အခန်း (၇၄၄-၇၄၅)
Vol. 44 Ch. 744-745
Chapter 744
ပုရွက်ဆိတ်များ ၁
ညသည် မှင်ရည်ကဲ့သို့ နက်မှောင်နေ၏။ အာရုဏ်ဦးမြို့တော်အပြင်ဘက် ဆင်ခြေဖုံးရပ်ကွက်များရှိ လမ်းမများနှင့် အဆောက်အအုံများတွင် ဆူးကြိုးအတားအဆီးများနှင့် ခံစစ်ခြံစည်းရိုးများနေရာအနှံ့ပိတ်ဆို့ထားကာ လှိုင်းလုံးကြီးသဖွယ် များပြားလှသော ဖုတ်ကောင်များကို ဟန့်တားထားသည်။ မီတာအနည်းငယ်စီတိုင်းတွင် ကွန်ကရစ်ဖြင့် တည်ဆောက်ထားသော ခံတပ်မျှော်စင်များရှိပြီး လက်နက်ကိုင်အစောင့်များက တိတ်ဆိတ်စွာ စောင့်ကြပ်နေကြသည်၊၊ အော်တိုအမြောက်များ၏ အနီအောက်ရောင်ခြည် ပစ်ခတ်မှုထိန်းချုပ်ရေးရေဒါများသည်လည်း အနီးအနားသို့ ချဉ်းကပ်လာနိုင်သည့် သံသယဖြစ်ဖွယ် ထူးဆန်းသည့် သတ္တဝါများကို အဆက်မပြတ် စကင်ဖတ်နေသည်။
အဝေးတစ်နေရာမှ ဖုတ်ကောင်အုပ်ကြီး၏ စုပေါင်းအော်ဟစ်သံများသည် ဆာလောင်နေသော ရှေးဟောင်းသားရဲကြီးတစ်ကောင် အံကြိတ်နေသကဲ့သို့ တချက်တချက် ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ပြုပြင်မွမ်းမံထားသော ထရပ်ကားအချို့သည် ဖုတ်ကောင်ဝိုင်းရံမှုများကို ဖောက်ထွက်လာပြီး အိပ်ဇောများမှ မီးခိုးအမည်းများ ထွက်နေသည်၊၊ ၎င်းတို့၏ တာယာများသည် ပုပ်သိုးနေသော အင်္ဂါအစိတ်အပိုင်းများကို နင်းချေကာ ရှေ့မီးကြီးများက အမှောင်ထုကို ထိုးခွဲလာကြသည်၊၊ ညကောင်းကင်ယံအောက်တွင် အာရုဏ်ဦးမြို့တော်၏ မြင့်မားလှသော ပထမတံတိုင်းကြီးသည် အရှေ့နှင့်အနောက်ကို ဖြတ်တောက်ထားသော ကမ်းပါးယံကြီးတစ်ခုကဲ့သို့ မားမားမတ်မတ်ရှိနေပြီး အမှောင်ထဲတွင် အချက်ပြမီးများ တဖျတ်ဖျတ် လင်းနေ၏။ နေရာအတော်များများတွင် ဂဟေဆော်သည့် မီးပွားများ လွင့်စင်နေပြီး ရှာဖွေရေးမီးမောင်းကြီး အများအပြားကလည်း ပတ်ပတ်လည်ထိုးနေကြသည်။
“ငါတို့ လွတ်ပြီ... နောက်ဆုံးတော့ လွတ်ပြီကွ”
ဒရိုင်ဘာခုံတွင် ထိုင်နေသော လူက အသံသြသြဖြင့် အော်ဟစ်လိုက်သည်၊၊ သူ၏ လက်ချောင်းများက စတီယာရင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသဖြင့် လက်ဆစ်များပင် ဖြူဖျော့နေလေ၏။
ယာဉ်တန်းမှ အသက်ရှင်ကျန်ရစ်သူများသည် ကားအတွင်း၌ စုပြုံနေကြပြီး ကျည်ကာမှန်များမှတစ်ဆင့် တံတိုင်းကြီးကို ငေးကြည့်နေကြသည်။ မြို့တံတိုင်းပေါ်ရှိ ရှာဖွေရေးမီးမောင်းများသည် ဖုန်ဆိုးမြေပြင်ကို ကျဆင်းနေပြီး တံတိုင်းခြေရင်းရှိ များပြားလှသော တဲများ၊ ယာဉ်တန်းစခန်းများနှင့် မီးပုံများကို တစ်ချက်တစ်ချက်လင်းထိန်သွားစေသည်၊၊ ၎င်းတို့သည် မြို့ထဲဝင်ကြေးမပေးနိုင်သဖြင့် တံတိုင်းအောက်တွင် အနွေးဓာတ်ရရန် စုပေါင်းစခန်းချနေကြသော အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။ ယာဉ်တန်းစခန်းများမှ မီးရောင်များသည် အဆုံးမရှိသော ကမ္ဘာပျက်ကပ်ည၏ ဈေးတန်းကြီးတစ်ခုကဲ့သို့ မြင်တွေ့နေရသည်။
