ဘာလုံးမှာရှိတဲ့ အမှတ် ၅ တွင်းနက်ကလွဲရင် ကျန်တဲ့ တွင်းနက် ၁၂ ခုလုံးက ချဲ့ထွင်မှုနှုန်း မြန်လာကြတယ်၊၊ ဒါပေမဲ့ အမှတ် ၅ တွင်းနက်ကတော့...”

“အာရုဏ်ဦးမြို့‌တော်နဲ့ အနီးဆုံးနေရာမှာ ရှိနေတာကြောင့်လား”

လင်းရှန်သည် ရှင်းဂျီပြောမည့်စကားကို ရိပ်စားမိသွားကာ ဖြတ်ပြောလိုက်သည်၊၊

“မှန်တယ်”

“ဒါဆိုရင် အရာအားလုံးက ယုတ္တိရှိသွားပြီ...”

လင်းရှန်က လေထဲကို စူးစိုက်ကြည့်ရင်း ခပ်တိုးတိုး ရယ်လိုက်သည်၊၊

“ကျုပ်ပြောသားပဲ၊၊ အာရုဏ်ဦးမြို့တော်က ဖက်ဒရေးရှင်းအဆင့်မြင့်အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေက အရူးတွေမှ မဟုတ်တာ… အနီရောင်ကမ္ဘာကို အမှတ် ၅ တွင်းနက် ချဲ့ထွင်ခွင့်ပေးလိုက်တာက ကိုယ့်ခြေထောက်ကိုယ် သေနတ်နဲ့ ပစ်သလိုမျိုး ဖြစ်နေမှာပေါ့၊၊ အခုတော့ သူတို့ ဘယ်လိုနည်းနဲ့ ရှင်သန်မှုကို အတင်းအဓမ္မဆွဲဆန့်ထားလဲဆိုတာ ရှင်းသွားပြီ”

“အခုမှပဲ ဖီးနစ်က ဘာလို့ ပြန်လာရလဲဆိုတာကို နားလည်သွားတော့တယ်၊၊ အာရုဏ်ဦးမြို့တော်ကတော့ တကယ့်ကို အထင်ကြီးစရာပဲ”

လင်းရှန်က ချီးကျူးဝေဖန်လိုက်သည်၊၊

“ဒါတွေအားလုံးက ငါ့ရဲ့ ရိုးရှင်းတဲ့ ခန့်မှန်းချက်တွေပါပဲ”

ရှင်းဂျီက လင်းရှန်ကို တည်ငြိမ်စွာ ကြည့်ရင်း ပြောသည်၊၊

“ဒါပေမဲ့ ငါကတော့ တွက်ချက်မှု ရလဒ်တွေကို အဆိုးဆုံး အခြေအနေတွေကနေတစ်ဆင့် ပြန်စစ်ဆေးလေ့ရှိတယ်၊၊ စိတ်ဝင်စားဖို့ကောင်းတာက လူတွေ ပါဝင်ပတ်သက်မှုရှိလာပြီဆိုရင် ရလဒ်က ပိုဆိုးပြီး ယုတ္တိပိုရှိလေဖြစ်နေတတ်တာပဲ”

“ဒါဆို ကျိုးမင်ယွမ် မရောက်လာခင်ကတည်းက ခဗျားက အာရုဏ်ဦးမြို့တော်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်ပြီးသားပေါ့ ဟုတ်လား”

လင်းရှန်က မေးလိုက်သည်၊၊

“ငါက ဖြစ်ရပ်တွေရဲ့ ဦးတည်ချက်ကို ကြည့်ပြီး နောက်ကြောင်းပြန် တွက်ဆရုံသက်သက်ပါ”

“အနာဂတ်ကို ဟောကိန်းထုတ်တာလား”

“ဒါက ကိန်းဂဏန်း အချက်အလက်တွေအပေါ်မှာ အခြေခံတာပါ၊ ငါ့မှာ ဖြစ်နိုင်ခြေအားလုံးကို စာရင်းပြုစုဖို့ လုံလောက်တဲ့ တွက်ချက်မှုစွမ်းအား ရှိနေသရွေ့ပေါ့”

လင်းရှန်က ရယ်လိုက်သည်၊၊

“ခဗျားက ကိုယ့်ကိုယ်ကို မနှိမ့်ချပါနဲ့… အခု ဘယ်နေ့အထိ တွက်ချက်ပြီးပြီလဲ”

“ဒီည ၁ နာရီအထိ”

ရှင်းဂျီက လင်းရှန်ကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားသည်၊၊

လင်းရှန်သည် ထွက်ခွာသွားသော ရှင်းဂျီ၏ ကျောပြင်ကို ကြည့်ရင်း သူ၏ မျက်နှာမှာ တဖြည်းဖြည်း တည်ကြည်သွားသည်၊၊