မြို့တံခါးဝတွင် စီတန်းနေသော ယာဉ်တန်းကြီးသည် ကီလိုမီတာပေါင်းများစွာ ရှည်လျားနေပြီး ဘေးတစ်ဖက်တစ်ချက်တွင် ဒရုန်းများသည် ပျံသန်းကာ ပိုးသတ်ဆေးရည်များဖျန်းခြင်းနှင့် အမှောင်အမှတ်အသားများ ရှိမရှိ စစ်ဆေးခြင်းများ ပြုလုပ်နေသည်။ လက်နက်တပ်ဆင်ထားသော စက်ရုပ်ကြီးများက ပတ်ဝန်းကျင်တွင် ကင်းလှည့်နေပြီး ၎င်းတို့၏ ခြိမ်းခြောက်နိုင်စွမ်းကို ဖော်ပြသည့်အနေဖြင့် စက်သေနတ်ပြောင်းများက ဖြည်းညှင်းစွာ လည်ပတ်နေကြသည်။
မြို့ဝင်ပေါက်တွင် လူဦးရေထိန်းချုပ်ရေးတာဝန်ခံ ဖက်ဒရေးရှင်းအရာရှိများသည် စစ်ဆေးမှုများပြုလုပ်ရန် အလှည့်ကျတာဝန်ယူနေကြသည်။ မြို့ထဲသို့ ဝင်ရောက်မည့်သူများသည် ကားပေါ်မှ ဆင်းရပြီး ဝင်ကြေးပေးဆောင်ပြီးနောက် စကင်ဖတ်သည့် လမ်းကြောင်းအချို့ကို ဖြတ်ကျော်ရသည်၊၊ ထို့နောက် အာရုဏ်ဦးမြို့တော်၏ နေထိုင်သူနံပါတ် အသစ်တစ်ခုရရှိကာ ပထမတံတိုင်းအတွင်းရှိ ခရိုင်ဟောင်းအတွင်းသို့ ဝင်ရောက်နေထိုင်ခွင့်ရကြသည်။
“တစ်ယောက်ကို သွေးပဲစေ့သုံးခုလား။ မနေ့က ကြေညာချက်မှာ အဆင့် ၁ သွေးပဲစေ့နှစ်ခုပဲဆို”
လူအုပ်ကြီးရှိရာ မြို့ဝင်ပေါက်တွင် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ယာဉ်တန်းခေါင်းဆောင်တစ်ဦးက လုံခြုံရေးအရာရှိကို ဒေါသတကြီးအော်ဟစ်လိုက်သည်၊၊
“ဘာလို့ တစ်ရက်တည်းနဲ့ ဈေးက ပြန်တက်သွားရတာလဲ”
“ဟုတ်တယ်၊၊ တစ်ယောက်ကို သွေးပဲစေ့သုံးခုဆိုတော့ ထူးဆန်းတဲ့ သတ္တဝါတွေကို ငါတို့က အမဲလိုက်ရလွယ်နေလို့လား”
“ဒါက နည်းနည်းများသွားပြီ”
“ဟုတ်တယ်”
“ဘာလို့ ဆူညံနေကြတာလဲ”
စွမ်းအားဝတ်စုံ ဝတ်ဆင်ထားသော အရာရှိက တင်းမာသောအမူယာဖြင့် ချက်ချင်း ထွက်လာသည်၊၊
“စည်းမျဉ်းအရ အရေးမပါတဲ့သူ အရေအတွက်က တစ်ဆနဲ့ နှစ်ဆထက် ကျော်လွန်နေရင် ဒီနှုန်းထားအတိုင်းပဲ ဖြစ်မယ်။ မင်းတို့ ယာဉ်တန်းမှာ တိုက်ခိုက်ရေးသမား ၁၅ ယောက်ပဲ ပါပြီး လူအို၊ လူမမာနဲ့ ကလေးက ၃၄ ယောက်တောင် ပါနေတယ်။ မင်းတို့ဆီမှာ ရူးသွပ်သူအဆင့်နှစ်ယောက်ပါနေလို့သာပေါ့၊၊ မဟုတ်ရင် ကျန်တဲ့သူတွေအတွက် အပိုထပ်ကောက်လိုက်မှာပဲ”
“မင်း”
သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်သည် ဒေါသဖြင့် မျက်နှာနီရဲသွားကာ ရှေ့သို့ တိုးလာသော်လည်း ဘေးတစ်ဖက်တစ်ချက်ရှိ သံချပ်ကာ စက်ရုပ်ကြီးနှစ်ရုပ်၏ အမြောက်ပြောင်းများက သူ့ဆီ ချက်ချင်း ဦးတည်လာသည်။
“ဘာလဲ၊၊ အတင်းဝင်ချင်လို့လား”
အရာရှိက အေးစက်စွာ လှောင်ပြုံးပြုံးရင်း တင်းမာစွာ ပြောလိုက်သည်၊၊
“ဘာလို့ ဈေးတက်ရလဲ မင်းတို့ သိလား။ ဘာလို့လဲဆိုတော့ ဒီမှာပဲ အမှောင်ကျူးကျော်မှုကနေ ၉၅ ရာခိုင်နှုန်း သန့်စင်ထားတဲ့ ရေကို သောက်ရမှာမို့လို့ပဲ၊၊ ဒီမှာပဲ S-Class အဆင့် တိုက်ခိုက်မှုကို ခုခံနိုင်မှာမို့လို့ပဲ”
သူက ယာဉ်တန်း၏ ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး နောက်ဘက်ရှိ လူတန်းကြီးဆီသို့ ကျယ်လောင်စွာ အော်ပြောလိုက်သည်၊၊
“ဒါက လူသားအားလုံးရဲ့ မျှော်လင့်ချက်ပဲ။ ရန်သူကို ခုခံဖို့ လူတိုင်းက အရာအားလုံးကို ထည့်ဝင်ရမယ်။ အရင်းအမြစ်မရှိရင် မြို့ပြခံစစ်အတွက် လက်နက်ခဲယမ်းတွေ ဘယ်ကရမလဲ။ အရင်းအမြစ်တွေ မရှိရင် အမှောင်ထုကို ပြန်တိုက်ဖို့ ပြိုင်ဘက်ကင်းတပ်ဖွဲ့ကြီးကို ဘယ်လိုတည်ဆောက်မလဲ။ ဒုဥက္ကဋ္ဌကျိုးရဲ့ အမြော်အမြင်ရှိတဲ့ ဦးဆောင်မှုကြောင့်ပဲ အာရုဏ်ဦးမြို့တော်က အခုအချိန်မှာ အလုံခြုံဆုံးနေရာဖြစ်နေတာပဲ”
စကားပြောပြီးနောက် သူက ယာဉ်တန်းခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်၊၊
“အာရုဏ်ဦးမြို့တော်က လူသားဆန်ပါတယ်၊၊ မြို့ပြင်မှာ နေရင်တောင် မင်းတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဗာဂျရာအဆင့်ထက်ကျော်ရင် ဒါမှမဟုတ် အထူးစွမ်းရည်တွေ ရှိရင် မြို့ထဲဝင်ပြီး သွေးပဲစေ့ရဖို့ အလုပ်လုပ်လို့ ရတယ်။ ဝင်ကြေးမတတ်နိုင်ရင် တောထဲမှာ ထူးဆန်းတဲ့ သတ္တဝါတွေ ဝါးမျိုတာခံရမယ့်အစား မြို့ပြင်မှာ စခန်းချနေတာက ပိုကောင်းပါတယ်၊၊ ဟုတ်တယ်မလား”
ထိုစကားကို ကြားသောအခါ ယာဉ်တန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး နောက်က လူအုပ်ကြီးထဲတွင်လည်း တီးတိုးပြောဆိုသံများ ထွက်ပေါ်လာသည်။ သွေးပဲစေ့ မလုံလောက်သော ယာဉ်တန်းအချို့သည် လူအုပ်ထဲမှ အလိုအလျောက်ထွက်ခွာသွားကြသည်။
ထိုအတောအတွင်း မှတ်ပုံတင်ပြီးစီးသော အခြားယာဉ်တန်းတစ်ခုသည် ကားပေါ်ပြန်တက်ကာ နေရာစီစဉ်ပေးသည့် ဒရုန်းများနောက်သို့ လိုက်ပါပြီး မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာသည်။ ယာဉ်တန်း၏ ဘေးခုံတွင် မိန်းကလေးငယ်တစ်ဦး ပါလာ၏။ သူမသည် ပြတင်းပေါက်ကို ချလိုက်ပြီး စစ်ဆေးရေးဂိတ်များကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်လာသည်ကို ကြည့်နေသည်၊၊ မူလက နံစော်နေသော အနံ့အသက်များနေရာတွင် လူအုပ်ကြီး၏ အနံ့အသက်များက အစားထိုးဝင်ရောက်လာသည်။
စွန့်ပစ်ခရိုင်ဟောင်း။
ကျဉ်းမြောင်းပြီး လူဦးရေထူထပ်လှသည်၊၊ ခရိုင်ဟောင်းရှိ မြို့ပြအဆောက်အအုံများသည် ဟောင်းနွမ်းနေရုံသာမက ကမ္ဘာပျက်ကပ်ခိုလှုံနေရာများအဖြစ် ပုံစံအမျိုးမျိုးပြုပြင်ထားသည်။ ပြတင်းပေါက်များကို သံတိုင်များဖြင့် ပိတ်ထားပြီး ပြုပြင်မွမ်းမံထားသော ယာဉ်များစွာသည် လမ်းဘေးတွင် ပိတ်ဆို့ရပ်ထားသည်။ အချို့သော လူနေရပ်ကွက်များမှာ ဝိုင်းရံထားပြီး ဈေးဝယ်စင်တာများနှင့် ရုံးခန်းအဆောက်အအုံများကို လူနေထိုင်နေရာများအဖြစ် ပြောင်းလဲထားသည်။ အာရုဏ်ဦးမြို့တော်တွင် လက်နက်ကိုင်ဆောင်မှုကို မတားမြစ်ထားသဖြင့် အဆောက်အအုံ နေရာအနှံ့တွင် လက်လုပ်သေနတ်မျိုးစုံကို မြင်တွေ့နိုင်သည်။
“D-47...”