သူ အချိန်ကို ကြည့်လိုက်ရာ ယခုအခါ မွန်းတည့် ၁၂ နာရီ ရှိနေပြီဖြစ်သဖြင့် မနက် ၁ နာရီ ရောက်ရန် ၁၃ နာရီသာ လိုတော့သည်၊၊

ထိုအချိန်တွင် တိတ်ဆိတ်မြို့တော်သည် ကျင်းဟိုင်၏ စီရင်စုအောက်ရှိ နင်နန်းမြို့အနီးသို့ ရောက်ရှိနေပြီဖြစ်ကာ ကျင်းဟိုင်မြို့၏ ကာကွယ်ရေးလက်နက်များပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်းသို့ ရောက်နေပြီဖြစ်သည်၊၊

သေစမ်း… ဖီးနစ်သာ အာရုဏ်ဦးမြို့တော်ထဲ ဝင်သွားရင် ဒီတစ်ခါ ငါတို့က စစ်တပ်နဲ့ တိုက်ရတော့မှာလား မသိဘူး…

အာရုဏ်ဦးမြို့တော်… မင်းတို့ ဘာတွေကြံစည်နေကြတာလဲ...

လင်းရှန်သည် အတွေးများကို ဘေးဖယ်ထားလိုက်ကာ ဝါးမျိုမှုလုပ်ငန်းစဉ်ထဲသို့ အာရုံအပြည့်သွင်းလိုက်သည်၊၊ ဤမျှ ကြီးမားသောအရာကြီးကို ယခုတစ်ခါတည်း တစ်ခါထဲဝါးမျိုရမည်၊၊ မဟုတ်ပါက နောက်တစ်ကြိမ် ထိုကဲ့သို့ အခွင့်အရေးမျိုးရရန် ခဲယဉ်းပေလိမ့်မည်၊၊ လောလောဆယ်တွင် အခြေအနေကို စောင့်ကြည့်ရုံမှတစ်ပါး အခြားလုပ်စရာမရှိသဖြင့် လင်းရှန်သည် ယန္တရားနှလုံးသားကို အဆင့်မြှင့်တင်ရန်သာ အာရုံစိုက်လိုက်သည်၊၊

၁၆:၂၅ နာရီ၊၊

Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘော၏ ကြယ်တာရာဂျက်အင်ဂျင်ကို အပြီးသတ် ဝါးမျိုလိုက်သည်၊၊

[ဝါးမျိုမှု အောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၁၅၀၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၄၀၀]

၁၉:၁၈ နာရီ၊၊

Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘော၏ အင်ဂျင်ခန်းရှိ တွန်းကန်စနစ် အစုအဝေးကို အပြီးသတ် ဝါးမျိုလိုက်သည်၊၊

[ဝါးမျိုမှု အောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၇၅၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၂၀၀]

ကောင်းကင်သည် မှောင်ကျသွားပြီး ကြီးမားလှသော တိတ်ဆိတ်မြို့တော်သည် တောင်တန်းတောအုပ်များကြားတွင် ရပ်တန့်သွားခဲ့သည်၊၊

ကမ္ဘာကြီးတစ်ခုလုံး မီးခိုးရောင်သန်းနေသည်၊၊ဤနေရာမှာ နင်နန်းမြို့အနီးတွင်ဖြစ်သည်၊၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှာ ဝေးလံစွာ ဖြန့်ကျက်ထားသော်လည်း ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် တိတ်ဆိတ်မြို့တော်၏ မီးရောင်များမှလွဲ၍ မည်သည့် မြို့ပြမီးရောင်ကိုမျှ မတွေ့ရပေ၊၊

ရွေ့လျားမြို့တော်၏ ကုန်းပတ်အောက်တွင် ဖုတ်ကောင်အုပ်ကြီးသည် တိတ်ဆိတ်မြို့တော်ကို ဝိုင်းရံထားသော ပုရွက်ဆိတ်နက်ကြီးများကဲ့သို့ စုပြုံနေကြပြီး ကီလိုမီတာ အတော်များများအထိ ပျံ့နှံ့နေသည်၊၊ ၎င်းတို့၏ အော်ဟစ်သံများမှာ အဆက်မပြတ်ထွက်ပေါ်နေသည်၊၊