ယာဉ်တန်းခေါင်းဆောင်က အီလက်ထရွန်နစ်ဆိုင်းဘုတ်ကို ကြည့်ကာ လူအုပ်ကြားထဲမှ လမ်းပြခေါ်ဆောင်သွားသည်။ ပြတင်းပေါက်တိုင်း၏ နောက်တွင် မိသားစု ၃၊၄ စုခန့် စုပြုံနေထိုင်ကြသည်၊၊ လမ်းမများပေါ်တွင် ကလေးငယ်များ၏ ငိုသံ၊ လင်မယားချင်း ရန်ဖြစ်သံနှင့် လူနာများ၏ ညည်းတွားသံများမှာ မျှော်လင့်ချက်မဲ့သည့် တေးသွားတစ်ခုကဲ့သို့ ရောနှောနေ၏။
အာရုဏ်ဦးမြို့တော်အတွင်း၌ ဆက်သွယ်ရေးကွန်ရက်ရှိပေသည်။ ယခင်က သုံးခဲ့သော ဖုန်းများနှင့် အင်တာနက်ကို အသုံးပြုနိုင်ဆဲဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူအများအပြားသည် ကုန်သွယ်ရေးနှင့် သတင်းအချက်အလက်အဖွဲ့အစည်းများတွင် တက်ကြွစွာ ပါဝင်နေကြသည်။
အဆောက်အအုံခေါင်မိုးပေါ်တွင် ရပ်ကြည့်လျှင် ဗဟိုခရိုင်ရှိ မူလအမွှာတာဝါနှစ်ခုကို မြင်ရပြီး ၎င်းကို ဒုတိယတံတိုင်းက ဝိုင်းရံထားသည်၊၊ သံမဏိတောအုပ်ကြီးသည် အနိမ့်မှ အမြင့်သို့ မြင့်တက်သွားသည်။ အလယ်ဗဟိုတည့်တည့်တွင် အထင်ကရ အမွှာတာဝါနှစ်ခုရှိနေပြီး ၎င်းမှာ ကျော်ကြားလှသော အာကာကဆိပ်ကမ်းဖြစ်သည်၊၊ မြို့အတွင်းပိုင်းရှိ မီးရောင်စုံများကြားတွင် ပျံသန်းသည့် စက်ကိရိယာများ သိပ်မရှိဘဲ ဖက်ဒရေးရှင်း၏ အစောင့်တပ်ဖွဲ့နှင့် ချေမှုန်းရေးစစ်သင်္ဘောများသာ ကင်းလှည့်နေကြသည်။
ဖက်ဒရေးရှင်း၏ မြေအောက်မြို့တော် အမှတ် ၁ သို့ ဝင်ပေါက်ကြီးသည် အာကာသဆိပ်ကမ်းမှတစ်ဆင့် အောက်ဘက်သို့ ဦးတည်နေသည်။ ၎င်းသည် အလွှာပေါင်းသုံးရာအထိ နက်ရှိုင်းပြီး ကမ္ဘာမြေကြီးအတွင်းသို့ ခရုပတ်ပုံစံ ဆင်းသွားသော ဘေဘီလုံတာဝါကြီးနှင့် တူနေလေ၏။ မြေအောက်မြို့တော်တစ်ခုလုံးသည် ကီလိုမီတာဆယ်ဂဏန်းအထိ ကျယ်ဝန်းသော သီးခြားမြေအောက်မြို့ပြကြီးအဖြစ် လည်ပတ်နေပြီး အလွှာတိုင်းတွင် လမ်းကြောင်းများစွာ ရှိသည်။ မြေအောက်မြို့တော် အမှတ် ၉ နှင့် မတူသည်မှာ ယခုမြို့တော်သည် ကြီးမားကျယ်ပြန့်ရုံသာမက အလွန်ကောင်းမွန်သော အများသုံးသယ်ယူပို့ဆောင်ရေးစနစ်လည်း ရှိနေခြင်းဖြစ်သည်။ သံလိုက်ဆွဲငင်အားသုံး ကားအစီးရာပေါင်းများစွာသည် မြေအောက် မီတာတစ်ထောင်တွင်ရှိသော ဤကမ္ဘာကြီးအတွင်း ဥက္ကာခဲများကဲ့သို့ အရှိန်ဖြင့် ပြေးဆွဲနေကြသည်။
Chapter 745
ပုရွက်ဆိတ်များ ၂
အာရုဏ်ဦးမြို့တော်၊ မြေအောက်မြို့တော် အမှတ် ၁ ၊ အဓိကအုပ်ချုပ်ရေးခန်းမ။
ဤနေရာသည် အလွန်ကျယ်ဝန်းလှသဖြင့် ရုံးခန်းတစ်ခုနှင့်ပင် မတူပေ။ မျက်နှာကျက်တွင် တိမ်ပြာရောင်၊ ရွှေရောင်ပန်းပုများနှင့် တိမ်တိုက်ပုံစံများကို ပရိုဂျက်တာဖြင့် ဖော်ပြထားသည်။ အလယ်တွင် နန်းတွင်းမီးအိမ်ကြီးတစ်ခု ဆွဲထားပြီး ၎င်း၏ ဗဟိုတွင် ဖန်တီးထားသော ဟိုလိုဂရမ် နေမင်းပုံရိပ်ရှိနေကာ နွေးထွေးသော ရွှေရောင်နေဝင်ဆည်းဆာအလင်းကို ပေးစွမ်းနေသည်။
ရုံးခန်းတစ်ခုလုံးကို ကျောက်စိမ်းဖြူ လှေကားထစ်များ၊ စမ်းချောင်းငယ်များ၊ ကျောက်ဆောင်များ၊ အနီရောင်ပြသာဒ်များနှင့် ကြည်လင်သော ရေကန်ကြီးတစ်ခုပါဝင်သော ကျန်းနန်ဥယျာဉ်ငယ်တစ်ခုအဖြစ် ပြောင်းလဲထားသည်။ ထူးခြားသည်မှာ ကမ္ဘာပျက်ကပ်ပြီးနောက်တွင်ပင် အချို့သော ရေချိုငါးများသည် အသက်ရှင်ကျန်ရစ်နေပြီး ကြာပန်းများအောက်တွင် ပျော်ရွှင်စွာ ကူးခတ်နေကြခြင်း ဖြစ်သည်။
ဒိုင်း၊၊
သေနတ်သံတစ်ချက်က ဤနေရာ၏ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ မကြာမီတွင် လက်နက်ကိုင်အစောင့်နှစ်ဦးသည် သွေးအိုင်ထဲတွင် လဲနေသော ကျိုးမင်ယွမ်၏ မျက်နှာပေါ်သို့ အရည်ပျော်ဆေးရည်များ ဖျန်းလိုက်သဖြင့် သူ၏ မျက်နှာမှာ ဆွေးမြည့်ပုံပျက်သွားသည်၊၊ ထို့နောက် အလောင်းထည့်သည့် အိတ်ထဲသို့ ထည့်ကာ ဆွဲထုတ်သွားကြသည်။
“ငါ မင်းကို ပြောသားပဲ၊၊ သူ့ကို ပြန်မခေါ်လာပါနဲ့လို့”
ကြည်လင်သော ရေကန်ဘေးတွင် ငါးစာပန်းကန်ကို ကိုင်ထားသော ခမ်းနားထည်ဝါသည့် အဝတ်အစားများ ဝတ်ဆင်ထားသည့် ဝဖြိုးသော သက်လတ်ပိုင်းလူတစ်ဦး ရပ်နေသည်။ သူက ငါးစာအချို့ကို လက်ချောင်းများဖြင့် ညှပ်ကာ ရေကန်ထဲသို့ ကျွေးလိုက်ပြီး ငါးများ ခုန်တက်လာသည်ကို ကြည့်နေ၏။
သူ့ဘေးတွင် ထက်မြက်ပုံရသော ဆံပင်တိုနှင့် အမျိုးသမီးတစ်ဦးက စကားပြောနေသည်။ ဝမ်ဟွေ့သည် အသက် ၄၂ နှစ် ရှိပြီဖြစ်သော်လည်း ၃၀ ကျော်အရွယ်သာ ထင်ရပြီး သူမ၏ မိတ်ကပ်စွမ်းရည်က လူအများအား အကွာအဝေးတစ်ခုတွင် ရှိနေစေသည်။
ဝမ်တုံက ကျိုးမင်ယွမ်၏ အလောင်းကို ဆွဲထုတ်သွားသည်ကို ကြည့်ကာ ဝမ်ဟွေ့ကို ပြောလိုက်သည်၊၊
“ဒီတစ်ခါ တိတ်ဆိတ်မြို့တော်ကို သွားတာကို လူအများကြီးက စောင့်ကြည့်နေကြတယ်၊၊ ဒါကြောင့် အပြင်မှာ မရှင်းထုတ်ရဲတာပါ”
သူက စကားအဆုံးတွင် သက်လတ်ပိုင်းလူကြီးကို လှည့်ပြောလိုက်သည်၊၊
“ဥက္ကဋ္ဌကျိုး၊၊ တိတ်ဆိတ်မြို့တော်က နင်နန်းမှာ ဆိုက်ကပ်ထားပါတယ်၊၊ ဒါပေမဲ့ ရှင်းဂျီက မိုက်ခရိုဝေ့ဖ်ခံစစ်ကို ဖွင့်ထားလို့ မြို့အတွင်းပိုင်းက သတင်းတွေ ထွက်မလာသေးဘူး”