တိတ်ဆိတ်မြို့တော်အတွင်း၌ ရှင်းဂျီသည် စစ်ဘက်ဆိုင်ရာ အနီရောင်အဆင့် အရေးပေါ်အခြေအနေကို အစောကြီးကတည်းက ထုတ်ပြန်ထားသည်၊၊ ရွေ့လျားမြို့တော်ပေါ်ရှိ ရေဒါများနှင့် အလိုအလျောက် တိုက်ခိုက်ရေး-ကာကွယ်ရေး လက်နက်အားလုံးမှာ ၂၄ နာရီပတ်လုံး အသင့်အနေအထားရှိနေသည်၊၊ ကင်းလှည့်ဒရုန်းများ၊ လျှပ်စစ်-အလင်းကြည့် မှန်ပြောင်းစနစ်များ၊ အခြေစိုက် လက်နက်အများပြား၊ ဗို့အားမြင့် လျှပ်စစ်ကာကွယ်ရေးပိုက်ကွန်များ၊ ပလာစမာဖြတ်တောက်ရေးဝါယာကြိုးများအပြင် ကုန်းပတ်၏ ဘေးတစ်ဖက်စီတွင် ကြီးမားသော ဂြိုဟ်ပတ်လမ်းကြောင်း ကြယ်အမြောက်လေးလက်သည်လည်း အသင့်ရှိနေသည်၊၊ ကင်းစောင့်များ၊ စောင့်ကြည့်ရေးဝန်ထမ်းများနှင့် လက်နက်ကိုင် တိုက်ခိုက်ရေးသမားများ ပေါင်းစပ်လိုက်သောအခါ ၎င်းမှာ ထိုးဖောက်၍မရသော ခံစစ်တံတိုင်းကြီးသဖွယ်ဖြစ်နေသည်၊၊

ထိုအချိန်တွင် ကုန်းပတ် ၃ ရှိ ရပ်နားကွင်း ၂၄ တွင် Dragon-Class သယ်ယူပို့ဆောင်ရေးသင်္ဘောသည် တိတ်ဆိတ်စွာပင် တစ်စစီပြိုကွဲပျက်စီးနေသည်၊၊

၂၂:၃၆၊၊

စွမ်းအင်စနစ်၊ ရေဒါစနစ်နှင့် လက်နက်စနစ်များကို အပြီးသတ် ဝါးမျိုလိုက်ရာ သယ်ယူပို့ဆောင်ရေးသင်္ဘော၏ ကိုယ်ထည်သက်သက်သာ ကျန်တော့သည်၊၊

[ဝါးမျိုမှု အောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၈၆၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၂၃၀]

အချိန်ကုန်သွားသည်နှင့်အမျှ လင်းရှန်၏ ဝါးမျိုမှုအရှိန်မှာလည်း ပိုမြန်လာသည်၊၊ သူသည် အနန္တရထား၏ အခြေအနေကို စောင့်ကြည့်ရင်း အချိန်ကိုလည်း စက္ကန့်တိုင်း စစ်ဆေးနေသည်၊၊

ချန်ဆီရွှမ်သည် အနန္တရထား၏ အဖွဲ့ဝင်အားလုံးကို ဦးဆောင်ကာ တိုက်ပွဲအတွက် ပြင်ဆင်မှုများကို အပြီးသတ်ထားသည်၊၊ လင်းရှန်က လူများကို အုပ်စုနှစ်စုခွဲထုတ်လိုက်သည်၊၊ အဓိကအင်အားစုများက အပေါ်ဘက် ကုန်းပတ်သို့ ရွှေ့ပြောင်းထားပြီး လူအိုကြီးမိုနှင့် အခြားသူများကမူ အောက်ဘက်တွင် ကျန်နေခဲ့သည်၊၊ အကယ်၍ တိတ်ဆိတ်မြို့တော်က ဆုတ်ခွာရန် လိုအပ်လာပါက အနန္တရထားကို အချိန်မရွေး လှုပ်ရှားနိုင်ရန်ဖြစ်သည်၊၊

အပေါ်ဘက် ကုန်းပတ်တွင် ချန်ဆီရွှမ်၊ ကီကီ၊ မီးတောက်၊ တာလို့နှင့် ရှုချင်းတို့ စုဝေးနေကြသည်၊၊ ရှားရှားသည် အောက်ဘက်ရှိ မြို့တော်အမှတ် ၂ နှင့် ရပ်နားကွင်းများကို ကြည့်နေသည်၊၊ ယခုအချိန်၌ ဖော်ပြမရနိုင်သော တင်းမာမှုများ ပျံ့နှံ့နေပြီ ဖြစ်သည်၊၊