သက်လတ်ပိုင်းလူကြီးက လှည့်လာသည်၊၊ ထိုသူသည် ကျိုးမင်ယွမ်နှင့် တစ်ပုံစံတည်းဖြစ်နေသည်။ ကွာခြားချက်မှာ ဆွဲထုတ်သွားသောသူက ပို၍ တောက်ပနေပုံရပြီး ယခုကျိုးမင်ယွမ်မှာမူ ရင့်ကျက်မှုရှိကာ မျက်မှောင်ကြုတ်ထားသော်လည်း လွှမ်းမိုးနိုင်စွမ်းရှိသော မျက်လုံးများကို ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
“ပြီးအောင်သာ လုပ်လိုက်ပါ”
သူက တည်ငြိမ်စွာ ပြောလိုက်ပြီး ဆွဲထုတ်သွားသော အလောင်းကို အေးစက်စွာ ကြည့်ကာ ပြောသည်၊၊
“ရက်အနည်းငယ်လောက်နဲ့ သူ့ကိုယ်သူ သခင်လို့ ထင်ပြီး အတောင်ပေါက်နေတာပဲ။ သူ့ကို မြင်ရတာ စိတ်ပျက်ဖို့ကောင်းတယ်”
“အဲဒါဆို ဒုဥက္ကဋ္ဌကျိုး… ကျန်းရှု့ဝေကိုရော... ဘယ်လိုလုပ်မလဲ”
ဝမ်တုံက မေးလိုက်သည်။
ကျိုးမင်ယွမ်က ငါးစာကို ကိုင်ထားရင်း လေးနက်စွာ ပြောလိုက်သည်၊၊
“ငွေကြယ်က တည်ထောင်ထားတဲ့ မဟာမိတ်အဖွဲ့က အခု လူ ၆၀,၀၀၀ ကျော် ရှိနေပြီ၊၊ ယူပေမြို့ ဆိပ်ကမ်းကနေ ဒီအထိလာတဲ့လမ်းမှာ အဓိကအဖွဲ့ဝင်အများအပြားကို စုစည်းခဲ့တယ်လို့ သိရတယ်။ အာရုဏ်ဦးမြို့တော်မှာ သူတို့က အင်အားစုကြီးတစ်ခုဖြစ်နေပြီး မြို့အတွင်းပိုင်းမှာ အဓိကစုနေကြသလို ခရိုင်ဟောင်းက အဖွဲ့အစည်းအချို့နဲ့လည်း ပတ်သက်နေတယ်။ ဒါ့အပြင် ကျင်းဟိုင် အာကာသဆိပ်ကမ်းတည်ဆောက်ရေးအဖွဲ့ရဲ့ တစ်ဝက်က ဖင်းဂါးအုပ်စုက အင်ဂျင်နီယာတွေနဲ့ စက်ရုပ်အဖွဲ့တွေဖြစ်နေတယ်။ ကျန်းရှု့ဝေက ကိုင်တွယ်ဖို့ မလွယ်ဘူး၊၊ အခုလောလောဆယ်တော့ သူ့ကို ထိလို့ မရသေးဘူး”
ဝမ်တုံက ခေါင်းညိတ်ကာ ဖားယားသည့်အပြုံးဖြင့် ပြောလိုက်သည်၊၊
“အခု ကျုပ်တို့က S-Class မြူမီးခိုးမွန်းစတားကို အောင်မြင်စွာ သတ်နိုင်ခဲ့ပြီး သန့်စင်ပြီး ရေပြဿနာကိုလည်း ဖြေရှင်းနိုင်ခဲ့တော့ မြို့ထဲကို လူတွေ ပိုလာနေကြတယ်။ ဖီးနစ်ကို ဝင်ဖို့ စီစဉ်နေတဲ့ အဖွဲ့အစည်းကြီး အတော်များများက အာရုဏ်ဦးမြို့တော်ဘက်ကို လှည့်လာကြတယ်၊၊ အဲဒီထဲမှာ ရူးသွပ်သူအဆင့်နဲ့ ဖျက်ဆီးခြင်းအဆင့် အင်အားတွေ အများကြီးပါဝင်သလို ကောင်းကင်တမန်တော်အဆင့် သတ်မှတ်ခံထားရတဲ့ စွမ်းအားရှင်အချို့တောင် ရောက်လာကြတာကြောင့် အာရုဏ်ဦးမြို့တော်ရဲ့ အရှိန်အဟုန်နဲ့ ပိုကြီးထွားလာပါပြီ”
ကျိုးမင်ယွမ်က ထိုစကားကို ကြားသော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။
“အရင်းအမြစ်ဆိုတာ အမြဲတမ်း ကန့်သတ်ချက်ရှိတယ်။ ဒါက ငါတို့အတွက် ပိုကြီးမားတဲ့ စိန်ခေါ်မှုပဲ၊၊ ဒါကြောင့် ငါတို့က စံနှုန်းတွေကို မြှင့်တင်ရင်း တည်ဆောက်ရေးကို အရှိန်မြှင့်ရမယ်၊၊ ပစ္စည်းကိရိယာကိစ္စကလည်း အရေးကြီးတယ်... ဒါတွေအားလုံးကို သေချာစီမံခန့်ခွဲရမယ်”
“ဟုတ်ကဲ့ပါ”
ဝမ်တုံက ခေါင်းညိတ်ပြီး ကျိုးမင်ယွမ်ကို ဆက်ပြောသည်၊၊
“အခု အာရုဏ်ဦးမြို့တော်ရဲ့ ကွန်ရက်ပေါ်မှာ တိတ်ဆိတ်မြို့တော်က အာရုဏ်ဦးမြို့တော်နဲ့ ပူးပေါင်းမယ့်အကြောင်း လူတွေ အများကြီး ဆွေးနွေးနေကြတယ်။ ဒါက ကျုပ်တို့အတွက် အကျိုးရှိပါတယ်၊၊ ဒုဥက္ကဋ္ဌကျိုးရဲ့ ထူးချွန်တဲ့ ဦးဆောင်မှုကြောင့် အမှောင်ထုထဲမှာ ပြည်သူတွေရဲ့ ယုံကြည်မှုတိုးလာတာလို့ သူတို့ ပြောနေကြတယ်”
“အိုး”
ထိုစကားကို ကြားသောအခါ ကျိုးမင်ယွမ်က သူ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်၊၊
“ကွန်ရက်ပေါ်မှာ ဒီအကြောင်းကို ဆွေးနွေးနေကြပြီလား”
ဤသတင်းက ကျိုးမင်ယွမ်ကို ကျေနပ်သွားစေပုံရသော်လည်း သူက စိတ်လှုပ်ရှားဟန်မပြဘဲ လက်ယမ်းပြလိုက်သည်၊၊
“တိတ်ဆိတ်မြို့တော်က ငါတို့နဲ့ အသာတကြည်ပူးပေါင်းမှာ မဟုတ်ဘူး၊၊ ဒါပေမဲ့ ငါတို့ရဲ့ စိတ်ရင်းမှန်ကိုတော့ ပြပြီးပြီ။ အခုက သူတို့အပေါ်မှာပဲ မူတည်တော့တယ်”
ဝမ်ဟွေ့နှင့် ဝမ်တုံတို့ အချင်းချင်းကြည့်လိုက်ကြပြီး ဝမ်တုံက နားလည်သွားဟန်ဖြင့် ပြောလိုက်သည်၊၊
“သူတို့ရဲ့ တုံ့ပြန်မှုကို ကျုပ်က အနီးကပ်စောင့်ကြည့်ထားပါ့မယ်”
ပြောပြီးနောက် ကျိုးမင်ယွမ်က လက်ဟန်ပြလိုက်သဖြင့် ဝမ်တုံလည်း ခန်းမထဲမှ ထွက်ခွာသွားသည်။
ထိုအချိန်တွင် ဝမ်ဟွေ့နှင့် ကျိုးမင်ယွမ်သာ ကျန်ရစ်ခဲ့သည်။ ဝမ်ဟွေ့က သူမ၏ နားကြပ်ကို နှိပ်လိုက်ရာ မကြာမီတွင် အနီးရှိ သံမဏိတံခါးတစ်ချပ် တိတ်ဆိတ်စွာ ပွင့်သွားသည်။ ပိုးသတ်ဆေးနံ့သင်းနေသော အအေးဓာတ်များ ထွက်ပေါ်လာပြီး ဒရုန်းများဖြင့် သယ်ဆောင်လာသော အထူးအေးခဲအခန်းသုံးခုသည် ရေကန်ပေါ်တွင် လာရောက် ရပ်နားသည်။
ထိုအေးခဲအခန်းသုံးခုအတွင်း၌ ကိုယ်လုံးတီးဖြင့် လူငယ်အလောင်းသုံးခုရှိနေပြီး အပူချိန်နိမ့်သော အခြေအနေတွင် အိပ်စက်နေကြသည်။ ၎င်းတို့သည် အလွန်ငယ်ရွယ်ပုံရရုံသာမက ရုပ်ရည်နှင့် ခန္ဓာကိုယ်တည်ဆောက်ပုံမှာလည်း အလွန်ပင် ခန့်ညားလှသည်။
ဝမ်ဟွေးက လျှောက်လာပြီး ပြောလိုက်သည်၊၊