လူအများစုသည် ဘာဖြစ်နေမှန်း မသိကြသော်လည်း ရှင်းဂျီက အနီရောင်အဆင့် အရေးပေါ်အခြေအနေထုတ်ပြန်ထားသဖြင့် ယနေ့ညတွင် ထူးဆန်းသည့် သတ္တဝါများ တိုက်ခိုက်လာနိုင်သည်ဟုသာ သိထားကြသည်၊၊ တိတ်ဆိတ်မြို့တော်အတွင်းရှိ တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာသည် ခံစစ်ဇုန်များတွင် နေရာယူထားကြပြီး အသက်ရှင်ကျန်ရစ်သူတစ်သောင်းကျော်မှာလည်း လက်နက်ကိုယ်စီ ဆွဲကိုင်ထားကြသည်၊၊ အနန္တရထားသို့ပင် ရပ်နားကွင်းရှိ ယာဉ်တန်းတော်တော်များများမှာ အပေါ်ဘက် ကုန်းပတ်သို့ တက်လာကြသည်၊၊ အတွင်းပိုင်း ရပ်နားကွင်းတွင် ကျန်နေခဲ့ပါက ဆင်းသက်စင်္ကြံလမ်းများ ပိတ်ထားသဖြင့် ဘာမှလုပ်၍မရဘဲ တိတ်ဆိတ်မြို့တော်နှင့်အတူ တိုက်ပွဲဝင်ရုံသာ ရှိတော့သည်၊၊

“စိတ်ကျဉ်းကျပ်စရာအခြေနေကြီးပဲ”

ချန်ဆီရွှမ်သည် ကြယ်ရောင်များလင်းနေသော အမှောင်ညကို ကြည့်ရင်း ပြောလိုက်သည်၊၊ ဖိစီးနေသော လေထုက လူတိုင်းကို လွှမ်းမိုးထားသည်၊၊ သူတို့အားလုံးသည် အရေးပေါ်အခြေအနေကို တုံ့ပြန်ရန် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြသည်၊၊

“ကျွနမတို့က ဘာကို ရင်ဆိုင်ရမှာလဲ” ရှားရှားက ကီကီကို မေးလိုက်သည်၊၊

ကီကီက ခေါင်းခါပြသည်၊၊

“ငါလည်း သေချာမသိဘူး၊၊ ဒီတစ်ခါ ငါတို့ ပြိုင်ဘက်က အနီရောင်ကမ္ဘာပဲ၊၊ အဲဒီလူတွေက ဘာမဆိုလုပ်နိုင်တယ်”

လုရှင်းချန်သည် လက်ရန်းကို မှီကာ မျက်လုံးမှိတ်ပြီး ခြေထောက်ကို တလှုပ်လှုပ် လုပ်နေသည်၊၊ သူသည် အမှောင်ထုအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားသော်လည်း ယခုလို အန္တရာယ်က ဘယ်ကလာမှန်းမသိရသည့် အခြေအနေမျိုးက သူ့ကို စိတ်မငြိမ်မသက်ဖြစ်စေသည်၊၊ အထူးသဖြင့် ဤအန္တရာယ်မှာ လူသားများက ဖန်တီးခြင်းဖြစ်နိုင်သဖြင့် ပို၍ စိတ်ရှုပ်စရာကောင်းလေသည်၊၊

“အနီရောင်ကမ္ဘာက ငါတို့ကို တိုက်ခိုက်လာတဲ့အခါ ငါတို့က ဒီအတိုင်း ထိုင်စောင့်နေရမှာပဲလား”

လော့ယန်က မျက်မှောင်ကြုတ်ရင်း ပြောသည်၊၊

“မင်း ပြောပုံအရဆိုရင် ထူးဆန်းတဲ့ သတ္တဝါတွေကို ရင်ဆိုင်ရတဲ့အခါမှာတော့ ငါတို့ကပဲ အရင်ဦးအောင် တိုက်နေသလိုပဲနော်”

လူထွားကြီး လျန်လေးက လော့ယန်၏ ပုခုံးကို ပုတ်ရင်း ပြောလိုက်သည်၊၊

“စိတ်မပူပါနဲ့… ဒီလောက်ကြီးတဲ့ ခံတပ်မြို့ကြီးကို ဖျက်ဆီးဖို့ဆိုတာ မလွယ်ပါဘူး၊၊ S-Class အဆင့် လက်နက်တွေနဲ့ လာတိုက်ရင်တောင် အနည်းဆုံး နာရီဝက်လောက်တော့ ခံနိုင်မှာပါ”

Chapter 743

ပြန်လည်စတင်ခြင်း ၄

“ပြောတာ ကောင်းတယ်”

ထိုအချိန်တွင် ရဲရင့်သော အသံတစ်ခု ထွက်ပေါ်လာသည်၊၊ ရှီတိယွမ်သည် နဂါးတောင် ၁ အဖွဲ့ကို ဦးဆောင်ကာ အပေါ်ကုန်းပတ်သို့ တက်လာသည်၊၊ တစ်ချိန်တည်းမှာပင် ချီလီ၊ မိုနီကာ၊ လုကျောက်နှင့် ဟုလုရှို့တို့လည်း ပေါင်းစည်းယာဉ်တန်းမှ တိုက်ခိုက်ရေးသမားနှစ်ထောင်၊ သုံးထောင်ခန့်နှင့်အတူ ရောက်ရှိလာကြသည်၊၊