“ဒုဥက္ကဋ္ဌကျိုး၊၊ ဒါက Bအဆင့် ပျံသန်းခြင်းနဲ့ စွမ်းအင်စုစည်းခြင်း ၂ယောက်ပါ၊၊ A အဆင့်တစ်ယောက်လည်း ပါတယ်။ အားလုံးက ရုပ်ပိုင်းဆိုင်ရာနဲ့ ဉာဏ်ရည်ပိုင်း စစ်ဆေးမှုမှာ အထူးကောင်းမွန်ပြီး ဘယ်လို ရောဂါ ဒါမှမဟုတ် မျိုးရိုးဗီဇချို့ယွင်းချက်မှ မရှိပါဘူး”
ဤလူသုံးဦးမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ရုပ်ရည် သို့မဟုတ် ဉာဏ်ရည်ပိုင်းသာမက ခန္ဓာကိုယ်အောက်ပိုင်းလိုအပ်ချက်များအထိပါ အသေအချာ ရွေးချယ်ခံထားရပုံရသည်။
ကျိုးမင်ယွမ်သည် မျက်ခုံးပင့်ကာ အေးစက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း ၎င်းတို့ကို မမြင်သည့်အလား ငါးစာကိုသာ ဆက်ကျွေးနေလေ၏။
“ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောက ဘယ်ကိုရောက်ပြီလဲ”
ကျိုးမင်ယွမ်၏ တုံ့ပြန်မှုကို မြင်သောအခါ ဝမ်ဟွေ့၏ မျက်ဝန်းထဲတွင် အထင်သေးသည့် အရိပ်အယောင်များ ခဏတာဖြတ်ပြေးသွားသည်၊၊ သူမသည် အေးခဲအခန်းများကို ပြန်လည်သိမ်းဆည်းရန် ညွှန်ကြားပြီး ဆက်ပြောလိုက်သည်။
“ချင်းပိုမြို့ကို ရောက်နေပါပြီ၊၊ ရှေ့တန်းကင်းစခန်းရဲ့ သတင်းပေးချက်အရ ဖီးနစ်က A-Class ထူးဆန်းတဲ့ မိုးပျံသတ္တဝါတစ်ကောင်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ သူတို့ရဲ့ လက်နက်အင်အားက အလွန်တောင့်တင်းလို့ ချက်ချင်းပဲ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရတယ်။ အခုတော့ ချင်းပိုမြို့အပြင်ဘက်မှာ စခန်းချနေပြီး ယုံကျန်းဆိပ်ကမ်းက စစ်ကူတွေကို စောင့်နေပုံရပါတယ်”
ကျိုးမင်ယွမ်က ခပ်တိုးတိုး ရယ်မောလိုက်သည်၊၊
“သံမဏိအစောင့်တပ်ဖွဲ့ ၈၃ ရဲ့ တပ်ရင်းတစ်ခုတည်းနဲ့တော့ အာရုဏ်ဦးမြို့တော်ကို ခြိမ်းခြောက်လို့ မရပါဘူး၊၊ ယဲ့လန်မှာ သတိပေးရုံထက် ပိုတဲ့ အခြားရည်ရွယ်ချက်တွေ ရှိနေမှာ သေချာတယ်”
“ဒုဥက္ကဋ္ဌကျိုး၊၊ ကျင်းဟိုင်မှာတော့ ကျွန်မတို့ရဲ့ အင်ဂျင်နီယာအဖွဲ့ ရှိနေဆဲပဲ၊၊ လုထျန်းယဲ့ရဲ့ အစောင့်တပ်ရင်းလည်း ရှိနေတယ်...”
ဝမ်ဟွေ့က ကျိုးမင်ယွမ်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြောလိုက်သည်။
“ငါ အားလုံး စီစဉ်ပြီးပြီ”
ကျိုးမင်ယွမ်သည် ဝမ်ဟွေ့ကို ကျောပေးကာ ရေကန်ထဲက ငါးများကို ကြည့်ရင်း ပြောသည်၊၊
“ချီလျန်တောင်မှာ မွန်းစတားလှိုင်းလုံးကြီးတစ်ခု ပေါ်လာလို့ လူတစ်ထောင်ကျော်ပါတဲ့ ယာဉ်တန်းတစ်ခု ပိတ်မိနေတယ်။ အဲဒါကို ကယ်တင်ဖို့ လုထျန်းယဲ့ကို စစ်ကူလွှတ်ဖို့ ငါ ညွှန်ကြားထားပြီးပြီ၊၊ သူက အလုပ်လုပ်တာ တက်ကြွသားပဲ”