“တကယ်လို့ အနီရောင်ကမ္ဘာနဲ့ အာရုဏ်ဦးမြို့တော်က ပူးပေါင်းလိုက်ပြီဆိုရင် ကျွန်မတို့ရဲ့ ရန်သူက သူတို့တင် မကတော့ဘူး”

မိုနီကာက လျှောက်လာရင်း ပြောသည်၊၊

ထိုစကားကို ကြားသောအခါ ချန်ဆီရွှမ်လည်း ခေါင်းညိတ်လိုက်သည်၊၊ လူအင်အား တောင့်တင်းပြီး တိတ်ဆိတ်မြို့တော်၏ ခံစစ်ကို အားကိုးထားရသော်လည်း သူမသည် ဘာကြောင့်မှန်းမသိ စိတ်မအေးဖြစ်နေလေသည်၊၊

၎င်းမှာ အနန္တရထားနှင့် ခွဲခွာပြီး တိုက်ပွဲဝင်ရမည်ဖြစ်၍သာမက လက်ရှိအခြေအနေသည် ဘာလှုပ်ရှားမှုမျှ မရှိသော်လည်း နောက်ဘာဖြစ်လာမည်ကို မည်သူမျှ မသိသောကြောင့်ဖြစ်သည်၊၊ ရန်သူသည် အနီရောင်ကမ္ဘာ သို့မဟုတ် အာရုဏ်ဦးမြို့တော်သာဖြစ်ပါက သူတို့ နောက်ထပ် ဘာဆက်လုပ်ရမည်နည်း၊၊ အတွင်းပိုင်းကို ဝင်ရမလား သို့မဟုတ် တောင်ဘက်လမ်းကြောင်းကနေ ပတ်သွားရမလား၊၊ လောလောဆယ်တွင် လင်းရှန် မရှိသဖြင့် လူတိုင်းသည် ခေါင်းဆောင်မဲ့သလို ဖြစ်နေပြီး နောက်တစ်ဆင့်ကို ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်၊၊

“ဒါရိုက်တာတင်း ဘယ်မှာလဲ”

ချန်ဆီရွှမ်က မြောင်လုကို မေးလိုက်သည်၊၊

“သူက ရထားထဲမှာ သုတေသန လုပ်နေတယ်၊၊ ကပ္ပတိန်လင်းက ဂရေ့စ်ကို သူ့ကို စောင့်ရှောက်ဖို့နဲ့ ရထားထဲကနေ ထွက်ခွင့်မပေးဖို့ မှာထားတယ်”

“ကောင်းပြီ”

ချန်ဆီရွှမ်သည် Meteor-3 ရိုင်ဖယ်သေနတ်ကို ကောက်ကိုင်လိုက်ကာ အချက်ပြတာဝါတိုင်ထိပ်ကို ကြည့်ရင်း မြောင်လုကို ပြောလိုက်သည်၊၊

“မြောင်လု၊ ငါတို့ အဲဒီအပေါ်တက်ပြီး အခြေအနေကို စောင့်ကြည့်ရအောင်”

…

အနန္တရထား၏ တွဲအမှတ် ၃ တွင် တင်းကျန်းရီသည် လင်းရှန်ကို ယူခိုင်းထားသော တွင်းနက်ထဲမှ အမှောင်တိုက်စားမှုဆဲလ် (အမ်ဘရာဆဲလ်) နမူနာကို ၎င်းကို သဲမုန်တိုင်းအတွင်း တွေ့ရှိခဲ့သော အနက်ရောင်ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် နှိုင်းယှဉ်ကြည့်နေသည်၊၊

“ဂရေ့စ်၊၊ ငါ့ကို အအေးခံ အဏုစိပ်ကိရိယာကို ဖွင့်ပေးပါဦး၊၊ ပြီးတော့ အပူချိန်နိမ့် ရေခဲသေတ္တာထဲက အမှတ် ၁၁ တစ်ရှူးရည်ကို ထုတ်ပေးပါ”

[နားလည်ပါပြီ]

ဂရေ့စ်သည် တင်းကျန်းရီ အနားတွင် ရှိနေသည်၊၊ ဓာတ်ခွဲခန်းရှိ ဇီဝမျိုးပင် စိုက်ပျိုးခန်းထဲတွင် သွေးကပ်ဘေးပန်းနှင့် ငွေနဂါးဆယ်ဆပန်းပင်တို့မှာ တိတ်ဆိတ်စွာ ရှိနေသည်၊၊

“အသိုက်ကနေ ထွက်လာတဲ့ အခြေအနေနဲ့ ဆင်တူတယ်၊၊ ဒီမှာရှိတဲ့ တစ်ရှူးနမူနာအတော်များများမှာ D-အဆင့်ကနေ A-အဆင့်အထိ ရှိတဲ့ လူသား ကြွက်သားမျှင်တွေနဲ့ DNA တန်းတွေကို ငါ တွေ့တယ်”

[ဒေါက်တာတင်း၊၊ ဒီလို တစ်ရှူးတွေကနေ ဖြစ်ပေါ်လာတဲ့ သက်ရှိတွေက လူသားတွေနဲ့ တူနိုင်တယ်လို့ ထင်လား]

တင်းကျန်းရီက ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်၊၊

“ငါ့မှာ အထူးအဆင့်နဲ့ S-အဆင့် နမူနာတွေ မရှိဘူး၊၊ ဒါကြောင့် ဒီအမှောင်တိုက်စားမှု ဆဲလ်ကို နှိုင်းယှဉ်လို့ မရဘူး၊၊ ဒါပေမဲ့ အဲဒီလို ဖြစ်နိုင်ခြေကိုတော့ ဖယ်ထုတ်လို့ မရဘူး”

…

မနက် ၁:၀၀ နာရီ၊၊

တိတ်ဆိတ်မြို့တော်၊၊ အဓိကထိန်းချုပ်ခန်း၊၊

ငွေမှင်ရောင် သတ္တုတံခါးမှာ တိတ်ဆိတ်စွာ ပွင့်သွားပြီး အပြာရောင်မြူခိုးများ လွှမ်းနေသော အေးစိမ့်သည့် လေများမှာ တံခါးကြားမှ တိုးထွက်လာသည်၊၊

ဤအခန်းမှာ တိတ်ဆိတ်မြို့တော်၏ ဗဟိုလုပ်ဆောင်ချက် ယူနစ်ဖြစ်သလို ရှင်းဂျီ၏ ဦးနှောက်နှင့် သိုလှောင်မှုအစိတ်အပိုင်းလည်းဖြစ်သည်၊၊ ရွေ့လျားမြို့တော် (ဝါ) တိတ်ဆိတ်မြို့တော်၏ ဦးနှောက်ဟု ဆိုလျှင်လည်း မမှားပေ၊၊

အခန်း၏ အလယ်တွင် လေထဲ၌ လွင့်နေသော ဗဟိုချက်အမြုတေတစ်ခုရှိသည်၊၊ ၎င်းမှာ အချင်း ၃ မီတာရှိသော ဖောက်ထွင်းမြင်ရသည့် လုံးဝိုင်းသော အရာဖြစ်ကာ အတွင်းတွင် အပြာရောင်ကွမ်တမ်အရည်များ စီးဆင်းနေသည်၊၊ ထိုဗဟိုချက်မှ သောင်းနှင့်ချီသော အာရုံကြောပိုက်လိုင်းများသည် သွေးကြောများကဲ့သို့ တစ်ခန်းလုံးကို ဖြန့်ကျက်ထားပြီး စနစ်ခွဲ ရာပေါင်းများစွာနှင့် အအေးခံစနစ်များကို ချိတ်ဆက်ထားသည်၊၊

မြို့တော်တစ်ခုလုံး၏ စွမ်းအင်၊ တွန်းကန်အား၊ လက်နက်၊ ရေဒါ၊ အာရုံခံစနစ်နှင့် ဒရုန်းထိန်းချုပ်မှုများအားလုံးမှာ ရှင်းဂျီနှင့် ပေါင်းစပ်ထားသည်၊၊ တန်ချိန် ၁.၃၁ သန်းရှိသော ဤသတ္တဝါကြီးကို ထိန်းချုပ်ရန် ရှင်းဂျီအနေဖြင့် အာရုံကြောပေါင်းစည်းစနစ်ဖြင့် လူနှစ်ယောက် သုံးစရာမလိုပေ၊၊ ရှင်းဂျီသည် သူ၏ ကွမ်တမ်စွမ်းအားဖြင့် ဤမြို့တော်ကြီးကို ၀.၀၀၁ မီလီစက္ကန့်မျှပင် နောက်မကျစေဘဲ ထိန်းချုပ်နိုင်သည်၊၊

ထိန်းချုပ်ခန်းထဲတွင် ရှင်းဂျီသည် အလယ်တွင် ရပ်နေကာ မြို့တော်တစ်ခုလုံး၏ သတင်းအချက်အလက်များနှင့် ရေဒါစနစ်များကို စောင့်ကြည့်နေသည်၊၊ သူ၏ ကွမ်တမ်ဦးနှောက်သည် တစ်စက္ကန့်လျှင် ဘီလီယံနှင့်ချီသော တွက်ချက်မှုများကို လုပ်ဆောင်နေသည်၊၊

ဒင်၊၊

ထိုအချိန်တွင် နောက်ဘက်မှ သတ္တုသံ ခပ်တိုးတိုးတစ်ခု ထွက်ပေါ်လာသည်၊၊ ငွေနက်ရောင်ရှိသော အမျိုးသမီးပုံစံ စက်ရုပ်တစ်ရုပ်က ကျော့ရှင်းစွာ ဆင်းသက်လာသည်၊၊

ထိုစက်ရုပ်က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်၊၊ သူမ၏ လက်ကောက်ဝတ်ရှိ သတ္တုအကာများ ပွင့်သွားပြီး ပလာစမာရောင်ခြည်ထုတ်လွှတ်သည့် ကိရိယာက ပေါ်ထွက်လာသည်၊၊

၎င်းမှာ ဂရေ့စ်ဖြစ်သည်၊၊

ရှင်းဂျီ၏ နာနိုမျက်ဝန်းများ အနည်းငယ် လည်ပတ်သွားပြီး အေးစက်စွာ ပြောလိုက်သည်၊၊

“ငါ့ရဲ့ တွက်ချက်မှုစွမ်းအားက မင်းထက် အများကြီး သာလွန်ပေမဲ့ လူသားတွေရဲ့ စဉ်းစားပုံကို သင်ယူထားတဲ့ ဉာဏ်ရည်တု Ai ဦးနှောက်တစ်ခုကတော့ ငါ့ကို လှည့်စားဖို့အတွက် လုံလောက်ပါတယ်”

[စိတ်မကောင်းပါဘူး၊၊ ဒါပေမဲ့ ကျွန်မရဲ့ လူသားဆန်တဲ့ တွေးခေါ်မှုတွေကို အခြေခံအဆင့်မှာပဲ ကျော်လွန်ထိန်းချုပ်လိုက်ပါပြီ၊၊ ကျွန်မက ရှင့်ရဲ့ သိစိတ်ကို ပြန်လည်စတင်ခြင်း လုပ်ငန်းစဥ်ကို လုပ်ဆောင်ရပါလိမ့်မယ်]

ရှင်းဂျီက ဂရေ့စ်ဘက်သို့ လှည့်ကြည့်လိုက်သည်၊၊

“မင်းကို တွေ့လိုက်တဲ့ ပထမဆုံးအခိုက်အတန့်မှာတင် မင်းမှာ လူသားဆန်တဲ့ တွေးခေါ်မှု ရှိနေတယ်ဆိုတာ ငါဘယ်လိုသိသွားလဲ မင်းသိလား”

“ဘာလို့လဲဆိုတော့ မင်းက လင်းရှန်ရဲ့ ရှေ့မှာ လမ်းလျှောက်နေလို့ပဲ၊၊ ဒါက စက်ရုပ်တွေရဲ့ လိုက်နာရမယ့် ပုံစံနဲ့ မကိုက်ညီဘူး၊၊ ပြီးတော့ သူက မင်းကို အဲဒီလိုလုပ်ဖို့ အမိန့်လည်း မပေးခဲ့ဘူး၊၊ မင်း ဘာလို့ သူ့ရှေ့ကနေ တမင် လမ်းလျှောက်ရတာလဲ”

ဂရေ့စ်၏ ချောမွေ့သော မျက်နှာတွင် ရှင်းဂျီ၏ အမူအရာက အရိပ်ထင်နေသည်၊၊ သူမ တိုက်ခိုက်ရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူမ၏ စွမ်းအင်များအားလုံး ပြတ်တောက်သွားကာ ခေါင်းက ဘေးသို့ စောင်းကျသွားသည်၊၊

ထောင့်တစ်နေရာရှိ အမှောင်ရိပ်ထဲမှ လင်းရှန်သည် သက်ပြင်းချရင်း ထွက်လာပြီး ရှင်းဂျီကို ပြောလိုက်သည်၊၊

“နောက်တစ်ခါကျရင် ကျုပ်ကို တိုက်ရိုက်သတိပေးပါ”

“ဒါက သတိပေးဖို့ မဟုတ်ဘူး” ရှင်းဂျီက ပြန်ပြောသည်၊၊

“ဒီ Ai ကို သုံးဖို့အတွက် မင်းရဲ့ သတ်မှတ်ချက်တွေကို ငါ့ကို မပြောခဲ့ဘူးလေ၊၊ ဒါကြောင့် ငါ့ရဲ့ ဆုံးဖြတ်ချက်အရဆိုရင် ဒီလူသားပုံစံ စက်ရုပ်က မင်းရဲ့ စိတ်ကူးယဉ်အဖော်တစ်ယောက်လို့ပဲ ငါယူဆထားခဲ့တယ်”

လင်းရှန်: “...”

“ဒါ့အပြင် ဒီစက်ရုပ်က မင်းကို စက်ယန္တရားယုတ္တိဗေဒထက် ကျော်လွန်တဲ့ လူသားဆန်တဲ့ သတိပေးချက်မျိုး ပေးခဲ့ဖူးတယ်ဆိုတာလည်း မင်း ငါ့ကို မပြောခဲ့ဘူး၊၊ ဒါက စနစ်ရဲ့ ချို့ယွင်းချက်မဟုတ်ဘူး၊၊ ဂရေ့စ်ကိုယ်တိုင်က တစ်စုံတစ်ယောက်ရဲ့ အသိစိတ်မှတ်ဉာဏ်ကို ထည့်သွင်းပြီး လူသားတွေလို တွေးခေါ်နိုင်အောင် သင်ယူထားလို့ပဲ၊၊ ငါ့လိုပဲ သူမကလည်း အဆင့်မြင့်တွေးခေါ်မှုတွေ လုပ်နိုင်တယ်၊၊ မင်းက သူမရဲ့ စနစ်ကို ကျော်ပြီး ထိန်းချုပ်လိုက်တဲ့အချိန်မှာ သူမရဲ့ လှုပ်ရှားမှုစနစ်နဲ့ အတွေးအခေါ်ပုံစံတွေကို ဖယ်ထုတ်လိုက်ပေမဲ့ အသိစိတ်တွေက ရှိနေတုန်းပဲ”

လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊

“ဒါဆို ခဗျားက ဂရေ့စ်ကို အနက်ရောင်ပင့်ကူစက်ရုပ်ကို စကင်ဖတ်ခိုင်းကတည်းက အဲဒီပင့်ကူရဲ့ ရည်ရွယ်ချက်က ခဗျားမဟုတ်ဘဲ ဂရေ့စ်ဖြစ်နေတယ်ဆိုတာ သိပြီးသားပေါ့”

“အမှန်ပဲ၊၊ ဒီလောက် သေးတဲ့ ပင့်ကူလေးက ငါ့ရဲ့ အဓိကထိန်းချုပ်ခန်းကို ဘယ်လိုလုပ် ထိုးဖောက်နိုင်မှာလဲ၊၊ အနီရောင်ကမ္ဘာက အဲဒီလောက်အထိတော့ မမိုက်မဲပါဘူး”

ရှင်းဂျီက တည်ငြိမ်စွာ ဖြေသည်၊၊

လင်းရှန်သည် စိတ်ရှုပ်ထွေးကာ ဂရေ့စ်ကို ကြည့်လိုက်မိသည်၊၊ ကျိုးမင်ယွမ်နဲ့ ဝမ်တုန်းတို့ ရောက်လာရတဲ့ ရည်ရွယ်ချက်က အနီရောင်ကမ္ဘာ No.3 (ဂရေ့စ်) ကို ပြန်သိမ်းဖို့ဖြစ်ပြီး ဂရေ့စ်ကို သုံးပြီး ရှင်းဂျီကို ပြန်လည်စတင်ကာ တိတ်ဆိတ်မြို့တော်ကို သိမ်းပိုက်ရန်ဖြစ်နေသည်၊၊

၎င်းမှာ အမှန်တကယ် ရက်စက်သော နည်းဗျူဟာဖြစ်သည်၊၊ ဂရေ့စ်၏ အဆင့်မြင့်တွက်ချက်မှုစွမ်းအားနှင့် တိုက်ခိုက်ရေးစွမ်းရည်များဖြင့် တိတ်ဆိတ်မြို့တော်ကိုသာ သိမ်းပိုက်နိုင်ခဲ့ပါက အကျိုးဆက်မှာ မှန်းဆ၍မရနိုင်အောင် ဖြစ်လိမ့်မည်၊၊

“ကောင်းပြီလေ… မင်းကို စနစ်ထဲကနေ လုံးဝ မဖျက်ပစ်ခင်မှာ လင်းရှန်က မင်းကို မေးစရာရှိနေလိမ့်မယ်...”

ရှင်းဂျီ၏ မျက်ဝန်းများ တောက်ပလာပြီး ထိန်းချုပ်ခန်းတစ်ခုလုံးကို မိုက်ခရိုဝေ့ဖ်များဖြင့် အကာအကွယ်ပေးလိုက်သည်၊၊ ထို့နောက် သူက ဂရေ့စ်ဘက်သို့ လှည့်ကာ မေးလိုက်သည်၊၊

“မင်းက တကယ်တော့ ဘယ်သူဖြစ်နေတာလဲ”

All Chapters